Switch Mode

Chapter – 161

ကြမ်းတမ်းသည့် နဂါးကြီး မြစ်ကို ဖြတ်ကျော်လာခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၆၁ – ကြမ်းတမ်းသည့် နဂါးကြီး မြစ်ကို ဖြတ်ကျော်လာခြင်း

ချာကရမ်ကြောင့် ဘုရင်အဆင့်သက်ရှိနှစ်ဦး သွေးပုံထဲ လဲကျနေလေပြီ။

သူတို့၏ နာကျင်လှသည့်အော်ဟစ်သံကြောင့် ဗာတီကန်မြို့တစ်မြို့လုံး ထိတ်လန့်သွားရသည်။ သိထားရမည်မှာ ဤနှစ်ဦးသည် အချုပ်အနှောင်သုံးခုကို ချိုးဖျက်ပြီးထားသည့်သားရဲဘုရင်များပင်။

ချာကရမ်ဖြင့် ပစ်ပေါက်ခံလိုက်ရသည်နှင့် အန်ဒရီ၏ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားကာ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ မြေပြင်၌ နာကျင်စွာ လူးလိမ့်နေလေသည်။ သူ့ရွှေရောင်ဆံပင်တွင်လည်း သွေးများ ပေပွနေလေပြီ။

ဟူမန်၏ရင်ဘတ် ညာဘက်ခြမ်း စုတ်ပြဲသွားကာ ရင်ဘတ်ရှိအရိုးအတော်များများ ကျိုးသွားပ ဖြစ်သည်။ သူလည်း အဝေးသို့ လွင့်ထွက်သွားခဲ့သည်ပင်။

ကျွမ်းကျင်သူနှစ်ဦး၏ တိုက်ခိုက်နိုင်စွမ်းများ လျော့ချခံလိုက်ရလေပြီ။

ဤသားရဲဘုရင်နှစ်ဦးနောက် လိုက်လာသည့် သားရဲများလည်း အလွန်ကြောက်ရွံ့သွားကြကာ ဒူးတုန်လာကြသည်။

ဒါက ဘယ်လိုစွမ်းအားမျိုးလဲ .. သူ တစ်ချက်လှုပ်ရှားလိုက်တာနဲ့ ဘုရင်နှစ်ယောက် သွေးအိုင်ထဲလဲပြီး တိုက်ပွဲလည်း အဆုံးသတ်သွားပြီ..

အန်ဒရီနှင့် ဟူမန်မှာ သူတို့အတွက်တော့ နတ်ဘုရားများပင်။ သူတို့မလုပ်နိုင်သည်မှာ မရှိသလောက်ပင်ဖြစ်သည်။ သူတို့သည် သားရဲအုပ်လိုက်ကြီးကို လွယ်လွယ်ကူကူသတ်ပစ်နိုင်သော်လည်း ချူဖုန်းနှင့် တွေ့သွားသည့်အချိန်တွင်တော့ သူတို့ အဆုံးသတ်မှာ ဆိုးရွာသည်ထက်ပင် ဆိုးရွားနေသည်။

ဤသည်မှာ မယုံနိုင်စရာပင်။

နွားနက်ကြီးနှင့် နွားဝါလေးတို့လည်း ဆွံ့အသွားရ၏။ ဒီချူဖုန်းက တော်တော်လေးကို မရိုးသားတာပဲ .. တိုက်ပွဲအစမှာကို စွမ်းအားလွန်လက်နက်ကိုသုံးလိုက်တယ် .. သူက တိုက်တောင်မတိုက်ပဲ တိုက်ပွဲကို အဆုံးသတ်ပစ်လိုက်တယ်..

ချူဖုန်း ဤကဲ့သို့ လုပ်ရခြင်းမှာ တိုက်ပွဲကို မြန်မြန်အဆုံးသတ်ချင်သောကြောင့်ပင်။ ဤသည်မှာ ဗာတီကန်မြို့ဖြစ်ပြီး များပြားလှသည့် သားရဲဘုရင်များ ဤနေရာ၌ ရှိနေသည်။ မည်သူထပ်ထွက်လာပြီး သူတို့အား ပစ်မှတ်ထားမည်ကို မသိနိုင်။

တစ်ချိန်တည်းမှာပင် သူ့ရန်သူ ချီလင်းလည်း ရှိသေးသည်။ ဤလူသာ တိုက်ပွဲထဲ ဝင်ပါလာလျှင် ပို၍ဒုက္ခများလိမ့်မည်။

ထို့ကြောင့် မသေချာမရေရာမှုများ များပြားလှသည့်အခြေအနေတွင် သူ တိုက်ပွဲကို မြန်မြန်အဆုံးသတ်ရန်သာ တတ်နိုင်သည်။ ထို့ကြောင့်လည်း စွမ်းအားအကြီးဆုံးလက်နက်အား သူ အသုံးပြုလိုက်ခြင်းပင်။

ဒီချာကရမ်က ဘယ်လောက်တောင် အဖျက်စွမ်းအားကြီးတာလဲ..

အရွယ်အစားသေးငယ်သော်လည်း သူ့အထဲသို့ စွမ်းအင်စီးဆင်းသွားသည်နှင့် အလေးချိန်မှာ ကီလိုဂရမ်ပေါင်း ထောင်ပေါင်းများစွာ လေးလံလာသည်ပင်။

ဤသည်ကို ကျည်ဆံနှင့် ယှဉ်ကြည့်နိုင်သည်။ အမြန်နှုန်းချင်း အတူတူဖြစ်သော်လည်း သူသည် ကျည်ဆံထက် အဆပေါင်း ထောင်ပေါင်းများစွာ လေးလံလှသည်။

ထို့ကြောင့် ဤချာကရမ်မှာ ကျည်ဆံထက် အဆပေါင်း ထောင်ပေါင်းများစွာ စွမ်းအားကြီးသည်။

လောင်ချာများ၊ ဒုံးကျည်များပင် ဤချာကရမ်နှင့်ယှဉ်လျှင် အားနည်းသွားလိမ့်မည်။

အဆုံးစွန်အမှိုက်ဟုတ်လား .. ချူဖုန်းကတော့ စိတ်ထဲမထားတော့။

သူ့ထံ၌ နတ်စွမ်းရည်များ မရှိလျှင်ပင် ကိစ္စမရှိတော့။ အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေဖြင့်ပင်လျှင် အဖျက်စွမ်းအားမှာ အတော်လေးကြီးမားနေပြီဖြစ်သည်။

“အား..”

အန်ဒရီသည် မြေပြင်ထက်၌ လူးလိမ့်ကာ နာကျင်စွာ အော်ဟစ်နေလေ၏။

သူ ဒေါသလည်း ထွက်နေသည်ပင်။ ဒါက ဘာလက်နက်ကြီးလဲ.. ဤလက်နက်သည် သေးငယ်သော်လည်း သူ့ပေါ်သို့ တောင်ကြီးတစ်လုံးပြိုကျလာသကဲ့သို့ ခံစားခဲ့ရသည်ပင်။

အန်ဒရီ မကျေနပ်။ သူသည် အချုပ်အနှောင်သုံးခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူ့ဘဝတစ်လျှောက်လုံးတွင် အံ့အားသင့်စရာကောင်းသည့် အောင်မြင်မှုများ၊ နိုင်ပွဲများသာရှိခဲ့သောကြောင့် သူက ဘယ်လိုလုပ် ဤကဲ့သို့ အဆင့်နိမ့်ဘုရင်တစ်ဦးကို မသတ်နိုင်ပဲ နေမည်နည်း..

သို့သော် သူတို့ စ,မတိုက်ရသေးခင်မှာပင် သူရှုံးနိမ့်သွားခဲ့လေပြီ။

“ဒါက အရှေ့ပိုင်းဒဏ္ဍာရီတွေမှာ ပြောထားတဲ့ ဒဏ္ဍာရီလာ လက်နက်လား..” သူ ရေရွတ်လိုက်သည်။

ဟူမန်လည်း အလွန်နာကျင်နေရသည်ပင်။ သူ့ရင်ဘတ် ဟောင်းလောင်းပေါက်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်မှာ နှစ်ပိုင်း ပြတ်တော့မလိုပင်။

“ဒါက ဒဏ္ဍာရီလာ ကောင်းကင်ကို ပြောင်းပြန်လှန်နိုင်တဲ့ပစ္စည်းလား..” သူ့ပါးစပ်ထဲတွင်‌ သွေးများ ပြည့်နှက်နေပြီး သူ့ရင်ဘတ်ကြီးကို တောင်ကြီးတစ်လုံးဖြင့် ဖိထားသကဲ့သို့ ခံစားနေရသည်။

“မင်း မသမာဘူး .. ငါ မကျေနပ်ဘူး..” အန်ဒရီ အော်ဟစ်လိုက်သည်။

ဤသည်မှာ တကယ်ကို ခံပြင်းစရာကောင်းလှသည်။ သူသည် လုံလောက်အောင်စွမ်းအားကြီးသော်လည်း တိုက်ခိုက်ခွင့်မရခဲ့။

ဘယ်တိုက်ခိုက်ရေးသမားက စတိုက်တိုက်ချင်း သူတို့ဝှက်ဖဲကို သုံးလို့လဲ… ဒါက ပြင်းပြင်းထန်ထန် တိုက်ခိုက်ရတဲ့တိုက်ပွဲဖြစ်သင့်တာ မဟုတ်ဘူးလား.. သူ အထင်သေးမိသွားကြောင်းကိုတော့ သူ ဝန်ခံသည်။

“တောင်းပန်ပါတယ် .. ကြည့်ရတာ ငါမင်းကို ဒုက္ခပေးမိသွားတဲ့ပုံပဲ..” ချူဖုန်း ပြုံး၍ လျှောက်လာပြီး ချာကရမ်ကို ပြန်သိမ်းလိုက်သည်။ ချာကရမ်မှာ တောက်ပနေဆဲဖြစ်ပြီး သွေးတစ်စက်မှ စွန်းထင်းနေခြင်းမရှိ။

ချူဖုန်း ဤနှစ်ယောက်ကို နည်းနည်းမှ မသနား။ ဤနှစ်ယောက်က သူ့ကို အရင်သတ်ချင်နေခဲ့ခြင်းဖြစ်သောကြောင့် ဤသည်မှာ သူတို့စိုက်ပျိုးသည်ကို ပြန်ရုတ်သိမ်းရခြင်းပင်။

“မင်းတို့နှစ်ယောက်ရဲ့ ခရီးလမ်းသာယာပါစေ..” ချူဖုန်း သူ့ဓားမြောင်နက်ကို ဆွဲထုတ်လိုက်ပြီး သူတို့လည်ပင်းကို ဖြတ်တောက်ပစ်လိုက်သည်။

“အား..”

သူတို့မသေဆုံးခင် နောက်ဆုံးအကြိမ် အော်ဟစ်ကြသွားကြလေ၏။

ထို့နောက် သူတို့မူလပုံစံသို့ ပြန်ပြောင်းသွားကြသည်။ သူတို့သည် တကယ်တမ်းတော့ ခွေးအများပင်။ သူတို့အမွေးများမှာ အဝါရောင်ဖြစ်ပြီး ခန္ဓာကိုယ်မှာ ရှစ်မီတာခန့် ရှည်လျားသည်။

“ဘလက်ဘော့စ် .. ကျန်တဲ့သူတွေကို မြန်မြန်ရှင်းလိုက် .. ချာကရမ်အကြောင်း ပေါက်ကြားလို့မဖြစ်ဘူး .. ကျွန်တော်တို့ ချီလင်းဘုရင်နဲ့တိုက်ရင် ဒါသုံးရဦးမှာ” ချူဖုန်း ပြောလိုက်သည်။

ကျန်နေသည့်သူများမှာ သွေးများအေးခဲသွားရသည်။ ထို့နောက် သူတို့ အမြန်ဆုံးအရှိန်ဖြင့် အသက်လုပြေးကြတော့သည်။

သို့သော် နွားရိုင်းနက်ကြီးမှာ သူ့ခရမ်းရောင်ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ သူတို့လမ်းကို ပိတ်ထားပြီဖြစ်သည်။ ဤလူများမှာ ရိုးသားသည့်လူတစ်ယောက်မှ မပါသောကြောင့် သူ ဝမ်းနည်းမနေ။

မည်သည့်သားရဲမှ အသက်ရှင်လျက် ထွက်မသွားနိုင်ခဲ့။

ချူဖုန်း ထိုလူများကို သွားမစစ်တော့ပဲ ခမ်းနားလှသည့်ဘုရားကျောင်းရှေ့၌ ရပ်လိုက်သည်။ “ဒီဘုရားကျောင်းက အရင်တုန်းက အရမ်းခမ်းနားခဲ့မှာ .. အဲဒီခေတ်တုန်းက စစ်သူရဲတွေ ဘယ်လောက်တောင် မွေးထုတ်နိုင်ခဲ့မလဲ..”

“မင်း ဘာတွေ ငေးကြောင်ကြည့်နေတာလဲ..” နွားနက်ကြီး လျှောက်လာကာ ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ နမော်နမဲ့သတ်ဖြတ်မှုကို ခွင့်လွှတ်ပေးဖို့ ဘုရားဆီမှာ ဆုတောင်းနေတာ” ချူဖုန်း ပြန်ဖြေလိုက်သည်။

“ဖူး.. မင်းနာမည်ကိုက နတ်ဆိုးဘုရင်ချူ ဖြစ်နေပြီလေ .. အဲဒါကို မင်းက ကောင်းကင်ဘုံကို ဆုတောင်းနေသေးတာလား .. မင်း စေတန်ကို ဆုတောင်းပူဇော်နေတာမလား..” နွားနက်ကြီး သူ့ကို စိုက်ကြည့်၍ ပြောလိုက်သည်။

နွားဝါလေးလား သူ့အား ရွံရှာစွာ ကြည့်နေသည်ပင်။

“ကျွန်တော့်ခြေထောက်အောက်မှာ အလောင်းပေါင်းတစ်ထောင်ရှိနေပေမယ့် ကျွန်တော့်နှလုံးသားက အလင်းထဲမှာ ရှိနေတုန်းပဲ .. ကျွန်တော်က အထီးကျန်တဲ့လမ်းကို လျှောက်လမ်းနေရတာ .. ကျွန်တော့်နောက်မှာ သွေးတွေ စီးဆင်းနေတယ် .. တစ်ခြားလူတွေ ကျွန်တော့်နာကျင်မှုကို နားမလည်ရင်တောင် ကျွန်တော်ကတော့ ဆက်လျှောက်နေဦးမှာပဲ”

“ရှူး .. ဝေးဝေးသွားစမ်း .. စိတ်ပျက်စရာကောင်းလိုက်တာ .. သွားကြိမ်းလွန်းလို့ သွားတွေတောင် ကျွတ်ထွက်ကုန်တော့မယ်..” နွားနက်ကြီး ပြောလိုက်သည်။

“ဟား ဟား..” ထို့နောက် သူတို့သုံးဦးသား ရယ်မောလိုက်ကြလေ၏။

ထိုအချိန်တွင် ဗာတီကန်မြို့ထဲမှ သားရဲဘုရင်များစွာ ထွက်ပေါ်လာပြီး သူတို့ကို ဝိုင်းလာသည်။ လမ်းမပေါ်၌ သွေးများစီးဆင်းနေပြီး အလောင်းများပုံနေသည်ကို တွေ့လိုက်ရသည့်အချိန် သူတို့အားလုံး အံ့အားသင့်သွားရသည်။

အန်ဒရီနှင့် ဟူမန်နှစ်ယောက်လုံးမှာ စွမ်းအားကြီးသည့် ကျွမ်းကျင်သူများဖြစ်သော်လည်း ယခုတော့ နှစ်ဦးလုံး သတ်ခံလိုက်ရသောကြောင့် အားလုံး ထိတ်လန့်သွားကြရသည်။

နဂါးကြီးက မြစ်ကိုဖြတ်လာပြီ..

အရှေ့တိုင်းမှ ဤလူငယ်လေးမှာ နုံဖျင်းသည့်သူမဟုတ်ကြောင်း သူတို့နားလည်သွားကြရသည်။

“လူငယ်လေး .. မင်းက တကယ်ကိုအထိန်းအကွပ်မရှိတာပဲ .. မင်က နတ်မြို့မှာတောင် သားရဲနှစ်ယောက်ကို သတ်လိုက်တယ်ပေါ့ .. ငါတို့ပေါင်းပြီး မင်းကို ဂရုစိုက်ပေးလိုက်မှာကို မင်း မကြောက်ဘူးလား..”

ဆံပင်ညိုနှင့် ပိန်ပိန်ပါးပါးလူတစ်ယောက်ထွက်လာကာ ပြောလာသည်။ သူ့ဘေးပတ်လည်တွင် ကြောက်စရာကောင်းသည့်အော်ရာရှိနေသောကြောင့် သူလည်း စွမ်းအားကြီးသည့် သားရဲဘုရင်တစ်ဦးပင်။ သူသည် ချူဖုန်းကို ခက်ခဲအောင် လုပ်နေခြင်းပင်။

“ကျုပ် ခင်ဗျားကို ပစ်မှတ်ထားရမှာလား..” ချူဖုန်းသူ့ကို ကြည့်လိုက်သည်။

ယခုတစ်ခေါက်တွင် အန်ဒရီနှင့် ဟူမန်သည် မသေမျိုးဖီးနှစ်၏စွမ်းအားကို အသုံးပြုပြီး ချူဖုန်းတို့အား သတ်ဖြတ်လိုခြင်းပင်။

သို့သော် ဤလူသည် ဤအကြောင်းများကို ထည့်မပြောပဲ ချူဖုန်းတို့ကို တမင်သက်သက် ချောင်ပိတ်ဖမ်းနေသည်။

ထို့ကြောင့် ချူဖုန်းလည်း ဤလူကို ရှင်းပြမနေတော့။

“လူငယ်လေး ..မင်း သိုသိုဝှက်ဝှက်နေသင့်တယ် .. မင်းက အရမ်းကို ရဲတင်းလွန်းတယ်..” ထိုလူ အေးစက်စွာ ပြောလာ၏။ ဤလူမှာ ခွေးအနှင့် ဆွေမျိုးနီးစပ်သည့် ကျားသစ်နက်သားရဲဘုရင်ပင်။

“အားလုံးပဲ ခုနက သူပြောတာ ကြားလိုက်လား .. ဒီအရှေ့တိုင်းသားလူငယ်လေးက အရမ်းကို မောက်မာနေတယ် .. အခုမှ အနောက်တိုင်းနယ်မြေကို ရောက်လာတာကို သူက နတ်မြို့ရဲ့အမိန့်တွေကို စိန်ခေါ်ချင်နေပြီ .. ငါတို့ ဒီလိုအပြုအမူမျိုးကို သည်းခံသင့်ရဲ့လား..” ပိန်ပိန်ပါးပါးလူမှ ကျယ်လောင်စွာ ပြောလာသည်။

“ဟုတ်တယ် .. ချူဖုန်း .. အရှေ့တိုင်းက ကိစ္စတွေကို ငါတို့စိတ်မဝင်စားဘူး .. ဒါပေမဲ့ မင်း ဗာတီကန်မြို့ကို ရောက်လာရင် ဒီမြို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်..” သားရဲဘုရင်တစ်ဦး ခေါင်းညိမ့်၍ ပြောလိုက်၏။ ဤသည်မှာ ခွေးနီကြီးပင်။

“တော်လောက်ပြီ ခွေးနီဘုရင်၊ ကျားသစ်နက်ဘုရင် .. ခင်ဗျားတို့နှစ်ယောက်လုံးက လက်စားချေချင်တာနဲ့ ဘာမှမမြင်တော့ဘူး .. ပြီးတော့ ခင်ဗျားတို့က မျက်စိစုံမှိတ်ပြီး ဘက်လိုက်နေကြတယ် .. ဒီနေရာရဲ့ ဥပဒေသက အားကြီးတဲ့သူက အားနည်းတဲ့သူကို အနိုင်ယူမှာပဲ .. လူများစွာလည်း ဒီနည်းလမ်းအတိုင်း သေခဲ့ပြီးသွားကြပြီ .. ပြီးတော့ အန်ဒရီနဲ့ ဟူမန်က သူတို့ကို အရင်ဆုံးအကောက်ကြံတာ.. သူတို့ကို လုပ်ကြံခဲ့ပေမယ့် သူတို့ပဲ အသတ်ခံလိုက်ရတာ .. ဒါက ကိုယ်စိုက်ပျိုးတာကို ကိုယ်ပြန်ရုတ်သိမ်းလိုက်ရတာပဲ..”

အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ဦး လျှောက်လာ၍ ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ကြံ့ခိုင်လှပြီး ရွှေရောင်ဆံပင်များမှာ ခြင်္သေ့တစ်ကောင်ကဲ့သို့ပင်။ ဤလူသည် အသက်သုံးဆယ်ခန့်သာ ရှိသေးပုံပေါ်ပြီး သူ့အနောက်ဘက်တွင် ဓားရှည်တစ်လက် ရှိနေသည်။

ဤသည်မှာ လူသားတစ်ဦးဖြစ်ပြီး သူ့နာမည်မှာ အက်ဗီဒူးဖြစ်သည်။ သူလည်း အနောက်တိုင်းသားတစ်ဦးဖြစ်ပင်။

“ချူဖုန်း .. ကျွန်တော် ခင်ဗျားအကြောင်းကြားဖူးတာ တော်တော်လေးကြာပြီ .. တွေ့ရတာ ဝမ်းသာပါတယ်..” သူ ချူဖုန်းကို နှုတ်ဆက်လိုက်ပြီးနောက် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ့ဘက်ရပ်တည်ပေးသည့်သူအား ချူဖုန်း သေချာပေါက် ကျေးဇူးတင်သည်ပင်။ အက်ဗီဒူးမှာ အတော်လေး စွမ်းအားကြီးပြီး အနည်းဆုံး အချုပ်အနှောင်သုံးခု ဖြတ်တောက်ထားပြီဖြစ်သည်။

“အက်ဗီဒူး .. ဒါက သင့်တော်တယ်လို့ ခင်ဗျား ထင်နေတာလား .. အန်ဒရီနဲ့ ဟူမန်တို့ အသတ်ခံလိုက်ရတာ .. ကျုပ်တို့ ဖြေရှင်းချက်တစ်ခု တောင်းရမယ်..” ကျားသစ်နက်ဘုရင် မကျေမနပ် ပြောလိုက်သည်။

“ကျုပ်တို့ လူအရေအတွက် နည်းတာနဲ့ပဲ ခင်ဗျားတို့က ကျုပ်တို့ကို အနိုင်ကျင့်ချင်နေတာလား .. လာခဲ့လေ .. ဘယ်လိုမျိုး ပြုမူနေထိုင်ရမလဲဆိုတာ ဒီဘိုးဘိုး သင်ပေးလိုက်မယ်..” နွားနက်ကြီး ရှေ့တိုးလာကာ သူ၏စွမ်းအားကြီး သားရဲဘုရင်အော်ရာများကို ထုတ်လွှတ်လိုက်သည်။

နွားဝါလေးလည်း သူ၏စွမ်းအားများ ထုတ်လွှတ်လိုက်သောကြောင့် သူ့ခန္ဓာကိုယ်လေး တောက်ပလာသည်။

ကျားသစ်နက်ဘုရင်နှင့် ခွေးနီဘုရင်တို့နှစ်ဦးလုံး ထိတ်လန့်သွားရသည်။ ချူဖုန်းနဲ့လိုက်လာတဲ့နှစ်ယောက်လုံးက ဘုရင်တွေလား..

“ခွေးနီဘုရင် .. ဒီမြို့ရဲ့ စည်းမျဉ်းစည်းကမ်းအရဆိုရင် ကျုပ်တို့ ဒီကိစ္စကို သေခြင်းရှင်ခြင်းပြိုင်ကွင်းမှာ ရှင်းသင့်တယ်” ချူဖုန်း ပြောလိုက်သည်။

“မင်းမှာ ငါ့ကို စိန်ခေါ်နိုင်တဲ့အရည်အချင်းမရှိဘူး .. မင်းက ဒီမြို့သားမဟုတ်ဘူး..” ခွေးနီဘုရင် ပြောလိုက်သည်။ သူသည် ယခုတော့ ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေလေပြီ။

အစပိုင်းတွင် ချူဖုန်းအား ပစ်မှတ်ထားရန် သားရဲဘုရင်အချို့ သဘောတူခဲ့ကြသော်လည်း ယခု အရေးကြီးသည့်အချိန်တွင်တော့ အချို့သာ တုံ့ပြန်လာတော့သည်။

ဤကဲ့သို့ ဖြစ်လာမည်မှန်းသာသိလျှင် သူ သိုသိုသိပ်သိပ်လေးသာ နေခဲ့မည်ပင်။ ယခုတော့ သူ့ဘက်တွင် ကျားသစ်နက်ဘုရင်သာ ရှိတော့သည်။ ကျန်သည့်သူများမှာ ဘေးဘက်မှသာ ရပ်ကြည့်နေကြ၏။

“ကျုပ်က အရည်အချင်းမရှိဘူးလို့ ဘယ်သူပြောလဲ .. ကျုပ်နားလည်သလောက်ဆိုရင် ဘုရင်တစ်ယောက်ရဲ့ ဖိတ်ခေါ်ခြင်းကို ခံရတာနဲ့ အဲဒီလူက မြို့သားဖြစ်သွားပြီ” ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။

ဘုရင်များစွာမှာ ဆွံ့အသွားရသည်။ ချူဖုန်းသည် သူ့အား မြို့ထဲသို့ ဖိတ်ခေါ်လာသည့် သားရဲဘုရင်နှစ်ဦးအား သတ်ပြီးသွားပြီဖြစ်သည်။

ခွေးနီဘုရင်သည် ဒေါသတကြီးဖြင့်ပင် လှည့်ထွက်သွားလေ၏။ ချူဖုန်း၏စိန်ခေါ်မှုကို သူ လက်မခံနိုင်။ သားရဲဘုရင်နှစ်ဦးပင် သေဆုံးသွားပြီဖြစ်သောကြောင့် သူသာ ချူဖုန်းနှင့် ထိပ်တိုက်ရင်ဆိုင်လျှင် အဆုံးသတ်ကောင်းမည်မဟုတ်။

“ခင်ဗျားက အရင်ဆုံး လူအုပ်စုဖွဲ့ပြီး ကျုပ်ကို စော်ကားခဲ့တယ် .. အခုတော့ ဘာဖြေရှင်းချက်မှ မပေးတော့ပဲ ထွက်သွားမလို့လား..” ချူဖုန်း အသံမြင့်၍ ပြောလိုက်သည်။

သားရဲဘုရင်အားလုံး ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြသည်။ သူသည် ဤကဲ့သို့သောအခြေအနေမျိုးမှာပင် အကြောက်အလန့်မရှိ ဖြေရှင်းချက် တောင်းနေသေးသည်။

“ခင်ဗျားမှာ ရွေးချယ်စရာ နှစ်ခုရှိတယ် .. ကျုပ်ကိုအခုတောင်းပန်မလား၊ ဒါမှမဟုတ် ကျုပ်စိန်ခေါ်တာကို လက်ခံမလား..” ချူဖုန်း ကြေငြာလိုက်သည်။

ခွေးနီဘုရင်၏မျက်နှာ နီရဲသွားကာ သူ့ဆံပင်များလည်း လေထဲလွင့်သွား၏။ သူ တကယ်ကို ဒေါသထွက်သွားရ၏။ ဤသည်မှာ ပေါ်တင်ခြိမ်းခြောက်ခြင်းပင်။

သူနှင့် သဘောတူထားသည့် သားရဲဘုရင်များကို လှည့်ကြည့်လိုက်သော်လည်း ကျားသစ်နက်ဘုရင်မှလွဲလျှင် ကျန်သည့်သူများမှာ မသိသလို လုပ်နေကြသည်။

ခွေးနီဘုရင်မှာ စိတ်တိုသော်လည်း ဘာမှမတတ်နိုင်။

နောက်ဆုံး သူ ခေါင်းငုံ့ကာ တောင်းပန်လိုက်ရသည်။

ရှေးဟောင်းရဲတိုက်အတွင်းမှ ချီလင်းဘုရင် တင်ပြချက်တစ်ခု ရရှိလိုက်သည်။ သေချာဖတ်ကြည့်ပြီးသည့်နောက် သူ မျက်မှောင်ကြုတ်သွားရ၏။ ဤလူငယ်မှာ သူ ထင်ထားသည်ထက် ပို၍စွမ်းအားကြီးကြောင်း သူသိလိုက်ရလေပြီ။

ဗာတီကန်မြို့အတွင်း၌ ဖြစ်ပျက်နေသည့်ကိစ္စများမှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်။

ချူဖုန်း၏ နှစ်ယောက်ပြိုင်သတ်ဖြတ်မှုမှာ အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

ထို့နောက် သတ်ဖြတ်ပွဲကြီး၏ သက်သေဓာတ်ပုံများ အင်တာနက်ပေါ်၌ ပျံ့နှံ့လာကာ အနောက်နိုင်ငံတွင် ချက်ချင်းပင် အုတ်အော်သောင်းတင်းဖြစ်သွားရသည်။

အရှေ့တိုင်းသားများမှာတော့ အတော်လေး တည်ငြိမ်သွားကြပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော မြင်ကွင်းမျိုး မြင်ရသည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့။ သူတို့ စိတ်ပြင်ဆင်ထားပြီးသားဖြစ်သည်။

“ဒါ သူ့ပုံစံပဲ .. ဗာတီကန်မြို့မှာ သူ ပြဿနာမရှာမှသာ ထူးဆန်းနေမှာ..” တစ်ယောက်ယောက် မှတ်ချက်ရေးလိုက်သည်။

အရှေ့တိုင်းမှ သားရဲများကတော့ ချွေးစေးများ စီးကျနေလေပြီ။

တကယ်တမ်းတွင် ယခုတစ်ခေါက်၌ ချူဖုန်း အပြင်လောကကို ဂရုမစိုက်တော့။ အဘယ်ကြောင့်ဆိုသော် ဆေးခင်းကြီး ပွင့်လာတော့မည်ဖြစ်ကြောင်း အက်ဗီဒူး သူ့ကို အသိပေးလာခဲ့သည်ပင်။ ချူဖုန်း သူ့အာရုံအားလုံးကို ဤတိုက်ပွဲအပေါ်၌ ထားထားလိုက်တော့သည်။

အပိုင်း ၁၆၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset