ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၆၀ – ဗာတီကန်မြို့တွင် သွေးစွန်းခြင်း
ဤလေယာဉ်ကို ခေတ်မှီ နောက်ဆုံးပေါ်နည်းပညာများဖြင့် ပြင်ဆင်ထားသည်ပင်။ အတွင်းပိုင်းမှာ အခြားလေကြောင်းလိုင်းများကဲ့သို့ ရေချိုးခန်း၊ အစည်းအဝေးခန်း စသည်ဖြင့် ပါရှိသည်။ ထို့အပြင် ဤလေယာဉ်၌ စစ်လေယာဉ်တစ်စီးကဲ့သို့ လက်နက်များလည်း တပ်ဆင်ထားသည်ပင်။
လေယာဉ်မယ်အားလုံး တရုတ်စကားနားလည်ကြပြီး အရှေ့တိုင်းသားများထက်ပင် ပိုပီသေးသည်။
“ဘုရင်ချူ .. ဘုရင်ချူတောင်းဆိုထားတဲ့အတိုင်း ကျွန်တော်တို့ ချီလင်းဘုရင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေအားလုံး ယူလာခဲ့တယ်..” ရွှေရောင်ဆံပင်နှင့်လူလတ်ပိုင်းအမျိုးသားမှ ပြောလိုက်သည်။
သူသည် စစ်တပ်အရာရှိတစ်ဦးဖြစ်သော်လည်း ချူဖုန်း ဗာတီကန်သို့ သွားသည့်ခရီးစဉ်တွင် လိုက်ပါလာရလေ၏။
ချူဖုန်း အချက်အလက်များကို သေချာဖတ်လိုက်ပြီး သူ၏အောင်မြင်မှုများနှင့် အဆင့်များကို သေချာလေ့လာလိုက်သည်။
“သူက အချုပ်အနှောင်လေးခုကို ဖြတ်တောက်ပြီးသွားပြီလား..” နွားနက်ကြီး အံ့အားသင့်သွားရသည်။ ဤသည်မှာ သူ ထင်ထားသည်ထက် ကျော်လွန်နေသည်ပင်။
သိထားရမည်မှာ နွားနက်ကြီးပင် အချုပ်အနှောင်သုံးခုကိုသာ ဖြတ်တောက်ရသေးသည်။
“ချီလင်းက အခုတလောကမှ လေးခုမြောက်ကို ဖြတ်တောက်ထားတာ .. တစ်ခဏလေးအတွင်းမှာတော့ သူ အဆင့်တက်နိုင်ဦးမှာမဟုတ်ဘူး” ချူဖုန်း ပြောလိုက်သည်။
“ချူဖုန်းနာမည်ပြောလိုက်တိုင်း ဒီချီလင်း အထင်သေးနေတာ အံ့ဩစရာမရှိတော့ဘူး .. သူက တကယ်ကို အတော်လေး ကြောက်ဖို့ကောင်းတာပဲ..” နွားဝါလေး ရေရွတ်လိုက်သည်။
မျက်လုံးဝိုင်းနှင့် ဖြောင့်စင်းနေသည့်နှာတံလေးကြောင့် သူသည် ကြွေရုပ်လေးနှင့်တူနေသော်လည်း သူ့မျက်နှာလေးထက်တွင်တော့ ပုံမှန်မဟုတ်သည့် တင်းမာမှုများ ရှိနေကာ စားပွဲခုံကို လက်ချောင်းများဖြင့် တတောက်တောက် ခေါက်နေလေသည်။
ချီလင်းဘုရင်မှာ တကယ်ကို ရက်စက်ကာ ကြောက်စရာကောင်းသည့်သူပင်။ မည်သည့်သာမန်သားရဲဘုရင်မှ သူ့ကို မယှဉ်နိုင်။
သိပ်မကြာခင်မှာပင် ချူဖုန်း ဂရိမှ ထွက်သွားပြီး ဗာတီကန်မြို့သို့ ထွက်သွားပြီဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လာသည်။
အနောက်နိုင်ငံများအားလုံး တုန်လှုပ်သွားကြလေ၏။
မရေမတွက်နိုင်သည့်လူများမှာ နှလုံးခုန်နှုန်းများ မြန်ဆန်လာလေသည်။
ချူဖုန်း ချီလင်းဘုရင်နှင့် တိုက်ခိုက်သည်နှင့် အသက်လုပွဲဖြစ်မည်ကို လူများစွာ သတိပြုမိသည်ပင်။
ယခုအချိန်တွင် အရှေ့တိုင်းနှင့် အနောက်တိုင်းအကုန်လုံး ဤကိစ္စအား အာရုံစိုက်လာကြသည်။
ပြောင်းလဲမှုမဖြစ်ခင်အချိန်တွင် ဂရိမှ ဗာတီကန်သို့ရောက်ရန် နာရီအနည်းငယ်သာ ကြာသော်လည်း ယခုတော့ တစ်နေ့နှင့်တစ်ည ကြာသွားသည်။
လေယာဉ်သည် ဗာတီကန်နှင့် ၅၀ ကီလိုမီတာခန့်ဝေးသည့်နေရာ၌ ရပ်တန့်သွားသည်။ သူတို့ မြို့နားသို့ မကပ်ရဲ။ မဟုတ်လျှင် သားရဲဘုရင်များ သူတို့ကို ပစ်မှတ်ထားလာနိုင်သည်။
ယခုအချိန်တွင် ဗာတီကန်မှာ သွေးများဖြင့် နီရဲနေသည့် နတ်ဆိုးနယ်မြေတစ်ခု ဖြစ်နေလေပြီ။ သားရဲဘုရင်များအပါအဝင် ဤနေရာ၌ သေဆုံးသွားခဲ့သည့် လူများ၊ သားရဲများစွာ ရှိနေပြီဖြစ်သည်။
ချူဖုန်း၊ နွားနက်ကြီးနှင့် နွားဝါလေးတို့ လေယာဉ်ပေါ်မှ ဆင်းလိုက်ပြီး သူတို့ပစ်မှတ်နေရာသို့ လမ်းလျှောက်သွားလိုက်သည်။
ဤနေရာတစ်ခုလုံးမှာ ယခင်ကနှင့် မတူတော့။
သိထားရမည်မှာ ဤနေရာသည် ယခင်က ဥရောပ၏ အကျော်ကြားဆုံးနေရာများထဲမှ တစ်ခု ဖြစ်ခဲ့သည်ပင်။
သူတို့ ဗာတီကန်မြို့နား ရောက်သွားလေလေ တောများပို၍ ထူထပ်လာလေလေပင်။ ဤသည်မှာ သူတို့ အခြားလောကတစ်ခုသို့ ရောက်လာသကဲ့သို့ပင်။
၅၀ ကီလိုမီတာဆိုသည်မှာ သူတို့သုံးယောက်အတွက် ဘာမှမဟုတ်။ ခဏလေးဖြင့် သူတို့ မြို့နားသို့ ရောက်လာသည်။
မူလဗာတီကန်မြို့မှာ ၁ စတုရန်းကီလိုမီတာပင်မရှိသည့် မြို့လေးဖြစ်သည်။
သို့သော် ယခုအချိန်တွင်တော့ သူသည် မြင့်မြတ်သည့်နေရာတစ်ခုဖြစ်နေပြီး ကမ္ဘာ့ယုံကြည်မှု၏ ခြောက်ပုံတစ်ပုံမှာ ဤနေရာ၌ ရှိနေသည်။
ခေတ်သစ်အဆောက်အဦးအတော်များများ ပြိုကျပျက်စီးနေကာ စွန့်ပစ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားသည်။
ဧရိယာအားဖြင့် ၁ စတုရန်းကီလိုမီတာပင်မရှိခဲ့သည့်မြို့မှာ ယခုတော့ အဆပေါင်းများစွာ ပိုကြီးမားလာပြီး ခေတ်သစ်အဆောက်အဦးများနောက်တွင် ရှည်လျားမြင့်မားလှသည့် ခေတ်ဟောင်းအဆောက်အဦးများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ပြောင်းလဲမှုများမှာ ထူးခြားဆန်းကြယ်လှသည်ပင်။
ယခုအချိန်တွင် ဗာတီကန်မြို့မှာ သီးသန့်ကမ္ဘာတစ်ခုကဲ့သို့ပင်။
ရှေးကျသည့် ရဲတိုက်များကို မည်သူ တည်ဆောက်ခဲ့မှန်းမသိသော်လည်း ဤရဲတိုက်များမှာ ခံ့ညားလှကာ သမိုင်း၏အပြောင်းအလဲများကို ပြသနေသည်။
ချူဖုန်းတို့သုံးဦးမှာ သူတို့မျက်စိကိုသူတို့ မယုံကြည်နိုင်ဖြစ်နေကြသည်။
သူတို့ ဒဏ္ဍာရီလာခေတ်သို့ ပြန်ရောက်သွားသကဲ့သို့ပင်။ အဆောက်အဦးတိုင်း၏ အုတ်ကြွပ်ပြားများမှာ ရွှေရောင်တောက်ပနေသည်။
ထိုအဆောက်အဦးများထဲမှ ဆုတောင်းသံများ၊ ရွတ်ဖတ်သံများလည်း ကြားနေရကာ တစ်ခါတစ်ရံ ကောင်းကင်ထက်သို့ ထိုးဖောက်သွားသည့် အလင်းတန်းများကိုလည်း မြင်နေရသည်။ ဤသည်မှာ ရှေးခေတ်များမှ ယဇ်ပူဇော်သည့်အခမ်းအနားများနှင့် တူနေသည်။
သူတို့ သုံးယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဤနေရာသည် ဗာတီကန်မြို့ဖြစ်သော်လည်း သူတို့သိခဲ့သည့်မြို့မဟုတ်တော့ပဲ ရှေးဟောင်းမြို့တစ်ခုဖြင့် အစားထိုးခံလိုက်ရပြီဖြစ်သည်။
“ရှေးဟောင်းမြို့တစ်မြို့ ပေါ်လာပြီး ဗာတီကန်မြို့ကို အစားထိုးလိုက်တာပဲ..” ချူဖုန်း သက်ပြင်းချ၍ ပြောလိုက်သည်။
သူတို့ အမြင့်တစ်နေရာရှာလိုက်ပြီး တစ်မြို့လုံးကို အပေါ်စီးမှ လေ့လာလိုက်သည်။
“အလေးအမြတ်ဆေးခင်း..”
သူတို့အားလုံး ခေါင်းညိမ့်လိုက်ကြသည်။ ဆေးခင်းကြီးမှာ ဗာတီကန်မြို့အလယ်၌ ရှိနေသည်။ ထိုဆေးခင်းကို ချိတ်ပိတ်ထားသည့် အတားအဆီးတစ်ခုရှိနေပြီး အထဲဘက်မှ အပင်များကို ကာကွယ်ပေးထားသည်။
ဆေးခင်းထဲသို့ သွားရန်အတွက် အရင်ဆုံး ရှေးဟောင်းမြို့ထဲသို့ ဝင်ရမည်ပင်။
ရှေးဟောင်းမြို့ထဲရှိ ခံ့ညားလှသည့် ရဲတိုက်တစ်ခုရှေ့တွင် သူရဲကောင်းဆန်သည့်အမျိုးသားတစ်ဦး ကျောက်ထိုင်ခုံတစ်လုံးထက်၌ ထိုင်နေသည်။
ဤလူမှာ ချီလင်းဘုရင်ပင်။ သူ ဒဏ်ရာရထားပြီး နီရဲနေသည့်ဆံပင်များလည်း သွေးများ စိုရဲနေသည်။ သူ့ပုခုံးမှ ဝမ်းဗိုက်ထိ ရှည်လျားလှသည့် ဒဏ်ရာတစ်ခုဖြစ်နေပြီး ထိုဒဏ်ရာ ပြန်ကောင်းမလာအောင် လုပ်နေသည့် ထူးဆန်းသည့်အလင်းတစ်မျိုးလည်း တောက်ပနေသည်။
“အဲဒီအလေးအမြတ်ဓားက တကယ်ကို စွမ်းအားကြီးတာပဲ .. ဒီမှာ ဒီလိုမျိုး အဖျက်စွမ်းအားတွေ ရှိနေတယ်..” ချီလင်းဘုရင် ရေရွတ်လိုက်သည်။
“အရှင် ချူဖုန်း ရောက်နေလောက်ပါပြီ..” လူတစ်ဦး နန်းတော်ထဲသို့ ဝင်လာကာ သူ့ကို သတင်းပို့လာသည်။
“သူက အချိန်ကိုက်ကို ရောက်လာတာပဲ .. ငါက ပြင်းပြင်းထန်ထန်ဒဏ်ရာရနေပြီး ဆေးခင်းကလည်း ပွင့်လာတော့မှာ” ချီလင်းဘုရင် ရေရွတ်လိုက်သည်။
…
ရှေးဟောင်းမြို့ထဲတွင် သားရဲမျိုးနွယ်စုများ စောင့်ကြပ်နေကြပြီး မည်သူမှမဆို ဝင်ခွင့်ရနေခြင်းမဟုတ်။
မရေမတွက်နိုင်သည့်ဘုရင်အဆင့် သက်ရှိများ မြို့ထဲသို့ ရောက်လာကြပြီး သူတို့ကိုယ်ပိုင် ရှေးဟောင်းရဲတိုက်များနှင့် ဘုရားကျောင်းကို ယူပြီးသွားပြီဖြစ်သည်။
သူတို့သည် အစောကြီးကတည်းက စည်းမျဉ်းချထားပြီးသားပင်။ လုံလောက်အောင် စွမ်းအားမရှိသည့် အပြင်လူများ မြို့ထဲသို့ ဝင်ခွင့်မရှိ။
ချူဖုန်းတို့ မြို့ထဲဝင်ရန် ပြင်လိုက်သည်။
“ရပ်လိုက် .. မင်းတို့က ဘယ်သူလဲ..” မြို့ဂိတ်တံခါးရှေ့မှ ဝံပုလွေနက်ကြီး မေးလာသည်။ သူ၏ခန္ဓာကိုယ်မှာ မီတာပေါင်းများစွာ မြင့်နေပြီး သွားဖြူဖြူများကို လှစ်ဟပြနေသောကြောင့် အလွန်ကြောက်စရာကောင်းသည့်ပုံ ပေါ်နေသည်။
သူ အင်္ဂလိပ်လို အော်ဟစ်လိုက်ခြင်းပင်။ သူသည် သားရဲဘုရင်မဟုတ်သော်လည်း ဤနေရာမှ လူများကို ခြိမ်းခြောက်နိုင်သည့်အာဏာရှိသည်ပင်။
“ချူဖုန်းပါ..”
ချူဖုန်း ဂိတ်တံခါးရှေ့၌ရပ်ကာ သူ့နာမည်ကို ကြေငြာလိုက်သည်။ သူ့အင်္ဂလိပ်စာမှာ အတော်လေးဆိုးရွားသော်လည်း ဆက်သွယ်ပြောဆို၍ ရသေးသည်။
“ဘာ .. ခင်ဗျားက အဲဒီနတ်ဆိုးဘုရင်ချူလား..” ဝံပုလွေနက်ကြီး ထိတ်လန့်တကြား မတ်တပ်ထရပ်လိုက်သည်။ သူ့အမွေးများ ထောင်ထလာပြီး သူ မတည်ငြိမ်နိုင်တော့။
ထို့နောက် သူ မြို့ထဲသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။
ခဏကြာပြီးနောက် မြို့ထဲမှ လူနှစ်ယောက်ထွက်လာကာ သူ့နောက်တွင်တော့ သားရဲမျိုးနွယ်စု ကျွမ်းကျင်သူများ ပါလာသည်။ ဤခေါင်းဆောင်နှစ်ယောက်မှာ သေချာပေါက် သားရဲဘုရင်များပင်။
“အိုး .. အရှေ့တိုင်းကဘုရင်ချူပဲ .. နောက်ဆုံးတော့ ခင်ဗျားရောက်လာပြီပေါ့ .. ကျုပ်တို့က ခင်ဗျားရဲ့ ခွန်အားနဲ့သတ္တိကို အရမ်းလေးစားနေရတာပါ .. ခင်ဗျား အနောက်နိုင်ငံဘက်ဆီလာဖို့ မလွယ်လောက်ဘူး”
ဤသည်မှာ ရွှေရောင်ဆံပင်၊ အပြာရောင်မျက်လုံးများရှိသည့် အနောက်တိုင်းသား လူငယ်တစ်ဦးပင်။
သို့သော် ဤသည်မှာ လူမဟုတ်ပဲ စွမ်းအားကြီးသည့် သားရဲဘုရင်တစ်ဦးဖြစ်မည်ကို ချူဖုန်း သိသည်။
“အစ်ကိုချူ ဒီဘက်လာခဲ့ပါ .. ကျွန်တော်တို့ အစ်ကိုချူအတွက် နေစရာ စီစဉ်ပေးထားတယ် .. နောက်ကျရင် အစ်ကိုချူနဲ့ ချီလင်းဘုရင်ကြားက ကွာခြားချက်ကို ကျွန်တော်တို့ ဆွေးနွေးလို့ရတယ် .. အခုတော့ နားလိုက်ပါဦး”
ရွှေရောင်ဆံပင်နှင့်လူငယ်လေးသည် ရယ်မောကာ သူ့ကိုယ်သူ မိတ်ဆက်ပေးလာသည်။ ဤလူငယ် နာမည်မှာ အန်ဒရီဟုခေါ်သည်။
အန်ဒရီဘေးတွင်တော့ အေးစက်စွာ ရပ်နေသည့်လူတစ်ဦး ရှိနေသည်။ သူသည် ချူဖုန်းကို ခေါင်းသာ ညိမ့်ပြလာသည်။ သူလည်း သားရဲဘုရင်တစ်ဦးဖြစ်ပြီး သူ့နာမည်မှာ ဟူမန်ဖြစ်သည်။
“ဒီလမ်းပါ..” အန်ဒရီတောက်ပစွာ ပြုံး၍ ပြောလာသည်။
ချူဖုန်း ကျေးဇူးတင်ကြောင်း ပြောလိုက်ပြီး သူ့တို့နောက်မှနေ၍ မြို့ထဲသို့ လိုက်ဝင်သွားလိုက်သည်။ ကျောက်ခင်းလမ်းတစ်လျှောက်ကို လျှောက်သွားရင်းဖြင့် ဘေးဘက်ရှိ နှစ်ထောင်ချီအဆောက်အဦးများမှ အချိန်၏တိုက်စားမှုကို မြင်နိုင်သည်ပင်။
နောက်ဆုံးတွင် သူတို့ အလွန်မြင့်မားလှသည့် ဘုရားကျောင်းရှေ့၌ ရပ်တန့်လိုက်ကြသည်။ ဤဘုရားကျောင်းပေါ်သို့ ဖြာကျနေသည့်နတ်အလင်းများ ရှိနေပြီး ဘုရားကျောင်းကြီးမှာ ကျက်သရေရှိစွာ ထိန်လင်းနေသည်။
“အစ်ကိုချူ .. နတ်မြို့က ကြိုဆိုပါတယ် .. ဒီအဆောက်အဦးကြီးက အစ်ကိုချူရဲ့ဂုဏ်သိက္ခာနဲ့လိုက်ဖက်မယ်လို့ ကျွန်တော်ထင်တယ်.. ဒီမှာ ခဏနားလိုက်ပါ .. ညကျရင် အစ်ကိုတို့ကို ကြိုဆိုတဲ့ပွဲလေး စီစဉ်ပေးမယ် .. အဲဒီအချိန်ကျရင် ဘုရင်တစ်ချို့လည်း လာလိမ့်မယ်”
ထို့နောက် အန်ဒရီသည် ချူဖုန်းကို ဖက်လိုက်ကာ တစ်ဖွဲ့လုံး ထွက်သွားကြလေသည်။
“အတော်လေးကို စိတ်အားတက်ကြွနေတဲ့အဖွဲ့ပဲ .. ဒါပေမဲ့ စကားပြောပြီးသွားတာတောင်မှ သူတို့ ဘယ်သားရဲမျိုးနွယ်စုကလည်းဆိုတာ မသိလိုက်ရဘူး” ပျောက်ကွယ်သွားသည့် ပုံရိပ်များကိုကြည့်ပြီး နွားနက်ကြီး ပြောလိုက်သည်။
အတော်ဝေးဝေးသို့ ရောက်သည်နှင့် အန်ဒရီ၏မျက်နှာထက်မှ အပြုံးပျောက်ကွယ်သွားသည်။ “အရူးသုံးယောက် .. သူတို့က ဘာကြောင့်များ ဗာတီကန်မြို့မှာ လွယ်လွယ်လေး အောင်မြင်နိုင်လိမ့်မယ်လို့ ထင်နေတာလဲ..”
ဟူမန်နှင့် ကျန်သည့်လူများလည်း ရယ်မောလိုက်ကြသည်။ သူတို့သည် အန်ဒရီ ချူဖုန်းအား လွယ်လွယ်ကူကူအဆုံးသတ်လိုက်နိုင်သည့်အတွက် ဂုဏ်ပြုလိုက်ကြသည်။
“ဘုရင်ချူက ဒါလေးပဲပေါ့.. သူ့ကို မသေမျိုးဖီးနှစ်ပါးစပ်ထဲကို လွယ်လွယ်ပို့လိုက်နိုင်တာပဲ .. စိတ်ပျက်ဖို့ကောင်းလိုက်တာ..” ဟူမန်လည်း အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။
မသေမျိုးဖီးနှစ်ဟု ပြောလိုက်သည်နှင့် အခြားသားရဲများအာလုံး ကျော်ချမ်းသွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အချုပ်အနှောင် ခြောက်ခုကို ဖြတ်တောက်ပြီးသွားပြီဖြစ်သည့် ထိပ်တန်းသားရဲကြီးပင်။
ယခုအချိန်တွင် အချုပ်အနှောင်ခြောက်ခုကို ဖြတ်တောက်နိုင်သည့် သားရဲဘုရင်များမှာ လက်တစ်ဖက်စာသာရှိသည်။
မသေမျိုးဖီးနှစ်မှာ အခြားသူများအား စားသောက်ရသည်ကို ကြိုက်နှစ်သက်သည့်သူပင်။ သူ၏စည်းမျဉ်းတစ်ခုရှိသည်။ ဤသည်မှာ သူ့နယ်မြေထဲ ခြေချသည့်သူမှန်သမျှကို သူ အမဲလိုက်ပစ်မည်ဟူသည့် စည်းမျဉ်းပင်။
ယခုအချိန်တွင် အန်ဒရီ၏မျက်နှာထက်မှ အပြုံးသည် အေးစက်သည့်အမူအရာများဖြင့် အစားထိုးခံလိုက်ရပြီဖြစ်သည်။ “အစကတော့ သူ့ကို ငါကိုယ်တိုင် သတ်မလို့ပဲ .. ဒါပေမဲ့ သူက ဒီလောက်ထိ တုံးအလိမ့်မယ်လို့ မထင်ထားဘူး .. ဒီလောက်လေးနဲ့ သူ့ကို သတ်လိုက်နိုင်တယ် .. တကယ်ပျင်းစရာကောင်းတာပဲ..”
“ပျော်စရာမကောင်းတော့ဘူး .. ငါတို့ကိုယ်တိုင် သူ့ကို သတ်ခဲ့သင့်တာ” ဟူမန်ခေါင်းခါလိုက်သည်။
သူတို့နောက်မှ သားရဲမျိုးနွယ်စု ကျွမ်းကျင်သူများလည်း ချူဖုန်းတို့အဖွဲ့အား လှောင်ရယ်နေကြလေသည်။
“အရှေ့တိုင်းက သားရဲဘုရင်တွေအားလုံး အရမ်းအားနည်းနေတာများလား.. ဗာတီကန်မြို့က စစ်ပွဲပြီးခါနီးရင် ငါတို့ အရှေ့တိုင်းကို ကျူးကျော်သင့်တယ်လို့ ငါထင်တယ်” အန်ဒရီရယ်မော၍ ပြောလိုက်သည်။
“အဲဒီအကြံ မဆိုးဘူး..” ဟူမန်ခေါင်းညိမ့်၍ ပြောလိုက်သည်။
ထိုအချိန်တွင် သူတို့ရှေ့လမ်းထောင့်မှ လူသုံးယောက် ထွက်လာသည်။ ဤသည်မှာ ချူဖုန်းတို့ပင်။
“ခင်ဗျားတို့နှစ်ယောက်က တော်တော်လေး ပျော်နေတာပဲ..” ချူဖုန်း၏မျက်နှာထက်၌ အေးစက်သည့်အပြုံးတစ်ခု ပေါ်လာသည်။
အန်ဒရီနှင့်ဟူမန်တို့ အေးခဲသွားကြသည်။ ထို့နောက် သူတို့၏ဘုရင်အဆင့်အော်ရာများ ထုတ်လွှတ်ကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များကိုလည်း ထုတ်ပြလိုက်သည်။
“မဆိုးဘူး .. မင်းတို့ကောင်တွေက အဲဒီလောက်မတုံးဘူးပဲ .. အဲဒီတော့လည်း ငါတို့ကိုယ်တိုင် မင်းတို့ကို ပို့ပေးရတာပေါ့ .. မင်းတို့ရဲ့ အဆင့်နိမ့်ခွန်အားလေးနဲ့ အနောက်တိုင်းကို လာရဲတယ်ပေါ့..” အန်ဒရီ အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။
ချူဖုန်းသည် အပေါ်ယံတွင် တည်ငြိမ်နသော်လည်း သူ့စိတ်ထဲတွင်တော့ ဒေါသပေါက်ကွဲနေပြီဖြစ်သည်။ ဤလူ သူတို့ကို လှည့်စားရဲသည်။
“အရှေ့တိုင်းက သားရဲဘုရင်တွေက အရမ်းအားနည်းတယ်လို့ မင်းတို့ခံစားနေရတာမလား .. ဒီနေ့ မင်းတို့ကို အရှေ့တိုင်းသားရဲ့ အင်အားကို ပြပေးမယ်..” ချူဖုန်း ဟစ်ကြွေးလိုက်သည်။
သူ့ဘေးဘက်တွင် နွားနက်ကြီးနှင့် နွားဝါရှိနေပြီး ထွက်ပြေးမည့်သူများကို သတ်ဖြတ်ရန် အဆင့်သင့်ပင်။
“မင်းလိုမျိုး အဆင့်နိမ့်ဘုရင်က ငါတို့ကို စိန်ခေါ်ရဲတယ်ပေါ့ .. လာခဲ့လေ..” ဟူမန် ပြန်ဖြေလိုက်သည်။
သို့သော် သူသည် အလွန်သတိကြီးကြီးထားနေပြီး သူ့ခန္ဓာကိုယ်ထဲမှ ထူးဆန်းသည့်စွမ်းအင်အားလုံးကို ချက်ချင်း လှည့်ပတ်စေလိုက်သည်။
အန်ဒရီ၏ ရွှေရောင်ဆံပင်များ လေထဲလွင့်မျောနေကာ သူလည်း တိုက်ခိုက်ရန်အတွက် အသင့်ဖြစ်နေလေပြီ။
“ငါ မင်းတို့နဲ့ အချိန်ဖြုန်းရမှာ အရမ်းပျင်းနေတယ်..”
ချူဖုန်း ဟစ်ကြွေးလိုက်ပြီးနောက် သူ့ဝတ်ထားသည့် ချာကရမ်ကို ပစ်ပေါက်လိုက်သည်။ ဝုန်း ဟူသည့်အသံနှင့်အတူ လက်နက်လေးသည် အလွန်လျင်မြန်သည့်အရှိန်ဖြင့် လွင့်ထွက်သွားသည်။
ယခုအချိန်တွင် ချာကရမ်သည် ကီလိုဂရမ်ပေါင်း ထောင်ပေါင်းများစွာ လေးလံနေပြီဖြစ်သည်။
ဖူး..
အန်ဒရီ၏ခန္ဓာကိုယ် စုတ်ပြတ်သွားကာ နေရာအနှံ့ သွေးများ လွင့်စင်သွားသည်။ “အား..” သူ အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
သူ၏နာကျင်စွာ အော်ဟစ်လိုက်သည့်အသံမှာ နတ်မြို့တစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။
ချာကရမ်သည် သူ့ခန္ဓာကိုယ်ကို ဖြတ်ပြီးသွားသော်လည်း အရှိန်လျော့မသွားပဲ ဝုန်းဟူသည့်အသံနှင့်အတူ ဟူမန်ကို ရိုက်ခတ်သွားသည်။ ဟူမန်၏ရင်ဘတ်တွင် အပေါက်ကြီးဖြစ်သွားပြီး ဘေးပတ်လည်ကို သွေးများလွင့်စင်သွားသည်။
အပိုင်း ၁၆၀ ပြီး၏။