Switch Mode

Chapter – 159

အနန္တနတ်ဘုရားများ ရောက်ရှိလာမှု

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၅၉ – အနန္တနတ်ဘုရားများ စုဝေးခြင်း

အိုလံပစ်တောင်ကြီးမှာ ခံ့ညားထည်ဝါလှသည်။

ချူဖုန်း၊ နွားနက်ကြီးနှင့် နွားဝါလေးတို့မှာ ထွက်မသွားကြသေး။ သူတို့သည် တောင်ပေါ်သို့တက်သည့် လမ်းကြောင်းကိုသာ စူးစိုက်ကြည့်နေကြလေသည်။ သူတို့အပေါ်တက်ချင်နေသော်လည်း အရှေ့ဘက်မှလမ်းကို စွမ်းအားကြီးသည့်မြူများဖြင့် ဖုံးပိတ်ထားသည်။

ဤတောင်တန်းမှာ ဥရောပအလယ်၌ တည်ရှိပြီး ဤနေရာနှင့်ပတ်သက်သည့် ဒဏ္ဍာရီပုံပြင်များစွာ ရှိနေသည်ပင်။

သူတို့သုံးဦး ကြီးမားလှသည့်တောင်ကြီးကို ပတ်လျှောက်လိုက်ပြီး ဤနေရာ၌ နေထိုင်သည့်သူများထံမှ သတင်းအချက်အလက်များ ထပ်မံရရှိလိုက်သည်။ သူတို့ စိတ်လှုပ်ရှားလွန်းသောကြောင့် ဗာတီကန်ကိုပင် မသွားချင်တော့။

ယခုအချိန်ထိ အိုလံပစ်တောင်ထိပ်သို့သွားနိုင်သည့် သားရဲဘုရင်မရှိသေး။ အဲဒီနေရာမှာ နတ်ပန်းတွေ၊ ဝတ်မှုန်တွေ၊ အသီးတွေ ဘယ်လောက်တောင် ရှိနေလိုက်မလဲ..

တောင်ထိပ်ထိတက်ရန်မပြောနှင့် တောင်အလယ်ထိ ရောက်သည့်သူများပင် နည်းပါးလှသည်။

သူတို့လမ်းပြဖြစ်သည့် လင့်ကြောင်မြီးတိုကတော့ အမွေးများထောင်ထကာ ကြောက်ရွံ့နေပြီဖြစ်သည်။ “ဆရာသခင်သုံးယောက် .. ကျွန်တော့်ရဲ့အားနည်းမှုကို ခွင့်လွှတ်ပေးပါ .. တောင်ထိပ်က နတ်ဘုရားတွေရဲ့ မြင့်မြတ်နယ်မြေပဲ ကျွန်တော် မသွားရဲဘူး”

ထိုကြောင်ပြောစကားအရဆိုလျှင် ယခင်က တောင်ထိပ်ပေါ်သို့ တက်ရန်ကြိုးစားသည့်သားရဲဘုရင်များ ရှိခဲ့ဖူးသည်။ သူတို့အားလုံး သေလျှင်သေ၊ မသေလျှင်လည်းပျောက်ဆုံးသွားကြသည်ပင်။

တောင်အလယ်ကျော်သည်နှင့် မြေပြင်ထက်တွင် နီရဲနေသည့် သားရဲဘုရင်သွေးများမြင်ရမည်ပင်။ ထိုသွေးများသည် ယခုထက်ထိပင် အရောင်မပြယ်သေး။

“ကောင်းပြီလေ .. ခင်ဗျားသွားလို့ရပြီ..” ချူဖုန်း လက်ဝှေ့ရမ်း၍ ပြောလိုက်သည်။ သူ ဤသားရဲလေးကို အခက်မတွေ့စေချင်။

“မြောင်..” လင့်ကြောင်မြီးတိုလေးသည် တုံ့ဆိုင်းခြင်းမရှိပဲ ချက်ချင်း ထွက်သွားလေတော့သည်။

ချွမ်း..

နွားနက်ကြီး သူ့ကျောထက်မှ ခရမ်းရောင်ဓားကို ဆွဲထုတ်လိုက်သလို ချူဖုန်းလည်း သူ့ဓားမြောင်ကို အသင့်ပြင်ထားလိုက်သည်။ သူတို့ တောင်ပေါ်သို့ တက်ကြမည်။

သူတို့သုံးယောက် အလွန်လျင်မြန်လှသည့်အရှိန်နှုန်ဖြင့် တက်သွားလိုက်ကြသည်။ နွားဝါလေး၏ ကလေးပုံပင် လူဝံတစ်ကောင်ကဲ့သို့ ဖြတ်လတ်နေသည်။ ကျောက်တုံးကြီးများ၊ ရှေးဟောင်းသစ်ပင်များပေါ်နင်းကာ တောင်ထိပ်သို့ တက်သွားလိုက်ကြသည်။ ခဏကြာပြီးနောက် သူတို့ တောင်အလယ်မှတ်သို့ ရောက်လာလေပြီ။

အိုလံပစ်တောင်ကို တိမ်တိုက်နှင့်မြူများ ရစ်သိုင်းနေပြီး အလယ်မှတ်မှကြည့်လိုက်လျှင် နေရာတိုင်း၌ တိမ်တိုက်များကို မြင်နေရသည်။ ရှေးဟောင်းမှတ်တမ်းများအရဆိုလျှင် အဓိကတောင်ထိပ်မှာ နတ်ဘုရားများ၏ ဘုံဗိမ္မာန်ပင်။

“နေနတ်ဘုရားတို့၊ စစ်နတ်ဘုရားတို့ ဒီလောကကြီးမှာ ရှိလိမ့်ဦးမယ်လို့ ငါမထင်ဘူး .. သူတို့ ရှေးခေတ်မှာ ရှိခဲ့ရင်တောင် အခုအချိန်လောက်ဆိုရင် သူတို့ အကြွင်းအကျန်တွေပဲ ရှိတော့မှာ” နွားနက်ကြီး ပြောလိုက်သည်။ သူသည် နတ်ဘုရားများကို မယုံကြည်ပဲ တိုးတက်ပြောင်းလဲခြင်းကိုသာ ယုံကြည်ရန် သူ့ကိုယ်သူ စိတ်နှစ်ထားလိုက်သည်။

အဓိကတောင်ထိပ်မှာ အလွန်ကျယ်ပြန့်လှသည်။ တောင်မှာ အညိုရောင်မြေကြီးများရှိပြီး သစ်ပင်များမှာ တစ်စထက်တစ်စ ကျဲပါးလာသည်။ သို့သော် ရှိနေသည့်သစ်ပင်အားလုံးမှာလည်း ရှေးဟောင်းသစ်ပင်များပင်။

ချူဖုန်း ဓားမြောင်နက်ကို တင်းတင်းဆုတ်ကိုင်ပြီး ရင်တုန်နေရသည်။ သူတို့ ယခုမှ အလယ်မှတ်ကို ကျော်လာခြင်းဖြစ်သော်လည်း အန္တရာယ်အငွေ့အသက်များကို ခံစားနေရပြီဖြစ်သည်ပင်။

“ဒီနေရာက အန္တရာယ်များတယ်..” နွားဝါလေး သူတို့ကို သတိပေးလိုက်သည်။ မြေပြင်ထက်၌ သွေးကွက်ရာများ ရှိနေဆဲပင်။

ဤနေရာကို ဖြတ်ကျော်ဖူးသည့် သားရဲဘုရင်တစ်ကောင်မကရှိနေသည်ပင်။

ခွပ်…

ရုတ်တရက် လျှပ်စီးတန်းနှင့်အတူ မိုးခြိမ်းသံကြားလိုက်ရသည်။

ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသည်။ သိထားရမည်မှာ သူတို့ဘေးပတ်လည်ရှိ ကောင်းကင်ကြီးမှာ ပြာလွင်ကာ ကြည်လင်တောက်ပနေသည်ပင်။

“ငါတို့ အပေါ်ထိသွားဖို့က အရမ်းခက်မယ်ထင်တယ်” ချူဖုန်း၏အမူအရာမှာ လေးနက်နေသည်။ သူ့နတ်အသိစိတ်မှ အန္တရာယ်အငွေ့အသက်ကို ခံစားနေရပြီး သူ့ဆံပင်မွေးများပင် ထောင်ထနေသည်။

သူတို့စုပေါင်းတိုက်ခိုက်လျှင်ပင် အလွန်အန္တရာယ်များလိမ့်မည်။

တစ်ခဏကြာပြီးနောက် လျှပ်စီးတန်း ကျရောက်လာသည်။ လျှပ်စီးမှာ အလွန်ထူထဲလှပြီး အဖျက်စွမ်းအားလည်း ကြီးမားလှသည်။

သူတို့သုံးယောက်လုံး ရှောင်ရှားလိုက်ကာ မီတာပေါင်း ရာပေါင်းများစွာ ဘေးဘက်ရွှေ့သွားလိုက်သည်။

ဝုန်း..

သူတို့နောက်မှ မြေပြင်ကြီး ပေါက်ကွဲသွားကာ ကျောက်တုံးနှင့်အမှိုက်များ နေရာအနှံ့ လွင့်စင်သွားသည်။

“ဇူးစ်နတ်မင်းအိုကြီးက အခုထိ အသက်ရှင်နေသေးတာလို့တော့ ငါ့ကိုမပြောနဲ့နော်..” နွားနက်ကြီး စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

ဒဏ္ဍာရီအရဆိုလျှင် ဇူးစ်၏လက်နက်မှာ လျှပ်စီးပင်။ ယနေ့ သူတို့ တောင်ပေါ်သို့တက်လာသည်နှင့် လျှပ်စီးဖြင့် တိုက်ခိုက်ခံရသောကြောင့် ခန့်မှန်းရန် လွယ်ကူလှသည်ပင်။

ချူဖုန်း သူ့အိတ်ထဲမှ ရှေးဟောင်းလှံတံတစ်ချောင်းကို ထုတ်ယူပြီး လေထဲ ပစ်ခွင်းလိုက်သည်။ လှံတံသည် တောင်အမြင့်ပိုင်းတစ်နေရာ၌ ထိုးစိုက်သွားသည်။

ခွပ်..

ထင်ထားသည့်အတိုင်း ထိုနေရာသို့ လျှပ်စီးတန်း ကျရောက်လာပြီး နေရာအနှံ့ မီးပွားများ လွင့်စင်သွားသည်။

“အခြေအနေမကောင်းဘူး … ပြန်ဆုတ်” နွားနက်ကြီး အော်ဟစ်လိုက်သည်။

တစ်စုံတစ်ခု သို့မဟုတ် တစ်ယောက်ယောက် သူတို့ထံသို့ ဆင်းလာနေသည်ကို သူတို့ ခံစားနေရသည်ပင်။

ဝုန်း..

သူတို့သုံးယောက် ခြေလှမ်းလိုက်သည်နှင့် သူတို့မူလရပ်နေခဲ့သည့်နေရာမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး ထိုနေရာတစ်ခုလုံး လျှပ်စစ်ဓာတ်များ ပျံ့နှံ့သွားသည်။

ကျောက်တုံးကြီးများ အရည်ပျော်သွားကာ ရှေးဟောင်းသစ်ပင်များလည်း ပြာကျသွားသည်။

“အဲဒါက ကြာပွတ်တစ်ခုလား..” နွားဝါလေးပင်အံ့အားသင့်သွားကာ သူ့ဦးရေပြားများ ထုံကျဉ်လာသလို ခံစားလိုက်ရသည်။ ဒီတောင်ထိပ်မှာ သက်ရှိ ရှိနေတာလား..

ဤကြာပွတ်မှာ သားရဲဘုရင်တစ်ကောင်ကို သတ်နိုင်သောကြောင့် သူ့အဖျက်စွမ်းအားမှာ ကြီးမားလှသည်ပင်။

ချွမ်း..

ချူဖုန်း လှုပ်ရှားလိုက်သည်။ သူ့အနီရောင်ဓားပျံသည် ရောင်စုံအလင်းတန်းများ ထုတ်လွှတ်ကာ အရှေ့ဘက်သို့ ပျံသန်းသွားသည်။

ထိုကြာပွတ်နှင့်ထိမိသွားသည်နှင့် မီးပွားများ နေရာအနှံ့ လွင့်စင်လာကာ ကြာပွတ်ထိပ်ပိုင်းလည်း ပြတ်သွားသည်။ သို့သော် ကျန်နေသည့်ကြာပွတ်မှာ အကောင်းအတိုင်း ရှိနေဆဲပင်။

ဝှစ်..

ကြာပွတ်နက်ကြီးတွင် စွမ်းအားကြီးသည့် လျှပ်စစ်များ စီးဆင်းလာပြီး သူ လွှဲရမ်းသွားသည့်နေရာတိုင်း ဝဲကတော့များ ဖြစ်ပေါ်လာသည်။ ကြည့်ရသည်မှာ တောင်ထိပ်မှပုဂ္ဂိုလ်သည် ကျူးကျော်သူများကို စိတ်ရှုပ်လာပြီထင်သည်။ ဆက်တိုက်ပင် တိုက်ခိုက်လာနေသည်။

“သွား..”

နွားနက်ကြီး အော်ဟစ်လိုက်သည်။ သူ ဆက်မတိုက်ချင်တော့။ သူတို့ပြိုင်ဘက်မှာ အလွန်စွမ်းအားကြီးပြီး သူတို့ယှဉ်နိုင်သည့်သူမဟုတ်ဟု သူ ခံစားနေရသည်။

သူတို့သုံးဦးလုံး တိုက်ခိုက်မှုများကို ရှောင်ရှားရင်း နောက်ပြန်ဆုတ်လာလိုက်သည်။

“ဒီကြာပွတ်က ဘယ်လောက်တောင် ရှည်တာလဲ .. တောင်ထိပ်ကနေ ငါတို့ရှိတဲ့နေရာထိဆို အနည်းဆုံး ၁၂၀၀ မီတာရှိတယ် .. သူက ဒီလောက်ရှည်တဲ့ကြာပွတ်ကြီးကို လွယ်လွယ်လေး ထိန်းချုပ်နိုင်တယ်ပေါ့..” နွားနက်ကြီး ထိတ်လန့်သွားရသည်။

ကြာပွတ်ဖြင့် ၁၀ ကြိမ်ခန့် တိုက်ခိုက်ခံရပြီးနောက် သူတို့ တောင်အောက်သို့ ပြန်ဆင်းလာလိုက်ကြသည်။

“ဒါက ကြာပွတ်မဟုတ်ဘူး .. သူက သက်ရှိတစ်မျိုးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းပဲ..” နွားဝါလေး ရှင်းပြလိုက်သည်။

တောင်ခြေသို့ ပြန်ရောက်သည့်အချိန် သူတို့ခဏနားလိုက်ကြသည်။ မည်းနက်နေသည့် ကြာပွတ်ကြီးမှာ သူတို့နောက် ဆက်မလိုက်တော့ပဲ တစ်ဖြည်းဖြည်းချင်း ပြန်ဆုတ်သွားသည်။

“နွယ်ပင်ကြီး…” ချူဖုန်း အော်ဟစ်လိုက်သည်။ ကြာပွက်နက်ကြီးပေါ်မှ သစ်ရွက်တစ်ရွက်ကို သူ မြင်လိုက်ရသည်။ ထိုသစ်ရွက်တွင်လည်း လျှပ်စီးစွမ်းအားများ ရှိနေသည်။

“ဇူးစ်က နွယ်ပင်ဘုရင်လား..” နွားနက်ကြီးမှာ အံ့လည်း အံ့ဩသလို ဒေါသလည်း ထွက်မိသည်။

ရှေးခေတ်မှ ဇူးစ်သည် မည်ကဲ့သို့သောသက်ရှိမျိုးမှ ပြောင်းလဲခဲ့မှန်းမသိသော်လည်း အိုလံပစ်တောင်ထိပ်ပေါ်၌ ရှိနေသည့်သူကတော့ သေချာပေါက် နွယ်ပင်တစ်ပင်ပင်။

သူတို့သုံးယောက်လုံး တုန်လှုပ်သွားရသည်။

နောက်တစ်ခေါက် ထပ်တက်မတက်ကို သူတို့ဆွေးနွေးလိုက်ကြသည်။ နောက်ဆုံးတွင်တော့ ဤသည်မှာ အလွန်အန္တရာယ်များကြောင်း သူတို့ဆုံးဖြတ်လိုက်ကြသည်။ သူတို့သုံးယောက်ပေါင်းတက်လျှင်ပင် တောင်ထိပ်ရောက်ရန် မလွယ်ကူလောက်။ ထိုနွယ်ပင်ကြီးမှာ စွမ်းအားကြီးလွန်းလှသည်။

“သူက ဒေါင်းဘုရင်နဲ့ အဆင့်အတူတူလောက်ပဲ .. သူက အနည်းဆုံးတော့ အချုပ်အနှောင်ခြောက်ခုကို ဖြတ်တောက်ပြီးပြီ .. သူက ဒီခေတ်ရဲ့ ထိပ်တန်းသက်ရှိတစ်ယောက်ပဲ” နွားဝါလေး ပြောလိုက်သည်။

ယနေ့အချိန်ထိ အချုပ်အနှောင် ၇ ခုအား ဖြတ်တောက်နိုင်သည့်သူ မရှိသေး။

“နောက်တစ်ခေါက် ကြိုးစားကြည့်ရအောင် .. ဒါက နွယ်ပင်ပဲ မဟုတ်ဘူးလား.. သူ လွန်လာတော့လဲ တစ်တောင်လုံးကို မီးရှို့ပစ်လိုက်တာပေါ့” နွားနက်ကြီးမှာ ပထမတိုက်ပွဲကို မကျေမနပ်ဖြစ်နေဆဲပင်။

“အလောတကြီးမလုပ်နဲ့ .. ဒီအဆင့်ရောက်နေတဲ့ သားရဲဘုရင်က မီးကိုကြောက်မှာမဟုတ်ဘူး..” နွားဝါလေး ခေါင်းခါ၍ ပြောလိုက်သည်။

နောက်ဆုံး သူတို့နောက်တစ်ကြိမ်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။ ယခုတစ်ခေါက်တော့ သူတို့ သုံးနေရာခွဲ၍ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် သူတို့အလယ်မှတ်ကိုဖြတ်သွားသည်နှင့် နွယ်ပင်နက်များ နောက်တစ်ကြိမ် တိုက်ခိုက်လာသည်။

ဝုန်း..

ယခုတစ်ခေါက်မှာ ပို၍ပင် ပြင်းထန်သေးသည်။ နွယ်ပင်နက်သုံးခုသည် သူတို့တောင်ခြေသို့ ရောက်သည်အထိ တိုက်ခိုက်လာသည်။ ဘေးပတ်လည်ရှိ တောင်ပုလေးများမှာ မြေကြီးခဲများ ဖြစ်သွားလေပြီ။

သူတို့သုံးယောက်လည်း အခြေအနေ ဆိုးရွားနေသည်ပင်။ သူတို့မျက်နှာများ ဖြူလျော်နေပြီး အဝတ်အစားများ စုတ်ပြဲနေသည်။ သူတို့ခန္ဓာကိုယ်ထက်၌လည်း လျှပ်စီးရာများ ရှိနေသည်ပင်။ သူတို့၏တောင်ပေါ်သို့ တက်မည့်အစီအစဉ် ဆိုးရွားစွာပင် ရှုံးနိမ့်သွားလေပြီ။

“ငါတို့ဘုရင်သုံးယောက်က မင်းလိုမျိုး နွယ်ပင်ကို ရင်မဆိုင်နိုင်ဘူးလို့ ထင်နေတာလား..”

အချုပ်အနှောင် ၆ ခုဖြတ်တောက်ထားသည့် သားရဲဘုရင်သာဆိုလျှင် သူတို့ တိုက်ခိုက်ရဲမည်မဟုတ်။ သို့သော် သူတို့ရန်သူမှာ တစ်နေရာရာ၌ အမြစ်တွယ်နေပြီး လွတ်လပ်စွာ မလှုပ်ရှားနိုင်သည့် နွယ်ပင်တစ်ပင်ဖြစ်နေသောကြောင့် ဤသည်မှာ သူတို့အတွက် အခွင့်ကောင်းပင်။

သူတို့ ဤနွယ်ပင်ဘုရင်ကို တောင်အောက်သို့ ရောက်ရန် မျှားခေါ်ပြီး အခြားတစ်ယောက် အခြားလမ်းမှပတ်သွားရန် ဆုံးဖြတ်လိုက်သည်။

ဝုန်း..

ရုတ်တရက် အဓိကတောင်ထိပ်၌ တောက်ပသည့်အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ နေထွက်လာသကဲ့သို့ ရွှေရောင်အလင်းတန်း ထောင်ပေါင်းများစွာ ဖြာကျနေသည်ပင်။

“မကောင်းတော့ဘူး .. အဲဒီသက်ရှိကြီး ဆင်းလာပြီ..”

သူတို့သုံးယောက်လုံး တောင်ပေါ်မှ မြန်မြန်ဆင်းလာလိုက်ကာ နောက်တစ်ပွဲအတွက် အသင့်ပြင်လိုက်သည်။

ရန်သူမှာ တကယ်ကို နေလုံးလေးတစ်လုံးကဲ့သို့ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေသည်ပင်။

“မဖြစ်နိုင်တာ .. ဒါက အပိုလိုနတ်မင်းလို့တော့ မပြောနဲ့နော်..” နွားနက်ကြီး ဆွံ့အသွားရသည်။

ဝုန်း..

နေလုံးကြီးသည် အလယ်နား၌ ရပ်တန့်သွားကာ ရွှေရောင်အလင်းများကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

ထိုအချိန်မှသာ သူတို့သုံးဦး ဤသက်ရှိ၏ပုံစံကို တွေ့လိုက်ရသည်။

“နေကြာပန်းလား..” နွားဝါလေး မျက်လုံးများ ပြူးကျယ်သွားသည်။

ရွှေရောင်အလင်းတန်းများ တောက်ပနေသည်မှာ မထူးဆန်းတော့။ ဤနေရာပင်တစ်ပင်လုံး၊ အမြစ်မှ အရွက်ထိ အလင်းများတောက်လောင်နေသည်ပင်။

“ဇူးစ်က လျှပ်စီးစွမ်းအားရှိတဲ့နွယ်ပင်၊ အပိုလိုက နေကြာပန်း .. ဒီထက်ပိုပြီးကျိုးကြောင်းဆီလျော်တာ မရှိတော့ဘူးလား .. ဒါတွေက ရှေးခေတ်ဒဏ္ဍာရီတွေမှာ ပြောထားတဲ့ နတ်ဘုရားတွေလား ..” နွားနက်ကြီး အတော်လေး တုန်လှုပ်နေသည်ပင်။

ရုတ်တရက် သူတို့ခန္ဓာကိုယ်များ တင်းကြပ်သွားကာ ချက်ချင်း တစ်နေရာစီ ထွက်ပြေးလိုက်သည်။

နေကြာပန်းမှာ အတော်လေး ကြောက်စရာကောင်းလှ၏။ အထူးသဖြင့် သူ့အစေ့များပင်။ အစေ့များမှာ ၃၀ စင်တီမီတာကျော်ရှည်ပြီး သတ္တုပုံပေါက်နေသည်။ နေကြာပန်းသည် ထိုနေကြာစေ့များဖြင့် ရုတ်တရက် ပစ်ပေါက်လာသည်ပင်။

ဝုန်း..

နေကြာစေ့များ မြေပြင်နှင့် ထိခတ်သွားသည်နှင့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာကာ မီတာ ၁၀၀ အကျယ်ရှိသည့် တွင်းပေါက်ကြီး ဖြစ်သွားသည်။

ဝှစ် ဝှစ် ဝှစ်…

တောင်အလယ်ပိုင်းမှ ရွှေရောင်နေကြာမိုးများ ရွာသွန်းလာသည်။

ဝုန်း..

အိုလံပစ်တောင်မှာ ဒုံးကျည်ဖြင့် ပစ်ခံနေရသကဲ့သို့ပင်။ တောင်များ ပြိုကျသွားကာ မြေပြင်၌လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။

“ဒါတွေကို နေကြာစေ့လို့ ခေါ်လို့ရသေးလို့လား .. ဒီအစေ့တွေက ကျည်ဆံတွေထက်တောင် ကြောက်ဖို့ကောင်းသေးတယ်..”

နွားနက်ကြီး အော်ဆဲမိတော့မည်။ သူ သွေးရူးသွေးတန်းပင် ထွက်ပြေးနေရသည်။ သူ့နောက်ဘက်ရှိ တောင်ပုလေး ပေါက်ကွဲသွားကာ သူလည်း လေထဲလွင့်ထွက်သွားပြီး တောင်ထိပ်တစ်ခုနှင့် ရိုက်မိသွားသည်။

အချိန်အတော်ကြာမှသာ အားလုံး တည်ငြိမ်သွားသည်။

ချူဖုန်းနှင့် နွားဝါလေးတို့မှာ သိပ်မဆိုး။ သူတို့ဒဏ်ရာများ သိပ်မပြင်းထန်။ နွားနက်ကြီးကတော့ နေကြာပန်း၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသောကြောင့် သူကပို၍ အခြေအနေဆိုးနေသည်ပင်။ သူ့အဝတ်အစားများ ရှုပ်ပွနေပြီး နောက်လှန်တင်ထားသည့်ဆံပင်လည်း ရှုပ်ပွညစ်ပေနေလေပြီ။

သူတို့ တောင်တန်းကြီးအား နောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် အချို့တောင်လေးများမှာ မြေပြင်ထက်၌ ပြိုကျနေပြီး မြေကြီးလည်း အက်ကွဲကြောင်းများ ပြည့်နှက်နေသည်။ နေကြာပန်းတစ်ပင်က ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းအားကြီးနေတာလဲ.. သူတို့သုံးယောက်လုံး ဆွံ့အသွားရသည်။

“ချာကရမ်ကိုသုံးပြီး သူ့ကိုသတ်လိုက်..” နွားနက်ကြီး ဒေါသတကြီး ပြောလိုက်သည်။

“သူသွားပြီ..” ချူဖုန်း ပြောလိုက်၏။

“ပိုလို .. ပြန်လာခဲ့..” နွားနက်ကြီး တောင်ခြေမှ စိန်ခေါ်လိုက်သည်။

“သူ့နာမည်က အပိုလိုထင်တယ်..” နွားဝါလေး သတိပေးလိုက်သည်။

“ဘာပဲဖြစ်ဖြစ် .. ပိုလို ဒီကိုဆင်းလာခဲ့ .. မင်းက ဒီဘိုးဘိုးကြီးကို သေလုနီးပါးဖြစ်အောင် လုပ်ခဲ့တာ .. ငါ မင်းနဲ့စာရင်းမရှင်းရသေးဘူး..” နွားနက်ကြီး တောင်ထိပ်ဘက်သို့ အော်ပြောလိုက်သည်။

“မအော်နဲ့‌တော့.. သူ့မှာ ညီမရှိလောက်တယ် .. ဥပမာ အသီနာလိုမျိုးပေါ့” ချူဖုန်း သတိပေးလိုက်သည်။

ယခုအချိန်တွင်တော့ လူတစ်ယောက်နှင့် နွားနှစ်ကောင်မှ အကြံကုန်လေပြီ။

ဇူးစ်က နွယ်ပင်၊ အပိုလိုက နေကြာပင်ဆိုတော့ တစ်ခြားထူးထူးဆန်းဆန်းတွေ ရှိသေးလား.. ဒဏ္ဍာရီအရဆိုလျှင်တော့ အိုလံပစ်တောင်၌ အဓိကနတ်ဘုရား ၁၂ ပါး ရှိနေသည်ပင်။

“ထားလိုက်ပါတော့ .. ငါတို့သွားရအောင် .. ဒီနှစ်ယောက်က ဇူးစ်နဲ့အပိုလိုအစစ်မဟုတ်လောက်ဘူး .. လမ်းကိုစောင့်ရှောက်နေတဲ့ သားရဲဘုရင်နှစ်ယောက်ပဲနေမှာ .. ငါတို့ တောင်ထိပ်ထိ တက်နိုင်မှာမဟုတ်ဘူး” နွားဝါလေးပင် အခက်တွေ့နေသည်ပင်။

သူတို့ခန့်မှန်းချက်အရဆိုလျှင် နေကြာပန်းမှာ အနည်းဆုံး အချုပ်အနှောင် ငါးခု ဖြတ်တောက်ထားသည့် ကြောက်စရာကောင်းသည့်သက်ရှိပင်ဖြစ်လိမ့်မည်။

သူတို့သုံးယောက် ဒေါသတကြီး ထွက်လာလိုက်သည်။ အချိန်တိုအတွင်းတော့ ဤတောင်ကြီးဆီသို့ ပြန်မလာရန် ဆုံးဖြတ်လိုက်ကြသည်။

အနီးအနားရှိ ရွာထဲသို့ ဝင်ကာ သူတို့၏စုတ်ပြတ်နေသည့်အဝတ်အစားများကို လဲလှယ်လိုက်သည်။ နွားနက်ကြီးလည်း သူ၏မည်းနက်နေသည့်ဆံပင်များကို နောက်ပြန်လှန်တင်ထားပြီဖြစ်သည်။ သူတို့အားလုံး ပြန်လည်၍ စိတ်အားတက်ကြွနေကြလေပြီ။

“ဦးတည်ချက်- ဗာတီကန်မြို့ .. စထွက်မယ်..”

သူတို့သုံးယောက် စိတ်အေးလက်အေးဖြင့် လေဆိပ်သို့ ထွက်လာလိုက်သည်။ သို့သော် လမ်းတစ်ဝက်တွင် ဇိမ်ခံကားကြီးဆယ်စီးကျော် ရပ်လာပြီး ကားထဲမှ လူများစွာ ထွက်လာကြသည်။

“အရှေ့တိုင်းက နတ်ဆိုးဘုရင်ချူ .. ဘုရင်ချူတို့ ဘယ်နေရာသွားမလို့လဲဆိုတာ သိခွင့်ရှိမလားခင်ဗျ .. ကျွန်တော်တို့ ဘုရင်ချူကို လိုက်စောင့်ရှောက်ပေးချင်ပါတယ်” ရွှေအိုရောင်ဆံပင်နှင့် လူလတ်ပိုင်းအမျိုးသားတစ်ဦး အနည်းငယ် တုန်ယင်နေသည့်အသံဖြင့် ပြောလာသည်။

“ကျွန်တော်တို့ ဗာတီကန်မြို့ကို သွားမလို့ .. ကျွန်တော်တို့အတွက် လေယာဉ်တစ်စီး စီစဉ်ပေးပါဦး” သူတို့ဘာတွေးနေသည်ကို သိသောကြောင့် ချူဖုန်း ကွယ်ဝှက်မနေပဲ ပြောလိုက်သည်။ သူတို့သည် ချူဖုန်းတို့ကို အဝေးတစ်နေရာသို့ ပို့ချင်နေကြသည်ပင်။

သူတို့ ချီလင်းဘုရင်၏နေရာကို မွှေခဲ့သောကြောင့် ချီလင်းဘုရင်မှာ သေချာပေါက် သူတို့ကို အလွတ်ပေးမည်မဟုတ်။

သားရဲဘုရင်နှစ်ဦး တိုက်ခိုက်လျှင် သူတို့မြို့မှ မည်မျှပင်ဝေးနေပါစေ မြို့ကို ထိခိုက်လာနိုင်သည်ပင်။ ဂရိစစ်တပ်ကြီးမှာ ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို အလွန်စိုးရိမ်လှသည်။

“ကျွန်တော်တို့ ချက်ချင်း စီစဉ်ပေးပါ့မယ်..” လူလတ်ပိုင်းအမျိုးသား ချက်ချင်း ပြန်ဖြေလိုက်သည်။

ထို့နေ့တွင် တိုက်လေယာဉ်တစ်စင်းသည် ဂရိမှ အာတိတ်ပင်လယ်ကို ဖြတ်သန်းကာ အီတလီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလေ၏။

အပိုင်း ၁၅၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset