Chapter – 6 အံ့အားသင့်ဖွယ် ကျွမ်းကျင်မှု
အချိန်ရေတွက်မှု ပြီးဆုံးသည်နှင့် ရှီဖုန်း၏ခန္ဓာကိုယ်က ရှေ့သို့ ကိုင်းညွတ်ကာ ခြေထောက်ကို ကွေးလိုက်ပြီး ရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။
“ရွှစ်… “
သေနတ်သံ စမြည်သည့်အချိန်တွင် ရှီဖုန်းက စမှတ်နှင့် ၃ကိုက်အကွာသို့ ရောက်နေလေပြီ။
နောက်ထပ်သေနတ်သံများကလည်း ဆက်တိုက်ထွက်လာပြီး စုစုပေါင်း ကျည်ဆံ၆တောင့်က ရှီဖုန်း၏ လမ်းကြောင်းဆီသို့ ပြေးဝင်လာသည်။ ကျည်ဆံများ၏ လမ်းကြောင်းကို ဖော်ပြနေသည့် အစိမ်းရောင်မျဉ်းတန်းများက ရှီဖုန်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထား၏။ ရှီဖုန်း၏ လှုပ်ရှားမှုများကသာ မလျင်မြန်လျှင် သူ၏ခန္ဓာကိုယ်က ဇကာပေါက်ဖြစ်သွားပေလိမ့်မည်။
ကျည်ဆံများက ရှီဖုန်းကို ထိတော့မည်အချိန်တွင် သူက ညာဘက်သို့ ခြေတစ်လှမ်း လှမ်းပြီး ရှောင်တိမ်းကာ ရှေ့သို့ ဆက်ပြေး၏။ ဒုတိယအကြိမ် ပစ်ခတ်မှုကိုလည်း ထိုနည်းအတိုင်း ရှောင်ကာ ရှေ့သို့ ဆက်ပြေးလေသည်။
လူပုမှင်စာ ၃ကောင်က ဆက်တိုက်ပစ်ခတ်နေပြီး ကျည်ဆံခွံများကလည်း မြေပေါ်သို့ ဆက်တိုက်ကျနေလေသည်။ သို့သော်လည်း ရှီဖုန်းက ကျားသစ်တစ်ကောင်၏ လျင်မြန်မှုမျိုးဖြင့် ကျည်ဆံအားလုံးကို ရှောင်သွားခဲ့၏။ သူက အမြဲတမ်း ကျည်ဆံများ၏ ရှေ့သို့ တစ်လှမ်း ကြိုရောက်နေပြီး အားလုံးကို ထိန်းချုပ်ထားသကဲ့သို့ပင် ဖြစ်နေသည်။
“ဒါ မဖြစ်နိုင်ဘူး… သူက ကိုက်၁၀ ကိုတောင် ရောက်သွားပြီ… “
၅စက္ကန့် မပြည့်သေးခင်မှာတင် ရှီဖုန်းက ကိုက်၁၀ ကို ရောက်သွားတာ မြင်ပြီး အမျိုးသား ဘာသာရေးခေါင်းဆောင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ ထိုအကွာအဝေးသည် ဝေဒနာ နှလုံးသား၏ ခရီးတစ်ဝက်ပင် ဖြစ်နေသည်။
ဘေးတွင် ရှိနေသော ဝေဒနာ နှလုံးသားသည်လည်း ပြောစရာစကား မရှိတော့ဘဲ ရှီဖုန်း၏ လှုပ်ရှားမှုများကိုသာ ကြည့်နေလိုက်တော့သည်။
သူက ရှီဖုန်းကို ကစားသမားအသစ်ဟု ထင်ထားသော်လည်း ရှီဖုန်း ပြသလိုက်သော အမြန်နှုန်းနှင့် တိကျမှုများက နှစ်ပေါင်းများစွာ ကစားလာသည့် ဝါရင့်ကစားသမားတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။ ရှီဖုန်း၏ တိကျမြန်ဆန်သော လှုပ်ရှားမှုမျိုးသည် ကစားသမားအသစ်တစ်ယောက် လုပ်နိုင်သည့် လှုပ်ရှားမှု မဟုတ်ချေ။ သူကိုယ်တိုင်တောင်မှ ဤစိန်ခေါ်ပွဲကို အကြိမ်များစွာ ဝင်ပြိုင်ထားသော်လည်း ရှီဖုန်းထက် ပိုကောင်းအောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိချေ။
ဝေဒနာ နှလုံးသားက သူ့ကိုယ်သူ ကျွမ်းကျင်သူတစ်ယောက်ဆိုပြီး ဂုဏ်ယူနေခဲ့သည်။ သို့သော်လည်း ရှီဖုန်းက သူ့ထက် သာသော ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။ သူက ရှင်းပြလိုက်သည်… “ဒီလိုကျွမ်းကျင်သွက်လက်မှုမျိုးနဲ့ဆိုရင် ဒီကစားကမားအသစ်လေးက အားကစားသမား ဒါမှမဟုတ် သိုင်းပညာလေ့ကျင့်တဲ့ လူတစ်ယောက် ဖြစ်နိုင်တယ်… ဒါပေမဲ့ လူပုမှင်စာတွေက ၁၅ကိုက်မှာ တိုက်ခိုက်မှုပုံစံကို ပြောင်းလိုက်ရင် သူက တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး… “
“သူဌေးပြောတာ မှန်တယ်… ငါတို့ရဲ့ လုပ်ကြံသတ်ဖြတ်သူ မဟာမိတ်ကိုတောင် မသိတဲ့ လူတစ်ယောက်က ကျွမ်းကျင်သူတစ်ယောက် မဖြစ်နိုင်ဘူး… သူက ၁၅ကိုက်ကို ရောက်တဲ့အခါကျရင် သူ့ခန္ဓာကိုယ်က ဇကာပေါက် ဖြစ်သွားမှာပဲ… “
“မှန်တယ်… ၁၅ကိုက်ကို ရောက်တာနဲ့ ကျည်ဆံအရေအတွက်ကလည်း ၁၂တောင့် ဖြစ်သွားလိမ့်မယ်… ပြီးတော့ ပစ်မှတ်ကလည်း လူကို ချိန်ရွယ်ပစ်တော့မှာ မဟုတ်ဘဲ ဘေးနားတစ်ဝိုက်ကိုပါ ဖြန့်ပြီး ပစ်လိမ့်မယ်… အဲ့တာဆိုရင် ရှောင်ဖို့ မပြောနဲ့ စဉ်းစားချိန်တောင် ရမှာ မဟုတ်တော့ဘူး… “
လုပ်ကြံသတ်ဖြတ်သူ မဟာမိတ်မှ တခြားသူများကလည်း ထောက်ခံ ပြောဆိုလိုက်သည်။ ထိုကဲ့သို့ မြင်ကွင်းမျိုးကို သူတို့က ၇ကြိမ်၊ ၈ကြိမ်ခန့် မြင်ဖူးပြီး ဖြစ်၏။
ဝေဒနာ နှလုံးသားက သူ၏ပထမဆုံး စိန်ခေါ်ပွဲတွင် ၁၅ကိုက်ကို ကျော်ဖြတ်နိုင်ခဲ့၏။ နောက်ထပ် စိန်ခေါ်ပွဲများကို ဆက်လက်၍ ယှဉ်ပြိုင်သော်ငြားလည်း သူ၏ အဝေးဆုံးအကွာအဝေးသည် ကိုက်၂၀သာ ဖြစ်ခဲ့သည်။ ၁၅ကိုက်ကို ရောက်ပြီးနောက်ပိုင်းတွင် ခက်ခဲမှုက ပို၍ တိုးလာ၏။
“သူက ၁၅ကိုက်ကို ကျော်သွားပြီ… “ လုပ်ကြံသတ်ဖြတ်သူ မဟာမိတ်မှ အဖွဲ့ဝင်တစ်ယောက်က ပြောလိုက်သည်။
ဝေဒနာ နှလုံးသားနှင့် တခြားသူများသည် ရှီဖုန်း၏လှုပ်ရှားမှုများကို မြင်တွေ့လိုက်ကြသဖြင့် ရှီဖုန်းအပေါ်တွင် အာရုံစိုက်ကာ ကြည့်လိုက်ကြသည်။
ကွင်းထဲတွင် ရှီဖုန်းက ၁၅ကိုက်ကို ကျော်လာသော်အခါ လူပုမှင်စာ ၃ကောင်က ဒေါသထွက်လာကြပြီး သူတို့က သေနတ်ကို ချိန်မနေတော့ဘဲ တရစပ် ပစ်ခတ်ကြသည်။
ချက်ချင်း ဆိုသလိုပင် ကျည်ဆံလမ်းကြောင်း အချက်ပြများက ရှီဖုန်း၏ ဘေးအနားတစ်ဝိုက်တွင် ဖုံးလွှမ်းသွား၏။ ထိုအခိုက်အတန့်တွင် ရှီဖုန်းက ကျည်ဆံ၃တောင့်ခန့် ထိမှန်ခံရနိုင်သည့် အခြေအနေတွင် ရှိနေသည်။ သို့သော်လည်း ရှီဖုန်းက ကျည်ဆံတစ်ထောင့် ထိမှန်ခံရသည်နှင့် ရှုံးနိမ့်သွားလိမ့်မည် ဖြစ်၏။
“နောက်ဆုံးတော့ မင်းတို့ရဲ့ အရှက်မဲ့တဲ့ အပြုအမူတွေ ပေါ်လာပြီပေါ့… “ ရှီဖုန်းက ပြုံးလိုက်ပြီး ကျည်ဆံများကို သူ့ဓားဖြင့် မိတ်ဆက်ပေးရန်အတွက် ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။
ယခင်ဘဝက သူသည် ရှဲဒိုးအဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ယောက် ဖြစ်သဖြင့် အလုပ်နှင့် အဆင့်တက်ရန်အတွက်သာ အချိန်ပေးနေခဲ့ရသည့်အတွက် စိန်ခေါ်ပွဲကွင်းထဲတွင် ဝင်မပြိုင်ဖူးပေ။ သို့သော်လည်း သူက စိန်ခေါ်ပွဲကို အကြိမ်ရေ အနည်းငယ်ခန့် ကြည့်ဖူး၏။ ထို့ကြောင့် စိန်ခေါ်ပွဲနှင့် ပက်သတ်၍ ရှင်းလင်းစွာ နားလည်ထားပြီး လူပုမှင်စာများ၏ တိုက်ခိုက်မှုပုံစံသည် ၁၅ကိုက်သို့ အရောက်တွင် ပြောင်းလဲသွားမည်ကိုလည်း သိထားသည်။
စိန်ခေါ်ပွဲကွင်း၏ ပထမ ၁၅ကိုက်သည် ကစားသမား၏ စွမ်းရည်ကို စစ်ဆေးခြင်းဖြစ်ပြီး ပထမဆုံး၁၅ကိုက်ကို ကျော်ဖြတ်နိုင်မှသာ စကေးစာအုပ်ကို ရယူရန် အရည်အချင်း ရှိသူဟု သတ်မှတ်နိုင်မည်။ သို့သော်လည်း ကစားသမား အများစုသည် ထိုအဆင့်ကို ဖြတ်ကျော်ရန် ၂လ၊ ၃လခန့် အချိန်ယူကြရပြီး အနည်းစုကတော့ တစ်လခန့်မျှသာ အချိန်ယူကြရသည်။ တစ်ခါတည်းနှင့် ၁၅ကိုက်ကို ဖြတ်ကျော်နိုင်သည့် ကျွမ်းကျင်သူများကတော့ အလွန်ရှား၏။ ထိုထဲတွင် ဝေဒနာ နှလုံးသားက တစ်ယောက် အပါအဝင် ဖြစ်သည်။
ကျည်ဆံ၃တောင့်က ရှီဖုန်း၏ ဦးခေါင်း၊ရင်ဘတ်နှင့် လက်မောင်းဆီသို့ ရောက်လာသည်။
“ထင်ထားတဲ့အတိုင်းပဲ… ဒီကောင်လေးက ကျွမ်းကျင်သူ မဟုတ်ပါဘူးဆို… ကျည်ဆံတွေကလည်း များပြီး နေရာအနှံ့ကို ဝင်လာတော့ သူက ရှောင်ဖို့ မေ့သွားတာပဲ… ဒါတောင်မှ သူက အရူးလို အရှေ့ကို ပြေးနေသေးတယ်… “ ရှီဖုန်းက ရှေ့သို့ တစ်ဟုန်းထိုးဆက်ပြေးနေသည်ကို မြင်သောအခါ ဝေဒနာ နှလုံးသားက ထိုလုပ်ရပ်သည် အရူးလုပ်ရပ်ဖြစ်ကြောင်း သိလိုက်သည်။
“သူ့ကို ကျည်ဆံတစ်တောင့်၊ နှစ်တောင့် ထိသွားလည်း စိန်ခေါ်ပွဲကို ဆက်ပြီး လုပ်ပေးမယ်များ ဒီကောင်က ထင်နေတာလား… “ ဝေဒနာ နှလုံးသားက စိတ်ထဲမှ တွေးလိုက်သည်။
ထိုအခိုက်အတန့်တွင် ရှီဖုန်းက ခေါင်းကို အနည်းငယ် တိမ်းစောင်းပြီး လက်ထဲမှ ဓားကို လွဲရမ်းလိုက်ကာ အဖြူရောင်အလင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။
“ထန်း… “
ရှီဖုန်း၏ ညာလက်ဖြင့် ဓားကို ဝေ့ရမ်းပြီး ရင်ဘတ်ဆီသို့ လာနေသည့် ကျည်ဆံကို တားဆီးလိုက်ခြင်း ဖြစ်သည်။
ကျည်ဆံ၃တောင့်ကို ရှီဖုန်းက ရိုးရှင်းစွာဖြင့် ကျော်ဖြတ်ခဲ့သည့်အပြင် လူကလည်း ရှေ့သို့ ပိုပြီး နီးကပ်သွား၏။
သို့သော်လည်း လူပုမှင်စာ ၃ကောင်ကတော့ အပစ် မရပ်ပေ။ သူတို့လက်ထဲမှ ပြောင်းချောသေနတ်များသည် စက်သေနတ်များကဲ့သို့ တစ်ချက်ပြီး တစ်ချက် ဆက်တိုက် ပစ်ခတ်နေလေသည်။ ချက်ချင်း ဆိုသလိုပင် ရှီဖုန်းက နောက်ထပ် ကျည်ဆံ၅တောင့်ကို ရင်ဆိုင်လိုက်ရသည်။ ဘေးနားတစ်ဝှိုက်ရှိ ကျည်ဆံများကလည်း သူရှောင်တိမ်းမည့်နေရာများကို ပိတ်ဆို့ထား၏။
“ထန်း… ထန်း… ထန်း… “
ရှီဖုန်းက သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ရှောင်တိမ်း၍ မရသည့် ကျည်ဆံများကို ဓားဖြင့် ကာကွယ်ရိုက်ထုတ်လိုက်သည်။ ကျည်ဆံများက သူ့ကို ကျော်ဖြတ်သွားသည့်အချိန်တွင် သူ၏နားမှ လေခွင်းသံများကိုတောင်မှ ကြားလိုက်ရသည်။
၃စက္ကန့်ဆိုသည့် အချိန်အတွင်းတွင် ရှီဖုန်းက ကိုက်၂၀ကို ကျော်ဖြတ်သွားပြီး နောက်ဆုံးအမှတ်သို့ ရောက်ရန် ၁၀ကိုက်သာ လိုတော့၏။
“ဘယ်လိုတောင်လဲကွာ… သူဌေး ဒီကောင်လေးက ဘယ်သူလဲ သိလား… သူက ဓားကို သုံးပြီး ကျည်ဆံတွေကို ကာသွားတာ တစ်ကယ်မိုက်တယ်… “ အမျိုးသား ဘာသာရေးခေါင်းဆောင်က ပြူးကျယ်နေသော မျက်လုံးတစ်စုံဖြင့် အံ့အားသင့်စွာ ပြောလိုက်သည်။
ကျည်ဆံများ၏ လမ်းကြောင်းများကို မြင်နေရသော်လည်း ကျည်ဆံများကို အတိအကျ ကာကွယ်ရန်မှာ အလွန်ခက်၏။ ထိုကဲ့သို့ လှုပ်ရှားမှုမျိုးကို ပြုလုပ်နိုင်ရန် အလွန်အားကောင်းသော တိကျမှုနှင့် ကျွမ်းကျင်မှု လိုအပ်သည်။ အမှားလေးတစ်ခု ပါသွားသည်နှင့် ကျည်ဆံက ချက်ချင်း ထိမှန်သွားမည် ဖြစ်၏။
ဝေဒနာ နှလုံးသားက ရုတ်တရက် ပြောစရာစကား ကင်းမဲ့သွား၏။ ကျည်ဆံကို ဓားဖြင့် ထိအောင် ခုခံခြင်းသည် ကောင်းကင်ထက်တွင် တန်းထားသော ဝါယာကြိုးပေါ်တွင် လမ်းလျှောက်ရသကဲ့သို့ ဖြစ်သည်။ တစ်ချက်လေး မှားသွားသည်နှင့် အောက်သို့ ပြုတ်ကျသွားပေလိမ့်မည်။
ရှီဖုန်းက ကျည်ဆံများကို ဆက်လက် ရိုက်ထုတ်နေပြီး တခြားကျည်ဆံများကလည်း အသက်ရှိနေသကဲ့သို့ ရှီဖုန်းကို ရှောင်ကွင်း၍ ဖြတ်ကျော်သွားကြသည်။
“သူဌေး… ဒီဓားသမားက ၂၅ကိုက်ကို ကျော်သွားပြီ… သူက ကျိန်းသေ နောက်ဆုံးမှတ်ကို ကျော်သွားနိုင်မယ်ထင်တယ်… “ အမျိုးသား ဘာသာရေးခေါင်းဆောင်က မီးပွားများ လက်နေပြီး ရှေ့သို့ ဆက်သွားနေသော ရှီဖုန်းကို ကြည့်နေရင်း ပြောလိုက်သည်။
“ငါ့မှာ မျက်လုံး ပါတယ်… မင်း သတိပေးစရာ မလိုဘူး… “ ဝေဒနာ နှလုံးသားက စိတ်ပျက်နေသည့် အသံဖြင့် ပြောလိုက်သည်။ သူက ရှီဖုန်း၏ လှုပ်ရှားမှုများတွင် လုံးဝ နစ်မြောနေ၏။
ရှီဖုန်းက ၂၅ကိုက်ကို ဖြတ်ကျော်သွားသည့် အခိုက်အတန့်တွင်… ။
“သေစမ်း… စိန်ခေါ်သူ… “ နောက်ဆုံးမှတ်ရှိ လူပုမှင်စာတစ်ကောင်က အော်တိုသေနတ်တစ်လက်ကို ထုတ်ယူပြီး ကျည်ဆံအတွဲလိုက်ဖြင့် ရှီဖုန်းဆီသို့ ပစ်ခတ်လိုက်သည်။
ရုတ်တရက် ကျည်ဆံအရေအတွက်က ၂၄ထိ ရောက်သွား၏။ ရှီဖုန်းနှင့် လူပုမှင်စာများကြားရှိ အကွာအဝေးသည် ၅ကိုက်မျှသာ ရှိသည်။ ထိုအကွာအဝေးသည် ကစားသမားများအတွက် ကျည်ဆံများကို ရှောင်တိမ်းရန် မဖြစ်နိုင်ချေ။
“ဘယ်လိုကြီးလဲဟ… ဒါက လှည့်စားတာပဲ… “ ဝေဒနာ နှလုံးသားက စိတ်မပါသည့်ဟန်ဖြင့် အော်ဟစ်လိုက်သည်။
တခြားကစားသမားများသည်လည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်စိုးရိမ်သွားကြပြီး လူပုမှင်စာများ၏ အရှက်မရှိမှုကို အော်ဟစ်ဆဲဆိုကြသည်။
ကျည်ဆန်မိုးသီးများနှင့် မျက်နှာချင်းဆိုင်နေရသော ရှီဖုန်း၏ အမူအရာက ချက်ချင်း လေးနက်သွား၏။ ၂၅ကိုက်ကို ရောက်သည့်အချိန်တွင် တိုက်ခိုက်မှုပုံစံက ပြောင်းလဲသွားမည်ကို သိထားသော်လည်း ရင်ဆိုင်လိုက်ရသည့် များပြားလှသော ကျည်ဆံများကြောင့် စိုးရိမ်စိတ် ဝင်သွားလေသည်။
ရှီဖုန်းက ဒူးကို ကွေးညွတ်ပြီး ကျားသစ်တစ်ကောင်ကဲ့သို့ ရှေ့သို့ ခုန်လိုက်သည်။ သူက ကျည်ဆံအရေအတွက် အနည်းဆုံးနေရာသို့ ခေါင်းထိုးပြီး ခုန်လိုက်ခြင်းအားဖြင့် ကျည်ဆံထိနိုင်သည့် ခန္ဓာကိုယ်မျက်နှာပြင်နေရာပမာဏကို လျှော့ချလိုက်၏။ တစ်ချိန်တည်းမှာပင် ဓားကို အဆက်မပြတ် ဝေ့ရမ်းလိုက်ပြီး ဓားအလင်း၄ခုကို ဖန်တီးလိုက်သည်။
“ထန်း… ထန်း… ထန်း… ထန်း… “
မီးပွားများ ဆက်တိုက်ထွက်လာပြီးနောက် ရှီဖုန်း၏ ခန္ဓာကိုယ်က ကျည်ဆန်မုန်တိုင်းကြားမှ လွတ်မြောက်သွား၏။
သူ၏ခန္ဓာကိုယ်က မြေပြင်နှင့် ထိတော့မည့်အချိန်တွင် ကျန်သည့်လက်တစ်ဖက်ဖြင့် မြေပေါ်သို့ ထောက်ကာ အလျင်အမြန် မတ်တပ်ရပ်ပြီး ရှိသမျှ အားအင်များဖြင့် နောက်ဆုံးမျဉ်းကို လျှပ်စီးကဲ့သို့ ဖြတ်ကျော်သွားလိုက်သည်။
အသုံးပြုသည့် စုစုပေါင်း အချိန်… ။ ၁၄စက္ကန့် ၊ ကြေးပြားဆုလာဘ်အတွက် အောင်မြန်ရန် ခန့်မှန်းချေ ကြာချိန် မှတ်တမ်း ၁၈စက္ကန့်။
“ငါက ဒီအားနည်းနေတဲ့ ခန္ဓာကိုယ်နဲ့ အသားမကျသေးဘူးပဲ… “ နောက်ဆုံးမျဉ်းကို ဖြတ်ကျော်ပြီးနောက် ရှီဖုန်းက တိုးတိုးလေး ညည်းညူလိုက်သည်။ သူသာ အဆင့် ၁၀၀ကျော်ကို ရောက်သွားလျှင် သူက တိုက်ခိုက်မှုစွမ်းအား ကြီးမားသော ဓားချက် ၄ချက်ကို တစ်ပြိုင်နက်တည်းပင် ထုတ်ဖော်နိုင်လိမ့်မည် ဖြစ်သည်။
“ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျာ… ဒီဓားသမားဟာ စိန်ခေါ်ပွဲကို အောင်မြင်သွားပြီ ဖြစ်တဲ့အတွက် လက်ခုပ်တီးပြီး ဂုဏ်ပြုလိုက်ကြရအောင်… “ ပွဲကို ဦးစီးသည့် လူပုမှင်စာက ကျယ်လောင်စွာဖြင့် ကြေညာလိုက်သည်။
စနစ်… ။ ကစားသူသည် ကြေးဆုလာဘ် စိန်ခေါ်ပွဲကို အောင်မြင်ပြီး စံချိန်မှတ်တမ်းကို ချိုးဖြတ်နိုင်ခဲ့သည့်အတွက် ငွေပြား ၁ပြားနဲ့ ဓားစကေး(မိုးကြိုးလျှပ်စီး) ကို ဆုလာဘ်အဖြစ် ရရှိပါသည်။
“ဒါ မဖြစ်နိုင်ဘူး… ဒါက တစ်ကယ်ကို ရှားပါးတဲ့ စူပါစကေးတစ်ခုကို ထုတ်ပေးတာပဲ… မိုးကြိုးလျှပ်စီးက အဆင့်၁၀၀ကျော်တဲ့ ဓားသမားတစ်ယောက်တောင် မရနိုင်ဘူး… “ ရှီဖုန်းက စိတ်ထဲတွင် ချောက်ခြားစွာ တွေးလိုက်သည်။ သို့သော်လည်း သူက အိတ်ထဲရှိ မိုးကြိုးလျှပ်စီး စကေးစာအုပ်ကို မြင်သောအခါ မယုံကြည်နိုင်သော်လည်း ယုံကြည်လိုက်ရသည်။
မိုးကြိုးလျှပ်စီး (လှုပ်ရှားမှု အမျိုးအစား)
လိုအပ်ချက် = ဓား
ရှေ့သို့ ဓားအလင်း ၃ချက်ကို လျှင်မြန်စွာ ထုတ်လွှတ်ခြင်း။ ဓားချက်တစ်ချက်ခြင်းစီတွင် တိုက်ခိုက်မှုစွမ်းအား ၁၃၀ရာခိုင်နှုန်းပါပြီး စကေးသုံးပြီးနောက် ၁၅စက္ကန့်အတွင်း တိုက်ခိုက်မှုများတွင် တိုက်ခိုက်မှုစွမ်းအားကို ၂၀ရာခိုင်နှုန်း တိုးပေးသည်။
ပြန်လည်အသုံးပြုရန် ကြာချိန် = ၃၀စက္ကန့်။
ရှီဖုန်းက အချက်အလက်များကို ကြည့်ပြီး စာအုပ်ကို ထောက်ကာ ချက်ချင်း သင်ယူလိုက်သည်။
ဓားသမားများသည် ပစ်မှတ်တစ်ခုတည်းတွင်သာ အာရုံစိုက် တိုက်ခိုက်ရသည့် အမျိုးအစားဖြစ်ပြီး AOE စကေး များများစားစား မရှိချေ။ ယခု ရသည့် မိုးကြိုးလျှပ်စီးစကေးသည် ဓားသမားများအတွက် အနည်းငယ်သာ ရှိသည့် AOE စကေးများထဲမှ တစ်ခု ဖြစ်သည်။ ဤမိုးကြိုးလျှပ်စီး စကေးကိုသာ အစောပိုင်းကတည်းက လေ့လာသင်ယူထားလျှင် တခြားဓားသမားများထက် အများကြီး သာလွန်သွားပေလိမ့်မည်။ (AOE (Area of effect) = တစ်ယောက်တည်းကိုပဲ တိုက်ခိုက်သည့် စကေး မဟုတ်ဘဲ အများကို တိုက်ခိုက်နိုင်သည့် စကေးအမျိုးအစား)
မိုးကြိုးလျှပ်စီးကို သင်ယူပြီးနောက် ရှီဖုန်းက ဓားသမားတစ်ယောက်၏ ဘဝကို စတင်ရရှိလာပြီဟု ခံစားလိုက်ရသည်။
“မင်းတို့ကောင်တွေ ဆက်ကစားလိုက်ကြ… ငါ အရင်ထွက်သွားတော့မယ်… ငါ့ရဲ့ ကြေးပြား၅၀ကို မမေ့နဲ့နော်… “ ရှီဖုန်းက မှင်သက်နေသော ဝေဒနာ နှလုံးသားကို ကြည့်ပြီး ပြောလိုက်ကာ မှောင်ခိုဈေးမှ ထွက်လာခဲ့လိုက်သည်။
ဝေဒနာ နှလုံးသားက ယောင်ပြီး ခေါင်းညိတ်ပြလိုက်၏။
“သူဌေး… သူက ထွက်သွားပြီ… ဆုကိုလည်း ယူသွားပြီ… ငါတို့ သူ့နောက် လိုက်သင့်လား… “ အမျိုးသား ဘာသာရေးခေါင်းဆောင်က မေးလိုက်သည်။
ဝေဒနာ နှလုံးသားက ထွက်ခွာသွားသည့် ရှီဖုန်းကို ကြည့်ကာ ခေါင်းခါလိုက်သည်။
“မင်း ရူးနေလား… ငါတို့က ကံကောင်းလို့ ဒီလိုကစားသမားမျိုးနဲ့ တွေ့ရတာ… သူ့ကို ရန်သူ လုပ်မလို့လား… မင်းက သေချင်နေပြီ ထင်တယ်… “
“မကောင်းဘူး… အဖွဲ့ခေါင်းဆောင်ကို ငါ သွားပြောရမယ်… ငါ သူ့ကို မိတ်ဆွေအဖြစ် Addထားတာ ကံကောင်းသွားတယ်… သူ့နာမည်က ရီဖုန်းတဲ့လား… ငါ မကြားဖူးသေးတဲ့ ဒီလို ကျွမ်းကျင်ကစားသမားတစ်ယောက် ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး… “
ဝေဒနာနှလုံးသားသည် စိန်ခေါ်ပွဲကို အကြိမ်များစွာ အတွေ့အကြုံ ရှိထားသဖြင့် သူတောင်မှ ရှီဖုန်းကဲ့သို့ မလုပ်ဆောင်နိုင်သည်ကို သိနေသည်။ အထူးသဖြင့် ၂၅ကိုက်မှ နောက်ဆုံးတိုက်ခိုက်မှု ဖြစ်သည်။ ထိုနေရာတွင် ကစားသမားများအတွက် ပစ်ခတ်မှုကို ရှောင်တိမ်းရန် သို့မဟုတ် ကာကွယ်ရန် ဘယ်လိုမှ မဖြစ်နိုင်ချေ။ သို့သော်လည်း ရှီဖုန်းကတော့ ရအောင် ဖြတ်ကျော်သွားခဲ့သည်။
ရောင်းဝယ်ရေးနေရာတွင် ရှီဖုန်းက ဆေးရည်သခင် ကယ်ဗင်နဲ့ တွေ့ပြီး ကြေးပြား၁၂၀ကို သုံးကာ ပေါက်ကွဲဘယ်ရီသီးအလုံး ၂၀ကို ဝယ်ယူလာခဲ့သည့်အတွက် သူ၏ ချမ်းသာမှုက ချက်ချင်း ကြေးပြား၃၀သို့ ထိုးကျသွား၏။
သို့သော်လည်း သူက ဘယ်ရီသီးများကို အသုံးပြုလိုက်လျှင် သူ၏ အဆင့်က ဒုံးပျံတစ်စင်းကဲ့သို့ ထောင်တက်သွားပေလိမ့်မည်။
ရှီဖုန်းက ပေါက်ကွဲဘယ်ရီသီးများကို ယူလိုက်ပြီး အနီရောင်သစ်ရွက်မြို့မှ ထွက်ကာ အနောက်ဘက်သို့ ဦးတည်၍ ပြေးသွားလိုက်၏။
ထိုအချိန်တွင် ကစားသမားများအားလုံးသည် အဆင့် သုည၌သာ ရှိသေးကြပြီး အားလုံးကလည်း အနီရောင်သစ်ရွက်မြို့ အနီးတစ်ဝှိုက်ရှိ အဆင့် သုည မွန်းစတားများကိုသာ သတ်ဖြတ်နေကြသည်။ ထိုထဲမှ စွမ်းရည်ရှိသည့် ကစားသမားအနည်းငယ်က အဆင့်၁ ဝံပုလွေများကို အုပ်စုဖွဲ့၍ သတ်ဖြတ်နေကြ၏။ ရှေ့မှ စစ်သည်တစ်ယောက်က ကာပေးထားပြီး နောက်တွင် ကုသသူက နေရာယူထားကာ အစီအစဉ်တကျဖြင့် အတူတစ်ကွ တိုက်ခိုက်နေကြသည်။ ရရှိလာသည့် EXPကို ကစားသမား အများအပြားက ခွဲဝေယူကြရသော်လည်း တခြားသူများထက် စာလျှင် အကျိုးအမြတ် များပြားပြီး ပြိုင်ဆိုင်သူ အနည်းငယ်သာ ရှိ၏။
သို့သော်လည်း ရှီဖုန်းက ထိုလူများနှင့် ယှဉ်ပြီး မွန်းစတားလုသတ်ရန် အစီအစဉ် မရှိပေ။ သူက အဆင့်၁ မွန်းစတားပိုင်နက်ကို ကျော်လွန်လာပြီး အဆင့်၃ မွန်းစတားပိုင်နက်သို့ ရောက်လာသည်။ သူက ရွက်နီသစ်တောဖြစ်သည့် အဆင့်၅ မွန်းစတားပိုင်နက်သို့ ဖြောင့်ဖြောင့်တန်းတန်း ဦးတည်နေ၏။ ထိုနေရာကို တခြားကစားသမားများ မသွားကြပေ။
ဂိမ်းအစပိုင်းတွင် မည်သူမှလည်း အဆင့်၅ မွန်းစတားကို သတ်ဖြတ်ရန် မရဲကြပေ။ အဆင့်ကလည်း အလွန်ကွာခြားနေသည့်အပြင် သွေးနှင့် တိုက်ခိုက်မှုစွမ်းအားကလည်း သိသိသာသာကို ကွာခြားနေသည်။ အဆင့် ၅ မွန်းစတားတစ်ကောင်က အဆင့် ၁ ကစားသမားတစ်ယောက်ကို အလွန်လွယ်ကူစွာ အမှုန့်ချေပစ်နိုင်သည်။ ကစားသမား ၆ယောက်တစ်ဖွဲ့ကတောင်မှ အဆင့်၅ မွန်းစတားတစ်ကောင်၏ ပြိုင်ဘက် မဟုတ်ပေ။
ကစားသမားများ သေဆုံးသွားလျှင် ကြီးလေးသော ပြစ်ဒဏ်တစ်ခု ရှိ၏။ ကစားသမားက သေဆုံးသွားလျှင် အဆင့်တစ်ခုလုံးမှ EXP များအားလုံး ဆုံးရှုံးရမည့်အပြင် သူတို့၏ စကေးကျွမ်းကျင်မှုများကလည်း လျော့ချခံရမည် ဖြစ်သည်။ ထိုအချက်ကြောင့် မည်သူမှလည်း အသက်ကို ရင်း၍ မစွန့်စားရဲကြချေ။ မဟုတ်လျှင် သူတို့ကြိုးစားပြီး ရရှိထားသည့် EXP နှင့် စကေးကျွမ်းကျင်မှုများသည် တန်ဖိုး မရှိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
အပိုင်း ၆ ပြီး၏။