ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၅၈ – နတ်ဆိုးဘုရင် ရောက်ရှိလာမှု
သတင်းထောက်မှာ ရှုပ်ထွေးသည့်အမူအရာ ဖြစ်သွားသည်။ နွားနက်ကြီး ဘာသာမပြန်ပေးသောကြောင့် နွားဝါလေး ပြောလိုက်သည့်စကားကို သူမ နားမလည်။
သူမ ထိုကဲ့သို့ပင် ထွက်သွားလိုက်သည်။
ဘုရင်အဆင့်သက်ရှိတစ်ဦးနှင့် ရင်ဆိုင်နေရသောကြောင့် သူမ အကြာကြီး မနေရဲ။ သူမ ဤမေးခွန်းများ မေးနိုင်သည်မှာပင် သူမ အတော်လေး ကံကောင်းနေပြီဟု ပြော၍ရသည်။
ဖြူဖျော့ယိုင်နဲ့နေသည့် သတင်းထောက်အမျိုးသမီး တောင်ထဲမှ ထွက်လာသည်နှင့် လက်နက်ကိုင် စစ်သားများအပါအဝင်လူတစ်စုလုံး သူမကို ဝန်းရံသွားတော့သည်။
“ကယ်လီ မင်း အဆင်ပြေလား .. ဘုရားရေ .. မင်းက ဘယ်လိုတောင် သတ္တိတွေရှိနေတာလဲ..”
ဤသတင်းထောက်မှာ အားလုံး၏ အာရုံစိုက်ရာ ဖြစ်လာသည်ပင်။ သူမထံ၌ အံ့အားသင့်စရာကောင်းသည့်သတင်းအချို့ ပါလာနိုင်သည်။ ထို့နောက် လူအုပ်ကြီးသည် သူမကို ကျည်ကာကားထဲသို့ ခေါ်သွားလိုက်ကြသည်။
အေးဂျင့်နှင့် သတင်းထောက်အားလုံး သူမကို မနာလိုဖြစ်နေကြလေ၏။ ကယ်လီတွင် သေချာပေါက် သတင်းကြီး ရှိနေမည်မှာ သေချာသည်။
“ငါတို့ရော ဝင်မလား..” တစ်စုံတစ်ယောက် တီးတိုးမေးလိုက်သည်။
သို့သော် မည်သူမှ သူ့ကို အဖက်မလုပ်။ ဤသည်မှာ အန္တရာယ်များလွန်းလှသည်။ တောင်ထဲတွင် သန္ဓေပြောင်းသားရဲများ ပြည့်နှက်နေသည်သာမက ဆဲရေးသည့်စကားများပါ ကြားရနိုင်သည်။
ပထမဆုံးတစ်ယောက်မှာ သူတို့အံ့အားသင့်နေသောကြောင့် စကားပြန်ပြောပေးခြင်းဖြစ်နိုင်သည်။ သို့သော် ဒုတိယတစ်ယောက်ကတော့ ပထမတစ်ယောက်လောက် ကံကောင်းမည်မဟုတ်။
အထူးသဖြင့် ဤလူများမှာ လူသားများမဟုတ်လောက်။ လူသားပုံစံပြောင်းထားသည့် သားရဲဘုရင်များဖြစ်လိမ့်မည်ဟု အားလုံး ခန့်မှန်းနေကြသည်ပင်။
ကယ်လီကိုခေါ်သွားပြီးနောက် ပထမဆုံးသတင်းရလိုက်သည့်သူများမှာ စစ်တပ်ပင်။ အဲဒီလောက် ကလေးငယ်ငယ်လေးက ဘုရင်အဆင့်တဲ့လား .. သူတို့အားလုံး ဆွံ့အသွားရသည်။
အချို့ဗိုလ်ချုပ်များ အံ့အားသင့်သွားရသည်။ တစ်ချိန်တည်းမှာပင် ဤကလေးမှာ လူသားမဟုတ်လောက်ဟု သူတို့ထင်ကြေးပေးလိုက်ကြသည်။ ဤသည်မှာ တစ်ခုတည်းသော ဖြစ်နိုင်ချေပင်။
ခဏကြာပြီးနောက် သတင်းများ ထုတ်ပြန်လာသည်။ စစ်တပ်သည် မည်သည့်သတင်းကိုမှ ထိန်ချန်မထားပဲ အင်တာဗျူးတစ်ခုလုံးကို ထုတ်လွှင့်လိုက်သည်။
ဝုန်း..
ဥရောပတစ်ခုလုံး တုန်လှုပ်သွားကြလေပြီ။
ချီလင်းဘုရင်ရဲ့ ဂူနန်းတော်အဟောင်း ဓားပြတိုက်ခံလိုက်ရတယ်..
ဤအဖြစ်အပျက်မှာ အနောက်နိုင်ငံကို လှိုင်းလုံးကြီးကဲ့သို့ ရိုက်ခတ်သွားသည်။ သိထားရမည်မှာ ချီလင်းဘုရင်မှာ သာမန်ဘုရင်မဟုတ်။ မီးနတ်ဘုရားဟု ခေါ်ကြသည့် အလွန်စွမ်းအားကြီးသည့် သက်ရှိပင်။
လူအများစုအမြင်တွင် ဤသားရဲဘုရင်မှာ နတ်ဘုရားတစ်ပါးပင်။
သူ့မူလပုံစံကို တွေ့ဖူးသည့်သူ မရှိသလောက်နည်းပါးသော်လည်း သူသည် နဂါးတစ်ကောင်ဖြစ်လိမ့်မည်ဟု လူများ ကောက်ချက်ချထားကြသည်။ နဂါးနက်ကဲ့သို့ သူလည်း အဆင့်တက်ထားခြင်းဖြစ်လိမ့်မည်။
အနောက်နိုင်ငံများတွင် နဂါးများမှာ ဒဏ္ဍာရီများထဲ၌သာ ရှိသည်။ သို့သော် ချီလင်းဘုရင်ကတော့ ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး သူ့သွေးမျိုးဆက်ကို နဂါးနီမျိုးဆက်ဖြစ်အောင် ပြောင်းလဲခဲ့သည်ပင်။
ဤကဲ့သို့သော ထိပ်တန်းအဆင့်သက်ရှိတစ်ဦး၏ နေအိမ်ကို စကားများသည့် ကြွေရုပ်လေးကကျူးကျော်သွားပြီး ငှက်သိုက်ရှင်းသကဲ့သို့ အားလုံးကို အပြောင်ရှင်းသွားခဲ့သည်။ စစ်တပ်ပင် ဤကဲ့သို့ မလုပ်ရဲ။
ဒါက သတင်းတုတော့ မဟုတ်ဘူးမလား.. အားလုံး သံသယဝင်နေကြလေ၏။
“ဒီသတင်းက အစစ်ပဲ .. အိုလံပစ်တောင်နားမှာ နေတဲ့သားရဲတွေ သွားကြည့်ကြပြီးပြီ .. ချီလင်းဘုရင်အိမ်က အခွံလွတ်ကြီးပဲရှိတော့တာ .. အားလုံး မီးလောင်သွားပြီတဲ့”
အချို့အဖွဲ့အစည်းများသည် တောင်မှ ထွက်ပြေးလွတ်မြောက်လာသည့် သားရဲအချို့နှင့် ဆက်သွယ်ကာ သူတို့ထံမှ အဖြေစကားများ သိလိုက်ရသည်။
အနောက်နိုင်ငံတစ်ခုလုံး တိတ်ဆိတ်သွားလေပြီ။ ကပ်ဆိုးကြီးတစ်ခု ချဉ်းကပ်လာနေပြီဟု အားလုံး ခံစားနေရသည်။
နွားဝါလေး၏ပုံမှာ ကျယ်ပြန့်စွာပင် ပျံ့နှံ့သွားသည်။ သူ၏ရွှေရောင်ဆံပင်များမှာ နေရောင်ခြည်ကဲ့သို့ တောက်ပနေပြီး သူ၏အစိမ်းရောင်မျက်လုံးများလည်း အရုပ်တစ်ရုပ်ကဲ့သို့ အလွန်ချစ်စရာကောင်းနေသည်။
လူများစွာမှာ ဤ ငါးနှစ်၊ ခြောက်နှစ်အရွယ်ကလေး၏ပါးကို ဖျစ်ညစ်ပစ်ချင်စိတ်များ ပေါက်လာကြသည်။
ခဏကြာပြီးနောက် သတင်း၏အဆက် ထပ်ထွက်လာသည်။ ထိုသတင်းထဲတွင်တော့ ကလေး၏စကားကို ဘာသာပြန်ပေးထားကြသည်ပင်။
“သူက ဆင်းရဲလိုက်တာ..” နွားဝါလေး ရေရွတ်လိုက်သည်။ အနောက်ဘက်၌ မြင်နေရသည်မှာ အိတ်ကြီးသုံးလုံးပင်။ သူတို့သည် ထိုအိတ်များကို ဖွင့်လိုက်ပြီး အထဲဘက်မှ ကျောက်မျက်ရတနာများနှင့် ရှေးဟောင်းပစ္စည်းများကို ထုတ်ဖော်ပြလာသည်။ ဤသည်မှာ သူတို့ သားရဲဘုရင်အိမ်များ ဓားပြတိုက်ခဲ့ကြောင်း သက်သေပြနေခြင်းပင်။
“ချီလင်း .. ခင်ဗျားက တကယ်ကြီး အရမ်းကို ဆင်းရဲတာပဲ..” နွားဝါလေး မကျေမနပ် ပြောလိုက်သည်။
“ဟား ဟား..” ကြီးမြတ်သည့်ဘုရင်တစ်ဦးမှာ ကလေးတစ်ယောက်၏အထင်သေးခြင်းကို ခံလိုက်ရသောကြောင့် လူများစွာ အတော်လေး သဘောကျသွားကြသည်။
ဤသည်မှာ သေစေလောက်သည့် အထင်သေးခြင်းပင်။
ချီလင်း၏အိမ်ကို အပြောင်ရှင်းပြီးသွားသည့်နောက်တွင် သူ့ကို မချမ်းသာဟု ပြောနေသေးသည်။ လူများမှာ ဘာပြောရမှန်းပင် မသိတော့။
“ဂါး..”
ဗာတီကန်၌ ရှိနေသည့် ချီလင်းဘုရင်ပင် ဤသတင်းကို ရလိုက်လေ၏။ သူသည် အဆုတ်များ ပေါက်ကွဲမတတ် ဒေါသထွက်နေပြီဖြစ်သည်။
အထူးသဖြင့် သူ့ရတနာသိုက်ကို အထင်သေးသည့်သူမှာ ကလေးတစ်ယောက်ဖြစ်နေသည်ပင်။
ဗာတီကန်မှ သားရဲဘုရင်အားလုံး ကမ္ဘာမြေကြီးကို တုန်ခါသွားစေသည့် ချီလင်းဘုရင်၏ ဒေါသတကြီးအော်သံအား ကြားလိုက်ရသည်ပင်။
အချို့သားရဲဘုရင်များကတော့ ဤကလေး၏ ဇစ်မြစ်ကို သိချင်နေကြသည်ပင်။
သာမန်ပြည်သူများကတော့ သူ၏ချစ်စရာကောင်းမှုအောက်တွင် ပျော်ဝင်နေကြပြီဖြစ်သည်။
ကျွမ်းကျင်သူများကတော့ ဆံပင်မွေးများထောင်ထသွားကာ သူ၏တိုက်ခိုက်နိုင်စွမ်းကို ကြောက်ရွံ့သွားကြသည်။
“ချီလင်း .. မင်းအမေ ညစာစားဖို့ ခေါ်နေပြီ..”
အင်တာဗျူး၏ဤအပိုင်းအား ထုတ်လွှတ်လိုက်သည့်အချိန်တွင် နေရာအနှံ့မှ လူများ ယာယီတိတ်ဆိတ်သွားသည်။
အချို့လူများ ရယ်မောနေကြပြီး အချို့လူများကတော့ ကြောက်ရွံ့နေကြသည်။
ဒီကလေးက ဘယ်ကလဲ.. ဤသည်မှာ အားလုံး သိချင်နေကြသည့်မေးခွန်းပင်။
သူ ဤကဲ့သို့ ရဲရဲတင်းတင်းလုပ်နေသောကြောင့် သူ့နောက်ခံမှာ သေချာပေါက် ကြောက်စရာကောင်းမည်ပင်။
အနောက်နိုင်ငံမှလူများမှာ ဤကိစ္စကို မှတ်ချက်သိပ်မပေးရဲကြ။
သို့သော် အာရှဘက်တွင်တော့ ထိုကဲ့သို့မဟုတ်။
အချိန်နှင့် ဘာသာစကားကွာခြားမှုကြောင့် အစပိုင်းတွင် ဥရောပဘက်မှ ကိစ္စများကို မည်သူမှမသိကြ။ သို့သော် သိပ်မကြာခင်မှာပင် သတင်းများ အရှေ့ဘက်နိုင်ငံများသို့ ရောက်လာသည်။
အဘယ်ကြောင့်ဆိုသော် ဤလှပလှသည့်ကောင်လေးမှာ အရှေ့တိုင်းဘာသာစကားကိုသာ ဆက်တိုက်ပြောနေသည်ပင်။
“ဘုရားရေ .. ဒီကလေးက ငါတို့ဘက်ကလား .. သူက ဘယ်လိုလုပ် ရွှေရောင်ဆံပင်တွေ ရှိနေတာလဲ .. သူက ချီလင်းဘုရင်အသိုက်က တကယ်ကြီး ရှင်းပစ်လိုက်နိုင်တာလား..”
ဤသည်မှာ အားလုံးကို လှုပ်ခတ်သွားခဲ့ပြီး အင်အားကြီးအဖွဲ့အစည်းများပင် ဤကိစ္စကို အာရုံစိုက်လာကြသည်။
“သူက ထာဝရချူ လက်စားချေတာကို ကူညီပေးနေတာလား..” အချို့လူများ ခန့်မှန်းလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ချီလင်းဘုရင်သည် ချူဖုန်းအား စကားဖြင့် အကြိမ်ကြိမ်ပုတ်ခတ်ထားသည်ပင်။
ယခု ကောင်ငယ်လေးတစ်ဦးက ချီလင်းဘုရင်ကို ပြန်လည်လှောင်ပြောင်နေလေပြီ။
“အဲဒီလိုပဲနေမှာ .. အရှေ့တိုင်းသားတစ်ယောက်အနေနဲ့ ချူဖုန်းအတွက် တရားမျှတမှု ရှာပေးချင်နေတာနေမှာ”
ထို့နောက်တွင် အာရှတိုက်တစ်ခုလုံးကို ကြီးမားသည့်လှိုင်းလုံးတစ်ခု ရိုက်ခတ်လာသည်။
“ချီလင်း .. မင်းအမေ ညစာစားဖို့စောင့်နေတယ်” ဤစကားမှာ အာရှတိုက်တစ်ခွင်၌ နာမည်ကြီးသွားသည်ပင်။
ဥရောပမှ လူများကတော့ ဆွံ့အနေကြသည်။ အနောက်နိုင်ငံမှ စွမ်းအားကြီးသည့်သားရဲဘုရင်တစ်ဦးက အရှေ့နိုင်ငံတွင် လှောင်ရယ်စရာဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် အနောက်နိုင်ငံမှလူများမှာ စိုးရိမ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဒေါသထွက်နေသည့် ချီလင်းမှာ အလွန်အန္တရာယ်များသည်ပင်။ သူသည် ဥရောပကို သွေးလွှမ်းသွားအောင် လုပ်နိုင်သည်။
ထို့နောက် ချီလင်းဘုရင်လည်း ကြေငြာချက်တစ်ခုကို ထုတ်ပြန်လာသည်။ “မင်းဘယ်သူဖြစ်ဖြစ် ဘယ်ကနေ လာတာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး .. မင်းက ငါ့ရဲ့ဂူနန်းတော်ထဲကို ဝင်ရဲပြီဆိုမှတော့ ငါမင်းကို အညှာအတာမရှိ သတ်ပစ်မှာပဲ .. မင်း အသက်ဆက်ရှင်နိုင်ဖို့အတွက် ဘုရားဆီ ဆုတောင်းထားလိုက် .. မင်း ဒီနယ်မြေပေါ် ခြေချတာနဲ့ မင်းကိုရှာပြီး အရှင်လတ်လတ် အရေဆုတ်ပစ်မယ်” သူ၏အေးစက်ကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နှက်နေသည့်အသံကို တစ်စုံတစ်ယောက်မှ မှတ်တမ်းတင်ကာ တင်ပေးလာသည်။
ထို့အပြင် တစ်စုံတစ်ယောက်သည် ဤသားရဲဘုရင်ကြီး၏ပုံရိပ်တစ်ခုကိုလည်း မှတ်တမ်းတင်နိုင်ခဲ့သည်။ သူ၏ကြီးမားလှသည့်ခန္ဓာကိုယ်မှာ နီရဲနေပြီး ကြီးမားလှသည့်အတောင်ပံများမှာ သူ့ကို ကောင်းကင်ထက် ခေါ်ဆောင်သွားပေးနိုင်လိမ့်မည်။
အနောက်နိုင်ငံမှလူများမှာတော့ သွေးများ အေးခဲသွားသလို ခံစားလိုက်ရသည်။ ဤချီလင်းဘုရင်မှာ ဒဏ္ဍာရီများမှ နဂါးနီများနှင့် တူနေသည်ပင်။
ထို့နောက်တွင် အံ့အားသင့်စရာကောင်းသည့် ဓာတ်ပုံတစ်ပုံ ပျံ့နှံ့လာသည်။ နောက်ဆုံးတွင်တော့ ဤကလေး၏ ဇစ်မြစ်ကို ဖော်ထုတ်လာနိုင်ကြသည်။
သတင်းထောက်ကယ်လီသည် ချူဖုန်းနှင့် နွားနက်ကြီးကို မှတ်တမ်းမတင်ရဲခဲ့။ အထူးသဖြင့် နွားနက်ကြီးမှာ မာဖီးယားခေါင်းဆောင်ကြီးနှင့် တူနေသည်ပင်။ ထို့ကြောင့် သူမ ကင်မရာကို ကလေးထံ၌သာ ချိန်ထားခဲ့သည်။
သို့သော် သူမထံမှ ဖွက်ထားသည့်ကင်မရာလေးရှိနေသေးသည်ပင်။ သူမ ထိုကင်မရာဖြင့် ကောင်လေးနောက်မှ လူနှစ်ယောက်ပုံကို ရိုက်နိုင်ခဲ့သည်။
အစပိုင်းတွင် လူများသည် သံသယရှိနေသော်လည်း မပြောရဲခဲ့ကြ။
သို့သော် ယခု အားလုံး ရှင်းလင်းသွားပြီဖြစ်သောကြောင့် သူတို့ ယုံကြည်ချက်ရှိရှိဖြင့် ပြောနိုင်လေပြီ။
“ဘုရားရေ .. ကောင်လေးနောက်က နှစ်ယောက်ကိုကြည့်လိုက်..” တစ်စုံတစ်ယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ဆံပင်ကို နောက်လှန်သိမ်းထားတယ်၊ ဝတ်စုံပြည့်ဝတ်ထားတယ်၊ ဆေးပြင်းလိပ်သောက်နေတယ် .. သူက မာဖီးယားပဲ..” သူ့အဖော်သည် ဓာတ်ပုံကို သေချာမကြည့်ပဲ မှတ်ချက်ပေးလိုက်သည်။
“အဲဒီတစ်ယောက်မဟုတ်ဘူး .. နောက်တစ်ယောက်ကိုကြည့်လိုက်”
“ဘုရားရေ .. အဲဒါ ဟိုလူမဟုတ်ဘူးလား .. အရှေ့တိုင်းက နတ်ဆိုးဘုရင်ချူမလား..” ထိုလူ တုန်ယင်စွာ ပြောလိုက်သည်။
ထို့နောက်တွင် လူများသည် နွားနက်ကြီးကို လျစ်လျူရှုကာ အနောက်ဘက်၌ ရပ်နေသည့် ပြုံးနေသည့်လူငယ်အကြောင်းကို ဆွေးနွေးလာကြသည်။
နတ်ဆိုးဘုရင်ချူ..
ယခုအချိန်တွင် အနောက်နိုင်ငံတစ်ခုလုံး တုန်လှုပ်နေကြကာ အင်အားကြီးအဖွဲ့အစည်းများလည်း ထိတ်လန့်နေကြသည်။ သူတို့အားလုံး ဤဓာတ်ပုံကို စစ်ဆေးလာကြသည်။
ခဏကြာပြီးသည့်နောက်တွင်တော့ ဤဓာတ်ပုံမှာ အစစ်အမှန်ဖြစ်ကြောင်း ကျွမ်းကျင်သူများမှ အတည်ပြုပေးလာသည်။
အနောက်နိုင်ငံကြီးမှာ ဖရိုဖရဲဖြစ်နေလေပြီ။ အစပိုင်းတွင် လူငယ်လေးကို အာရုံစိုက်ခဲ့ကြပြီး သူ့ဇစ်မြစ်ကို သိချင်ခဲ့ကြသည်။ ယခု ဤကလေးနောက်၌ ချူဖုန်း ရှိနေသောကြောင့် ဤကလေး သားရဲဘုရင်အိမ်ကို ဓားပြတိုက်ရဲသည်မှာ မထူးဆန်းတော့။
“ဘုရားရေ .. ချူဖုန်းက ဥရောပကို တကယ်ရောက်နေပြီ .. သူက ငါတို့အတွက် အဲဒီသားရဲဘုရင်တွေကို လာသတ်ပေးတာလား..”
“ဘုရားရေ .. ငါ အိပ်မက်မက်နေတာမဟုတ်ဘူးမလား.. သူ တကယ်ရောက်လာပြီ ..”
ဤသတင်းမှာ ဆိုင်ကလုန်းတစ်ခုကဲ့သို့ ဥရောပတစ်ခွင်ကို တိုက်ခတ်သွားသည်။
အစပိုင်းတွင် ချီလင်းဘုရင် ချူဖုန်းအား အထင်သေးပြောဆိုခဲ့သော်လည်း တစ်ဖက်လူသည် ဘာမှမတုံ့ပြန်ခဲ့။ ဤသည်မှာ လူများကို အံ့အားသင့်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ချူဖုန်းပုံစံမဟုတ်။
သို့သော် ယနေ့တွင်တော့ နတ်ဆိုးဘုရင်ချူသည် စကားတစ်ခွန်းမှ မပြောပဲ ရောက်လာလေပြီ။
ဗာတီကန်မြို့တွင် ချီလင်းဘုရင် ဒေါသတကြီး အော်ဟစ်နေသည်။ ယနေ့အဖြစ်အပျက်မှာ သူ့အား အတော်လေး အရှက်ရစေသည်ပင်။
“ချူဖုန်း၊ နတ်ဆိုးဘုရင်ချူ .. မင်းက ဥရောပကို တကယ် လာရဲတယ်ပေါ့ .. မင်း ဒီအနောက်နိုင်ငံမှာ ခြေချလိုက်ပြီဆိုတော့ မင်း အရှေ့နိုင်ငံကို ပြန်ဖို့စိတ်မကူးနဲ့ .. ငါ သေချာပေါက် မင်းကို သတ်ပစ်မှာ..”
ချီလင်းဘုရင် အော်ဟစ်ကာ သူ့မူလပုံစံကို ပြသလာသည်။ သူသည် တကယ်ကို ကြောက်စရာကောင်းလှသည်။ သူ့တစ်ကိုယ်လုံးကို မီးတောက်နှင့် အနီရောင်မြူများ ဝန်းရံနေသည်။ သူသည် ဗာတီကန်မြို့အပြင်ဘက် ကောင်းကင်ထက်သို့ ပျံသန်းသွားကာ ထိုနေရာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
ဤသတင်းသည် အရှေ့တိုင်းသို့လည်း ရောက်သွားသည်ပင်။ ချူဖုန်းပုံအား မြင်လိုက်ရသည့်အချိန် အုတ်အော်သောင်းတင်းဖြစ်သွားကြသည်ပင်။
“ချီးပဲ .. ဒါက တကယ် ထာဝရချူပဲ .. သူ အဲဒီပုတ်သင်ကို အလွတ်ပေးမှာမဟုတ်ဘူးဆိုတာ ငါသိတယ် .. ဒါပေမဲ့ သူ အဲဒီလောက် မြန်မြန်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး .. သူက ချီလင်းဘုရင်အိမ်ကိုတောင် အပြောင်ရှင်းပေးလိုက်သေးတယ် .. ဟား ဟား .. ငါတို့ နတ်ဆိုးဘုရင်ချူ ဖြစ်ထိုက်ပါပေတယ် .. ဒါက သေချာပေါက် သူ့စတိုင်ပဲ..”
“ဒါက တကယ် ချူဖုန်းပဲ .. သူ တကယ် အနောက်နိုင်ငံကို ရောက်သွားပြီ .. သူက နတ်ဆိုးတစ်ယောက်ရဲ့ အရည်အချင်းတွေကို ပြလိုက်တာပဲ .. သူက ပုတ်သင်နဲ့စကားတစ်ခွန်းမှ မပြောပဲနဲ့ သူ့အိမ်ကိုပဲ သိမ်းပိုက်လိုက်တာ .. ပြီးရင် သူမင်းကို လာသတ်လိမ့်မယ် .. ဒါက ငါတို့ ပြိုင်ဘက်ကင်းချူဖုန်း ပြဿနာတွေကို ရှင်းတဲ့ပုံစံပဲ..”
အရှေ့တိုင်းတွင်တော့ ကိစ္စများမှာ ပေါက်ကွဲလုနီးပါး ဖြစ်နေလေပြီ။
လူများမပြောနှင့် သားရဲများပင် ဤသတင်းကို အံ့အားသင့်နေကြသည်။
ရှုန်းခွန်၊ ဟူရှန်းနှင့် လုချင်းတို့ကတော့ ချွေးပြန်နေကြလေပြီ။ သူတို့ ဤဘိုးဘေးကို ရန်မစမိသောကြောင့် စိတ်အေးသွားရသည်။ ဤလူသည် သူတို့ထက်ထားသည်ထက်ပင် ပိုကြမ်းနေသည်။
အချို့သားရဲဘုရင်များပင် ဤသတင်း၌ ဆွံ့အနေကြသည်ပင်။
သားရဲမျိုးနွယ်စု အများစုကတော့ ဤသတင်းကြားသည်နှင့် စိတ်သက်သာရာရသွားကြကာ သူ ဘယ်တော့မှ ပြန်မလာဖို့ ဆုတောင်းနေကြလေ၏။
“ဘော့စ် .. ဘော့စ်က တကယ်ကို စွမ်းအားကြီးတာပဲ..” တိဟွိုင်ကျင်း၊ ယုယန်ချင်းနှင့် ယဲ့ချင်းရုန်တို့အားလုံး ဆွံ့အသွားရသည်။
ကျန်းလော့ရှန်းလည်း သတင်းကြားစဉ်က အံ့အားသင့်သွားကာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး အချိန်အတော်ကြာသည်အထိ သူ့နှုတ်ခမ်းကို ပြန်မစေ့နိုင်ခဲ့။
“ချူဖုန်း .. မင်းမှာ ဗာတီကန်ကတိုက်ပွဲထဲ ဝင်ပါနိုင်တဲ့ အရည်အချင်းမရှိပေမယ့် ငါမင်းကို လာခွင့်ပေးလိုက်မယ် .. မင်း လာရဲလား..”
ချီလင်းဘုရင် ဒေါသတကြီး ပြောလိုက်သည်။
ချူဖုန်းသည် အိုလံပစ်တောင်၌သာ ရှိသေးသော်လည်း အပြင်လောကမှ ကိစ္စများအား အာရုံစိုက်နေသည်ပင်။ သူ မီဒီယာပေါ်သို့ စာလုံးအချို့ ရေးတင်လိုက်သည်။
“ခင်ဗျား လည်ပင်းကို သန့်ရှင်းထားပြီး နဂါးသတ်ဖြတ်သူကို စောင့်နေလိုက်..”
သူ့အဖြေမှာ ရိုးရိုးရှင်းရှင်း တိုတိုတုတ်တုတ်ပင်။
အရှေ့နှင့်အနောက်နိုင်ငံအားလုံး တုန်လှုပ်သွားကြသည်။ နတ်ဆိုးဘုရင်ချူက ချီလင်းဘုရင်နဲ့ ရင်ဆိုင်ဖို့အတွက် ဗာတီကန်ကို သွားတော့မယ်..
အပိုင်း ၁၅၈ ပြီး၏။