Switch Mode

Chapter – 157

နဂါးဘုရင်၏ ရတနာ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၅၇ – နဂါးဘုရင်၏ရတနာ

တောင်တန်းကြီးမှာ ကြီးမားကျယ်ပြန့်လှသော်လည်း အပင်များ နည်းပါးသည်။ မြေကြီးမှာ မာကျောခြောက်သွေ့နေကာ မီးတောက်များ ထွက်ပေါ်မတတ် ဖြစ်နေသည်။

အထူးသဖြင့် ရှေးဟောင်းဂူအတွင်း၌ပင်။ ထိုဂူထဲမှ အသက်စွမ်းအင်များဖြင့်ရောယှက်နေသည့် အနီရောင်မြူများ ထွက်ပေါ်လာသည်။

“သူ့ကို မီးနတ်ဘုရားလို့ခေါ်တာ မထူးဆန်းတော့ဘူး .. သူ့အသိုက်က တော်တော်လေး ထူးခြားတာပဲ..” နွားဝါလေး ကလေးအသံဖြင့် ပြောလိုက်သည်။ သူသည် လက်နောက်ပစ်ထားကာ သူ့မျက်လုံးထဲ၌ အစိမ်းရောင်အလင်းများ တောက်ပနေလေသည်။ သူ ဤနေရာကို သေချာစစ်ဆေးကြည့်လိုက်သည်။

“ဂါး..”

အလွန်ကျယ်လောင်လှသည့် သားရဲဟိန်းသံတစ်သံ ထွက်ပေါ်လာပြီး ဦးချိုတစ်ခုသာပါရှိသည့် ကြီးမားလှသည့်သားရဲခေါင်းတစ်ခေါင်း ဂူထဲမှ ဖြည်းညင်းစွာ ထွက်လာသည်။ သူ့မျက်လုံးများမှာ အေးစက်လှပြီး ခန္ဓာကိုယ်ကိုလည်း အနီရောင်အကြေးခွံဖြင့် ဖုံးအုပ်ထားသည်။

“ဦးနှောက်မရှိတဲ့လူသားတွေ .. မင်းတို့က ချီလင်းဘုရင်ရဲ့နေရာကို ဖြတ်သွားရဲတယ်ပေါ့ .. မင်းတို့တွေ အသတ်ခံချင်နေတာလား..”

ဤကြီးမားလှသည့် အကောင်ကြီး စကားပြောလိုက်သည်နှင့် တောတောင်တစ်ခုလုံး တုန်ခါသွားကာ သစ်ပင်အိုများမှ ခြောက်သွေ့နေသည့်အရွက်များ ကြွေကျလာသည်။

“ဘုရင်တစ်ဝက်အဆင့်သားရဲလား..” နွားနက်ကြီး အံ့အားသင့်သွားရသည်။

ချူဖုန်းလည်း သူ့ပြိုင်ဘက်ကို ဆန်းစစ်လိုက်သည်။ ဤအကောင်သည် ဤဂူနန်းတော်၏ ဘဏ္ဍာစိုးဖြစ်လိမ့်မည်။ ဘုရင်တစ်ဝက်အဆင့်သို့ရောက်ရန်မှာ မလွယ်ကူသောကြောင့် သားရဲဘုရင်သည် သူ့နန်းတော်ကို ဤအကောင်နှင့် စိတ်ချလက်ချလွဲထားခဲ့သည်ပင်။ ဤသားရဲသည် မိကျောင်းနှင့်တူသလို ပုတ်သင်နှင့်လည်း တူနေသည်။ သူ ပါးစပ်ဟလိုက်သည်နှင့် ဖြူဖွေးနေသည့်သွားများကို အတန်းလိုက်မြင်လိုက်ရသည်။

“ဂါး..”

ထိုအကောင်ကြီးသည် အော်ဟစ်လိုက်ကာ သူတို့သုံးယောက်ထံသို့ အနီရောင်အရည်လုံးတစ်လုံးကို ပစ်လွှတ်လိုက်သည်။ ဤသည်မှာ အလွန်ပူပြင်းလှသည့် ချော်ရည်လုံးတစ်လုံးပင်။

ဘုရင်တစ်ဝက်အဆင့်သားရဲအော်ရာ ပေါက်ကွဲထွက်လာသည်နှင့် အနီးအနားမှ သားရဲများ ထိတ်လန့်သွားကြသည်။ ချီလင်းဘုရင်ယုံကြည်ရသည့်သားရဲ ဒေါသထွက်နေပြီဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။

နွားနက်ကြီးကတော့ သူ့ကို အေးစက်စွာသာ စိုက်ကြည့်နေလိုက်သည်။ သူသည် အနက်ရောင်နေကာမျက်မှန်တပ်ထားကာ ဆေးပြင်းလိပ်ကို ခဲထားပြီး တည်ငြိမ်စွာပင် လျှောက်သွားလိုက်သည်။ “ပုတ်သင်တစ်ကောင်ကများ ငါ့ကိုလာပြီး အသံကောင်းဟစ်ရဲတယ်ပေါ့ .. မင်းက အသက်ရှင်ရတာ ပင်ပန်းနေတာပဲဖြစ်ရမယ် .. ဒီလောက်မကောင်းတဲ့အော်ရာတွေရှိနေတာ မင်း သေချာပေါက် လူအများကြီးကို သတ်ခဲ့မှာပဲ .. ဒီနေ့ ငါမင်းကို သုတ်သင်ပစ်မယ်”

ဆယ်မီတာပတ်လည်အတွင်း မီးတောက်များ တောက်လောင်နေပြီး မြေပြင်ပင် အရည်ပျော်ကျသွားသည်။ သို့သော် ဤမီးတောက်များသည် နွားနက်ကြီးကို မထိခိုက်နိုင်။ သူသည် ခရမ်းရောင်ဓားရှည်ကိုလွယ်ကာ တစ်လှမ်းချင်းစီပင် လျှောက်လာနေသည်။

“ခင်ဗျား..” ဘုရင်တစ်ဝက်အဆင့်သားရဲ ထိတ်လန့်သွားရသည်။ သူမှုတ်ထုတ်လိုက်သည့်လေသည်ပင် လူတစ်ယောက်၊ သားရဲတစ်ကောင်ကို သတ်ဖြတ်ပစ်ရန် လုံလောက်သည်။

ဤမီးတောက်များနှင့်တွေ့လျှင် ကျောက်တုံးများ၊ သံများပင် အရည်ပျော်သွားလိမ့်မည်ပင်။ ဘယ်လိုလူမျိုးတွေက သူတို့အိမ်တံခါးကို လာခေါက်နေတာလဲ..

ခွပ်…

နွားနက်ကြီး တစ်ချက်ကန်လိုက်သည်။ သူ့သားရေဖိနပ်တွင် ထူးဆန်းသည့်စွမ်းအားတစ်မျိုးထွက်ပေါ်လာပြီး တောက်ပလာလေ၏။ ဘုရင်တစ်ဝက်အဆင့်သားရဲမှာ လွင့်ထွက်သွားကာ မြေပြင်ပေါ်၌ နာကျင်စွာ လူးလိမ့်နေလေသည်။

သူ့အရိုးများ ကျိုးသွားသည့်အသံကိုပင် ကြားလိုက်ရပြီး သွေးအန်လာလေ၏။

“ခင်ဗျားက ဘုရင်တစ်ယောက်..” သူ အော်ဟစ်လိုက်သည်။ သူ့အသံမှာ မိုးခြိမ်းသံကဲ့သို့ တောင်တစ်ခုလုံးကို တုန်ခါသွားစေပြီး အိုလံပစ်တောင်တစ်ခုလုံ၌ ပဲ့တင်ထပ်သွားသည်။

သူ့အသံကို ကြားလိုက်ရသည့် အိုလံပစ်တောင်မှ သားရဲများစွာ တုန်လှုပ်သွားကြရသည်။ ဘုရင်အဆင့် လူသားကျွမ်းကျင်သူတွေ ရောက်လာတာလား..

ဝုန်း..

သားရဲကြီး ဒေါသထွက်သွားကာ ကောင်းကင်ထက်သို့ အနီရောင်အလင်းများ ပို့လွှတ်လိုက်သည်။ နေကာမျက်မှန်တပ်ထားသည့်အမျိုးသားထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ခံစားနေရသောကြောင့် ဤလူ သူ့ကို အလွတ်ပေးမည်မဟုတ်မှန်း သိလိုက်သည်။ ထို့ကြောင့် သူလည်း အားကုန်သုံးကာ တိုက်ခိုက်ရမည်ပင်။

ခွပ် ခွပ် ခွပ်..

သူ ဆက်တိုက် တိုက်ခိုက်လိုက်သည်။

သို့သော် ကံမကောင်းစွာဖြင့် သူသည် ဘုရင်အဆင့်သားရဲတစ်ကောင်နှင့် မယှဉ်နိုင်သေး။ နွားနက်ကြီး တစ်ခါကန်လိုက်သည်နှင့် သူ့သွားများ၊ လက်သည်းများ ကျိုးသွားပြီး တောင်ကြီးနှင့် ဝင်တိုက်မိသွားသည်။ သူ့အရိုးနှင့် အရွတ်များ ကျိုးသွားပြီး ဒွါရ ၇ ပေါက်မှ သွေးများ စီးကျလာသည်။ ခဏကြာပြီးနောက် ဘုရင်တစ်ဝက်အဆင့်သားရဲကြီးသေဆုံးသွားလေ၏။

မြောင်…

သူတို့ကို လမ်းပြပေးသည့် လင့်ကြောင်မြီးတိုမှာ ဤကြောက်စရာကောင်းသည့်တိုက်ပွဲအား အဝေးမှ မြင်လိုက်ရသည်ပင်။

ဤဘုရင်တစ်ဝက်အဆင့်သားရဲသည် ပုံမှန်ဆိုလျှင် တောင်အတွင်း၌ လှည့်ပတ်သွားလာပြီး လူများ၊ သားရဲများကို ခြိမ်းခြောက်လေ့ရှိသည်။ မည်သည့်စစ်တပ်မှ သူ့ကို မရှင်းပစ်ရဲ။ သို့သော် ယနေ့တော့ လူအချို့ရောက်လာကာ သူ့ကို ကန်ကျောက်ပြီး သတ်ပစ်လိုက်လေပြီ။

“လူသားဘုရင်သုံးယောက် .. ဘုရားရေ .. ဒီကြောင်ကြီး ကြောက်လွန်းလို့သေတော့မယ်..” လင့်ကြောင်မြီးတိုအော်ဟစ်ကာ တုန်ယင်နေလေသည်။

အမှန်တကယ်တွင် အိုလံပစ်တောင်ကြောအတွင်း၌ ရှိနေသည့် သားရဲမျိုးနွယ်စုအများစုမှာ ကြောက်ရွံ့နေကြပြီး အသက်ကိုပင် ရဲရဲမရှူရဲ။ ရုတ်တရက် တောင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။

ဤနေရာတစ်ဝိုက်၌ နေထိုင်ကြသည့်သူများမှာ ချီလင်းဘုရင်၏တပ်သားများပင်။ သို့သော် ယခုအချိန်တွင်တော့ မည်သူမှ ထွက်မလာရဲတော့။

အော်ဟစ်သံ ခပ်တိုးတိုးထွက်ပေါ်လာကာ ဂူထဲမှ အနီရောင်သားရဲများ တွားသွား၍ ထွက်လာသည်။ သူတို့သည် အစောပိုင်းကသားရဲလောက် အင်အားမကြီးသည်မှာ သိသာလှသည်။

“အနီရောင်ပုတ်သင်ကြီးတွေ..” ချူဖုန်း ရေရွတ်လိုက်သည်။ ဤမျိုးနွယ်စုတစ်ခုလုံး ပုတ်သင်မှ ပြောင်းလဲလာခြင်းပင်။

ယခုတော့ ဆက်စပ်တွေးကြည့်နိုင်လေပြီ။ ချီလင်းဘုရင်သည် ပုတ်သင်မှ အနောက်နဂါးတစ်ကောင်အဖြစ်သို့ အဆင့်ပြောင်းလဲခဲ့သူပင်။

ချီလင်းဘုရင်၏ စွမ်းအား အလွန်ကြောက်စရာကောင်းမည်မှာ ခန့်မှန်းစရာပင်မလို။

ဂူထဲမှ စုစုပေါင်း ပုတ်သင် ၁၀ ကောင်ထွက်လာသည်။ သူတို့ခန္ဓာကိုယ်ကို မီးတောက်များ ဝန်းရံထားပြီး ခက်ထန်ပုံပေါ်နေသော်လည်း တစ်ကောင်မှ ဘုရင်တစ်ဝက်အဆင့်သားရဲမဟုတ်သေး။

“မသေချင်တဲ့သူတွေ ချက်ချင်းထွက်သွားလိုက်..” နွားနက်ကြီး အမိန့်ပေးလိုက်ကာ ဘုရင်အဆင့်စိတ်စွမ်းအားလှိုင်းမျး ထုတ်လွှတ်လိုက်သည်။

မီးပုတ်သင်များမှာ တစ်ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်သွားပြီး နောက်ဆုံးတွင် အားလုံး ထွက်ပြေးသွားကြသည်။

နွားနက်ကြီးသည် သူတို့ကို လျစ်လျူရှုလိုက်ကာ ဂူအတွင်းပိုင်းထဲသို့ ဝင်သွားလိုက်သည်။

မြေပြင်တွင် တောက်ပသည့် ကျောက်စိမ်း၊ ကျောက်တုံးများဖြင့် ပြည့်နှက်နေသည်။ ကောလဟာလအတိုင်းပင် အနောက်နဂါးမှာ တောက်ပသည့်ရတနာများ စုစည်းရသည်ကို နှစ်သက်နေသည်။

သို့သော် ထို တောက်ပသည့်အရာအများစုမှာ တန်ဖိုးမရှိသည့် ကျောက်တုံးများပင်။ အချို့ကျောက်တုံးများမှာ ရေဒီယိုသတ္တိကြွကျောက်တုံးများပင်။

“ဘာ ရတနာသိုက်လဲ .. ဒါက အမှိုက်ပုံကြီး မဟုတ်ဘူးလား” နွားဝါလေး မကျေမနပ်ပြောလိုက်သည်။

သူတို့ အထဲဝင်သွားလေလေ အပူချိန်ပိုမြင့်လာလေလေပင်။ သို့သော် သူတို့အံ့အားသင့်သွားရသည်မှာ အထဲဘက်၌ အပင်များ ရှိနေသည်ပင်။

ချော်ရည်များပေါ်တွင် ကြာပန်းရွက်ကဲ့သို့သော အရွက်များ ရှိနေပြီး သူတို့ပန်းပွင့်များမှာ နီရဲနေသည်။ သူတို့သည် ပူလောင်ပြင်းထန်လွန်းသည့် အပူချိန်ကို မကြောက်ပဲ အစုလိုက် ပေါက်ရောက်နေကြသည်။

ဤအပင်များအပြင် တစ်မီတာမှ လေးမီတာအထိမြင့်သည့် အခြားသန္ဓေပြောင်းအပင်များလည်းရှိသေးသည်။ ထိုအပင်၏အမြစ်များသည် အောက်ဘက်ရှိ ချော်ရည်ထဲ၌ ကုပ်တွယ်ထားသည်ပင်။

ထိုအပင်အားလုံး နီရဲနေပြီး အနီရောင်မြူများ ရစ်သိုင်းနေသည်။ ဤအပင်များတွင် တစ်ချိန်က ထူးခြားသည့်အသီးများ ရှိခဲ့မည်ပင်။

“ဒီချော်ရည်ကန်ထဲက ကံကောင်းမှုတွေအများစုကို ချီလင်းဘုရင် ယူပြီးသွားတာ နှမြောစရာပဲ..” နွားဝါလေး သက်ပြင်းချလိုက်သည်။

“ဒါက သာမန်ချော်ရည်ကန်ပဲမဟုတ်ဘူးလား..” နွားနက်ကြီး မေးလိုက်သည်။

“ဒီအတွင်းကန်ထဲမှာ နဂါးသွေးတစ်စက်ရှိတယ် .. ဒီသွေးကြောင့် အနီရောင်သစ်ပင်တွေ ပေါ်လာတာ .. ချီလင်းဘုရင်က အဲဒီအသီးတွေစားပြီး ချော်ရည်ထဲစိမ်ခဲ့တာ .. အဲဒါကြောင့် သူ့သွေးမျိုးဆက်က တစ်ဆင့်မြင့်သွားတာ”

နဂါးသွေးလား .. ဤသွေးသည် မည်ကဲ့သို့သော နဂါးမျိုးမှလာသည်ဖြစ်စေ သေချာပေါက် ထူးခြားမည်ပင်။

သူတို့ သားရဲဘုရင်ကြီး၏ ဂူကို ဆက်မွှေနှောက်လိုက်ကြရင်း အော်ဟစ်ပစ်ချင်စိတ်‌ ပေါက်လာသည်။ ဤအနောက်နဂါး၏အကြိုက်မှာ ထူးဆန်းလှသည်။ သူသည် တောက်ပသည့်အရာမှန်သမျှကို သိမ်းဆည်းထားပြီး ထိုပစ္စည်းများထဲတွင် မှန်များပင် ပါဝင်နေသည်။

“ကျောက်မျက်ရတနာတွေ .. ရှေးဟောင်းရှားပါးပစ္စည်းတွေ..”

နောက်ဆုံးတွင်တော့ အိတ်သေးသေးလေးထဲမှ အဖိုးတန်ပစ္စည်းအချို့ကို တွေ့လိုက်ရသည်။

အိတ်ထဲတွင် အရောင်မျိုးစုံ တောက်ပနေသည့် ကျောက်မျက်ရတနာများအပြင် ရှေးဟောင်းလှံတံများ၊ ဒိုင်းကာများ၊ ဓားများပင် ရှိနေသည်။ အနောက်ဘုရင်ကြီး မည်သည့်နေရာမှ ဓားပြတိုက်လာမှန်းမသိ။

“ငါတို့တွေ ဒီပစ္စည်းတွေကို ကားပေါ်တင်ပြီးနောက် လေလံဆွဲတဲ့ကုမ္ပဏီကို ပေးလိုက်သင့်တယ် .. သူတို့တွေကို ဒီပစ္စည်းတွေ ရောင်းခိုင်းလိုက်” ချူဖုန်း အကြံပေးလိုက်သည်။

နွားနက်ကြီး မျက်လုံးလှန်ပြလိုက်ကာ “ဒါက ချီလင်းဘုရင်အတွက် နည်းနည်းရှက်စရာကောင်းနေမှာပေါ့ .. သူ ဒေါသပေါက်ကွဲလာမှာ မကြောက်ဘူးလား .. ဘယ်လေလံကုမ္ပဏီက ဒီလိုလုပ်ရဲမှာလဲ..”

အမှန်တကယ်တွင်တော့ သူတို့၏ စွန့်စားခရီးမှာ အပြင်လောကသို့ ပေါက်ကြားသွားပြီဖြစ်ပြီး ဆူပူမှုများ ဖြစ်ပေါ်နေပြီဖြစ်သည်။

လေယာဉ်မှူးသည် အဝေးသို့ရောက်သွားသည်နှင့် သူ့ခရီးသည်သုံးဦး ချီလင်း၏ဂူအဟောင်းသို့ ဦးတည်သွားနေကြောင်း ချက်ချင်းဖော်ထုတ်လိုက်သည်။

ဤသတင်းမှာ သေချာပေါက် အားလုံးကို အံ့ဩထိတ်လန့်သွားစေခဲ့သည်ပင်။

အင်အားကြီးအဖွဲ့အစည်းများသည် ချက်ချင်းပင် သူတို့လူများ စေလွှတ်လိုက်ပြီး တိကျသည့်သတင်းရရန်အတွက် အိုလံပစ်တောင်နား၌ စောင့်ခိုင်းထားလိုက်ကြသည်။

“ဒီနဂါးက တော်တော်လေး ဆင်းရဲတာပဲ .. ဒါကို ရတနာစုစည်းမှုလို့တောင် ခေါ်လို့ရရဲ့လား.. ဒဏ္ဍာရီထဲမှာ ပြောကြတဲ့ နဂါးရတနာသိုက်က ဘယ်မှာလဲ..” နွားနက်ကြီး ဒေါသတကြီးပြောလိုက်သည်။

“ဒီကျောက်မျက်ရတနာနဲ့ ရှေးဟောင်းပစ္စည်းတွေက‌ တော်တော်လေး အဖိုးတန်တယ် .. သူတို့ကို လေလံဆွဲလိုက်ရင် ကျွန်တော်တို့ ပိုက်ဆံများများရနိုင်တယ်” ချူဖုန်း နှစ်သိမ့်လိုက်သည်။

“အမ် .. ဒီပစ္စည်းက မဆိုးဘူး.. ခင်ဗျားယူလိုက်” နွားဝါလေး ငွေရောင်တောက်ပနေဆဲဖြစ်သည့် ဒိုင်းကာတစ်ခုကို ရှာတွေ့သွားသည်။ ဒိုင်းကာနေရာအတော်များများမှာတော့ အချိန်တိုက်စားသွားလေပြီ။

“ငါ လက်သီးတစ်ချက်ထိုးလိုက်ရုံနဲ့ ပျက်သွားမှာကို ငါက ဘာယူလုပ်ရမှာလဲ..” နွားနက်ကြီး မကျေမနပ်ပြောလိုက်သည်။

“ခင်ဗျား စမ်းကြည့်လိုက်လေ..” နွားဝါလေး စိန်ခေါ်လိုက်သည်။

ခွပ်..

ထိုဒိုင်းပေါ်သို့ နွားနက်ကြီး၏ လက်သီးကျရောက်လာသည်နှင့် တောင်တစ်ခုလုံး တုန်ခါသွားကာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ သို့သော် ဒိုင်းကတော့ ဘာမှဖြစ်မသွား။

“ဒါက ပစ္စည်းကောင်းပဲ .. ကျွန်တော်တို့ ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်ကို ပြန်ပြင်ခိုင်းရင် အနည်းဆုံး ပန်းပွင့် ၁၃ ပွင့်လောက်သုံးရမှာ” နွားဝါလေး ရှင်းပြလိုက်သည်။ ဤဒိုင်းကာကို ငွေဝိညာဉ်အနည်းငယ်ဖြင့် ပြုလုပ်ထားပြီး တကယ်ကို ထူးခြားလှသည်ပင်။

ချူဖုန်း အံ့အားသင့်သွားရ၏။ သိထားရမည်မှာ အနီရောင်ဓားမြောင်ပင်လျှင် ပန်းပွင့် ၁၅ ပွင့်သာ လိုအပ်ခဲ့သည်ပင်။

အလေးအမြတ်သစ်ပင်မှ ပန်းပွင့် ၁၀ ပွင့်ကျော် ဖူးပွင့်ရလျှင် ထိုပစ္စည်းကို ရတနာဟု သတ်မှတ်၍ရသည်။ ၁၃ ပွင့်မှ ၁၅ ပွင့်ထိဆိုလျှင်တော့ ပြောစရာပင်မလိုတော့။

“ဟား ဟား .. ငါတို့ ဒီတစ်ခေါက် ခရီးက အရှုံးတော့ မရှိပါဘူး” နွားနက်ကြီး ရယ်မောလိုက်သည်။

“အနောက်နိုင်ငံတွေမှာ ဒီဒိုင်းကာနဲ့ ပတ်သက်တဲ့ဒဏ္ဍာရီတွေ ရှိတယ် .. ဒါက သေချာပေါက်ကို ပစ္စည်းကောင်းတစ်ခုပဲ .. ဒါပေမဲ့ ဒီနဂါးက ဒီပစ္စည်းတန်ဖိုးကို မသိပဲ ရှေးဟောင်းပစ္စည်းတစ်ခုအ‌နေနဲ့ပဲ သိမ်းထားတာ” နွားဝါလေး ခေါင်းညိမ့်၍ ပြောလိုက်သည်။

နောက်ဆုံးတွင်တော့ သူတို့သည် သားရဲသားရေအိတ်ဖြင့် နဂါးသိုက်မှ ရှေးဟောင်းစ္စည်းအားလုံးကို ထုတ်ပိုးလိုက်ကြသည်။

ဤပစ္စည်းများမှလွဲလျှင် သူ၏ ‘တောက်ပနေသည့်ပစ္စည်းများစုစည်းမှု’မှာ အသုံးမဝင်ပေ။

“ဒီနဂါးက တကယ် တော်တော်လေး ဆင်းရဲတာပဲ .. ငါ အရမ်းကြီး မမျှော်လင့်ထားလို့ တော်သေးတယ် ..” နွားဝါလေး ရေရွတ်လိုက်သည်။

သူလာခဲ့သည့် လောကကြီးတွင် နတ်နဂါးများမှာ မယုံကြည်နိုင်လောက်အောင် ကြွယ်ဝချမ်းသာပြီး သူတို့ရတနာသိုက်တွင်လည်း မရေမတွက်နိုင်သည့်ရတနာများ ရှိသည်ဟု ပြောထားကြသည်ပင်။

ချီလင်းဘုရင်ကတော့ ယခုမှ အနောက်နဂါးဖြစ်လာသောကြောင့် သူ့ရတနာသိုက်တွင် ဘာမှသိပ်မရှိသေး။

“အမ် .. ဒီကန်အောက်မှာ တစ်ခုခုရှိလိမ့်မယ်လို့ ခံစားနေရတယ်” နွားဝါလေး ချော်ရည်ကန်အောက်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

မတူညီသည့် လောကမှ လာခဲ့ခြင်းဖြစ်သောကြောင့် သူ ရှေးဟောင်းကျမ်းစာများနှင့် လျှို့ဝှက်ချက်များစွာကို နားလည်ထားသည်ပင်။ ဤအပင်များ ဤမျှများပြားလှသည့် ဝိညာဉ်အော်ရာများ ထုတ်လွှတ်နေသောကြောင့် ကန်အောက်ခြေတွင် ထူးခြားသည့်ပစ္စည်းတစ်ခုခု ရှိလိမ့်မည်ဟု သူ ခံစားနေရသည်။

“ဝုန်း..”

ထို့နောက် သူတို့ ချော်ရည်များ စီးဆင်းသွားအောင် ယာယီမြောင်းတစ်ခု ဖော်လိုက်သည်။

“မီးတောက်ကျောက်တုံး..” နွားနက်ကြီး ရေရွတ်လိုက်သည်။

ထိုကျောက်တုံးကို မီးတောက်များ ဝန်းရံနေပြီး အနီရောင်မြူများလည်း ရစ်ဆိုင်းနေသည်။

ဝှစ်..

နွားဝါလေးသည် တုံ့ဆိုင်းခြင်းမရှိပဲ ထိုကျောက်တုံးကို ကောက်ယူလိုက်သည်။

အချိန်အတော်ကြာသည်အထိ ထိုကျောက်တုံးသည် ပူပြင်းနေသေးသော်လည်း အရောင်များကတော့ မှေးမှိန်သွားလေပြီ။

ထို့နောက် နွားဝါလေးသည် ဤဦးခေါင်းအရွယ်အစားရှိသည့် ကျောက်တုံးကြီးကို ဖောက်ခွဲပစ်လိုက်ကာ အထဲဘက်မှ လက်သီးအရွယ်အစားရှိသည့် အနီရောင်သတ္တုပေါ်လာအောင် လုပ်လိုက်သည်။

“ဟား ဟား .. ငါတို့ ကံထူးသွားပြီ..” နွားဝါလေးသည် ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်စွာ ခုန်ပေါက်လိုက်သည်။

“ဒါက ဘာကြီးလဲ..” ချူဖုန်း မေးလိုက်သည်။

“မီးတောက်ရွှေ..” ဤသည်မှာ အလွန်ရှားပါးသည့်ပစ္စည်းဖြစ်ကြောင်း နွားဝါလေး ပြောပြလာသည်။

“ဒီနဂါးက သူ ဘာပစ္စည်းကို စောင့်ရှောက်နေရမှန်းတောင် မသိဘူး .. ဗဟုသုတကြွယ်ဝတဲ့ကျွမ်းကျင်သူတွေသာ ဒီမီးတောက်ရွှေရှိနေတဲ့ ကျောက်တုံးကို တွေ့သွားရင် ဒီမှာ သွေးချောင်းတောင် စီးသွားနိုင်တယ်”

“ငါတို့ ဒီတစ်ခေါက် ခရီးကတော့ တန်သွားပြီ..” နောက်ဆုံးတွင် သူတို့သုံးဦး ကျေနပ်စွာ ထွက်လာခဲ့လိုက်ကြသည်။

သူတို့ ထွက်မသွားခင်တွင် ချူဖုန်းသည် ချော်ရည်များကို ဂူအတွင်းပိုင်းသို့ စီးဆင်းစေလိုက်ပြီး ဂူတစ်ခုလုံးကို ပြာချလိုက်သည်။

သူတို့သုံးယောက် ဂူထဲမှ ထွက်လာသည်ကို မြင်သည်နှင့် လင့်ကြောင်မြီးတို အလွန်စိတ်လှုပ်ရှားသွားလေ၏။

“မင်္ဂလာပါ ဆရာသခင်သုံးယောက် .. ဒီနားပတ်လည်ကို လူသားတွေ အများကြီးရောက်နေပြီ .. ဒါပေမဲ့ သူတို့တွေ တောင်ထဲမဝင်ရဲကြဘူး .. အဝေးကနေပဲ လေ့လာနေကြတာ” လင့်ကြောင်မြီးတို ပြောလာသည်။

“ငါ သူတို့ကို သွားစစ်ကြည့်လိုက်မယ်” ချူဖုန်း ပြောလိုက်သည်။

ဤလူများမှာ အင်အားကြီးအဖွဲ့အစည်းမှ အေးဂျင့်များဖြစ်ပြီး အချို့သူများမှာ သတင်းသမားများပင်။ သူတို့သည် တောင်ထဲမဝင်ရဲသောကြောင့် ဘေးပတ်လည်မှသာ စောင့်နေကြသည်။

“ဘုရားရေ .. အဲဒီမှာ တကယ်လူသုံးယောက်ရှိနေတယ် .. ကြည့်လိုက် .. သူတို့က အိတ်ကြီးတစ်အိတ်သယ်လာကြတယ် .. သူတို့တွေ ချီလင်းဘုရင်အသိုက်ကို အပြောင်ရှင်းလာတာများလား..” တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။

သို့သော် မည်သူမှ အတည်ပြုရန်အတွက် ရှေ့တိုးမသွားရဲ။

သူတို့သုံးယောက် ရပ်တန့်သွားကာ မျက်မှောင်ကြုတ်လိုက်ကြသည်။ ထိုနေရာ၌ တကယ်ကို လူအများအပြား ရှိနေသည်ပင်။

ခဏကြာပြီးနောက် သတင်းသမားတစ်ဦး စတင်လှုပ်ရှားလာသည်။ သတင်းများကို ဦးဦးဖျားဖျားရရန်အတွက် သူ့ကိုယ်သူ အားတင်းကာ တောင်ထဲသို့ လျှောက်ဝင်လာလိုက်သည်။

ဤသည်မှာ အမျိုးသမီးသတင်းထောက်တစ်ဦးပင်။ သူမထံတွင် အညိုရောင်ဆံနွယ်ရှည်များရှိနေပြီး အတော်လေး လှပလှသည်။ သို့သော် သူမ မျက်နှာကတော့ ဖြူဖျော့နေသည်ပင်။

“တော်တော့် ဘလက်ဘော့စ် .. လူတွေကို မခြောက်နဲ့တော့..” ချူဖုန်း ပြောလိုက်သည်။

ထိုအချိန်မှသာ နွားနက်ကြီး သူ့ဘုရင်အဆင့်ဖိအားများကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

“ကလေးလေး မင်းက အရမ်းလှတာပဲ .. မင်းလိုမျိုးကလေးမျိုးကို မတွေ့ဖူးဘူး” အမျိုးသမီးသတင်းထောက်မှ ပြောလိုက်သည်။

နွားနက်ကြီးသည် ရယ်မောလိုက်ကာ ချူဖုန်းတို့အား ဘာသာပြန်ပေးလိုက်သည်။

အမျိုးသမီးသတင်းထောက်မှာ နွားနက်ကြီးကို တကယ်ကြောက်နေသည်ပင်။ ဤဂန်စတားနှင့်တူသည့်သူမှာ လူကောင်းမဟုတ်လောက်ဟု ထင်သောကြောင့် သူသည် ပို၍ ချစ်စရာကောင်းနေသည့် နွားဝါကို ချဉ်းကပ်လိုက်ခြင်းပင်။

“ရှင်တို့သုံးယောက်လုံးက ဘုရင်အဆင့်ကျွမ်းကျင်သူတွေလားဆိုတာ သိပါရစေရှင့်..” အမျိုးသမီးသတင်းထောက် ဂရုတစိုက်မေးလိုက်သည်။

နွားနက်ကြီးကတော့ ချူဖုန်းတို့အတွက် ဘာသာပြန်ပေးရင်း အလုပ်ရှုပ်နေလေ၏။

“ကျွန်တော်တို့တွေ သားရဲဘုရင်အသိုက်ကို ဓားပြတိုက်လာတာပါ” နွားဝါလေး အာရှဘာသာစကားဖြင့် ပြောလိုက်သည်။

“အမ်..”

အမျိုးသမီးသတင်းထောက်မှာ အားလုံးကို မှတ်တမ်းတင်ထားသည်ဖြစ်ပြီး နွားနက်ကြီး ဘာသာပြန်ပေးလာသည့်စကားအား ကြားလိုက်ရသည့်အချိန် သူမ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။

ဒီကလေးကတောင်မှ ဘုရင်အဆင့်လား..

ဝုန်း..

နွားဝါလေး လေမှုတ်ထုတ်လိုက်သည်နှင့် ကျောက်တုံးကြီးတစ်တုံး ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။

အမျိုးသမီးသတင်းထောက်မှာ အနိုင်နိုင် ရပ်နေရလေပြီ။ သူမအသံမှာ အလွန်တုန်ခါနေလေပြီ။

“သားရဲဘုရင်ဂူအတွင်းပိုင်းက ကျယ်လားရှင့် .. အထဲမှာ ရတနာတွေအများကြီးရှိလား..” အမျိုးသမီးသတင်းထောက် နူးညံ့စွာ မေးလိုက်သည်။ တကယ်တမ်းတွင် သူမ မေးချင်သည့် အရေးကြီးမေးခွန်းအချိုု့ရှိသော်လည်း သူမ အလွန်စိတ်လှုပ်ရှားနေသည်။

“သူက ဆင်းရဲပြီး သနားစရာကောင်းတယ် .. သူ့မှာ ဘာပစ္စည်းကောင်းမှ မရှိဘူး .. ငါတို့ ဒီသုံးအိတ်ပဲရခဲ့တာ .. ချီလင်းဘုရင် .. ခင်ဗျားက အရမ်းဆင်းရဲတာပဲ..” နွားဝါလေး ကင်မရာရှေ့ ပြောလိုက်သည်။

ဤအင်တာဗျူးမှာ ပေါက်ကွဲမှုကြီးဖြစ်စေနိုင်လိမ့်မည်ဟု ချူဖုန်း အာရုံရနေသည်။ ချီလင်းဘုရင်ကြီး ဒေါသပေါက်ကွဲထွက်လာစေနိုင်လောက်သည်။

“အဟမ်..” ချူဖုန်း ချောင်းဟန့်လိုက်ကာ နွားဝါလေးအား ချီလင်းဘုရင်ပို၍ ဒေါသထွက်လာအောင် ပြောခိုင်းလိုက်သည်။

“ချီလင်းဘုရင် .. ဗာတီကန်မှာ အချိန်ဖြုန်းမနေနဲ့တော့ .. မင်းအမေက ညစာစားဖို့ ခေါ်နေပြီ..” ရွှေအိုရောင်ဆံပင်နှင့် လှပကာ အပြစ်ကင်းပုံပေါ်သည့် နွားဝါလေး ရုတ်တရက် အော်ဟစ်လိုက်လေသည်။

အပိုင်း ၁၅၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset