Switch Mode

Chapter – 156

သားရဲဘုရင်တယောက်ရဲ့ အသိုက်ကို လုယက်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၅၆ – သားရဲဘုရင်တစ်ကောင်၏အသိုက်ကို လုယက်ခြင်း

“ဘာလဲ .. ဒီဘုရင်က လုံလောက်အောင် မချောသေးဘူးလား..” ဆေးပြင်းလိပ်ကို ခဲလျက် နွားနက်ကြီး ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

“ဘလက်ဘော့စ် .. ဘော့စ်က တကယ်ကို နာမည်နဲ့လိုက်ဖက်တယ်.. ဘော့စ် ‘ဂိုဏ်းတစ်ခုကို ဦးဆောင်လာတာ နှစ်ပေါင်းများစွာ ကြာနေပြီ’ ဆိုတဲ့သီချင်းကို ဆိုသင့်တယ်”

အဘယ်ကြောင့်ဆိုသော် ဘယ်လိုပင်ကြည့်ကြည့် ဤလူမှာ သေချာပေါက် ဂန်းစတားတစ်ယောက်ဖြစ်နေသည်ပင်။ နေကာမျက်မှန်အမည်းတပ်ထားပြီး ဆံပင်နောက်လှန်ထားပြီး ပါးစပ်ထဲတွင် ဆေးပြင်းလိပ်ခဲထားသည်။ ဤသည်မှာ မာဖီးယားခေါင်းဆောင်တစ်ယောက်၏ ပုံပန်းသွင်ပြင်များပင်။

“ဟေ့ကောင် .. မင်း ဒါဘာအဓိပ္ပာယ်လဲ..” နွားနက်ကြီး မပျော်တော့။ မည်သို့ပင်ဖြစ်စေ သူသည် တစ်နေ့ကျလျှင် သူတော်စင်ဘိုးဘေးတစ်ဦး ဖြစ်ချင်သည့်သူတစ်ဦးပင်။

“တစ်ခြားအဝတ်မြန်မြန်လဲလိုက်ပါ .. ခင်ဗျားသာ ဒီအတိုင်းအပြင်ထွက်သွားရင် သေချာပေါက် အင်တာပိုတွေ သတိထားမိသွားလိမ့်မယ်” နွားဝါလေး ပြောလိုက်သည်။

နွားနက်ကြီး မကျေမနပ်ဖြစ်သွားသည်။ သူ့ဝတ်စုံမှာ အတော်လေး ကြည့်ကောင်းသည်ဟု သူ ထင်သော်လည်း လှောင်ရယ်ခံလိုက်ရသည်။

နောက်ဆုံးတွင်တော့ သူ အခြားဝတ်စုံ ပြောင်းလိုက်သည်။ “ကံကောင်းလို့ပေါ့ .. ဒီဘုရင်ကြီးက အမြော်အမြင်ကြီးစွာနဲ့ ဝတ်စုံတွေအများကြီး ပြင်ဆင်ထားလို့ပေါ့”

ထို့နောက် သူသည် အနောက်ဘက်ရှည်သည့်ကုတ်အင်္ကျီကို နက်ကတိုင်နှင့် တွဲဝတ်လိုက်ပြီး သူ့ကိုယ်သူ အတော်လေး ကျေနပ်နေလေ၏။ “ဒါရော ဘယ်လိုလဲ” သူ မေးလိုက်သည်။

ချူဖုန်း မျက်နှာကို လက်ဖြင့်အုပ်လိုက်သည်။ လူကောင်းပုံယောင်ဆောင်သည့်ဂန်းစတားမှာ ပို၍ပင် ကြောက်စရာကောင်းသေးသည်။

အမှန်အတိုင်းပြောရလျှင် နွားနက်ကြီးမှာ လူပုံစံ ပြောင်းလဲသွားပြီးနောက်တွင် အတော်လေး ချောမောခန့်ညားသည်။ သို့သော် သူ့ထံ၌ လူဆိုးတစ်ယောက်၏အော်ရာ ရှိနေလေသည်။

ထို့နောက်တွင် နွားနက်သည် နောက်ပိုင်း ခေတ်စားလာသည့် ကွာတားဂျင်းအကြပ်နှင့် ဖိနပ်ပါးစီးလာလေ၏။ ဤသည်မှာ လမ်းဘေးလူမိုက်နှင့် ပို၍ပင် တူသေးသည်။

“လူယုတ်မာသွင်ပြင်နဲ့ မွေးလာတော့ ခင်ဗျားကို ကယ်လို့မရတော့ဘူးပဲ..” နောက်ဆုံးတွင် နွားဝါလေး သည်းမခံနိုင်တော့ပဲ ပြောလိုက်သည်။

ချူဖုန်းသက်ပြင်းချလိုက်ကာ “ဘလက်ဘော့စ် .. စဉ်းစားကြည့်လိုက်တော့ ပထမဝတ်စုံဝတ်လိုက်တာ ပိုကောင်းမယ်ထင်တယ် .. အဲဒါက ဘော့စ်နဲ့လိုက်တယ်”

“မူး..” ချူဖုန်း သူတို့နှစ်ဦးကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် သူ့နှာခေါင်းမှ အဖြူရောင်အငွေ့များ ထွက်လာသည်။ ဒီနှစ်ယောက်က အရမ်းအရှက်ခွဲတာပဲ .. သူ တကယ်ပဲ မာဖီးယားခေါင်းဆောင်နဲ့တူတယ်ဆိုရင်တောင် သူတို့ ဒီလိုမျိုးပြောစရာလိုလို့လား..

“ငါ့ကို ရယ်မနေနဲ့ဟေ့ကောင် .. ရော့ ဒီမှာ မင်းအဝတ်အစားတွေ .. စကားများမနေနဲ့ မြန်မြန်သွားလဲ..” နွားနက်ကြီးသည် နွားဝါလေးထံသို့ ကြီးမားလှသည့်အဝတ်ပုံကြီးအား ပစ်ပေးလိုက်သည်။

ဤအဝတ်ပုံထဲတွင် ဂျက်ကတ်မှ မင်းသမီးဝတ်စုံအထိ ပါဝင်နေသောကြောင့် ချူဖုန်း အံ့အားသင့်သွားရသည်။

နွားနက်ကြီးသည် အဝတ်ပုံထဲမှ မင်းသမီးဝတ်စုံကို ဆွဲယူလိုက်ပြီး နွားဝါလေးအား ပေးလိုက်သည်။ “ဒီတစ်ခုက တော်တော်လေး လှတယ် .. မင်းနဲ့လိုက်မှာ သေချာတယ် .. ဒါက ယူရိုတစ်သောင်းကျော်ပေးရတယ် .. ဆိုင်မှာ ဈေးအကြီးဆုံးဝတ်စုံပဲ”

နွားဝါလေး တစ်ခဏခန့် ဆွံ့အသွားပြီးနောက် အေးစက်စွာ ပြန်ပြောလာသည်။ “ကျွန်တော် ခင်ဗျားကို မချနိုင်ဘူးလို့ ထင်နေတာလား.. မူး..”

ထို့နောက်တွင်တော့ သူ ရှေ့ခွာများ တောက်ပလာပြီး နွားနက်ကြီးအား နွားနတ်ဆိုးလက်သီးဖြင့် ထိုးရန် ပြင်ဆင်လိုက်သည်။

“တော်တော့် .. အဝတ်အစား မြန်မြန်လဲတော့.. အချိန်ဖြုန်းမနေနဲ့” ချူဖုန်း သူတို့တိုက်ပွဲကို ရပ်တန့်ပေးလိုက်သည်။ အမှန်တကယ်တွင် သူလည်း နွားဝါလေး၏လူပုံစံကို မြင်ချင်လှပြီဖြစ်သည်။

ဟွန့်..

နောက်ဆုံးတွင်တော့ သူသည် ကောင်ငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွား၏။ အလွန်လှပလှသည့် ကလေးတစ်ယောက်ပင်။

သူ့ဆံပင်ရှည်များမှာ ရွှေအိုရောင်ဖြစ်ပြီး သူ့ပုခုံးထိ ရှည်နေသည်။ သူ့မျက်တောင်မွေးများမှာ ရှည်လျားလှပြီး သူ့မျက်လုံးများမှာ ကျောက်စိမ်းကဲ့သို့ တောက်ပနေသည်။ သူသည် အရုပ်နှင့်ပင် တူနေသည်။

“ဟား ဟား .. လုံးဝကို လှတယ်..” ချူဖုန်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ နွားပေါက်လေး၏ ရွှေအိုရောင်ဆံပင်များကို မပွတ်သပ်ပဲ မနေနိုင်။

နွားဝါလေးသည် သူ့လက်ကိုပုတ်ထုတ်လိုက်ကာ “လက်ဖယ် .. ငါ မင်းကို သတိပေးလိုက်မယ် .. မင်း ဒီဘုရင်ကို နောက်တစ်ခေါက် မလေးမစားလုပ်ရရင် မင်းကိုချမှာ”

ချူဖုန်း အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။ နွားဝါလေး အဘယ်ကြောင့် လူပုံစံမပြောင်းချင်သည်ကို နောက်ဆုံးတော့ သူသိသွားလေပြီ။ သူ့လူပုံစံမှာ အတော်လေး ငယ်ရွယ်ပြီး လှပလှသည်။ လူတိုင်း သူ့ပါးကိုမညှစ်ပဲမနေနိုင်။

သူသည် အသက် ၆ နှစ်အရွယ်ခန့်ရှိသည့် ကလေးပုံစံဖြစ်သောကြောင့် မည်သူမှ သူ့ကို မစပဲ မနေနိုင်။

ချူဖုန်းသည် သူခြိမ်းခြောက်သည်ကို စိတ်ထဲမထား။ သူ့မျက်နှာလေးကို ထပ်ခါတလဲလဲညှစ်လိုက်ပြီး ပြောလိုက်သည်။ “မင်းက တော်တော်လေး ဒေါသကြီးတာပဲ .. တကယ်တော့ ငါ မင်းရဲ့ဒီလိုပုံစံကို ကြိုက်ပါတယ် .. ရှက်မနေပါနဲ့ .. မင်းက ငါငယ်ငယ်တုန်းက ပုံစံအတိုင်းပဲ အရမ်းချောတယ်..”

နွားဝါလေး ဒေါသထွက်လာကာ သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး သူ့ကို ဆက်စနေလျှင် သူတို့နှင့်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ထပ်ခြိမ်းခြောက်လိုက်သည်။

နွားနက်ကြီးကတော့ သွားအားလုံးပေါ်သည်အထိ ရယ်မောနေလေသည်။

နောက်ဆုံးတွင်တော့ နွားဝါလေးသည် ကောင်ကလေးအဝတ်အစားတစ်စုံကို ရွေးချယ်ဝတ်ဆင်လိုက်သည်။ ဤကလေးခန္ဓာကိုယ်မှာ သူ၏ဘုရင်အဆင့်ခွန်အားနှင့် ကိုက်ညီမှုမရှိဟု ခံစားရသောကြောင့် သူ ဤခန္ဓာကိုယ်ကို မကြိုက်ခြင်းပင်။

ချီလင်းဘုရင်၏ အသိုက်ကို မမွှေခင် တစ်ညအနားယူရန် မြို့ထဲ ဝင်လာလိုက်ကြသည်။

ဤမြို့သည် အလယ်အလတ်တန်းစားမြို့တစ်မြို့ဖြစ်သော်လည်း မြို့ကြီးတစ်ခုကဲ့သို့ စည်ကားနေသည်။ ညအလင်းရောင်အောက်တွင် နီယွမ်မီးများလင်းထိန်နေပြီး လမ်းသွားလမ်းလာအများအပြားလည်း ရှိနေသေးသည်။

သူတို့သုံးယောက် တွဲလျှောက်သွားလျှင် အလွန်ထူးဆန်းနေပြီး တွေ့သည့်သူ ၁၀၀ ရာခိုင်နှုန်း နောက်ပြန်လှည့်ကြည့်ကြသည်။

အချို့လူများမှာ ရဲခေါ်လုနီးပါးပင်။ အဘွားအိုကြီးတစ်ဦးဆိုလျှင် ဂန်းစကားဟုခေါ်သည့် အခြားလူနှစ်ယောက်ထံမှ နွားဝါလေးကို ကာကွယ်ရန်အတွက် တရှိန်ပြေးလာခဲ့လေ၏။

နွားရိုင်းနက်ကြီး၏မျက်နှာမှာ အိုးဖင်ကဲ့သို့ မည်းမှောင်နေလေပြီ။ သူ ဤအတိုင်း လမ်း‌ပေါ်၌လမ်းလျှောက်နေရုံလေးဖြင့် မြေအောက်ဒုစရိုက်သမားအဖြစ် မြင်ခံနေရသည်။ ဤသည်မှာ သူ့ကို အတော်လေး ဒေါသထွက်စေသည်ပင်။

ကပ်ဆိုးကြီးကို ချူဖုန်း မြန်မြန်ရပ်တန့်လိုက်ရသည်။ နားလည်မှုလွဲမသွားရန်အတွက် သူ အင်္ဂလိပ်လိုနည်းနည်းရှင်းပြလိုက်ရသည်။

လမ်းတစ်လျှောက်လုံး ဤကဲ့သို့သောအဖြစ်များ ထပ်ခါတလဲလဲဖြစ်နေသောကြောင့် နွားနက်ကြီး ဒေါသထွက်လာသည်။ သူသည် မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်ကာ “ငါက လူဆိုးတစ်ယောက်နဲ့အရမ်းကြီး တူနေတာလား .. အား .. စိတ်ရှုပ်ဖို့ကောင်းလိုက်တာ..”

သူတို့ ဟိုတယ်သို့ရောက်သည့်အချိန်တွင် ပြဿနာတစ်ခု ထပ်ကြုံလိုက်ရသည်။ သူတို့ထံတွင် ပတ်စ်ပို့ မရှိသောကြောင့် သူတို့ဟိုတယ်၌ တည်း၍မရ။ ချူဖုန်း သူတို့နှင့် အင်္ဂလိပ်လို ပြောမည့်အချိန်တွင် နွားနက်ကြီး ဝင်လာကာ ဂရိလို ချောမွေ့စွာ ပြောလာသည်။

ချူဖုန်း ဆွံ့အသွားရ၏။ ဒီနွားက ဘယ်လိုလုပ် ဂရိစကားကို တတ်နေတာလဲ.. သူ နွားဝါလေးကို မေးလိုက်သည်။

“သူက သူ့ဘဝအတွက် အစီအစဉ်တွေ ချထားပြီးသား .. အဲဒါကြောင့် တစ်ချို့ဘာသာစကားတွေ သင်ထားတာ” နွားဝါလေး ရှင်းပြလာသည်။

“ဘယ်လိုဘဝအစီအစဉ်မျိုးမို့လို့ ဂရိဘာသာစကားလေ့လာတာ ပါနေတာလဲ..” ချူဖုန်း ရှုပ်ထွေးသွားရသည်။

“သူက ဂရိက အိုလံပစ်တောင်နဲ့ ဗာတီကန်က ဆေးခင်းကြီးကို အမြဲတမ်း လေ့လာနေချင်ခဲ့တာလေ .. အဲဒါကြောင့် သူက သက်ဆိုင်ရာဘာသာစကားကို လေ့လာထားတာ .. သူက အီဂျစ်ဘာသာစကားတောင် လေ့လာချင်နေသေးတာ .. သူ ဂျေရုစလင်က မြင့်မြတ်တဲ့မြို့ကို သွားလည်ချင်နေခဲ့တာ .. အဲဒါကြောင့် အဲဒီမြို့က ဘာသာစကားကိုလည်း သင်ဖို့စီစဉ်နေတာ” နွားဝါလေး ရှင်းပြလာသည်။

ချူဖုန်း လုံးဝဆွံ့အသွားရသည်။ နွားနက်ကြီး ဤကဲ့သို့သောအကြံမျိုးရှိလိမ့်မည်ဟု သူ မထင်ထားခဲ့။

ဟိုတယ်ကြီးမှာ သလင်းကျောက်မီးဆိုင်းများဖြင့် ခမ်းနားလှသည်။ အရောင်တင်ထားသည့် ကျောက်တုံးများလည်း အရောင်တောက်ပနေသည်ပင်။

ချူဖုန်းနှင့် နွားဝါလေးတို့ ဆိုဖာထက်၌ ထိုင်လိုက်ကာ နွားနက်ကြီး ဟိုတယ်ဝန်ထမ်းနှင့် ညှိနှိုင်းပြီးမည့်အချိန်ကို စောင့်နေလိုက်သည်။ နောက်ဆုံး တံတွေးစင်သည်အထိ ပြောပြီးသည်နှင့် ဝန်ထမ်းသည် သူတို့ကို ပတ်စ်ပို့မရှိပဲ နေခွင့်ပေးလိုက်သည်။

ထို့အပြင် သူတို့ကို ထိပ်တန်းအဆင့်သမ္မတအခန်းသို့ လိုက်ပို့ပေးကြလေသည်။

ချူဖုန်း နွားနက်ကြီးကို လေးစားသွားရသည်။ နွားနက်ကြီး ဘယ်လိုလှည့်စားလိုက်တာလဲ .. သူ မနေနိုင်တော့ပဲ နွားနက်ကြီးကို ဤအကြောင်း မေးလိုက်သည်။

“ငါ သူတို့ကို ဘာမှမလှည့်စားခဲ့ဘူး .. မန်နေဂျာကလည်း လူ့အသိုင်းအဝိုင်းထဲ နေနေတဲ့ သားရဲမျိုးနွယ်စုပဲဆိုတော့ ငါ သူနဲ့တိုက်ရိုက်တွေ့ပြီးတော့ ငါတို့ဘယ်သူတွေလဲဆိုတာနဲ့ ငါတို့အခြေအနေတွေကို ပြောပြလိုက်တာ ပြီးတော့ ငါတို့အတွက် သင့်တော်တဲ့အခန်းတစ်ခန်း ပြင်ခိုင်းလိုက်တာ .. အင်း ငါရဲ့ဘုရင်အော်ရာတွေကိုတော့ သင့်တော်သလို ထုတ်သုံးရတာပေါ့”

“ခင်ဗျား နည်းလမ်းတွေက အရမ်းရိုင်းစိုင်းတယ် .. ခင်ဗျား ဒီလိုမျိုး မလုပ်သင့်ဘူး”

ထိုညတွင် သူတို့ ထိပ်တန်းအဆင့် ဝန်ဆောင်မှုများ ရရှိခဲ့ကြသည်။ သို့သော် ညစာစားချိန်တွင်တော့ နွားနှစ်ကောင်သည် ပေါက်ကွဲလုနီးပါး ဒေါသများဖြင့် အခန်းထဲ ပြန်ရောက်လာကြလေသည်။

အဘယ်ကြောင့်ဆိုသော် ဟိုတယ်၏ အဓိကအစားအစာမှာ အမဲသားကင်ဖြစ်နေသည်ပင်။

ထို့ကြောင့် သူတို့အခန်းထဲပြန်ကာ အခန်းထဲသို့ အစားအသောက်များလာပို့ရန်သာ မှာလိုက်ရတော့သည်။

“ဒီလူသားတွေက အရမ်းအပြီးတော့ အတွေးအခေါ်တွေလည်း တသမတ်တည်း သွားနေကြတယ် .. သူတို့ရှေ့မှာ အရသာရှိတဲ့ ဟင်းပွဲတွေ၊ ရှားပါးဟင်းပွဲတွေ အများကြီးရှိနေတာကို သူတို့က တစ်မျိုးတည်းပဲ စားနေကြတယ် .. အလိုက်ကြတာ..” နွားနက်ကြီး မကျေမနပ်ပြောလိုက်သည်။

စားသောက်သည့်ကိစ္စမှာ ပျော်ရွှင်ခြင်းမရှိပဲ ပြီးဆုံးသွားသည်။ စားပြီးသည်နှင့် ချူဖုန်းသည် သူ့ဓားနှင့်ခက်ရင်းကို ချလိုက်ပြီး အကောင်းစားဝိုင်တစ်ပုလင်းကို ဖက်ပြီး အပြင်ထွက်သွားလေသည်။ သူသည် စားသောက်ဆိုင်သို့ တစ်ယောက်တည်းသွားလိုက်ပြီး အရသာရှိသည့်အမဲသားများကို ဗိုက်ပြည့်သည်အထိ စားလိုက်သည်။

လူသားပုံစံမန်နေဂျာမှာ သမ္မတခန်းမှ ဧည့်သည်နှစ်ယောက်အတွက် ဟင်းပွဲစီစဉ်ပေးရင်း တစ်ညလုံး အလုပ်များနေလေသည်။ သူသည် အမဲသားမှလွဲလျှင် ပုဇွန်၊ ငန်းသား စသည်ဖြင့် ဟင်းပွဲမျိုးစုံကို စီစဉ်ပေးနေရသည်။ အမဲသားဟူသည့်စကားလုံးကိုတော့ သူ ထပ်မပြောရဲတော့။

ချူဖုန်းကတော့ စားသောက်ပြီး အတော်လေး ကျေနပ်နေသည်ပင်။ သူ အတော်နောက်ကျမှ အခန်းသို့ ပြန်လာပြီး သူ့ပါးစပ်တွင်လည်း အမဲသားအနံ့များ ကျန်နေဆဲပင်။ သူ အခန်းထဲသို့ သတိကြီးကြီးဖြင့် ပြန်လာခဲ့သော်လည်း နွားနှစ်ကောင် မအိပ်သေးပဲ သူ့ကို စောင့်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့သည် အခန်းထဲ၌ ထိုင်ကာ သူ့အား မျက်လုံးစိမ်းများဖြင့် စိုက်ကြည့်နေကြလေသည်။

“မနက်ဖြန် အိုလံပစ်တောင်ရောက်တဲ့အချိန်ကျရင် ခင်ဗျားတို့နှစ်ယောက် ရှာတွေ့သမျှရတနာတွေအားလုံးကိုယူလိုက် .. ကျွန်တော်က ချီလင်းဘုရင်ရဲ့အသိုက်ကိုပဲ မီးရှို့ပစ်ချင်တာ..” နွားနှစ်ကောင် သူ့ကို အပြစ်မတင်ရန်အတွက် သူ့လာရင်းရည်ရွယ်ချက်များကို ချက်ချင်းပြောလိုက်သည်။

နွားနှစ်ကောင်သည် သူ့ကို စိုက်ကြည့်ပြီးနောက် ဘာမှမပြောပဲ သူတို့အခန်းထဲ ဝင်သွားကြလေသည်။

နောက်တစ်နေ့မနက်တွင်တော့ မန်နေဂျာသည် နတ်ဘုရားများကို ပြန်ပို့သကဲ့သို့ သူတို့ကို လိုက်ပါပို့ဆောင်လေသည်။ သူ့စိတ်ထဲတွင်တော့ ဤဧည့်သည်များကို တတ်နိုင်သမျှ မြန်မြန်ပြန်စေချင်နေသည်ပင်။

“ခဏ .. မသွားသေးနဲ့ဦး . ငါတို့အတွက် လေယာဉ်တစ်စင်းလောက် ငှားပေးပါဦး” နွားနက်ကြီး မန်နေဂျာကို ပြန်လာခိုင်း၍ ပြောလိုက်သည်။

နွားနက်ကြီး၏ညွှန်ကြားချက်အား ကြားလိုက်ရသည့်အချိန်တွင် မန်နေဂျာကြီးမှာ မျက်ရည်ကျတော့မတတ် ဖြစ်သွားသည်။ ဒီသုံးယောက်က ဘာလုပ်ချင်နေတာလဲ..

“စိတ်မပူပါနဲ့ .. ဟယ်လီကော်ပတာလောက်ဆို အဆင်ပြေတယ် .. ငါတို့ ရှုခင်းကြည့်ဖို့အတွက်သွားမှာ .. လေယာဉ်တစ်စီးလုံးကြီး မလိုဘူး” နွားနက်ကြီး ပြောလိုက်သည်။

“ကောင်းပါပြီ..” မန်နေဂျာသည် ရှုံ့တွ၍ ကိစ္စများကို စီစဉ်ရန် သွားလိုက်သည်။

ထို့နောက် နွားနက်ကြီးသည် သတင်းစာ ထိုင်ဖတ်နေလေ၏။ ချူဖုန်းနှင့် နွားဝါလေးတို့မှာ ဂရိဘာသာစကားကို မသိသောကြောင့် အတော်လေး ပျင်းရိနေလေပြီ။ ထို့ကြောင့် အိုလံပစ်တောင်၌ မည်ကဲ့သို့ လှုပ်ရှားကြမည်ကို စဉ်းစားလိုက်ကြလေ၏။

သိထားရမည်မှာ အိုလံပစ်တောင်သည် နတ်တောင်တစ်တောင်ပင်။

တောင်ထိပ်တွင် နတ်ဘုရားများ နေထိုင်ကြသည်ဟုလည်း ပြောကြသည်။

ချီလင်းဘုရင်ပင်လျှင် ထိုတောင်ခြေ၌သာ အိမ်ဆောက်ထားသောကြောင့် ဤတောင် မည်မျှထူးဆန်းသည်ကို သိနိုင်သည်။ တောင်ထိပ်၌ ထူးဆန်းသည့်စွမ်းအားတစ်ခုခု ရှိလိမ့်မည်။

“ဒီချီလင်းဘုရင်က အရမ်းစွမ်းအားကြီးတယ် .. သူက ဗာတီကန်က ဘုရင်တစ်ယောက်ကို မြက်ပင်တစ်ပင်ဆွဲနှုတ်သလို လွယ်လွယ်လေး သတ်ခဲ့တာ .. သူက အဲဒီအညိုရောင်ဝက်ဝံကြီးကို ပြင်းပြင်းထန်ထန်ကို ရိုက်ခဲ့တာ..” သတင်းစာဖတ်နေသည့် နွားနက်ကြီးမှ ရုတ်တရက် ပြောလာသည်။

ဤသည်မှာ နောက်ဆုံးရသတင်းပင်။ ချီလင်းဘုရင်သည် အညိုရောင်ဝက်ဝံကြီးကို သတ်ပြီး အခြားသားရဲဘုရင်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။

“ဝိုး .. လူတွေက မင်းတို့နှစ်ယောက်ကို ယှဉ်နေကြပြန်ပြီ .. သူတို့ပြောကြတာ ချီလင်းသာ နောက်ထပ်ဘုရင်တစ်ယောက်ကို ထပ်သတ်လိုက်ရင် မင်းတို့နှစ်ယောက် အဆင့်အတူတူ ဖြစ်သွားပြီတဲ့ .. ဒါပေမဲ့ ချီလင်းဘုရင်က မင်းကို အထင်သေးနေတုန်းပဲ.. ဟား ဟား ..” နွားနက်ကြီးမှာ အတော်လေး သဘောကျနေလေ၏။

အဘယ်ကြောင့်ဆိုသော် ချီလင်းဘုရင်မှာ အတော်လေး သွေးနားထင်ရောက်နေသည်ပင်။ ချူဖုန်းသည် သူနှင့်ယှဉ်ရန် အရည်အချင်းမပြည့်မှီဟု သူ ပြန်ပြောထားလေ၏။

“ကျွန်တော်တို့ ဗာတီကန်မှာ တွေ့ကြမှာပါ” ချူဖုန်း ပြောလိုက်သည်။ သို့သော် သူ့အိမ်အရင်သွားပြီး ပြဿနာအရင်ရှာကြမည်ပင်။

နောက်ဆုံး‌တွင် ဟယ်လီကော်ပတာတစ်စင်း ရောက်လာလေ၏။ သူတို့သုံးယောက် ဟယ်လီကော်ပတာပေါ် တက်လိုက်ပြီး အိုလံပစ်တောင်သို့ သွားလိုက်ကြသည်။

လေယာဉ်မှူးမှာ လမ်းတစ်လျှောက်လုံး ဒူးတုန်နေလေသည်။ ဤခရီးသည်သုံးဦးမှာ အလွန်ထူးခြားလှသည်ပင်။ သူတို့သည် ဘုရင်တစ်ဦး၏အိမ်ကိုပင် ပြဿနာသွားရှာကြတော့မည်။

“မကြောက်ပါနဲ့ .. ကျွန်တော်တို့ကို တောင်နားမှာချပေးလိုက် .. ကျွန်တော် ခင်ဗျားကို ဆွဲမထည့်ပါဘူး” ချူဖုန်း နှစ်သိမ့်လိုက်သည်။

သူတို့သုံးယောက်ဆင်းပြီးသွားသည်နှင့် လေယာဉ်မှူးသည် ချက်ချင်းပင် ပြန်ထွက်သွားလေသည်။

ချူဖုန်း စိတ်ထဲမထား။ ဤကဲ့သို့ဖြစ်လိမ့်မည်ဟု သူ မျှော်လင့်ထားပြီးသားပင်။ ထို့နောက် သားရဲဘုရင်၏အိမ်ကိုရှာရန်အတွက် တောင်ပေါ်သို့ တက်ခဲ့လိုက်ကြသည်။ ဤနားတွင် နေထိုင်သည့် သားရဲမျိုးနွယ်စုများ ရှိနေသောကြောင့် တစ်ကောင်ကိုဖမ်းကာ လမ်းပြခိုင်းလိုက်သည်။

“အဲဒီတော့ ဒါက နာမည်ကြီးနေတဲ့ အိုလံပစ်တောင်ပေါ့..” နွားတါလေး အံ့အားသင့်သွားသည်။ တောင်မှာ အလွန်ပင် ကြီးမားလှပြီး တောင်ထိပ်မှာ တိမ်တိုက်များကြား၌ ပုန်းကွယ်နေသည်။

“တောင်ထိပ်မှာဘာရှိတာလဲ..” ချူဖုန်း မေးလိုက်သည်။

သူတို့ကို လမ်းပြပေးသည့်သူမှာ လူသားစကားပြောနိုင်သည့် လင့်ကြောင်မြီးတိုပင်။ သူသည် အလွန်ကြောက်ရွံ့နေကာ သူ့အသံများပင် တုန်နေသည်။ တောင်ထိပ်မှာ အဆုံးမရှိကြောင်း ရှင်းပြလာသည်။ တောင်ထိပ်၌ မြူများ ရှိနေရုံသာမက ဖြတ်သန်းသွားရန် ကြိုးစားသည့်သူများကိုလည်း မိုးကြိုးများပစ်ချကြောင်း ပြောလာသည်။ သားရဲဘုရင်များပင် ထိုနေရာသို့ မတက်နိုင်။

“ဒါက ထူးဆန်းတယ် .. ဒီတောင်ထိပ်မှာ ဇူးနတ်မင်းတို့၊ အပိုလိုနတ်မင်းတို့ တကယ်ရှိနေတာလို့တော့ မပြောနဲ့နော်..” နွားနက်ကြီး ရေရွတ်လိုက်သည်။

“တောင်ထိပ်ကိုဘာလို့ ဂရုစိုက်နေမှာလဲ .. ချီလင်းဘုရင်အသိုက်ကို အရင်မွှေရအောင် .. ကျွန်တော်အရင်က ငှက်သိုက်မွှေဖူးတယ် .. ဒါပေမဲ့ သားရဲဘုရင်အသိုက်တော့ မမွှေဖူးဘူး” ချူဖုန်း သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်ပြီး ပြောလိုက်သည်။ ချီလင်းဘုရင်သည် သူ့အား ထပ်ခါတလဲလဲ အထင်သေးနေခဲ့သည်။ ယခု သူ ဥရောပသို့ရောက်လာပြီဖြစ်သောကြောင် ချီလင်းဘုရင် အံ့ဩသွားအောင် လုပ်ပေးရမည်။

မကြာမီတွင် သူတို့ ကြီးမားလှသည့်တောင်ခြေသို့ ရောက်လာသည်။

“အဲဒီမှာပဲ..” လင့်ကြောင်မြီးတိုမှာ ထပ်မသွားရဲတော့။ သူ့ရှေ့၌ သားရဲဘုရင်အစစ်၏ စံအိမ်ရှိနေသည်။ ဥရောပမှစစ်တပ်များပင် ဤနေရာကို မတိုက်ခိုက်ရဲကြ။ ဒီလူတွေက ဘယ်ကလာတာမို့လို့ ဒီနေရာကို ဖျက်ဆီးမယ်လို့ ပြောရဲကြတာလဲ..

“မင်းကတော့ မျှော်လင့်ချက်မရှိတော့ဘူးပဲ..” နွားနက်ကြီး သက်ပြင်းချလိုက်ကာ လက်ဝေ့ရမ်းပြလိုက်ပြီး လင့်ကြောင်မြီးတိုကို တစ်နေရာရာမှ စောင့်ခိုင်းလိုက်သည်။

ချီလင်းဘုရင်၏အသိုက်နားမှ အပူလှိုင်းများ ကြွတက်နေသည်ကို သူတို့ခံစား၍ရနေသည်။ ထူးဆန်းနေသည့်လေထုအပြင် ဤနေရာ၏ အတွင်းဘက်၌ မီးကဲ့သို့သောအရာတစ်ခု ရှိနေသည်ပင်။

အပိုင်း ၁၅၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset