Switch Mode

Chapter – 155

သုံးယောက်တွဲ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၅၅ – သုံးယောက်တွဲ

နွားနတ်ဘုရားနန်းတော်ရှေ့မှ နွားနက်ကြီးနှင့် နွားဝါလေးတို့ ဆွံ့အနေကြရသည်။ သူတို့ရှေ့ရှိ‌ တောင်ထိပ်တစ်ခုလုံး ပျောက်ကွယ်သွားပြီဖြစ်သည်။ ဖုန်များငြိမ်ကျသွားသည့်အချိန်တွင်တော့ ထိုတောင်အနည်းငယ် ပုဝင်သွားသည်ကို သူတို့တွေ့လိုက်ရသည်။

“ငါ ဂရုမစိုက်မိပဲနဲ့ ဒီတောင်ထိပ်ကို မတော်တဆ ပြတ်သွားအောင် လုပ်မိတာပါ..” ချူဖုန်း ခြောက်ကပ်စွာ ရယ်မော၍ ပြောလိုက်သည်။

သူတို့နှစ်ဦးသည် ချူဖုန်းကို အချိန်အတော်ကြာ စိုက်ကြည့်ပြီး ဆွံ့အနေကြရသည်။ ဒါက ဘယ်လိုရယ်စရာကောင်းတဲ့ လော့ဂျစ်ကြီးလဲ.. ဤသည်မှာ ကြီးမားကာ မာကျောလှသည့်တောင်ထိပ်တစ်ခုဖြစ်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားလေပြီ။

နွားဝါလေးသည် သူ့လက်ကောက်ဝတ်မှ ချာကရမ်ကို စိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။ “အဲဒီလက်နက်လား..”

ချူဖုန်း ရယ်မော၍ ခေါင်းညိမ့်ပြလိုက်သည်။ သူ အလွန်ကျေနပ်နေသည်ပင်။ ဤလက်နက်အမှိုက်ဖြစ်နေလျှင်ပင် ကိစ္စမရှိ။ သားရဲဘုရင်ပင် ဤလက်နက်ကို ခုခံနိုင်မည်မဟုတ်။

ဝှစ်…

နွားနက်ကြီး တရှိန်ထိုး ပြေးလာကာ လက်နက်ကို ဆွဲယူပြီး သေချာစစ်ဆေးကြည့်လိုက်သည်။ “ထူးခြားတာ ဘာမှမတွေ့ပါဘူး .. ဒီပစ္စည်းသေးသေးလေးက ဘယ်လိုလုပ် တောင်ထိပ်တစ်ခုကို ပြားချပ်သွားအောင် လုပ်နိုင်တာလဲ..”

“သူက ကျွန်တော့်ကို သခင်အဖြစ် သတ်မှတ်လိုက်လို့ သုံးလို့ရတာ..” ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။

နွားနက်ကြီးသည် နောက်ခြေပေါ် မတ်တပ်ရပ်လိုက်ကာ “မင်းကို သခင်အဖြစ် သတ်မှတ်လိုက်တယ်ဟုတ်လား .. ငါတို့ ပုံပြင်ထဲမှာ နေနေတယ်လို့ မင်းထင်နေတာလား .. ဒီလောကကြီးမှာ ငါတို့ အဆင့်တက်တာတွေပဲပြောတာ အဆင့်လွန်အယူသည်းတာတွေ မပြောဘူး”

“အဆင့်လွန်တာမဟုတ်ရင် ခင်ဗျားက ဘယ်လိုလုပ် ဝိညာဉ်စွမ်းအားရလာတာလဲ..” ချူဖုန်း ပြန်မေးလိုက်သည်။

“ဟေ့ကောင် .. မင်းရိုက်ခံချင်နေတာလား..” နွားနက်ကြီး သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။

နွားဝါလေးသည် ချာကရမ်ကို ဆွဲယူလိုက်ပြီး သူ့လက်ထဲ ချိန်ဆကြည့်လိုက်သည်။ ထို့နောက် သူ ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်လေ၏။ ဤလက်နက်ကို အသက်သွင်းနိုင်မည့်နည်းလမ်းကို သူ ချက်ချင်းပင် ရှာတွေ့သွားသည်။

ထို့နောက်တွင်တော့ သူ ထိုချာကရမ်ကို အားဖြင့် ပစ်ပေါက်လိုက်သည်။

အနီးအနားတောင်မှ ဝုန်းကနဲအသံထွက်လာသည်။ ဖုန်မှုန့်များ၊ အမှိုက်များ ငြိမ်ကျသွားသည့်အချိန်တွင်တော့ ထိုတောင်ထိပ်ကို မတွေ့ရတော့။

နွားနက်ကြီး ဆွံ့အသွားရသည်။ သားရဲဘုရင်ပင်လျှင် ဤအရုပ်ကို ခုခံနိုင်မည်မဟုတ်။

“မြန်မြန်သွားရှာ..” သူ ကျီးကန်းကို အမိန့်ပေးလိုက်သည်။

ချူဖုန်းကိုယ်တိုင် ထိုလက်နက်ကို သွားရှာလိုက်သည်။ အန္တရာယ်များကို နတ်အသိစိတ်ဖြင့် အာရုံမခံသော်လည်း ပစ္စည်းများကိုတော့ ရှာနိုင်နေဆဲပင်။

ထို့နောက်တွင်တော့ နွားဘုရင်နန်းတော်နားတွင် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာလေသည်။

ဝုန်း ဝုန်း ဝုန်း..

သိပ်မကြာခင်မှာပင် ဘေးပတ်လည်မှ တောင်ဆယ်လုံး ပျောက်သွားသည်။

ဝုန်း..

“နွားနက်ကြီး .. မင်းတို့ဘာတွေ လုပ်နေတာလဲ .. မင်းတို့စည်းကျော်နေပြီနော် .. ငါ မင်းကို သတိပေးလိုက်မယ် .. မင်းအိမ်ကို မင်းကြိုက်သလိုလုပ်လို့ရတယ် ဒါပေမဲ့ ငါ့ ဂူနန်းတော်ကိုတော့ လာမထိနဲ့ .. မဟုတ်ရင် ငါမင်းနဲ့ တိုက်ရလိမ့်မယ်..”

ဝုန်း..

“နွားကြီး .. မင်း ငါ့တောင်ကို ဖြိုချဖို့ ကြိုးစားနေတာလား .. မင်း ငါနဲ့ သူသေကိုယ်သေ တိုက်ချင်နေတာလား..”

“နွားနတ်ဆိုး .. မင်း တစ်ခြားလုပ်စရာမရှိဘူးလား..”

တကယ်တမ်းတွင်တော့ ထိုသားရဲဘုရင်များ၏နန်းတော်များမှာ အဝေးကြီး၌ ရှိနေသည်ပင်။ သို့သော် ဤအဖျက်စွမ်းအားမှာ သူတို့ကို အတော်လေး ထိတ်လန့်သွားစေသည်ပင်။

“တောင်းပန်ပါတယ် … ဒီဘုရင်က နွားနတ်ဆိုးလက်သီးပညာအဆင့်တစ်ခု တက်ထားလို့ နမော်နမဲ့ လေ့ကျင့်နေမိတာပါ” နွားနက်ကြီး ခြောက်ကပ်စွာ ရယ်မော၍ သူတို့လုပ်ရပ်များကို ဖုံးကွယ်လိုက်သည်။

“ဒါက ရတနာအစစ်ပဲ .. ဒါက အရမ်းကို ပေါ့ပါးပေမယ့် သူ့မှာ ပေါက်ကွဲတတ်တဲ့ဒေါသရှိနေတယ် .. ဒီချာကရမ်က ငါနဲ့လိုက်တယ် .. ဟေ့ကောင် .. မင်းမှာ ဓားပျံရှိနေပြီဆိုတော့ မင်း ငါ့ကို ဒါပေးလိုက်” နွားနက်ကြီး လောဘတကြီး မေးလိုက်သည်။

ဝှစ်..

ချူဖုန်း အလွန်လျင်မြန်စွာဖြင့် ချာကရမ်ကို ပြန်ယူလိုက်သည်။ “ဘော့စ်နက်ကြီး .. ဘော့စ် ဒီချာကရမ်စွမ်းအားကို စမ်းကြည့်ချင်လား..”

“မင်း လုပ်ရဲတယ်လား..” နွားနက်ကြီး နောက်တစ်လှမ်း ဆုတ်သွားလေ၏။ သူ ဤလက်နက်ကို ကြောက်သည်။

“ဒီလက်နက်ကို စမ်းဖို့အတွက် တောင်ဆိတ်ကို သွားရှာလို့ရတယ်” နွားဝါလေး အကြံပေးလိုက်သည်။

“ဟုတ်သားပဲ .. ငါ ဒီကလေးဆီက အကြွေးရစရာရှိသေးတယ်..” နွားနက်ကြီး ပြောလိုက်သည်။ ထို့နောက် သူသည် ဂန်းစတားတစ်ယောက်ကဲ့သို့ သူ့ခွာကို ဝေ့ရမ်းလိုက်သည်။ “သွားကြစို့..”

ကျီးကန်သည် သူ၏အတောင်ပံများကို ဖြန့်ကျက်လိုက်ပြီး သူတို့ကို လှပသည့်တောင်ထိပ်တစ်ခုသို့ သယ်ဆောင်သွားလိုက်သည်။

သူတို့မြင်ကွင်းထဲ ကျောက်စိမ်းနန်းတော်တစ်ခု ပေါ်လာသည်။ တောင်ဆိတ်သည် တံခါးအပြင်ဘက်တွင် ကျောက်ထိုင်ခုံတစ်ခုပေါ်၌ ပျင်းတိပျင်းရွဲထိုင်နေပြီး လက်ဖက်ရည်သောက်နေလေ၏။ သူအတော်လေး စိတ်အခြေအနေ ကောင်းနေသည့်ပုံပင်။

ဤသုံးယောက် သူ့ထံလျှောက်လာနေသည်ကို မြင်လိုက်သည်နှင့် တောင်ဆိတ်ကြီး ဦးရေပြားများ ထုံကျဉ်လာသည်။ သူ ဤဘိုးဘေးသုံးယောက်ကို မဆန့်ကျင်နိုင်။

“နွားဘုရင်၊ ချူဘုရင် ..” သူ ခုံမှထကာ မြန်မြန်နှုတ်ဆက်လိုက်သည်။

“ငါတို့ မင်းနဲ့ လျော်ကြေးကိစ္စဆွေးနွေးဖို့ လာခဲ့တာ” နွားနက်ကြီး ဒဲ့တိုးပင် ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး .. ကျွန်တော့်ဆေးခင်းထဲက ကြိုက်တဲ့အပင်တွေ့ရင် တူးယူသွားလိုက်ပါ” တောင်ဆိတ်ကြီး ပြောလိုက်သည်။ သူ့ထံတွင် အခြားရွေးချယ်စရာမရှိ။ ဤဘုရင်သုံးယောက်ရှေ့တွင် သူ ခေါင်းငုံ့နေရုံသာ တတ်နိုင်သည်။

“အပင်တွေပေါ်က အသီးတွေကို မင်း အစောကြီးကတည်း ပြောင်အောင်ခူးပြီးသွားပြီ .. ဒီအပင်တွေ ဘယ်အချိန်မှ နောက်တစ်ခေါက် ပြန်ပွင့်မလဲဆိုတာ မသိနိုင်ဘူး .. ပြီးတော့ နေရာအပြောင်းအရွှေ့ကြောင့်လည်း သေသွားနိုင်တယ် .. မင်း ဒီအပင်တွေကို ဆက်ပြီးစောင့်ရှောက်ထားရင် အကောင်းဆုံးပဲ .. နောက်တစ်ခေါက် အသီးသီးတဲ့အချိန်မှ ငါလာခူးမယ်” နွားနက်ကြီး ညွှန်ကြားလိုက်သည်။

တောင်ဆိတ်ကြီးမှာ နှလုံးသွေးများ စီးကျနေပြီဖြစ်သည်။ ဤစကားများမှာ စကားအဖြစ်ပြောလိုက်ခြင်းမဟုတ်ကြောင်း သူသိသည်။ ဤနွားနှစ်ကောင်ကိုသာ သူ့ဆေးခင်းကြီး ဖွင့်ပေးလိုက်လျှင် သူ သေချာပေါက် ဆိုးရွားလှသည့်ဆုံးရှုံးမှုများနှင့် တွေ့ကြုံရမည်ပင်။

“သစ်တောက်ငှက်ရဲ့ ဆေးခင်းက ပြန်လျော်ဖို့အတွက် မလောက်ဘူးလား..” သူ ယုံကြည်ချက်သိပ်မရှိ။

နွားနက်ကြီးသည် သူ့ကို စိုက်ကြည့်လိုက်ကာ “အဲဒီတောင်ကို ငါ့ညီအစ်ကိုချူဖုန်းက သိမ်းထားတာ .. အဲဒီတော့ အဲဒီတောင်ကို သူပိုင်တယ် .. မင်းက ဘေးကနေ ပါခဲ့တာဆိုတော့ မင်းလည်း အလျော်ပေးရမယ်”

“အိုကေ .. တော်ပြီ..” နွားဝါလေး နွေးထွေးစွာပြုံးလိုက်ပြီး နွားနက်ကြီးကို တားဆီးလိုက်သည်။ ထို့နောက် သူသည် တောင်ဆိတ်ဘက်လှည့်ကာ “ငါတို့က အကူအညီနည်းနည်းလောက် တောင်းချင်လို့ပါ”

“ဘယ်လိုအကူအညီမျိုးလဲ..” တောင်ဆိတ်ကြီး မေးလိုက်သည်။

နွားဝါသည် တောက်ပစွာ ပြုံးနေပြီး သူ့အသံလည်း နူးညံ့နေလေသည်။ သူ့ပုံစံမှာ အပြစ်ကင်းကာ အန္တရာယ်မရှိသည့်ပုံပင်။ “အရမ်းကို ရိုးရှင်းပါတယ် .. ချူဖုန်းကို သူ့လက်နက်စမ်းသပ်ဖို့ ကူညီပေးရုံပါ”

“ကိစ္စမရှိပါဘူး .. ဒါက တော်တော်လေး ရိုးရှင်းလောက်တယ်” တောင်ဆိတ်ကြီး ချက်ချင်းသဘောတူလိုက်သည်။ ဒါက လက်နက်တစ်ခုကို ဆန်းစစ်ရုံပဲမလား .. သူက ကျွမ်းကျင်သူတစ်ယောက်မဟုတ်ရင်တောင် သူ့အတွက် သိပ်မခက်လောက်ဘူး..

သို့သော် သူ့အပြုံးမှာ လျင်မြန်စွာပင် ပျောက်ကွယ်သွားကာ သူ့ဆံပင်မွေးများလည်း ထောင်ထလာသည်။ ချူဖုန်းသည် သူ၏ချာကရမ်ကို ပစ်ပေါက်လိုက်ပြီး သူ့အား ဝေးဝေးသွားရန် ပြောလိုက်သည်ပင်။

“မလုပ်ပါနဲ့ .. ကျွန်တော်တို့ အေးအေးချမ်းချမ်း စကားပြောလို့ရပါတယ် .. အကြမ်းပတမ်းတွေ မလုပ်ပါနဲ့..” တောင်ဆိတ်ကြီး စိုးရိမ်စွာ ပြောလိုက်သည်။

“အထင်မလွဲပါနဲ့ .. ကျုပ်က ဒီလက်နက်အသစ်ရဲ့စွမ်းအားကို စမ်းကြည့်ချင်ရုံပါပဲ.. ခင်ဗျား နောက်ထပ် နောက်ဆုတ်ပြီး ဒီလက်နက်ကို အားကုန်ခုခံလိုက်ပါ”

“မ လုပ် နဲ့..” တောင်ဆိတ်ကြီး သနားစဖွယ် အော်ဟစ်လိုက်သည်။

ချာကရမ်သည် အသံအတားအဆီးကို ဖြတ်ကျော်ကာ အလွန်လျင်မြန်သည့်အရှိန်ဖြင့် သူ့ထံသို့ ရောက်လာသည်။ သူ ဘေးဘက်သို့ ရှောင်လိုက်ပြီး သူ့လက်နှစ်ဘက်ဖြင့် ကာလိုက်သော်လည်း ထိုလက်နက်သည် သူ့ကို ထိမှန်သွားဆဲပင်။

ထိုချာကရမ်ကို ကာလိုက်သည့် သူ့လက်နှစ်ဘက်လုံး ကျိုးသွားသည်။

ဒုတ်..

နောက်ဆုံးတွင် ချာကရမ်သည် ဖြတ်ခံထားရပြီး ငုတ်တိုလေးသာ ကျန်တော့သည့်သူ့ဦးချိုကို တစ်စစီဖြစ်အောင်လုပ်လိုက်လေသည်။ တောင်ဆိတ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး လှုပ်ပင်မလှုပ်နိုင်တော့။

ချာကရမ်သည် သူ့ဦးချိုကိုဖြတ်ကာ အဝေးမှ တောင်ငယ်လေးတစ်လုံးကို သွားထိမှန်ပြီး ထိုတောင်မှာ တစ်စစီဖြစ်သွားသည်။

နွားဝါသည် ကျီးကန်းကိုစီးကာ ထိုချာကရမ်ကို ပြန်သွားရှာလိုက်သည်။ နွားနက်ကြီးနှင့် ချူဖုန်းကတော့ တောင်ဆိတ်ကြီးထံသို့ ပြေးသွားပြီး သူ့ကို စစ်ဆေးကြည့်လိုက်သည်။ သူသည် အကြောဆွဲနေသော်လည်း အနည်းဆုံးတော့ အသက်ရှင်နေသေးသည်ပင်။

“တောင်ဆိတ်ကြီး .. ထတော့ .. ငါတို့တမင်သက်သက်လုပ်တာမဟုတ်ပါဘူး .. ဆောရီးနော် .. မင်း ငါတို့ကို အလျော်ပေးစရာမလိုတော့ဘူး..” ချူဖုန်း အော်ဟစ်လိုက်သည်။ သူ ဤသားရဲဘုရင်အတွက် စိတ်မကောင်းဖြစ်သွားရသည်။

“ဟေ့ကောင် .. မင်း လူသတ်ဖို့လုပ်နေတာလား..” နွားနက်ကြီး ဆွံ့အသွားရသည်။

“ကျွန်တော် ဘာစွမ်းအားမှ သုံးမထားဘူး .. ကျွန်တော်က ဒီလက်နက်ကြီးသပ်သပ် စမ်းသပ်လိုက်တာ” ချူဖုန်း တီးတိုးပြောလိုက်သည်။

နွားနက်ကြီး အံ့အားသင့်သွားရသည်။ ဒီချာကရမ်လေးမှာ သေချာပေါက် လူသတ်လက်နက်ပင်။

ချူဖုန်းလည်း တွက်ချက်မှုအချို့ပြုလုပ်ပြီးနောက် ကြောက်လန့်သွားရသည်။ ဤချာကရမ်သည် ကျည်ဆံထက်မြန်သော်လည်း သူ့အလေးချိန်မှာ ကျည်ဆံထက် အဆပေါင်းထောင်ပေါင်းများစွာ ပိုလေးသည်။

“မင်း သူ့ဦးခေါင်းခွံကို မချိန်မိလို့ တော်သေးတာပေါ့.. မဟုတ်လို့ကတော့ သူ တစ်စစီဖြစ်သွားလောက်ပြီ” နွားနက်ကြီး တီးတိုးပြောလိုက်သည်။ သူတို့သာ အကြောင်းပြချက်မရှိပဲ သားရဲဘုရင်တစ်ကောင်အား သတ်လိုက်လျှင် အခြားသားရဲဘုရင်များ မေးခွန်းထုတ်လာလိမ့်မည်။

“ကျွန်တော် အားကို အများကြီးလျော့ထားတာ လုံးဝမသုံးသလောက်ပဲ..” ချူဖုန်း ပြန်ဖြေလိုက်သည်။

တောင်ဆိတ်ကြီး နိုးလာသည့်အချိန်တွင် သူသည် သူ့နန်းတော်ထဲရှိ ကျောက်စိမ်းကုတင်ထက်၌ လဲနေကြောင်း တွေ့လိုက်ရသည်။ နွားနှစ်ကောင်နှင့် ချူဖုန်း သူ့အား ပြုံးပြနေသည်ကို တွေ့လိုက်ရသည့်အချိန် သူ့သွေးများ အေးခဲသွားပြီး ဦးရေပြားကြီး ထုံကျဉ်သွားရသည်။

ချူဖုန်းကို အဘယ်ကြောင့် နတ်ဆိုးဘုရင်ချူဟုခေါ်မှန်း သူ နားလည်သွားလေပြီ။ ဒါက ဘယ်လိုလုပ် ‘လက်နက်စမ်းသပ်’ တာဖြစ်မှာလဲ..

“အစ်ကိုတောင်ဆိတ်ကြီး .. အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ.. ဒီနေ့ ကျွန်တော်တို့ အစ်ကိုကို့ ဒုက္ခပေးမိသွားတယ်” ချူဖုန်း နွေးထွေးစွာ ပြောလိုက်သည်။

တောင်ဆိတ်ကြီးသည် ချူဖုန်း၏ပြုံးနေသည့်မျက်နှာကို ကြည့်ပြီးနောက် တောက်ပနေသည့်လက်ကောက်ကို ကြည့်လိုက်သည်။ သူ မည်သည့်နွေးထွေးမှုမှ မခံစားရ။ ဆံပင်မွေးများသာ ထောင်ထလာသည်။

“ကျွန်တော် ဒီရက်တွေမှာ အားဖြည့်လိုက်ဦးမယ် .. အဲဒီတော့ ခင်ဗျားတို့မှာ အရေးကြီးကိစ္စတွေမရှိရင် ကျွန်တော့်ကို လာမရှာပါနဲ့” တောင်ဆိတ်ဘုရင် ပြောလိုက်သည်။ သူသည် ချူဖုန်းနှင့် ထပ်မတွေ့ချင်တော့ကြောင်း သွယ်ဝိုက်၍ ပြောလိုက်ခြင်းပင်။

သူ့အတွက်တော့ ဤကြောက်စရာကောင်းသည့်အတွေ့အကြုံများမှာ လုံလောက်သွားလေပြီ။ ချူဖုန်းကို မြင်လိုက်တိုင်း သူ့ဆံပင်မွေးများ ထောင်ထလာပြီး သူ့အပြုံးကို မြင်ရသည်မှာ နတ်ဆိုးအပြုံးကို မြင်နေရသကဲ့သို့ပင်။

သူ၏မကြိုဆိုသည့်ပုံစံကို တွေ့သည်နှင့် ချူဖုန်း လှည့်ထွက်သွားလိုက်သည်။

နွားနက်ကြီးသည် တောင်ဆိတ်အား ဤလက်နက်ကြောင်း မပေါက်ကြားစေရန် သတိပေးလိုက်သည်။

ထို့နောက်တွင်တော့ နွားဝါလေးသည် တောင်ဆိတ်ကြီးအား နှစ်သိမ့်ပေးလိုက်ပြီး ဤကံမကောင်းသည့်သားရဲဘုရင်ကြီးအား လက်သီးပညာအချို့ သင်ပေးလိုက်သည်။ သူသင်ပေးလိုက်သည့်ပညာမှာ ‘ဦးချိုမပါသည့်တောင်ဆိတ်’ဟုခေါ်သည့် လက်သီးပညာပင်။

ရက်အချို့ကြာပြီးနောက် ချူဖုန်း လက်လျော့လိုက်သည်။ သူသည် သူ့အစေ့များကို ခွန်းလွန်ရှိ တောင်များစွာ၌ စိုက်ပျိုးခဲ့သော်လည်း ယခုထိ အညှောင့်မပေါက်လာသေး။

“ဒီကမ္ဘာမြေကြီးက ပြန်ကောင်းနေတုန်းပဲ .. နောင်ကျရင် လေးရောင်စပ်၊ ငါးရောင်စပ်၊ ကိုးရောင်စပ် သန္ဓေပြောင်းမြေကြီးတွေ ပေါ်လာနိုင်တယ်” နွားဝါလေး နှစ်သိမ့်ပေးလိုက်သည်။

သူပြောသည့်အတိုင်းဆိုလျှင် ထိုမြေကြီးများမှ ပေါက်လာသော အပင်များမှ အသီးများမှာ ပို၍ကောင်းမွန်မည်ပင်။

“နာမည်ကြီးတောင်တစ်ချို့ကို တစ်ချို့အင်အားကြီးတဲ့သူတွေ ပိုင်သွားပြီ .. ဒါပေမဲ့ အဲဒီနတ်သစ်ပင်တွေ အပြည့်အဝ ပြန်ရှင်လာပြီး သူတို့ရဲ့‌ ဆေးအာနိသင်တွေ ပြလာရင် အဲဒီတောင်တွေမှာ သွေးချောင်းစီးမှာပဲ”

ရက်အချို့ ကုန်လွန်သွားပြီးသည့်နောက်တွင်တော့ သူတို့အားလုံး ဥရောပသို့သွားရန် အဆင်သင့်ဖြစ်နေလေပြီ။

ကျိုးချွမ် သူတို့ကို လိုက်ပို့လိုက်သည်။ သူသည် ချူဖုန်းကို မျက်ရည်များဖြင့် ပွေ့ဖက်နှုတ်ဆက်နေလေသည်။ တကယ်တမ်းတွင်တော့ သူ လူသားများနှင့် လူ့အသိုင်းအဝိုင်းကို အလွန်သတိရနေပြီဖြစ်သည်။

သူတို့ ဥရောပမှ ပြန်လာလျှင် ကျိုးချွမ်ကို ခဏသွားလည်ခွင့်ပေးမည်ဟု နွားနက်ကြီး သူ့ကို ကတိပေးလိုက်သည်။

တရုတ်ပြည်အနောက်ပိုင်းတွင်လည်း ဥရောပသို့သွားသည့်လမ်းတစ်ခု ရှိသည်။

သို့သော် ထိုလမ်းသည် ခွန်းလွန်တောင်နား၌ ရှိနေသည်မဟုတ်။ ထိုလမ်းသည် ရှင်းကျန်းရှိ တာဘန်ချိုင့်ဝှမ်းနား၌ ရှိနေခြင်းပင်။ သူတို့သုံးယောက်သည် ကျီးကန်းကိုစီးနင်းကာ တောင်ပေါင်းများစွာကို ဖြတ်ကျော်ခဲ့လိုက်ကြသည်။

နောက်ဆုံးတော့ သူတို့ ရှင်းကျန်းသို့ ရောက်လာလေပြီ။

ချို့ဝှမ်းထဲတွင် ကြီးမားလှသည့် ပေါ့ပလာပင်ကြီး ရှိနေသည်။ ထိုအပင်သည် မီတာ ၃၀၀၀ ခန့်မြင့်ပြီး ဘေးပတ်လည်ရှိ အချို့တောင်များထက်ပင် မြင့်နေသည်။

ဤသစ်ပင်သည် မူလက နှစ်ပေါင်းထောင်ချီသက်တမ်းရှိသည့် သစ်ပင်ပင်။ ကမ္ဘာကြီး ပြောင်းလဲပြီးသည့်နောက်မှသာ အလွန်လျင်မြန်သည့်နှုန်းဖြင့် ကြီးထားလာပြီး ဤမျှအရွယ်အစားရောက်သည်အထိ ကြီးမားလာခြင်းပင်။

သူသည် အသိစိတ်ရှိနေပြီဖြစ်ပြီး သားရဲဘုရင်များကို မကြောက်။

“ပေါ့ပလာသစ်ပင်ဘုရင် .. ကျွန်တော်တို့က ဒီနားကို ဖြတ်သွားရုံတင်ပါ .. ကျွန်တော်တို့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး” နွားနက်ကြီး ပြောလိုက်သည်။

“သွားပါ..” မီတာသုံးထောင်ရှည်သည့် ပေါ့ပလာသစ်ပင်သည် သူ၏သစ်ကိုင်းများကို ညင်သာစွာ လှုပ်ခတ်ပြီး ပြောလိုက်သည်။ သူ့နတ်အသိစိတ်များမှာ ထူးခြားလှသောကြောင့် ဤဘုရင်သုံးဦးတွင် မကောင်းသည့်ရည်ရွယ်ချက်မရှိမှန်း သူသိနိုင်သည်ပင်။

အရှေ့ဘက်ရှိလမ်းမှာ ကိုယ့်လက်ချောင်းကိုကိုယ် ပြန်မမြင်ရလောက်အောင် မြူဆိုင်းနေသည်။ ထို့အပြင် နတ်အသိစိတ်များလည်း ကန့်သတ်ခံထားရသည်ပင်။

“သတိထား .. တစ်ယောက်နဲ့တစ်ယောက်ကပ်နေ .. လူမကွဲစေနဲ့..” နွားနက်ကြီး သတိပေးလိုက်သည်။

မြူဆိုင်းသည့်ဧရိယာကို ဖြတ်ကျော်လာပြီးနောက် သူတို့ တာဘန်ချိုင့်ဝှမ်းကို ဖြတ်ကျော်ကာ အခြားနေရာတစ်ခုသို့ ရောက်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

“ဒါ ဘယ်နေရာလဲ..” သူတို့ တောင်တစ်တောင်နားသို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။

“ဒါက ဂရိနိုင်ငံဖြစ်လောက်မယ်” နွားဝါလေး ပြောလိုက်သည်။ ယခင်က သားရဲမျိုးနွယ်စုများသည် ဤမြူလမ်းကိုဖြတ်ကာ ဂရိနိုင်ငံနှင့် တာဘန်ချိုင့်ဝှမ်းကြား ခေါက်တုံ့ခေါက်ပြန် သွားဖူးကြသည်ပင်။

“ငါ အမှတ်မမှားရင် အဲဒီချီလင်းဘုရင်က ဂရိမှာ နေတာမလား..” ချူဖုန်း မေးလိုက်သည်။

“ဟုတ်တယ် .. သူက အိုလံပစ်တောင်ခြေမှာ နေတာ .. သူက နဂါးနီတစ်ကောင်ဖြစ်မယ်လို့ ငါထင်တယ် .. သူက တော်တော်လေး စွမ်းအားကြီးတယ် .. လူတွေ သူ့ကို မီးနတ်ဘုရားလို့ ခေါ်ကြတယ်” နွားဝါလေး ခေါင်းညိမ့်၍ ပြောလိုက်သည်။

“ဩဂတ်စတပ်နဲ့ အဲဒီချီလင်းဘုရင်တို့က တော်တော်လေး အထင်သေးတတ်ကြတာပဲ .. သူတို့တွေက မင်းကို ဗာတီကန်စစ်ပွဲမှာ ဝင်ပါဖို့တောင် စိန်ခေါ်လိုက်သေးတယ်” နွားနက်ကြီး အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။

“ဘော့စ်နက်ကြီး .. ဘော့စ်မှာ အကြံရှိလား..” ချူဖုန်း မေးလိုက်သည်။

“အနောက်နဂါးက မင်း ဥရောပကို ရောက်တာနဲ့ မင်းကို သင်ခန်းစာပေးမယ်လို့ ပြောထားတာမလား .. ငါတို့ သူ့အသိုက်ဆီအရင်သွားပြီး သူ့ကို သင်ခန်းစာအရင်ပေးသင့်တယ်လို့ ငါထင်တယ်”

“ဒါ အကြံကောင်းပဲ..” နွားဝါလေး လက်မထောင်ပြလိုက်သည်။

ချူဖုန်း ပြုံးလိုက်ကာ “ဒီနဂါးက ရတနာတွေ သိမ်းရတာကြိုက်တယ်လို့ကြားတယ် .. ကျွန်တော်တို့ သူ့ရတနာသိုက်ကြီးကို ရှင်းပေးလို့ရတယ်”

သူတို့သုံးယောက်ပေါင်းလိုက်လျှင် ငြိမ်းချမ်းသည့်အဖြေများ ထွက်လာမည်မဟုတ်ပေ။

လမ်းသရဲများပင်လျှင် သူတို့သုံးယောက်နှင့်ယှဉ်လျှင် အားနည်းသွားလိမ့်မည်။

တောင်ဧရိယာမှ ထွက်လာပြီး အဝေးမှ မြို့ကို ကြည့်လိုက်သည်။ ထို့နောက် သူ့ဘေးရှိ နောက်ခြေပေါ်ရပ်ကာ ခရမ်းရောင်ဓားရှည်ကြီး လွယ်ထားသည့် နွားနက်ကြီးကို ကြည့်လိုက်သည်။ ထို့နောက် သူ ရွှေရောင်နွားဝါလေးထံသို့ ကြည့်လိုက်ကာ “မဖြစ်သေးဘူး .. ငါတို့တွေ သွားချင်တဲ့နေရာမရောက်သေးခင် သတင်းစာ ခေါင်းစည်းမှာပါသွားလိမ့်မယ် .. ခင်ဗျားတို့နှစ်ယောက် လူပုံစံ ပြောင်းမှရမှာ”

“လွယ်လွယ်လေးပါ..” နွားနက်ကြီး မငြင်း။

နွားဝါလေးကတော့ ဤအကြံကို အတော်လေး မပျော်မရွှင်ဖြစ်နေလေသည်။

သို့သော် အခြားနှစ်ယောက်ကို မငြင်းဆန်နိုင်သောကြောင့် နောက်ဆုံးတော့လည်း သူ သဘောတူလိုက်ရသည်။

ထိုညတွင် နွားနက်ကြီးသည် စတိုးဆိုင်တစ်ခုကို မွှေနှောက်ရှာဖွေလေတော့သည်။ သူ ပြန်လာသည့်အချိန်တွင်တော့ ချူဖုန်းပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူ ဘလက်ကီကြီးကို မှတ်ပင် မမှတ်မိတော့။

နွားနက်ကြီးသည် အရပ် ၁၉၅ စင်တီမီတာကျော်ရှည်ပြီး ခန္ဓာကိုယ်တုတ်ခိုင်သည်။ သူသည် အနက်ရောင်သားရေဖိနပ်ကို ဝတ်ဆင်ထားပြီး အနက်ရောင်နေကာမျက်မှန်ကို တပ်ဆင်ထားသည်။ သူ့ဆံပင်ကို အနောက်လှန်တင်ထားကာ ပါးစပ်ထဲ၌လည်း ကြီးမားလှသည့်ဆေးပြင်းလိပ်ကို ကိုက်ထားသေးသည်ပင်။

အပိုင်း ၁၅၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset