Switch Mode

Chapter – 5

မှောင်ခိုဈေး၏ စိန်ခေါ်ပွဲ

Chapter – 5 မှောင်ခိုဈေး၏ စိန်ခေါ်ပွဲ

တန်ဖိုးကြီးရတနာသေတ္တာကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သောအခါ စူးရှလွန်းသည့် ရောင်စုံအလင်းတန်းများက သေတ္တာအတွင်းမှ ထွက်လာသည်။

ရှီဖုန်းက မှောင်နေသော လမ်းကြားထဲတွင် ရောက်နေပြီး လမ်းကြားထဲတွင် တခြားကစားသမားများ မရှိခြင်းက သူ့ကို ကံကောင်းသွားစေသည်။ မဟုတ်လျှင် သူတို့က လိုချင်တပ်မက်စိတ်ကြောင့် ရှီဖုန်းအား သတ်ပြီး ပစ္စည်းကို လုယူကြပေလိမ့်မည်။

အလင်းရောင်များ မှေးမှိန်ပျောက်ကွယ်သွားပြီးနောက် ရတနာသေတ္တာထဲတွင် ရိုးရှင်းသော ငွေရောင်လည်ဆွဲတစ်ခုနှင့် ခရမ်းရွှေလက်စွပ်တစ်ကွင်းကို တွေ့လိုက်ရသည်။ လက်စွပ်၏ အပြင်ဘက်တွင် နတ်သူငယ်တို့၏ ရှေးဟောင်းဘာသာစကားကဲ့သို့ စာလုံးများ ရေးထွင်းထားပြီး အထဲတွင် များပြားလှသော မှော်စွမ်းအားများကို သိုလှောင်ထား၏။

“ကံကောင်းတာပဲ… မြေဆွဲအားလက်စွပ်ရတယ်… “

လက်စွပ်၏ ပုံစံကို မြင်သောအခါ ရှီဖုန်းက လေကို ရှူထုတ်လိုက်ပြီး ဂရုတစိုက်ဖြင့် သေတ္တာအတွင်းမှ လက်စွပ်ကို ထုတ်ယူကာ စစ်ဆေးကြည့်လိုက်သည်။

“မြေဆွဲအား လက်စွပ်” (ထူးခြားသံအဆင့်)
ကိရိယာအဆင့် = ၀
သန်မာမှု +၂
သွက်လက်မှု +၁
သည်းခံနိုင်စွမ်း +၁

ထပ်ပေါင်းစကေး… ။ ‘မြေဆွဲအား လွတ်မြောက်မှု’ (အသုံးပြုသူအပေါ်သို့ သက်ရောက်နေသော မြေဆွဲအားကို လျော့ပေးနိုင်ခြင်း)
ကြာချိန် ၃၀စက္ကန့်
ပြန်လည်အသုံးပြုနိုင်မည့် အချိန် ၅မိနစ်

“ကောင်းတယ်… ဒါက ကြေးအဆင့်တောင် မဟုတ်ဘူးပဲ… “

အိုင်တမ်၏ အသေးစိတ်အချက်အလက်များကို ဖတ်ရှုပြီးနောက် ရှီဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။ ရရှိလာသည့် ပစ္စည်းက ခန့်မှန်းထားသည်ထက် ပို၍ ကောင်းမွန်နေသည်။

နတ်ဘုရားနယ်မြေတွင် ကိရိယာများကို အမှိုက်၊ သာမန်၊ ကြေး၊ ထူးခြားသံ၊ လျှို့ဝှက်ငွေ ၊ ရွှေစင်၊ မဟူရာရွှေ နှင့် အံ့ဖွယ်ဆိုပြီး အဆင့်ခွဲခြားထား၏။

ဂိမ်းအစပိုင်းတွင် ကစားသူများသည် စနစ်မှ ပေးသည့် အမှိုက်အဆင့် ကိရိယာများကိုသာ ရရှိကြသည်။ ထိုကိရိယာများသည် တန်ဖိုး မရှိကြချေ။ ဂိမ်းအစတွင် မည်သူကမှ သာမန်ကိရိယာများကို မပိုင်ဆိုင်ကြပေ။ တစ်ယောက်ယောက်က မြို့ကြီးများတွင် သာမန်ကိရိယာများကို ဝယ်ယူလျှင် တန်ဖိုးကြီးကြီးပေး၍ ဝယ်ယူကြရသည်။ ကြေးအဆင့်ကိရိယာကတော့ အလွန်ကို ရှားပါးပြီး ကြေးအဆင့် ကိရိယာများတွင် ထပ်ပေါင်းစွမ်းရည်များ ပါဝင်လာသည်။ ထူးခြားသံအဆင့် ကိရိယာကတော့ ဘော့စ်များထံမှသာ ကျပြီး ကြေးအဆင့်ထက် အလွန့်အလွန်ကို ရှားပါး၏။

ယခင်ဘဝတွင် ကစားသမားတစ်ယောက် ပိုင်ဆိုင်သော မြေဆွဲအားလက်စွပ်သည် ကြေးအဆင့်သာ ရှိပြီး ထပ်ပေါင်းစွမ်းရည်အနေဖြင့် သန်မာမှုအမှတ် +၁ ကိုသာ ပေးစွမ်း၏။ မြေဆွဲအား လွတ်မြောက်ခြင်းစကေးကလည်း ကြာချိန် ၁၅စက္ကန့်သာ ရှိ၏။ သူကတော့ အဆင့် သုညဖြင့် တာဝန်ကို အောင်မြင်ခဲ့ပြီး ထူးခြားသံအဆင့် မြေဆွဲအားလက်စွပ်ကို ဆုလာဘ်အဖြစ် ရခဲ့ခြင်းက သူ့ကို အံ့အားသင့်စေသည်။

လည်ဆွဲကတော့ မီးခိုးရောင်အိုင်တမ် ဖြစ်၏။ NPC ကုန်သည်များက ဤကဲ့သို့ အိုင်တမ်များကို အငမ်းမရ လိုချင်ကြပြီး မြင့်မားသောဈေးနှုန်းဖြင့် ပေးဝယ်ကြသည်။

မြေဆွဲအားလက်စွပ်ကို ဝတ်ဆင်လိုက်ပြီးနောက် ရှီဖုန်းက အဆင့်တက်ရာမှ ရရှိထားသော အခမဲ့စွမ်းရည်အမှတ် ၄မှတ်ကို သွက်လက်မှုတွင် ပေါင်းထည့်လိုက်သည်။

ရှီဖုန်း၏ သွက်လက်မှုအမှတ်က ၁၂ထိ ဖြစ်သွားပြီး သူ၏ တိုက်ခိုက်မှုနှုန်းက ၅မှတ် နှင့် ရွေ့လျားမှုနှုန်းက ၆မှတ်အထိ ရောက်သွား၏။ ယခုဆိုလျှင် သူက သွက်လက်မှုကို အားထားသော အဆင့်တူ လုပ်ကြံသတ်ဖြတ်သူစစ်စစ်တစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်လုနီးပါးပင် ဖြစ်နေလေပြီ။

“ငါက အဆင့်၃ကို ရောက်ပြီးရင် ငါ့ရဲ့ သွက်လက်မှုက အမှတ်၂၀ ဖြစ်သွားလိမ့်မယ်… အဲ့အချိန်ရောက်ရင် ငါက သွက်လက်မှုစနစ်ရဲ့ လျှို့ဝှက်အခြေခံစကေးကို ဖွင့်နိုင်လိမ့်မယ်… “ ရှီဖုန်းက သူ၏စွမ်းရည်ပြ ဇယားကို ကြည့်ပြီး ခန့်မှန်းလိုက်သည်။

ရှီဖုန်းက သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သောအခါ ယခင်ကထက် ပို၍ ပေါ့ပါးနေသည်ကို ခံစားမိလိုက်သည်။ ယခုချိန်တွင် သူက မြို့တော်ဝန်ခရော့နှင့် ရင်ဆိုင်မိလျှင်တောင်မှ ယခင်ကဲ့သို့ သနားစရာကောင်းသည့် အခြေအနေကို ရောက်လိမ့်မည် မဟုတ်ချေ။

သူ၏ သွက်လက်မှုက အမှတ်၂၀သို့ ရောက်သည့်အခါ အခြေခံစကေး(လျင်မြန်မှု နှင့် သွက်လက်မှု)ကို အသုံးပြုလိုက်လျှင် သူက ယခုထက် ပိုပြီးတော့တောင် သွက်လက်မြန်ဆန်လာဦးမည် ဖြစ်ပြီး ဝူရှဝတ္ထုများထဲမှ ဝူးလင်သိုင်းသမားများနှင့်ပင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

ရှီဖုန်းက အခမဲ့ကျွမ်းကျင်မှုအမှတ် ၁၅မှတ်ကို သူ၏ ဓားတစ်လက်ကျွမ်းကျင်မှုထဲတွင် ထည့်ပေါင်းလိုက်ပြီး ကျန်သည့်ကျွမ်းကျင်မှု ၅ မှတ်ကို နောင်တွင် အသုံးပြုရန် သိမ်းထားလိုက်သည်။ ယခုဆိုလျှင် ဓားတစ်လက်ကျွမ်းကျင်မှုသည် စုစုပေါင်း ၂၀မှတ်ထိ ရှိနေပြီး ပညာသင်အဆင့်မှ အခြေခံအဆင့်သို့ ရောက်သွား၏။ ထပ်ပေါင်းတိုက်ခိုက်မှုစွမ်းအားကလည်း ၁၀ရာခိုင်နှုန်းအထိ တိုးလာသည်။ သို့သော်လည်း သူက အခြေခံအဆင့် ဓားသမားမှ အလယ်အဆင့် ဓားသမားဖြစ်ရန် ကျွမ်းကျင်မှုအမှတ် ၃၀ လိုနေသေး၏။

ပုံမှန်တိုက်ခိုက်မှုများသည် ဓားသမားတစ်ယောက်အတွက် အခြေခံများ ဖြစ်၏။ တစ်ယောက်ယောက်ကသာ ဓားကျွမ်းကျင်သူ ဖြစ်ချင်လျှင် စကေးများလည်း ပိုင်ဆိုင်ထားရမည်။ စကေးက များလေ ကောင်းလေ ဖြစ်ပြီး တိုက်ပွဲအတွင်းတွင် ပြောင်းလဲတိုက်ခိုက်ကာ များပြားလှသည့် တိုက်ခိုက်မှုစွမ်းအားကို ပေးစွမ်းနိုင်လိမ့်မည် ဖြစ်သည်။

ရှီဖုန်းက ဓားနှင့် ပက်သတ်၍ ကျွမ်းကျင်သည့်အပြင် ပြန်လည်မွေးဖွားလာသော ဓားသမားတစ်ယောက်လည်း ဖြစ်သည်။ ယခု သူ့ထံတွင် မြေဆွဲအားလက်စွပ်ကဲ့သို့ ထူးခြားသော အိုင်တမ်တစ်ခု ရှိနေပြီဖြစ်သည့်အတွက် ဓားသမားတစ်ယောက်၏ စွမ်းရည်များကို ပို၍ ထုတ်ပြနိုင်တော့မည်ဖြစ်သကဲ့သို့ အဆင့်တက်ရာတွင်လည်း ပိုမို မြန်ဆန်လာတော့မည် ဖြစ်သည်။ မဟုတ်လျှင် သူ့အနေဖြင့် သာမန်တိုက်ခိုက်မှုများအပေါ် မှီခိုပြီး သူ၏စွမ်းရည်များကို တိုးတက်အောင် ပြုလုပ်ရန်မှာ ခက်ခဲလှသည်။

“ငါ မှတ်မိသလောက်ဆိုရင် အနီရောင်သစ်ရွက်မြို့ရဲ့ ပိုင်နက်ထဲမှ မှောင်ခိုဈေးရဲ့ ပြိုင်ပွဲရှိတယ်… ပထမဆုံးအကြိမ် စိန်ခေါ်မှုကို အောင်နိုင်တဲ့သူက ဓားသမားအတွက် စကေးစာအုပ်တစ်ခု ရမှာပဲ… “

စကေးစာအုပ်အများစုသည် အဆင့် ၃မှ အဆင့် ၅ မွန်စတားများမှ ကျလေ့ ရှိပြီး သူတို့၏ စကေးစာအုပ်ကျနှုန်းသည် အလွန်နည်းပါး၏။ ဂိမ်း၏ အစပိုင်း၌ ထိုမွန်းစတားများကို သတ်နိုင်သည့် ကစားသမားများ မရှိကြသေးပေ။ ရှီဖုန်းက မွန်းစတားများကို သတ်ပြီး ဓားသမားအတွက် စကေးစာအုပ်များ ရှာမည်ဆိုလျှင် သူ့အတွက် အချိန်အများကြီး ပေးရပေလိမ့်မည်။ ဓားစကေးစာအုပ်တစ်အုပ်ကို ရရှိရန် အမြန်ဆုံးနည်းလမ်းမှာ မှောင်ခိုဈေးပြိုင်ပွဲတွင် ဝင်ပြိုင်ခြင်းပင် ဖြစ်သည်။

အနီရောင်သစ်ရွက်မြို့၏ ရောင်းဝယ်ရေးနေရာ… ။

လမ်း၏ ဘေးနှစ်ဖက်တွင် ဆိုင်ခန်းများဖြင့် ပြည့်နေပြီး ဆေးဆိုင်၊ ပန်းပဲဆိုင်၊ အရက်ဆိုင်နှင့် တခြားအရောင်ဆိုင်များ ရှိနေကာ ဈေးအသေးတစ်ခုကဲ့သို့ ဖြစ်နေလေသည်။ သို့သော်လည်း လက်ရှိရောင်းဝယ်ရေးနေရာသည် စည်ကားသင့်သလောက် စည်ကားခြင်း မရှိသေးချေ။ အဘယ်ကြောင့်ဆိုသော် ဂိမ်းဖွင့်သည်မှာ မကြာသေးသဖြင့် ကစားသမားများက အဆင့်တက်ရန် အလုပ်များနေကြခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် စွဲစွဲလမ်းလမ်းကစားသူ အနည်းစုသာ ရှိနေပြီး သူတို့က မှော်ဆရာ၊ ပန်းပဲဆရာ၊ ဆေးဆရာ၊ စားဖိုမှူး၊ အင်ဂျင်နီယာ၊ အဂ္ဂိရတ်ပညာရှင် စသည်တို့ထံတွင် ပညာသင်ယူရန် အကူအဖြစ် လုပ်ကိုင်နေကြသည်။

“ဆေးပင်တွေကို ဈေးကောင်းပေး ဝယ်နေတယ်နော်… သင်တို့မှာ ရောင်းစရာရှိရင် ငါ့ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်… “

“သတ္တုရိုင်းတွေ ဝယ်နေပါတယ်… ဈေးနှိမ်ပြီး ဝယ်ခြင်း မရှိပါဘူး… “

“အဆင့်မြင့်တဲ့ လက်နက်ကိရိယာတွေ ဝယ်နေတယ်နော်.. ဈေးနှုန်းက ညှိနှိုင်းလို့ ရပါတယ်… ခရက်ဒစ်နဲ့လည်း ရောင်းချနိုင်ပါတယ်… “

အလုပ်ရုံများနှင့် အဖွဲ့အစည်းများ၏ ထောက်ပံ့ရေးသမားများသည် ရောင်းဝယ်ရေးနေရာတွင် ဆိုင်ခန်းအသေးများ လာရောက်ဖွင့်ထားပြီး အိုင်တမ်နှင့် ကိရိယာများကို အဓိကထား ဝယ်ယူနေကြသည်။

ရှီဖုန်းက အဆင့်မြင့် လူပုမှင်စာများ စောင့်ကြပ်နေသည့် ‘မှောင်ခိုဈေး’ဟု ရေးသားထားသော နှစ်ထပ်အဆောက်အဦးတစ်ခုဆီသို့ အလျင်အမြန် သွားလိုက်သည်။ ဤနေရာသည် အနီရောင်သစ်ရွက်မြို့၏ အမှောင်ဘက်ခြမ်းဖြစ်ပြီး လောဘကြီးသည့် လူပုမှင်စာများ တည်ဆောက်ထားသည့် ဖျော်ဖြေရေးနေရာတစ်ခု ဖြစ်သည်။

လူပုမှင်စာများ၏ လေလံအိမ်ကို မှောင်ခိုဈေးအတွင်း ဝင်လိုက်သည်နှင့် တွေ့နိုင်ပြီး မြေအောက်လှေကားအတိုင်း ဆင်းသွားလျှင် ကွင်းပြင် ၂ခုကို တွေ့နိုင်၏။ တစ်ခုက တိုက်ပွဲစင်မြင့်ဖြစ်ပြီး နောက်တစ်ခုက စိန်ခေါ်ပွဲများအတွက် ကွင်းပြင် ဖြစ်သည်။

ရှီဖုန်းရောက်လာသည့်အချိန်တွင် များပြားလှသော ကစားသူများသည် ကွင်းပြင်တစ်ခုရှေ့တွင် မတ်တပ်ရပ်နေကြသည်။ သူတို့သည် လူပုမှင်စာများ၏ စိန်ခေါ်မှုကို ရရှိထားကြ၏။

“ကံကောင်းပါစေ… မင်း ဒီတစ်ကြိမ်မှာ အောင်မြင်ပါစေ… “

“ကံကောင်းပါစေ… အဲ့ဒီလူပုမှင်စာတွေကို နင်းခြေပစ်ခဲ့… “

ကစားသမားအနည်းငယ်က ကွင်းထဲတွင် ရပ်နေသည့် လုပ်ကြံသတ်ဖြတ်သူကို အားပေးနေကြသည်။ သူတို့၏ နီရဲနေသည့် မျက်လုံးများသည် လောင်းကစားကို အရူးအမူး ခုံမင်တတ်သော လူများနှင့် မခြားနားပေ။

စိန်ခေါ်ပွဲသည် ကစားသမားတစ်ယောက်၏ စွမ်းရည်များကို စစ်ဆေးသည့်နေရာတစ်ခုဟု သတ်မှတ်နိုင်သည်။ ကစားသမားတစ်ယောက်က ပြိုင်ပွဲကွင်းပြင်သို့ ဝင်သွားလျှင် သူတို့၏ စွမ်းရည်များအားလုံးကို အမှတ်၁၀တွင် ထားလိုက်၏။ ကွင်းထဲသို့ ရောက်လျှင် သူတို့၏ စကေးများနှင့် လက်နက်ကိရိယာများက အသုံးပြု၍ မရတော့ချေ။ သူတို့ကို ကိုက်၃၀ရှည်ပြီး ၁၀ကိုက် ကျယ်သည့် ကွင်းပြင်ထဲတွင် လူပုမှင်စာ၏ ပြောင်းချောသေနတ်မှ ပစ်ခတ်မှုကို ကာကွယ်ရန် သို့မဟုတ် ရှောင်တိမ်းရန်ကိုသာ ခွင့်ပြုထားသည်။ နိုင်ပွဲရလာဒ်သည် ကစားသမားက နောက်ဆုံးအမှတ်သို့ ရောက်သည့်အချိန်မှသာ ထွက်ပေါ်လာလိမ့်မည် ဖြစ်၏။

စိန်ခေါ်ပွဲအတွက် လူပုမှင်စာက အဆင့် ၃ဆင့် ရှိ၏။ ကြေးဆုလာဘ်၊ ငွေဆုလာဘ်နှင့် ရွှေဆုလာဘ်တို့ ဖြစ်သည်။ စိန်ခေါ်ပွဲတစ်ခုကို အောင်မြင်သွားသည်နှင့် ထိုစိန်ခေါ်ပွဲက နောက်တစ်ကြိမ် ပြန်စရန် ၃ရက် စောင့်ရမည်။ ကြေးဆုလာဘ်အတွက် ကြေးပြား ၅ပြား၊ ငွေဆုလာဘ်အတွက် ငွေပြား ၅ပြားနှင့် ရွှေဆုလာဘ်အတွက် ရွှေပြား၅ပြား အခွန်အခ ပေးရ၏။ စိန်ခေါ်ပွဲက အဆင့်မြင့်လေ ဆုက ကြီးလေဖြစ်ပြီး မဟူရာရွှေအဆင့် ကိရိယာများ ပစ္စည်းများပင် ရရှိနိုင်သည်။

စိန်ခေါ်ပွဲတွင် ပထမဆုံး နိုင်သွားသည့် ကစားသမား၏ ကြေးဆုလာဘ်သည် ငွေဆုလာဘ်နှင့်ပင် ယှဉ်ပြိုင်နိုင်သည်။

ယခင်ဘဝတွင် ပထမဆုံးနိုင်သွားသည့် ကစားသမားသည် ပြင်းထန်သောမုန်တိုင်း ဟူသော အမည်ရှိသည့် ဓားသမားတစ်ယောက် ဖြစ်ပြီး ထိုဓားသမားက ရှားပါးလှသော ဓားစကေးစာအုပ်တစ်အုပ်ကို ရရှိသွားခဲ့သည်။

ခဏအကြာတွင် ကွင်းထဲရှိ လုပ်ကြံသတ်ဖြတ်သူကို လူပုမှင်စာ၏ ပစ်ခတ်မှုက ထိမှန်သွားပြီး လုပ်ကြံသတ်ဖြတ်သူက ကိုက်၂၀အမှတ်တွင် လဲကျသွား၏။ ထိုလုပ်ကြံသတ်ဖြတ်သူက နောက်ဆုံးအမှတ်သို့ ရောက်ရန် ကိုက်၁၀ ဝေးကွာနေသေးသည်။

“စိတ်ပျက်စရာ ကောင်းလိုက်တာ… နောက်ထပ် နည်းနည်းလေးပဲ လိုတော့တာကို … မင်းတို့ကောင်တွေ ပိုက်ဆံရှိသေးလား… နောက်တစ်ကြိမ်ဆို နောက်ဆုံးကို ငါ ကျိန်းသေရောက်ပြီ… “ ကွင်းထဲမှ ပြန်ရှင်လာသည့် လုပ်ကြံသတ်ဖြတ်သူက ပြောလိုက်သည်။

အမျိုးသား ဘာသာရေးခေါင်းဆောင်(ဘုန်းတော်ကြီး) က ခေါင်းကို ခါပြီး ပြောလိုက်သည်… “သူဌေး ဝေဒနာ နှလုံးသား… ငါတို့ငါးယောက်စလုံးရဲ့ ပိုက်ဆံအားလုံး ပေးပြီးပြီလေ… ငါတို့မှာ တစ်ပြားမှ မရှိတော့ဘူး… “

ဘေးတွင် ရှိနေသော ရှီဖုန်းက ‘ဝေဒနာ နှလုံးသား’ ဆိုသည့် နာမည်ကို ကြားလိုက်ရသောအခါ အံ့ဩသွားပြီး အမျိုးသား လုပ်ကြံသတ်ဖြတ်သူထံသို့ ကြည့်လိုက်၏။

အနက်ရောင်အဝတ်အစားကို ဝတ်ဆင်ထားသော လုပ်ကြံသတ်ဖြတ်သူသည် အရပ်ပုပြီး ပိန်ကပ်ကပ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ မျောက်တစ်ကောင်နှင့် တူ၏။ ရှီဖုန်းက သူ့ရှေ့တွင် ရှိနေသည့် ဝေဒနာ နှလုံးသား နှလုံးသားဆိုသည့် လူသည် စတားမွန်းနိုင်ငံရှိ လုပ်ကြံသတ်ဖြတ်သူများထဲ၌ အဆင့်၁၀ချိတ်သည့် ကစားသမား ဖြစ်လိမ့်မည်ဟု ယုံကြည်ရန် ခက်ခဲနေသည်။

ဝေဒနာ နှလုံးသားဆိုသည့် လုပ်ကြံသူ၏ အကြည့်က ရှီဖုန်းထံသို့ ရောက်သွား၏။ သူ၏မျက်လုံးများက သားကောင်ကို ကြည့်သည့် မျက်လုံးတစ်စုံနှင့် တူနေပြီး သူက ပြုံးလိုက်ရာ ရှီဖုန်းထံသို့ လျှောက်သွားရင်း ပြောလိုက်သည်… “တွေ့ရတာ ဝမ်းသာပါတယ် မိတ်ဆွေ… ငါက ဝေဒနာ နှလုံးသား ပါ… လုပ်ကြံသတ်ဖြတ်သူ မဟာမိတ်ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးလည်း ဖြစ်တယ်… ငါ့ကို ကြေးပြား ၅ပြားလောက် ချေးနိုင်မလား… ငါ မင်းကို မနက်ဖြန်ကျရင် ကြေးပြား ၂၀ ပြန်ပေးပါ့မယ်… ဘယ်လိုလဲ… “

ဝေဒနာ နှလုံးသားသည် စောစောက အကြိမ်တွင် နောက်ဆုံးမှတ်နှင့် ၁၀ကိုက်သာ ဝေးတော့သဖြင့် အရှုံးကို လက်မခံနိုင်ဘဲ ရှိနေသည်။ သူက စိန်ခေါ်ပွဲ၏ တိုက်ခိုက်မှုပုံစံတစ်ချို့ကို ခန့်မှန်းနိုင်နေပြီဖြစ်သဖြင့် နောက်တစ်ကြိမ် အခွင့်အရေးသာ ရခဲ့လျှင် သူက အောင်မြင်နိုင်ပေလိမ့်မည်။ ထို့ကြောင့် သူက အဖွဲ့အစည်း၏ နာမည်ကို သုံးပြီး ရှီဖုန်းထံမှ ကြေးပြား ၅ပြား ချေးနေခြင်း ဖြစ်သည်။

လုပ်ကြံသတ်ဖြတ်သူ မဟာမိတ်သည် ပုံရိပ်ယောင်ဂိမ်းလောကတွင် လူသိများသည့် ကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အပြင် ဝါရင့်ကစားသမားများအားလုံးက လုပ်ကြံသတ်ဖြတ်သူ မဟာမိတ်ကို သိကြ၏။ တစ်ယောက်ယောက်ကသာ လုပ်ကြံသတ်ဖြတ်သူ မဟာမိတ် အဖွဲ့အစည်း၏ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်လျှင် ထိုလူသည် လူအများ လေးစားရသည့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်မှာ ကျိန်းသေနေသည်။ ထို့ကြောင့် သာမန်ကစားသမားများအားလုံးသည် ထိုကဲ့သို့ လူမျိုးကို ကြေးပြား ၅ပြား ချေးပေးရမည်ဆိုလျှင် ထိုအစား အလကား ပေးကြလိမ့်မည် ဖြစ်၏။

“ကြေးပြား ၅ပြားလား… “ ရှီဖုန်းက ခဏလောက် တွေးပြီး ပြန်ဖြေလိုက်သည်… “ငါ မင်းကို ကြေးပြား ၅ပြား ချေးပေးနိုင်တယ်… ဒါပေမဲ့ မနက်ဖြန် ကြေးပြား၅၀ ပြန်ပေးရမယ်… “

ဝေဒနာ နှလုံးသားက အံ့ဩသွား၏။ သူက လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်း၏ ကျော်ကြားသော အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ သို့သော်လည်း ရှီဖုန်း၏ တုန့်ပြန်မှုများက သူ ထင်ထားသည်နှင့် လုံးဝ လွဲနေလေသည်။ ကြည့်ရသည်မှာ ရှီဖုန်းက ကစားသမားအသစ်တစ်ဦး ဖြစ်နိုင်သည်။

ဝေဒနာ နှလုံးသားက ငြိမ်ကျသွားသည်ကို ကြည့်ပြီး ရှီဖုန်းက မေးလိုက်သည်… “ချေးဦးမှာလား… “

“ငါ ချေးမယ်… “ ဝေဒနာ နှလုံးသားက အော်ဟစ်ငိုကြွေးလိုက်ချင်နေသည်။ တခြားသူများက သူ့ကို တွေ့လျှင် ကျွမ်းကျင်သူတစ်ယောက်အဖြစ် ဆက်ဆံကြသော်လည်း ရှီဖုန်းကတော့ လုံးဝကို ဂရုမစိုက်ပေ။ သို့သော်လည်း သူက ရရှိမည့်ဆုလာဘ်အကြောင်းကို တွေးလိုက်သောအခါ ကြေးပြား၅၀ဆိုလျှင်တောင်မှ ထိုက်တန်သည်ဟု ဆိုနိုင်သည်။

“ဒီမှာ ကြေးပြား ၅ပြား … ငါတို့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေအဖြစ် Add ရအောင်… ငါ့ကို မနက်ဖြန် ကြေးပြား ၅၀ ပြန်ပေးရမှာကို မမေ့နဲ့… “ ရှီဖုန်းက လည်ဆွဲရောင်းရာမှ ရရှိထားသော ကြေးပြား၆၀ထဲမှ ကြေးပြား ၅ပြားကို ထုတ်ပေးပြီး မနက်ဖြန် ပြန်ပေးရမည့်အကြောင်း သတိပေးလိုက်သည်။

ဝေဒနာ နှလုံးသားက မျက်ရည်များ စီးကျနေရင်း ကြေးပြား ၅ပြားကို ယူကာ ပြောလိုက်သည်… “အင်းပါ… ငါ မမေ့ဘူး… “

ဝေဒနာ နှလုံးသား၏ အတွေးများကို ဂရုစိုက်မနေဘဲ ရှီဖုန်းက စိန်ခေါ်ပွဲကို ဦးစီးနေသည့် အစိမ်းရောင်အသားအရေနှင့် လူပုမှင်စာဆီသို့ လျှောက်သွားလိုက်သည်။

“ဆာ… အချိန်ဆိုတာ ငွေပဲ… သင့်မှာ ဘာကိစ္စများ ရှိပါသလဲ… “ လူပုမှင်စာက ဘဝမြင့်သော လေသံဖြင့် ပြောလိုက်သည်။

“ငါ ကြေးဆုလာဘ် စိန်ခေါ်ပွဲကို ဝင်ပြိုင်ချင်တယ်… “ ရှီဖုန်းက ကြေးပြား၅ပြားကို ကမ်းပေးပြီး ပြောလိုက်သည်။

လူပုမှင်စာက ကြေးပြားများကို အကြိမ်ရေ အနည်းငယ်ခန့် ပစ်မြှောက်ကြည့်ပြီး လက်ခံသည့်သဘောဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက စိန်ခေါ်ပွဲကွင်း၏ သစ်သားတံခါးကို ဖွင့်ပေးပြီး ရှီဖုန်းကို အထဲသို့ ဝင်ခွင့်ပြုလိုက်သည်။

“ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျာ… ငါတို့ဆီမှာ စိန်ခေါ်ပွဲအတွက် နောက်ထပ်အသစ်တစ်ယောက် ရောက်လာပါပြီ… ကျေးဇူးပြုပြီး ရဲရင့်တဲ့ ဓားသမားကို ကြိုဆိုလိုက်ကြရအောင်… “ လူပုမှင်စာက ကျယ်လောင်စွာဖြင့် ကြေညာလိုက်သည်။

“သူဌေး (ဝေဒနာ နှလုံးသား)… အခု ဝင်ပြိုင်တဲ့ ကောင်လေးက သူဌေးကို ပိုက်ဆံချေးသွားတဲ့ လူ မဟုတ်လား… “ အမျိုးသား ဘာသာရေးခေါင်းဆောင်က ကွင်းထဲမှ ရှီဖုန်းကို လက်ညှိုးထိုးပြလိုက်သည်။

အနားယူနေသော ဝေဒနာ နှလုံးသားက ရယ်မောပြီး ပြန်ပြောလိုက်သည်… “အဲ့ဒီကောင်လေးက အခုမှ စပြီး ကစားတဲ့ လူသစ်လေးတစ်ယောက်ပဲ… စိန်ခေါ်ပွဲက အရမ်းလွယ်တယ်လို့များ မင်း ထင်နေတာလား… အကွာအဝေးက ကိုက်၃၀ဆိုပေမဲ့ လူပုမှင်စာရဲ့ တိုက်ခိုက်မှုပုံစံက ၁၅ကိုက်ကို ရောက်တဲ့အချိန်မှာ ပြောင်းလဲသွားလိမ့်မယ်… ပြီးတော့ သူတို့ရဲ့ တိုက်ခိုက်မှုနှုန်းကလည်း တိုးလာတယ်… တခြားသူ မပြောနဲ့ ငါတောင်မှ သူတိုနဲ့ ရင်ဆိုင်ရတာ အရမ်းခက်ခဲတယ်… “

“ဒါ အမှန်ပဲ… သူဌေးလို ကျွမ်းကျင်ကစားသမားတစ်ယောက်တောင်မှ ကိုက်၂၀ထိပဲ ရောက်တာ… ကျွန်တော့်အထင် ပြောရရင် ဒီကောင်လေးက အများဆုံး ၅ကိုက်မရောက်ခင် သေသွားလိမ့်မယ်… “ အမျိုးသား ဘာသာရေးခေါင်းဆောင်က ပြုံးပြီး ပြောလိုက်သည်။

ကွင်းထဲ၌ နောက်ဆုံးမှတ်တွင် လူပုမှင်စာ ၃ကောင် ရပ်နေပြီး သူတို့က သေနတ်များကို အသင့်ပြင်ထားကာ ရှီဖုန်းထံသို့ ချိန်ရွယ်ထားကြသည်။

စိန်ခေါ်ပွဲကွင်း၏ အပေါ်တွင် အချိန်က စတင်ရေတွက်လာသည်။

“၃… “

“၂… “

“၁… “

“စိန်ခေါ်ပွဲ… စ… “

အပိုင်း ၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset