ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၅၄ – အဆုံးစွန်
နွားဝါလေး အလွန် စိတ်လှုပ်ရှားနေသည်။ ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်ပင် ဤပစ္စည်းကို ပြုပြင်ရန်အတွက် အပွင့်တစ်ရာကျော်ပွင့်ရလျှင် ဤပစ္စည်းမှာ မည်မျှပင် ထူးခြားမည်နည်း.. သူသည် အော်ဟစ်မိလုနီးပါးပင် ဖြစ်နေလေပြီ။
“ဒါက ရွှေအားလုံးရဲ့ မိခင်ဖြစ်လောက်တယ် .. အနန္တနတ်ဘုရားရဲ့ အမိမြေတစ်ခုလုံးမှာ တစ်ခုပဲ ရနိုင်တဲ့ ပစ္စည်း..”
“ရွှေအားလုံးရဲ့ မိခင်ဆိုတာဘာလဲ..” ချူဖုန်း သူ့ကို မေးလိုက်သည်။
“အဲဒါက သတ္တုအားလုံးရဲ့ မိခင်ပဲ .. လက်နက်တွေလုပ်ဖို့အတွက် အဆင့်လွန်ပစ္စည်းတစ်ခုပဲ..”
သူပြောသည့်အတိုင်းဆိုလျှင် ဒဏ္ဍာရီလာ ဝိညာဉ်ကြေးနီ၊ ဝိညာဉ်ငွေနှင့် ထာဝရရွှေတို့မှာ ဤရွှေအားလုံး၏မိခင်ထက် နိမ့်ကျသည်ပင်။
ခွန်းလွန်တောင်တွင် ဤရှားပါးသတ္တုရှိကြောင်း နွားဝါလေး အစောကတည်းက သိပြီးသားပင်။ လွန်ခဲ့သည့်ခေတ်တွင် ထိုသတ္တုကို စီဝမ်မူရခဲ့ပြီး ပြိုင်ဘက်ကင်းလက်နက်တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ နောက်ဆုံးတွင် ထိုလက်နက်သည် စစ်ပွဲထဲ၌ ပျောက်သွားခဲ့သည်ပင်။
ဤကဲ့သို့သောပစ္စည်းမှာ သူ့မူလပုံစံကို ပြန်ပြောင်းနိုင်လိမ့်မည်ဟု သူ ထင်သည်။
“ဒီရွှေအားလုံးမိခင်ကို စီဝမ်မူရွှေလို့လည်းခေါ်တယ်..” သူ ရှင်းပြလာသည်။ ဤသတ္တုမှာ အလွန်နာမည်ကြီးလှသောကြောင့် သူ ပေါ်လာသည့်အချိန်တိုင်း မှတ်တမ်းတင်ခံရမည်ပင်။
ပြောနေရင်းဖြင့်ပင် နွားဝါလေးသည် သူ့ခွာကိုမြှောက်လိုက်ပြီး ချူဖုန်းခေါင်းနောက်ကို ရိုက်ရန် ပြင်လိုက်သည်။
ဝှစ်..
ချူဖုန်း၏အသိစိတ်မှာ အလွန်ထက်ရှလှသောကြောင့် သူ ချက်ချင်းပင် ၁၀ မီတာကျော်သို့ ရွှေ့သွားလိုက်သည်။ “ငါ မင်းကို သတိပေးလိုက်မယ် .. ငါ့ ဓားပျံကို သတိထားနော်..”
ချလွမ်းဟူသည့်အသံနှင့်အတူ လက်ဝါးအရွယ်ဓားပျံမှ အနီရောင်အလင်းတန်းများ ထုတ်လွှတ်ကာ နွားဝါလေးကို ချိန်ရွယ်လာသည်။
နွားဝါလေးသည် ခြောက်ကပ်ကပ်ရယ်မောလိုက်ကာ “ငါက မင်းဘယ်လောက်တိုးတက်လာလဲဆိုတာ စစ်ကြည့်ချင်တာပါ .. မဆိုးပါဘူး .. မင်းရဲ့အာရုံတွေက တော်တော်လေး စူးရှလာပြီ..”
ချူဖုန်း ဤနွားပေါက်ကို အမြဲတမ်း သတိထားနေခဲ့ခြင်းပင်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ရှားပါးသတ္တုဖြစ်သောကြောင့် သူ စိတ်တည်ငြိမ်နိုင်မည်မဟုတ်တော့။
ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်သည် သတ္တုပေါ်သို့ ဝတ်မှုန်များ ဆက်တိုက်ဖြန်းပက်လိုက်သည်။ သတ္တု၏အပြင်ဘက်အလွှာကွာကျလာကာ အထဲဘက်မှ ဖြူဖွေးနေသည့်သတ္တုပေါ်လာသည်။ ဤသည်မှာ ကျောက်စိမ်းဖြူနှင့်တူသော်လည်း သတ္တုပုံစံလည်း ရှိနေသည်။
“ငါတို့ ပန်းပွင့်တွေ အများကြီး သုံးနေရတာ .. တစ်ခြားသားရဲဘုရင် ပြောလောက်လား..” ချူဖုန်း မေးလိုက်သည်။
“ကိစ္စမရှိဘူး .. ဒီပန်းပွင့်တွေ မညှိုးသေးဘူးဆိုတော့ သူ့ထဲမှာ ဝတ်မှုန်တွေ ရှိသေးတယ်” နွားဝါလေး ရှင်းပြလိုက်ကာ တောင်ဘက်သို့ ကြည့်လိုက်သည်။ အခြားသားရဲဘုရင်များရောက်လာပြီး မနာလိုစွာ တိုက်ခိုက်မည်ကို သူ ကြောက်နေမိခြင်းပင်။
ရှပ်…
ထိုအခိုက်အတန့်တွင် ပြုပြင်ခြင်းအလေးအမြတ်သစ်ပင် နောက်တစ်ကြိမ် လှုပ်ခါလာကာ ပန်းပွင့်များလည်း အဆုံးစွန်ထိ ဖူးပွင့်လာသည်။
အပြင်အလွှာ ကွာကျသွားပြီးနောက် အတွင်းဘက်မှ ရွှေအားလုံးမိခင်မှာ အတော်လေး သေးငယ်လှသည်။ ဤသည်မှာ စိန်ချာကရမ်တစ်ခုတည်းအတွက်သာ ရလောက်သည်။ အစက သူ ၃၊ ၄ ခုခန့် လုပ်ချင်နေခြင်းပင်။
ဝတ်မှုန်များစွာ ဖြန်းပက်ပြီးသွားပြီဖြစ်သော်လည်း သတ္တုမှာ မပြောင်းလဲသေး။
“ဘာဖြစ်နေတာလဲ..” ချူဖုန်း ရှုပ်ထွေးသွားရသည်။
ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်လည်း ဒေါသထွက်နေပြီဖြစ်သည်။ သူ ပန်းပွင့်တစ်ရာကျော် သုံးထားသော်လည်း သတ္တုတစ်ခုကို ပုံပြောင်းအောင် မလုပ်နိုင်သေး။ ဤသည်မှာ တကယ်ထူးဆန်းလှသလို ရှက်စရာလည်း ကောင်းလှသည်။
ဖောက် ဖောက် ဖောက်…
နောက်တစ်ခဏတွင် ကျန်နေသည့် ပန်းပွင့်အားလုံး ပွင့်လာသည်။ အချို့ပန်းပွင့်များမှာ ပန်းကန်ပြားလောက်ကြီးပြီး အားလုံးမှာ ရောင်စုံအလင်းများ တောက်ပနေသည်။
ရှေးသစ်ပင်တစ်ပင်လုံး လှုပ်ခါလာကာ ဝတ်မှုန်များကို ဖြန့်ချပေးလိုက်သည်။
နှစ်ရာ၊ သုံးရာ.. နောက်ဆုံးတွင်တော့ ထောင်ချီသွားလေပြီ။ ထိုအချိန်မှသာ အဖြူရောင်သတ္တုလေး စတင်ပြောင်းလဲလာသည်။
ထိုသတ္တုသည် ဆက်တိုက်ပင် ပုံစံပြောင်းလဲနေခဲ့သည်။
နွားဝါလေးမှာ လုံးဝကို ဆွံ့နေလေပြီ။ ကုန်ကြမ်းပစ္စည်းကို တစ်ခါပြုပြင်ဖို့ ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်က အပွင့်တွေအားလုံး သုံးလိုက်ရတယ် .. ဤသည်မှာ တကယ်ကို မထင်ထားသည့်အဖြစ်အပျက်ပင်။
မိုးကြိုးအသက်ရှူလေ့ကျင့်ခန်း လေ့ကျင့်သည့်လူမျိုးစုတစ်ခုတွင် ဤကဲ့သို့သော အဖြစ်အပျက်မျိုးရှိခဲ့သည်ဟု သူ ကြားဖူးသည်။ သို့သော် ဤသည်မှာ ကုန်ကြမ်းကို ပြုပြင်သည့်အဆင့်မဟုတ်ပဲ ထိုပစ္စည်းအား နှစ်ပေါင်းထောင်ပေါင်းများစွာ အားဖြည့်ပြီး ပြုပြင်သည့်အဆင့်မှသာဖြစ်သည်။
ဒင်..
ဖြူဖွေးနေသည့် စိန်ချာကရမ်တစ်ခု သစ်ပင်ထက်မှ ပြုတ်ကျလာသည်။
ဝှစ်..
နွားဝါလေး စဉ်းစားနေသည်ကို အခွင့်ကောင်းယူပြီး ချူဖုန်းလက်နက်ကို မြန်မြန်ကောက်လိုက်သည်။
“အမ် .. ဘာလို့ အရမ်းပေါ့နေတာလဲ..” ချူဖုန်း ထိတ်လန့်သွားရသည်။ လက်ရှိချာကရမ်မှာ ၅၀ ကီလိုဂရမ်လောက်သာရှိသည်။
နွားဝါလေး အသိပြန်ဝင်လာပြီး မူးကနဲအော်ကာ အပြေးလေး ရောက်လာလေသည်။ သူ့မျက်လုံးထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းနေလေပြီ။ “ငါ့ကိုပြကြည့် .. ဒါက အဆုံးစွန်လက်နက်တစ်ခုလား..” သူ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“တစ်ခုခုမှားနေပြီ .. သူက ဘာလို့ ဒီလောက်တောင် အကြမ်းထည်ဆန်နေတာလဲ .. သူ့မှာ ဝိညာဉ်မရှိသေးဘူး” ချူဖုန်း ရှုပ်ထွေးစွာ ပြောလိုက်သည်။ ဤသည်မှာ အဆုံးစွန်လက်နက်တစ်ခုဆိုလျှင် ဤပစ္စည်း၌ သေချာပေါက် ကြောက်စရာကောင်းသည့်အော်ရာတစ်ခု ရှိနေမည်ပင်။
နွားဝါလေး ထိုလက်နက်ကို ယူလိုက်ပြီး သေချာလေ့လာလိုက်သည်။ ဤပစ္စည်း၏ ထူးခြားချက်ကို သူ ရှာမတွေ့နိုင်ဖြစ်နေသည်။
“ပန်းတွေရာချီပွင့်ပြီးတော့ ဒီပစ္စည်းပေါ်ကို အဆုံးမရှိတဲ့ဝတ်မှုန်တွေ ကြဲချပေးခဲ့တယ် .. ဒီသတ္တုက နောက်ဆုံးလက်နက်ပုံမပေါ်ရင်တောင် ဝိညာဉ်တော့ ရှိသင့်တယ် .. ဘာလို့ နှစ်ခုလုံး မရှိတာလဲ..” နွားဝါလေး မေးခွန်းထုတ်လိုက်သည်။
“ဒီသတ္တုက တကယ်ထူးခြားတယ် .. ဒါက ဒဏ္ဍာရီလာ ရွှေအားလုံးမိခင်မဟုတ်ဘူး .. သူ့ကို လက်နက်လုပ်ဖို့ မသင့်တော်ဘူး..” ပြုပြင်ခြင်းအလေးအမြတ်သစ်ပင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
သူသည် ဤချာကရမ်ကို လုပ်ရန်အတွက် သူစုဆည်းထားသည့်ဝတ်မှုန်အများအပြားကို အသုံးပြုခဲ့သော်လည်း ဤပစ္စည်းအတွက် ဝိညာဉ်စွမ်းအားကို မလုပ်ပေးလိုက်နိုင်။
“ဒါက ဒဏ္ဍာရီလာ အဆုံးစွန်.. အမှိုက်လို့တော့ ငါ့ကို မပြောနဲ့နော်..” နွားဝါလေး သံသယဖြင့် ပြောလိုက်သည်။
“အဲဒီလိုဖြစ်လောက်တယ်” အလေးအမြတ်သစ်ပင် ပြန်ဖြေလာသည်။
ရွှေအားလုံးမိခင်ကဲ့သို့ ထူးခြားကာ ထိပ်တန်းအဆင့်ဝင်ပစ္စည်းတစ်မျိုးရှိသေးသည်။ သို့သော် ထိုပစ္စည်းကို လက်နက်အဖြစ် ပြုပြင်လိုက်လျှင် ထိုလက်နက်မှာ ဝိညာဉ်စွမ်းအား နည်းနည်းလေးမှ ရှိမည်မဟုတ်။ ဤပစ္စည်းမှာ ဒဏ္ဍာရီလာအဆုံးစွန်အမှိုက်ပင်။
နွားဝါလေး၏ ရှင်းပြချက်ကို ကြားသည်နှင့် ချူဖုန်း ဆွံ့အသွားရသည်။ သူက ဒီလောက်တောင် အသုံးမဝင်တဲ့သတ္တုကို ရှာတွေ့ခဲ့တာလား.. ဒါ့အပြင် ဒီပစ္စည်းက အသုံးမဝင်တဲ့ပစ္စည်းတွေထဲကမှ အသုံးမဝင်ဆုံး–အဆုံးစွန်အမှိုက် ဖြစ်နေတာလား..
ချူဖုန်း လက်ကောက်ကို ညှစ်လိုက်သည်။ သူ၏လက်ရှိဘုရင်အဆင့် ခွန်အားဖြင့်ပင် ဤလက်နက်ကို ပုံပျက်အောင်မလုပ်နိုင်။ သူ ဓားမြောင်နက်ဖြင့် ခုတ်ထစ်လိုက်သည့်အချိန်တွင်လည်း မည်သည့်ထိခိုက်မှုမှမရှိ။
နောက်ဆုံး သူ ဤလက်နက်ဖြင့် ဓားမြောင်နက်ဖြင့် အားကုန်ထိုးချလိုက်သည်။
ခွပ်..
မီးပွားများ လွင့်စင်သွားကာ ဓားမြောင်နက်တွင် အက်ကွဲရာကြီးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ချူဖုန်း ထိတ်လန့်သွားကာ အသဲကွဲသွားရသည်။
သိထားရမည်မှာ ဤဓားမြောင်နက်သည် အခြားလက်နက်အားလုံးကို ဖျက်ဆီးနိုင်ပြီး အင်ပါယာဓားပညာကိုတောင် မကြောက်ခဲ့။
သို့သော် ယခုတော့ ဤဓားပျက်စီးသွားလေပြီ။
ချာကရမ်အားကြည့်လိုက်သည့်အချိန်တွင်တော့ ဤလက်နက်မှာ ခြစ်ရာလေးပင် ထင်မနေကြောင်းတွေ့လိုက်ရသည်။
“တော်တော်လေးမာတဲ့အမှိုက်ပဲ..” ချူဖုန်း ပြောလိုက်သည်။
“အင်း .. ဒါက အဆုံးစွန်အမှိုက်ဆိုပေမယ့် သူ့မှာ အဆုံးစွန်ဆိုတဲ့နာမည်ရှိသေးတယ် .. သူ့မှာ ကြောက်စရာကောင်းတဲ့စွမ်းအားတွေမရှိဘူးဆိုပေမယ့် သူ့မာကျောမှုကတော့ အသုံးဝင်ပါသေးတယ်..” နွားဝါလေး ပြောလိုက်သည်။
“ငါမယုံဘူး .. အခုတော့ ဒီပစ္စည်းကို သိမ်းထားလိုက်ပါဦးမယ်..” ချူဖုန်း ချာကရမ်အသစ်ကို သူ့လက်ကောက်ဝတ်၌ ဝတ်ဆင်လိုက်သည်။
ထို့နောက်တွင်တော့ ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်ကို သူ့ဓားမြောင်နက်အား ပြန်ပြင်ပေးနိုင်မလားဟု မျက်နှာပြောင်တိုက်၍ မေးလိုက်သည်။ ဤသည်မှာ သူ၏အသုံးအဝင်ဆုံးလက်နက်ဖြစ်သောကြောင့် ဤလက်နက်ပျက်စီးသွားမည်ကို သည်းမခံနိုင်။
သစ်ပင်သည် ဓားမြောင်နက်ကို ယူသွားပြီးသည်နှင့် ပန်းပွင့် ၁၀ ပွင့် ပွင့်လာကာ ဓားမြောင်နက်ပေါ်သို့ ဝတ်မှုန်မိုးရွာကျလာကာ ဓားမြောင်မှ အနက်ရောင်အလင်းများ တောက်ပလာသည်။
နောက်ဆုံးတွင် ဓားမြောင်နက်မှာ ပိုသေးသွားပြီး ၆၀ စင်တီမီတာပင်မရှိတော့။ ဝတ်မှုန်သည် ဓား၏မသန့်စင်မှုများကို ဖယ်ထုတ်ပစ်လိုက်သောကြောင့် မြေပြင်ထက်တွင် အမည်းရောင်အမှုန့်များ ကျလာသည်။
ချူဖုန်း အတော်လေး အံ့အားသင့်သွားရသည်။ နောက်ဆုံးတွင်တော့ သူသည် အနီရောင်ဓားပျံဓားမြောင်ကို ထုတ်လိုက်ပြီး သစ်ပင်အား ပြုပြင်ပေးရန်အကူအညီတောင်းလိုက်သည်။
သစ်ပင်ကြီးသည် မငြင်းပဲ ထိုလက်ဝါးအရွယ်ဓားပျံကို သစ်ပင်ထိပ်သို့ ယူသွားလိုက်ပြီး ပန်းပွင့် ၁၅ ပွင့်အသုံးပြုကာ သန့်စင်ပေးခဲ့သည်။
ဓားပျံမှာ ဓားမြောင်နက်ထက်ပင် အရည်အသွေးပိုကောင်းသည့်ပစ္စည်းဖြင့် ပြုလုပ်ထားကြောင်း သူ သိလိုက်ရသည်။
နောက်ဆုံးတွင် ဓားပျံမှာ နည်းနည်းတိုသွားပြီး ယခုဆိုလျှင် လက်ဖဝါးအရွယ်ပင် မရှိတော့။
ချူဖုန်း ထိုလက်နက်ကို စမ်းကြည့်ပြီး အလွန်ကျေနပ်နေသည်။ သူ၏တိုက်ခိုက်နိုင်စွမ်းမှာ ၁၃၀ မီတာမှ ၁၆၀ မီတာသို့ တိုးသွားပြီဖြစ်သည်။
ထိုအချိန်တွင် နွားနက်ကြီးအပါအဝင် သားရဲဘုရင်အုပ်စုတစ်စုလည်း တောင်ကြီးဆီသို့ လာနေကြပြီဖြစ်သည်။ သူတို့၏ ကျယ်လောင်လှသည့် ရယ်သံများ ပဲ့တင်ထပ်နေသောကြောင့် သူတို့ ပစ္စည်းကောင်း ရလာသည်မှာ သေချာသည်။
ချူဖုန်း ချက်ချင်းပင် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူသည် သစ်ပင်တစ်ပင်လုံး ဖူးပွင့်လာအောင် လုပ်လိုက်မိသော်လည်း နောက်ဆုံးတွင်တော့ အမှိုက်တစ်ခုကိုသာ ရလာခဲ့သည်။
“စီနီယာ .. ပန်းပွင့်တွေကို ပြန်သိမ်းလို့ရလား..” သူ တီးတိုးမေးလိုက်သည်။
ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်သည် သူ့အကိုင်းများကို လှုပ်ခါလိုက်ပြီး ပန်းပွင့်အားလုံးကို ပန်းအဖူးဖြစ်သွားအောင် ပန်းပိတ်လိုက်သည်။
ဤမြင်ကွင်းကိုကြည့်ကာ နွားဝါလေး ဆွံ့အသွားရသည်။ တစ်ချိန်တည်းမှာပင် သစ်ပင်ကြီး၏စိတ်အခြေအနေကိုလည်း သူ သဘောပေါက်သွားရသည်။ သစ်ပင်ကြီးသည် ပထမဆုံးပြုပြင်မှုတွင် ပန်းပွင့်အကုန်ဖူးပွင့်ခဲ့သော်လည်း အသုံးမဝင်သည့်လက်နက်တစ်ခုကိုသာ ပြုလုပ်နိုင်ခဲ့သည်။ ဤသည်မှာ သူ့ကို အရှက်ရစေသည်ပင်။
“မင်းတို့နှစ်ယောက် ဘယ်လိုလက်နက်မျိုးလုပ်နေတာလဲ..” နွားနက်ကြီး မေးလာသည်။ သူသည် ၅၀ ကီလိုဂရမ်ခန့်ရှိသည့် ကြေးနီတုံးကြီးတစ်တုံးကို သယ်လာနေသည်ပင်။ “ဒါက ဒဏ္ဍာရီလာ သန့်စင်တဲ့ကြေးစွမ်းအင်ဖြစ်လောက်တယ်..” သူ ပျော်ရွှင်စွာ ပြောလိုက်သည်။
အခြားသားရဲဘုရင်များလည်း သူတို့ရှာတွေ့ခဲ့သည့်ပစ္စည်းများအတွက် အလွန်ပျော်ရွှင်နေကြသည်ပင်။
“ချူဖုန်းက အမှိုက်တစ်ခုကို ကောက်ရပြီး အသုံးမဝင်တဲ့လက်နက်ပဲရခဲ့တာ” နွားဝါလေး နှုတ်ခမ်းများ တွန့်ကွေး၍ ပြောလိုက်သည်။
“တကယ်ကိုရှားပါးတဲ့ အမှိုက်ကြီး..” ရှေးဟောင်းသစ်ပင်ကြီးလည်း ပြောလာလေသည်။
“ဟား ဟား..” သားရဲဘုရင်အုပ်စုကြီး ရယ်မောလိုက်ကြလေ၏။
ချူဖုန်း မသက်မသာပင် ခံစားလာရသည်။
နောက်ဆုံးတွင်တော့ သားရဲဘုရင်အုပ်စု သူတို့လက်နက်များကို စတင်ပြုပြင်လာသည်။ အများစုမှာ ပန်းပွင့် ၅ ပွင့်၊ ၆ ပွင့်ခန့် သုံးရသည့်လက်နက်များပင်။ သာမန်လက်နက်များနှင့်ယှဉ်လျှင်တော့ သူတို့လက်နက်များမှာ တစ်ဆင့်မြင့်သည်ပင်။
ချူဖုန်း ထိုင်ချလိုက်ကာ သူတွေ့ခဲ့သည့်သတ္တုကြီးမှ ထွက်လာသည့် အနက်ရောင်အမှုန့်များကို စစ်ဆေးကြည့်လိုက်သည်။ ဤအမှုန့်များလည်း သဲမှုန်များကဲ့သို့ ပေါ့ပါးနေသည်ကို သူတွေ့လိုက်ရသည်။
ဤသည်မှာ သူ့ကို အံ့အားသင့်သွားစေခဲ့သည်။ ကီလိုဂရမ် ၅၀၀၀ ကျော်ရှိသည့် ပစ္စည်းကို ပြုပြင်လိုက်သည်မှာ ၅၀ ကီလိုဂရမ်သာ ရှိတော့သည်။ ကျန်တဲ့အလေးချိန်တွေက ဘယ်ရောက်သွားတာလဲ..
ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်မှ စွမ်းအင်များအား စုတ်ယူလိုက်သလားဟု သူ တွေးမိသွားသည်။ သို့သော် ထိုသို့လည်းမဟုတ်လောက်။ နောက်ဆုံးတွင်တော့ သူ ကူကယ်ရာမဲ့စွာပင် မတ်တပ်ရပ်ပြီးထွက်သွားလိုက်သည်။
နွားနက်ကြီး ရခဲ့သည့်ပစ္စည်းမှာ တကယ်ကို ပစ္စည်းကောင်းပင်။ သစ်ပင်ကြီးသည် ပန်းပွင့် ၁၀ ပွင့်ကျော် အသုံးပြုကာ သူလိုချင်သည့်အတိုင်း ခရမ်းရောင်ဓားရှည်တစ်လက် ပြုလုပ်ပေးလိုက်သည်။
ဤဓားရှည်မှာ ချူဖုန်း၏ ဓားမြောင်နက်နှင့်ယှဉ်နိုင်သည်ပင်။
“နွားဝါလေး … ငါတို့ ဥရောပဘက်သွားမှာဆိုတော့ မင်းဘာလို့ လက်နက်တစ်ခုလောက် မလုပ်တာလဲ.. မဟုတ်ရင်လည်း မင်း လူသားပုံစံပြောင်းလို့ရတယ် .. ငါမင်းကို ငါ့ဓားမြောင်နက်ငှားပေးမယ်” ချူဖုန်း ပြောလိုက်သည်။
“ရတယ်မလိုဘူး .. ငါ့မှာ ငါ့လက်နက်ရှိတယ်” နွားဝါလေး တည်ငြိမ်စွာ ပြောလိုက်သည်။
သားရဲအုပ်စုကြီးလည်း ကျေနပ်စွာဖြင့်ပင် ပြန်သွားကြလေသည်။
နွားဘုရင်နန်းတော်သို့ ရောက်သည်နှင့် ချူဖုန်း သူ့ချာကရမ်ကို လေ့လာလိုက်သည်။ သူ သေချာချိန်ကြည့်လိုက်သည့်အချိန်တွင် ၅၄ ကီလိုဂရမ် အတိအကျရှိနေသည်။
သူ နည်းလမ်းပေါင်းစုံ စမ်းသပ်ကြည့်သော်လည်း ဤလက်နက်ကို နည်းနည်းလေးမှပင် ထိခိုက်အောင် မလုပ်နိုင်။
နောက်ဆုံးတွင် ချူဖုန်း ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်။ သူ့တစ်ကိုယ်လုံး ထူးခြားသည့်စွမ်းအင် ပျံ့နှံ့သွားပြီး ဤချာကရမ်ကို လိမ်ချိုးရန် ကြိုးစားလိုက်သည်။
သူ၏ထူးခြားသည့်စွမ်းအင် ဤချာကရမ်ထဲ ဝင်သွားသည့်အချိန်တွင် ချာကရမ်မှာ အလွန်ပင်လေးလံလာကာ ချက်ချင်းပင် ၅၀၀၀ ကီလိုဂရမ်ကျော်သွားသည်။
“အမ်..” ချူဖုန်း အံ့အားသင့်သွားရသည်။
ထို့နောက် သူ ဤလက်နက်ထဲသို့ သူ့စွမ်းအင်များ နောက်တစ်ကြိမ် ထည့်သွင်းလိုက်ကာ ထူးခြားသည့်အသက်ရှူစည်းချက်ကို ဆက်လက်လည်ပတ်စေလိုက်သည်။ နောက်ဆုံးတွင် ဤလက်နက်သည် ကီလိုဂရမ် ၂၅,၀၀၀ ပင် ကျော်သွားသည်။
ဤမျှလေးသည့် လက်နက်လေးကို သူ တစ်ခါမှ မကြားဖူးသေး။
ဤပစ္စည်း၏ အဖျက်စွမ်းအားကို လေ့လာရန်အတွက် ချူဖုန်း တောင်ထိပ်၌ မတ်တပ်ရပ်လိုက်ပြီး ချာကရမ်ကို အခြားတောင်ထိပ်တစ်ခုသို့ ပစ်လွှတ်လိုက်သည်။
ဝုန်း..
နွားဘုရင်နန်းတော်နှင့် အမြင့်တူသည့် တောင်တစ်တောင်ရှိသည်ပင်။ ထိုတောင်တွင် ပန်းနံ့များထုံလွှမ်းမနေသောကြောင့်သာ။ မဟုတ်ပါက ထိုတောင်ကို အခြားသားရဲဘုရင်တစ်ဦး ယူသွားလောက်လေပြီ။ ယခုအချိန်တွင်တော့ ထိုတောင်ထိပ်တစ်ခုလုံး ပျက်စီးသွားလေပြီ။
ချူဖုန်း အေးခဲသွားရသည်။ အချိန်ခဏကြာမှသာ သူ အသိပြန်ဝင်လာပြီး ကျီးကန်းကို ဆင့်ခေါ်ကာ ထိုတောင်ထိပ်သို့ သွားလိုက်သည်။
သူ ဤလက်နက်ကို ချက်ချင်းသွားရှာချင်သည်။ ဤချာကရမ်မှာ စွမ်းအားကြီးသည့် လူသတ်လက်နက်ဖြစ်သောကြောင့် ဤလက်နက်ပျောက်သွားမည်ကို မလိုလား။
ကျီးကန်း ချူဖုန်းကို ကျောထက်တင်ကာ ပျံသန်းသွားလိုက်သည်။
ထိုချာကရမ်သည် နူးညံ့သည့်အဖြူရောင်အလင်း တောက်ပနေဆဲဖြစ်ပြီး နည်းနည်းမှ ထိခိုက်မသွား။
ချူဖုန်း ထိုပစ္စည်းကို မြတ်နိုးစွာ ကောက်ကိုင်လိုက်သည်။
ဤပစ္စည်းကိုသာ မှန်ကန်သည့်အချိန်၌သုံးလျှင် သေချာပေါက် လူသတ်လက်နက်ကြီးဖြစ်လာမည်ပင်။
“မင်း ဘာလုပ်လိုက်တာလဲ .. ဒီတောင်ထိပ် ဘယ်ရောက်သွားတာလဲ..” နွားနက်ကြီး ထိတ်လန့်တကြား ပြေးလာကာ ပြောလိုက်သည်။
…
အပြင်လောကမှ ထိုမျှမတည်ငြိမ်တော့။
ချူဖုန်းသည် ငှက်ဘုရင်ကို သတ်ပြီးနောက် သူ ကောင်းကင်အတိဒုက္ခတစ်ခုကို ဖြတ်သန်းခဲ့သည်ဟု တည်ငြိမ်စွာ ပြောခဲ့သည်။
အနောက်နိုင်ငံမှ မီဒီယာများပင် ဤအဖြစ်အပျက်ကို သတင်းထုတ်လွှင့်လာကြသည်ပင်။
အနောက်နိုင်ငံမှ လူများကတော့ ချူဖုန်းကို အနောက်နိုင်ငံသို့ ဖိတ်ခေါ်ပြီး နဂါးနက်ကဲ့သို့ ကြောက်စရာကောင်းသည့် သားရဲများအား ဖိနှိပ်ခိုင်းရန် ပြောနေကြပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ပြဿနာရှာရန်ကြိုးစားနေသည့်လူအချို့လည်း ရှိနေသည်ပင်။ သူတို့သည် ချီလင်းဘုရင်ကို ချူဖုန်းအား အထင်သေးရဲသေးလားဟု ပြောလာကြသည်။
ယခင်က ဤသားရဲဘုရင် ချူဖုန်းကို မကောင်းသည့်မှတ်ချက်များ ပေးခဲ့သည်ပင်။ ချူဖုန်း ဥရောပသို့လာရဲလျှင် သူ ချူဖုန်းအား သင်ခန်းစာပေးမည်ဟု ပြောခဲ့သည်ပင်။
“ငါ ဗာတီကန်မှာ ထိပ်တန်းအဆင့်သားရဲဘုရင်တွေနဲ့ တိုက်ခိုက်နေတာ .. သူ ဒီကိုလာရဲလို့လား .. သူ လာဖို့အရည်အချင်းမရှိလောက်ဘူး..” ချီလင်းဘုရင် သူ့ကို ပြောလာသည်။
တစ်ချိန်တည်းမှာပင် လူသားကျွမ်းကျင်သူဖြစ်သည့် ဩဂတ်စတပ်ကိုလည်း ချူဖုန်းအပေါ် အမြင်ကောင်းများ ရှိလာပြီလားဟု မေးလာကြသည်။
“ငါ့ပြိုင်ဘက်က အာဖရိကက ပြိုင်ဘက်ကင်းခြင်္သေ့ .. သူ့ပြိုင်ဘက်ကို ကြည့်လိုက်ပါဦး၊ မြွေပါတဲ့၊ သစ်တောက်ငှက်တဲ့ ဟာသပဲ..”
ရုတ်တရက် အရှေ့နှင့်အနောက်နိုင်ငံကြားတွင် လှိုင်းလုံးကြီးများဖြစ်ပေါ်လာပြီး လူများစွာမှာ အတော်လေး ဒေါသထွက်သွားကြလေသည်။
“ဗာတီကန်က ဘယ်လိုနေရာမျိုးလဲ .. ဒါက မြင့်မြတ်မြေတစ်ခုပဲ .. ထိပ်တန်းအဆင့်သားရဲဘုရင်တွေက စိုးမိုးနိုင်ဖို့အတွက် ယှဉ်ပြိုင်နေကြတာ.. ဒီနေရာက လူတိုင်းခြေချနိုင်တဲ့နေရာမဟုတ်ဘူး .. ငါ့ကိုသူနဲ့ယှဉ်ချင်ရင် သူဒီကိုလာဖို့ အရည်အချင်းရှိအောင် လုပ်ခိုင်းလိုက်ပါဦး..” ဩဂတ်စတပ် ရန်လိုစွာ ပြောလိုက်သည်။
အပိုင်း ၁၅၄ ပြီး၏။