Switch Mode

Chapter – 153

အလေးအမြတ် သစ်ပင်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၅၃ – အလေးအမြတ် သစ်ပင်

နွားဘုရင်နန်းတော်မှာ ချက်ချင်းပင် ဟာလာဟင်းလင်းဖြစ်သွားသည်။ အားလုံးသည် နေရာတစ်ခုသို့ ဦးတည်ပြေးနေကြလေ၏။

ချူဖုန်းလည်း နွားနှစ်ကောင်နှင့်အတူ ပြေးနေသည်ပင်။ ဤသားရဲများမှာ ပျားအုပ်ကြီးကဲ့သို့ အလောကြီး ပြေးလွှားနေကြသည်။

သံသယဝင်စရာမလိုအောင်ပင် မြင်းဘုရင်မှာ အမြန်ဆုံးပင်။ သူသည် နီရဲနေသည့် ဖာဂဟာနာမြင်းဖြစ်သည့် သူ့မူလပုံစံကို ချက်ချင်းပြောင်းလိုက်သည်။ သူသည် သေမျိုးလောကသို့ ရောက်လာသည့် ပြိုင်ဘက်ကင်းစစ်မြင်းတစ်ကောင်ကဲ့သို့ပင်။

သူ့ခွာများကို ပေါက်လိုက်သည်နှင့် သူ့နောက်တွင် ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ဝုန်း..

ကောင်းကင်ဘုံကိုးခုမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ တောင်ထိပ်တွင် မိုးခြိမ်းသံကြီး ထွက်ပေါ်လာသည်။

ရက်ကန်းသမဘုရင်လည်း အလွန်စွမ်းအားကြီးသည်ပင်။ သူမသည် လူသားပုံစံဖြင့်ပင် သူမပါးစပ်မှ ငွေရောင်အလင်းတန်းထွက်ပေါ်လာပြီး မြင့်မားသည့်တောင်ထိပ်တစ်ခု၌ ကပ်ညှိသွားသည်။ ဤသည်မှာ သူမ၏ ပင့်ကူချည်မျှင်ပင်။

သူမ ထိုချည်မျှင်ကို တွဲခိုလိုက်ပြီး လေထဲ ဖြတ်သန်းသွားလိုက်သည်။ ထို့အပြင် သူမသည် မြေပြင်ထက်၌ ခြေမချပဲ နောက်ထပ်ချည်မျှင်တစ်ခုကို ထပ်ထုတ်လိုက်လေ၏။

နှင်းကျားသစ်လည်း လှုပ်ရှားလာသည်။ သူ့ဆံပင်ဖြူများမှာ သူ့နောက်၌ မျောလွင့်နေသည်။ သူ ပြေးလိုက်သည်နှင့် သဲမှုန်များ လွင့်စင်လာပြီး အနောက်ဘက်၌ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သို့သော် သူ့အမြန်နှုန်းမှာ မြင်းဘုရင်ကိုတော့ မမှီပေ။

“ဝူး..” အမဲလိုက်ခွေးကြီး ဟစ်ကြွေးလိုက်သည်။ သူသည် လူသားပုံစံဖြင့် ရှိနေဆဲပင်။ သူသည် တောင်အောက်သို့ ကြောက်စရာကောင်းသည့်အရှိန်ဖြင့် ပြေးဆင်းသွားလိုက်သည်။

အရှိန်မြန်သည့် သားရဲဘုရင်များ ပြေးထွက်သွားသည့်အချိန်တွင် အရှိန်နှေးသည့် သားရဲဘုရင်များကတော့ သူတို့ငှက်များကို ဆင့်ခေါ်လိုက်သည်။

ချူဖုန်းလည်း နွားနှစ်ကောင်နှင့်အတူ ကြီးမားလှသည့်ကျီးကန်းတစ်ကောင်ပေါ်၌ ထိုင်နေသည်ပင်။ ကျီးကန်းသည် ဆယ်မီတာကျော် ရှည်လျားပြီး တစ်ကိုယ်လုံး မည်းနက်နေသည်။

“အ…”

ကျီးကန်း သူ့ပါးစပ်ကို ဟလိုက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ရပ်လိုက် .. မင်းအော်သံက ကျက်သရေမရှိဘူး” နွားနက်ကြီး ဆူပူလိုက်သည်။ ဤကျီးကန်းပေါ်ထိုင်နေရသည်မှာ သူ့ကံကောင်းမှုအားလုံး ကုန်သွားတော့မည်ဟု သူ ခံစားနေရသည်။

“ဟုတ်ကဲ့ပါအရှင်..” ကျီးကန်းသည် ထိုသို့ပြောပြီးနောက် တောင်ထိပ်တစ်ခုထံသို့ ပျံသန်းသွားလိုက်သည်။

လမ်းတွင် နွားဝါလေး ချူဖုန်းကို အခြေအနေအကျဉ်းချုပ်ကို ရှင်းပြလိုက်သည်။ သူတို့သွားနေသည့်နေရာမှာ မြေအောက်နန်းတော် ပေါ်ထွက်လာခဲ့သည့်နေရာပင်။ နန်းတော်ကြီးမှာ ဗလာဟင်းလင်းဖြစ်နေသော်လည်း အထဲဘက်မှ စာတစ်ကြောင်း ရေးထားသည်။ ‘ညှိုးခြောက်နေတဲ့အပင်ပေါ် နွေဦးလေတွေ တိုက်ခတ်သွားတာနဲ့ မြင့်မြတ်တဲ့အမြစ်က ပြန်လည်ရှင်သန်လာလိမ့်မယ်’

ထိုအချိန်တုန်းက အခန်းထဲ၌ ဘာမှရှာမတွေ့ခဲ့ကြ။ အမြစ်ရှိနေသည့် အရိပ်အယောင်ပင် မမြင်ခဲ့ကြသဖြင့် ဤမျှမြန်မြန်ဆန်ဆန် ပြောင်းလဲမှုများ ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူမှ မထင်ခဲ့ကြ။

ဝှစ်…

အဝေးမှ တောင်ထိပ်ကို မြင်နေရလေပြီ။ ထိုတောင်ထိပ်နှင့် အတော်ဝေးသေးသော်လည်း ထိုတောင်တစ်ခုလုံးကို အလင်းများဖြင့် ဖုံးလွှမ်းနေကြောင်း အားလုံး မြင်လိုက်ရသည်။

တောင်ထိပ်၌ ပေါက်နေသည့် သစ်ပင်မှ ရေတံခွန်ကဲ့သို့သော အလင်းများ စီးဆင်းနေခြင်းပင်။

ချူဖုန်းတို့မှာ ပထမဆုံးအဖွဲ့မဟုတ်သကဲ့သို့ နောက်ဆုံးအဖွဲ့လည်းမဟုတ်။

ဝှစ် ဝှစ် ဝှစ်..

နွားဘုရင်နန်းတော်ထဲ၌ စားသောက်နေခဲ့ကြသည့် သားရဲဘုရင်အားလုံး ဤနေရာသို့ ရောက်လာကြလေပြီ။

ကျီးကန်းကြီးသည် ထိုအပင်မှ ထုတ်လွှတ်သည့် အလင်းများကို မခုခံနိုင်တော့ပဲ မြေပြင်ထက်၌ နာကျင်စွာ အော်ဟစ်လူးလိမ့်နေလေသည်။ သူတို့သုံးယောက်လည်း တောင်ပေါ်သို့ ကိုယ့်ဘာသာကိုယ် ပြေးတက်သွားရုံသာ တတ်နိုင်တော့သည်။

ဝုန်း..

တောင်ဆိတ်မှာ အတော်လေး ကံဆိုးလှသည်ပင်။ သူ့ကို မည်သူ တိုက်ခိုက်မှန်း မသိလိုက်ရသော်လည်း သူ တောင်ပေါ်မှ ပြုတ်ကျသွားကာ ပါးစပ်မှ သွေးများစီးကျလာသည်။ သူ့ဒဏ်ရာမှာ သေချာပေါက် မသေးလှ။

ချူဖုန်း ချက်ချင်းတောင့်တင်းသွားရသည်။ အစောလေးကတင် ရယ်မောကာ စကားပြောနေခဲ့ကြသည့် သားရဲများမှာ တစ်ယောက်ကိုတစ်ယောက် မိသားစုဟု မမှတ်ယူကြတော့။

တောင်ထိပ်သို့ ရောက်သည့်အချိန်တွင် မြေကြီးအောက်မှ နန်းတော်တစ်ခုကို တွေ့လိုက်ရသည်။

တောင်ထိပ်ပေါ်မှ သစ်ပင်မှာ ရေစည်ပိုင်းတစ်ခုကဲ့သို့ ထူထဲလှပြီး ၁၀ မီတာခန့်မြင့်သည်။ သူ့အခေါက်များလည်း ထူထဲကြမ်းတမ်းလှသည်။ သစ်ပင်တစ်ပင်လုံး နီရဲနေပြီး ဘေးပတ်လည်တွင်လည်း နီရဲသည့်မြူများ ရစ်ဆိုင်းနေသည်။

ဤအပင်သည် ကြီးမားလှသည့် မီးတုတ်တစ်ခုကဲ့သို့ တောက်ပသည့်အလင်းများ ထုတ်လွှတ်နေသည်ပင်။

သို့သော် ခဏကြာပြီးနောက် အရာအားလုံး ပြောင်းလဲသွားသည်။ သစ်ပင်မှ ရွှေရောင်အလင်းဖျော့လေး ထုတ်လွှတ်လာကာ သစ်ခေါက်များပင် ရွှေရောင်ပြောင်းလဲသွားသည်။ တောင်တစ်ခုလုံးလည်း ရွှေရောင်မြူများ လွှမ်းခြုံသွားသည်။

ဤသည်မှာ သားရဲဘုရင်များကို အုတ်အော်သောင်းတင်းဖြစ်သွားစေသည်။ အလေးအမြတ်သစ်ပင်မှာ ပြောင်းလဲနေဆဲပင်။

“အားလုံးပဲ .. သစ်ပင်ပေါ်က ပန်းပွင့်တွေကိုကြည့်လိုက် .. အဲဒီပန်းပွင့်တွေက အားလုံးအတွက်လုံလောက်တယ် .. တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေစရာမလိုဘူး” အမဲလိုက်ခွေးဘုရင် ပြောလိုက်သည်။ သူသည် အလွန်စွမ်းအားကြီးကာ ခွန်းလွန်တောင်မှ သားရဲဘုရင်များကြား အဆင့်မြင့်သောကြောင့် သူအကြံပေးလိုက်သည်နှင့် မည်သူမှ မငြင်းဆန်ရဲ။

အားလုံး အပင်ထက်သို့ မော့ကြည့်လိုက်သည့်အချိန်တွင် တကယ်ကို အပွင့်များ ရာချီရှိနေသည်ကို‌ တွေ့လိုက်ရသည်။ ထိုပန်းပွင့်များ တစ်ချိန်တည်း ပွင့်လာသည်နှင့် ကောင်းကင်တစ်ခုလုံး ဝတ်မှုန်မိုးများ ရွာသွန်းလာလိမ့်မည်။

ထိုမြင်ကွင်းကို စဉ်းစားကြည့်မိလိုက်သည်နှင့် သားရဲဘုရင်အားလုံး စိတ်လှုပ်ရှားစွာ အော်ဟစ်လာကြသည်။ ဤသည်မှာ သူတို့ အနှောင်အဖွဲ့များကို ချိုးဖျက်ပြီး ပိုသန်မာလာအောင် လုပ်နိုင်သည့် အခွင့်အရေးပင်။

“အားလုံး .. စိတ်အေးအေးထားပါ”

ထိုအချိန်တွင် အပင်ထံမှ စိတ်ဝိညာဉ်အသံ ပျံ့လွင့်လာသည်။ အံ့အားသင့်စရာကောင်းစွာပင် သူ လူများနှင့် ဆက်သွယ်နိုင်နေလေ၏။

“အမ်..” သားရဲဘုရင်အားလုံး ထိတ်လန့်သွားရသည်။ ဒါက နတ်ဆိုးသစ်ပင်လား.. အားလုံး နောက်တစ်လှမ်းဆုတ်လိုက်ကြသည်။

ကြောက်စရာကောင်းသည့်အပင်တစ်ချို့ ရှိသည်ကို အားလုံး သိထားကြသည်ပင်။ ထိုအပင်များ အသိစိတ်ရှိလာသည်နှင့် မယုံကြည်နိုင်လောက်အောင် ကြောက်စရာကောင်းလာလိမ့်မည်။

ကန္တာရထဲ၌ ထိုကဲ့သို့သောအပင်မျိုးကို ကိုယ်တိုင်တွေ့ကြုံလိုက်ရသည့်သူအချို့ပင် ရှိသေးသည်။ ထိုအပင်သည် တောင်နှင့်မြစ်များကိုပင် ပျက်စီးသွားစေနိုင်သည့် အနက်ရောင်မီးတောက်များ ပစ်လွှတ်နိုင်သည်ပင်။

အပူချိန်မှာ မြင့်မားလွန်းလှသောကြောင့် သားရဲဘုရင်များပင် မခံနိုင်။ ကန္တာရတစ်ခုလုံးပင် ချော်ရည်မြစ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်ပင်။

ထို့ကြောင့် ဤအပင်ကြီး စကားပြောလာသည်နှင့် သူတို့ တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။

နွားဝါလေးသာ သံသယအပြည့်ဖြင့် ဖြစ်နေသည်။ တစ်ခဏခန့် စဉ်းစားပြီးနောက် သူ ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ “ခင်ဗျားက ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်လား..” သူ မေးလိုက်သည်။

“ဟုတ်မယ်ထင်တယ်” သစ်ပင်ကြီး ပြန်ဖြေလိုက်သည်။ ထိုအချိန်တွင် သစ်ပင်ကြီးမှ ငွေရောင်အလင်းတန်းများ ထုတ်လွှတ်လာသည်။

“အဝါလေး .. ဒီအပင်ရဲ့ ဇစ်မြစ်က ဘာလဲ..” မြင်းဘုရင်မေးလိုက်သည်။

အားလုံး နွားဝါလေးကို လှည့်ကြည့်လာကြသည်။

“ကျွန်တော်တို့ ကြီးပွားတော့မယ် .. အတော်ကို ကံကောင်းတာပဲ .. ကျွန်တော်တို့ ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်ကို တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..” နွားဝါလေး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

သူပြောသည့်အတိုင်းဆိုလျှင် သမိုင်းတစ်လျှောက်လုံးတွင် ဤကဲ့သို့သော အပင်မျိုးမှာ ၁၀ပင်, ပင်မရှိ။ ဤအပင်တစ်ပင်ပေါ်လာသည်နှင့် စစ်ပွဲပင်ဖြစ်လာနိုင်သည်။

အချိန်ကြာလာသည်နှင့် ဤအပင်အတော်များများ ဖျက်ဆီးခံလိုက်ရပြီး ယခု ဘယ်နှပင်သာရှိတော့မလဲ မသိတော့။

“ဒါကို လျှို့ဝှက်ထားရမယ် .. ဒါကို အပြင်လူတွေကို ပေးသိလို့မရဘူး .. မဟုတ်ရင် ဒီနေရာမှာ သွေးချောင်းစီးသွားလိမ့်မယ်” နွားဝါလေး သတိပေးလိုက်သည်။

ဤသစ်ပင်အကြောင်းကို နယ်မြေအတော်များများ မသိကြသေး။ သူလာခဲ့သည့် လောကကြီးတွင်ပင် တစ်ပင်သာရှိသည်။

အခြားသူများသည် သူ့အား ဤသစ်ပင်အကြောင်း မြန်မြန်ရှင်းပြရန် လောဆော်လာကြသည်။

“ဒီအပင်ကို လက်နက်လုပ်ဖို့သုံးတာ .. ဒီသစ်ပင်က လုပ်ပေးတဲ့လက်နက်တွေက ဘိုးဘေးတွေလုပ်တာထက် ပိုအဆင့်မြင့်တယ်..” နွားဝါလေး ပြောလိုက်သည်။

သူပြောသည့်အတိုင်းဆိုလျှင် အရည်အသွေးမြင့်သည့် ကုန်ကြမ်းပစ္စည်းများရှိသည်နှင့် ဤပြုပြင်ခြင်းအလေးအမြတ်သစ်ပင်မှ လောကကြီးကို တုန်လှုပ်စေနိုင်သည့်လက်နက်များ ဖန်တီးပေးနိုင်လိမ့်မည်ပင်။

“ဓားပျံတွေ လုပ်လို့ရလား..” ချူဖုန်း မေးလိုက်သည်။

“မင်းမှာ ပစ္စည်းရှိနေသရွေ့ အားလုံး လုပ်လို့ရတယ်” နွားဝါလေး ပြန်ဖြေလိုက်သည်။

ဤသည်မှာ အားလုံးကို ဆွံ့အသွားစေခဲ့သည်။

“အားလုံးပဲ .. ငါတို့အားလုံးအတူတူ ပြေပြေလည်လည်နေဖို့ မျှော်လင့်ပါတယ် .. ငါ့ရဲ့ ခြောက်သွေ့သွားတဲ့အမြစ်တွေက အခုမှ ပြန်ရှင်သန်လာတာ .. အဲဒီတော့ ဒီကမ္ဘာကြီးအကြောင်းကို ငါသိပ်မသိသေးဘူး” ပြုပြင်ခြင်းအလေးအမြတ်သစ်ပင် ပြောလာသည်။

“စိတ်မပူပါနဲ့ .. ကျွန်တော်တို့ ခင်ဗျားကို ကာကွယ်ပေးမယ်..” အမဲလိုက်ခွေးဘုရင် ပြောလိုက်သည်။

အားလုံး၏အတွေးလည်း ဤကဲ့သို့ပင်။ ဤကဲ့သို့သော ထူးဆန်းသည့်ရှေးဟောင်းသစ်ပင်ကို ကာကွယ်ပေးရမည်ပင်။

“အလေးအမြတ်သစ်ပင်ကြီး .. လက်နက်ကို ဘယ်လိုလုပ်သလဲဆိုတာ ပြပေးလို့ရမလား..” နှင်းကျားသစ်မေးလိုက်သည်။

“မဖြုန်းတီးနဲ့ .. ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်က အချိန်တစ်ခုကြာမှ ပန်းပွင့်တွေ ပွင့်နိုင်တာ .. ခင်ဗျား လက်နက်လုပ်ဖို့ပစ္စည်းကောင်းရှိတဲ့အချိန်ထိ စောင့်လိုက်ပါဦး..” နွားဝါလေး ပြောလိုက်သည်။

လက်နက်ပြုလုပ်ရာတွင် မီးမလိုဘူးဟု သိလိုက်ရသည့်အချိန် အားလုံး အံ့အားသင့်သွားရသည်။ သစ်ပင်သည် ဝတ်မှုန်ကို အသုံးပြုကာ ပစ္စည်းများအား အသက်သွင်းပေးကာ လက်နက်တစ်ခုအဖြစ် ပြောင်းလဲပေးလိမ့်မည်။

ဝတ်မှုန်ဖြင့် ဖြန်းပက်ပေးလိုက်သည်နှင့် ပစ္စည်းမှ အညစ်အကြေးများအားလုံး ထွက်သွားကာ အရည်အသွေးကောင်းများသာ ကျန်ခဲ့လိမ့်မည်ဟု နွားဝါလေး ရှင်းပြလိုက်သည်။

“ပြောရမယ်ဆိုရင် လက်နက်ကို အဆင့်တက်အောင် လုပ်ပေးတာပေါ့..” သစ်ပင်အိုကြီး ရှင်းပြလာသည်။

ဤနေရာ၌ ရှိနေသည့်လူအားလုံး တုန်လှုပ်သွားရသည်။

ဝုန်း..

အားလုံးကို နားလည်သွားသည်နှင့် သားရဲဘုရင်အားလုံး ပျောက်သွားကြလေ၏။ သူတို့ ပစ္စည်းများ သွားရှာကြလေပြီ။

ခွန်းလွန်တောင်မှာ သာမန်နေရာမဟုတ်။ အနန္တနတ်ဘုရား၏အိမ်ဟု ခေါ်ခဲ့သောကြောင့် မြေကြီးထဲတွင် ထူးခြားသည့်ပစ္စည်းများ ရှိနေနိုင်သည်။

ကံမကောင်းစွာဖြင့် ခွန်းလွန်တောင်အတွင်းပိုင်းကို သူတို့ ဝင်မရသေး။ မဟုတ်ပါက သူတို့ ပို၍ရှားပါးသည့်ပစ္စည်းကောင်းများ ရလာနိုင်သည်။

ရက်တစ်ချို့ကြာပြီးနောက် နွားဝါလေး ပြုပြင်ခြင်းအလေးအမြတ်သစ်ပင် ရှိသည့်နေရာသို့ ခိုးကြောင်ခိုးဝှက် ပြန်ရောက်လာသည်။ သူသည် ထိုအပင် ဘေးပတ်လည်၌ တစ်စုံတစ်ခုကို ရှာဖွေနေခဲ့သည်။

ဤသည်ကို ချူဖုန်း အရင်ဆုံး သတိပြုမိသွားသည်။ သူ နွားဝါလေးနောက်လိုက်လာကာ သူ့ကို ရှင်းပြခိုင်းလိုက်သည်။

ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်နား၌ ထူးခြားသည့်ပစ္စည်းတစ်ခုခု ရှိလိမ့်မည်၊ မဟုတ်လျှင် ဤအပင် ဤကဲ့သို့ လွယ်လွယ်ဖူးပွင့်လာမည်မဟုတ်ကြောင်း သူ ရှင်းပြလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသည် ဤအပင်ပတ်လည်၌သာ နေ့တိုင်း လာရောက်ရှာဖွေကြတော့သည်။ သူတို့ တကယ်လည်း ထူးခြားသည့်သတ္တုပစ္စည်းများ ရှာတွေ့ခဲ့ကြသည်။

အခြားသားရဲဘုရင်များလည်း အလွန်ဉာဏ်ထက်ကြသည်ပင်။ နွားဝါလေးသည် ဤအပင်၏ဇစ်မြစ်ကို သိထားသောကြောင့် သူတို့သည် အစကတည်းက နွားဝါလေးနောက် လူလွှတ်ထားခဲ့ကြသည်ပင်။

နောက်ဆုံးတွင်တော့ သားရဲဘုရင်အုပ်လိုက်ကြီး ရောက်လာကာ ဤသစ်ပင်ပတ်လည်ကို လာရောက်ရှာဖွေကြတော့သည်။

“ဘယ်သူမှ မတိုက်ခိုက်ရဘူး .. ကိုယ်ရတဲ့ပစ္စည်းကိုယ်ယူပဲ .. ဘယ်သူ့ကိုမှ မသတ်ရဘူး .. လုလည်းမလုရဘူး” သားရဲဘုရင်အားလုံး ဤအချက်ကို အရင်ဆုံး လက်ခံသဘောတူလိုက်ကြသည်။

သူတို့သည် ဤဘေးပတ်လည်၌ မည်ကဲ့သို့သော ရတနာမျိုးရှိနေသလဲဟု ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်အား မေးမြန်းချင်သော်လည်း ဤအပင်ကိုယ်တိုင်က ယခုမှ ပြန်လည်ရှင်သန်လာသည့် အမြစ်တစ်ခုဖြစ်‌နေသောကြောင့် သူ ဘာကိုမှမသိ။

သားရဲဘုရင်များသည် မြေပြင်အောက် သုံးမီတာအထိပင် တူးနေကြသောကြောင့် တောင်တစ်ခုလုံး ပြောင်းပြန်လှန်တော့မတတ်ပင် ဖြစ်နေလေပြီ။ သူတို့ ဤအတိုင်းသာ ဆက်လုပ်နေလျှင် သေချာပေါက် တောင်ကြီး ပြိုကျသွားလိမ့်မည်။

သူတို့ ရှားပါးသည့် ပစ္စည်းအချို့ တူးဖော်ရရှိခဲ့ကြပြီး အားလုံးမှာ ထိပ်တန်းအဆင့် အရည်အသွေးရှိသည့် ပစ္စည်းများပင်။

ချူဖုန်းလည်း တူးဖော်ရင်း အလုပ်များနေသည်ပင်။ သူ၏အနီရောင်ဓားပျံကိုသုံးကာ မြေကြီးထဲ စိုက်ချလိုက်ပြီး သူ့ဓားပျံဖြင့် မထိုးဖောက်နိုင်သည့်အရာများကို တူးထုတ်လိုက်သည်။

နောက်ဆုံးတွင်တော့ သူ လူတစ်ယောက်၏ခေါင်းအရွယ်အစားရှိသည့် အနက်ရောင်သတ္တုလုံးကြီးကို ရှာတွေ့လိုက်သည်။ အံ့အားသင့်စရာကောင်းစွာပင် ဤသတ္တုလုံးကြီးသည် ၅၀၀၀ ကီလိုဂရမ်ကျော်ပင် ရှိနေသည်။

ထိုသတ္တုကို ရသည်နှင့် သူ ဆက်မတူးတော့ပဲ ထွက်လာခဲ့လိုက်၏။ ဤပစ္စည်းမှာ ထူးခြားကြောင်း သူသိသည်ပင်။

အထူးသဖြင့် သူ့အလေးချိန်မှာ အလွန်လေးလံလှသည်။

သစ်ပင်ထံသို့ ချူဖုန်း အရင်ရောက်လာသည်။

သူ့နောက်တွင်တော့ နွားဝါလေး ရောက်လာ၏။ ချူဖုန်း ပစ္စည်းကောင်းတစ်ခုခုကို ရှာတွေ့သွားပြီဖြစ်ကြောင်း သူသိသည်ပင်။ သူ ချူဖုန်းထံမှ ထိုပစ္စည်းတောင်းကြည့်လိုက်သည်။

“ကီလိုဂရမ် ၅၀၀၀ ကျော်တောင်လား..” နွားဝါလေး ဆွံ့အသွားရသည်။ သာမန်လူဆိုလျှင် ဤသတ္တုကြီးကို မပင်မနိုင်မည်မဟုတ်။

နွားဝါလေးသည် သူ၏စွမ်းအားအကြီးဆုံးစွမ်းရည်များဖြင့် ဤသတ္တုလုံးကို အကြိမ်များစွာ တိုက်ခိုက်လိုက်သည်။ သို့သော် ဤသတ္တုလုံးတွင် ခြစ်ရာပင်မထင်။

“ခွန်းလွန်တောင်ထဲမှာ မြှုပ်နှံထားတဲ့ ထူးဆန်းတဲ့ပစ္စည်း.. ဒါက ဒဏ္ဍာရီတွေမှာ ပါတဲ့ပစ္စည်းများလား..” နွားဝါလေး အော်ဟစ်ကာ သတ္တုလုံးကို လောဘတကြီး ဖက်လိုက်သည်။

“နွားစုတ် .. ငါ့ကို ပြန်ပေး..” ချူဖုန်း ပြန်တောင်းလိုက်သည်။

နောက်ဆုံးတွင်တော့ အခြားသားရဲများ သတိပြုမိသွားမည်စိုးသောကြောင့် သူ ပြန်ပေးလိုက်သည်။ ဤပစ္စည်းများ မြန်မြန်ပြုပြင်ပေးရန် ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်ကို ပြောလိုက်သည်။ မည်ကဲ့သို့သော ပစ္စည်းမျိုး ထွက်လာမည်ကို သူ အလွန်သိချင်နေလေပြီ။

“မင်း ဘယ်လိုလက်နက်မျိုးလိုချင်လဲ..” ပြုပြင်ခြင်းအလေးအမြတ်သစ်ပင် မေးလိုက်သည်။ သူသည် ယခုမှ နိုးထလာခြင်းဖြစ်သော်လည်း သူ့စွမ်းရည်များနှင့် သူ ရင်းနှီးနေသည်ပင်။

ဤပစ္စည်းဖြင့် ဓားပျံလုပ်ရန်မှာ လေးလံလွန်းလှသည်။ သူ သူ့ခန္ဓာကိုယ်ကိုပင် မထိန်းချုပ်နိုင်သေး။

“ဒါကို လက်နက်တစ်ခု ပြောင်းပြီးသွားရင် ထပ်ပြုပြင်လို့ရသေးလား..” ချူဖုန်း မေးလိုက်သည်။

“ရတယ်” သစ်ပင်အိုကြီး ပြောလာသည်။

ချူဖုန်း သူ့လက်ကောက်ဝတ်တွင် ဝတ်ထားသည့် လက်ကောက်ကို ကြည့်လိုက်သည်။ ဤသည်မှာ လုထုန် သူ့ကိုပေးထားသည့် စိန်ချာကရမ်လက်နက်ပင်။

ဤလက်နက်ကို ရွှမ်းထျန်အပြင်ဘက်ရှိ ထူးဆန်းသည့်ငွေသတ္တုတွင်းမှရသည့်‌ ထူးဆန်းသည့်ပစ္စည်းဖြင့် ပြုလုပ်ထားခြင်းပင်။

“ကျွန်တော့်ကို စိန်ချာကရမ်တစ်ခုလုပ်ပေး..” ချူဖုန်း ပြောလိုက်ကာ သူ့လက်ကောက်တွင် ဝတ်ထားသည့် လက်ကောက်ကို ပြလိုက်သည်။

အနီရောင်သစ်ပင်ကြီးမှ အကိုင်းတစ်ကိုင်း ထွက်လာပြီး ပစ္စည်းကိုယူကာ သစ်ပင်ထိပ်သို့ သယ်သွားလိုက်သည်။

ထို့နောက်တွင်တော့ သစ်ပင်မှ လက်သီးအရွယ်အစား ပန်းပွင့် ဖူးပွင့်လာကာ ထိုအနက်ရောင်သတ္တုထက်သို့ ဝတ်မှုန်များ ဖြန်းပက်လိုက်သည်။

“အမ်..” အချိန်ခဏ စောင့်ကြည့်သော်လည်း ဤပစ္စည်းမှာ ဘာမှပြောင်းလဲမသွားကြောင်း သူ တွေ့လိုက်ရသည်။

ဖောက်..

ဒုတိယပန်းပွင့် ပွင့်လာကာ ဝတ်မှုန်များ ထပ်မံဖြန်းပက်လာသည်။ သို့သော် သတ္တုမှာ ဘာမှမပြောင်းလဲသေး။

ဖောက် ဖောက် ဖောက်…

ပန်းပွင့် ၁၀ ပွင့် ဆက်တိုက် ဖူးပွင့်လာသည်။ နွားဝါလေးမှာ အံ့အားသင့်နေရသည်။ အလွန်ရှားပါးသည့်ပစ္စည်းသာ သစ်ပင်အား ဤအဆင့်ထိရောက်အောင် တွန်းပို့နိုင်သည်ကို သူသိသည်။

သို့သော် အနက်ရောင်သတ္တုကြီးမှာ ဘာမှမပြောင်းလဲသေး။

ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်ကြီးမှာ ရှက်လာလေသည်။ သူ့အကိုင်းထက်မှ ပန်းပွင့်များ တစ်ပွင့်ပြီးတစ်ပွင့် ဖူးပွင့်လာကာ စုစုပေါင်း အပွင့်တစ်ရာကျော်မှ ဝတ်မှုန်မိုးများ ရွာသွန်းလာသည်။

ထိုအချိန်ကျမှသာ အနက်ရောင်သတ္တုကြီး ပုံစံစပြောင်းလာသည်။ တရှဲရှဲအသံနှင့်အတူ အနက်ရောင်အမှုန့်များ ကျလာကာ အထဲဘက်မှ အတွင်းသားကို မြင်လိုက်ရသည်။

နွားဝါလေးမှာ အံ့အားသင့်နေရသည်။ အပြင်ဘက်အလွှာတောင် ဒီလောက်မာကျောနေတာ အထဲဘက်မှာ ဘယ်လိုအဖိုးတန်ပစ္စည်းမျိုး ရှိလို့လဲ..

“ဒါက သေချာပေါက် ဒဏ္ဍာရီထဲက ပစ္စည်းပဲ..” သူ ရေရွတ်လိုက်သည်။

အပိုင်း ၁၅၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset