ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၅၂ – ကောင်းကင်ဘုံနဲ့ ချောက်နက်ကြီး
ဓာတ်ပုံတစ်ပုံ၊ စာသားတစ်ကြောင်းတည်းဖြင့် အင်တာနက်တစ်ခွင်မှ ဆူပူမှုများ တိတ်ဆိတ်သွားသည်။
ဤမတိုင်ခင်တွင် လောကတစ်ခုလုံး ပွက်လောရိုက်နေသည်ပင်။ သားရဲများက သူတို့ပျော်ရွှင်မှုများကို ဖုံးကွယ်မထားတော့။ လူသားများကတော့ ကျိန်ဆဲနေရုံသာ တတ်နိုင်ကြသည်။
ယခုတော့ အားလုံး ရွှံ့ရုပ်လေးများကဲ့သို့ ငြိမ်သက်သွားကြသည်။
“အား..” ယုယန်ချင်း အော်ဟစ်လိုက်သည်။ သူ့စိတ်လှုပ်ရှားမှုများကို စကားလုံးများဖြင့်ပင် ဖော်ပြ၍မရနိုင်တော့။ အစပိုင်းတွင် ချူဖုန်း သားရဲများ၏ အကောက်ကြံမှုများအောက် ကျဆုံးသွားပြီဟု သူ ထင်ခဲ့ခြင်းပင်။ သို့သော် ယခုတော့ ဤဓာတ်ပုံတစ်ပုံတည်းဖြင့် ကောလဟာလအားလုံး ပျက်ပြယ်သွားသည်။
နောက်တစ်ခဏတွင် အင်တာနက်တစ်ခုလုံး ပေါက်ကွဲထွက်လာကာ ထိုဓာတ်ပုံအောက် မှတ်ချက်များ ရေးလာကြသည်။
“အမတချူ .. ခင်ဗျားက တကယ်ကို အင်အားကြီးတာပဲ .. ခင်ဗျား တကယ်၌ အတိဒုက္ခတစ်ခုကို ဖြတ်သန်းနေခဲ့တာလား .. ကြည့်ရတာ ကောင်းကင်ဘုံတောင် ခင်ဗျားကို မထိန်းချုပ်နိုင်တော့ဘူးထင်တယ်..”
“အောင်ပွဲခံနေခဲ့ကြတဲ့သားရဲတွေ အခု ဘယ်လိုခံစားနေရမလဲ သိချင်လိုက်တာ..”
“နတ်ဆိုးဘုရင်ချူ ပီသပါပေတယ် .. အားလုံး သတိထားမိကြလား .. လျှပ်စီးရာတွေအပြင် ပြိုင်ဘက်ကင်းငှက်ဘုရင်လို့ခေါ်တဲ့ သားရဲရဲ့ အပိုင်းအစတွေလည်း ပြန့်ကျဲနေတာ .. ငါတို့က ငှက်ဘုရင်ရဲ့ ခွန်အားကို စော်ကားနေတာပါလို့ ပြောတဲ့သူတွေ ဘယ်ရောက်သွားပြီလဲ .. ငါ သူတို့မျက်နှာအမူအရာကို မြင်ချင်လိုက်တာ .. ဟား ဟား..”
အင်တာနက်တစ်ခုလုံး ပေါက်ကွဲသွားသကဲ့သို့ သူတို့အတွေးများကို ဖော်ပြသည့် မရေမတွက်နိုင်သည့်မှတ်ချက်များ တစ်ပြိုင်နက်တည်း ရောက်ရှိလာကြသည်။
အချိန်တိုအတွင်းမှာပင် ချူဖုန်း ဓာတ်ပုံအောက်၌ မှတ်ချက်ပေါင်း ထောင်ပေါင်းများစွာ ရောက်လာပြီး အရေအတွက်မှာ ဆက်လက်တိုးတက်လာနေဆဲပင်။
သာမန်လူများမပြောနှင့် နာမည်ကြီးဆယ်လီဘရစ်တီများပင် သူ့ကို မနာလိုဖြစ်လာကြသည်။
အင်အားကြီးအဖွဲ့အစည်းများပင် ဆွံ့အသွားကြရသည်။ အကြိမ်ပေါင်းများစွာ ဆန်းစစ်ပြီးနောက် ချူဖုန်း အန္တရာယ်ရှိနေသည်ဟု သူတို့ ကောက်ချက်ချခဲ့ကြသည်ပင်။
ဤမျှမြန်မြန်ဆန်ဆန်ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
အဖွဲ့အစည်းအားလုံး သူတို့ ဦးရေပြားများပင် ထုံကျဉ်သွားခဲ့ကြရသည်။ သူတို့ ခန့်မှန်းချက် မှားယွင်းသွားလေပြီ။ ချူဖုန်း အသက်ရှင်ခဲ့သည့်အပြင် သားရဲဘုရင်တစ်ဦးကိုလည်း သတ်ခဲ့သေးသည်။
ဤသည်မှာ ပန်တောင်ဘုရင်ပြီးလျှင် ဒုတိယမြောက် ဘုရင်ပင်။
အဖွဲ့အစည်းအားလုံး ချူဖုန်း၏စွမ်းအားကို ပြန်လည်ဆန်းစစ်ရန် ဖိအားပေးခံလိုက်ရသည်။ ချူဖုန်းမှာ သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီဖြစ်သည်။
ယခုအချိန်တွင်တော့ သားရဲမျိုးနွယ်စုအားလုံး တိတ်ဆိတ်နေကြလေပြီ။
အချိန်အတော်ကြာသွားသည်အထိ အချို့သားရဲမျိုးနွယ်စုမှ ကျွမ်းကျင်သူများမှာ တောင့်တောင့်တင်းတင်းကြီး ဖြစ်နေကြဆဲပင်။ သူတို့ ဤရလဒ်ကို လက်မခံနိုင်ဖြစ်နေကြသည်။
အစက ဤသည်မှာ သူတို့အချိန်ပင်။ အရာအားလုံး သူတို့ချုပ်ထိန်းမှုအောက် ရောက်နေပြီဖြစ်သည်။ သူတို့သည် ဤအဖြစ်အပျက်ဖြင့် လူများ၏အာရုံစိုက်မှု ရရှိအောင် လုပ်ထားခဲ့ကြသည်။ သူတို့ဒေါသများအား ဖောက်ခွဲပစ်တော့မည့်အချိန်တွင်တော့ ကောင်းကင်ထက်မှ မိုးကြိုးများ ပစ်ချလာပြီး သူတို့ကို ချောက်နက်ကြီးထဲသို့ တွန်းပို့ပစ်လိုက်သည်။
မျှော်လင့်ထားသည့်ရလဒ်နှင့် ရလာသည့်ရလဒ်မှာ အတော်လေး ကွာခြားလှသည်။
ဥပမာအားဖြင့် ဒေါင်းမျိုးနွယ်စုမှာ ယခုအချိန်ထိ တိတ်ဆိတ်နေဆဲပင်။
သိထားရမည်မှာ ဒေါင်းမျိုးနွယ်စု၏ ခန်းမထဲ၌ သားရဲများစွာ ရောက်ရှိနေကြသည်ပင်။
စာသားတစ်ကြောင်းတည်းကြောင့် အားလုံး တိတ်ဆိတ်သွားကြရသည်။ သူတို့ပြောထားတဲ့ခေါင်းက ဘယ်မှာလဲ.. သူတို့သည် ချူဖုန်းသေဆုံးမည့်အချိန်၌ ပျော်ပွဲရွှင်ပွဲကျင်းပရန်အတွက် စောင့်ဆိုင်းနေခဲ့ကြခြင်းပင်။
သူတို့ အရာအားလုံးကို စီစဉ်ခဲ့သော်လည်း ဤသည်မှာ ကိုယ့်ခြေထောက်ပေါ်ကို ကျောက်ခဲဖြင့်ပစ်ချသည်ထက်ပင် ပိုဆိုးနေသည်။
ဤရက်များတွင် သူတို့သည် လူထု၏အာရုံစိုက်မှုကို ရရှိရန်အတွက် အလုပ်များနေခဲ့ကြသည်ပင်။ သို့သော် သူတို့ကြိုးစားမှုမှာ ချူဖုန်း အောင်မြင်မှုအား ပံ့ပိုးပေးသည့်အရာတစ်ခုသာ ဖြစ်သွားခဲ့သည်။
သူတို့ ကိုယ့်အရှက်ကိုကိုယ်ခွဲလိုက်ခြင်းပင်။
“အား…”
ခန်းမထဲမှ သားရဲများ ပြေးထွက်လာကြသည်။ သူတို့သည် ဒေါသထွက်လွန်းသောကြောင့် ရူးမတတ်ပင် ဖြစ်နေလေပြီ။
“ဘယ်သူ သတင်းဖြန့်ခဲ့တာလဲ..”
အကြီးအကဲများပင် အဆုတ်များ ပေါက်ကွဲမတတ် ဒေါသထွက်နေကြပြီဖြစ်သည်။ သူတို့သည် ဒေါသတကြီး အော်ဟစ်ကာ ဒေါင်း၊ ရွှေရောင်သိမ်းငှက်နှင့် ဆက်သွယ်ရန် ကြိုးစားလိုက်ကြသည်။ ဘာဖြစ်ခဲ့သည်ကို သူတို့အား မေးရမည်။
သူတို့မက်ဆေ့ရောက်သွားပြီးနောက် မကြာမီတွင် ဓာတ်ပုံတစ်ပုံနှင့် ပြန်စာ ရောက်လာသည်။
ခွန်းလွန်တောင်ကို နောက်ခံထားပြီး အိုးကြီးတစ်အိုးထဲတွင် အမွေးနှုတ်ထားသည့် ဒေါင်းနှင့် သိမ်းငှက်တို့ အချက်ခံနေရသည်။ အသားများမှာ ရွှေညိုရောင်သန်းနေပြီး ကျက်ခါနီးပြီဖြစ်သည်။
“အား..” ဒေါင်းမျိုးနွယ်စုမှ ဘုရင်တစ်ဝက်အဆင့်သားရဲအော်ဟစ်လိုက်သည်။ “နတ်ဆိုးဘုရင်ချူ .. မင်း လွန်လွန်းသွားပြီ..”
လူအိုကြီးမှာ ဒေါသတကြီး ခြေဆောင့်နေကြပြီး သူတို့၏ဒွါရ ၇ ပေါက်မှ အငွေ့များ ထွက်လာသည်။ ယနေ့အဖြစ်အပျက်မှာ သူတို့အတွက် ရှက်စရာကောင်းလှသည်ပင်။
နောက်ဆုံးတွင်တော့ လူအိုကြီးနှစ်ဦး ဒေါသထွက်လွန်သွားပြီး သတိလစ်သွားလေ၏။
ယခုအချိန်တွင် သူတို့တစ်ယောက်တည်း ဒေါသထွက်နေရသည်မဟုတ်။ ရှုဝမ်ယိလည်း အတော်လေး ဆွံ့အသွားသည်ပင်။ သူမသည် အောင်ပွဲခံရန်အတွက် ဝိုင်ပုလင်းကိုပင် ဖောက်ပြီးသွားပြီဖြစ်သည်။
ကျန်းလော့ရှန်းကတော့ ယောဂလေ့ကျင့်နေသည်။ သူမသည် ကျောက်စိမ်းကဲ့သို့သော လက်များဖြင့် သူ့ခန္ဓာကိုယ်ကို ထိန်းထားကာ ခြေထောက်များကို မြှောက်လိုက်သည်။ သူမ ခက်ခဲသည့်ပုံစံတစ်ခုကို လုပ်နေခြင်းပင်။ ထိတ်လန့်စရာကောင်းသည့်သတင်းကို ကြားလိုက်သည်နှင့် သူမ ချက်ချင်း လဲကျသွားကာ နာကျင်စွာ အော်ဟစ်လိုက်သည်။
“ဒီကောင်က တကယ်ကို ဟန်ဆောင်တတ်တာပဲ .. သူ မိုးကြိုးပစ်ချခံရတာ မထူးဆန်းပါဘူး .. ဒါပေမဲ့ .. သူက နောက်ထပ်သားရဲဘုရင်တစ်ကောင်ကို ထပ်သတ်လိုက်တာလား.. သူက တကယ်ကို ကြမ်းတာပဲ..” သူမ ရေရွတ်လိုက်သည်။
ရွှမ်းထျန်မြို့ အင်ပါယာဖျော်ဖြေရေးကလပ်တွင်..
ရှုန်းခွန်မှာ ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားဖြင့် ဖြစ်နေလေပြီ။ ဒီချူဖုန်းက တကယ်နတ်ဆိုးလား .. ဒါက လွန်လွန်းတယ်..
လုချင်းနှင့်အခြားသူများလည်း ဆွံ့အနေကြလေပြီ။ သူတို့ ဘာမှမတင်မိသည့်အတွက် ကြိတ်ပျော်သွားရသည်ပင်။
ဤအတွက် သူတို့ ဟူရှန်းကို ကျေးဇူးတင်ရမည်ပင်။ သူတို့ သူ့အားကြည့်လိုက်သည့်အချိန်တွင် ဟူရှန်းသည် ပါးစပ်ကို တင်းတင်းစေ့ကာ ဘာမှမပြော။
ထိုအချိန်တွင် ရှုန်းခွန်ဖုန်းမြည်လာသည်။ ဝက်ဝံနက်ကြီး ဆက်လာခြင်းပင်။ “ခွေးကောင်လေး .. ဒီတစ်ခေါက်တော့ မင်း ဘာပြဿနာမှ မရှာခဲ့ဘူးမလား..” ဖုန်းထဲမှ ကြမ်းတမ်းသည့်အသံတစ်သံ ထွက်ပေါ်လာသည်။
“မရှာပါဘူး ဘိုးဘိုးကလည်း .. ကျွန်တော် ဒီတစ်ခေါက် ဘာပြဿနာမှ မရှာဘူး .. ကျွန်တော် ကျိန်ရဲတယ်..” ရှုန်းခွန် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ယခုအချိန်တွင်တော့ နယ်မြေအားလုံးမှ သားရဲဘုရင်များ တုန်လှုပ်နေကြလေပြီ. အချို့သူများမှာ ဤတိုက်ပွဲရလဒ်ကို လက်မခံနိုင်ဖြစ်နေကြသည်။
သို့သော် ဤသည်မှာ သတ်ဖြတ်ခြင်းမှ ရရှိလာသည် ဂုဏ်ကျက်သရေ၊ ကျော်ကြားမှုပင်။
…
ခွန်းလွန်တောင်မှ နွားနတ်ဆိုးနန်းတော်မှာ ကျယ်ပြန့်ကာ သာယာလှသည့်တောင်ထိပ်တစ်ခု၌ ရှိနေသည်။ ဤသည်မှာ ခွန်းလွန်တောင်ရှိ အကောင်းဆုံးနေရာများထဲမှ တစ်ခုပင်။
တောင်မှ ငွေရောင်ရေတံခွန်တစ်ခု စီးကျနေကာ မြင်ကွင်းမှာ ခမ်းနားလှသည်။
တောင်ဘေးတွင် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ရှိနေပြီး အကိုင်းအလက်များ ဖြန့်ကျက်ကာ ဧည့်သည်များကို ကြိုဆိုနေလေသည်။
“ချူဖုန်း..” ကျိုးချွမ် အော်ဟစ်လိုက်သည်။ ယခုတစ်လော သူ သီးသန့်လေ့ကျင့်နေရသည်ပင်။ ချူဖုန်း ရောက်လာကြောင်း သိလိုက်သည်နှင့် သူ လေပွေတစ်ခုကဲ့သို့ ပြေးထွက်လာခဲ့လေသည်။
“ဘုရားရေ .. နောက်ဆုံးတော့ ငါ လူသားတစ်ယောက်ကို မြင်နိုင်ပြီ..” ကျိုးချွမ်သည် ကျယ်လောင်စွာ အော်ဟစ်ကာ ချူဖုန်းကို ဖက်လိုက်လေသည်။ သူသည် ဆံပင်ကို နောက်လှန်တင်ထားဆဲဖြစ်ပြီး သူ့ဦးချိုများမှာ ပို၍ပင် သိသာလာသည်။
“အခုတော့ ခွန်းလွန်တောင်အတွင်းပိုင်းကို သွားလို့မရသေးဘူး .. မြူတွေနဲ့ ပိတ်ထားတာ .. ဒီတောင်ထိပ်က အကောင်းဆုံးတောင်ထိပ်ထဲက တစ်ခုပဲ..” နွားဝါလေး မိတ်ဆက်လိုက်သည်။
သူသည် အတော်လေး ငယ်ရွယ်သေးသော်လည်း အတွေ့အကြုံရင့်သန်သည့် လူကြီးတစ်ဦးကဲ့သို့ ပြုမူရန် ကြိုးစားနေလေသည်။
“နွားဝါလေး .. တစ်ခြားသားရဲဘုရင်တွေအားလုံး လူသားပုံစံ ပြောင်းနေပြီ .. မင်းက ဘာလို့ မပြောင်းသေးတာလဲ .. ပြောင်းကြည့်ပါဦး .. ငါကြည့်ချင်လို့” ချူဖုန်း ပြောလိုက်သည်။
နွားဝါလေးသည် သူ့အား မကျေမနပ် စွေစောင်းကြည့်လိုက်ပြီ .. “ဒီဘုရင်က ဖြောင့်မတ်မှန်ကန်တယ် .. ငါ့ပုံစံအစစ်ကို ပြောင်းစရာမလိုဘူး”
သို့သော် ကျိုးချွမ်၏စကားများမှ သူ့ကို ထိုးနှက်လာသည်။
“ပုံစံပြောင်းလိုက်ရင် သူ ဘယ်လိုပုံဖြစ်သွားမလဲဆိုတာ ငါသိတယ်..” ကျိုးချွှမ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ချူဖုန်းသည် ချက်ချင်းပင် ကျိုးချွမ်ဘက်လှည့်လိုက်ပြီး “ငါ့ကို မြန်မြန်ပြောပြ” စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“လျှို့ဝှက်နက်နဲမှုတွေက ရိုးရှင်းတယ်..” နွားဝါလေး အော်ဟစ်လိုက်ကာ ကျိုးချွမ်ခေါင်းနောက်ကို ခွာဖြင့် ရိုက်လိုက်သည်။ နာကျင်လှသည့် ခွပ်ခနဲအသံထွက်ပေါ်လာပြီး ကျိုးချွမ် သတိလစ်သွားသည်။
နွားဝါလေးသည် နောက်ပင်လှည့်မကြည့်ပဲ ထွက်သွားလေတော့သည်။
နွားနက်ကြီးကတော့ အခြားဧည့်သည်များကို ဧည့်ခံနေလေသည်။ “ဟေ့ကောင် .. ဝိုင်နဲ့စားစရာတွေကို မြန်မြန်ပြင်လိုက် .. ဒီနေ့ ငါ့ညီအစ်ကိုကို ကြိုဆိုပွဲလုပ်ပေးပြီး တစ်ခြားသားရဲဘုရင်တွေကိုလည်း ဧည့်ခံရမယ်”
နွားနက်ကြီးသည် အခြားကျွမ်းကျင်သူများအား ဘုရင်တစ်ပါးကဲ့သို့ အမိန့်ပေးနေသည်ကို တွေ့လိုက်ရသည့်အချိန် ချူဖုန်း အံ့အားသင့်သွားရသည်။
“သစ်တောက်ငှက်အကြွင်းအကျန်တွေကို သေချာရှင်းလိုက် .. တစ်ဝက် ချက်ပြီး ကျန်တာကိုကင်လိုက် .. သစ်တောက်ငှက်အသားက အရသာရှိလောက်တယ် .. ငါ အရသာတွေ့ရင် ဆုလာဒ်ကြီး ရမယ်” သူ ထပ်ပြောလိုက်သည်။
ထိုအခိုက်အတန့် အခြားသားရဲဘုရင်များ သူ့ကို ကြည့်လာကြသည်။
“ငါ့ညီအစ်ကို လျှပ်စီးနဲ့အကြိမ်ပေါင်းများစွာ အပစ်ချခံရပြီးတော့ သူ အတော်လေး အားနည်းနေပြီ.. သူ အားပြန်ဖြည့်ဖို့လိုတယ် .. ဘာပဲဖြစ်ဖြစ် ဒီလိုဘုရင်အဆင့် အသားကို ဒီအတိုင်းထားလိုက်ရင် ဖြုန်းတီးရာရောက်မှာပေါ့ .. ဒီနေ့ည အားလုံး ဘုရင်အသားကို မြည်းစမ်းကြည့်ကြပါ..” အနည်းငယ် အပြစ်ရှိနေသည့်လေသံဖြင့် သူ ပြောလိုက်သည်။
“အရမ်းကောင်းတယ် .. ဒါ ဖြစ်သင့်တယ်” အချို့သားရဲဘုရင်များမှာ အသားကို စားချင်နေကြလေပြီ။ သေသွားသည့်ငှက်ဘုရင်ကို မည်သူမှ ဂရုမစိုက်။
တောင်ဆိတ်သာ သက်ပြင်းချလိုက်သည်။ သစ်တောက်ငှက်အတွက် သူ ဝမ်းနည်းမိသည်။ အသတ်ခံလိုက်ရသည့်အပြင် ယခု အစားခံရတော့မည်ပင်။
ထိုအခိုက်အတန့် သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်း တောက်ပလာကာ ခေါင်းပေါင်းပေါင်းထားသည့် လူလတ်ပိုင်းအမျိုးသားအဖြစ် ပြောင်းလဲသွားသည်။ သူ့ဦးချိုနှစ်ဖက်လုံးကို ချူဖုန်း ဓားပျံဖြင့် ဖြတ်တောက်ထားသောကြောင့် ခေါင်းပေါင်းပေါင်းထားရခြင်းပင်။
နွားဘုရင်နန်းတော်ထဲတွင် အရသာရှိသည့် အစားအစာများကို မီးဖိုကျောင်ထဲမှ ဆက်တိုက်ပင် ထုတ်ယူလာကြသည်။ စားပွဲကြီးမှာ သားရဲများ လူပုံစံမပြောင်းလျှင်ပင် အားလုံး ထိုင်၍ရသည်အထိ ကြီးမားလှသည်။
“မောင်ထိုင်လား..” ဧည့်ခံနေသည့် ဝိုင်မှာ ဝိုင်ဖြူထဲမှ နာမည်အကြီးဆုံးဝိုင်တစ်မျိုးဖြစ်သည်ကို သိလိုက်ရသည့်အချိန် ချူဖုန်း အံ့အားသင့်သွားရသည်။
“ဒါက ငါ စတိုခန်းထဲမှာ နှစ်ပေါင်း ၅၀ ကျော် သိမ်းထားတဲ့ဝိုင်ပဲ” နွားနက်ကြီး ရယ်မော၍ ပြောလိုက်သည်။ သူ့ထံ၌ ဤကဲ့သို့သော ပစ္စည်းရှိကြောင်း မည်သူမှမသိ။
“နွားကြီးက တကယ်ကို ရက်ရောတာပဲ .. ငါတို့ ဒီလိုမျိုးရှားပါးဝိုင်မျိုးကို ကြိုက်တယ် .. အရသာက အရမ်းကို ရှေးကျနေတုန်းပဲ..” ကြေးရောင်အသားအရေနှင့် ဂတုံးပြောင်လူကြီးတစ်ဦး ပြောလိုက်သည်။
သူသည် အရပ်ရှည်ကာ ခန္ဓာကိုယ်တုတ်ခိုင်သည်။ သူ့ခန္ဓာကိုယ်မှာ ကြေးဝါဖြင့် ပြုလုပ်ထားကဲ့သို့ပင်။
သူသည် သွားများပေါ်လာသည်အထိ ရယ်မောလိုက်ကာ “ချူဖုန်း .. ငါ မင်းပုံစံကို ကြိုက်တယ် .. ငါ့မှာ သမီးတစ်ယောက်ရှိတယ် .. သူက တော်တော်လေးလှတယ် .. ငါ မင်းကို သူနဲ့မိတ်ဆက်ပေးရင်ရော..”
ဤကမ်းလှမ်းချက်ကို ကြားသည်နှင့် ချူဖုန်း ခေါင်းခါလိုက်သည်။ ဒီဂတုံးရဲ့ သမီးက ဘယ်လိုပုံစံဖြစ်လောက်လဲ .. သူလည်း အရပ် ၃ မီတာရှည်တာလား .. သူမလည်း ဆံပင်မရှိဘူးဆိုလျှင် အလွန်ပင်ကြည့်ရဆိုးလိမ့်မည်။
“အာ .. နားလည်မှုမလွဲပါနဲ့ .. သူက မြင်းဘုရင် .. သူ့ဆံပင်ရှည်တွေရှိတုန်းက သူ တော်တော်လေး ချောတယ် .. အခု သူ ဒလိုင်းမားနောက်လိုက်ပြီး ကျင့်ကြံနေလို့ သူ့ဆံပင်တွေ ရိတ်ထားရတာ..” နွားနက်ကြီး ရှင်းပြလာသည်။
“ငါ ဒလိုင်းမား မလုပ်ဘူး .. သူ့ဆီကနေ သင်ရုံပဲ .. အသားတွေ ဝိုင်တွေ စားသောက်လို့ရတယ်..” မြင်းဘုရင် ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။
ချူဖုန်း ပို၍ပင် ဆွံ့အသွားရသည်။ ဘယ်လိုဒလိုင်းမားမျိုးက သားရဲဘုရင်တစ်ကောင်ကိုတောင် သူ့နောက်လိုက်ပြီး သိုင်းပညာတွေသင်အောင် လုပ်ထားနိုင်တာလဲ..
“မင်း မြင်းဘုရင်ကို အထင်မသေးနဲ့ .. သူက တရုတ်ပြည်နောက်ပိုင်းကလာတာ .. ဖာဂဟာနာမြင်းမျိုးနွယ်စုထဲက တစ်ယောက်ပဲ .. သူ့အရှိန်က ပြိုင်ဘက်ကင်းတယ်” နွားဝါလေး မိတ်ဆက်လာသည်။
ချူဖုန်း ဆွံ့အသွားရ၏။ ဖာဂဟာနာမြင်းဟုတ်လား .. ဤသည်မှာ သေချာပေါက် တိဗက်မျိုးနွယ်စုတစ်ခုပင်။
ထိုအချိန်တွင် အသက် ၃၀ ကျော်ခန့်ရှိသည့် ငွေရောင်ဆံပင်နှင့်အမျိုးသား သူတို့စကားဝိုင်းထဲ ပါဝင်လာသည်။ “ညီအစ်ကိုချူ မင်းက မဆိုးဘူးလို့ ငါထင်တယ် .. ဒီဘုရင်မှာလည်း သမီးချောလေးတစ်ယောက်ရှိတယ် .. မင်း သူ့ကို လက်ထပ်ချင်လား .. ငါ သူ့ကို သွားခေါ်လိုက်မယ်”
“ဒါက နှင်းကျားသစ်..” နွားဝါလေး မိတ်ဆက်လိုက်သည်။
ချူဖုန်း အားလုံးကို ပြုံးပြုံးရွှင်ရွှင်ပင် နှုတ်ဆက်လိုက်သည်။
“ကျွန်မတို့အားလုံးက မျိုးဆက်တစ်ခုတည်းက ကျွမ်းကျင်သူတွေလို့ သတ်မှတ်လို့ရတယ် .. ရှင်တို့ကဘာလို့ ရှင်တို့သမီးတွေနဲ့ မိတ်ဆက်ပေးဖို့ ကြိုးစားနေကြတာလဲ .. ကျွန်မထင်တာတော့ ကျွန်မက မောင်လေးချူနဲ့ ပိုသင့်တော်မယ်ထင်တယ် ဟုတ်တယ်မလား..” မိန်းမလှလေး ရောက်လာသည်။
“သူက ရက်ကန်းသမဘုရင်” နွားဝါလေး မိတ်ဆက်လာသည်။
“မင်္ဂလာပါ..” ချူဖုန်း ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
“ပွဲပြီးသွားရင် ရှင် ကျွန်မနဲ့အတူ ငွေပိုးချည်ဂူကို လိုက်ခဲ့လေ” ရက်ကန်းသမဘုရင် ချိုမြိန်စွာ ပြုံး၍ ပြောလိုက်သည်။
ချူဖုန်း ထိတ်လန့်သွားရသည်။ ရက်ကန်းသမဘုရင်၊ ငွေပိုးချည်ဂူ .. အဲဒီတော့ သူက ပင့်ကူမျိုးစိတ်လား..
“တော်ပြီ .. ညီလေးကို ခြောက်မနေနဲ့တော့..” အမဲလိုက်ခွေးကြီး ရောက်လာသည်။ သူ၏သွေးစွမ်းအင်များမှာ ချုပ်ထိန်းထားသည့်ကြားမှပင် လွင့်ပျံလာသည်။ ဤလူမှာ သေချာပေါက် ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦးပင်။
ပွဲမှဧည့်သည်များအားလုံး ပျော်ရွှင်စွာပင် စားသောက်နေကြလေ၏။ အားလုံးမှာ အနည်းဆုံးတော့ အပေါ်ယံတွင်တော့ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်ရင်းနှီးနေကြသည်ပင်။
ရုတ်တရက် သားရဲတစ်ကောင် အပြေးလေး ရောက်လာကာ “အရှင်တို့ .. ဒဏ္ဍာရီလာသစ်ပင်ကြီး ပေါ်လာပါပြီ .. သူက အခု အလင်းတန်းတွေ ထုတ်လွှတ်နေပြီးတော့ တောင်ထိပ်တစ်ခုလုံးကို သူ့အလင်းတန်းတွေနဲ့ လွှမ်းခြုံထားပါတယ်..” စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အပိုင်း ၁၅၂ ပြီး၏။