ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၅၁ – ကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်ခြင်း
ဤနေရာမှာ ဒေါင်းမျိုးနွယ်စုနေရာဖြစ်သော်လည်း ဝံပုလွေ၊ သိမ်းငှက်နှင့် သင်းခွေချပ်ကဲ့သို့သော သားရဲများလည်း ရှိနေသည်။
ထိုအချိန်တွင် လူငယ်တစ်ဦး ထရပ်လိုက်သည်။ သူသည် သာမန်ခန္ဓာကိုယ်အရွယ်အစားရှိကာ ဖြူဖျော့သော အသားအရေရှိသော်လည်း အားနည်းသည့်သူမဟုတ်။ သူ့မျက်လုံးများမှာ တက်ကြွမှုအပြည့်ပင်။ ဤလူငယ်လေးမှာ မီးခိုးပြာဝံပုလွေ၏မြေးပင်။
“အားလုံးပဲ .. နတ်ဆိုးဘုရင်ချူကို သတ်နိုင်တာက ကိစ္စကြီးတစ်ခုပဲ .. သူ့သေဆုံးမှုနဲ့ ပိုပြီးခြိမ်းခြောက်နိုင်အောင်လို့ ငါတို့ တစ်ခုခု လုပ်သင့်တယ်”
သားရဲများ သူ့ကို ကြည့်လာကြပြီး သူ့စကားများမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။
“မင်း တွေးထားတာ ရှိလို့လား..” ဒေါင်းမျိုးနွယ်စုမှ ဘုရင်တစ်ဝက်အဆင့်သားရဲမေးလိုက်သည်။
“ဒီတိုက်ပွဲရလဒ်ကို ချဲ့ကားကြေငြာရမယ်” ဤလူငယ်လေး ပြောလိုက်သည်။
ဤသည်မှာ သူ လူသားများထံမှ သင်ယူထားသည့်အရာဖြစ်ကြောင်း ထပ်ပြောလာလေ၏။ ဤသည်မှာ သူတို့ဆေးနှင့် သူတို့ကို ပြန်တိုက်ခြင်းပင်။
မီးခိုးပြာဝံပုလွေလေးပေးသည့်အကြံမှာ လူများအာရုံစိုက်လာရန်အတွက် ချူဖုန်းဓာတ်ပုံများကို အချိန်ခွဲပြီး တစ်လှည့်စီတင်ရန်ပင်။ နောက်ဆုံး သူ့ခေါင်းပြတ်ပုံတင်လိုက်လျှင် တစ်လောကလုံး တုန်လှုပ်သွားလိမ့်မည်။
“ဒါ အလုပ်ဖြစ်လောက်တယ်..”
သားရဲမျိုးနွယ်စုကျွမ်းကျင်သူများစွာ သဘောတူကြောင်း ခေါင်းညိမ့်လိုက်ကြသည်။ ဤအစီအစဉ်သည် သေချာပေါက် အာရုံစိုက်မှု ရရှိလိမ့်မည်။
ယခုအချိန်တွင် သူတို့ထံ၌ ဓာတ်ပုံ ငါးပုံ၊ ခြောက်ပုံရှိနေသောကြောင့် သူတို့အစီအစဉ်အတွက် လုံလောက်သည်ပင်။
သားရဲမျိုးနွယ်စုများသည် သူတို့အစီအစဉ်အား စတင်ကြလေတော့သည်။
ပထမဆုံးဓာတ်ပုံ တင်လိုက်သည့်အချိန်တွင် တုံ့ပြန်မှုမှာ သိပ်မကြီးမား။ သို့သော် ဒုတိယပုံ၊ တတိယပုံ ပေါ်လာသည့်အချိန်တွင်တော့ အင်တာနက်ကြီးမှာ မတည်ငြိမ်နိုင်တော့။
လူများ စတင်ထိတ်လန့်လာကြသည်။ ဘာတွေ ဖြစ်နေတာလဲ..
အဲဒါက ဘယ်လိုနေရာမျိုးလဲ .. လျှပ်စီးတွေက ဘာလို့ အဲဒီလောက်တောင် များနေတာလဲ .. ဤသည်မှာ တကယ်ကို ထူးခြားလှပြီး ကြောက်စရာကောင်းလှသည်။
စတုတ္ထမြောက်ဓာတ်ပုံ ပေါ်လာသည့်အချိန်တွင်တော့ လူများမှာ သူတို့နှလုံး ပြုတ်ထွက်တော့မတတ် ခံစားလိုက်ရသည်။ မိုးပြာရောင်လျှပ်စီးတစ်ခု ချူဖုန်းကို တည့်တည့်ထိမှန်သွားပြီး သူ သဲများနှင့်အတူ လွင့်ထွက်သွားသည့်ပုံပင်။
“ဘော့စ် .. ဘော့စ်ဘယ်မှာလဲ .. ဘော့စ် အဆင်ပြေရဲ့လား..” တိဟိုင်ကျင်း၊ ယုယန်ချင်းနှင့် အခြားသူများအားလုံး စိုးရိမ်နေကြသည်ပင်။
ကျောက်စိမ်းဂူကျောင်းထဲမှ လုထုန်လည်း ထိတ်လန့်တကြား မတ်တပ်ထရပ်လိုက်သည်။
အချိန်တိုအတွင်းမှာပင် ဤဓာတ်ပုံများကြောင့် ပြင်းထန်လှသည့် ဆွေးနွေးမှုများ ဖြစ်ပေါ်လာသည်။
“နတ်ဆိုးဘုရင်ချူက .. အတိဒုက္ခကို ဖြတ်သန်းနေတာလား..” ကျန်းလော့ရှန်း အံ့အားသင့်သွားရသည်။
လူများစွာ ချူဖုန်းကို ဖုန်းခေါ်ရန် ကြိုးစားနေကြသော်လည်း မည်သူမှ အဆက်အသွယ်မရ။
အင်အားကြီးအဖွဲ့အစည်းများလည်း ထိတ်လန့်သွားကာ ဤသတင်းကို အသေးစိတ်လိုက်ကြတော့သည်။
“သားရဲမျိုးနွယ်စုတွေက နောက်ဆုံးတော့ ချူဖုန်းကို ဖယ်ရှားဖို့လှုပ်ရှားလာကြပြီ .. သူတို့ အင်အားကို ပြန်တည်ဆောက်တော့မယ်..”
အင်အားကြီးအဖွဲ့အစည်းများမှာ အလွန်အမြင်စူးရှကြသည်ပင်။ ဤသည်မှာ သားရဲမျိုးနွယ်စု၏ လက်စားချေမှုဖြစ်ကြောင်း သူတို့ချက်ချင်း ကောက်ချက်ချလိုက်နိုင်ကြသည်။
ချူဖုန်း အလွန်အရေးကြီးသည့် ပြဿနာအား ရင်ဆိုင်နေရပြီဖြစ်ကြောင်း သူတို့သိလိုက်ရသည်။ သူ သေပင်သေသွားနိုင်သည်။
သို့သော် သူသာ ဤအတိဒုက္ခကို ဖြတ်ကျော်နိုင်လျှင် နတ်ဆိုးဘုရင်ချူ ဟူသည့်နာမည်မှာ ပို၍လွှမ်းမိုးနိုင်လာလိမ့်မည်။ သားရဲဘုရင်များပင် သူ့ကို လက်လွတ်စပယ်ထိရဲမည်မဟုတ်တော့။
နောက်ဆုံးဓာတ်ပုံ ပေါ်လာလေပြီ။ ဤဓာတ်ပုံထဲတွင် ချူဖုန်းတစ်ကိုယ်လုံး ဒဏ်ရာများပြည့်နှက်နေပြီး သွေးများစီးကျနေသည်။ သူ့ကို လျှပ်စီးတစ်ခု လွှမ်းခြုံထားသောကြောင့် သူ အသက်ရှင်နိုင်ပါ့မလားပင် မသိတော့။
ဤဓာတ်ပုံထဲတွင် ချူဖုန်းအပြင် သားရဲမျိုးနွယ်စု ကျွမ်းကျင်သူတစ်ဦးလည်း ရှိနေ၏။ ဤသည်မှာ ငှက်ဘုရင်ပင်။ သူ့တစ်ကိုယ်လုံး ခရမ်းရောင်အလင်းများတောက်ပနေကာ လေထဲ ဝဲပျံပြီး ချူဖုန်းအား အေးစက်စွာ ကြည့်နေသည်ပင်။
ထို့အပြင် ဤဓာတ်ပုံအောက်၌ စာတစ်ကြောင်းလည်းပါသေးသည်။ ‘နတ်ဆိုးဘုရင်ချူ ဟုတ်လား .. ဟက် .. သူက အားနည်းလွန်းတယ် .. ငါ့ရိုက်ချက်တွေကိုတောင် မခုခံနိုင်ဘူး’
အင်တာနက်ကြီးမှာ ပွက်လောရိုက်နေလေပြီ။
ယခုတစ်ခေါက်တွင်တော့ သားရဲမျိုးနွယ်စုများ အလေးအနက်လုပ်နေကြကြောင်း လူများ သတိထားမိသွားသည်။ ချူဖုန်း မသေမချင်း သူတို့ ရပ်တန့်မည်မဟုတ်။ သူတို့ ပထမဆုံးဓာတ်ပုံတင်လိုက်ကတည်းက အရာအားလုံး သူတို့လက်ခုပ်ထဲ၌ ရှိနေခြင်းပင်။
အန္တရာယ်များသည့်အခြေအနေကြောင့် နေရာတိုင်းတွင် ဆူညံသံများ ထွက်ပေါ်နေသည်။
အင်အားကြီးအဖွဲ့အစည်းများမှာတော့ သက်ပြင်းချရုံသာ တတ်နိုင်ကြသည်။ သားရဲမျိုးနွယ်စုမှာ တကယ်ကို ရက်စက်လှသည်။
ဤသည်မှာ သားရဲမျိုးနွယ်စုများ တမင်သက်သက် လုပ်နေကြခြင်းဖြစ်ကြောင်း အားလုံး နားလည်သွားလေပြီ။ သူတို့သည် ဓာတ်ပုံကို အချိန်ခြားပြီးတင်ကာ လူအာရုံစိုက်အောင် လုပ်နေကြခြင်းပင်။
သားရဲမျိုးနွယ်စုအများစုမှာ စိတ်ဓာတ်တက်ကြွနေကြသည်။ ဤသည်မှာ သူတို့အတွက် သတင်းကောင်းပင်။
လူများကြား မုန်တိုင်းမွှေနေသည့်အချိန် သားရဲမျိုးနွယ်စုများက အော်ဟစ်ကြွေးကြော်နေကြသည်။
“ငှက်ဘုရင်က တကယ် အင်အားကြီးတာပဲ .. ဒီနေ့ သူ့ရဲ့ပြိုင်ဘက်ကင်းခွန်အားကို ထုတ်ပြနိုင်တော့မယ်..”
” ‘မလိမ်နဲ့၊ မလိမ်နဲ့ .. မင်းကို မိုးကြိုးပစ်လိမ့်မယ်’ ဒါက တကယ်ကောင်းတဲ့စကားပဲ .. နတ်ဆိုးဘုရင်ချူက အဓိကဥပမာဖြစ်သွားတာပေါ့ .. ဟား ဟား..”
သားရဲမျိုးနွယ်စုထဲမှ ရယ်မောသံများ ထွက်ပေါ်လာသည်။
ရွှမ်းထျန်မြို့ အင်ပါယာအနုပညာကလပ်တွင်..
ဟူရှန်း၊ ရှုန်းခွန်၊ လုချင်နှင့် သူတို့အုပ်စုသည် သတင်းကြားပြီးနောက် အချင်းချင်းတွေ့ဆုံနေကြလေ၏။
“နတ်ဆိုးဘုရင်ချူတောင် စွန့်ပစ်ခံလိုက်ရပြီ” ရှုန်းခွန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ချူဖုန်း သူ့မျိုးနွယ်စုတစ်ခုလုံးအား ရှင်းပစ်မည်စိုးသောကြောင့် သူသည် မနေ့ကလေးတင် အားလုံးကို အကူအညီတောင်းခဲ့ရသည်ပင်။
သို့သော် အခြေအနေများမှာ ရုတ်တရက် ပြောင်းပြန်ဖြစ်သွားသည်။
ဟူရှန်း ဤကိစ္စအား ဘာမှမပြောသည်ကို သူ ရုတ်တရက် သတိထားမိသွားသည်။သူ့မျက်လုံးများ တောက်ပနေသော်လည်း သူ ဘာမှမပြော။
ဤသည်မှာ ရှုန်းခွန်ကို တုန်လှုပ်သွားစေသည်။ သူသည် ဟူရှန်း၏ ‘မတုန်မလှုပ်အခြေအနေ’ကို အတော်လေး ကြောက်ရွံ့နေပြီဖြစ်သည်။ ဤမြေခွေး တိတ်ဆိတ်နေသည်နှင့် တစ်ခုခုဖြစ်လာလေပြီ။
“ဟူရှန်း .. ဒါ ဘာသဘောလဲ .. မင်း ငါ့ကို မခြောက်နဲ့နော်..” ရှုန်းခွန် သူ့အား စိုက်ကြည့်လိုက်သည်။
“စောင့်ကြည့်ရအောင် .. အရမ်းကြီးအောင်ပွဲခံမနေနဲ့ဦး” ဟူရှန်း အကြံပေးလိုက်သည်။
“မီဒီယာပေါ်မှာ ငါ့အပျော်တွေကို တင်ချင်လွန်းလို့ ယားနေပြီ” တစ်စုံတစ်ယောက် ပြောလိုက်သည်။
ရုတ်တရက် ရှုန်းခွန် ဖုန်း မြည်လာသည်။ ဤသည်မှာ သူ့အဖိုး ဆက်လာခြင်းဖြစ်ပြီး သူ့ကို တိတ်တိတ်နေရန် သတိပေးခြင်းပင်။
“ဒီလူအိုကြီး ဘာဖြစ်နေတာလဲ.. သူက အရမ်းကို အိုဗာတွေ ဖြစ်နေတယ်” ရှုန်းခွန် ရေရွတ်လိုက်သည်။ သို့သော် ယခင်တစ်ခေါက်က လူအိုကြီးအား ဒုက္ခပေးမိသောကြောင့် သူ အနည်းငယ် အပြစ်ရှိစိတ် ခံစားနေရသည်ပင်။
ချူဖုန်း သူ့မျိုးနွယ်စုတစ်ခုလုံးအား လာရှင်းပစ်တော့မည်ဟု အထင်မှားခဲ့သောကြောင့် သူသည် အားလုံးကို အသိပေးကာ အကူအညီတောင်းခဲ့သည်။ ရလဒ်အနေဖြင့် ဤကိစ္စကို တစ်လောကလုံး သိသွားခဲ့သည်ပင်။
…
“ဒီငှက်ဘုရင်က ချူဖုန်းကို မျက်လုံးထဲကို မထည့်တာ .. ပြီးတော့ သူ့ကို အေးအေးဆေးဆေးလေး သတ်ပစ်နိုင်တယ် .. ဒါက အရမ်းကို ကျေနပ်ဖို့ကောင်းတာပဲ..”
ယခုအချိန်မှာ သားရဲမျိုးနွယ်စုများ၏ အချိန်ပင်။
သို့သော် သူတို့မျှော်လင့်နေသည့် ချူဖုန်း၏နောက်ဆုံးပုံမှာ ထွက်မလာသေး။ သားရဲမျိုးနွယ်စုများစွာမှာ ထိုဓာတ်ပုံကို မျှော်လင့်တကြီးဖြင့်ပင် စောင့်ဆိုင်းနေကြသည်။
….
ခွန်းလွန်တောင်မှ ငရဲဂိတ်တံခါးတွင်..
မိုးခြိမ်းသံကဲ့သို့သော အော်သံတစ်သံ ကောင်းကင်ကို ရိုက်ခတ်သွားသည်။
ခွပ်..
နွားရိုင်းနက်ကြီးသည် အော်ဟစ်ကာ တောင်ဆိတ်အား လွင့်ထွက်သွားအောင် ထပ်လုပ်လိုက်သည်။
“မင်းက ငါ့ညီအစ်ကိုကို တိုက်ခိုက်ရဲတယ်ပေါ့ .. မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီလား..”
သူသည် တောင်ဆိတ်ထံသို့ ထပ်ခါတလဲလဲ ပြေးသွားကာ သူ့ဦးချိုများဖြင့် ကောက်ပေါက်နေလေသည်။
“ခင်ဗျားက လုံးဝကို စည်းကျော်လိုက်တာပဲ .. ကျုပ်တို့ ကြင်နာတတ်တာကို ခင်ဗျားက အခွင့်ကောင်းယူနေတာလား..”
နွားဝါလေးလည်း ဝင်ပါလာသည်။ သူသည် နွားနတ်ဆိုးလက်သီးကို အသုံးပြုကာ သူ့ခွာများဖြင့် ပြင်းထန်စွာ ရိုက်နှက်လာသည်။ တောင်ဆိတ်မှာ လေထဲလွင့်ထွက်သွားပြီး သူ၏ဒွါရ ၇ပေါက်မှ သွေးများ စီးကျလာလေ၏။
“နောက်တစ်ခေါက်..” နွားနက်ကြီးသည် အဝေး၌ ရပ်စောင့်နေပြီး တောင်ဆိတ်ကြီး မြေပြင်ပေါ်သို့ ကျသွားသည်နှင့် အလွန်လျင်မြန်လှသည့် အရှိန်နှုန်းဖြင့် ပြေးလာကာ လက်သီးမိုး ရွာသွန်းချလိုက်လေ၏။
တောင်ဆိတ်မှာ အတော်လေး အခြေအနေအဆိုးရွားနေပြီဖြစ်သည်။ သူ့ဦးချိုနှစ်ဖက်လုံးမှာ ချူဖုန်း၏ ဓားပျံကြောင့် ပြတ်တောက်သွားခဲ့သောကြောင့် သူ၏တိုက်ခိုက်နိုင်သည့်စွမ်းအားမှာ အတော်လေး လျော့ကျနေလေပြီ။
နွားနှစ်ကောင် ဒေါသတကြီး ပေါက်ကွဲနေသည့်အချိန်တွင် ချူဖုန်းကတော့ ဘေးဘက်တွင်ရပ်ကာ အနားယူနေလိုက်သည်။
နွားနှစ်ကောင်မှာ အလွန်ပြင်းထန်လှသည်။ သူတို့သည် တောင်ဆိတ်ကြီးကို ဘောလုံးတစ်လုံးကဲ့သို့ အရှေ့အနောက် ကန်နေကြလေသည်။
ငှက်ဘုရင်မှာ ချူဖုန်းကြောင့် သေဆုံးသွားပြီဖြစ်သောကြောင့် ဤတောင်ဆိတ်သာ သူတို့ပေါက်ကွဲခံရသည့်ပစ်မှတ်ဖြစ်လာသည်။
အခြားသားရဲများ သူ့အစား တောင်းပန်လာကြသောကြောင့်သာ။ မဟုတ်ပါက သူ ဤနေရာ၌ သေသွားလောက်လေပြီ။
“နွားကြီး တော်ပြီ .. နည်းနည်းလောက် ညှာတာပေးပါဦး .. အသက်ရှင်နေတဲ့ တောင်ဆိတ်က သေနေတဲ့တောင်ဆိတ်ထက် ပိုအသုံးဝင်တယ် .. သူ့ကို မင်းရဲ့လက်ပါးစေ လုပ်ခိုင်းလိုက်..” အခြားဘုရင်များ ဖျောင်းဖျလာသည်။
သားရဲဘုရင်တစ်စု လျင်မြန်စွာ ရောက်ရှိလာကြသည်။ အများစုမှာ လူသားပုံစံများပင်။
ဘာဖြစ်ခဲ့သည်ကို သူတို့ချက်ချင်း နားလည်သွားရသည်။ အသတ်ခံလိုက်ရသည့် ငှက်ဘုရင်ကိုတော့ မည်သူမှ မသနား။ သူ့ကံဆိုးမှုကို သူ့ဘာသာ လုပ်ခဲ့ခြင်းပင်။
ချူဖုန်းသည် နွားနှစ်ကောင်နှင့် ညီအစ်ကိုဖြစ်သည်ကို သိနေသော်လည်း ဤသစ်တောက်ငှက်က ချူဖုန်းကို သတ်ရန်ကြိုးစားခဲ့သည်။ သူ စည်းကျော်သွားခဲ့လေပြီ။
အားလုံးတွင် သူငယ်ချင်း၊ မိတ်ဆွေများ ရှိသည်။ သူတို့ထံသို့လာလည်သည့် သူငယ်ချင်းများအား လုပ်ကြံလျှင် မည်သူက သည်းခံနိုင်မည်နည်း..
ချူဖုန်း အဝတ်အစား လဲလိုက်ပြီး သူ့ကျောထက်တွင် မိုးကြိုးနှင့် ဓားမြောင်နက် လွယ်ထားလိုက်သည်။ လျှပ်စီးများကြောင့် သူ့ပစ္စည်းတစ်ခုမှ မပျက်စီးသွားသည်ကို သူ အံ့အားတကြီး တွေ့လိုက်ရသည်။
ဤသည်မှာ သူ့ကို ဆွံ့အသွားစေသည်။ ကြည့်ရသည်မှာ လျှပ်စီးများသည် သက်ရှိများကိုသာ ပစ်မှတ်ထားသည်ထင်သည်။
“နွားကြီး၊ နွားဝါလေး တော်ပြီ .. မင်းတို့ သူ့ကိုဆက်ရိုက်နေရင် သူ တကယ်သေသွားလိမ့်မယ်” ထိုအချိန်တွင် မည်းနက်နေသည့် ဆံနွယ်နှင့်အမျိုးသားတစ်ဦး သူတို့ထံသို့ လျှောက်လာသည်။ သူ့ဆံပင်ရှည်များသည် ပုခုံးထက် ဝဲကျနေကာ သူ့အော်ရာမှာ အလွန်ခံ့ညားလှပြီး ဖိနှိပ်သည့်အငွေ့အသက်များ ထုတ်လွှတ်နေသည်။
သူ့ထံတွင် အလွန်ကြောက်စရာကောင်းသည့် သွေးစွမ်းအင်ရှိကြောင်း အလွယ်တကူပင် သိနိုင်သည်။ သူသည် သေချာပေါက် ထူးခြားသည့်ကျွမ်းကျင်သူပင်။
“ကောင်းပြီလေ .. အမဲလိုက်ခွေးဘုရင်တောင် ပြောလာပြီဆိုမှတော့ ကျုပ် သူ့အသက်ကို ချမ်းသာပေးလိုက်မယ် .. ဒါပေမဲ့ ဒီထာဝရတောင်ဆိတ်က အချိန်အပိုင်းအခြားတစ်ခုထိတော့ ကျုပ်လက်အောက်မှာ အလုပ်လုပ်ရလိမ့်မယ်” နွားနက်ကြီး ပြောလာသည်။
ချူဖုန်း ထိုလူကို ကြည့်လိုက်သည်။ သူ ဤလူကို သိနေသလို ခံစားနေရသည်။ ဒါက သူ ကြေးတောင်မှာ တွေ့ခဲ့တဲ့ အမဲလိုက်ခွေးကြီးလား..
လှပသည့်ဝတ်စုံ ဝတ်ဆင်ထားသည့် အစိမ်းရောင်ဆံပင်နှင့်အမျိုးသမီ ချူဖုန်းနားသို့ ချဉ်းကပ်လာသည်။ “မောင်လေးက တကယ်ကို ထူးခြားတာပဲ .. ဒီလိုငယ်ငယ်လေးနဲ့ သားရဲဘုရင်နှစ်ကောင်ကို သတ်နိုင်တဲ့အပြင် ငှက်ဘုရင်ကိုတောင် သတ်လိုက်နိုင်တယ် .. မင်းရဲ့ အတိုက်အခိုက်စွမ်းရည်ကို လေးစားစရာကောင်းတယ်”
သူမလည်း သားရဲဘုရင်တစ်ဦးဖြစ်သော်လည်း သူမ မည်သည့်မျိုးနွယ်စုမှန်း ချူဖုန်း မခန့်မှန်းနိုင်ဖြစ်နေသည်။
“ငါတို့ ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက် ဆုံးရှုံးလိုက်ရပေမယ့် ဒီညီအစ်ကိုလည်း ဘုရင်အဆင့်ပဲဆိုတော့ ငါတို့ ဘာကိုမှ မဆုံးရှုံးလိုက်ရတော့ဘူးပေါ့”
ငွေရောင်ဆံပင်နှင့် အမျိုးသားတစ်ဦး ရယ်မော၍ လျှောက်လာသည်။ သူသည် အသက် ၃၀ ကျော်သာ ရှိသေးပုံပေါ်ပြီး စစ်သားတစ်ဦးကဲ့သို့သော ကိုယ်နေဟန်ထားရှိသည်။
ဤလူအားလုံးမှာ နွားနှစ်ကောင်နှင့် ရင်းနှီးကြောင်း သိနိုင်သည်ပင်။ ချူဖုန်း သူတို့ သားရဲဘုရင်အား သတ်လိုက်သည့်အတွက် မည်သူမှ အပြစ်မတင်ခဲ့။ သူတို့အားလုံး သူ့ကို တက်ကြွစွာ ကြိုဆိုနေခဲ့ကြသည်။
ဤကဲ့သို့ဖြစ်ရသည့် အဓိကအကြောင်းရင်းမှာ နွားဝါလေးကြောင့်ပင်။ သူ၏ များပြားလွန်းလှသည့်ဗဟုသုတများဖြင့် သားရဲဘုရင်များစွာကို အကူအညီပေးကာ သူတို့အသိဉာဏ်များ ပွင့်လာအောင် ကူညီပေးခဲ့သည်။
နွားနက်ကြီးကတော့ ပျော်ပျော်ရွှင်ရွှင် နေတတ်သည့်သူပင်။ သူသည် အပြင်ပိုင်းတွင် ကြမ်းတမ်းသည့်ပုံပေါ်သော်လည်း မည်ကဲ့သို့ နေထိုင်ရမည်ကို သိသည့်သူပင်။
တောင်ဆိတ်ကြီးမှာတော့ အလွန်အခြေအနေဆိုးနေသည်။ သူ ပြင်းထန်စွာ အရိုက်ခံခဲ့ရသော်လည်း သူက ပြန်တောင်းပန်ပြီး လျော်ကြေးပေးနေရသည်။
နောက်ဆုံးတွင်တော့ သားရဲအားလုံး ပျော်ရွှင်စွာရယ်မောပြီး နွားဘုရင်နန်းတော်၌ စားသောက်ပွဲကျင်းပရန် ဆုံးဖြတ်လိုက်ကြသည်။
“ညီအစ်ကိုတို့ .. ကျွန်တော် ဒီနေ့ အလောတကြီး လုပ်မိသွားတယ် .. ဒီသေမင်းနယ်မြေထဲရောက်အောင် လှည့်စားခံလိုက်ရပြီး သေမလိုဖြစ်သွားတော့ ကျွန်တော် ဒေါသထွက်သွားတာ .. ကျွန်တော် စိတ်မထိန်းနိုင်ပဲနဲ့ ငှက်ဘုရင်ကို သတ်မိသွားတယ်”
ချူဖုန်း သူ့လက်သီးများကို ဆုတ်လိုက်ပြီး ဖော်ရွေးစွာ ရှင်းပြလိုက်သည်။ ဤသားရဲဘုရင်များတွင် စိတ်ကောင်းနှလုံးကောင်း ရှိသည့်သူ တစ်ယောက်မှမရှိ။ သို့သော် အနည်းဆုံးတော့ အပေါ်ယံတွင် ကောင်းနေသောကြောင့် သူလည်း သူတို့နှင့် ပူးပေါင်းပေးရမည်ပင်။
သူ့အင်အားကို ပြသရန် တိုက်ပွဲတစ်ပွဲဖြင့် လုံလောက်လေပြီ။ သူ ဤနေရာ၌ ကြွားဝါနေစရာမလို။ မဟုတ်လျှင် သူ့ကို မနှစ်မြို့ပဲ ဖြစ်သွားကြလိမ့်မည်။
“မောင်လေး .. အပြင်မှာ သတင်းတွေ ပွထနေပြီ .. မင်း ကိစ္စတွေကို ရှင်းပြလိုက်တာ ပိုကောင်းလိမ့်မယ် .. မင်းရဲ့ ဆွေမျိုးနဲ့ သူငယ်ချင်းတွေ စိတ်ပူနေလောက်ပြီ..” မိန်းမလှလေး ပြုံး၍ ပြောလာသည်။
ချူဖုန်း သူ့ဖုန်းကို မြန်မြန်ထုတ်ကြည့်လိုက်သည့်အချိန်တွင် ဘာဖြစ်နေသည်ကို သူ သိသွားရသည်။
ချူဖုန်း တစ်ခဏခန့်စဉ်းစားပြီးနောက် ငှက်ဘုရင်အလောင်းအကြွင်းအကျန်နားသို့ လျှောက်သွားလိုက်ပြီးနောက် ထိုအရာများနှင့်အတူ ဓာတ်ပုံတစ်ပုံရိုက်လိုက်သည်။ ထိုဓာတ်ပုံထဲတွင် လျှိုမြောင်ကြီးမှ ကြောက်စရာကောင်းသည့် ဓားရာ၊ လျှပ်စီးရာများကိုလည်း မြင်နိုင်သည်ပင်။
သူသည် ထိုဓာတ်ပုံကို ‘ဒီနေ့ ကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်ခဲ့တယ်’ ဟူသည့်စာတန်းတစ်တန်းနှင့်အတူ တင်လိုက်သည်။
အပိုင်း ၁၅၁ ပြီး၏။