ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၅၀ – နှစ်ထပ်ကွမ်းသတ်ဖြတ်ခြင်း
ချူဖုန်း သေတော့မည်ဖြစ်သောကြောင့် လျိုမြောင်အပြင်ဘက်မှ ရွှေရောင်သိမ်းငှက်မှာ အလွန်စိတ်လှုပ်ရှားနေသည်။
သို့သော် ခဏကြာပြီးနောက် သူ ထိုနေရာ၌ အေးခဲသွားလေသည်။
ဥဒေါင်းကြီးလည်း ချူဖုန်း ခေါင်းဖြတ်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေပြီး အလွန်ပျော်ရွှင်နေသည်ပင်။ သို့သော် ဤအခိုက်အတန့်တွင် သူ့တစ်ကိုယ်လုံး အအေးလှိုင်းတစ်ခု ဖြတ်သန်းသွားပြီး ခေါင်းစခြေဆုံး အေးခဲသွးသည်။
“ဘုရားရေ .. အရှင်..” ငှက်ဘုရင် မြေပြင်ထက်သို့ ကျသွားသည်နှင့် ငှက်နှစ်ကောင် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..
လျိုမြောင်ထဲမှ ခရမ်းရောင်သစ်တောက်ငှက်မှာ ပြင်းထန်လှသည့်နာကျင်မှုကို ခံစားနေရသည်။
ဤသည်မှာ လူသားတစ်ယောက် လက်မောင်းတစ်ဖက် ဆုံးရှုံးလိုက်ရသည်နှင့် အတူတူပင်။ မြေပြင်ထက်တွင်လည်း သွေးများနီရဲနေလေပြီ။
သူသည် မြေပြင်ထက်၌ လူးလိမ့်နေလေ၏။ ဘုရင်အဆင့်သက်ရှိပင်လျှင် လက်တစ်ဖက်ဆုံးရှုံးရသည့်နာကျင်မှုကို မခံစားနိုင်။
ခွပ်..
ပို၍ ကြောက်စရာကောင်းသည်မှာ လျှပ်စီးတစ်တန်း ဆင်းသက်လာပြီး သူ့ထံသို့ ရောက်ရှိလာခြင်းပင်။ သူ့ခရမ်းရောင်အမွေးအတောင်အချို့မှာ ချက်ချင်းပေါက်ကွဲသွားပြီး သူလည်း လွင့်ထွက်သွားလေသည်။
ခရမ်းရောင်သစ်တောက်ငှက်ကိုယ်တိုင်လည်း လျှပ်စီးအချက်ရေအနည်းငယ်ကို ခုခံနိုင်သည်။ သို့သော်လည်း ဤအတိုင်းသာ ဆက်ဖြစ်နေလျှင် သူ တောင့်ခံနိုင်မည်မဟုတ်။ သေသွားလိမ့်မည်။
“အား..”
ကျယ်လောင်လှသည့် အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ သူသည် နာကျင်မှုကို ဖိနှိပ်ရန် ကြိုးစားနေသော်လည်း ချူဖုန်းကိုလည်း ဒေါသတကြီး စိုက်ကြည့်နေသေးသည်။
အခြေအနေများမှာ လျင်မြန်စွာပင် ပြောင်းပြန်ဖြစ်သွားခဲ့သည်ပင်။ အစပိုင်းတွင် အရာအားလုံး သူ့လက်ခုပ်ထဲ၌ ရှိနေခဲ့သည်ပင်။ ယခုကဲ့သို့ သူကိုယ်တိုင် ငရဲဂိတ်တံခါးထဲ ရောက်သွားလိမ့်မည်ဟု မထင်ခဲ့။
အခြားသားရဲဘုရင်များ သတိပြုမိသွားမည်ကိုသာ မကြောက်လျှင် ဤအန္တရာယ်ဇုန်ထဲသို့ သူကိုယ်တိုင် လာခဲ့မည်မဟုတ်။
“ခင်ဗျားက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ ငှက်တိရစ္ဆာန်ပဲ .. ‘မလိမ်နဲ့၊ မလိမ်နဲ့ မိုးကြိုးပစ်လိမ့်မယ်’ ဆိုတဲ့ စကားပုံတောင် ရှိတယ်မလား..” ချူဖုန်း သူ့နာကျင်မှုကို သည်းခံ၍ ရယ်မောကာ ပြောလိုက်သည်။
သို့သော်လည်း ခဏကြာပြီးနောက် သူ့အပြုံးများ အေးခဲသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူလည်း မိုးကြိုးပစ်ချခံနေရသည်ပင်။
ဤသည်မှာ သူ့တစ်ဘဝလုံးတွင် ဒေါသအထွက်ရဆုံးနှင့် အရှက်အရဆုံးဖြစ်ရပ်ပင်။ သူ လျှပ်စီးများဖြင့် ပစ်ချခံနေရသည်မှာ ဘယ်နှကြိမ်မှန်းပင် မသိတော့။
ဝှစ်..
အဝေး၌ ကျနေသည့် ဓားနီသည် အနီရောင်လျှပ်စီးအသွင်ပြောင်းသွားကာ ငှက်ဘုရင်ထံ ဦးတည်လာသည်။
ဖူး..
ခရမ်းရောင်သစ်တောက်ငှက်မှာ တကယ်ကို ထူးခြားလှပေ၏။ သူ ခရမ်းရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်လေသည်။ ဤသည်မှာ သူ၏ဒုတိယမြောက် အနှောင်အဖွဲ့ကို ဖြတ်တောက်ပြီးနောက် ရလာသည့် စွမ်းရည်ပင်။ ဤအလင်းတန်းမှာ ဓားအလင်းတန်းကဲ့သို့ စွမ်းအားကြီးသည်။
ထို့ကြောင့်လည်း သူ အင်ပါယာဓားပညာကို လိုချင်နေခြင်းပင်။ သူသာ ဤပညာနှစ်ခုကိုပေါင်းစည်းနိုင်လျှင် သူ့တိုက်ခိုက်နိုင်စွမ်း တိုးတက်လာလိမ့်မည်။
ဒုန်း ဒုန်း ဒုန်း..
ဓားပျံနှင့် ထိုအလင်းတန်း ထိသွားသည်နှင့် မီးပွားများလွင့်စင်လာသည်။
ချူဖုန်း၏ ဓားပျံစွမ်းရည်မှာ မြွေပါအိုကြီးနှင့် ယှဉ်နိုင်ပြီဖြစ်သည်။ သို့သော် သူ ခရမ်းရောင်သစ်တောက်ငှက်၏ အလင်းတန်းကို မဖောက်ထွက်နိုင်သေး။
နောက်တစ်ခဏတွင်တော့ ဓားပျံစတင်တောက်ပလာလေ၏။ ချူဖုန်း သူ၏စိတ်စွမ်းအားကို အဆုံးစွန်ထိတိုးမြှင့်ထားသောကြောင့် လက်ဝါးအရွယ်ဓားပျံသည် နေလုံးလေးကဲ့သို့ တောက်ပသည့်အလင်းတန်းများ ထုတ်လွှတ်လာသည်။
ခရမ်းရောင်သစ်တောက်ငှက်မှာ ဤတိုက်ခိုက်မှုကို မကာဆီးနိုင်တော့။ ခရမ်းရောင်အလင်းကွဲထွက်သွားကာ ဓားပျံသည် သူ့ဗိုက်၌ အပေါက်တစ်ပေါက် ဖောက်သွားလေသည်။
ခရမ်းရောင်အမွေးအတောင်များမှာ သတ္တုကဲ့သို့ မာကျောသော်လည်း ဤအမွေးအတောင်များသည် ဓားပျံကို မခုခံနိုင်။
“အား…”
ခရမ်းရောင်သစ်တောက်ငှက် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ့အမွေးများ ထောင်ကုန်သည်။ သူ့ဗိုက်မှ သွေးများယိုစီးကျနေလေ၏။
ချူဖုန်းသည် နောက်တစ်ကြိမ် မိုးကြိုးပစ်ချခံလိုက်ရပြီး လွင့်ထွက်သွားသောကြောင့် သူ၏တိုက်ခိုက်မှု ယာယီရပ်တန့်သွားသည်။
ဤနေရာတစ်ခုလုံးတွင် လျှပ်စီးများသည် နေရာအနှံ့ ကျပန်း ကျနေခြင်းပင်။
ငှက်ကြီးသည် နောက်ပြန်ဆုတ်ကာ လျှပ်စီးမကျသည့်နေရာတစ်နေရာသို့ သွားရန် ကြိုးစားလိုက်သည်။
သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် လျှပ်စီးတစ်တန်း ချက်ချင်း သူ့ထံသို့ ရောက်လာကာ သူ့အမွေးအတောင်များ လောင်ကျွမ်းသွားအောင် လုပ်လိုက်လေသည်။
ဝှစ်..
တစ်ချိန်တည်းမှာပင် အနီရောင်အလင်း ထွက်ပေါ်လာပြီး ဓားပျံသည် သတ်ဖြတ်လိုသည့်အငွေ့အသက်နှင့်အတူ သူ့ထံသို့ ဦးတည်လာလေသည်။
ခရမ်းရောင်သစ်တောက်ငှက် အတော်လေး ဒေါသထွက်သွားရသည်။ သူသည် ဆက်တိုက်နောက်ဆုတ်ရင်း ဓားပျံအားခုခံရန် ခရမ်းရောင်အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။
ကံမကောင်းစွာဖြင့် သူသည် ထိုဓားနီကို မခုခံနိုင်ခဲ့။ ခရမ်းရောင်အလင်းများ ထိုးခွဲခံလိုက်ရပြီး သူ့နောက်ကျောဘက်၌ အပေါက်များ ထပ်မံဖြစ်ပေါ်လာသည်။ သူ ဘုရင်အဆင့်ရောက်နေသောကြောင့်သာ။ မဟုတ်ပါက သူ နှစ်ခြမ်းကွဲသွားလောက်လေပြီ။
သူ မသေသေးသော်လည်း ဒဏ်ရာများမှာ အလွန်ပြင်းထန်လှသည်ပင်။
ဝုန်း..
သူ့တစ်ကိုယ်လုံး တောက်ပလာကာ ပျက်စီးသွားသည့်အတောင်ပံနေရာတွင် ခရမ်းရောင်အလင်း တောက်ပလာသည်။ သူသည် အလင်းအတောင်ပံထွက်ပေါ်လာရန်အတွက် ထူးဆန်းသည့်စွမ်းအင်များ အသုံးပြုနေခြင်းပင်။ ဤအတောင်ပံများဖြင့် ထွက်ပြေးနိုင်ရန် သူ မျှော်လင့်မိသည်။
သို့သော် ဤအတောင်ပံ ပြုလုပ်ရန် အားအင်များစွာ ကုန်ခမ်းရသည်။ ချူဖုန်းသာ သူ့ကိုမိသွားလျှင် သူ အသတ်ခံရလောက်သည်။
သူ လေထဲ ပျံတက်သွားရသည်။ သူ့အား တုန်လှုပ်သွားစေလောက်သည့် လျှပ်စီးတန်းတစ်ခုဖြင့် ပစ်ချခံလိုက်ရသော်လည်း ငှက်ကြီးသည် ပြတ်သားစွာဖြင့် ဤလျှိုမြောင်ထဲမှ ထွက်နိုင်မည့် လျှပ်စီးမကျရောက်နိုင်သည့်နေရာသို့ ပြေးထွက်သွားဆဲပင်။
ဒုန်း..
သတ္တုချင်းထိခတ်သည့်အသံမှာ အလွန်နားစူးစရာကောင်းလှသည်။ ချူဖုန်းသည် ခရမ်းရောင်သစ်တောက်ငှက်ကို အစောကြီးကတည်းက ပစ်မှတ်ထားပြီးသားဖြစ်သောကြောင့် ဓားပျံသည် သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ ယခုတစ်ခေါက်တွင်တော့ သူ့ခန္ဓာကိုယ်နှစ်ပိုင်းပြတ်လုနီးပါးပင်။ ဒဏ်ရာမှ သွေးမိုးများ ရွာသွန်းလာပြီး သူ့အတွင်းအင်္ဂါများကိုပင် မြင်နေရပြီဖြစ်သည်။
ထို့အပြင် သူ့အလင်းအတောင်ပံလည်း ပျက်စီးသွားကာ သူ မြေပြင်ထက်သို့ ပြုတ်ကျလာသည်။
“ခင်ဗျားက ထွက်ပြေးချင်နေသေးတာလား..” ချူဖုန်း အေးစက်စွာ မေးလိုက်သည်။ ဤငှက်ကြီးကို ထွက်ပြေးခွင့်ပေးရလောက်အောင် သူက ဘယ်လိုလုပ် ကြင်နာနိုင်မည်နည်း..
လျှပ်စီးကြောင့် သူ့အသိစိတ်အား ထိခိုက်သွားမည်စိုးသောကြောင့်သာ။ မဟုတ်ပါက သူ ဤငှက်ကြီးကို ချက်ချင်းသတ်ပစ်လိုက်ပြီဖြစ်သည်။ ယခုတော့ လျှပ်စီးအားအနည်းဆုံး အချိန်များ၌သာ သူ သတိကြီးကြီးဖြင့် တိုက်ခိုက်နေရသည်။
“မြန်မြန် .. အဲဒီကြေးတိုင်ကို မြန်မြန်ဆွဲလိုက်..” ခရမ်းရောင်သစ်တောက်ငှက် လျှိုမြောင်အပြင်ဘက်သို့ အော်ပြောလိုက်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ချူဖုန်းကို သူ သတ်နိုင်မဟုတ်ကြောင်း သိသွားလေပြီ။ ချူဖုန်း မသေပဲ သူသာ အင်ပါယာဓားပညာအောက် သေသွားလိမ့်မည်။
လျှိုမြောင်အပြင်ဘက်မှ သားရဲမျိုးနွယ်စုကျွမ်းကျင်သူများအားလုံး ဆွံ့အသွားရသည်။ ငှက်ဘုရင် သူ့လှည့်ကွက်ထဲ သူပြန်ကျသွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့။
“ကြေးတိုင်ကိုမလိုက်..” ဒေါင်းကြီး အော်ဟစ်လိုက်သည်။
နွားရိုင်း၊ နှင်းကျားသစ်နှင့် တိဗက်အမဲလိုက်ခွေးတို့ ပူးပေါင်းကာ ထူထဲလှသည့်ချိန်းကြိုးများကို ဆွဲတင်လိုက်ကြသည်။
လျှိုမြောင်ကြားထဲမှ လျှပ်စီးများမှာ ချက်ချင်းပင် မှေးမှိန်ပျောက်ကွယ်သွားလေသည်။
ခရမ်းရောင်သစ်တောက်ငှက်သည် အသက်အောင့်ကာ ထရပ်လိုက်ပြီးနောက် မိုင်ကုန်တင်ကာ နောက်ပြန်ဆုတ်သွားလေ၏။ သူ့အကြည့်များကတော့ ချူဖုန်းထံ၌သာ ရှိနေသည်ပင်။
အခြားသားရဲများ ရောက်လာမည့်အချိန်ကို သူ စောင့်ဆိုင်းနေခြင်းပင်။ အချို့သားရဲဘုရင်များမှာ သူနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိသောကြောင့် ဤလူများ သူ့အတွက် ပြောပေးလိမ့်မည်ဟု သူ ယုံကြည်သည်။
ဟိန်းသံတစ်သံ ကြားလိုက်ရသည်။
ထင်ထားသည့်အတိုင်း သားရဲဘုရင်တစ်ဦး အလွန်လျင်မြန်သည့်အရှိန်ဖြင့် ရောက်ရှိလာ၏။ ဤသည်မှာ ကြီးမားလှသည့် တိဗက်တောဆိတ်တစ်ကောင်ပင်။ သူ့ဦးချိုများမှာ ဓားများကဲ့သို့ ငွားငွားစွင့်စွင့်နှင့် အေးစက်သည့်အလင်းတန်းများ တောက်ပနေသည်။
“ခွန်းလွန်တောင်မှာ ဘယ်သူက ရက်စက်ယုတ်မာတဲ့လုပ်ရပ်တွေ လုပ်နေတာလဲ..” သူ ဟစ်ကြွေးလိုက်သည်။ သူသည် ချူဖုန်းနှင့် သစ်တောက်ငှက်ကြား ဝင်ရပ်လိုက်ပြီး သစ်တောက်ငှက်ကို ကာကွယ်ပေးလိုက်သည်။
ဤတောင်ဆိတ်ကြီးသည် တစ်ယောက်ယောက် သူ့ကို လုပ်ကြံမည်စိုးသောကြောင့် မြေအောက်နန်းတော်သို့ မသွားခဲ့။ သူ့တောင်ထိပ်မှာ ဤနေရာနှင့်နီးသောကြောင့် သူ အရင်ဆုံး ရောက်လာခြင်းပင်။
ချူဖုန်း အလောတကြီး မတိုက်ခိုက်သေး။ သူ တင်ပုလ္လင်ခွေထိုင်လိုက်ပြီး သူ၏ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်ကာ ဒဏ်ရာများ သက်သာအောင် လုပ်လိုက်သည်။ လျှပ်စီးများ ပျောက်ကွယ်သွားသည်နှင့် သူ အသက်ရှူချောင်သွားလေပြီ။
သူ၏အသက်ရှူစည်းချက်မှာ ထူးခြားကြောင်း သူသိသည်။ တစ်ညတည်းဖြင့် ဒဏ်ရာများကို အမာရွတ်မကျန်အောင်ပင် ကုသနိုင်ခဲ့သောကြောင့် လျှပ်စီးများမှ ရခဲ့သည့်ဒဏ်ရာများကိုလည်း ကုသနိုင်လိမ့်မည်။
ထင်ထားသည့်အတိုင်းပင် ခဏကြာပြီးနောက် နာကျင်မှုများ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
“သူ့ကိုသတ်..” သစ်တောက်ငှက် တောဆိတ်ကြီးထံသို့ အသံပို့လွှတ်လိုက်သည်။ ချူဖုန်း ဒဏ်ရာရနေစဉ်အတွင်း တောင်ဆိတ်ကြီးကို တိုက်ခိုက်စေချင်သည်။ ဤသည်မှာ သူ့အတွက် အခွင့်ကောင်းပင်။
နွားနတ်ဆိုး၏ သတိပေးချက်ကို သိနေသောကြောင့် တောဆိတ်ဘုရင် တစ်ခဏခန့် တုန့်ဆိုင်းနေမိသည်။
“သူ့မှာ အင်ပါယာဓားပညာရှိတယ် .. သူ အခု ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီး သေမလိုဖြစ်နေတာ .. သူ့ကိုသတ် .. ပြီးရင် ငါတို့ ဒေါင်းဘုရင်ဆီမှာ သွားခိုလှုံနေလို့ရတယ်” သစ်တောက်ငှက် လောဆော်လိုက်သည်။
ထိုအချိန်တွင် ချူဖုန်း သူ၏အသက်ရှုစည်းချက်ကို အဆုံးသတ်လိုက်ကာ မျက်လုံးများ ဖွင့်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ သူ့ခန္ဓာကိုယ် ထုံကျဉ်မနေတော့။ လှုပ်ရှားနိုင်သွားပြီဖြစ်သည်။
ယခုအချိန်တွင် သူ ဘာကိုမှ မစိုးရိမ်တော့။ သူသည် အင်ပါယာဓားပညာကို အသုံးပြုနိုင်ရုံသာမက အနီးကပ်လည်း တိုက်ခိုက်၍ ရလေပြီ။
“ကျုပ် သေချာပေါက် ခင်ဗျားကို ခေါင်းဖြတ်ပစ်မယ်..” ချူဖုန်း ရေခဲကဲ့သို့ အေးစက်နေသည့် မျက်လုံးများဖြင့် သစ်တောက်ငှက်ကို တည်ငြိမ်စွာကြည့်၍ ပြောလိုက်သည်။
“နတ်ဆိုးဘုရင်ချူ မင်းဘာလုပ်ချင်နေတာလဲ .. ဒါက ခွန်းလွန်တောင် .. မင်းရဲ့ မောက်မာမှုတွေကို သည်းခံနေမှာမဟုတ်ဘူး..” တောင်ဆိတ်ကြီး အေးစက်စွာ ပြောလာသည်။
ခွပ်..
အနီရောင်ဓားတစ်လက် လေထဲ ပျံသန်းလာကာ ခွပ်ခနဲအသံ ထွက်ပေါ်လာသည်။ ချူဖုန်း တောင်ဆိတ်ကြီးအား ကြည့်လိုက်ကာ “ခင်ဗျားက သူရဲကောင်းလုပ်ချင်တာလား .. ခင်ဗျား ကျုပ်လမ်းကို လာပိတ်နေရင် သူနဲ့အတူ ခင်ဗျားကို ပျော်ပျော်ကြီး သတ်ပေးလိုက်မယ်..”
“မင်းလုပ်ရဲလား..” တောင်ဆိတ်ကြီး ဒေါသထွက်လာသည်။ သူသည် ခွန်းလွန်တောင်၏ သားရဲဘုရင်တစ်ဦးဖြစ်သောကြောင့် သူ့ကို ဤကဲ့သို့ ပြောဆိုရဲသည့်သူမှာ ရှားပါးလှသည်။ ယခုတော့ လူတစ်ယောက်သည် သူ့ကိုဓားဖြင့်ရွယ်ကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်နေသည်။
ချူဖုန်းဘာမှမပြောတော့ပဲ ဓားနီကို စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်လိုက်ကာ တောင်ဆိတ်ကြီးထံသို့ ပစ်လွှတ်လိုက်သည်။
“မင်း လုပ်ရဲတယ်ပေါ့..” တောင်ဆိတ်ကြီး အက်ကွဲစွာ ဟစ်ကြွေးလာပြီး သူ့ဦးချိုများ တောက်ပလာလေသည်။ သူသည် ဦးချိုများကို ဓားအဖြစ်အသုံးပြုကာ ကြောက်စရာကောင်းသည့်ဓားပျံနှင့် ထိပ်တိုက် တိုက်ခိုက်လိုက်သည်။
သို့သော် ခွပ်ဟူသည့်အသံနှင့်အတူ သူ့ဦးချို ဖြတ်တောက်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
“မင်း..” တောင်ဆိတ်ကြီး ဒေါသထွက်သွားကာ တစ်ကိုယ်လုံးမှ ကြောက်စရာကောင်းသည့်အော်ရာများ ထွက်ပေါ်လာသည်။ သူ့ဦးချိုများမှာ အထူးတောက်ပလာကာ ချူဖုန်းကို တိုက်ခိုက်လာသည်။
ချူဖုန်း မကြောက်။ သူ့ဓားပျံကို ပြန်ခေါ်လိုက်ပြီး ဆက်လက်တိုက်ခိုက်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ကတော့ သစ်တောက်ငှက်ထံသို့ တရှိန်ထိုး ပြေးသွားနေပြီဖြစ်သည်။ သူသည် ထူးခြားသည့်အသက်ရှူစည်းချက်အား အသက်သွင်းထားသည့်အပြင် နွားနတ်ဆိုးလက်သီးပညာကိုလည်း အသုံးပြုလိုက်သည်။
ဂါး..
အဝေးမှ သားရဲအော်သံများ ထွက်ပေါ်လာ၏။ အခြားသားရဲများလည်း ဤနေရာသို့ လာနေကြလေပြီ။
ဤနေရာ၌ အံ့အားသင့်စရာကောင်းသည့်တိုက်ပွဲတစ်ခု ဖြစ်နေသည်ပင်။ ချူဖုန်းသည် သားရဲဘုရင်နှစ်ဦးကို တစ်ပြိုင်နက်တည်းတိုက်ခိုက်နေသည်။
သစ်တောက်ငှက်မှာ ချူဖုန်း၏ ကြောက်စရာကောင်းသည့်လက်သီးများကို ခုခံရန်အတွက် အကောင်းဆုံး ကြိုးစားနေရလေပြီ။ သို့သော် ခဏကြာပြီးနောက် သူသည် ချူဖုန်း၏ပြိုင်ဘက်မဟုတ်ကြောင်း သိလာရသည်။ သူ့ဒဏ်ရာများမှ သွေးထွက်နေပြီး သူ၏ဘုရင်အဆင့်သွေးစွမ်းအင်များ အတော်လေး ဆုံးရှုံးသွားရပြီဖြစ်သည်။
“ဘယ်သူက လွန်လွန်ကျူးကျူးတွေ လုပ်နေတာလဲ..” ဒေါသထွက်နေသည့် နွားဝါတစ်ကောင် အဝေးမှ ထွက်ပေါ်လာသည်။
“ဘယ်သူက ငါ့ညီအစ်ကိုကို အနိုင်ကျင့်နေတာလဲ..” နွားနက်ကြီး အော်ဟစ်ကာ ပြေးဝင်လာသည်။
တစ်ချိန်တည်းမှာပင် အခြားကျွမ်းကျင်သူများလည်း ဆက်တိုက်ပင် ရောက်ရှိလာသည်။ ထိုလူများထဲတွင် ကျက်သရေရှိလှသည့် အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်ပင်။
ဝုန်း..
ထိုအခိုက်အတန့်တွင် သစ်တောက်ငှက်၊ တောင်ဆိတ်နှင့် ချူဖုန်းတို့ကြားမှ တိုက်ပွဲလည်း အဆုံးသတ်သွားလေ၏။ သူသည် နွားနတ်ဆိုးလက်သီးကို ထူးခြားသည့်အသက်ရှူစည်းချက်နှင့်အတူ သုံးလိုက်ပြီး ငှက်ဘုရင်ကို ပေါက်ကွဲသွားအောင် လုပ်လိုက်သည်။
အလောတကြီး ပြေးလာကြသည့် သားရဲဘုရင်များမှာ ဤမြင်ကွင်းကိုသာ မြင်လိုက်ကြရသည်။
ချွမ်း..
ဓားပျံလည်း တောင်ဆိတ်၏ဦးချိုတစ်ဖက်ကို ဖြတ်တောက်ပစ်ကာ သွေးများစီးကျလာလေသည်။
…
လျှိုမြောင်အပြင်ဘက်တွင်ရှိနေသည့် သိမ်းငှက်နှင့် ဒေါင်းတို့ကတော့ တုန်လှုပ်နေကြလေပြီ။ သစ်တောက်ငှက်၏ အဆုံးသတ်ကိုမြင်သည်နှင့် သူတို့နှစ်ဦး သတိလစ်လုနီးပါးဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် အစောပိုင်းက သူတို့မျိုးနွယ်စုများထံ ပို့လွှတ်ခဲ့သည့်သတင်းများကို ပြန်သတိရမိသွားကြသည်။ သူတို့သည် ချူဖုန်း ငှက်ဘုရင်လက်ထဲ၌ အဆုံးသတ်တော့မည်ဖြစ်ကြောင်း ကြေငြာခဲ့ကြသည်ပင်။ ကြည့်ရသည်မှာ ယခုတော့ သူတို့သတင်းလွှင့်သည်မှာ စောလွန်းသွားသည့်ပုံပင်။
…
ဒေါင်းမျိုးနွယ်စုတွင် လူအိုကြီးတစ်ဦး အလွန်စိတ်လှုပ်ရှားနေသည်။ လျှပ်စီးများကြောင့် ချူဖုန်း အဝတ်စားများ စုတ်ပြဲကာ အခြေအနေဆိုးရွားနေသည့်ပုံများ သူ့ထံသို့ ရောက်လာပြီဖြစ်သည်။
ထိုဓာတ်ပုံထဲတွင် လေထဲ၌ ဝဲပျံကာ ချူဖုန်းအား စီးမိုးကြည့်နေသည့် ခရမ်းရောင်သစ်တောက်ငှက်တစ်ကောင်လည်း ပါဝင်သည်။
မျိုးနွယ်စုထဲမှ လူအများစု ဓာတ်ပုံကိုကြည့်ရန် ဝိုင်းအုံလာကြသည်။
“သူ့ခေါင်း မြေပေါ်ကျတဲ့အထိ စောင့်ကြတာပေါ့ .. ဒီလောကကြီးက သေချာပေါက်ကို တုန်လှုပ်သွားလိမ့်မယ် .. နတ်ဆိုးဘုရင်ကြီးက နောက်ဆုံးတော့ သေတော့မယ်..” သန္ဓေပြောင်းအချို့ အူလှီုက်သည်းလှိုက် ရယ်မောလိုက်ကြသည်။
“လောကကြီးကို တုန်လှုပ်အောင်လုပ်ရမယ့်အချိန်ပဲ..” သားရဲမျိုးနွယ်စုများစွာလည်း သူတို့အတွေးကို ဖော်ပြလာကြသည်။
အပိုင်း ၁၅၀ ပြီး၏။