ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၄၉ – ငရဲ
တောင်ထိပ်မှ ငွေရောင်ရေတံခွန်စီးကျနေသည်။ ခွန်းလွန်တောင်မှာ ခမ်းနားကျယ်ပြန့်လှပြီး နဂါးများအိပ်စက်နေသည်နှင့်ပင် တူနေသည်။
သို့သော် တောင်တန်းထဲရှိမြင်ကွင်းများမှာ အလွန်ငြိမ်းချမ်းလှပလှသည်။
ချူဖုန်း တောင်ငယ်လေးတစ်လုံး၏ ပတ်လမ်းတစ်လျှောက် လျှောက်လာကာ ပန်းပွင့်များ၊ မြက်ပင်များ၏ မွှေးရနံ့များကို ခံစားနေလိုက်သည်။
သူ့ခြေလှမ်းများမှာ အတော်လေး လွတ်လပ်ပေါ့ပါးနေသည်။ သူ နွားနှစ်ကောင်နှင့် တွေ့ချင်နေလေပြီ။
လမ်းလေးမှာ သူ့ကို ကြီးမားလှသည့်တောင်ကြားလမ်းလေးထဲသို့ ခေါ်ဆောင်သွားနေသည်။ ထိုလျှိုမြောင်လေးထဲမှ လှပသည့်ရှုခင်းများကို အဝေးမှပင် မြင်နေရသည်။ မြက်ပင်နှင့်သစ်ရွက်များမှာ ကျောက်စိမ်းများကဲ့သို့ ကြည်လင်တောက်ပနေသည်။
လျှိုမြောင်တစ်ခုလုံးမှာ လောကကြီးနှင့် ကင်းကွာနေသကဲ့သို့ တိတ်ဆိတ်နေသည်။
ချူဖုန်း လျှိုမြောင်အလှကို ခံစားရင်း ဆက်လျှောက်လာလိုက်သည်။
ခရမ်းရောင်သစ်တောက်ငှက်သည် လျှိုမြောင်အပြင်ဘက်၌ ပေါ်လာပြီး ချူဖုန်း၏ပုံရိပ် လျှိုမြောင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်နေလေသည်။ လူသေတစ်ဦးကို ကြည့်နေသကဲ့သို့ သူ့မျက်နှာထက်၌ အေးစက်သည့်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“ငှက်ဘုရင် .. သူက ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့နတ်အသိစိတ်တွေက အရမ်းစွမ်းအားကြီးတယ် .. အရှင်လုပ်ထားတဲ့ ထောင်ချောက်ကို သူ သတိမထားမိလောက်ဘူးလား..” ဒေါင်းဘုရင်မေးလိုက်၏။ သူ အနည်းငယ်တော့ စိုးရိမ်နေသည်ပင်။
“သူ့ရဲ့နတ်အသိစိတ်တွေ အရမ်းထက်မြက်နေလို့ပဲ သူ ဆိုးဆိုးရွားရွားအဆုံးသတ်တော့မှာ” ခရမ်းရောင်သစ်တောက်ငှက် အေးစက်စွာ ပြောလိုက်သည်။ “ခွန်းလွန်တောင်ကို အရင်က အနန္တနတ်ဘုရားနယ်မြေလို့ခေါ်တာ .. ဒီနေရာမှာ နတ်အသိစိတ်တွေက အသုံးမဝင်ဘူး”
လျှိုမြောင်ထဲမှ မြင်ကွင်းမှာ အလွန်လှပလှသည်။ လျှိုထဲတွင် ရှေးသစ်ပင်များစွာ ပေါက်ရောက်နေသည်။ သစ်ပင်များ၏ အရွက်များတွင် ရောင်စုံအလင်းများတောက်ပနေပြီး လှပသည့်ပန်းများလည်း အရောင်များ ဖြာထွက်နေသည်။ လေအေးလေး တိုက်ခတ်သွားသည်နှင့် ပန်းပွင့်နှင့် သစ်ရွက်များ ကြွေကျလာကာ ရောင်စုံမိုးရွာသွန်းသကဲ့သို့ ဖြစ်သွားသည်။
ချူဖုန်း လျှိုထိပ်၌ ရပ်လိုက်ကာ အားလုံးကို ခံစားနေလိုက်သည်။ သူ့စိတ်နှင့်ခန္ဓာနှစ်ခုလုံး အလွန်အေးချမ်းနေသည်။
သို့သော် ဤနေရာမှာ တိတ်ဆိတ်လွန်းသည်။ သစ်ပင်ပန်းပင်များသာရှိသည်။ မည်သည့်တိရစ္ဆာန်မှမတွေ့ရ။ ဤကဲ့သို့သော ခမ်းနားလှသည့်နေရာကို သားရဲဘုရင်များ မသိမ်းပိုက်သည်မှာ ထူးဆန်းလှသည်။
ဆက်လျှောက်လာသည်နှင့် ချူဖုန်း၏အမူအရာမှာ အံ့အားသင့်သည့်အမူအရာအဖြစ် ပြောင်းလဲသွားသည်။ တောင်ခြေ၌ အလောင်းတစ်ချို့ကို တွေ့လိုက်ရသည်။ အားလုံးမှာ ဆိုးဆိုးရွားရွား သေဆုံးထားခြင်းဖြစ်ပြီး အချို့မှာ အလောင်းအပြည့်ပင်မရှိတော့။
ဒီလိုမျိုး နတ်ဘုံနတ်နန်းနဲ့တူတဲ့နေရာမှာ ဘယ်လိုလုပ် အလောင်းတွေ အများကြီး ရှိနေတာလဲ.. ဤသည်မှာ ဤနေရာတစ်ခုလုံး၏ခံစားချက်ကို ပျက်စီးသွားစေသည်။
သူ့နတ်အသိစိတ်ကို အမြင့်ဆုံးအဆင့်သို့ ထုတ်လွှတ်လိုက်သော်လည်း သူ မည်သည့်အန္တရာယ်မှ မတွေ့ရ။ သူ အတော်လေး အံ့အားသင့်သွားရသည်။
သူ ဆက်လျှောက်လာလိုက်သည်နှင့် အလောင်းများ ပိုများလာသည်ကို တွေ့လိုက်ရသည်။ အရေပြားများ၊ ဝံပုလွေအမွေးအကြွင်းအကျန်များ၊ ဝက်ဝံအရိုးနှင့် လူသားအရိုးစုများပင် ရှိနေသည်။
လျှိုမြောင်နောက်တွင်တော့ အုတ်ဂူမြေပုံများ ရှိနေသည်။ အချို့အုတ်ဂူများ ပွင့်နေသည်ပင်။
ချူဖုန်း သတိအနေအထားဖြစ်သွားရသည်။ သူ ဘယ်လိုနေရာမျိုးကို ရောက်လာတာလဲ.. ဒီကောင်းကင်လျှိုမြောင်က ဘယ်လိုလုပ် သင်္ချိုင်းတစ်ခု ဖြစ်နေတာလဲ..
တစ်နေရာအရောက်တွင် သူ စစ်တပ်တစ်စုကို တွေ့လိုက်ရသည်။ ဤစစ်တပ်မှာ ဤခေတ်လွန်ကာလမှမဟုတ်လောက်။ သူတို့ဘေးတွင်ရှိနေသည့် လက်နက်များပင် သံကြေးတက်နေပြီဖြစ်သည်။
“ထူးဆန်းတယ်..” ချူဖုန်း သံသယဝင်လာသည်။
အချို့အလောင်းများမှာ လွန်ခဲ့သည့်နှစ်ရာပေါင်း၊ ထောင်ပေါင်းများစွာမှ အလောင်းများဖြစ်သော်လည်း အချို့အလောင်းများမှာ ယခုတလောမှ အသတ်ခံထားရခြင်းပင်။
“ဒါက ခွန်းလွန်တောင်ရဲ့ အပြင်လူကို စစ်ဆေးတဲ့ စစ်ဆေးမှုလား..” အပင်များတစ်ဖြည်းဖြည်းနည်းပါးလာပြီး နောက်ဆုံးတွင် သစ်ပင်များမရှိတော့ပဲ မြက်ပင်များသာ ရှိတော့ကြောင်း သူ တွေ့လိုက်ရသည်။
နောက်ဆုံးတွင် မြက်ပင်များပင် ကျဲပါးသွားပြီး အနီရောင်မြေကြီးသာ ရှိတော့သည်။
“ဟက် .. ဒီ နတ်ဆိုးဘုရင်ချူလို့ခေါ်တဲ့လူက ဟာသပဲ .. သူ့ကို သတ်ရတာ လွယ်လွယ်လေး..” လျှိုမြောင်အပြင်ဘက်မှ ခရမ်းရောင်သစ်တောက်ငှက် အေးစက်စွာ ရယ်မောလိုက်သည်။
“ဒီလူသားက အရှင့်ရဲ့ အစီအစဉ်အောက်မှာ လွယ်လွယ်ရှုံးသွားပေမယ့် ကျွန်တော်တို့အတွက်တော့ သူက အိမ်မက်ဆိုးကြီးပါပဲ.. သူက ကြမ်းတမ်းပြီး စွမ်းအားကြီးတယ်” ရွှေရောင်သိမ်းငှက် ပြောလိုက်သည်။
ထို့နောက် ခရမ်းရောင်သစ်တောက်ငှက်သည် ချူဖုန်း ရှိနေသည့်လျှိုမြောင်ဘေးဘက်ရှိ တောင်ခြေသို့ ဆင်းသက်လိုက်သည်။
ထိုနေရာ၌ စောင့်ကြပ်နေသည့် သားရဲကျွမ်းကျင်သူအချို့ ရှိနေလေသည်။
“ကျွန်တော်တို့ ငှက်ဘုရင်ကို အရိုအသေပေးပါတယ်..” ဤနေရာတွင် နွားရိုင်း၊ နှင်းကျားသစ် စသည့်သားရဲများစွာ ရှိနေသည်။ သူတို့အားလုံးသည် လူသားဘာသာစကား ပြောနိုင်ကြလေ၏။
“မင်းတို့ နောက်ဆုတ်လိုက်ကြ..” ခရမ်းရောင်သစ်တောက်ငှက် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ..”
ထိုတောင်ခြေတွင် အချင်း ၆၀ စင်တီမီတာကျော်ရှိသည့်ကြေးတိုင်တစ်တိုင်ရှိပြီး ထိုကြေးတိုင်ကို ထူထဲလှသည့် သံချိန်းကြိုးများဖြင့်ချည်ထားကာ မှောင်မည်းခြောက်သွေ့နေသည့် ရေတွင်းတစ်တွင်းထက် တွဲလွဲချထားလေသည်။
ခရမ်းရောင်သစ်တောက်ငှက်သည် ထိုနားသို့ ရောက်လာကာ သံချိန်းကြိုးများကို ဖြည်ချလိုက်လေ၏။ ကြေးတိုင်ကြီးမှာ ရေတွင်းထဲသို့ ဘုန်းကနဲ ကျသွားသည်။
ကြေးတိုင်ကြီး ရေတွင်းထဲသို့ကျသွားသည်နှင့် ကပ်လျက်ရှိသည့်လျိုမြောင်တွင် လျင်မြန်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်လာကာ လေထုထဲ၌ ကြောက်စရာကောင်းသည့်အော်ရာများ ပျံ့လွင့်လာသည်။
ချူဖုန်း ဆံပင်မွေးထောင်ထသွားသလို ခံစားလိုက်ရကာ မီတာပေါင်းများစွာကို ခုန်ထွက်လိုက်သည်။ သူ ရပ်နေခဲ့သည့်နေရာမှာ ချက်ချင်းပင် ပေါက်ကွဲသွားသည်။
သူမြေပြင်ပေါ်သို့ လဲကျသွားသည်။ လေထဲတွင် ငွေရောင်မြွေနှင့်တူသည့် လျှပ်စီးတန်းများ ထွက်ပေါ်လာလေသည်။
ထို့နောက် သူ အရှေ့ဘက်သို့ အလျင်စလို ပြေးထွက်သွားလိုက်သည်။ သူ ထိုလျှပ်စီးကို ရှောင်ရုံသာ ရှောင်လိုက်နိုင်သည်။
ခွပ်..
သူ ရပ်ခဲ့သည့်နေရာတွင် လျှပ်စီးတန်း ကျရောက်လာသည်။ သူသာ ခြေတစ်လှမ်းနောက်ကျနေခဲ့လျှင် လျှပ်စီးထိမှန်သွားပြီဖြစ်သည်။
သူ့နောက်တွင်တော့ မြေကြီးအက်ကွဲသွားကာ ဘေးပတ်လည်မှ အရိုးစုများကို တစ်စစီဖြစ်သွားသည်။
ချူဖုန်း အလွန်ထိတ်လန့်သွားရသည်။ လျှပ်စီးတွေက ဘယ်လိုလုပ် အသိပေးချက်မရှိပဲ ရုတ်တရက်ကြီး ရောက်လာတာလဲ..
သူ ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် မူလက ပြန့်ကျဲနေသည့်တိမ်တိုက်များမှာ အလွန်သိပ်သည်းလာပြီး လျှပ်စီးတန်းများလည်း ပိုမိုများပြားလာသည်။
ချူဖုန်း မိုးကြိုးနှင့် ဓားမြောင်နက်ကို ဘေးဘက်သို့ ပစ်လွှတ်လိုက်ပြီး သူကတော့ အနိမ့်ပိုင်းသို့ ပြေးဝင်သွားလိုက်သည်။
ဤနေရာ၌ အဘယ်ကြောင့် အလောင်းများစွာ ရှိနေသည်ကို သူနားလည်သွားလေပြီ။ သူတို့အားလုံး လျှပ်စီးထိမှန်၍ သေဆုံးသွားခြင်းပင်။
တစ်ခဏခန့်စဉ်းစားပြီးနောက် သူ ထိတ်လန့်သွားရ၏။ ဤနေရာမှာ မည်သည့်နေရာဖြစ်ကြောင်း သူ မှတ်မိသွားလေပြီ။
“ငရဲဂိတ်တံခါး..”
အားလုံးကို နားလည်သွားသည်နှင့် ချူဖုန်း သွေးများအေးခဲသွားရသည်။
ဒါက ဒဏ္ဍာရီမဟုတ်ဘူးပဲ .. ဒီလိုနေရာမျိုး တကယ်ရှိတယ်..
ဤနေရာသည် ပြောင်းလဲမှုများ မဖြစ်ခင်ကတည်းက ရှိခဲ့ခြင်းဖြစ်ပြီး ဤနေရာနှင့်ပတ်သက်သည့် ဒဏ္ဍာရီများစွာ ရှိခဲ့သည်ပင်။
ဤနေရာသည် တိဗက်တွင် နာမည်ကြီးသည့်နေရာတစ်ခုပင်။ ဤလျိုမြောင်သည် သစ်ပင်ပန်းမန်များဖြင့် အလွန်လှပသော်လည်း ဤနေရာမှ သိုးထိန်းများပင် ဤနေရာသို့ ခြေမချရဲ။ သူတို့သိုးဗိုက်ဆာနေမည်ဆိုလျှင်ပင် အဆာခံ၍သာ ထားလိုက်မည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ အလွန်အန္တရာယ်များလှသည်ပင်။
ဤနေရာထဲသို့ ဝင်လာသည့် သက်ရှိတိုင်း လျှပ်စီးဖြင့် ပစ်ချခံရပြီး ကံကောင်းသည့်လူအနည်းငယ်သာ အသက်ရှင်လျက် လွတ်မြောက်သွားလိမ့်မည်။
နောက်ပိုင်းတွင် သိပ္ပံပညာရှင်အချို့ ရောက်လာပြီး လေ့လာဆန်းစစ်ချက်များ ပြုလုပ်ကာ ဤလျှပ်စီး၏နောက်ကွယ်မှ အမှန်တရားကို ဖော်ထုတ်ခဲ့၏။ မြေအောက်ထဲတွင် အလွန်အားပြင်းသည့် မူမမှန်လျှပ်စီးသံလိုက်ရှိနေသည်ပင်။
မြေအောက်ထဲ၌ ရှိနေသည့် လျှပ်စီးသံလိုက်များနှင့် တိမ်တိုက်များထဲမှ လျှပ်စီးဓာတ်များ အပြန်အလှန်တုံ့ပြန်လာသည်နှင့် လျှပ်စီးများဖြစ်ပေါ်လာခြင်းပင်။ ဤနေရာတွင် လျှပ်စီးပြင်များ များစွာရှိနေပြီး ပြေးနေသည့်သတ္တဝါမှန်သမျှ လျှပ်စီးများ၏ ပစ်မှတ်ဖြစ်သွားလိမ့်မည်။
ဘာဖြစ်နေသည်ကို သိသွားသော်လည်း ဤကိစ္စကို မည်ကဲ့သို့ ဖြေရှင်းရမည်ကို သူမသိ။
မည်ကဲ့သို့သော ပြောင်းလဲမှုကြောင့် လျှပ်စီးများ အသက်ဝင်လာသည်ကို သူမသိ။ သူ အနိမ့်နေရာ၌ နေ၍ လျှပ်စီးများအား ခုခံနိုင်ရန်အတွက် သူ၏ထူးခြားသည့်အသက်ရှူစည်းချက်အား အသက်သွင်းနေရန်သာ တတ်နိုင်သည်။
ဝုန်း..
လျှပ်စီးများ ဆက်တိုက်ပင် ကျရောက်လာသည်။
ထွက်ပြေးလျှင် လျှပ်စီးမှန်နိုင်ချေ ပိုများသောကြောင့် သူ မပြေး။
လျှပ်စီးများမှာ ဗို့အား သန်း ၁၀၀ ကျော်ရှိသည်။ မည်သည့်သာမန်အသွေးအသားက ဤသည်ကို တောင့်ခံနိုင်မည်နည်း..
လျှိုမြောင်အပြင်ဘက်၌ ရှိနေသည့် ရွှေရောင်သိမ်းငှက်နှင့် ဒေါင်းတို့ ကျောရိုးတစ်လျှောက် ကြက်သီးထသွားရသည်။ ဤကဲ့သို့သော လျှပ်စီးမျိုးမှာ သူတို့ကို ကြောက်ရွံ့သွားစေသည်။
ခန္ဓာကိုယ်တစ်ခုမှာ ဤကဲ့သို့သော တိုက်ခိုက်မှုများအား ခုခံနိုင်မည့်နည်းလမ်းမရှိဟု သူ ယုံကြည်သည်။ ဘုရင်အဆင့်သက်ရှိပင်လျှင် ဤလျှပ်စီးများကို ကြာကြာခုခံနိုင်မည်မဟုတ်။
“ဘုရားရေ .. ဘာဖြစ်နေတာလဲ.. ဒါက ဒဏ္ဍာရီထက်တောင် ပိုကြောက်စရာကောင်းနေတယ် .. အရှင် ဒီလျှပ်စီးတွေကို ဘယ်လိုဆင့်ခေါ်လိုက်တာလဲ..” ရွှေရောင်သိမ်းငှက် တုန်ယင်စွာ မေးလိုက်သည်။
“ဒါက အစီအရင်တစ်ခုရဲ့စွမ်းအားပဲ .. ဒါကို ရှင်းပြဖို့ခက်ပေမယ့် တကယ်ရှိတယ်” ခရမ်းရောင်သစ်တောက်ငှက် ရှင်းပြလာသည်။
ဤနေရာကို ရှာတွေ့သည့်အချိန်က ခွန်းလွန်တောင်မှ ဘုရင်များ အတော်လေး အံ့အားသင့်သွားခဲ့ကြသည်။ ဤထဲ၌ သားရဲဘုရင်တစ်ဦး သေဆုံးသွားခဲ့ပြီး မည်းတူးနေသည့်အလောင်းပင် အပြည့်မရှိတော့။
သူတို့ ဤနယ်မြေကို သေချာလေ့လာခဲ့သည့်အပြင် လူသားသိပ္ပံပညာရှင်များကို ဆင့်ခေါ်ပြီး စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့သည်။
လူသားသိပ္ပံပညာရှင်များ ဤနေရာ၏ ထူးခြားဆန်းကြယ်မှုကို ရှင်းပြနိုင်ခဲ့သည်။ သို့သော် သူတို့ဤနေရာအား တူးဖော်လေ့လာသည့်အချိန်တွင် ရှေးခေတ်လူမျိုးစုတစ်စုမှ ဤလျှိုမြောင်အား ပြုပြင်ထားကြောင်း သူတို့တွေ့လိုက်ရသည်။
သူတို့ကောက်ချက်အရဆိုလျှင် ဤသည်မှာ ‘အစီအရင်’ တစ်ခုနှင့်တူနေသည်ပင်။
ခရမ်းရောင်သစ်တောက်ငှက် ရှင်းပြလိုက်သော်လည်း ဒေါင်းနှင့်သိမ်းငှက်မှာ သရဲတစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသည့်အလား ဆွံ့အနေဆဲပင်။ မြေပြင်ကို ပြောင်းလဲလိုက်တာနဲ့ လျှပ်စီးတွေ ဖန်တီးနိုင်တာလား..
“အထူးသဖြင့် ငါတို့ အဲဒီ ခမ်းနေတဲ့ ရေတွင်းကို ရှာတွေ့တဲ့အချိန်ပဲ .. အဲဒီကြေးတိုင်ကို မြှင့်လိုက်၊ နိမ့်လိုက်လုပ်တာနဲ့ ငါတို့ ဒီလျှပ်စီးသံလိုက်ကွင်းကြီးကို ထိန်းချုပ်နိုင်တယ်” ခရမ်းရောင်သစ်တောက်ငှက် ထူးမခြားနားစွာ ရယ်မော၍ ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် အခြားသားရဲကျွမ်းကျင်သူများလည်း ဝင်ပေါက်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြလေသည်။
“အရှင် ဒါက မသင့်တော်လောက်ဘူးထင်တယ် .. တစ်ခြားသားရဲဘုရင်တွေ ပြောလာမှာစိုးရတယ်”
မိစ္ဆာသားရဲကို အပြစ်ပေးသည်မှလွဲလျှင် ထိုကြေးတိုင်ကြီးကို မည်သူမှ အောက်မချရဟု သားရဲဘုရင်များ သဘောတူထားခဲ့ကြသည်ပင်။
“ငါ့မှာ ငါ့အကြောင်းပြချက်နဲ့ငါရှိတယ် .. မင်းတို့တွေ ငါ့ကို ဖြောင်းဖျစရာမလိုဘူး .. ဘေးဘက်ကိုဆုတ်” ခရမ်းရောင်သစ်တောက်ငှက် အမိန့်ပေးလာသည်။
လျှိုမြောင်ထဲ၌ရှိနေသည့် ချူဖုန်းကတော့ အန္တရာယ်များသည့်အခြေအနေတွင် ရှိနေသည်။ ခွန်းလွန်တောင်ကို ရောက်ရောက်ချင်း ဤကဲ့သို့သော အခြေအနေမျိုးနှင့် တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့။ ဒါက နွားနှစ်ကောင် အိမ်မဟုတ်ဘူးလား .. သူ့ကို ထိရဲတဲ့သူ ရှိတယ်ပေါ့..
ထို့အပြင် သူ့နတ်အသိစိတ်များ အလုပ်မလုပ်ကြောင်း သူမသိခဲ့ပေ။
“ချီးပဲ..”
ယခုအချိန်တွင် သူ့အဝတ်အစားများ စုတ်ပြဲနေပြီး သူ့အသားအရေလည်း မည်းတူးနေပြီဖြစ်သည်။ သူ လျှပ်စီးထိမှန်သွားသည်မှာ အကြိမ်ပေါင်းများစွာ ရှိနေလေပြီ။
“သာမန်လူတစ်ယောက်သာဆိုရင် လျှပ်စီးတန်းတစ်ခုကနေ ရှင်နိုင်တာကိုက ကံကောင်းနေပြီ .. ငါ့ခန္ဓာကိုယ်နဲ့ဆိုရင် ငါ ခဏတော့ တောင့်ခံနိုင်လိမ့်မယ် .. ဒါပေမဲ့ ဒီအတိုင်းသာ ဆက်သွားရင် နောက်ဆုံး သေမှာပဲ..”
သူ့ပါးစပ်ထောင့်မှ သွေးများစီးကျနေ၏။ သူ ပြင်းထန်သည့်ဒဏ်ရာများ ရရှိထားသည်ပင်။ လျှပ်စီးနှင့်အတူပါလာသည့် အပူချိန်မှာ သာမန်လူကို အရိုးများမကျန်တော့သည်အထိ လောင်ကျွမ်းသွားရန် လုံလောက်သည်။
သူ မပြေးရဲ။ ပြေးလိုက်သည်နှင့် လျှပ်စီးအားလုံး သူ့ကို ပစ်မှတ်ထားလာလိမ့်မည်။
သူ တောင့်ခံနေရုံသာ တတ်နိုင်သည်။ အချိန်ကြာလာလျှင် အခြားဘုရင်များ သံသယဝင်လာကြမည်ပင်။ ထိုအချိန်ကျလျှင် နွားဝါလေးနှင့် နွားနက်ကြီးတို့ သူ့ကို လာကယ်လိမ့်မည်။
သူ ထိုအချိန်ရောက်သည်အထိ တောင့်ခံထားရမည်။
ဝုန်း..
လျှပ်စီးတန်းနောက်တစ်ခု ကျရောက်လာကာ သူ့ကို လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ သူ့တစ်ကိုယ်လုံး တုန်ယင်နေကာ သွေးများ အန်ထွက်လာသည်။
သူ့ကို ကာကွယ်ပေးနေသည့် ထူးခြားသည့်စွမ်းအင်သာမရှိလျှင် သူ သေနေလောက်လေပြီ။
မြေပြင်ပေါ်သို့ ပြန်ကျသွားသည်နှင့် သူ သည်းမခံနိုင်လောက်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။
ဝုန်..
လျှပ်စီးတန်းနောက်တစ်တန်း ကျရောက်လာသည်။ သူ မရှောင်နိုင်။ လျှပ်စီးအား တိုက်ရိုက်လက်ခံရုံသာ တတ်နိုင်သည်။ သူ ရန်သူ့လှည့်ကွက်ထဲ ရောက်သွားပြီဖြစ်ကြောင်း သူ သိလိုက်လေပြီ။
“သူ ထပ်ကြာကြာမတောင့်ခံနိုင်တော့မယ့်ပုံပဲ .. တွေ့လား .. အခု သူ့တစ်ကိုယ်လုံး ငါးသေတစ်ကောင်လို မည်းတူးနေပြီ .. သူ လှုပ်တောင် မလှုပ်နိုင်တော့ဘူး..” လျှိုမြောင်အပြင်ဘက်မှ ဒေါင်းပြောလိုက်သည်။
“ဒီလူက တကယ်ထူးခြားတယ် .. သူ အခုထိ တစ်စစီမဖြစ်သေးဘူး .. အခြားသားရဲဘုရင်တွေသာဆိုရင် အစောကြီးကတည်းက သေသွားလောက်ပြီ” ခရမ်းရောင်သစ်တောက်ငှက် ပြောလိုက်သည်။
ခဏကြာပြီးနောက် သူ့အမူအရာ ပြောင်းလဲသွားကာ “မကောင်းတော့ဘူး .. လျှပ်စီးတွေ ကျနေတာ တော်တော်ကြာနေပြီ .. တစ်ခြားသားရဲဘုရင်တွေ သတိထားမိလောက်ပြီ … ငါ သူ့ကို မြန်မြန်ရှင်းမှဖြစ်မယ် .. မဟုတ်ရင် ငါ ဒုက္ခရောက်လိမ့်မယ်”
“မင်းတို့နှစ်ယောက် ဒီမှာစောင့်နေ .. ငါ သူ့ကို အရင်ဆုံး သွားဖမ်းလိုက်မယ် .. ပြီးရင် ငါတို့တွေ သူ့ကို အင်ပါယာဓားအကြောင်း မေးလို့ရပြီ” ခရမ်းရောင်သစ်တောက်ငှက် ပျံသန်း၍ ပြောလိုက်သည်။
သူ လျှိုမြောင်ထဲသို့ ပျံသန်းသွားလိုက်သည်။
“အရှင် ဂရုစိုက်ပါ..” ဒေါင်းငှက်ကြီး တုန်လှုပ်သွားကာ အနောက်မှ အော်ဟစ်လိုက်သည်။
“စိတ်မပူနဲ့ .. လျှပ်စီးမကျတဲ့နေရာတွေရှိတယ် .. ငါတို့ ဒီနေရာတစ်ခုလုံးကို သေချာလေ့လာထားပြီးသား” ခရမ်းရောင်သစ်တောက်ငှက် ပြောလိုက်သည်။ သူ ဤကိစ္စကို ထပ်ကြာကြာအချိန်မဆွဲရဲတော့။
ခရမ်းရောင်သစ်တောက်ငှက်ခန္ဓာကိုယ်သည် နှစ်မီတာခန့်ရှိပြီး သူသည် ခရမ်းရောင်လျှပ်စီးကဲ့သို့ လျှပ်စီးကွင်း၏ လျှပ်စီးမသက်ရောက်သည့်နေရာသို့ ပြေးဝင်သွားလိုက်သည်။
သူ၏အရှိန်မှာ အလွန်လျင်မြန်လှသည်ပင်။
ချူဖုန်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိနေပြီး သူ့တစ်ကိုယ်လုံး အရိုးများကျိုးတော့မတတ် ခံစားနေရသည်။ သူ ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းထားကာ သူ့ကိုကာကွယ်ပေးနေသည့် စွမ်းအင်အလွှာတစ်လွှာရှိနေသော်လည်း ထိုလျှပ်စီးများ သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာဆဲပင်။
ဤအတိုင်းသာဆိုလျှင် သူ သေသွားလိမ့်မည်။ အစောပိုင်းကတင် သူ့ကို လျှပ်စီးလေးချက်ဆက်တိုက် ထိမှန်ထားသည်ပင်။
ဝှစ်..
သူ မိုးကြိုးအသက်ရှူစည်းချက်အား အသုံးပြုလိုက်သည့်အချိန်တွင် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် လျှပ်စီးများအား ပြုပြင်လိုက်နိုင်ကာ ခန္ဓာကိုယ်အတွက် အသုံးပြုလိုက်နိုင်ကြောင်း သူ အံ့အားသင့်စွာ တွေ့ရှိခဲ့ရသည်။
ထိုသို့ဆိုသော်လည်း ပြောင်းလဲ၍ရသည့်ပမာဏမှာ မလုံလောက်။ မည်သို့ပင်ဖြစ်စေ ဤပညာသည်အစကတည်းက မပြည့်စုံသေး။ ထို့ကြောင့် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ထူးခြားသည့်အသက်ရှူစည်းချက်ကိုသာ ပြန်သုံးလိုက်ရသည်။
“အမ်..”
ရုတ်တရက် သူ ရှိနေသည့်နေရာနှင့် သိပ်မဝေးသည့်နေရာ၌ ခရမ်းရောင်သစ်တောက်ငှက် ပျံဝဲနေသည်ကို သူ တွေ့လိုက်ရသည်။ သူ အံ့အားသင့်သွားရသည်မှာ ဤငှက်ကို လျှပ်စီးမထိ။
“အဲဒီတော့ ကျုပ်ကို အကောက်ကြံတာ ခင်ဗျားပေါ့..” ချူဖုန်း၏မျက်လုံးများ အေးစက်လာသည်။
“နတ်ဆိုးဘုရင်ချူက ဒီလောက်ပဲ လုပ်နိုင်တာလား .. ငါ ရယ်နေရင်းနဲ့တောင် မင်းကို ဆယ်ခါပြန် သတ်လို့ရတယ်..” ခရမ်းရောင်သစ်တောက်ငှက် စက်ဆုပ်ဖွယ် ပြောလာသည်။
သူ သတိလက်လွတ်ဖြစ်ခဲ့ကြောင်း ချူဖုန်း သိသည်။ ခွန်းလွန်တောင်မှ သူ့နတ်အသိစိတ်အား ပိတ်ထားသည့်အပြင် ဤနေရာသည် နွားနှစ်ကောင်၏လွှမ်းမိုးမှု ရှိသည့်နယ်မြေဖြစ်သောကြောင့် အန္တရာယ်မရှိနိုင်ဟု သူ ယုံကြည်နေခဲ့ခြင်းပင်။
သူ မည်သည့်နေရာ၌ ရောက်နေပါစေ သူ့သတိကို လျော့မထားသင့်ကြောင်း သူ သင်ခန်းစာ ရလိုက်သည်ပင်။
ခွန်းလွန်တောင်အတွင်းပိုင်းတွင် နွားနှစ်ကောင်မှာ နောက်ဆုံးတော့ မြေအောက်နန်းတော်မှ ထွက်လာလေပြီ။ နန်းတော်ထဲမှ မည်သည့်အဖိုးတန်ပစ္စည်းမှ မတွေ့ခဲ့သောကြောင့် သူတို့ အလွန်မပျော်မရွှင်ဖြစ်နေရသည်။ နန်းတော်ကြီးမှာ အခွံကြီးသာ။
“ကျွန်တော်တို့ နွားဘုရင်ကို အရိုအသေပေးပါတယ်”
သားရဲအချို့ အရိုအသေပေးကာ ချူဖုန်းဟုခေါ်သည့်လူ ခွန်းလွန်တောင်ထဲသို့ ဝင်လာပြီဖြစ်ကြောင်း သတင်းပို့လာသည်။
“ဒီလောက်တောင် မြန်တာလား..” နွားဝါလေး အံ့အားသင့်သွားရသည်။ သူသည် နွားနက်ကြီးကို ခေါ်လိုက်ကာ “သွားစို့ .. သူ့ကို သွားတွေ့ကြစို့..”
“ငှက်ဘုရင်က သူ့ကို ခေါ်ဖို့ ထွက်သွားပါတယ်” နွားတစ်ကောင် သတင်းပို့လာသည်။
“ဒီ သစ်တောက်ငှက်က ဘယ်လိုနေရမလဲဆိုတာ တကယ်သိနေတာပဲ .. ငါ သူ့ကို ဗာတီကန်ကို ခေါ်သွားဖို့ စဉ်းစားထားတာ” နွားနက်ကြီး ပြောလာသည်။
ယခုတလောတွင် နွားနှစ်ကောင်သည် ခရမ်းရောင်သစ်တောက်ငှက်နှင့် အတော်လေး ရင်းနှီးနေသည်။ နွားနက်ကြီးပြောသည့် ‘အကူ’ ဆိုသည်မှာ ဤငှက်ကို ပြောခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ဤငှက်၏ တိုက်ခိုက်နိုင်စွမ်းမှာ စစ်မြေပြင်၌ အသုံးဝင်လိမ့်မည်ဟု ခံစားရသောကြောင့်ပင်။
တကယ်တမ်းတွင်တော့ သစ်တောက်ငှက်သည် သူတို့ယုံကြည်မှုရရန်အတွက် တမင်သက်သက် အညံ့ခံချင်ဟန်ဆောင်ခဲ့ခြင်းပင်။
“ဟား ဟား .. ချူဖုန်းကို သွားကြိုဖို့အတွက် သစ်တောက်ငှက်အရင်ထွက်သွားတာလည်း မဆိုးပါဘူး .. ငါတို့လည်း သွားကြစို့..” နွားနက်ကြီး ပြောလိုက်သည်။
“ငှက်ဘုရင်က ချူဖုန်းကို ငရဲဂိတ်တံခါးဆီကို ခေါ်သွားကြောင်း ကျွန်တော်တို့ အခုလေးတင် သတင်းရခဲ့ပါတယ် .. ပြီးတော့ အဲဒီနေရာက အခု လျှပ်စီးတွေနဲ့ ပြည့်နေပါတယ် .. တစ်ခုခုတော့ မှားနေပါပြီ” အခြားသန္ဓေပြောင်းနွားရိုင်းတစ်ကောင် အလောတကြီး ပြောလာသည်။
ဤကိစ္စကို သိသိခြင်း သူ နွားနှစ်ကောင်ကို ချက်ချင်း လာပြောခြင်းပင်။
“ဘာ..” နွားနက်ကြီး အမူအရာ ပြောင်းလဲသွားလေ၏။ တစ်ခုခုမှားယွင်းနေကြောင်း စဉ်းစားမိသည်နှင့် တောင်ကြောတစ်ခုလုံး တုန်ခါသွားအောင် သူ အော်ဟစ်လိုက်သည်။
“ချီးပဲ .. ဒီသစ်တောက်ငှက် အခုတလော ငါတို့ကို ချဉ်းကပ်လာတာက မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာတာပဲ..”
နွားဝါလေးလည်း ဒေါသထွက်နေသည်ပင်။ “သွားကြစို့ .. ချူဖုန်းကို သွားကယ်ကြစို့..”
မြေအောက်နန်းတော်ထဲမှ ထွက်လာသည်နှင့် ကောင်းကင်ထက်၌ လျှပ်စီးများ ရှိနေသည်ကို သူတို့လည်း မြင်လိုက်ရသည်။
ကီလိုမီတာပေါင်း ၈၀၀၀ ကို ချူဖုန်း ဤမျှမြန်မြန်ဆန်ဆန် ဖြတ်ကျော်လာလိမ့်မည်ဟု သူတို့မထင်ထားခဲ့။ မဟုတ်လျှင် သစ်တောက်ငှက်၏အကြံအစည်များကို အောင်မြင်အောင် လုပ်ခွင့်ပေးမည်မဟုတ်။
“သတ် .. ငါ သူ့ကို အရှင်လတ်လတ် အရေခွံ နွားပစ်မယ်..” နွားနက်ကြီး ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကာ အံ့အားသင့်စရာကောင်းလောက်သည့်အရှိန်ဖြ့် ပြေးထွက်သွားလိုက်သည်။ သစ်တောက်ငှက်၏လှည့်စားခြင်းကို ခံလိုက်ရသည့်အတွက် သူ အတော်လေး ရှက်မိသည်။
လျှိုမြောင်ထဲတွင် ခရမ်းရောင်သစ်တောက်ငှက်သည် လေထဲ၌ ပျံဝဲနေပြီး ချူဖုန်းကို လှောင်ပြောင်နေလေ၏။ “ဘယ်လိုလဲ .. ငါ မင်းကို သတ်ဖို့အတွက် လက်တောင်လှုပ်စရာမလိုဘူး .. မင်းကို သတ်တာက ဘာစိန်ခေါ်မှုမှမရှိဘူး .. အရမ်းကို လွယ်ကူလွန်းတယ်”
ချူဖုန်း သူ့အား အေးစက်စွာ ကြည့်လိုက်သည်။ “သူများကို ချောင်းမြောင်းလုပ်ကြံဖို့ပဲတတ်တဲ့ ငှက်ကများ .. ဒါပေမဲ့ စိတ်မပူပါနဲ့ .. ကျုပ် အခု မသေနိုင်သေးဘူး .. ကျုပ် နေဝင်တဲ့အထိ တောင့်ခံနိုင်သေးတယ်…”
ယနေ့ သူကဲ့သို့ ခံစားရခြင်းမှာ သူ၏နတ်အသိစိတ်အား အလွန်အကျွံ ယုံကြည်မိသောကြောင့်ပင်။
“ဟက် .. မင်း က အရမ်းစွမ်းအားကြီးတယ် မဟုတ်ဘူးလား .. မင်းက ပန်တောင်ရဲ့ဘုရင်ကိုတောင် သတ်ခဲ့တာလေ .. အခု မင်းက ဘယ်လိုလုပ် ဒီလောက်တောင် အားနည်းနေတာလဲ.. မင်းဘာလို့ မင်းရဲ့ဓားပျံကို မသုံးတာလဲ .. ဟား ဟား..”
သစ်တောက်ငှက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
တကယ်တမ်းတွင်တော့ သူ့ထံ၌ အချိန်မရှိတော့သလို ချူဖုန်းနားလည်း ကပ်မသွားရဲ။ ထို့ကြောင့် ချူဖုန်းကို သူ့ဓားပျံ သုံးစေချင်ခြင်းပင်။
လျှပ်စီးကွင်းထဲ သတ္တုလက်နက်ကို အသုံးပြုလိုက်သည်နှင့် ရလဒ်မှာ ကြောက်စရာကောင်းသွားလိမ့်မည်။
“လာလေ .. မင်းရဲ့ဓားပျံသုံးပြီး ငါ့ကို သတ်လိုက် .. ဟား ဟား .. မင်းပုံစံကို ကြည့်လိုက်ပါဦး .. မင်းက ခွေးသေတစ်ကောင်ကို တောင့်တင်းနေပြီ .. ငါ ဘာအောင်မြင်မှုမှ မခံစားလိုက်ရသလိုပဲ”
သူသည် ချူဖုန်းကို ထပ်ဖန်တလဲလဲ ရန်စကာ သူ ဓားပျံသုံးပြီး တိုက်ခိုက်လာအောင် ဖိအားပေးလိုက်သည်။
“ကောင်းပြီလေ .. ခင်ဗျားဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့..” ချူဖုန်းပြန်ဖြေလိုက်သည်။
တကယ်တမ်းတွင်တော့ သူသည် အစောကြီးတကည်းက ဤသစ်တောက်ငှက်ကို ဓားပျံသုံးပြီး သတ်ပစ်ချင်နေခြင်းပင်။
သို့သော် သူ တစ်ကြိမ်ကျရှုံးသွားသည်နှင့် ငှက်ကြီး ထွက်ပြေးသွားမည်စိုးသောကြောင့် သူ သတိကြီးကြီးထားနေခြင်းပင်။
ယခု ဤငှက် သတိမရှိတော့သဖြင့် သူ တိုက်ခိုက်၍ရလေပြီ။ သိထားရမည်မှာ ဤဓားပျံကို သတ္တုဖြင့် ပြုလုပ်ထားခြင်းမဟုတ်သောကြောင့် လျှပ်စီးကွင်းထဲ ထိခိုက်မည်မဟုတ်။
“နတ်ဆိုးဘုရင်ချူ .. ငါမင်းကို စိတ်ပျက်မိတယ် .. လာခဲ့လေ .. မင်းဓားပျံကိုလွှတ်ပြီး ငါ့ကို သတ်လိုက် .. ငါ ရှောင်ဖို့တောင် ပျင်းလွန်းလို့ မင်းကို ထိပ်တိုက်ရင်ဆိုင်ပေးမယ် .. ဘယ်လိုလဲ..”
ဝှစ်..
ထိုအခိုက်အတန့်တွင် လေထဲထဲ အနီရောင်အလင်းတန်းတစ်ခု ပေါ်လာကာ လျှပ်စီးတစ်စင်းကဲ့သို့ သူ့ပစ်မှတ်ထံသို့ ဦးတည်သွားနေလေသည်။
“မဟုတ်ဘူး..”
ခရမ်းရောင်သစ်တောက်ငှက် အံ့အားသင့်သွားရသည်။ ဤဓားပျံကို လျှပ်စီးများ မထိမှန်ကြောင်း တွေ့လိုက်ရသည့်အချိန်တွင် သူ့သွေးများ အေးခဲသွားရသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..” သူ ချက်ချင်း ဘေးဘက်သို့ ရှောင်တိမ်းလိုက်၏။
သို့သော် ဤသည်မှာ နောက်ကျလွန်းသွားလေပြီ။ ဖူးဟူသည့်အသံနှင့်အတူ ထိုဓား သူ့အတောင်ပံတစ်ဖက်ကို ဖြတ်တောက်ပစ်လိုက်သည်။ သူသည် နာကျင်စွာအော်ဟစ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။ အတောင်ပံတစ်ဖက်တည်းဖြင့် သူ လေထဲ၌ ပျံသန်း၍မရ။
အပိုင်း ၁၄၉ ပြီး၏။