Switch Mode

Chapter – 148

ခွန်းလွန် နယ်မြေ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၄၈ – ခွန်းလွန်နယ်မြေ

ဤကဲ့သို့ တစ်လောကလုံးကို တုန်လှုပ်သွားစေသည့်သတင်းများ ထွက်ပေါ်လာခြင်းမှာ ချူဖုန်း ဝက်ဝံနက်မျိုးနွယ်စုသို့ သွားလည်ရုံလေးမှ ဖြစ်ပေါ်လာခြင်းပင်။

သို့သော် အဓိကတရားခံကတော့ ဝက်ဝံနက်ကြီးနှင့်အတူ ဆေးဘုရင်တောင်သို့ ဝင်သွားပြီဖြစ်သည်။

ဤတောင်သည် တိဗက်ဒေသတွင် အလွန်နာမည်ကြီးသည့်တောင်ဖြစ်ပြီး ပိုတာလာနန်းတော်ကြီးနားတွင် တည်ရှိသည်။ ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီးသည့်နောက်တွင် ဤတောင်ကြီး၏အရွယ်အစားမှာ ပို၍ကြီးမားလာပြီး ရှုခင်းများလည်း ပို၍ခမ်းနားလာသည်။
[AN: ပိုတာလာနန်းတော်= ဒလိုင်းလားမား နေခဲ့တဲ့နန်းတော်]

တိဗက်တောင်တန်းများမှာ အစကတည်းက ကျယ်ပြန့်ကာ ခမ်းနားပြီးသားပင်။ ယခုအချိန်တွင် ဆေးဘုရင်တောင်ကို မြူဆိုင်းနေသည့်တိမ်တိုက်များ ဝန်းရံနေသောကြောင့် နတ်ဘုံနတ်နန်းနှင့်ပင် တူနေသည်။

ချူဖုန်း တောက်ပနေသည့် ထင်းရှူးတောနှင့် ဆိုက်ပရပ်တောကို ဖြတ်ကျော်သွားလိုက်သည်။

ဝက်ဝံနက်ကြီးသည် လူသားသွင်ပြင်ကို ပြောင်းထားပြီးဖြစ်သည်။ သူသည် အသက် ၄၀-၅၀ ဝန်းကျင်အရွယ်ရှိပြီး ကြံ့ခိုင်သန်စွမ်းသည့်သူပင်။ သူသည် ရှုန်းခွန်ထက်ပင် ပို၍ ကြံ့ခိုင်သေးသည်။ သို့သော် ဤနတ်ဆိုးတည်ရှိနေသောကြောင့် သူ ချွေးစေးများ သုတ်နေရသည်။

အစောပိုင်း အခြေအနေကို နားမလည်ခင်က သူ ချူဖုန်းနှင့် သေသည်အထိတိုက်ခိုက်ရန် စဉ်းစားခဲ့သေးသည်။ ချူဖုန်းသည် သူ့လူမျိုးစုကို သုတ်သင်ရှင်းလင်းပစ်ရန် ရောက်လာခြင်းဖြစ်သည်ဟု သူ တကယ်ထင်နေခဲ့ခြင်းပင်။

သို့သော် သူ သတ်ဖြတ်လိုသည့်အငွေ့အသက်ထုတ်ရုံသာရှိသေးသည်၊ အနီရောင်ဓားပျံတစ်လက် လေထဲပျံသန်းလာကာ သူ့လည်ပင်နား၌ ရပ်တန့်သွားသည်။

ထိုအခိုက်အတန့်တွင် သူ နတ်ဆိုးဘုရင်ပြိုင်ဘက်မဟုတ်ကြောင်း နားလည်သွားခဲ့သည်ပင်။

ချူဖုန်း၏ စိတ်စွမ်းအားမှာ အချုပ်အနှောင်နှစ်ခုဖြတ်တောက်ထားသည့်သူ့ထက်ပင် ပိုစွမ်းအားကြီးသေးသည်။

သူ ခေါင်းငုံ့လိုက်သောကြောင့်သာ တော်သေးသည်။ နတ်ဆိုးဘုရင်ချူသည် ဆက်မတိုက်တော့ပဲ သူ့ကို ခွန်းလွန်တောင်သို့သာ လမ်းပြခိုင်းခဲ့သည်။

ဝက်ဝံနက်ကြီး ကျိန်ဆဲပစ်ချင်လာသည်။ ဒါက လမ်းပြဖို့ပဲမဟုတ်ဘူးလား … ဘာလို့ ချူဖုန်းက သူ့ကိုရှင်းပစ်ဖို့ လာနေပြီလို့ အားလုံးကို အသိပေးနေတာလဲ..

တစ်ချိန်တည်းမှာပင် သူ့လက်ထဲသို့ ထိုဝက်ဝံစုတ်လေး ရောက်လာသည်နှင့် ကောင်းကောင်းရိုက်နှက်ပစ်မည်ဟု ကျိန်လိုက်သည်။ သူ့သတင်းမှားကြောင့် အထင်လွဲမှုများ ဖြစ်သွားပြီး သူ သေမလိုဖြစ်သွားခဲ့သည်ပင်။

သူသာ ထိုဝက်ဝံစုတ်လေး၏သတင်းကိုယုံပြီး အဆုံးထိတိုက်ခိုက်လိုက်လျှင် ယခု သူ သေနေလောက်လေပြီ။

“ဒီဝက်ဝံစုတ်က သူ့အဘိုးကိုတောင် အန္တရာယ်ပေးရဲတယ် .. ငါ မင်းနဲ့ ဘယ်လိုရှင်းမလဲဆိုတာ စောင့်ကြည့်နေလိုက်” ဝက်ဝံနက်ကြီး ဒေါသတကြီး တွေးလိုက်သည်။

အပြင်‌လောကကြီးမှာ ဤသတင်းကြောင့် ရူးသွပ်မလိုဖြစ်နေပြီကို သူသိသည်။

ဤကိစ္စကို အဆင်ပြေပြေဖြစ်သွားစေမည့်နည်းလမ်းတစ်ခုကိုတော့ သူ စဉ်းစားရတော့မည်။ သူ ချူဖုန်းကို မျက်နှာပျက်အောင်လုပ်၍မရသလို သူ့ကိုယ်သူအတွက်လည်း နည်းနည်းအဖတ်ဆယ်ရမည်။ ဤသည်မှာ တကယ်ကို ခေါင်းကိုက်စရာကောင်းသည့် ပြဿနာပင်။

ထိုနေ့တွင် ဝက်ဝံနက်ကြီးသည် သူ နတ်ဘုရားချူထံမှ ခွင့်လွှတ်မှုကို ရခဲ့ပြီဖြစ်ကြောင်း၊ နတ်ဘုရားချူသည် သဘောထားကြီးစွာဖြင့်ပင် အတိတ်မှ နားလည်မှုလွဲခဲ့သည့်ကိစ္စများကို မေ့ပေးလိုက်ပြီဖြစ်ကြောင်း၊ ယခု သူတို့ ညီအစ်ကိုဆက်ဆံရေးဖြစ်သွားပြီဖြစ်ကြောင်း ကြေငြာခဲ့သည်။

သူ ချူဖုန်းကို နတ်ဆိုးဘုရင်ဟု မခေါ်ရဲ။ ထိုအစား နတ်ဘုရားဟုသာ ခေါ်ခဲ့သည်ပင်။

ဤသတင်း လျင်မြန်စွာပျံ့နှံ့သွားကာ အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

“ဒီဝက်ဝံနက်က အရမ်းအားနည်းလွန်းတယ် .. သူ့ကို ဒီလူသားကျွမ်းကျင်သူလေး အနိုင်ယူသွားပြီ..” သားရဲမျိုးနွယ်စုများ စိတ်ပျက်လက်ပျက် ပြောလာကြသည်။

“နတ်ဘုရားချူက တကယ်ကို ရဲစွမ်းသတ္တိရှိတာပဲ .. သူက တိုက်ပွဲတစ်ပွဲတောင် မတိုက်ရပဲနဲ့ ရန်သူကို အနိုင်ယူလိုက်နိုင်ပြီ .. သူက အာဏာရှင်ဘဝကနေ ဘုရင်တစ်ပါးဖြစ်အောင် လုပ်နေပြီလို့ ပြောလို့ရတယ်..”

“နတ်ဘုရားချူက အရမ်းစွမ်းအားကြီးတာပဲ .. သူက သားရဲဘုရင်တစ်ကောင်ကို သတ်ပြီးတော့ တစ်ခြားတစ်ကောင်ကို အညံ့ခံအောင် လုပ်လိုက်နိုင်တယ် .. ဒီလိုပုံစံမျိုးနဲ့ဆိုရင် အာဏာရှင်နဲ့ဘုရင်ပုံစံပေါင်းပြီး ကျင့်သုံးတာက အကောင်းဆုံးပဲ”

ဤအဖြစ်အပျက်မှာ နယ်မြေပေါင်းများစွာမှ လူများအား ရိုက်ခတ်သွားခဲ့သည်။

အင်အားကြီးအဖွဲ့အစည်းများမှာ ချူဖုန်း၏ စွမ်းအားကို ပြန်လည်ဆန်းစစ်လာကြသည်။

ချူဖုန်းကတော့ ဤအဖြစ်အပျက်များကို စိတ်မဝင်စား။ သူ့အတွေးထဲတွင် ခွန်းလွန်တောင်ကိုသွားပြီ ထိုမြေအောက်နန်းတော်ထဲ ဝင်ရန်သာရှိသည်။

“ဘုရင်ချူ .. ဒီလမ်းပါ..”

ဆေးဘုရင်တောင်တွင် စားသောက်ပြီးနောက် ချူဖုန်း ဝက်ဝံနက်နှင့်အတူ ငွေရောင်ငှက်ပေါ်သို့ တက်လာခဲ့လိုက်သည်။

ဤငှက်သည် မီတာပေါင်းများစွာ ရှည်လျားကာ သူလှုပ်ရှားလိုက်တိုင်း အမွေးများမှာ သတ္တုများဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပနေသည်။

ငှက်နောက်ကျောတွင် လူအချို့နေထိုင်ရန် လုံလောက်သည့် စံအိမ်လေးတစ်ခုရှိနေသည်။ အတွင်းပိုင်းပြင်ဆင်မှုမှာလည်း အလွန်ဆွဲဆောင်မှုရှိပြီး သက်တောင့်သက်သာ ရှိလှသည်။

ငှက်ကြီးသည် အတောင်ပံများကို ဖြန့်ကျက်ပြီး ချူဖုန်းနှင့် ဝက်ဝံနက်ကို သယ်ဆောင်ကာ ခွန်းလွန်တောင်သို့ ပျံသန်းသွားလိုက်သည်။ ဤသည်မှာ ခြေလျင်လျှောက်သည်ထက် များစွာပိုမြန်သည်ပင်။

သူ မည်မျှမြန်မြန်ပြေးနိုင်ပါစေ သူ မကျော်ဖြတ်နိုင်သည့် အတားအဆီးများနှင့်တွေ့သည့်အချိန်တိုင်း ကွေ့ပတ်သွားနေရဦးမည်ပင်။ ကောင်းကင်ထက်မှ ပျံသန်းသွားသည့်အချိန်တွင်တော့ ဤပြဿနာများ မရှိတော့။

ညအချိန်တွင် သူတို့ ခွန်းလွန်သို့ ရောက်ရှိလာသည်။

တောင်တန်းများမှာ အလွန်ကျယ်ပြောလှပြီး ရှေးခေတ်မှ နဂါးတစ်ကောင်အိမ်နေသကဲ့သို့ ဆက်စပ်နေကြသည်။

“ဘုရင်ချူ .. ဒီနေရာက ခွန်းလွန်နယ်မြေပါပဲ .. ဒီတောင်နောက်မှာ နတ်ဘုံနတ်နန်းနဲ့တူတဲ့ သီးခြားလောကတစ်ခုရှိတယ် .. ဒီထဲကို ကျွန်တော့်လိုမျိုး သာမန်သားရဲဘုရင်က ဝင်ခွင့်မရှိပါဘူး .. ဘုရင်ချူကို ဒီထိပဲပို့နိုင်တော့မယ်” သူ ပြောပြီး ခြောက်ကပ်စွာ ရယ်မောလိုက်သည်။ ဝက်ဝံနက် ဤစည်းကို မဖြတ်ကျော်ရဲ။

ချူဖုန်း ခေါင်းညိမ့်လိုက်ပြီး ငွေရောင်ငှက်ကြီးပေါ်မှ ဆင်းလာလိုက်သည်။

ဤမျှအဝေးကြီးကို ပျံသန်းလာရသောကြောင့် ငှက်ကြီးမှာ အလွန်ပင်ပန်းနေပြီဖြစ်သည်။ သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး အသက်လုရှူနေရသည်။ ကီလိုမီတာ ၄၀၀၀ ကျော်ကို တစ်ခါတည်း ပျံသန်းလာရခြင်းဖြစ်သောကြောင့် အခြားငှက်များသာဆိုလျှင် ပင်ပန်း၍ သေသွားလောက်လေပြီ။

ဝက်ဝံနက်ကြီး မျက်မှောင်ကြုတ်လိုက်သည်။ သူ ဤည ဤနေရာ၌ မနားပဲ ပြန်၍မရတော့ကြောင်း သူသိလိုက်သည်။

ချူဖုန်းလည်း ညကြီးတောင်ပေါ်သို့ မတက်ချင်သေး။ နောက်ဆုံး သူ ငှက်ကျောပေါ်မှ စံအိမ်ထဲသို့ ပြန်ဝင်သွားလိုက်ပြီး ဝက်ဝံနက်ကြီးကို အဖော်လုပ်ပေးကာ တစ်ညလုံး တရားထိုင်လိုက်သည်။

နံနက်ခင်းတွင် အရှေ့ဘက်မှ နံနက်ခင်းနေရောင်ခြည်ဖြန့်ကျက်လာကာ ခွန်းလွန်တောင်တစ်ခုလုံးကို ရွှေရောင်အလင်းဖြင့် လွှမ်းခြုံသွားသည်။

ထို့အပြင် ခွန်းလွန်တောင်ပတ်လည်၌ ခရမ်းရောင်တိမ်တိုက်များ ရစ်ဝဲလာပြီး တောင်တန်းကို ပို၍ထူးခြားအောင် လုပ်ပေးနေသည်။

ခရမ်းရောင်မြူများကို စုတ်ယူပြီးသည်နှင့် တောင်များမှာ ပို၍ကြည်လင်တောက်ပလာသည်။

ဝက်ဝံနက်ကြီးမှာ ခွန်းလွန်နယ်မြေအပြင်ဘက်တွင်ရပ်ပြီး သွားရေကျလာကာ အလွန်မနာလိုဖြစ်လာသည်။ သို့သော် သူ ဤမြင့်မြတ်နယ်မြေနားသို့ မချဉ်းကပ်ရဲ။

ချူဖုန်း သူ့အားကြည့်လိုက်ကာ “စိုက်ကြည့်နေတော့ရော ဘာထူးမှာလဲ .. ခင်ဗျား ဝင်သွားပြီးတော့ တောင်တစ်လုံးလောက်ကို သိမ်းပိုက်သင့်တယ် .. ခင်ဗျားရဲ့ အရည်အချင်းတွေနဲ့ဆို ခင်ဗျား စမ်းကြည့်လို့ရတယ်”

ဝက်ဝံကြီးသည် ခေါင်းခါလိုက်ကာ ပြောလိုက်သည်။ “ထားလိုက်ပါ .. ရှုံးတာနဲ့ သေသွားမှာ .. ဖြေးဖြေးမှန်မှန်လုပ်သွားတာ ပိုကောင်းပါတယ် .. ဘုရင်ချူ ခင်ဗျား ဝင်သွားတာနဲ့ သတိထားသင့်တယ် .. ဒီထဲမှာ ခင်ဗျား မိတ်ဆွေတွေ ရှိနေရင်တောင်မှ သတိမလျော့နဲ့.. ခွန်းလွန်တောင်ထဲက အခြေအနေတွေကိ တော်တော်လေး ရှုပ်ထွေးတယ်”

ဝက်ဝံနက်သည် စကားပြောပြီးသည်နှင့် ငှက်ကြီးကိုစီးကာ ဤနေရာ၌ ထွက်သွားလေသည်။

ချူဖုန်း ခွန်းလွန်တောင်နယ်နမိတ်ထဲသို့ ဝင်လာလိုက်သည်။

တောင်နယ်နမိတ်ထဲသို့ ရောက်သည်နှင့် လေထဲ၌ ထူးခြားသည့်အသက်ဓာတ်များ ရှိနေသည်ကို သူခံစားလိုက်ရသည်။ တောင်ထိပ်များနှင့် ကျောက်တုံးများပင် နံနက်ခင်းမြူနှင်းကြား၌ တောက်ပနေသည်။

ဤသည်မှာ သူသိထားသည့် ခွန်းလွန်တောင်နှင့် ကွာခြားလှသည်။

“နေလုံးဆီကနေ ခရမ်းရောင်တိမ်တွေအများကြီး ထွက်လာတော့ ဒီနေရာတစ်ခုလုံးက ငြိမ်းချမ်းတိတ်ဆိတ်နေတယ် .. ဒါက ဘယ်လိုစွမ်းအင်မျိုးလဲ .. ဒါက ‘အရှေ့ဘက်မှထွက်ပေါ်လာသော ခရမ်းရောင်တိမ်တိုက်များ’ လို့ ခေါ်တဲ့ဟာလား..”

ဤလေများကို ရှူရှိုက်လိုက်သည်နှင့် ချူဖုန်း အလွန်သက်တောင့်သက်သာ ဖြစ်သွားသည်။ ခရမ်းရောင်မြူများထဲတွင် များပြားလှသည့်ဝိညာဉ်စွမ်းအင်များ ရှိနေသည်။ မြူအနည်းငယ် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် အကျိုးရလဒ်မှာ အံ့မခန်းပင်။

သူ အချိန်ဆွဲမနေတော့ပဲ ထိုနေရာ၌ ရပ်လိုက်ကာ သူ၏ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်။ သူသည် ခရမ်းရောင်မြူများကို တစ်တန်းပြီးတစ်တန်း ရှူရှိုက်လိုက်လေသည်။

ဤအခိုက်အတန့်တွင် သူ့တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်း တောက်ပနေပြီး ခရမ်းရောင်မြူများသည် သူ့ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ကာ သူ့အသွေးအသားများဆီသို့ ပျံ့နှံ့သွားသည်။

အချိန်အတော်ကြာပြီးမှသာ သူ အသက်အရှည်ကြီးရှူထုတ်လိုက်သည်။

“ခွန်းလွန်တောင်က တကယ်ကို နေရာကောင်းပဲ..” ချူဖုန်း ခေါင်းညိမ့်လိုက်သည်။

ဤ ခရမ်းရောင်မြူများမှာ အစပိုင်း၌သာရှိကြောင်း သူ တွေ့လိုက်ရသည်။ နေမြင့်လာသည်နှင့် ခရမ်းရောင်တိမ်တိုက်များ ပျက်ပြယ်သွားကာ နံနက်ခင်မြူများလည်း သမာန်မြူများ ဖြစ်သွားသည်။

ခွန်းလွန်တောင်သည် ရှေးခေတ်တရုတ်ပြည်တွင် နံပါတ်တစ်တောင်ပင်။

ဤနေရာတွင် စီဝမ်မူ၏ဒဏ္ဍာရီများနှင့် အခြားသူတော်စင်သားရဲများ၏ ဒဏ္ဍာရီများစွာ ရှိနေသည်ပင်။

ခမ်းနားလှသည့်သမိုင်းများမှာ သာမန်သမိုင်းများ၊ ဟန်သမိုင်းများထိ သမိုင်းအားလုံးတွင် ခွန်းလွန်တောင်အကြောင်း ပါဝင်သည်။

“အားလုံးက သက်ရှိတွေ တိုးတက်လို့ဖြစ်လာတာ..” ချူဖုန်း ထိုဒဏ္ဍာရီများ၏ လွှမ်းမိုးခြင်းမခံရအောင် သူ့ကိုယ်သူ သတိပေးလိုက်သည်။

“ဘယ်သူလဲ..” ခွန်းလွန်တောင်အတွင်းပိုင်းသို့ ဆက်ဝင်သွားသည့်အချိန်တွင် တောင်မြင့်များပေါ်၌ သားရဲအချို့ပေါ်လာပြီး နယ်မြေတစ်ခုလုံးကို စီးမိုးကြည့်လာသည်။

ဤသည်မှာ ခွန်းလွန်တောင်၏ ဝင်ပေါက်များထဲမှ တစ်ပေါက်ဖြစ်သောကြောင့် သေချာပေါက် စောင့်ကြပ်နေသည့် အစောင့်များ ရှိနေမည်ပင်။

ဤသည်မှာ မိုးပြာရောင်ဝံပုလွေတစ်ကောင်ပင်။ သူသည် သားရဲဘုရင်မဖြစ်သေးသော်လည်း လူသားစကားကို ပြောနိုင်သောကြောင့် ထူးဆန်းသည့်အသီးစားထားခြင်းဖြစ်လိမ့်မည်။

“ချူဖုန်းပါ .. ခွန်းလွန်တောင်က သူငယ်ချင်းဟောင်းတွေကို လာတွေ့တာပါ” ချူဖုန်း ပြောလိုက်သည်။

“ခင်ဗျားက အဲဒီနတ်ဆိုးဘုရင်ချူလား..” မိုးပြာရောင်ဝံပုလွေ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဤခွန်းလွန်တောင်မှပင်လျှင် သူ ချူဖုန်း၏သတင်းများ ကြားနေသည်ပင်။

“ဘုရားကျောင်းတစ်ခုတွေ့တဲ့အထိ ရှေ့တည့်တည့်သွားပါ .. အဲဒီနေရာမှာ တစ်ယောက်ယောက်က ခင်ဗျားကို ထပ်ညွှန်လိမ့်မယ်..” သူ ချူဖုန်းကို ကြည့်၍ ပြောလိုက်သည်။

ချူဖုန်း ခေါင်းညိမ့်ပြကာ ရှေ့ဆက်လျှောက်လာလိုက်သည်။

အနန္တနတ်ဘုရားကျောင်းအကြောင်းကို စာအုပ်များထဲတွင်ဖတ်ဖူးသောကြောင့် သူ အံ့အားသင့်သွားရသည်။

ရှေးခေတ်အချိန်များတွင် ဂန်ဆုမှတာအိုဆရာဟူနှင့် တာဆိုဆရာ ကျန်းလီချင်တို့သည် ဒဏ္ဍာရီလာ ‘အနန္တနတ်ဘုရားတိုင်းပြည်’ကို ရှာဖွေရန်အတွက် ခွန်းလွန်တောင်သို့ လာခဲ့ကြသေးသည်။ သို့သော် သူတို့ မအောင်မြင်ခဲ့။ ထိုအစား သူတို့ ဤနေရာ၌ တာအိုဘုန်းကြီးကျောင်းတစ်ခုကိုသာ တည်ဆောက်သွားခဲ့လိုက်ကြသည်။

နောက်ဆုံးတွင် ထိုဘုရားကျောင်းကို အနန္တနတ်ဘုရားကျောင်းဟု ခေါ်လိုက်ကြသည်။

အချိန်၏တိုက်စားမှုကြောင့် ဤဘုရားကျောင်း ပျက်စီးပြိုကျသွားခဲ့သော်လည်း လူများသည် ဘုရားကျောင်းအကြွင်းအကျန်ကို ပြန်လည်တူးဖော်နိုင်ခဲ့ပြီး သူ၏ခမ်းနားမှုကို ပြန်ထိန်းသိမ်းထားနိုင်ခဲ့သည်။

တာအိုဘုရားကျောင်းတွေ့သည်အထိ ချူဖုန်း ဆက်သွားလိုက်သည်။

ဘုရားကျောင်းထဲ၌ သက်ရှိအချို့ရှိနေသည်။ တောဆိတ်များ၊ နှင်းကျားသစ်၊ တိဗက်အမဲလိုက်ခွေး.. အားလုံးမှာ တရုတ်ပြည်အနောက်ပိုင်းမှ မျိုးနွယ်စုများပင်။

တာအိုဘုန်းကြီးကျောင်းတွင် သားရဲများ ပြည့်နေသောကြောင့် ချူဖုန်း ထူးဆန်းသလို ခံစားလိုက်ရသည်။

သူ့ကို တုန်လှုပ်သွားစေသည်မှာ ဤသားရဲများထဲတွင် နှစ်ဦးမှာ ဘုရင်အဆင့်သားရဲများပင်။ သူတို့သည် ဘုရားကျောင်းအတွင်းပိုင်း၌ ထိုင်နေပြီး အ‌ဝေးမှပင်လျှင် သူတို့၏ကြောက်စရာကောင်းကာ စွမ်းအားကြီးသည့် အော်ရာကို ခံစား၍ရသည်။

ခဏကြာပြီးနောက် ထိုထဲမှဘုရင်တစ်ဦးသည် လူသားပုံစံပြောင်းကာ သူ့ကို နွေးထွေးသည့်အပြုံးဖြင့် ကြိုဆိုလာသည်။

ဤသည်မှာ ထူးဆန်းသည့်ငှက်တစ်ကောင်ပင်။ သူ့ခန္ဓာကိုယ်မှာ နှစ်မီတာခန့်ရှည်ပြီး ခရမ်းရောင်မြူများ လွှမ်းခြုံနေသည်။ ဤငှက်သည် ခရမ်းရောင်ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ သူ့နှုတ်သီးပင်လျှင် ခရမ်းရောင်အလင်း တောက်ပနေသည်။

ဤငှက်သည် သစ်တောက်ငှက်နှင့်တူသော်လည်း သူ့ထံမှ ဘုရင်အဆင့်စွမ်းအင်များ ထုတ်လွှတ်နေသောကြောင့် သူသည် အန္တရာယ်ရှိသည့်သက်ရှိပင်။

မြေအောက်နန်းတော်မှာ အန္တရာယ်များလွန်းသောကြောင့် ဤဘုရင်နှစ်‌ယောက်မသွားပဲ ဤနေရာ၌ နေနေခြင်းပင်။

“မင်းက ချူဖုန်းမလား .. ခွန်းလွန်တောင်ကို ဝင်လာတဲ့ ဘုရင်မှန်သမျှ ဒီနေရာရဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ် .. အနန္တနတ်ဘုရားကျောင်းနောက်က လမ်းကိုဖြတ်ပြီးတော့ အဲဒီနေရာကို ရောက်အောင် သွားရမယ် .. မင်း အဲဒီနေရာကို ဖြတ်ပြီးတာနဲ့ မင်းကို နွားနတ်ဆိုးဆီခေါ်သွားဖို့ တစ်ယောက်ယောက် ရောက်လာလိမ့်မယ်” သစ်တောက်ငှက် တည်ငြိမ်စွာ ညွှန်ကြားလာသည်။

ချူဖုန်း ခေါင်းညိမ့်လိုက်ကာ တောင်ငယ်လေးတစ်လုံး၏လမ်းကြောင်းအတိုင်း သွားလိုက်သည်။

“ဒါက သင့်တော်ပါ့မလား..” လူသားပုံစံသားရဲဘုရင်တစ်ဦး ပြောလိုက်သည်။ “သူ့ကို နွားဘုရင်နန်းတော်ကို တန်းပို့ပေးဖို့ နွားနတ်ဆိုးပြောထားတာ မဟုတ်ဘူးလား..”

“စိတ်မပူပါနဲ့ .. ငါ့မှာအစီအစဉ်ရှိတယ် .. ဘာပဲဖြစ်ဖြစ် ဒီလူ စည်းမျဉ်းတွေကို လိုက်နာသင့်တယ်” ခရမ်းရောင်သစ်တောက်ငှက်မှ ပြောလိုက်သည်။

ခဏကြာပြီးနောက် လူသားပုံစံသားရဲဘုရင်သည် ဆက်လက်ကျင့်ကြံရန်အတွက် ထွက်သွားလေသည်။

ခရမ်းရောင်သစ်တောက်ငှက်သည် အတောင်ပံများကို ဖြန့်ကျက်လိုက်ပြီး တောင်အတွင်းနက်ပိုင်းသို့ ဝှစ်ခနဲ ဝင်သွားလိုက်သည်။ သူသည် တောင်ထိပ်တစ်ခုပေါ်၌ ဆင်းသက်လိုက်ပြီး ချူဖုန်း၏ပုံရိပ်ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ထိုတောင်ထိပ်ပေါ်သို့ အခြားငှက်နှစ်ကောင် ရောက်လာသည်။ တစ်ကောင်မှာ ဒေါင်းဖြစ်ပြီး အခြားတစ်ကောင်ကတော့ ရွှေဝါရောင်သိမ်းငှက်ပင်။ သူတို့နှစ်ဦးလုံးသည် ရောက်လာသည်နှင့် ခရမ်းရောင်သစ်တောက်ငှက်ကို လေးလေးစားစားနှုတ်ဆက်လိုက်သည်။ “ကျွန်တော်တို့ ငှက်ဘုရင်ကို အရိုအသေပေးပါတယ်”

“ရပြီ .. ငါတို့အားလုံးက ငှက်မျိုးနွယ်စုတွေပဲဆိုတော့ သိမ်းငှက်မျိုးနွယ်စုနဲ့ ဒေါင်းမျိုးနွယ်စု အကူအညီတောင်းတာကို ငါကူညီပေးရမှာပေါ့ .. ဒါပေမဲ့ မင်းတို့တွေ ငါ့ကိုမလှည့်စားဖို့ အကြံပေးလိုက်မယ် .. သူ့မှာ အင်ပါယာဓားပညာရှိတာ သေချာလို့လား..” ခရမ်းရောင်သစ်တောက်ငှက် မေးလိုက်သည်။ သူ၏မျက်လုံးအတွင်းပိုင်းတွင် ရွှေရောင်အလင်းတန်း တောက်ပနေပြီဖြစ်သည်။ သူ ဤပညာကို တကယ်လိုချင်နေသည်ပင်။

“သေချာပါတယ် .. ပန်တောင်မျိုးဆက်နဲ့ ကျွန်တော်တို့ ဒေါင်းမျိုးနွယ်စုက ရင်းနှီးတဲ့ဆက်ဆံရေး ရှိပါတယ် .. ကျွန်တော်တို့ သူတို့တိုက်ပွဲအကြောင်းကို အသေးစိတ်သိထားပါတယ်” ဒေါင်းမှ တိကျသေချာစွာ ပြောလိုက်သည်။

“ကျွန်တော်တို့ဘိုးဘေး သိမ်းငှက်ဘုရင်လည်း ဓားပျံတစ်လက်အောက် ကျဆုံးသွားတာပါ .. ရှုတောင်က ကြိုးကြာဖြူက သူ့ကို တစ်ချက်တည်းနဲ့ ရှင်းပစ်ခဲ့တာ .. အဲဒီတုန်းက ကျွန်တော်က အဝေးကနေ ရပ်ကြည့်နေခဲ့တာဆိုတော့ အဲဒီဓားရဲ့စွမ်းအားကို ခံစားမိပါတယ် .. အရှင်သာ ဒီအင်ပါယာဓားပညာကို ရသွားရင် အရှင်က ခွန်းလွန်တောင်မှာ သေချာပေါက် ပြိုင်ဘက်ကင်းမှာပဲ” ရွှေရောင်သိမ်းငှက် ချီးကျူးလိုက်သည်။

ဤသိမ်းငှက်မှာ တကယ်တော့ သိမ်းငှက်ဘုရင်၏မြေးပင်။ သူတို့မျိုးနွယ်စုသည် ဒေါင်းမျိုးနွယ်စုနှင့် ဆက်ဆံရေးကောင်းရှိပြီး ဒေါင်းဘုရင်၏အမိန့်အောက် မီးခိုးပြာဝံပုလွေနှင့် သိမ်းငှက်ဘုရင် တိုက်ခိုက်ခဲ့ကြခြင်းပင်။

“ကောင်းတယ် … လုပ်ရတာ တန်သွားပြီ” ခရမ်းရောင်သစ်တောက်ငှက် ခေါင်းညိမ့်၍ ပြောလိုက်သည်။

“ငှက်ဘုရင် သတိထားပါ .. သူက အင်ပါယာဓားပညာကို အောင်အောင်မြင်မြင် ကျင့်ကြံပြီးသွားပြီ .. သူ့စွမ်းအားတွေက သေချာပေါက် အဆင့်တစ်ခုထိကို တက်လာမှာ .. သူ့ကို ကိုင်တွယ်ဖို့က လွယ်မှာမဟုတ်ဘူး”

ခရမ်းရောင်သစ်တောက်ငှက်သည် အေးစက်စွာ ရယ်မောလိုက်ကာ “စိတ်မပူနဲ့.. ငါ့မှာ အစီအစဉ်ရှိပြီသား .. ခွန်းလွန်တောင်ထဲမှာ အင်ပါယာဓားပညာသုံးလို့မရတဲ့ နေရာတစ်နေရာ ရှိတယ် .. သူ အဲဒီကိုသွားတာနဲ့ ပြန်လမ်းရှိမှာမဟုတ်ဘူး”

ထိုအခိုက်အတန့် သန္ဓေပြောင်းငှက်တစ်ကောင် ပျံသန်းလာကာ လေထဲရပ်လျက် သတင်းပို့လာသည်။ “ငှက်ဘုရင်ကို တင်ပြပါတယ် .. အဲဒီလူသား အန္တရာယ်နယ်မြေထဲကို ဝင်သွားပါပြီ”

ခရမ်းရောင်သစ်တောက်ငှက်မှ စိတ်ကျေနပ်သည့်အမူအရာ ဖြစ်ပေါ်လာကာ “ကောင်းတယ် .. အခုတော့ သူ သေချာပေါက် သေတော့မှာ .. သွားကြည့်ရအောင် .. ငါ အင်ပါယာဓားပညာရတာနဲ့ ခွန်းလွန်တောင်မှာမနေတော့ဘူး .. ဒေါင်းဘုရင်တို့နဲ့အတူတူ ဘုရားနယ်မြေတွေကို တိုက်ခိုက်ပေးမယ်”

“ဟား ဟား .. အရမ်းကောင်းတယ် .. သူ့သေဆုံးမှုက တစ်ခြားသူတွေကို သတိပေးပြီးသား ဖြစ်သွားမှာပဲ” ဒေါင်းဘုရင် အလွန်ကျေနပ်စွာ ပြောလိုက်သည်။

သူသည် အပြင်လောကမှ သူ့လူများကို ချက်ချင်း ဆက်သွယ်လိုက်ပြီး အချိန်တိုအတွင်း ချူဖုန်း ကျရှုံးတော့မည်ဖြစ်ကြောင်း၊ ယခု ချူဖုန်းခေါင်းကို သိမ်းယူရန် သွားနေပြီဖြစ်ကြောင်း သတင်းပေးလိုက်သည်။

ထို့နောက်တွင်တော့ ပေါက်ကွဲလွယ်သည့် သတင်းတစ်ပုဒ် သားရဲမျိုးနွယ်စုများကြား၌ လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။ ထိုသတင်းတွင် ချူဖုန်းသည် အများဆုံး တစ်နာရီကျော်အတွင်း သေဆုံးတော့မည်ဖြစ်ကြောင်း၊ ချူဖုန်းခေါင်းပြတ်ရှိနေသည့်နေရာအား ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း ကြေငြာထားလေသည်။

ဤသတင်းမှာ သေချာပေါက် ရိုက်ခတ်မှု ကြီးမားသည်ပင်။

“ဟား ဟား .. အဲဒီနတ်ဆိုးက နောက်ဆုံးတော့ သေတော့မှာလား .. သူ့အသက်ရှည်ရှည်နေရမှာ မဟုတ်မှန်း ငါသိတယ် .. သူ့ကိုယ်သူ တကယ် ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား .. အခုကြည့်ရတာ တစ်ယောက်ယောက် သူ့ကို ရှင်းပစ်တော့မယ်ထင်တယ်..”

“ဟက် .. သူ ဒီလိုမျိုးအဆုံးသတ်လိမ့်မယ်ဆိုတာ ငါ အစောကြီးကတည်းက ခန့်မှန်းမိပြီးသား .. သားရဲဘုရင်တစ်ကောင်ကောင်က အနှေးနဲ့အမြန် သူ့ကို အဆုံးသတ်ပစ်မှာပဲ .. ငါ့ခန့်မှန်းချက်တွေ တကယ်မှန်နေပြီ..”

သားရဲမျိုးနွယ်စုအများစုသည် ဤအဖြစ်အပျက်ကို ဆွေးနွေးကာ စိတ်လက်ပေါ့ပါးစွာ ရယ်မောလာကြသည်။

ဤသတင်းသည် လူသားမျိုးနွယ်စုများကြားတွင်လည်း လှုပ်ခတ်သွားခဲ့သည်။ အမှန်ဟုတ်မဟုတ် မသေချာသေးသော်လည်း ချူဖုန်းနှင့်ပတ်သက်သည့်သတင်းမှန်သမျှ အားလုံး အလေးအနက်ထားကြသည်။

“ချီးပဲ .. ချူဖုန်း လုပ်ကြံခံရပြန်ပြီလား..”

“အခြေအနေ သိပ်မကောင်းဘူး .. သားရဲမျိုးနွယ်စုတွေက အရမ်းကို သေချာနေတာဆိုတော့ ချူဖုန်း တကယ် အန္တရာယ်ရှိနေတာထင်တယ်..”

လူများ စိုးရိမ်လာကြသည်။

“မင်းတို့ဘာတွေ ကြောက်နေတာလဲ .. ချူဖုန်းက ခါးသီးတဲ့တိုက်ပွဲတွေအများကြီးကို ရင်ဆိုင်ခဲ့ရပြီးပြီ .. ပြီးတော့ အခေါက်တိုင်း သူပဲ ရန်သူတွေကို ရိုက်ချပြီးတော့ ထိပ်ရောက်လာနိုင်ခဲ့တာ .. ဒီတစ်ခေါက်လည်း အတူတူပဲဖြစ်လိမ့်မယ်လို့ ငါထင်တယ် .. သူ ခွန်းလွန်တောင်မှာ သူ့နာမည် စိုက်ထူနိုင်လောက်တယ်..”

“ဟုတ်တယ် .. ငါလည်းဒီလိုမျိုး ခံစားနေရတယ် .. ချူဖုန်းက နောက်တစ်ခေါက် နာမည်ကြီးလာဦးမှာ စောင့်ကြည့်နေလိုက် .. အဲဒီသားရဲမျိုးနွယ်စုတွေ နောက်တစ်ခေါက် ဆွံ့အသွားရလိမ့်မယ်..”

လူသားများဘက်တွင် အများစုကတော့ ချူဖုန်းအား ယုံကြည်နေကြကာ ချူဖုန်း အန္တရာယ်ရှိနေသည်ကို မယုံကြည်ကြ။ သူတို့သည် သတင်းကို အကောင်းမြင်စိတ်ဖြင့်သာ စောင့်ကြည့်နေခဲ့ကြသည်။

“ဟား ဟား .. ငါကတော့ ချူဖုန်း သတ်ဖြတ်နေမယ့်မြင်ကွင်းကို မြင်ချင်နေပြီ .. သူ ဘုရင်သွေးတွေ စိုရွှဲနေတဲ့မြင်ကွင်းက တော်တော်လေး ထိတ်လန့်ဖို့ကောင်းမှာပဲ..” အချို့လူများမှာ အလွန်အကောင်းမြင်ကြသည်ပင်။

သားရဲမျိုးနွယ်စုအားလုံး ဆွံ့အသွားရသည်။ ဒါက ဘယ်လိုအခြေအနေကြီးလဲ.. ချူဖုန်းက အားလုံး ဒီလိုမျိုးယုံကြည်နေရလောက်တဲ့အထိ ထူးခြားတာလား..

သို့သော် အချို့သားရဲမျိုးနွယ်စုများကတော့ အလွန်တည်ငြိမ်နေသည်။

“ချူဖုန်း အခုလောက်ဆို သေလောက်ပြီထင်တယ် .. သတင်းလွှင့်ထားတာ တစ်နာရီလောက် ရှိနေပြီ .. အဲဒီကျွမ်းကျင်သူက အစောကြီးကတည်းက စီစဉ်ထားမှာပဲ .. သူ ယုံကြည်ချက်မရှိပဲနဲ့ ဒီလိုသတင်းမျိုးလွှင့်မှာမဟုတ်ဘူး .. လူသားမျိုးနွယ်စုကတော့ ချူဖုန်းအလောင်းကို စောင့်ကောက်နေရုံပဲ တတ်နိုင်တော့မှာ”

“ဟုတ်တယ် .. ချူဖုန်းက သေနေလောက်ပြီ .. ဟား ဟား ..” အချို့သားရဲများ အော်ဟစ်ရယ်မောလိုက်ကြသည်။

သို့သော် အချို့လူများကတော့ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ သူတို့ သတင်းကောင်းကို စောင့်နေရသည်မှာ အတော်လေး ကြာညောင်းနေလေပြီ။

အပိုင်း ၁၄၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset