Switch Mode

Chapter – 147

အရှေ့နှင့် အနောက်ကို တုန်လှုပ်စေခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၄၇ – အရှေ့နှင့်အနောက်ကို တုန်လှုပ်စေခြင်း

“မင်းက ဘာလို့ ဒီလောက်မြန်မြန် ရောက်လာတာလဲ..” နွားဝါလေး အလောတကြီး ပြောလိုက်သည်။ ချူဖုန်း စောစောရောက်လာသည့်အတွက် အပြစ်တင်နေလေသည်။

“နွားဝါလေး .. ဒါ ဘာအဓိပ္ပာယ်လဲ .. မင်း ငါ့ကို မကြိုဆိုဘူးလား..” ချူဖုန်း မ‌ကျေမနပ်ပြောလိုက်သည်။

ဖုန်းတစ်ဖက်ခြမ်း၏ အနောက်ဘက်တွင် ဆူညံသံများစွာ ရှိနေသည်။ ဘုရင်အဆင့်သားရဲများ စုပေါင်းနေသကဲ့သို့ စွမ်းအားကြီးသည့် အော်ဟစ်သံများလည်း ထွက်ပေါ်နေသည်။

“ခွန်းလွန်တောင်မှာ မြေအောက်နန်းတော်တစ်ခု ပေါ်လာလို့ သားရဲဘုရင်တွေအားလုံး ဒီနန်းတော်တံခါးပွင့်လာမယ့်အချိန်ကို လာစောင့်နေကြတာ .. ဘလက်ကီကြီးလည်း ကံကောင်းမှုတစ်ချို့ ရလိုရငြား တိုက်ခိုက်ဖို့ စောင့်နေတာ .. အဲဒီတော့ ငါတို့ မင်းကို လာမကြိုနိုင်လောက်တော့ဘူး .. မင်း ကိုယ့်ဘာသာကိုယ် လာလိုက်တော့..” နွားဝါလေး အလောတကြီး ပြောကာ ဖုန်းချသွားလေသည်။

“အား နွားဝါလေး .. မင်းက ငါ့ကို ဒီမှာတစ်ယောက်တည်း ထားခဲ့မလို့လား..” ချူဖုန်း ကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်း ဖုန်းမအားတော့ပေ။

သူ တစ်ခဏခန့် ဆွံ့အသွားရ၏။ သူ ဘယ်ခေတ်ကို ရောက်နေတာလဲ.. ဤနွားနှစ်ကောင်သည် သူ့အား အနောက်ဘက်သို့ တတ်နိုင်သမျှမြန်မြန်လာဟုပြောပြီး ယခု သူ ရောက်လာသည့်အချိန်တွင် သူ့ကို တောကြီးမျက်မည်းထဲ ပစ်ထားခဲ့လေပြီ။

“ခွန်းလွန်တောင်မှာ မြေအောက်နန်းတော်ပေါ်လာတာက ကိစ္စကြီးပဲ..” ချူဖုန်း ဒေါသထွက်လာသည်။

သူ ချက်ချင်းပင် ပြေးသွားလိုက်ချင်သည်။ ပန်တောင်မှ မြေအောက်နန်းတော်တွင်ပင် အင်ပါယာဓားပညာရှိနေသောကြောင့် ခွန်းလွန်တောင်ရှိ မြေအောက်နန်းတော်တွင် မည်ကဲ့သို့သော ရတနာမျိုး ပေါ်လာမည်နည်း..

အချိန်အတော်ကြာပြီးနောက် ချူဖုန်း နွားနှစ်ကောင်ကို ပြန်လည်ဆက်သွယ်လိုက်သည်။ “မင်းတို့နှစ်ကောင် ငါ့ကိုစောင့်နေ .. ငါ အဲဒီကို ရောက်အောင်လာခဲ့မယ်..”

“မင်း စွမ်းအင်တွေ အကုန်ခံမနေနဲ့ .. ဒါက မြေအောက်နန်းတော်အသေးလေးတစ်ခုပဲ” နွားနက်ကြီး သူ့ကို ပြောလာသည်။ သူတို့ကြားတွင် ကီလိုမီတာ ၈၀၀၀ ပင် ဝေးနေသောကြောင့် သူ အချိန်မှီရောက်နိုင်မည်မဟုတ်ကြောင်း ပြောလာသည်။

“ဘာ .. ကီလိုမီတာ ၈၀၀၀ .. ခင်ဗျားတို့နှစ်ယောက် ကျုပ်ကို လာညာစားနေတာလား .. အရင်ကဘာလို့ မပြောလဲ..” ချူဖုန်း ဆွံ့အသွားရသည်။ ဤနွားနှစ်ကောင်သည် အကွာအဝေးအကြောင်း ယခင်က တစ်ခါမှ မပြောဖူး။

သူက အဲဒီကို ဘယ်လိုလုပ် လမ်းလျှောက်သွားနိုင်မှာလဲ..

သူ့လက်ထဲမှ ‌မြေပုံကို လေ့လာလိုက်သော်လည်း ဤမြေပုံမှာ အသုံးမဝင်တော့။ ပုံမှန်လမ်းအားလုံးပိတ်သွားပြီဖြစ်သောကြောင့် မြေပုံ၌ မှတ်တမ်းတင်ထားသည့်အရာများမှာ အသုံးမဝင်တော့။

ချူဖုန်းမှာ အချုပ်အနှောင်တစ်ခုကို ချိုးဖျက်ပြီး ဘုရင်အဆင့်သို့ပင် ရောက်နေပြီဖြစ်သောကြောင့် နွားနှစ်ကောင်သည် ချူဖုန်း၏လုံခြုံရေးကို စိတ်မပူတော့။

ချူဖုန်း လေယာဉ်ကွင်းထဲမှ ထွက်လာပြီး သူ့အရှေ့မှ မြင်ကွင်းကို မြင်လိုက်သည်နှင့် ဆွံ့အသွားရသည်။ သူသွားချင်တဲ့နေရာရောက်ဖို့ ဘယ်လောက်တောင် သွားရမှာလဲ..

သူ ဖုန်းထုတ်လိုက်ပြီး အဆက်အသွယ်များကို မွေနှောက်ရှာဖွေကြည့်လိုက်သည့်အချိန်တွင် သင့်တော်သည့်လူတစ်ယောက်ကို တွေ့သွားသည်။ သူ့မျက်လုံးများပင် အရောင်လက်သွားလေ၏။

ရွှမ်းထျန်မြို့ရှိ လိုဗီဟိုတယ်၏ အပေါ်ဆုံးထပ်တွင်..

ရှုန်းခွန်သည် ဟောက်သံထွက်ကာ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျနေသည်။ အခန်းမှာ အတော်လေး ခမ်းနားလှသည်ပင်။ လူ့ပတ်ဝန်းကျင်အကြောင်း လေ့လာပြီးသွားသည်နှင့် မည်ကဲ့သို့ ဇိမ်ရှိရှိနေရမည်ကို သူ တတ်မြောက်သွားပြီဖြစ်သည်။

“ဘယ်သူလဲဟ .. ဒီလောက်မနက်အစောကြီးကို ဆူညံနေတာ .. ဘယ်ကောင်..” ရှုန်းခွန် သူ့မျက်လုံးကို ပွတ်သပ်ပြီး ထလိုက်သည်။

သို့သော် ဖုန်းပေါ်မှ ‘နတ်ဆိုးဘုရင်ချူ’ ဟူသည့်နာမည်အား မြင်လိုက်ရသည့်အချိန်တွင်တော့ သူ့ပါးစပ်မှ အဆဲစကားလုံးကို ပြန်မြိုချလိုက်ရသည်။

ရှုန်းခွန် အိပ်ချင်စိတ် ပျောက်သွားပြီး‌ ချွေးစေးများစီးကျလာသည်။

“ဘုရင်ချူ .. မနက်အစောကြီး ဘာကိစ္စရှိလို့လဲဟင်” တစ်ဖက်လူ မမြင်နိုင်မှန်းသိသော်လည်း ရှုန်းခွန်ပြုံးပြနေဆဲပင်။

“မင်းအိမ်က ဘယ်မှာလဲ..” ချူဖုန်း မေးလိုက်သည်။

“ဘာ..” ရှုန်းခွန် သွေးများအေးခဲသွားလေ၏။ “နတ်ဘုရားချူက အခု ဘယ်မှာလဲ..”

“အနောက်ပိုင်းမှာ..” ချူဖုန်း အမှန်အတိုင်းသာ ပြောလိုက်သည်။

ဒုတ်..

ရှုန်းခွန်ကုတင်ပေါ်မှ ပြုတ်ကျသွားပြီး ကြမ်းပြင်ပေါ်၌ ထိုင်ချလိုက်သည်။

ဤနတ်ဆိုးဘုရင်ချူမှာ တကယ်ကို ရက်စက်လှသည်။ သူတို့တွေ့ခဲ့သည်မှာ နှစ်ရက်သာ ရှိသေးသော်လည်း သူ့မျိုးနွယ်စုအိမ်တံခါးကို လာခေါက်နေလေပြီ။

“နတ်ဘုရားချူ .. ကျွန်တော်တို့ အားလုံးကို ရှင်းပြီးသားလေ .. ကျွန်တော် အရင်က အမှားလုပ်ခဲ့ရင်တောင် ကျွန်တော့်ကို အမှားပြင်ဆင်ခွင့် ပေးသင့်တယ်လေ .. စိတ်လျော့ပါဦး..”

ရှုန်းခွန်မှာ တောင်းပန်ရင်း ငိုတော့မတတ် ဖြစ်နေလေပြီ။ ချူဖုန်းနောက်တွင် ချူဖုန်းမကောင်းကြောင်းပြောမိသည့်အတွက် သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။

“မင်း ဘာတွေ လျှောက်ပြောနေတာလဲ .. ငါ အိမ်ထဲခဏဝင်ထိုင်ချင်ရုံပဲ .. ဘာမှမလုပ်ဘူး” ချူဖုန်း စိတ်မရှည်လက်မရှည် ပြောလိုက်သည်။

ဘာမှမလုပ်ဘူးဟုတ်လား .. သူက အိမ်ရှေ့ပေါက်ဝထိ ရောက်လာပြီး ဘာမှမလုပ်ဘူးလို့ ပြောနေတာလား..

“နတ်ဘုရားချူ .. ခဏလောက် စကားပြောရအောင်လေ .. စိတ်လျော့ပါ .. ကျွန်တော့်ကို ဖြေရှင်းဖို့အချိန်လေး ပေးပါဦး .. နတ်ဘုရားချူ စိတ်ကျေနပ်စေရမယ်လို့ ကျွန်တော်အာမခံတယ်” ရှုန်းခွန် တောင်းဆိုလိုက်သည်။

ဤဝက်ဝံမှာ ချူဖုန်း၏ရည်ရွယ်ချက်အား လုံးဝကို အထင်လွဲနေသည်ပင်။ သူ့မျက်နှာထက်၌ သွေးရောင်ပင်မရှိတော့ပဲ ထပ်ခါတလဲလဲ တောင်းပန်နေ၏။ သူ့ကျွန်လုပ်ပေးပါ့မည်ဟု ပြောမိမတတ်ပင်။

“မင်း ဒီလိုမျိုး အဓိပ္ပာယ်မရှိတာ လျှောက်ပြောနေရင် ငါ တကယ် ဝက်ဝံလက်တွေကို စွပ်ပြုတ်လုပ်သောက်လိုက်မှာနော် .. မင်း အသုံးမဝင်တာတွေ လျှောက်ပြောမနေပဲနဲ့ မင်းအဘိုးကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာပဲ ပြောလိုက်” ချူဖုန်း ခြိမ်းခြောက်လိုက်သည်။

ရှုန်းခွန်သည် ချက်ချင်းပင် သူ့အဖိုးကို ဆက်သွယ်ကာ ငိုကြွေးလေတော့သည်။ “အဘိုး .. ကပ်ဆိုးကြီး ရောက်လာပြီ .. နတ်ဆိုးဘုရင်ချူက အဘိုးကို ရှင်းပစ်ဖို့ လာနေပြီ .. အဘိုးမြန်မြန်ပြေးတော့ .. ဒီအသုံးမကျတဲ့မြေးက အဘိုးကို ထိခိုက်စေခဲ့မိပြီ .. အဘိုးမြန်မြန်ပြေးတော့..”

ဤသတင်းကြားလိုက်သည်နှင့် ဝက်ဝံနက်ကြီး အေးခဲသွားရသည်။ ဘာဖြစ်နေတာလဲ … သူက နွားနှစ်ကောင် ကျေနပ်အောင် လုပ်ပေးပြီးသွားပြီ မဟုတ်ဘူးလား .. သူ ဘယ်တုန်းက ထပ်ပြီး ဆန့်ကျင်မိသွားတာလဲ..

“ခွေးကောင် .. မင်းငါ့ကို ဒေါသထွက်ပြီးသေအောင် လုပ်နေတာလား .. မင်း ပြဿနာထပ်ရှာခဲ့တာလား .. ငါ မင်းကို တကယ်သေအောင် ရိုက်ချင်နေပြီ .. မင်းကို အပြင်ထွက်ခွင့်ပေးလိုက်တာနဲ့ မင်းကို အိမ်ကို ပြဿနာတွေ သယ်လာပြီ .. ငါ မင်းကို တွေ့တဲ့အထိ စောင့်နေလိုက်..” ဝက်ဝံအိုကြီးမှာ အလွန်ဒေါသထွက်နေလေပြီ။

ထို့နောက် သူ့ကို ဆက်လာသည့် မသိသည့်ဖုန်းနံပါတ်ကို ချက်ချင်းပင် ကောက်ကိုင်လိုက်သည်။ ဤသည်မှာ နတ်ဆိုးဘုရင်ချူဖြစ်မည်ဖြစ်ကြောင်း ခန့်မှန်းစရာပင်မလို။

“ဘုရင်ချူ ဘာပြောလိုက်တာ .. ကျွန်တော်တို့အိမ်ကို ခဏလောက် လာလည်ချင်တယ်ဟုတ်လား .. ဒါက အကြံကောင်းလို့မထင်ဘူး .. ကျွန်တော်တို့အိမ်က အရမ်းကို ဆင်းရဲနိမ့်ကျလွန်းပါတယ် .. နောက်နေ့ကျမှ ကျွန်တော်ကိုယ်တိုင် ခမ်းနားလှတဲ့ ရွှမ်းထျန်မှာ လာတွေ့ပါ့မယ် .. အစ်ကိုချူ နောက်ဆုံးတစ်ခေါက်က ကျွန်တော့်အမှားပါ .. ကျွန်တော် လေးလေးနက်နက် တောင်းပန်ပါတယ်”

“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့ .. ကျုပ်ကို မြန်မြန်လာခေါ်ပေး .. ကျုပ်က ဒီတိုင်းဖြတ်သွားတာ .. ကျုပ်ကို ခွန်းလွန်တောင်ကို လမ်းပြပေးမယ့်လူတစ်‌ယောက်လိုနေလို့ .. ခင်ဗျား ဒီလိုမျိုးဆက်ပြောနေရမယ်ဆိုရင် ကျုပ်တကယ် ခင်ဗျားအိမ်ရှေ့ကို လာလိုက်မှာ..”

အပြင်လောကလည်း မတည်ငြိမ်နိုင်တော့။

ရှုန်းခွန်သည် ကြောက်လန့်တကြားဖြင့် အခြားသူများအား အကူအညီတောင်းနေလေသည်။ သူသည် အဆက်အသွယ်ရှိသမျှ သားရဲဘုရင်များကိုခေါ်ကာ သူ့အဘိုးကို ကူညီပေးရန် တောင်းဆိုနေလေသည်။

ဤသည်မှာ ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားကာ နတ်ဆိုးဘုရင်ချူ မည်မျှရက်စက်သည်ကို သူတို့အား မီးမောင်းထိုးပြနေလေသည်။

ဤသတင်း လျင်မြန်စွာ ပျံ့နှံ့သွားကာ မျိုးနွယ်စုအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

ဟူရှန်းတို့အုပ်စုမှာ ရှုန်းခွန်၏ အကူအညီတောင်းခံမှုကို ကြားသည်နှင့် သူတို့၏သက်ဆိုင်ရာမျိုးနွယ်စုမှ အထက်လူကြီးများအား စစ်ကူတောင်းလိုက်သည်။

သားရဲမျိုးနွယ်စုလူငယ်များမှာ ချူဖုန်း သူတို့ကို မှတ်မိသွားမည်စိုးသောကြောင့် တုန်လှုပ်ခြောက်ခြားနေကြလေပြီ။

အချို့သားရဲဘုရင်များပင် ဆွံ့အသွားကြလေ၏။ ဝက်ဝံနက်ကြီးက ခေါင်းငုံ့တောင်းပန်နေတာတောင်မှ သူက တိုက်ခိုက်နေတုန်းလား..

ဤသည်မှာ အင်အားကြီးအဖွဲ့အစည်းအားလုံးကို ရိုက်ခတ်သွားခဲ့သည်။

သားရဲမျိုးနွယ်စုမှ လူသားအဖွဲ့အစည်းများထိ ဤအကြောင်း တင်ပြချက်များ ရရှိလိုက်ကာ သူတို့အားလုံး တုန်လှုပ်သွားကြရသည်။ လူသားဘုရင်က နောက်ထပ် သတ်ဖြတ်နေပြီလား..

အရပ်လေးမျက်နှာလုံး တုန်လှုပ်နေကြလေပြီ။

ချူဖုန်း သာမန် ရိုးရိုးရှင်းရှင်း သွားလည်လိုခြင်းဖြစ်သော်လည်း သိုင်းလောကကို ရှုပ်ထွေးအောင် လုပ်မိသွားလေသည်။ အပြင်လောက၌ ဘာဖြစ်နေသည်ကို သူမသိသေး။

“နတ်ဆိုးဘုရင်ချူ ပီသပါပေတယ် .. သတိပေးစကားတစ်ခွန်းမှ မပြောပဲ မျိုးနွယ်စုတစ်ခုကို ရှင်းဖို့သွားနေပြီ .. နောက်ကျရင် သူနဲ့ရှုပ်ဖို့ မစဉ်းစားနဲ့..”

ဟူရှန်းမျိုးနွယ်စုမှ ဘိုးဘေးသည် သက်ပြင်းချကာ လူ့အဖွဲ့အစည်းတွင် ကောင်းကောင်းမွန်မွန်နေထိုင်ရန်နှင့် မျိုးနွယ်စုဆီ ပြဿနာသယ်မလာရန် ဆုံးမနေလေသည်။

“အရမ်းရက်စက်တဲ့ နတ်ဆိုးဘုရင်ချူကို ငါတို့ မဆန့်ကျင်နိုင်ဘူး .. သူ ဝဋ်လည်လိမ့်မယ် .. သူ သေချာပေါက် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး..” အချို့သားရဲဘုရင်များတော့ ချူဖုန်းကို ကျိန်ဆဲနေကြလေသည်။

သို့သော် လူသားများအတွက်တော့ ထိုသို့မဟုတ်။

“နတ်ဘုရားချူက တကယ်ကို ရဲရင့်တာပဲ .. သူက နောက်ထပ်နာမည်ကြီးတောင်တစ်တောင်ကို သိမ်းဖို့ သွားနေပြီ .. သူ့နတ်စွမ်းအားကို ဘယ်သူမှ တောင့်ခံနိုင်မှာမဟုတ်ဘူး..”

“မိုက်တယ် .. ဒါက အရှင်တစ်ယောက်ရဲ့ ပုံစံအစစ်ပဲ .. သူ့ကိုစိန်ခေါ်တဲ့သူမှန်သမျှ ပိပြားသွားရမယ်..”

လူများစွာသည် ဤအကြောင်းကို စိတ်လှုပ်ရှားစွာပင် ဆွေးနွေးနေကြသည်။

ဤနေ့များတွင် သားရဲမျိုးနွယ်စုများ လျင်မြန်စွာ တိုးတက်လာကြသည်။ သူတို့သည် အုပ်စုဖွဲ့ကာ လူသားများကို ဖိအားပေးလာကြသည်ပင်။

ယခု ချူဖုန်း ပေါ်လာသည်နှင့် သူတို့၏ အရှက်ရမှုများအားလုံး ဖယ်ရှားခံလိုက်ရသည်။ စကားများရုံဖြင့် လူမျိုးစုများကို ရှင်းပစ်သည့် လူမှာ သေချာပေါက် ထူးခြားသည့်သူပင်။

“ဘော့စ် .. ဘော့စ်တကယ် အနောက်ပိုင်းမှာလား .. ဝက်ဝံနက်မျိုးနွယ်စုကို သွားမလို့လား..” ယုယန်ချင်း သတင်းကြားသည်နှင့် ချူဖုန်းကို ချက်ချင်းဆက်သွယ်လိုက်သည်။

“ဟုတ်တယ် .. ငါ အဲဒီကို သွားနေတာ” ချူဖုန်း ပြန်ဖြေလိုက်သည်။

“ဘော့စ် .. ဘော့စ်က တကယ်ကို မျိုးဆက်တစ်ခုရဲ့နတ်ဘုရားပဲ .. ဘော့စ်ပြန်လာရင် ကျွန်တော်တို့ဘော့စ်အတွက် ကြိုဆိုပွဲတစ်ခု ကျင်းပပေးမယ်” ခဏကြာပြီးနောက် ယုယန်ချင်းဖုန်းချလိုက်သည်။

“မင်းဘာတွေ လျှောက်ပြောနေတာလဲ..” ဤသည်မှာ ထူးဆန်းနေသည်ဟု ချူဖုန်းခံစားနေရသည်။ တစ်ခုခုဖြစ်နေသည်ကို သိသော်လည်း သူ မတွေးချင်သေး။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စမှာ အရေးမကြီး။

ခဏကြာပြီးနောက် ယုယန်ချင်းသည် သူ ချူဖုန်းထံမှ အတည်ပြုချက် ရပြီးဖြစ်ကြောင်း၊ ချူဖုန်းသည် ဝက်ဝံနက်မျိုးနွယ်စုထံသို့ သွားနေခြင်းဖြစ်ကြောင်း သူ့အကောင့်တွင် တင်လိုက်သည်။

အပြင်လောကကြီးမှာ ထပ်မံလှုပ်ခါသွားရသည်။

အဘယ်ကြောင့်ဆိုသော် သူနှင့်ချူဖုန်းတို့ကြားတွင် မည်ကဲ့သို့သော ဆက်ဆံရေးမျိုးရှိသည်ကို လူအများစု သိနေကြသည်ပင်။ ထို့ကြောင့် သူ့စကားကို အတည်ယူ၍ရသည်။

“သူက စကားများတာနဲ့ သားရဲဘုရင်တစ်ယောက်ကို သတ်တော့မယ် .. သူက တကယ်ကို ငါတို့မျိုးဆက်ရဲ့စံပြပုဂ္ဂိုလ်ပဲ..” အဖွဲ့အစည်းကြီးများပင် လေးစားစွာ သက်ပြင်းချလာကြသည်။

ပြည်တွင်းထဲမှ အဖွဲ့အစည်းများမပြောနှင့် ပြည်ပမှအဖွဲ့အစည်းများပင် သတိကြီးကြီးဖြစ်သွားကြသည်။

“ဒီနတ်ဆိုးဘုရင်ချူက တော်တော်လေး စိတ်တိုလွယ်တာပဲ .. သူ အနောက်နိုင်ငံကိုလာပြီးတော့ ငါတို့အတွက် သားရဲဘုရင်တစ်ချို့ကို ဖိနှိပ်ပေးဖို့ မျှော်လင့်မိတယ် .. ငါတို့ ဒီလိုမျိုး ရက်စက်တဲ့ နတ်ဆိုးဘုရင် လိုအပ်နေတာ”

“ဟုတ်တယ် .. နတ်ဆိုးဘုရင်ချူ .. ငါတို့ မင်းကို တောင်းဆိုပါတယ် .. ကျေးဇူးပြုပြီး ငါတို့အနောက်နိုင်ငံဘက်ကို လာပေးပါ .. ငါတို့မှာ နဂါးနက်၊ အမှောင်ထုသားရဲနဲ့ ထာဝရဖီးနှစ်တွေရှိတယ် .. သူတို့တွေက မင်းလာသတ်ပေးမှာကို စောင့်နေကြတယ်”

ဥရောပမှ နေရာအတော်များများသည် ဤကိစ္စ၏ရိုက်ခတ်မှုကို ခံလိုက်ရပြီး အားလုံး စိတ်ဝင်စားစွာပင် ဆွေးနွေးနေကြလေသည်။ အချို့ ကျွမ်းကျင်သူများမှာ ချူဖုန်းကိုဥရောပသို့ ဖိတ်ခေါ်ရမည်လားဟု ဆွေးနွေးလာကြသည်။

သို့သော် အားလုံး ဤကဲ့သို့ တွေးထင်နေကြသည်မဟုတ်။ အမြင်မတူသည့်သူများလည်း ရှိကြသည်ပင်။

“နတ်ဆိုးဘုရင်ချူဟုတ်လား .. ငါ တစ်ခါမှမကြားဖူးဘူး .. သူ ဒီကိုလာရဲရင် လူကောင်းတစ်ယောက် ဘယ်လိုလုပ်ရမလဲဆိုတာ ငါသူ့ကို သင်ပေးလိုက်မယ်” အချို့လူများ ပြောလာကြသည်။

ဤသည်မှာ လူများကြား လှိုင်းလုံးကြီးများဖြစ်လာစေခဲ့၏။ အထူးသဖြင့် အရှေ့တိုင်းမှ လူများပင်။

“ဒါကို စိန်ခေါ်တယ်လို့ သတ်မှတ်လိုက်လို့ရလား .. သတိထားဦး .. မဟုတ်ရင် နတ်ဆိုးဘုရင်ချူ ဥရောပရောက်လာပြီး သားရဲကောင်းတစ်ကောင်ဖြစ်အောင် သင်ပြသွားဦးမယ်..”

“တစ်နေ့ကျရင်တော့ မင်းတို့ သေချာပေါက် ငိုနေရမှာ .. ချူဖုန်း ဥရောပကို တစ်နေ့တော့ ရောက်လာလိမ့်မယ်လို့ ငါယုံကြည်တယ် .. အဲဒီအချိန်ကျရင် မင်းတို့ဒီလိုမျိုး ပြောရဲတဲ့သတ္တိလေး ရှိနေပါစေလို့ ဆုတောင်းပေးလိုက်တယ်..”

“ဒီဘုရင်က ဘာကို ကြောက်နေရမှာလဲ .. ငါ့နာမည်ကို အနီရောင်ချီလင်း၊ ငါ အိုလံပစ်တောင်ခြေမှာ နေတယ် .. ငါအခု ဗာတီကန်မြို့မှာ တိုက်နေတယ် .. မကျေနပ်တဲ့သူတွေ ငါ့ကိုလာရှာလို့ရတယ်..” ထိုသားရဲဘုရင် ဒေါသတကြီး ပြန်ပြောလာသည်။

အနောက်နိုင်ငံမှလူများ အံ့အားသင့်သွားရသည်။ ဒေါသနတ်ဘုရားဟုလည်း လူသိများသည့် အနီရောင်ချီလင်းမှာ အလွန်စွမ်းအားကြီးကာ ကြောက်စရာကောင်းသည့် သားရဲဘုရင်တစ်ဦးပင်။

“အပိုတွေ .. ဒီချူဖုန်းက အနောက်နိုင်ငံကို တကယ်လာရဲလို့လား .. ငါတော့မထင်ဘူး .. အရှေ့တိုင်းက သားရဲဘုရင်တွေက အဲဒီလောက်စွမ်းအားမကြီးလို့ သူ ထင်တိုင်းကြဲနေလို့ရတာ .. သူသာ အနောက်နိုင်ငံကိုလာရင် မြန်မြန်အဆုံးသတ်သွားလိမ့်မယ်”

ချူဖုန်း အနောက်နိုင်ငံသို့ တကယ်လာရဲမည်မဟုတ်ကြောင်း အနောက်နိုင်ငံမှ သားရဲကျွမ်းကျင်သူများ ခန့်မှန်းနေကြလေသည်။

အရှေ့တိုင်းသားများမှာ ဤစကားကို သေချာပေါက် မကျေနပ်။ အင်္ဂလိပ်စာကျွမ်းကျင်သည့်သူများ ချက်ချင်းပင် ရှေ့ထွက်လာကြသည်။

“ငါ့နာမည်က ဩဂတ်စတပ်လို့ခေါ်တယ် .. ငါလည်း ဗာတီကန်မှာပဲ .. ချူဖုန်းလို့ခေါ်တဲ့လူ ဒီကိုလာရဲရင် ငါ့ကို လာရှာလို့ရတယ်” ဩဂတ်စတပ် မာနတခွဲသားဖြင့် ပြောလာသည်။

ရုတ်တရက် လူများ အမူအရာ ပြောင်းလဲသွား၏။ အဘယ်ကြောင့်ဆိုသော် ဤလူမှာ အနောက်နိုင်ငံတွင် အလွန်နာမည်ကြီးကြောင်း သူတို့သိကြသည်ပင်။

ထို့အပြင် သူ့နာမည်မှာ ရှေးခေတ်ရောမ၏ ပထမဆုံးဧကရာဇ်နာမည်ကို ယူထားခြင်းပင်။

“စောင့်နေလိုက် .. နတ်ဆိုးဘုရင်ချူက သေချာပေါက် အဲဒီကိုသွားပြီးတော့ မင်းတို့ကို ဘယ်လိုမျိုး ကောင်းကောင်းမွန်မွန် ပြုမူနေထိုင်ရမလဲဆိုတာ သင်ပေးလိမ့်မယ်..” တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။

သို့သော် အများစုကတော့ သိပ်ယုံကြည်ချက်မရှိပေ။ အရှေ့နှင့်အနောက်နိုင်ငံများမှာ ဝေးကွာလွန်းလှသည်။ ချူဖုန်း ဥရောပသို့ ရောက်ချင်လျှင် မည်မျှပင် ကြာမည်နည်း.. သူ့တစ်သက်ပင်လျှင် မလုံလောက်,လောက်ပေ။

ချူဖုန်း ထိုနေရာသို့ သွားတော့မည်ကို သိသောကြောင့် လုထုန်၏အမူအရာ ထူးဆန်းလာသည်။ သူ အဲဒီကိုရောက်သွားရင် အနီရောင်ချီလင်းနဲ့ ဩဂတ်စတပ်တို့ ဘယ်လိုအမူအရာမျိုးဖြစ်သွားမလဲ..

အပိုင်း ၁၄၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset