Switch Mode

Chapter – 4

သေဆုံးခြင်းမှ ဖြစ်ပေါ်လာသော အုတ်အော်သောင်းတင်း

Chapter – 4 သေဆုံးခြင်းမှ ဖြစ်ပေါ်လာသော အုတ်အော်သောင်းတင်း

မြို့တော်ဝန်ခရော့၏ ဒေါသတကြီး ကြုံးဝါးသံက မြို့တော်ခန်းမတစ်ခုလုံး ဟိန်းထွက်သွားသည်။

အလွန်မြန်သောနှုန်းဖြင့် မြို့တော်ဝန်ခရော့က ရှီဖုန်း၏ အရှေ့သို့ ရောက်လာပြီး လက်သီးဖြင့် ထိုးလိုက်သည်။

တခြားကစားသမားများသည် ရှီဖုန်း၏ ကံဆိုးမှုကို ပျော်ရွှင်နေကြပြီး မြို့တော်ဝန်ခရော့၏ စွမ်းအားကို ခန့်မှန်းကြည့်နေကြသည်။

ခရော့က အဆင့်၁၅ လက်ရွေးစင်တစ်ဦးဖြစ်ပြီး သူ၏ လက်သီးတစ်ချက်က ကစားသမားတစ်ဦးကို ချက်ချင်း သေသွားစေနိုင်သော်လည်း ရှီဖုန်းကတော့ မြို့တော်ဝန်ခရော့ကို ဒေါသထွက်အောင် လုပ်လိုက်လေသည်။ ယခုအချိန်တွင် အနီရောင်သစ်ရွက်မြို့ရှိ မည်သူကမှ သူ့ကို ကယ်တင်နိုင်မည် မဟုတ်တော့ချေ။ သူက သေသည်အထိ အကျဉ်းချ ခံရရင် ခံရ သို့မဟုတ် အနီရောင်သစ်ရွက်မြို့မှ နှင်ထုတ်ခံရနိုင်သည်။

သို့သော်လည်း ရှီဖုန်း၏ တည်ငြိမ်နေသည့် အမူအရာက တခြားကစားသမားများကို အံ့ဩစေသည်။

“သူက သေမှာ မကြောက်ဘူးလား… “ ဟု သူတို့က တွေးနေကြသည်။

ခရော့၏ လက်သီးက ရှီဖုန်းကို ထိတော့မည့်အချိန်တွင် အလွန်တည်ငြိမ်နေသည့် ရှီဖုန်းက နောက်ဆုံး၌ လှုပ်ရှားလာလေပြီ။ သားကောင်ကို စောင့်နေသည့် မုဆိုးကဲ့သို့ ရှီဖုန်းက ဓားကို ချက်ချင်း ဆွဲထုတ်ပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။

“ထန်း… “

ခရော့၏ လက်သီးက ဓားပြားပေါ်သို့ ကျသွားပြီး ရှီဖုန်းကို နောက်သို့ လွှင့်ပျံသွားစေသည်။ ရှီဖုန်း၏ခန္ဓာကိုယ်က မြေပြင်နှင့် ထိတော့မည့်အချိန်တွင် ရှီဖုန်းက ခန္ဓာကိုယ်အနေအထား ပြုပြင်လိုက်ပြီး မြေပြင်ပေါ်ကို ကြောင်တစ်ကောင်ကဲ့သို့ ခြေချလိုက်သည်။ သို့သော်လည်း သူ၏ HPက ၈၄မှတ် ကျသွားပြီး သူ့လက်ထဲမှ ဓားသည်လည်း ထိန်းချုပ်၍ မရလောက်အောင် တုန်နေလေသည်။ ဓား၏ သက်တမ်းက ၁မှတ်ကျသွား၏။ လက်နက်၏ သက်တမ်းက (၀) သုညသို့ ရောက်သွားလျှင် ဓားက အသုံးပြု၍ ရတော့မည် မဟုတ်ချေ။

ကစားသမားများက ရှီဖုန်းအစား လေအေးများကို ရှူသွင်းလိုက်ကြသည်။

ရှီဖုန်း၏ ပြဿနာရှာမှုကို မြင်ပြီး သူတို့က ရှီဖုန်းအား ဂိမ်းအခုမှ ဆော့ဖူးသည့် ကစားသမားအသစ်တစ်ယောက်ဟု ထင်ခဲ့ကြသော်လည်း ရှီဖုန်း၏ တုန့်ပြန်မှုကို မြင်လိုက်ရချိန်မှာတော့ ရှီဖုန်းက အဆင့်မြင့်ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်ကို လက်ခံလိုက်ကြသည်။ ခရော့၏ သာမန်လက်သီးတစ်ချက်မှ တိုက်ခိုက်မှုစွမ်းအားနှင့်ဆိုလျှင် လက်ရှိတွင် မည့်သည့်ကစားသမားကိုမဆို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်စွမ်း ရှိ၏။ သို့သော်လည်း ရှီဖုန်းကတော့ အသက်ရှင်လျှက် ရှိနေဆဲ ဖြစ်သည်။ သူက လက်နက်ကို သုံးပြီး တိုက်ခိုက်မှုကို ကာကွယ်ခဲ့ကာ တိုက်ိခုက်မှုစွမ်းအားကို အနည်းဆုံးအထိ လျော့ချပစ်ခဲ့သည်။

“သူက မှော်ပညာရှင်ဆိုပေမဲ့ သူ့ရဲ့စွမ်းအားနဲ့ အမြန်နှုန်းက တစ်ကယ်ကို ကြောက်စရာကောင်းတာပဲ… “ ရှီဖုန်းက လက်ထဲမှ ဓားကို ကြည့်ပြီး ခရော့ကို စိတ်ထဲမှ ချီးမွှမ်းလိုက်သည်။

သူက အမှတ်အားလုံးကို သွက်လက်မှုတွင် ထည့်ထားခဲ့သဖြင့် သူ၏ တိုက်ခိုက်မှုအမြန်နှုန်းက ၄အထိ တိုးသွားခဲ့ခြင်းက သူ့ကို ကံကောင်းသွားစေခဲ့သည်။ မဟုတ်လျှင် သူက လက်သီးတစ်ချက်တည်းဖြင့် သေသွားလိမ့်မည်ဖြစ်ပြီး တာဝန်ကို အစမှ ပြန်စရပေလိမ့်မည်။

“သေလိုက်စမ်း… သေချင်းဆိုးလေး… “

သူ၏တိုက်ခိုက်မှုက တားဆီးခံလိုက်ရသောအခါ ခရော့က ပို၍ ဒေါသထွက်လာသည်။ ရုတ်တရက် ခရော့က သူ၏အဝတ်အစားများကို စုတ်ဖြဲပစ်လိုက်ရာ မဲနက်နေသည့်အမွေးမျှင်များနှင့် ခန္ဓာကိုယ်က ပေါ်လာပြီး ခရော့က ချွန်ထက်သည့်အစွယ်များနှင့် သမန်းဝံပုလွေအဖြစ်သို့ ပြောင်းသွား၏။

မြို့တော်ဝန်သည် သမန်းဝံပုလွေတစ်ကောင် ဖြစ်နေလိမ့်မည်ဟု မထင်ထားကြသဖြင့် ထိုအခိုက်အတန့်တွင် ကစားသမားများအားလုံးက အံ့အားသင့်ကုန်သည်။

ခရော့က ရှီဖုန်း၏ နောက်ကျောဘက်သို့ ချက်ချင်း ရောက်သွားပြီး အရောင်လက်နေသည့် အဖြူရောင်လက်သည်းများဖြင့် ရှီဖုန်း၏ နှလုံးသားရှိရာသို့ ထိုးသွင်းလိုက်သည်။

ထိုအခိုက်အတန့်တွင် ရှီဖုန်းက HP ၁၆သာ ကျန်တော့သော်လည်း အေးစက်စက် ပြုံးလိုက်၏။

ခရော့၏ လက်သည်းများက ရှီဖုန်းနှင့် စင်တီမီတာအနည်းငယ်သာ လိုတော့သည့်အချိန်တွင် ရုတ်တရက် ရပ်တန့်သွား၏။ ခရော့က အဆင့်၂၅ အစောင့်တစ်ယောက်၏ ပြေးဝင်တိုက်ခိုက်မှုကို ခံရပြီး တစ်စက္ကန့်လောက် ရပ်တန့်သွားခြင်း ဖြစ်သည်။

ရှီဖုန်းက ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ အဝေးသို့ ချက်ချင်း ပြေးထွက်သွား၏။

ခရော့က သတိပြန်ဝင်လာသည့်အချိန်တွင် နောက်ထပ်အစောင့်တစ်ယောက်၏ တိုက်ခိုက်မှုကို ခံလိုက်ရပြန်သည်။

အစောင့်၂ယောက်စလုံးသည် အဆင့်၂၅ စစ်သည်များ ဖြစ်ကြပြီး လက်ရွေးစင်စစ်သည်များလည်း ဖြစ်၏။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်မှုစွမ်းအားက အလွန် ပြင်းထန်လှသည်။ ပြေးဝင်တိုက်ခိုက်မှုတစ်ခုက သာမန်တိုက်ခိုက်မှုတစ်ခုနှင့် တွဲဖက်ကာ တိုက်ခိုက်လိုက်ခြင်းကြောင့် ခရော့၏ HPက ၃၀၀ လျော့သွားသည်။ အစောင့်နှစ်ယောက်၏ တိုက်ခိုက်မှုနှစ်ခုပေါင်းဆိုလျှင် HP ၆၀၀ လျော့ကျသွားပြီး HP 1700သာ ကျန်တော့၏။

“အစောင့်တွေရဲ့စွမ်းအားက ထင်ထားတဲ့အတိုင်း တစ်ကယ်ကြမ်းတာပဲ… “ ရှီဖုန်းက ခရော့၏ သနားစရာအခြေအနေကို ကြည့်ပြီး တိုးတိုးလေး ရယ်လိုက်သည်။

အစောင့်များသည် မြို့၏ ကာကွယ်သူများ ဖြစ်သည်။ သူတို့က မြို့ကို ကာကွယ်ရန် နှင့် ကျူးကျော်ဝင်ရောက်လာသည့် မိစ္ဆာများကိုလည်း ခုခံရသည်။ ယခုအချိန်တွင် မြို့တော်ဝန်က သမန်းဝံပုလွေအဖြစ် ပြောင်းလဲသွားသည့်အတွက် လူတစ်ယောက် မဟုတ်ဘဲ မိစ္ဆာများ၏ သူလျှိုတစ်ယောက် ဖြစ်နေကြောင်း သိသွား၏။ ထို့ကြောင့် သူတို့က ခရော့ကို လွှတ်မပေးနိုင်ဘဲ ချက်ချင်း တိုက်ခိုက်လိုက်ကြခြင်း ဖြစ်သည်။

အပေါ်ယံကြည့်လျှင် ရှားလော့၏ တောင်းဆိုမှုသည် ရက်စက်သော်လည်း အမှန်တစ်ကယ်တွင် ကစားသမားက မြို့တော်ဝန်ကို တိုက်ခိုက်မှု ပြုလုပ်စေရန်သာ လိုအပ်ပြီး မြို့တော်ဝန်၏ ပထမဆုံးတိုက်ခိုက်မှုကို အသက်ရှင်လျှက် ခုခံနိုင်ရမည် ဖြစ်သည်။ ထို့နောက်တွင်တော့ မြို့တော်ဝန်၏ ပုံသဏ္ဍာန်အစစ်အမှန် ပေါ်လာမည်ဖြစ်ကာ ကျန်သည့်ကိစ္စအားလုံးကို အစောင့်များက ပြုလုပ်သွားလိမ့်မည် ဖြစ်သည်။

ယခင်ဘဝတွင် ပြိုင်ဘက်ကင်းတာဝန်က အဖြူရောင်မြစ်မြို့တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော မြို့တော်ဝန်သည် မိစ္ဆာများ၏ သူလျှို့ ဖြစ်နေခြင်းကြောင့် ဖြစ်၏။ ပြိုင်ဘက်ကင်းတာဝန်ကြောင့် ကစားသမားများက NPCများသည် အယောင်ဆောင်ထားသည့် မိစ္ဆာများဖြစ်နိုင်သည်ဟူသော အမြင်တစ်ခု ရရှိသွားသည်။

ထိုကစားသမားသည် မြို့တော်ဝန်ကို စိတ်ဆိုးအောင်လုပ်သည့် နည်းလမ်းဖြင့် ပြိုင်ဘက်ကင်းတာဝန်ကို အောင်မြင်ခဲ့ခြင်းက အားလုံးကို အံ့ဩသွားစေခဲ့၏။ ထိုကစားသမားက သူ၏ဦးနှောက်ကို အသုံးပြုကာ တာဝန်ကို အောင်မြင်စေခဲ့ပြီး သူ၏ကြိုးစားမှုများကို တခြားသူများ သိစေရန် နည်းဗျူဟာများကို ထုတ်ဖော်ခဲ့ခြင်းက ယခု ရှီဖုန်းကို အကျိုးပြုနေလေပြီ။

အစောင့်နှစ်ယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသော်လည်း ခရော့၏ ပစ်မှတ်ကတော့ ရှီဖုန်းပင် ဖြစ်နေဆဲ ဖြစ်ပြီး ရှီဖုန်းကို သတ်ရန် ဆက်တိုက် ကြိုးစားနေခဲ့သည်။ သို့သော် အစောင့်နှစ်ယောက်၏ တိုက်ခိုက်မှုများက သူ့အပေါ် ဆက်တိုက် ကျနေခဲ့သဖြင့် ရှီဖုန်းကို မသတ်နိုင်သေးပေ။ အစောင့်တစ်ယောက်က အရိုးကွဲကြေတိုက်ခိုက်မှုကို သုံးနေစဉ်တွင် တစ်ယောက်က မိုးကြိုးပစ်ခတ်ခြင်းတိုက်ခိုက်မှုကို သုံးနေသည့်အတွက် ခရော့၏ လှုပ်ရှားမှုများက အလွန်လျော့ကျသွား၏။ ထို့ကြောင့် ရှီဖုန်းက ရွေ့လျားမှုအမှတ် ၅မှတ်သာ ရှိသော်လည်း ခရော့၏လက်မှ လွတ်မြောက်နေသည်။

သည်လိုနှင့် ခရော့၏ HP2000ကျော်သည် အားလုံးနီးပါး လျော့ကျသွား၏။

ခရော့သေဆုံးတော့မည့် အချိန်ကို ရောက်သောအခါ များစွာသော ကစားသမားများသည် မတည်မငြိမ် ဖြစ်လာကြပြီး သူတို့က မြို့တော်ဝန်အပေါ်သို့ နောက်ဆုံးတိုက်ခိုက်မှုကို ပြုလုပ်ချင်ကြသည်။ ရှီဖုန်းက တိုက်ခိုက်ရမည့်အစား အစောင့်များက မြို့တော်ဝန်ကို တိုက်ခိုက်နေသည့် အကြောင်းရင်းကို နားမလည်သော်လည်း မြို့တော်ဝန်သည် အဆင့်၁၅ လက်ရွေးစင်တစ်ယောက် ဖြစ်သဖြင့် မြို့တော်ဝန်သေလျှင် အလွန်ကောင်းသည့်ပစ္စည်းများ ကျလာလိမ့်မည်ကိုတော့ သူတို့ သိကြ၏။

အဝေးတွင် ပုန်းနေကြသည့် ကစားသမားတချို့ကို ကြည့်ပြီး ရှီဖုန်းက သူတို့အတွေးများကို သိနေသည့်အလား သရော်ပြုံး ပြုံးလိုက်သည်။

မြို့တော်ဝန်က မိစ္ဆာတစ်ကောင်ဖြစ်သော်လည်း ထိုအရာက တာဝန်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ထို့ကြောင့် တခြားသူများနှင့် မြို့တော်ဝန်သည် ရင်းနှီးသည့်အခြေအနေတွင် ရှိနေဆဲ ဖြစ်သည့်အတွက် တခြားသူများအနေဖြင့် မြို့တော်ဝန်ကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ချေ။

ခရော့၏ သွေးHPက ၁၀၀ခန့် ကျန်သောအခါ ကစားသမားများအားလုံးသည် မြို့တော်ဝန်ခရော့ဆီသို့ ချက်ချင်း ပြေးထွက်သွားကြသည်။ အားလုံးက နောက်ဆုံးတိုက်ခိုက်မှုကို ပြုလုပ်ချင်ကြပြီး ကျလာမည့်ပစ္စည်းများကို ယူပြေးချင်နေကြသည်။

ခရော့က သေမင်းတံခါးဝဆီသို့ ရောက်နေသည်ကို မြင်သောအခါ ရှီဖုန်းလည်း ပြေးထွက်သွား၏။

ကံဆိုးစွာဖြင့် ခရော့က အစောင့်၏ ဓားသွားပေါ်တွင် သေဆုံးသွားခဲ့ရသည်။ မည်သည့်ကစားသမားကမှ ခရော့ကို တိုက်ခိုက်နိုင်ခြင်း မရှိကြပေ။ ရှီဖုန်းသည် သူက တိုက်ခိုက်နိုင်သော်လည်း မစွန့်စားချင်ပေ။ မြို့တော်ဝန်သေဆုံးသည်နှင့် သူက မြို့တော်ဝန်တံဆိပ်ကို ယူပြီး ချက်ချင်း လူအုပ်ကြားထဲသို့ ပြေးဝင်ပျောက်ကွယ်သွား၏။

မြို့ထဲရှိ NPC များ သေလျှင် EXP သို့မဟုတ် ပစ္စည်း တစ်ခုမှ ထုတ်ပေးခြင်း မရှိချေ။ ရှီဖုန်းသည် တာဝန်ကြောင့်သာ မဟုတ်လျှင် မြို့တော်ဝန်တံဆိပ်ကို ရလိမ့်မည် မဟုတ်ပေ။

“ဘာလဲကွာ… စနစ်က ပျက်နေတာလား… မြို့တော်ဝန်ကို ဘာလို့ တိုက်ခိုက်လို့ မရတာလဲ… “

“ငါ လည်း သိချင်တယ်… မြို့တော်ဝန်သေတာ ဘာလို့ ပစ္စည်းတစ်ခုမှ မကျတာလဲ… “

ကစားသမားအသစ်တစ်ချို့သည် ချက်ချင်း မကျေမနပ် ပြောဆိုကြသည်။ သူတို့ရှေ့တွင် အဆင့်၁၅လက်ရွေးစင်က သေဆုံးသွားခဲ့သော်လည်း မည်သည့်အကျိုးကိုမှ သူတို့က မခံစားရပေ။ ထိုအဖြစ်ကို သူတို့က လက်မခံနိုင်ပေ။

“ငတုံး… မင်းက NPCနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကို မင်း မသိဘူးလား… မင်းက NPCနဲ့ ရင်းနှီးနေရင် မင်းက သူ့ကို သတ်လို့မရဘူး… ဒီလိုအခြေခံဗဟုသုတကိုတောင် မင်း မသိရင် ဘာလို့ နတ်ဘုရားနယ်မြေဂိမ်း လာဆော့နေတာလဲ… “

ကျွမ်းကျင်သည့်ကစားသမားများက လူသစ်ကစားသမားကို လှောင်ပြောင်ပြီးနောက် ရှီဖုန်းကို လိုက်ရှာကြသည်။ မြို့တော်ဝန်ကို သတ်နိုင်သည့် ကစားသမားသည် ကျိန်းသေ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နိုင်သည့်အတွက် သူတို့က ရင်းနှီးအောင် လုပ်ချင်နေကြသည်။ သို့သော် အချိန်တော်တော်ကြာအောင် လိုက်ရှာကြသော်လည်း ရှီဖုန်း၏ သဲလွန်စ တစ်ခုပင် ရှာမတွေ့ကြချေ။ ထို့အတူ သူတို့က ထိုစကားသမား၏ နာမည်ကိုပင် မသိလိုက်ကြချေ။

ထိုအချိန်တွင် မြို့တော်ဝန်သေဆုံးသည့် သတင်းက အနီရောင်သစ်ရွက်မြို့တစ်ခုလုံးကို ချက်ချင်း ပျံ့နှံ့သွားပြီး ထိုသတင်းက ကစားသမားများကြားတွင် အုတ်အော်သောင်းတင်း ဖြစ်သွား၏။

ဂိမ်းအစပိုင်းတွင် ကစားသူများက အဆင့်တက်ရန်အတွက် အန္တရာယ်များနှင့် ရင်ဆိုင်ကာ မွန်းစတားများကို သတ်ဖြတ်ကြရသည်။ သို့သော်လည်း ထိုကစားသမားကတော့ မြို့တော်ဝန်ကို အလွယ်တကူ သတ်ဖြတ်သွား၏။ ထိုအရာက အားလုံးကို အလွန် အံ့အားသင့်သွားစေသည်။

နတ်ဘုရားနယ်မြေဖွင့်သည်မှာ မိနစ်၃၀ပင် မကြာသေးသော်လည်း တရားဝင်ဝက်ဆိုဒ်ပေါ်တွင် သတင်းတစ်ခု တက်လာသည်။

“လျှို့ဝှက်တဲ့ ဓားသမားတစ်ယောက်က အဆင့်၁၅ လက်ရွေးစင်ဖြစ်တဲ့ အနီရောင်သစ်ရွက်မြို့ရဲ့ မြို့တော်ဝန်ကို သတ်ဖြတ်သွားတယ်… မြို့တော်ဝန်ကလည်း အယောင်ဆောင်ထားသည့် သမန်းဝံပုလွေတစ်ကောင်ပဲ… ဒါဆို နတ်ဘုရားနယ်မြေဂိမ်းက ဘယ်လိုဂိမ်းမျိုးလဲ… “

ထိုသတင်းက ကစားသမားကြားတွင် ခေတ်စားသွားပြီး အချိန်ခဏလေးအတွင်းမှာပင် ဝက်ဆိုဒ်စာမျက်နှာကို ဝင်ရောက်ကြည့်ရှုသူ ၁၀သန်း ကျော်သွား၏။ လူတိုင်းက လျှို့ဝှက်သည့် ဓားသမားကိ စိတ်ဝင်စားနေကြသော်လည်း ထိုဓားသမား၏ နာမည်ကိုပင် မည်သူမှ မသိကြပေ။

ထိုအချိန်တွင် ရှီဖုန်းကတော့ လမ်းကြားလေးထဲသို့ ပြန်ရောက်နေလေပြီ။

“မာစတာ ရှားလော့… ဒါက သင် တောင်းဆိုထားတဲ့ မြို့တော်ဝန်တံဆိပ်ပါ… “ ရှီဖုန်းက ငွေရောင် မြို့တော်ဝန်တံဆိပ်ကို သူတောင်းစားပုံစံနှင့် ရှားလော့အား ပေးအပ်လိုက်သည်။

တာဝန်ပြီးဆုံးသွားသည်နှင့် မြို့တော်ဝန်ဆီမှ တာဝန်ရရှိထားသော ကစားသမားများထံသို့ သတင်းဆိုးတစ်ခု ရောက်ရှိသွား၏။ ခရော့က ပြန်ရှင်မလာနိုင်တော့သည့်အတွက် သူတို့က တာဝန်ပြီးဆုံးသွားလျှင်တောင်မှ တာဝန်ပြီးမြောက်အောင်မြင်ကြောင်း အတည်ပြုပေးမည့်လူ မရှိတော့ပေ။ ထို့အပြင် အနီရောင်သစ်ရွက်မြို့တွင် မြို့တော်ဝန် မရှိတော့ချေ။ သို့သော်လည်း ထိုအကြောင်းနှင့် ပက်သတ်၍ ရှီဖုန်းက ဂရုမစိုက်ပေ။

“ကျေးဇူးတင်ပါတယ်… အရမ်းကျေးဇူးတင်တယ်… နောက်ဆုံးတော့ ငါ့ရဲ့မိတ်ဆွေအတွက် လက်စားချေပေးနိုင်ခဲ့ပြီ… ဒါက မင်း ငါ့ကို ကူညီပေးတဲ့အတွက်ပါ… “

ရှားလော့က ရှီဖုန်းထံသို့ ချောမွတ်သော သေတ္တာအသေးတစ်လုံးကို ပေးလိုက်ပြီး မြို့တော်ဝန်တံဆိပ်ကို ယူကာ လမ်းကြားထဲမှ ထွက်သွား၏။

စနစ်… ။ ပြိုင်ဘက်ကင်းတာဝန် “ရှားလော့၏ တောင်းဆိုမှု” ကို အောင်မြင်သွားပါပြီ။ EXP 2000၊ ကျွမ်းကျင်မှုအမှတ်၂၀ နှင့် တန်ဖိုးကြီးရတနာသေတ္တာတစ်လုံးကို ဆုလာဒ်အဖြစ် ရရှိပါသည်။

‘ဟွား’ ဆိုသည့်အသံနှင့်အတူ ရှီဖုန်းက အဆင့်၁သို့ ရောက်သွားပြီး အဆင့်၂သို့ ရောက်ရန် EXP ၁၀၀၀ခန့်သာ လိုတော့၏။ မိနစ်၃၀ထဲနှင့် ရှီဖုန်း၏ အဆင့်သည် အနီရောင်သစ်ရွက်မြို့တော်တွင် အမြင့်ဆုံးသို့ ရောက်သွားသည်။ ပုံမှန်ဆိုလျှင် သာမန်ကစားသမားများက အဆင့် ၁သို့ ရောက်ရန်အတွက် EXP 1000ကို စုဆောင်းရန် မွန်းစတားများကို ၆နာရီ၊ ၇နာရီခန့် သတ်ဖြတ်ရန် လိုအပ်သည်။

အဆင့်၀ မွန်းစတားများသည် 3 EXPကိုသာ ပေး၏။ မွန်းစတားများကို ရှာရန် ၊ ပြန်လည်ကုသရန်ကဲ့သို့ တချို့ကိစ္စများအတွက် အချိန် လိုအပ်သည်။ ထို့ကြောင့် သာမန်ကစားသမားတစ်ဦးက အဆင့်၁သို့ ရောက်ရန် ၁၀နာရီခန့် အချိန်ယူရလိမ့်မည် ဖြစ်သည်။

“ပြိုင်ဘက်ကင်းတာဝန်က တစ်ကယ်ကို ရက်ရောတာပဲ… ငါက အဆင့် သုညနဲ့ အောင်မြင်လို့များလား… “ ရှီဖုန်းက ဝေခွဲမရနိုင်ဟန်ဖြင့် ရေရွတ်လိုက်သော်လည်း ရရှိသည့် ဆုလာဒ်များကြောင့် အလွန်ပျော်ရွှင်နေ၏။

ယခင်ဘဝ၌ ရရှိသည့် ဆုလာဒ်က ယခုလောက် မများပြားပေ။ EXP ပမာဏ တူသော်လည်း ကျွမ်းကျင်မှုအမှတ်ကတော့ မတူပေ။ ရှီဖုန်းက ကျွမ်းကျင်မှုအမှတ် ၂၀နှင့် တန်ဖိုးကြီးရတနာသေတ္တာကို ရစဉ်တွင် ယခင်ဘဝက တာဝန်အောင်မြင်ခဲ့သည့်ကစားသမားက ကျွမ်းကျင်မှုအမှတ် ၁၀မှတ်နှင့် နူးညံ့သောရတနာသေတ္တာကိုသာ ရရှိခဲ့သည်။

အခမဲ့ကျွမ်းကျင်မှုအမှတ်များသည် နတ်ဘုရားနယ်မြေတွင် အလွန်အဖိုးတန်၏။ တာဝန်တစ်ခုတွင် အခမဲ့ကျွမ်းကျင်မှုအမှတ်သည် ရှားရှားပါးပါး ၃မှတ်မှ ၅မှတ်အထိသာ ပေးသော်လည်း ယခုပြိုင်ဘက်ကင်းတာဝန်ကတော့ အမှတ် ၂၀ ပေး၏။

“ထင်ထားတဲ့အတိုင်း ငါ့ကို စိတ်မပျက်စေဘူးပဲ… နူးညံ့သောရတနာသေတ္တာကို ငါ မရပေမဲ့ အဲ့ထက်ပိုကောင်းတဲ့ တန်ဖိုးကြီးရတနာသေတ္တာကို ရလာခဲ့တယ်… “ ရှီဖုန်းက ရတနာသေတ္တာကို ဂရုတစိုက်ဖြင့် ကိုင်ထားပြီး ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

EXP နှင့် ကျွမ်းကျင်မှုအမှတ်များက အလွန်ကို ကောင်းမွန်သော်လည်း ရှီဖုန်းလိုချင်သည့် အရာသည် ရတနာသေတ္တာအတွင်းမှ အိုင်တမ်(Item)သာ ဖြစ်၏။ အနာဂါတ်အတွက် အဆင့်တက်ရန်နှင့် ပိုက်ဆံရှာရာတွင် အိုင်တမ်ကောင်းတစ်ခုက လိုအပ်ပေသည်။ အထဲမှ အိုင်တမ်သည် ကျွမ်းကျင်အဆင့် ကစားသမားများ အရူးအမူး လိုချင်လောက်သည့် ထိပ်တန်းအဆင့် အိုင်တမ်တစ်ခုလည်း ဖြစ်နိုင်သည်။ သို့သော်လည်း တစ်ခုခုသာ အမှားအယွင်း ဖြစ်သွားပါက ရှီဖုန်းသည် သေလောက်အောင် ငိုကြွေးမိပေလိမ့်မည်။

အပိုင်း ၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset