ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၄၆ – နတ်ဆိုးဆန်သည့်ခွန်အား
ဟူရှန်း သွားများပေါ်လာသည်အထိ ပြုံးပြလိုက်သည်။ “အဲဒါအကောင်းဆုံး ဖြစ်မှာပါ”
ထို့နောက် သူ အခန်းထဲမှ လူအားလုံးကို ကြည့်လိုက်သည်။ သူတို့အားလုံးသည် သူ့ထက် အရင်ရောက်သည့်သူများပင်။
“အားလုံးကို ပြန်သွားကြဖို့ အကြံပေးချင်ပါတယ် .. မစ္စကျန်းကို မနှောက်ယှက်ကြပါနဲ့..” ဟူရှန်းပြောလိုက်သည်။
သူတို့ ဘာများ ပြောနိုင်မည်နည်း.. သူတို့ ဤသားရဲမျိုးနွယ်စုလူငယ်များကို ရန်စနိုင်ရန် အစွမ်းသတ္တိမရှိကြောင်း စဉ်းစားမိသွားပြီးနောက် သူတို့ မဆန့်ကျင်ရဲကြတော့။ မူမိသားစုမှလူပင် ဤကဲ့သို့ အကန်ခံနေရသည်ပင်။
တံခါးအပြင်ဘက်မှ မူကျွောမှာ ရှုန်းခွန်၏ နင်းခြေခြင်းကို ခံနေရပြီး ခဏကြာပြီးနောက် နာကျင်မှုကြောင့် သူ သတိလစ်သွားတော့သည်။
“အား … နတ်ဘုရားမကျန်း .. တိုက်ဆိုင်လိုက်တာ..” ထိုအချိန်တွင် အမျိုးသားတစ်ဦး လမ်းလျှောက်လာကာ ကျန်းလော့ရှန်းကို ရင်းနှီးစွာ နှုတ်ဆက်လိုက်သည်။
“ကျိုးရိထျန်း..” ကျန်းလော့ရှန်း အံကြိတ်၍ သူမကို စိုက်ကြည့်လိုက်သည်။ သူမ ဤလူကို မုန်းတီးလွန်းလှသည်။ ဤလူကြောင့် သူမ ရုပ်ရှင်ထဲ ပါသွားခဲ့ရခြင်းပင်။
ကျိုးရိထျန်းသည် သူမ၏ တုန်ခါနေသည့်အသံကို မကြားသလိုဟန်ဆောင်လိုက်ပြီး ဖော်ရွေစွာ ပြုံးလိုက်သည်။ “နတ်ဘုရားမကျန်းက တော်တော်လေး ဉာဏ်ကောင်းတာပဲ .. ကျွန်တော်တို့ တစ်ခေါက်ပဲ တွေ့ဖူးတာတောင် ကျွန်တော်က နတ်ဘုရားမစိတ်ထဲ စွဲထင်နေတဲ့အတွက် ဂုဏ်ယူမိပါတယ်”
“ရှင့်ဖင်ကိုပဲ ဂုဏ်ယူနေလိုက်..” ကျန်းလော့ရှန်း သူ့ကို အော်ဟစ်ဆဲဆိုပြီး ပါးရှစ်စိတ်ကွဲအောင် ရိုက်ချင်သည်မှလွဲ ဘာမှမလုပ်ချင်။
သူ့ရုပ်ရှင် ပရိုမိုးရှင်းဆင်းရန်အတွက်နှင့် ဝက်စီးသည့်မိုးကြိုးနှင့် နွားနတ်ဘုရားနှင့်ကျန်းလော့ရှန်းကြားမှ နှစ်ညသုံးရက်ကဲ့သို့သော ကောလဟာလများ ထုတ်လွှင့်ခဲ့သူမှာ ဤကျိုးရိထျန်းပင်။
သူသည် ပေါက်ကွဲစေလောက်သည့်သတင်းများ တစ်ခုပြီးတစ်ခု တင်ခဲ့ကာ သူမကို ထိပ်တန်းရှာဖွေမှုသို့ ရောက်အောင် လုပ်ခဲ့သည်။ နောက်ဆုံး သူမ ချန်ပီယံဆုခွတ်ဆူးသွားသည်အထိပင်။
သတင်းကောင်းသာဆိုလျှင် ကိစ္စမရှိ။ သို့သော် ယခုတော့ သတင်းအားလုံးမှာ မကောင်းသတင်းများဖြစ်ပြီး သူမ ချူဖုန်းဖိထားသည်ကို ခံရသည့်ဓာတ်ပုံတစ်ပုံပင် ပါနေသေးသည်။
နောက်ဆုံးတွင် သူမ ကိုယ်ဝန်ရှိနေသည်ဟူသည့်သတင်းများပါ ထွက်လာခဲ့သည်။
ဤကိစ္စများ၏ ဖန်တီးရှင်ဖြစ်သည့် ကျိုးရိထျန်းကို တွေ့လိုက်ရသည့်အချိန် သူမ ဘယ်လိုလုပ် ဒေါသမထွက်ပဲ နေနိုင်မည်နည်း.. သူမအသံများ တုန်ယင်နေပြီး လူသတ်ချင်စိတ်ကို မချုပ်တီးနိုင်တော့မလိုပင်။
“နတ်ဘုရားမကျန်း .. ဒါ ကျွန်တော့် လုပ်ငန်းကဒ်ပါ” ကျိုးရိထျန်း သူမနား ကပ်လာကာ သူ့ကဒ်ကို ကမ်းပေးလိုက်သည်။
ကျန်းလော့ရှန်း၏ မျက်ခုံးများ တစ်တန်းတည်း ဖြစ်သွားတော့မတတ်ပင်။ သူမ စားပွဲပေါ်မှ လက်ဖက်ရည်အိုးဖြင့် ဤလူခေါင်းကို ရိုက်ခွဲပစ်ချင်လာသည်။
ဘေးဘက်၌ ရှိနေသည့် ရှားချန်းယုလည်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဒီဒါရိုက်တာက အသိစိတ်မရှိဘူးလား .. သူက ထွက်မသွားတဲ့အပြင် လုပ်ငန်းကဒ်ကိုပါ ပေးနေသေးတယ်။
ကျိုးရိထျန်းသည် ဟူရှန်း၊ ရှုန်းခွန်နှင့် အခြားသူများကိုတွေ့သည်နှင့် သူ့မျက်လုံးများ တောက်ပလာကာ “မင်းတို့အားလုံးမှာ ထူးခြားတဲ့သွင်ပြင်ရှိကြတာပဲ .. မင်းတို့တွေက သာမန်လူတွေမဟုတ်ကြောင်း လွယ်လွယ်လေးနဲ့သိနိုင်တယ်”
ဤကဲ့သို့သော မြှောက်ပင့်မှုမှာ ရှုန်းခွန်ကို ကျေနပ်သွားစေသည်ပင်။
ရလဒ်အနေဖြင့် ကျိုးရိထျန်းသည် လေ့ကျင့်ထားသကဲ့သို့ လိပ်စာကဒ်များကို ကမ်းပေးလာရင်း သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ “ကျွန်တော့်နာမည် ကျိုးရိထျန်းပါ .. ကျွန်တော် ဒါရိုက်တာတစ်ယောက်ပါ .. မင်းတို့အားလုံးက ထူးခြားတယ်လို့ ခံစားရတယ် .. နောင်ကျရင် ကျွန်တော်တို့ အတူတူ အလုပ်လုပ်ဖို့ အခွင့်အရေးရလာလောက်တယ်”
ကျန်းလော့ရှန်းမှာ အလွန်ဒေါသထွက်နေလေပြီ။ ယခုမြင်ကွင်းမှာ သူမကို အတိတ်အား အမှတ်ရစေသည်။ ဤလူသည် တိုင်းဟန်တောင်တွင်လည်း ဤကဲ့သို့ လိပ်စာကဒ်များ ဝေခဲ့သည်ပင်။
“ခင်ဗျားက အဲဒီရုပ်ရှင်ရိုက်တဲ့ ဒါရိုက်တာလား..” ဟူရှန်း ရုတ်တရက်မေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ ဤရုပ်ရှင်အကြောင်း စုံစမ်းထားပြီးသားဖြစ်ပြီး ကျိုးရိထျန်း၏ဓာတ်ပုံအား မြင်ဖူးသည်ပင်။
“ဟုတ်တယ်..” ကျိုးရိထျန်း ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူ ဟူရှန်းကို ကြည့်လိုက်ကာ “ဒီလူကြီးမင်းက မြေခွေးဝိညာဉ်အဖြစ် သရုပ်ဆောင်ဖို့ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်လို့ ခံစားရတယ်”
ဤစကားကြားသည်နှင့် ဟူရှန်း၏အပြုံး အေးခဲသွားကာ သူ့အမူအရာလည်း မည်းမှောင်လာသည်။
ထို့နောက် သူ ရှုန်းခွန်ဘက်လှည့်လိုက်ကာ “ဒီညီအစ်ကိုက အတော်လေး ကြံ့ခိုင်သန်မာပြီးတော့ အားအင်တွေ ပြည့်နေတာ .. မင်းက ငါ့ရဲ့လာမယ့်ရုပ်ရှင်မှာ ဝက်ဝံဝိညာဉ်အဖြစ် သရုပ်ဆောင်ဖို့ အသင့်တော်ဆုံးပဲ”
ရှုန်းခွန်မျက်နှာ မည်းမှောင်သွားကာ သူ့ကို ဒေါသတကြီး စိုက်ကြည့်လာသည်။
“ဒီညီအစ်ကိုကတော့ သတ္တုဝိညာဉ်သားရဲအတွက် သင့်တော်တယ်” ကျိုးရိထျန်း၏ ပါးစပ်မှ အဆုံးမရှိသည့် စော်ကားမှုများ ထွက်ပေါ်လာလေသည်။
“ခင်ဗျား အသက်ရှင်ရတာ ပင်ပန်းနေပြီလား..” လူတစ်ယောက် ပြောလိုက်သည်။
သူတို့အားလုံး ကျိုးရိထျန်းကို လေးနက်စွာ စိုက်ကြည့်လာကြသည်။
“ခင်ဗျား ရုပ်ရှင်တဲ့ ပတ်သက်နေတဲ့သူအားလုံးကို မုန်းတယ်” ဟူရှန်း ပြောလာသည်။
ရှုန်းခွန် ခေါင်းညိမ့်လိုက်သည်။ “ငါ အဲဒီသောက်အမျိုးသားဇာတ်ဆောင်ကို အမုန်းဆုံးပဲ” သူ ပြောလိုက်သည်။
ဟူရှန်း အခြားသားရဲလူငယ်များကို ကျိုးရိထျန်းအား ပညာပေးရန် အချက်ပြလိုက်လေသည်။ သူကတော့ ဆံပင်ကိုသပ်လိုက်ကာ ကျန်းလော့ရှန်းဘက်သို့ လှည့်သွားလိုက်ကာ “မစ္စကျန်း .. သွားကြစို့ .. မစ္စကျန်းရဲ့ဧည့်သည်ရောက်လာရင် သူ့ကို ကျွန်တော့်တို့ဆီ လာခဲ့ခိုင်းလိုက် .. သူက မစ္စကျန်းကို အကြာကြီး စောင့်ခိုင်းရဲတယ် .. သူက ဘာအခွင့်အရေးရှိလို့ ဒီလောက်တောင် မောက်မာနေရတာလဲ..”
ရုတ်တရက် သူ့ဆံပင်မွေးများ ထောင်ထသွားကာ ကြောက်စရာကောင်းသည့် အရာတစ်ခုခု သူ့ကိုပစ်မှတ်ထားနေသကဲ့သို့ အလွန်မသက်မသာခံစားလိုက်ရသည်။ သူ ဤခံစားချက်နှင့် ရင်းနှီးနေသည်။
လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် ချူဖုန်း သူ့အား ပြုံးပြနေသည်ကို တွေ့လိုက်ရလေသည်။ သူသည် လန့်လွန်းသောကြောင့် အော်ဟစ်မိတော့မတတ်ပင်။
ကျန်းလော့ရှန်း စောင့်နေသည့်သူမှာ ချူဖုန်း ဖြစ်ကြောင်း သူ သိသွားလေပြီ။
အခြားသူများမှာ ချူဖုန်း ရောက်လာကြောင်း မသိကြသေး။ အထူးသဖြင့် ရှုန်းခွန်ပင်။ သူသည် ကျိုးရိထျန်း ရင်ဘတ်ကို လက်ညှိုးထိုးကာ ” သရုပ်ဆောင်တွေကို ဘယ်လိုရွေးရမလဲဆိုတာ ခင်ဗျား တကယ်သိရဲ့လား .. ခင်ဗျား အမျိုးသားဇာတ်ဆောင်ကို မှန်မှန်ကန်ကန်ရွေးခဲ့တယ်လို့ ထင်နေတာလား .. ကျုပ်ကို ရွေးလိုက်တာကမှ ပိုကောင်းလိမ့်မယ် ဟုတ်ပြီလား .. ခင်ဗျားရဲ့အမြင်က တော်တော်လေး ဆိုးတာပဲ..”
သူသည် ပြောလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေပင်။ သူ့အဘိုးရှေ့ ဒူးထောက်ကာ အရိုက်ခံခဲ့ရသောကြောင့် သူ ဒေါသထွက်နေသည်ပင်။
သူ အင်္ကျီလက်မြှောက်လိုက်ကာ ကျိုးရိထျန်းကို သင်ခန်းစာပေးရန် ပြင်ဆင်လိုက်သည်။ ကျိုးရိထျန်းကို ချူဖုန်းအဖြစ်သဘောထားပြီး ကောင်းကောင်းရိုက်နှက်ပစ်ရမည်။
ထိုအချိန်တွင် ဟူရှန်းမှာလုံးဝတိတ်ဆိတ်နေသည်။ စကားတစ်ခွန်းမှ မပြောတော့။
ရှုန်းခွန် ဟူရှန်းကို ကြည့်လိုက်ကာ “မင်းက ဘာလို့ စကားမပြောတော့တာလဲ .. ဘာလို့ အရင်တစ်ခေါက်ကလို ပါးစပ်ကြီးကို တင်းတင်းပိတ်ထားတာလဲ .. မကောင်းတဲ့မှတ်ဉာဏ်တွေတောင် ပြန်ပေါ်လာပြီ”
ယခင်တစ်ခေါက်က ချူဖုန်း ခြိမ်းခြောက်ထားသောကြောင့် ဟူရှန်းစကားတစ်ခွန်းမှ မပြောရဲခဲ့။
ထိုစကားကြားလိုက်သည်နှင့် ဟူရှန်းသည် ပါးစပ်ကို ပို၍ပင် တင်းတင်းစေ့ပိတ်လိုက်သည်။
“မင်း ဒီလိုမျိုး မလုပ်လို့ရမလား .. မင်း ငါ့ကို မသက်မသာဖြစ်အောင် လုပ်နေတာ .. မင်းက ဘယ်လိုဝစီပိတ်တရားကို ကျင့်နေတာလဲ..” ရှုန်းခွန် သူ့ကို စိုက်ကြည့်လိုက်သည်။
အခြားသူများလည်း တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိနေလေပြီ။ အနောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် သူတို့ အော်ဟစ်မိတော့မတတ် ထိတ်လန့်သွားကြရသည်။ နတ်ဆိုးကြီးရောက်လာပြီး သူတို့နောက်၌ မတ်တပ်ရပ်နေလေပြီ။
ရှုန်းခွန် ဟူရှန်းကို စိုက်ကြည့်လိုက်ကာ “မင်းကိုကြည့်လိုက်ပါဦး .. ဘယ်လောက်တောင် အထင်မကြီးချင်စရာ ကောင်းလိုက်သလဲ … အဲဒါက နတ်ဆိုးဘုရင်ချူလေးပဲ မဟုတ်ဘူးလား .. ငါတို့ ညီအစ်ကိုတွေ ဘုရင်အဆင့် ရောက်လာတဲ့အထိ စောင့်လိုက် .. အဲဒီအချိန်ကျရင် ငါတို့ သူ့ကို သွားရိုက်လို့ရပြီ”
ထိုအခိုက်အတန့် အားလုံး ထိတ်လန့်သွားရသည်။ ချူဖုန်း အခန်းထဲသို့ ဝင်လာပြီဖြစ်သော်လည်း ရှုန်းခွန်က မောက်မာနေဆဲပင်။
ချူဖုန်းကို မြင်သည်နှင့် ကျိုးရိထျန်း ပြုံးလိုက်ကာ ပြေးထွက်သွားလေ၏။
“ခင်ဗျား ရပ်နေလိုက် .. ဘယ်သူက ခင်ဗျားကို ထွက်သွားခွင့်ပေးလို့လဲ..” ရှုန်းခွန် သူ့ကို စိုက်ကြည့်လိုက်သည်။
အခြားသူများသည် သူ့အား မျက်လုံးမှိတ်ပြကာ သတိပေးရန် ကြိုးစားနေကြလေ၏။
“ညီအစ်ကို ငါတို့ ထပ်တွေ့ကြပြန်ပြီ .. ဒီနေ့က တကယ်ကို ရက်ကောင်းရက်မြတ်ပဲ..” ကျိုးရိထျန်း ရှုန်းခွန်ကို လျစ်လျူရှုကာ ချူဖုန်းကို အပြေးလေး နှုတ်ဆက်လိုက်သည်။ ထို့နောက် အလွန်ရင်းနှီးနေသည့်ပုံစံဖြင့် ချူဖုန်းကို ဖက်လိုက်လေသည်။
“နတ်ဆိုးဘုရင်ချူလား..” နောက်ဆုံးတွင်တော့ တစ်ခုခုမှားယွင်းနေမှန်း ရှုန်းခွန် သတိထားမိသွားလေပြီ။ သူသည် ကြမ်းပြင်ထက်သို့ လဲကျမလိုဖြစ်ပြီးနောက် တံခါးထံသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။
ဒုတ်..
သူ မူကျွောခန္ဓာကိုယ်ကို တက်နင်းမိသွားသည်။ သတိလစ်သွားသည့်သူမှာ နာကျင်မှုကြောင့် ပြန်နိုးသွားလေ၏။
ဘာဖြစ်နေတာလဲ .. မူကျွော ဆွံ့အနေရသည်။ သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး သူ မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ချူဖုန်းသည် လူအုပ်ထဲ၌ မတ်တပ်ရပ်နေပြီး သားရဲမျိုးနွယ်စု လူငယ်များ ကြောက်ရွံ့စွာ ခေါင်းငုံ့နေသည်ကို သူ တွေ့လိုက်ရသည်။
“မင်းတို့ကောင်တွေက တော်တော်တတ်နိုင်တာပဲ .. ငါ့အကြောင်းကို ငါ့နောက်ကွယ်မှာ ပြောနေကြတယ်ပေါ့ … ပြီးတော့ တစ်ချို့က ငါနဲ့တောင် ချချင်နေသေးတာလား..” ချူဖုန်း မေးလိုက်သည်။
“မ..မဟုတ်ပါဘူး ဘုရင်ချူ နားလည်မှု လွဲနေပါပြီ .. ဘယ်သူက ဘုရင်ချူကို တိုက်ခိုက်ရဲမှာလဲ .. ကျွန်တော်တို့ဒီရောက်နေတာက ဘုရင်ချူအစား မစ္စကျန်းကို ကာကွယ်ပေးဖို့ပါ” သားရဲမျိုးနွယ်စုတစ်ဦး ရှင်းပြလာသည်။
“ဟေး ဝက်ဝံနက် .. မင်း အဝတ်အစားတွေက တော်တော်လေး ဖက်ရှင်ကျတာပဲ .. ပတ်တီးစီးထားတာနဲ့တောင် တူနေပြီ” ချူဖုန်း ရှုန်းခွန်ကို စိုက်ကြည့်၍ ပြောလိုက်သည်။
ရှုန်းခွန် ကျိန်ဆဲချင်သော်လည်း သူ မဆဲရဲ။ “အဘိုးက ကျွန်တော့်ပါးစပ်ကြောင့် ကျွန်တော့်ကို ရိုက်ထားတာပါ .. ပြီးတော့ ဒါက နွားနတ်ဆိုးကို တောင်းပန်တဲ့သဘောလည်းပါပါတယ်” သူ ရိုးရိုးသားသားပင် ရှင်းပြလိုက်သည်။
“ပြီးတော့ ဒါက ဘုရင်ချူကို ပြန်လျော်ပေးတာဆိုလည်း ဟုတ်ပါတယ်” ရှုန်းခွန် ပြောလိုက်သည်။ သူ ချူဖုန်းကို မဆန့်ကျင်ရဲသောကြောင့် ပြုံးနေရန်သာ တတ်နိုင်တော့သည်။
“ထားလိုက်ပါတော့ .. အားလုံး ဒီမှာရှိနေတာဆိုတော့ ထိုင်လိုက်ရအောင်လေ .. အတူတူ စားကြရအောင် .. ငါတို့ ဒီအခွင့်အရေးကို အသုံးချပြီးတော့ တစ်ယောက်ကိုတစ်ယောက် ရင်းနှီးအောင် လုပ်ကြတာပေါ့..” ချူဖုန်း အားလုံးကို ဖိတ်ခေါ်လိုက်သည်။
ကျိုးရိထျန်းမှာ ချက်ချင်းပင် ပျော်ရွှင်သွားလေ၏။ ကျန်းလော့ရှန်း သူ့ကို လူသတ်ချင်သည့်အကြည့်များဖြင့် ကြည့်နေသောကြောင့်သာမဟုတ်ပါက သူ ချူဖုန်းနား ထိုင်ပြီးသွားလောက်လေပြီ။ နောက်ဆုံးတွင်တော့ သူ ဆန့်ကျင်ဘက်ခုံ၌သာ ထိုင်လိုက်ရသည်။
သားရဲမျိုးနွယ်စုလူငယ်များမှာ ဦးရေပြားများ ထုံကျဉ်လာလေ၏။ သူတို့ ဤနေရာသို့ လာမိသည်ကို နောင်တရနေကြလေပြီ။
သိထားရမည်မှာ သူတို့သည် ချူဖုန်းကို ရှောင်ချင်သောကြောင့် စကိုင်းတာဝါသို့ မသွားခဲ့ခြင်းပင်။ ထိုနေရာကို ချူဖုန်း မကြာခဏသွားကြောင်း သူတို့ သတင်းရထားသည်ပင်။
သူတို့ နေရာပြောင်းခဲ့သော်လည်း ဤနတ်ဆိုးကို မရှောင်နိုင်သေး။ ဤသည်မှာ တိုက်ဆိုင်လွန်းလှသည်။
ဟူရှန်းနှင့် ရှုန်းခွန်တို့အုပ်စုမှာ ပြုံးနေကြသော်လည်း သူတို့အပြုံးများမှာ ငိုနေသည်ထက်ပင် ပိုရုပ်ဆိုးသေးသည်။ သူတို့သည် အပ်များပြည့်နေသည့် အခင်းပေါ်၌ ရပ်နေရသကဲ့သို့ မသက်မသာဖြစ်လာပြီး ဤနေရာမှ တတ်နိုင်သမျှ မြန်မြန်ထွက်သွားချင်နေလေပြီ။
တစ်ချိန်တည်းမှာပင် သူတို့ ကျန်းလော့ရှန်းကို ခါးသီးသွားရသည်။ ဒါက သူ စောင့်နေတဲ့ ‘အရေးမကြီးတဲ့လူ’လား .. ဒါက အကြီးအကျယ်ကို လိမ်ညာတာပဲ..
“လာ .. မင်းတို့ကိုယ်မင်းတို့ မိတ်ဆက်ပေးပါဦး..” ချူဖုန်း ဖိတ်ခေါ်လိုက်သည်။
ချူဖုန်း ရှုန်းခွန်ကို အတော်လေး စိတ်ဝင်စားနေသောကြောင့် အနောက်ပိုင်းဒေသအခြေအနေများကို အသေးစိတ်မေးလိုက်သည်။ ဤသည်မှာ ရှုန်းခွန်ကို ထိတ်လန့်သွားစေခဲ့သည်။
ချူဖုန်း ဝက်ဝံနက်ကို လက်စားချေချင်သောကြောင့် ဤကဲ့သို့မေးနေခြင်းဖြစ်လိမ့်မည်ဟု အခြားသားရဲလူငယ်များလည်း သံသယဝင်သွားကြသည်။
“စိတ်အေးအေးထားပါ .. မတိုက်ခိုက်ဘူးရင် မိတ်ဆွေအစစ်မဟုတ်ဘူးဆိုတဲ့ ဆိုရိုးတောင် ရှိသေးတာပဲ .. အဲဒီတော့ ငါတို့ အခု မိတ်ဆွေအစစ်တွေ ဖြစ်သွားပြီ .. ဖြစ်ပြီးတာတွေကို ထားခဲ့လိုက်တော့ .. ငါတို့ သူငယ်ချင်းကောင်းတွေတောင် ဖြစ်လာနိုင်တယ် .. ဘယ်သူပြောနိုင်မလဲ တစ်နေ့ကျရင် ငါ မင်းတို့လူမျိုးစုကို လာလည်ရင် လာလည်မှာပေါ့”
ဤစကားမှာ အခြားသူများကို သွေးများ အေးခဲသွားစေခဲ့သည်။ ချူဖုန်း သူတို့အိမ်တံခါးကို လာခေါက်တာက ဘယ်လိုလုပ် ကောင်းတဲ့ကိစ္စဖြစ်မှာလဲ..
“ချူဖုန်း ကျွန်တော်တို့ကြားမှာ နားလည်မှုလွဲတဲ့ ကိစ္စလေးတွေ ရှိခဲ့တယ် .. ဒါပေမဲ့ ကျွန်တော် အာမခံတယ် .. နောက်ဒါမျိုးမဖြစ်စေရပါဘူး .. ကျွန်တော် မကောင်းတဲ့စိတ်မရှိစေရဘူးလို့ ကျွန်တော်ကျိန်ရဲတယ်..” ဟူရှန်း ပြောလာသည်။
ရှုန်းခွန် ထိုင်ခုံမှ ဒေါသတကြီး ထလိုက်သည်။ သူသည် မျက်ရည်ကျတော့မတတ်ပင်။ ချူဖုန်းသည် အစောပိုင်းက အနောက်ပိုင်းအခြေအနေများကို အသေးစိတ်မေးနေခဲ့သောကြောင့် သူ အနောက်ဘက်မှ နာမည်ကြီးတောင်တစ်လုံးကို သိမ်းချင်နေလျှင် သူ့တို့လူမျိုးစုမှာ ပထမဆုံးပစ်မှတ်ဖြစ်မည်ပင်။
“အစ်ကိုချူ၊ နတ်ဘုရားချူ၊ ဘိုးဘိုးချူ .. အရင်ကဖြစ်ခဲ့တာတွေက ကျွန်တော်တို့ကြားနားလည်မှု လွဲနေလို့ပါ .. နောက်ကျရင် အစ်ကိုချူနောက်မှာ အစ်ကိုချူမကောင်းကြောင်း ဘယ်တော့မှ မပြောတော့ပါဘူး .. စိတ်လျော့ပေးပါ”
ရှုန်းခွန်မှာ သူ့သဘောထားကို ပြသရန်အတွက် ငိုမတတ် ဖြစ်နေလေပြီ။ ချူဖုန်း ဝက်ဝံနက်မျိုးဆက်အား ရှင်းပစ်မည်ကို သူ ကြောက်နေသည်။
ဘေးဘက်တွင်ရှိနေသည့် ရှားချန်းယုကတော့ လုံးဝကို ဆွံ့အနေရသည်။ ဤသားရဲမျိုးနွယ်စုလူငယ်များ မည်မျှအထိန်းအကွပ်မရှိသည်ကို သူမ မြင်ခဲ့ရသည်ပင်။ သူတို့သည် မူမိသားစုမှလူကိုပင် တစ်ချက်တည်းဖြင့် လွင့်ထွက်သွားအောင် လုပ်ခဲ့သည်။
ချူဖုန်းကို မြင်လိုက်ရသည့်အချိန်တွင် ဤဝက်ဝံနက်သည် ကြောင်ပေါက်လေးကဲ့သို့ ဖြစ်သွားပြီး ခွင့်လွှတ်မှုကို တောင်းခံနေသည်။
ကျန်းလော့ရှန်းလည်း သက်ပြင်းချလိုက်ရသည်။ ချူဖုန်း သားရဲမျိုးနွယ်စုများအား အတိုင်းအတာတစ်ခုထိ ခြိမ်းခြောက်နိုင်လိမ့်မည်ကို သူမ သိပြီးသားဖြစ်သော်လည်း ဤမျှထိဖြစ်လိမ့်မည်ဟု သူမ မထင်ထားခဲ့။ တစ်နေရာတည်းထိုင်ရုံဖြင့်ပင် အထိန်းအကွပ်မရှိသည့် သားရဲများမှာ အသက်ပင်ကျယ်ကျယ်မရှူရဲတော့။
ဘောဓိအဖွဲ့ အဘယ်ကြောင့် ချူဖုန်းနှင့် ဤမျှပူးပေါင်းချင်နေသည်ကို သူမ နားလည်သွားလေပြီ။ ဤလူမှာ အလွန်စွမ်းအားကြီးသည့် လူသတ်စက်ပင်။
“ထားလိုက်ပါတော့ .. မင်းတို့တွေ သွားလို့ရပြီ .. မင်းတို့ကို ဒီလိုမျိုးမြင်နေရတာ စားသောက်ချင်စိတ်တောင် မရှိတော့ဘူး .. ပြီးတော့ တံခါးနားကလူကိုလည်း မင်းတို့နဲ့အတူတူ ခေါ်သွားလိုက်” ချူဖုန်း ပြောလိုက်သည်။
သူ မူကျွောကို မှတ်မိသည်။ သူ့နာမည်ကို မသိသော်လည်း ဤလူကို မူထျန်းနှင့်အတူ တွေ့ဖူးသည်။
“ဟုတ်ကဲ့ပါ..”
လူတစ်စုမှာ မီးခိုးကဲ့သို့ ပျောက်ကွယ်သွားကြလေ၏။
“မစ္စရှား .. ကျွန်တော်တို့ နောက်တစ်ခေါက် ထပ်တွေ့ပြန်ပြီ .. ကျွန်တော်တို့ တော်တော်လေး ရေစက်ပါတယ်လို့ ခံစားနေရတယ်” ချူဖုန်း ရှားချန်းယုကို နှုတ်ဆက်လိုက်သည်။
သူ့စကားများမှာ သူမ အနာကို ဆွလိုက်သောကြောင့် ရှားချန်းယုမျက်နှာ နီရဲလာသည်။
အထူးသဖြင့် သူမတို့၏ ဘလိုင်းဒိတ်အကြောင်း တွေးမိသွားသည့်အချိန်တွင် ဤချူဖုန်းသည် အဓိပ္ပာယ်မရှိသည့်စကားများ ပြောခဲ့ခြင်းမဟုတ်ပဲ အမှန်အတိုင်း ပြောခဲ့ခြင်းဖြစ်ကြောင်း သူမ စဉ်းစားမိသွားသည်။
ဤအကြောင်း စဉ်းစားမိတိုင်း သူမ အလွန်ကသိကအောင့်ဖြစ်ရသည်ပင်။
ကျန်းလော့ရှန်းလည်း အတိတ်အကြောင်း တွေးမိသည်နှင့် အံကြိတ်သွားရသည်။ ချူဖုန်းသည် သူတို့လမ်းလွှဲသွားအောင် လုပ်ခဲ့သည်ပင်။
“ဘုရင်တစ်ဝက်အဆင့်သားရဲအသွေးအသား ၅၀၀ ဂရမ်နဲ့ သန္ဓေပြောင်းမြေကြီး ၅၀ ကီလိုဂရမ်… ဒီဈေးပဲ .. ဈေးဆစ်လို့မရတော့ဘူး”
နောက်ဆုံးတွင်တော့ သူတို့အလုပ်ကိစ္စသို့ ရောက်သွားလေပြီ။ ချူဖုန်း သူ့ဈေးကိုပြောလိုက်ပြီး မည်သည့်ညှိနှိုင်းမှုမှ လက်ခံမည်မဟုတ်ကြောင်း တစ်ခါတည်း ပြောလိုက်သည်။
ကျိုးရိထျန်းကတော့ ပြင်းထန်သည့် စကားစစ်ထိုးပွဲကိုသာ ကြည့်နေ၏။ ကျန်းလော့ရှန်း၏ မျက်နှာနှင့် နားရွက်မှာ အနည်းငယ် နီရဲနေလေသည်။ နောက်ဆုံးတွင်တော့ သူ ဤမြင်ကွင်းကို ဓာတ်ပုံရိုက်ထားလိုက်သည်။
“ကျိုးရိထျန်း … ရှင် ကျွန်မ ဓာတ်ပုံတွေကို ထပ်ဖြန့်ရဲဖြန့်ကြည့်လိုက် .. ကျွန်မရှင့်ကို သေချာပေါက် သတ်ပစ်မှာ .. ရှင့်ကိုဖမ်းပြီးတော့ သန္ဓေပြောင်းငါးမန်းတွေထဲ ပစ်ချပစ်မှာ..”
ကျိုးရိထျန်း ကဂျိုးဂကြောင် ရယ်မောလိုက်ကာ “ဒီဓာတ်ပုံက သိမ်းထားဖို့အတွက်ပါ .. ငါ ဘာပြဿနာမှ မရှာပါဘူး”
“ကျွန်မတို့ ညှိနှိုင်းလို့မရဘူးဆိုတော့ ထားလိုက်ပါတော့ .. ဒီမှာ ကျွန်မအဖေ ရှင့်ကို ပေးခိုင်းလိုက်တာ” ကျန်းလော့ရှန်း သူ့ကို ရွှေရောင်စာအိတ်တစ်အိတ်ပေးလာသည်။
ချူဖုန်း၏တောင်းဆိုမှုများမှာ ကျိုးကြောင်းဆီလျော်မှု မရှိလွန်းသောကြောင့် သူမ လက်မခံနိုင်။ ဘောဓိမျိုးရိုးဗီဇသည် အဖွဲ့အစည်းကြီးတစ်ခုဖြစ်သော်လည်း ဤမျှများပြားသည့် သန္ဓေပြောင်းမြေကြီးကို သူတို့မတတ်နိုင်။ ထို့အပြင် သူတို့ဤမျှများပြားသည့်ပမာဏရှိလျှင်ပင် သူတို့ သန္ဓေပြောင်းသစ်ပင်များ စိုက်ပျိုးရန်အတွက် လိုအပ်သေးသည်။
ချူဖုန်း စာကို ဖွင့်ဖတ်ပြီးနောက် ထူးခြားသည့်အမူအရာ ဖြစ်လာသည်။ “မင်းအဖေက ငါ့ကို မင်းနဲ့လက်ထပ်စေချင်နေတယ် .. သူက ငါတို့ကို လက်မထောင်ထားတာ”
“မဖြစ်နိုင်တာ..” ကျန်းလော့ရှန်း မျက်နှာ နီရဲသွားကာ ဒေါသတကြီး ပြောလိုက်သည်။
ထို့နောက် သူမ လှည့်ထွက်သွားလေ၏။ အဲဒီလူအိုကြီးက ဘာတွေ စဉ်းစားနေတာလဲ .. သူက ငါ့ကို ဘာမှလည်းမပြောဘူး .. ရှက်စရာကောင်းလိုက်တာ..
ထိုလူအိုကြီးသည် ဤစာကို သူမအား ပေးခိုင်းလိုက်သေးသည်။
“အာ .. မင်း မယုံရင် ဖတ်ကြည့်လိုက်..” ချူဖုန်း အနောက်ဘက်မှ အော်ဟစ်လာသည်။
ဤအခိုက်အတန့်တွင် ကျန်းလော့ရှန်းမှာ အတောင်ပံတစ်စုံပေါက်လာပြီး ပျံပြေးချင်သည်သာ သိတော့သည်။ ရှားချန်းယုလည်း ချူဖုန်းကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် သူမ သူငယ်ချင်းနောက် ပြေးလိုက်သွားလိုက်သည်။
“တကယ်ကြီးလား..” ကျိုးရိထျန်း မေးလိုက်သည်။
“အဲဒီလိုမျိုး အရိပ်အမြွက်ပြောထားတာလေ .. အဲဒီတော့ ကျွန်တော်က သူ့အတွက် စာကို အတိုချုံး ပြောပြလိုက်တာ” ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါက သင့်တော်ရဲ့လား..” ကျိုးရိထျန်း ဆွံ့အသွားရသည်။ “နတ်ဘုရားမကျန်းက တော်တော်လေး လန့်သွားတာပဲ .. သူ ချက်ချင်း အိမ်ပြန်သွားမယ်ထင်မယ်”
“သူ့အကြောင်း ဂရုမစိုက်နိုင်တော့ဘူး .. သောက်ကြစို့ .. ဒီတစ်ခေါက် အလျင်လိုနေတာဆိုတော့ သူတို့နဲ့ မဆော့နိုင်တော့ဘူး.. မဟုတ်ရင်တော့ ကျွန်တော် ချန်ထားဦးမှာ” ချူဖုန်း ပြောလိုက်သည်။
ကျိုးရိထျန်း၏ မျက်လုံးများ တောက်ပလာကာ “ချန်ထားတယ်ဆိုတာ ဘာပြောတာလဲ ညီအစ်ကို..”
“ခင်ဗျား အစားအစာကိုသာ အာရုံစိုက်ထားစမ်းပါ”
နောက်တစ်နေ့တွင် ချူဖုန်း လေဆိပ်သို့ ဦးတည်သွားလိုက်သည်။ သူ့ကျောထက်တွင် မိုးကြိုးနှင့် ဓားနှစ်လက်ပါရှိသည်။ ထို့နောက် သူ လေယာဉ်ပေါ် တက်လိုက်သည်။
လေယာဉ်နှစ်ခါပြောင်းပြီး နှစ်ရက်ဆက်တိုက် ပျံသန်းပြီးမှသာ သူ တရုတ်ပြည်အနောက်ပိုင်းသို့ ရောက်လာသည်။
“နွားဝါလေး .. ငါ တိဗက်ကို ရောက်နေပြီ” သူ လေယာဉ်ပေါ်မှ ဆင်းသည်နှင့် သူ နွားသူငယ်ချင်းနှစ်ယောက်ကို ဆက်သွယ်လိုက်သည်။
အပိုင်း ၁၄၆ ပြီး၏။