Switch Mode

Chapter – 144

လှေနံ နှစ်ဘက်နှင်းခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၄၄ – လှေနံ နှစ်ဘက်နင်းခြင်း

အင်အားအကြီးဆုံး လူသားကျွမ်းကျင်သူလေးဦး သူတို့ရပ်တည်ချက်များ ဖော်ပြလာသည့်အပြင် ချူဖုန်းတွင်လည်း ကိုယ်ပိုင်အင်အားရှိနေသောကြောင့် သားရဲဘုရင်များစွာ တုန်လှုပ်သွားရသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူက လက်လွတ်စပယ် လှုပ်ရှားရဲတော့မည်နည်း..

အမြင်ရှစ်မျိုးကျောင်း၊ ကျောက်စိမ်းဂူကျောင်းနှင့် ဂျိဒ်ကျောင်း၏ ကြောက်စရာကောင်းလှသည့် လုပ်နိုင်စွမ်းတို့ကို မည်သူက မသိပဲနေမည်နည်း.. သူတို့သာ မျိုးနွယ်စုတစ်ခုခုပေါ်၌ အာရုံစိုက်လိုက်လျှင် ထိုမျိုးနွယ်စုကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ရန် မခက်ခဲ။

သူတို့သည် ဘုရားနယ်မြေများကိုပင် အောင်နိုင်တော့မည်ဖြစ်သောကြောင့် သူတို့မည်မျှအင်အားကြီးသည်ကို ပြသနေသည်ပင်။

ထို့အပြင် ထိုက်ကျိဆရာကြီးလည်း ရှိသေးသည်။ သူသည် ဝူတုန်းတောင်ကို တစ်ယောက်တည်း သိမ်းပိုက်နိုင်ခဲ့သည့်သူပင်။

အဆင့် ၁၈ ဆိုင်ကလုန်း မုန်တိုင်းကြီး ဝင်မွှေသကဲ့သို့ တစ်လောကလုံးမှ လူများ တုန်လှုပ်သွားကြရသည်။

“မကျေနပ်တဲ့သူတွေ ငါ့ကိုလာပြီး စိန်ခေါ်လို့ရတယ်..” ချူဖုန်း ကြေငြာလိုက်သည်။ အေးအေးချမ်းချမ်းမနေကြသည့် သားရဲဘုရင်အားလုံးကို သူ စိန်ခေါ်လိုက်သည်။

“ဟုတ်တယ် .. မကျေနပ်တဲ့သူတွေအားလုံး ချူဖုန်း သူတို့တောင်တွေလာဖြိုမယ့်အချိန်ကို စောင့်နေလိုက်ကြ..” တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။

“လက်စသပ်တော့ ခေါင်းနဲ့ကိုယ် ကွဲချင်နေတဲ့ သားရဲဘုရင်တွေ အများကြီး ရှိနေတာပဲ .. ဒီလူတွေ လည်ပင်ကို ပြောင်အောင်ဆေးထားပြီးတော့ စောင့်နေသင့်တယ် .. ဒါပေမဲ့ ချူဖုန်း ဒီတစ်ခေါက်တော့ သူတို့ခန္ဓာကိုယ်ကို အကောင်းတိုင်းထားပေးပါ နေရာတစ်ခုလုံး ပြန့်ကျဲသွားအောင် မလုပ်နဲ့ .. ဟိုဓာတ်ပုံတွေက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်”

လူများစွာ သဘောတူလိုက်ကြသည်။ ချူဖုန်း ထိုသားရဲဘုရင်များအား တိုက်ခိုက်သည့်အချိန်တွင်ပင် သူတို့ လိုက်သွားချင်သေးသည်။ ဘုရင်အဆင့် လူသားကျွမ်းကျင်သူများ ထွက်ပေါ်လာပြီးနောက် လူထုမှာ စိတ်အားတက်ကြွနေကြသည်ပင်။

နောက်ဆုံးတွင်တော့ သားရဲမျိုးနွယ်စုများ ငြိမ်သွားကြလေသည်။ ပထမဆုံးစပြောခဲ့သည့် ဝက်ဝံနက်ပင် ယခုတော့ ပြန်စဉ်းစားနေရလေပြီ။ ထိုလူသားဘုရင်ကျွမ်းကျင်သူများ အုပ်စုဖွဲ့ပြီး သူ့အား လာတိုက်ခိုက်ကြမည်ကို သူ တကယ်ကြောက်သည်။

သိပ်မကြာသေးခင်က သားရဲမျိုးနွယ်စု၏ အမွေဆက်ခံသူများ ချူုဖုန်းရှေ့ ဒူးထောက်ခဲ့ကြရသည်။ ထိုသူများထဲတွင် သူ့မြေး ရှုန်းခွန်လည်း ပါဝင်သည်ပင်။

သူ ချူဖုန်းကို ဆန့်ကျင်ရန် ဆုံးဖြတ်လိုက်ခြင်းမှာလည်း သူ့မြေး၏တိုင်တန်းမှုကြောင့်ပင်။

တစ်ချိန်တည်းမှာပင် ဒေါင်းဘုရင် ငြိမ်ငြိမ်ထိုင်နေမည်မဟုတ်ဟု သူထင်သည်။ ထို့ကြောင့် ဤသည်ကို အခွင့်ကောင်းယူကာ ဒေါင်းဘုရင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ရန် သူဆုံးဖြတ်လိုက်သည်။

သို့သော် ထိုနေ့ညနေတွင် ခွန်လွန်တောင်တန်းများမှ သတင်းတစ်ခု ထွက်ပေါ်လာသည်။ “ချူဖုန်းက ငါ နွားနတ်ဆိုးရဲ့ညီအစ်ကိုပဲ .. သူ့ကို ဘယ်သူ ထိရဲလဲ..” သားရဲဘုရင်တစ်ဦး မိုးခြိမ်းသံဖြင့် အော်ဟစ်လာကာ ချူဖုန်းကို ထောက်ခံကြောင်း ပြောလာသည်။

ဤသည်မှာ နွားဝါလေး၏ နားပူနာဆာတိုက်မှုကြောင့်ပင်။

ထို့အပြင် နွားဝါလေးသည် ဤသည်ကို ဗီဒီယိုရိုက်ကာ အင်တာနက်ပေါ်သို့ တင်လိုက်လေသည်။ ထို့နောက်တွင်တော့ ထိုဗီဒီယို တစ်ကမ္ဘာလုံး ပျံ့နှံ့သွားတော့သည်။

ဤသည်မှာ သေချာပေါက် အုတ်အော်သောင်းတင်း ဖြစ်စေသည့်သတင်းပင်။

တစ်ချိန်တည်းမှာပင် နွားနတ်ဆိုးသည် ရုပ်ရှင်ထဲတွင် အရေးကြီးသည့် နေရာမှ ပါဝင်ခဲ့သည့် ‘နာမည်ကြီးသားရဲ’ တစ်ကောင်ဖြစ်သည်ပင်။

ဗီဒီယိုထဲတွင် သူ၏ကြီးမားလှသည့် ခန္ဓာကိုယ်လှသည့် ခန္ဓာကိုယ်မှာ မည်းနက်သည့် တောင်ငယ်လေးတစ်လုံးကဲ့သို့ပင်။ သူ့အော်ဟစ်သံမှာ မိုးခြိမ်းသံကဲ့သို့ တစ်လောကလုံးကို တုန်လှုပ်သွားစေခဲ့သည်။

သူ ထပ်မံအဆင့်တက်သွားပြန်ပြီထင်သည်။

“အိုး နွားနတ်ဆိုးအရှင် .. အရှင်က ကျွန်တော်တို့လောကကြီးကို ထောက်ပံ့ပေးနေတဲ့ သူရဲကောင်းပဲ .. ကျွန်တော်တို့အားလုံး အရှင့်ကို ထောက်ခံတယ် .. အရှင်နဲ့ ထာဝရမြွေဖြူကြားက အချစ်ပုံပြင်ကို ကြည့်ပြီးတော့ ကျွန်တော်တို့အားလုံး မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ကြတာ ..” လူအချို့ မှတ်ချက်ရေးလာသည်။

မှတ်ချက်၏ ပထမပိုင်းမှာ အတော်လေး ကျေနပ်စရာကောင်းသောကြောင့် နွားနက်ကြီးမှာ ဖုန်းကိုကြည့်ပြီး တပြုံးပြုံးဖြစ်နေသော်လည်း ဆက်ဖတ်နေရင်းဖြင့် သူ လန့်လာသည်။ ဒါက ဘာကြီးလဲ..

“မူး.. သောက်ကျိုးရိထျန်း .. ငါ မင်းကို အနှေးနဲ့အမြန် သတ်ပစ်မယ် .. ဇာတ်ကားတစ်ကားနဲ့ ငါ့တစ်ဘဝလုံး ပျက်စီးသွားပြီ..” နွားနက်ကြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

နွားနတ်ဆိုးကြီး၏ ကြေငြာချက်မှာ သားရဲမျိုးနွယ်စုများအား အတော်လေး အကျိုးသက်ရောက်မှု ရှိခဲ့သည်ပင်။

“နွားနတ်ဆိုး .. ဒါက ဘာအဓိပ္ပာယ်လဲ..” ဝက်ဝံနက်ကြီး သူ့ကို ပြောလာသည်။

သူသည်လည်း အနောက်ပိုင်းတွင် နာမည်ကြီးသည့် ဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်သောကြောင့် သူလည်း မောက်မာလှသည်ပင်။ ထို့အတူ ချူဖုန်းကို အရင်ဆုံး ဆန့်ကျင်သည့်သူလည်း ဤဝက်ဝံနက်ပင်။

“လမ်းဘေးဝက်ဝံကောင် .. မင်းက ဒီဘုရင်ကြီးကို မေးခွန်းထုတ်ရဲတယ်ပေါ့ .. မင်း မကျေနပ်ရင် ငါကိုယ်တိုင် မင်းအိမ်ကိုလာပြီး သားရဲကောင်းဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာ ငါ လာသင်ပြပေးမယ်..”

ဝက်ဝံနက်ကြီးမှာ ရုတ်တရက် ယုံကြည်ချက်များ ပျောက်ကွယ်သွားသည်။ သူ၏ဖြီးလုံးများဖြင့် နွားနက်ကြီး ကြောက်သွားအောင် ခြောက်လိုက်ခြင်းဖြစ်သော်လည်း နွားနက်ကြီး ကြောက်မသွား။

ထို့နောက် နွားနက်ကြီးသည် နွားဝါလေးနှင့်အတူ ကျူးကျော်မည့်အစီအစဉ်ကို ဆွေးနွေးလိုက်သည်။

သိထားရမည်မှာ နွားဝါလေးလည်း သားရဲဘုရင်ဖြစ်သွားပြီဖြစ်သောကြောင့် သူတို့နှစ်ဦးသာ ပူးပေါင်းတိုက်ခိုက်လျှင် မည်သည့်သားရဲဘုရင်က သူတို့ကို တားဆီးနိုင်မည်နည်း..

သူတို့ ဤညတိုက်ခိုက်မည့်သတင်းကို တမင်သက်သက် ပေါက်ကြားသွားစေလိုက်သည်။

ခွန်းလွန်တောင်ကို သားရဲဘုရင်တစ်ကောင်တည်းမှ ပိုင်ဆိုင်ထားခြင်းမဟုတ်ပဲ သားရဲများစွာမှ ပိုင်ဆိုင်ထားခြင်းပင်။

ဤညတွင်တော့ ဝက်ဝံနက်ကြီးမှာ မအိမ်နိုင်တော့။ သူသည် တစ်ကိုယ်လုံး အစိမ်းရောင်သန်းလာသည်အထိ ကြောက်ရွံ့နေလေသည်။ တရုတ်နိုင်ငံအနောက်ပိုင်းမှ နွားနက်အဖွဲ့မှာ မည်မျှကြောက်စရာကောင်းသည်ကို သိနေသောကြောင့် သူ ထွက်ပင်ထွက်ပြေးချင်နေလေပြီ။

ယခုအချိန်တွင် ခွန်းလွန်တောင်မှ သားရဲမျိုးနွယ်စုများမှာ နံပါတ်တစ် သားရဲများပင်။ သူတို့သည် အစောဆုံးအချိန်များတွင် ပြောင်းလဲခဲ့သည့်သူများ ဖြစ်ကြသောကြောင့် သူတို့ပူးပေါင်းသွားကြလျှင် အခြားသားရဲများ သူတို့ကို မယှဉ်နိုင်တော့။

“နွားနတ်ဆိုး .. ခင်ဗျား ကျွန်တော့်ကို အထင်လွဲနေပါပြီ .. ခင်ဗျားရဲ့ဆုံးဖြတ်ချက်က ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး..”

ဝက်ဝံနက်ကြီးမှာ တစ်ညတည်းဖြင့် လာတောင်းပန်လေ၏။

ထို့အပြင် သူသည် သူ့မြေးကိုပါ ကြိုးဖြင့်ချည်တုပ်လာပြီး ရှုန်းခွန်ကြောင့် သူ အထင်လွဲသွားခဲ့ခြင်းဖြစ်ကြောင်း ပြောလာသည်။ ထို့အပြင် သက်သေအဖြစ် သူ တောင်းပန်သည့်ပုံကို ဗီဒီယိုရိုက်ယူထားခဲ့လေသည်။

ဤသတင်းမှာ အားလုံးကို ဆွံ့အသွားစေခဲ့သည်။

“ဒါ .. ဒါက အစစ်လား..”

လူထုကြီးမှာ ကိုယ့်မျက်လုံးကိုကိုယ် မယုံကြည်နိုင် ဖြစ်နေကြသည်။

လူများမှာ ဘာထပ်ပြောရမလဲပင် မသိတော့။ ဤဝက်ဝံနက်ကြီး၏ သဘောထားပြောင်းလဲမှုမှာ မြန်ဆန်လွန်းလှသည်။

လူသားမျိုးနွယ်စုမပြောနှင့် သားရဲဘုရင်များပင် ဤလူမှာ အရှက်ကင်းမဲ့လွန်းသည်ဟု ခံစားလိုက်ရသည်။ ဤဝက်ဝံနက်မှာ အားနည်းလွန်းလှသည်။

“ဒီဘုရင်ကြီး ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်..” နွားနတ်ဆိုး ပြောလိုက်သည်။

ဒုတိယနေ့တွင် နွားဝါလေးသည် အင်အားကြီးသည့် အခြားသားရဲဘုရင်တစ်ဦးကို ရှာပြီး ချူဖုန်းအတွက် စကားပြောခိုင်းခဲ့သည်။

ဤသည်မှာ သားရဲဘုရင်များကို သူတို့၏လုပ်ရပ်များကို နှစ်ခါပြန်စဉ်းစားအောင် လုပ်လိုက်နိုင်သည်ပင်။ ချူဖုန်းကို ပေါ်တင် မတိုက်ခိုက်ရဲကြတော့။

ခွန်းလွန်တောင်မှ သားရဲဘုရင်နှစ်ဦး ပြောလာသည်ကြောင့် ခွန်းလွန်တောင်တစ်ခုလုံး မည်သူ့ဘက်ပါနေသည်ကို အားလုံးခန့်မှန်းလိုက်နိုင်ကြသည်။

သေချာပေါက် ဤသည်မှာ အားလုံးကို လှုပ်ခတ်သွားစေသည်ပင်။

သားရဲမျိုးနွယ်စုများမပြောနှင့် လူသားများပင် လက်ရှိအခြေအနေကို နားမလည်နိုင်တော့။

“နတ်ဘုရားချူက တကယ်ကို အင်အားကြီးတာပဲ .. သူက လေလံနှစ်ဘက်နင်းနေတာ..”

“လျှောက်ပြောမနေနဲ့ … ဘာကို လေလံနှစ်ဘက်နင်းတာလဲ..”

“ငါ ပြောတာဘာမှားလို့လဲ .. ဝူတုန်းတောင်က ဘိုးဘေးက သေချာပေါက် ‘အမှန်တရားဘက်တော်သား’လေ၊ နွားနက်ကြီးကတော့ အရမ်းကို မှောင်မည်းလွန်းတယ် .. သူ့ခြိမ်းခြောက်တဲ့ပုံနဲ့ဆိုရင် သူက ‘မြေအောက်လောက’က လူနဲ့ တူနေတယ်”

ဤစကားကြားလိုက်ရသည့်သူအားလုံး ဆွံ့အသွားကြရသည်။ ဤအချက်ကို ငြင်းစရာမရှိ။

နွားနက်ကြီးမှာ ဤမှတ်ချက်ကိုမြင်သည်နှင့် သူ့နှာခေါင်းမှ အငွေ့များ ထွက်လာသည်။ သူက ဘယ်လိုလုပ် မြေအောက်လောကက မာဖီးယားနဲ့တူသွားတာလဲ .. သူသည် တစ်နေ့ကျရင် သူတော်စင်ဘိုးဘေးဖြစ်လာမည့်သူဟု အမြဲတမ်း ကြွေးကြော်နေခဲ့သည့်သူပင်။

လူထုမှာတော့ သားရဲများ ချူဖုန်းအား ထောက်ပံ့ပေးနေသည်ကို မြင်လိုက်သည်နှင့် သူတို့ စိတ်သက်သာရာရသွားသည်။

အပြင်ဘက်လောက၌ အုတ်အော်သောင်းတင်းဖြစ်နေသော်လည်း ချူဖုန်းကတော့ သူ၏သိုင်းပညာ၊ လက်သီးပညာနှင့် စိတ်ဝိညာဉ်ကိုသာ ဆက်တိုက်လေ့ကျင့်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် နွားဝါလေးနှင့်လည်း အမြဲတမ်း ဆက်သွယ်နေခဲ့ကာ လက်ရှိတိုးတက်မှုများကို ဆွေးနွေးနေခဲ့သည်။

“မင်းက ဘာတွေကို စောင့်နေတာလဲ .. ဟေ့ကောင် .. မင်းအခု အရမ်းကို စွမ်းအားကြီးနေပြီကို ဘာလို့ မလှုပ်ရှားသေးတာလဲ .. ဗာတီကန်မြို့ကို ငါ ညတိုင်း အိပ်မက်တောင် မက်နေပြီ” နွားနက်ကြီး မကျေနပ်ပဲ အလောတကြီး ပြောလာသည်။

“အခုတလော ကိစ္စတွေက နည်းနည်းရှုပ်ထွေးနေပြီးတော့ ကျွန်တော့်ကို ရှာတဲ့လူတွေလည်း အများကြီး ရှိနေတာ .. ပြီးတော့ ကျွန်တော့် စိတ်ဝိညာဉ်ပညာကို အဆင့်တက်ချင်သေးတယ် .. ကျွန်တော် နည်းနည်းလောက် တိုးတက်အောင် လုပ်ချင်သေးတယ်” ချူဖုန်းပြန်ဖြေလိုက်သည်။

ထို့အပြင် အနောက်နိုင်ငံသို့ သွားသည့်ခရီးမှာ ထိုမျှကြာမည်မဟုတ်ကြောင်း သူ ပြောပြလိုက်သည်။ ယွမ်ကွေ့ကုန်းပြင်မြင့်တွင် ဥရောပသို့သွားသည့် လျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိသည်ပင်။

“စိတ်မပူနဲ့ … ငါတို့ အဲဒါကိုလည်း ထည့်စဉ်းစားထားပြီးသား .. ဒီမှာလည်း အဲဒီလိုမျိုး လမ်းကြောင်းတစ်ခုရှိတယ် .. ငါတို့က မင်းလာတာကိုပဲ စောင့်နေတာ” နွားနက်ကြီး ပြောလာသည်။

“ချူဖုန်း မြန်မြန်လာခဲ့ .. ငါမင်းကို ခွန်းလွန်တောင်နားကို အရင်လိုက်ပြမယ် .. ဘယ်သူပြောနိုင်မလဲ မင်းပစ္စည်းကောင်းတွေ တွေ့ရင်တွေ့နိုင်မှာ” နွားဝါလေး တစ်ခုခုကို အချက်ပြနေသကဲ့သို့ သူ့ကို မျက်ခုံးပင့်ပြပြီး ပြောလာသည်။

“နွားပေါက်လေး .. သူများအသီးတွေ သွားမခိုးနဲ့ .. နယ်မြေစည်းမျဉ်းတွေကို မင်း လေးစားရမယ်” နွားနက်ကြီး သတိပေးလိုက်သည်။

“ကောင်းပြီလေ .. ကျွန်တော် ဓားပျံပညာကို ကျွမ်းကျင်အောင် လုပ်လိုက်ဦးမယ် .. ခဏလောက်စောင့်ပေးဦး .. ပြီးရင် ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို လာရှာမယ်..” ချူဖုန်း ပြောလိုက်သည်။

ထိုစကား ကြားလိုက်သည်နှင့် နွားဝါလေး အံ့အားသင့်သည့် အမူအရာ ဖြစ်သွားသည်။

“ဘာဖြစ်လို့လဲ..” ချူဖုန်း နွားဝါလေးကို ထူးဆန်းစွာ ကြည့်လိုက်သည်။

“မင်း ငတုံးလား .. မင်း စိတ်စွမ်းအင်ကို သုံးနိုင်နေရင် ဘာလို့ ဓားပျံကို လေ့ကျင့်နေတာလဲ .. မင်းခန္ဓာကိုယ်ကို ရွေ့ဖို့ မင်းလေ့ကျင့်သင့်တယ်..” နွားဝါလေး အကြံပေးလာသည်။

ချူဖုန်း အံ့အားသင့်သွားရသည်။ နောက်ဆုံးတွင်တော့ သူသည် ဒဏ္ဍာရီများ၏ လွှမ်းမိုးမှုကို ခံနေခဲ့ရသည်ပင်။

“ငါ မင်းကို သတိပေးလိုက်မယ် .. ဒါက မင်း စိတ်စွမ်းအားကို မြန်မြန်ကုန်ဆုံးစေမှာ .. မင်း မပြင်ဆင်ထားပဲနဲ့ မစမ်းနဲ့..” နွားဝါလေး တင်းကြပ်စွာ သတိပေးလာသည်။

“ဒီကိုသာ မြန်မြန်လာခဲ့လိုက် .. ငါ မင်းကို လှည့်ကွက်အသစ်တွေ သင်ပေးမယ်..” နွားဝါလေး မာနကြီးသည့်ဆရာတစ်ယောက်အသံဖြင့် ပြောလာသည်။

“မြန်မြန်သာ လာခဲ့စမ်းပါ .. ငါ ဒီမှာ အကူအသစ်တွေ့ထားတယ် .. ငါတို့ ဗာတီကန်မြို့ကိုသွားပြီးတော့ အကျိုးအမြတ်အများကြီး ရအောင် လုပ်ကြမယ် .. စဉ်းစားကြည့်လိုက်စမ်းပါ .. အဲဒီမှာ ဝတ်မှုန်တွေ၊ တောက်ပတဲ့ပွင့်ဖတ်တွေရှိတဲ့ ဥယျာဉ်ကြီးရှိနေတာ .. အဲဒီထဲဝင်သွားလိုက်နိုင်တာနဲ့ ဆက်တိုက် အဆင့်တွေ တက်ပြီးတော့ ဘယ်တော့မှ ပြန်ထွက်ချင်တော့မှာ မဟုတ်ဘူး” နွားနက်ကြီး အလောတကြီး ပြောလာသည်။

“ပြီးတော့ နောက်တစ်ချက်က မင်းခွန်အားကို တိုးတက်စေနိုင်တဲ့ အကောင်းဆုံးနည်းလမ်းက တိုက်ပွဲအစစ်တွေပဲ .. အဲဒီမှာ စွမ်းအားကြီးတဲ့ သားရဲဘုရင်တွေ အများကြီးရှိတယ် .. အဲဒီအချိန်ကျရင် မင်း သူတို့ကို မင်းရဲ့ဓားပျံနဲ့သတ်ပြီး မင်းပညာတွေကို လေ့ကျင့်လို့ရတယ်” နွားနက်ကြီး စိတ်လှုပ်ရှားစွာ ပြောလာသည်။

ချူဖုန်း စိတ်ဝင်စားသွားပြီး ချက်ချင်းလှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။

သူ ကျောင်း၌ သီးသန့်လေ့ကျင့်မည်ဖြစ်သောကြောင့် အချိန်တစ်ခုထိ အိမ်ပြန်လာမည်မဟုတ်ကြောင်း သူ့မိဘများကို ပြောလိုက်သည်။ သူ့မိဘများကို သူ့အတွက် စိတ်မပူစေချင်။

“မင်းက အနောက်နိုင်ငံကို သွားချင်တာလား..” ချူဖုန်း အစီအစဉ်ကို ကြားလိုက်ပြီးနောက် လုထုန် အံ့အားသင့်သွားရသည်။ ဗာတီကန်မှာ ပြဿနာရှာ၍ရသည့်နေရာမဟုတ်ကြောင်း သူ လေးနက်စွာ သတိပေးလိုက်သည်။

“အနောက်နိုင်ငံက ဒဏ္ဍာရီတွေက အဲဒီဥယျာဉ်ကနေ စလာတာလို့ ပြောကြတယ် .. အတိအကျပြောရရင် အဲဒီဒဏ္ဍာရီလာပုဂ္ဂိုလ်တွေက အဲဒီဥယျာဉ်ထဲမှာ ကြီးထွားလာတာ” လုထုန် သူ့ကို ထိတ်လန့်စရာကောင်းသည့် သတင်းတစ်ခု ပြောပြလာသည်။

“အဲဒါဆိုရင် ကျွန်တော် ပိုပြီးတော့တောင် စိတ်ဝင်စားသွားပြီ .. ကျွန်တော် အဲဒီကို ကိုယ်တိုင်သွားကြည့်ရမယ်” ချူဖုန်း၏မျက်လုံးများ အရောင်တောက်လာသည်။

အပိုင်း ၁၄၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset