Switch Mode

Chapter – 143

ကမ္ဘာမြေ တုန်လှုပ်သွားခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၄၃ – ကမ္ဘာမြေ တုန်လှုပ်သွားခြင်း

ဤသည်မှာ တကယ်ကို လောကကြီးကို တုန်လှုပ်သွားစေနိုင်သည့် သတင်းကြီးပင်။

ပန်တောင်မျိုးဆက်တွင် သားရဲဘုရင်မရှိတော့သလို အခြားဘယ်သူမှလည်း မရှိတော့။ ချူဖုန်း အားလုံးကို သတ်လိုက်လေပြီ။

ဤသတင်းမှာ ကောင်းကင်ဘုံမှ လျှပ်စီးဖြင့် ပစ်ချလိုက်သကဲ့သို့ တစ်လောကလုံးကို တုန်လှုပ်သွားစေခဲ့သည်။

လူသားမျိုးနွယ်တွင် နောက်ထပ်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦး ထပ်မံထွက်ပေါ်လာပြီး ထိုလူသည် သူ၏ပထမဆုံး လှုပ်ရှားမှုအဖြစ် စွမ်းအားကြီးသည့် သားရဲဘုရင်ကို သတ်ပြခဲ့သည်။ ထို့အပြင် သူသည် နာမည်ကြီးတောင်တစ်လုံးကို တစ်ယောက်တည်းဖြင့် သိမ်းပိုက်ခဲ့သည်။

“ငါ ဒါကို ယုံတောင်မယုံရဲဘူး”

သာမန်လူများမပြောနှင့် အင်အားကြီးအဖွဲ့အစည်းများပင် အံ့အားတကြီး သက်ပြင်းချခဲ့ကြရသည်။

အများစုမှာ ချူဖုန်းနှင့် စောစောမဆက်သွယ်မိသည့်အတွက် နောင်တရနေကြသည်။ ချူဖုန်းနှင့် အဆက်အသွယ်ရှိသည်မှာ ထို သားရဲဘုရင်မျိုးဆက်များ၏ဖင်ကို လျက်နေရသည်ထက် ပိုကောင်းသည်ပင်။

ချူဖုန်းသည် ဤမျှငယ်ငယ်လေးဖြင့် ဘုရင်အဆင့်သို့ ရောက်ခဲ့သည့်အပြင် တစ်မြို့လုံးကို သတ်ဖြတ်ပစ်နိုင်သည့် သားရဲဘုရင်များနှင့်ပင် အဆင့်တူနေပြီဖြစ်သည်။

ဤကဲ့သို့သော စွမ်းအားရှင်မျိုးကို မည်သူက မရင်းနှီးချင်ပဲ နေမည်နည်း..

“အမတချူလို့ကို မပြောရဘူး .. ပန်တောင်မျိုးဆက်က သူတို့ကို သွားတောင်းပန်ဖို့ ပြောခဲ့တာလေ .. အခုတော့ ဘယ်လိုဖြစ်သွားပြီလဲ .. သူပဲ ချူဖုန်း လက်သီးအောက် ရောက်သွားတာ”

လူများစွာမှာ ကျေနပ်စွာပင် ပြောဆိုနေကြသည်။

အင်တာနက်ပေါ်၌ ဓာတ်ပုံအချို့ ပေါက်ကြားလာသည့်အချိန်တွင် လူများမှာ ပို၍ ကြောက်လန့်ကာ အံ့အားသင့်သွားခဲ့ကြရသည်။ မြေပြင်ထက်၌ ကြီးမားလှသည့် မြွေပါအလောင်းများ ပြန့်ကျဲနေပြီး အားလုံးမှာ မြှားတစ်စင်းတည်းဖြင့် အသတ်ခံထားရသည်။

အထူးသဖြင့် သားရဲဘုရင်ပင်။ သူသည် ချူဖုန်း၏လက်သီးချက်အောက် ပေါက်ကွဲသွားပြီး တောင်ထိပ်တစ်ခုလုံးကို သွေးများ စွန်းထင်းစေခဲ့သည်။ ဤမြင်ကွင်းမှာ တကယ်ကို ကြောက်စရာကောင်းလှသည်ပင်။

“သားရဲမျိုးနွယ်စုတွေ အခု မကြောက်ကြဘူးလား .. ချူဖုန်းက အခု ဘုရင်အဆင့် ကျွမ်းကျင်သူ ဖြစ်နေပြီ .. အမြဲတမ်း ဝံ့ကြွားနေတဲ့ အဲဒီသားရဲမျိုးနွယ်စုတွေ ဘယ်ရောက်သွားပြီလဲ .. သူတို့ မထွက်လာရဲတော့ဘူးလား..”

“ဒီတိုက်ပွဲက လူသားမျိုးနွယ်စုတစ်ခုလုံးအတွက် အရမ်းအရေးပါတယ် … အခုတော့ သားရဲမျိုးနွယ်စုတွေ ပြဿနာရှာချင်ရင် သူတို့နှစ်ခါပြန် စဉ်းစားရလိမ့်မယ်”

ဤအဖြစ်အပျက်မှာ နိုင်ငံ့တစ်ဝှမ်းကို လှုပ်ခတ်သွားစေခဲ့သည်။

သားရဲမျိုးနွယ်စုများကိုပင် ထိခတ်မှုများ ရှိနေသည်။

သားရဲဘုရင်တစ်ကောင် ကျဆုံးသွားသောကြောင့် စွမ်းအားကြီး ကျွမ်းကျင်သူများမှာ ခဏရပ်တန့်သွားကာ ကြက်သီးများ ထလာကြလေသည်။

“ဒီလူက အရမ်းအန္တရာယ်များတယ် .. ငါတို့ သူ့စည်းကို ကျော်လိုက်တာနဲ့ မျိုးနွယ်စုတစ်ခုလုံးကို အညှာအတာမရှိ ရှင်းပစ်လိမ့်မယ် .. တစ်ယောက်မှ အရှင်ထားမှာမဟုတ်ဘူး .. ငါတို့ သူ့ကို ရန်မစသင့်ဘူး”

“သူ့နေ့စဉ်ဘဝမှာတော့ သူက အန္တရာယ်များတဲ့ပုံ မပေါ်ဘူး .. သူက အမြဲတမ်း တောက်တောက်ပပပြုံးနေတာ .. သူ့သူငယ်ချင်းဖြစ်သွားတာနဲ့ သူနဲ့အတူတူ စကားပြောပြီး သောက်လို့ရတယ်”

အချိန်တိုအတွင်းမှာပင် သားရဲဘုရင်များစွာသည် ချူဖုန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ရရှိလိုက်ပြီး ချူဖုန်း၏ စိတ်နေစိတ်ထား၊ သူအလေးထားသည့်အရာများ စသည်တို့ကို အလေးအနက်ထား လေ့လာကြလေတော့သည်။

သာမန်သားရဲများပင်မပြောနှင့် သားရဲဘုရင်များပင် စိုးရိမ်လာကြသည်။ သူ့ကို တိုက်ခိုက်တဲ့သူအတွက် ဘယ်လိုရလဒ်မျိုး စောင့်ကြိုနေမှာလဲ..

ချူဖုန်း ဖြစ်ချင်သည့်အတိုင်း ဖြစ်လာခဲ့လေပြီ။ သူ ပန်တောင်ကိုတိုက်ခိုက်ပြီး သူတို့ကျွမ်းကျင်သူများအား သတ်ခဲ့ရခြင်းမှာ ဤလူများ သူ့မိဘများကို ထိခဲ့ခြင်းကြောင့်ဖြစ်မှန်း အားလုံး သိသွားကြလေပြီ။

သူ့မိဘများကို ထိလျှင် သူ့ကိုထိသည်ထက် ပိုဆိုးလိမ့်မည်ဟု လူအချို့ တွေးမိသွားကြသည်။

ချူဖုန်း အသက်ရှင်နေသရွေ့ မည်သူမှ သူ့မိဘကို မလေးမစား မဆက်ဆံသင့်။

အမှန်တကယ်တွင် လူသားများလည်း တိုက်ပွဲအခြေအနေကို ဆန်းစစ်ရင်း အလုပ်ရှုပ်နေခဲ့ကြသည်ပင်။ အင်အားကြီးအဖွဲ့အစည်းများသည် အဆက်အသွယ်မျိုးစုံကို အသုံးပြုကာ ပန်တောင်၏တိုက်ပွဲအခြေအနေကို နားလည်အောင် ကြိုးစားနေကြလေသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ချူဖုန်းနှင့်ဆက်သွယ်ရန် လူများစွာကို စေလွှတ်ခဲ့ကြလေ၏။

ဒိမ်ဒီအုပ်စုမှ လင်းမိသားစုစံအိမ်တွင်

“ဘယ်သူက ချူဖုန်း နွိုင်နား ရောက်လာတာကို တားခဲ့တာလဲ … ဒီလောက်ကောင်းတဲ့သားမက် ငါတို့အိမ်တံခါးလာခေါက်တာတောင် ငါတို့က သူ့ကို မောင်းထုတ်ခဲ့တယ် .. တကယ်ကို အမြင်မရှိခဲ့ကြတာပဲ..” ရွှေရောင်သန်းနေသည့်အသားအရေနှင့် လူအိုကြီးတစ်ဦး ပြောလိုက်သည်။

“ဦးကြီး ဒေါသမထွက်ပါနဲ့ … အဲဒီတုန်းက ကျွန်တော်တို့ သူ့ကို အနိုင်မကျင့်ခဲ့ဘူးလေ .. ပြီးတော့ ဘယ်သူကများ လင်းနွိုင်ကို ထိန်းချုပ်နိုင်မှာလဲ .. မည်သူက သူ့ကို ထိန်းရဲမှာလဲ .. သူ့မှာ သူ့အကြံနဲ့သူ ရှိပြီးသားပါ .. ချူဖုန်းက သူ့အတွက် သင့်တော်တယ်လို့ သူထင်ရင် ကျွန်တော်တို့ သူ့ကို ခွင့်ပြုပေးသင့်တယ် .. ကျွန်တော်တို့ ဘယ်သူမှ သူ့စိတ်ကို မသိသလို သူ့ကိုလည်း မတိုက်တွန်းရဲဘူး .. တစ်နေ့ကျရင် သူ ဒီအိမ်ကနေ ထွက်သွားတာလည်း ဖြစ်နိုင်တယ်”

အစည်းအဝေးခန်းထဲ၌ သူတို့ တီးတိုးပြောနေကြခြင်းပင်။

အပြင်ဘက်တွင်ရှိနေသည့် ရှုဝမ်ရိကတော့ လူသေကဲ့သို့ ဖြူဖျော့နေလေပြီ။ ချူဖုန်း ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့။

သူမအတွက်တော့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ ချူဖုန်း အောင်မြင်မှုအား ကြားလိုက်ရသည့်အချိန်က သူမ သတိလစ်မတတ် ဖြစ်ခဲ့သည်ပင်။ ယခုအချိန်ထိ သူမ မအိပ်နိုင်၊ မစားနိုင်ဖြစ်နေဆဲ။

ဘောဓိမျိုးရိုးဗီဇအုပ်စုတွင် လူအချို့ အသည်းအသန်‌ ဆွေးနွေးနေကြသည်။

“ငါကြားတာ ကျန်းလော့ရှန်းက အဲဒီလူငယ်လေးနဲ့ ဆက်ဆံရေးတစ်ချို့ ရှိတယ်ဆို .. သူတို့နှစ်ယောက်က အခုတလောတင် တိတ်တိတ်လေး တွေ့ခဲ့ကြသေးတယ် .. အဲဒီအကြောင်း သတင်းတောင် တက်လာသေးတယ်မလား .. ငါတို့ သူတို့ကို တွန်းပို့ပေးသင့်လား..” ငွေရောင်ဆံပင်နှင့်လူအိုကြီးတစ်ဦး ပြုံး၍ မေးလိုက်သည်။

ဤအုပ်စုထဲရှိလူများမှာ သူတို့နဖူးထက်မှ ချွေးများကို သုတ်လိုက်သည်။ ဤလူအိုကြီးမှာ သူ အမှားလုပ်မိမှန်းပင် သတိမထားမိ။ ကျန်းလော့ရှန်းက တကယ် ကိုယ်ဝန်ရှိနေတာလို့ သူ ထင်နေတာလား .. သူမသာ ဤကဲ့သို့ ဆွေးနွေးနေသည့်အကြောင်း သိသွားပါက သူမ ဤလူအိုကြီး၏ မုတ်ဆိတ်မွေးများကိုပင် ဆွဲနှုတ်ပစ်လိမ့်မည်။

“ဘိုးဘိုးနှစ် .. ဒီကိစ္စကို ကျွန်တော်တို့ လော့ရှန်နဲ့ ဖြည်းဖြည်းချင်း ဆွေးနွေးလို့ရပါတယ်”

အသက် သုံးဆယ်ကျော်အမျိုးသားတစ်ဦးမှ ပြောလာသည်။ အထက်လူကြီးများထဲတွင်တော့ သူသည် အတော်လေးငယ်သည်ဟု ပြော၍ရသည်။

အခြားသူများ သူ့ကို စိုက်ကြည့်လာကြလေ၏။ ကျန်းလော့ရှန်းအဖေပင် သူ့ကို မျက်စောင်းထိုးကြည့်လာသည်။ သူ့ညီလေးမှာ ရိုးအလွန်းသည်ဟု သူခံစားလိုက်ရသည်။ သူသည် ကျန်းလော့ရှန်းနှင့် သခင်ကြီးကို ရန်ပွဲဖြစ်အောင် လုပ်နေသည်။

“ကျွန်တော်တို့ တစ်လှမ်းချင်းသွားဖို့လိုတယ်” အခြားသူများ ပြောလာကြသည်။

ထော်ဂုကျောင်း၊ နိုင်ငံခြားယဉ်ကျေးမှုလေ့လာရေးကျောင်းနှင့် အခြားအဖွဲ့အစည်းများလည်း ဆွေးနွေးနေကြသည်ပင်။ သူတို့ ချူဖုန်းကို အဖွဲ့အစည်းထဲ ဆွဲမခေါ်နိုင်လျှင်ပင် သူနှင့် ဆက်ဆံရေးကောင်းအောင် လုပ်ထားရမည်။

ထိုနေ့တွင် သူ့ဖုန်းမပြောနှင့် သူ့မိဘဖုန်းများပင် ဆက်တိုက်မြည်နေသည်။

ချူဖုန်း ဖုန်းပိတ်ထားလိုက်ပြီး အိမ်၌ အပြည့်အဝ အနားယူလိုက်သည်။ ညစာစားချိန်တွင်တော့ သူ ကျောက်စိမ်းဂူကျောင်းထဲဝင်ကာ သူ့အင်ပါယာဓားပညာကို လေ့ကျင့်ခဲ့သည်။

သူ့ကို ချီးကျူးနေသည့်စကားသံများ၊ ကမ်းလှမ်းလာသည့် သံလွင်ခက်များမှာ သူစွမ်းအားကြီးလာခြင်းကြောင့်ဖြစ်ကြောင်း သိသာလှသည်။ သူသာ ပန်တောင်မှ သားရဲဘုရင်ကို မသတ်နိုင်လျှင် ဇာတ်လမ်းက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သည်။ သူ သေပင်သေသွားနိုင်သည်။

“အင်ပါယာဓားပညာက ပစ္စည်းတွေကို စိတ်နဲ့ထိန်းချုပ်နိုင်တဲ့ပညာလို့ ပြောလို့ရတယ်..” ချူဖုန်း တင်ပုလ္လင်ခွေ ထိုင်လိုက်သည်။

ဝှစ်..

အနီရောင်ဓားပျံသည် အနီရောင်လျှပ်စီးတန်းတစ်တန်းကဲ့သို့ အလွန်လျင်မြန်စွာ လွင့်ပျံသွားသည်။

ချူဖုန်း ဓားကို ထိန်းချုပ်နေခြင်းပင်။ မီတာတစ်ရာပတ်လည်အတွင်း သူ ဓားကို ထိန်းချုပ်နိုင်သွားလေပြီ။

ဝှစ်…

ချူဖုန်း ယခုတော့ ဤဓားနှင့် အလွန်ရင်းနှီးနေပြီဖြစ်သည်။ ဤဓားသည် သူ့ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုကဲ့သို့ဖြစ်လာသည်။

ခွပ်…

သူ ဓားကို စိတ်စွမ်းအားဖြင့် ထိန်းချုပ်လိုက်ကာ အဝေး၌ ရှိနေသည့် လက်နက်များထံ ပစ်လွှတ်လိုက်သည်။ သံဖြင့်လုပ်ထားသည့်လက်နက်များမှာ ချက်ချင်းပင် နှစ်ပိုင်းပြတ်ထွက်သွားသည်။

ဝှစ်..

ထို့နောက် ဓားကို ၆၀ စင်တီမီတာကျော်ထူသည့် သတ္တုနံရံဘက်သို့ ပစ်လွှတ်လိုက်သည်နှင့် ဓားသည် နံရံကြီးကို လွယ်လွယ်ကူကူပင် ဖြတ်တောက်ပစ်လိုက်လေသည်။ ဖြတ်တောက်ခံလိုက်ရသည့်မျက်နှာပြင်လည်း အတော်လေး ချောမွတ်နေသည်ပင်။

“အင်ပါယာဓားပညာဆိုတာ တကယ်တမ်းတော့ ဓားကို စိတ်စွမ်းအင်နဲ့ ထိန်းချုပ်တာပဲ .. ဒဏ္ဍာရီတွေက အပိုတွေ ချဲ့ကားပြောထားတာ” ချူဖုန်း အံ့အားသင့်သွားရသည်။

သူသည် အလွန်လက်တွေ့ကျသည့်လူပင်။ ဤပညာကိုလည်း စိတ်ပညာတစ်ခုကဲ့သို့ လေ့ကျင့်ခဲ့သည်။ သူသာ ဒဏ္ဍာရီများကို ယုံနေလျှင် လမ်းကြောင်းအစစ်မှ သွေဖယ်သွားပြီး ခက်ခက်ခဲခဲ အဆင့်တက်ရလိမ့်မည်။

တကယ်တမ်းတွင် စိတ်စွမ်းအားကိုအသုံးပြုပြီး ပစ္စည်းများအား ထိန်းချုပ်ရာတွင် ဓားတစ်ခုတည်းမဟုတ်။ လှံတံများ၊ ရဲဒင်းများ စသည်ဖြင့် ပစ္စည်းအားလုံးကို ထိန်းချုပ်၍ရသည်။

ဝုန်း..

သူ စိတ်စွမ်းအားကို အသုံးပြုပြီး ကြီးမားလှသည့် ကြေးအိုးကြီးကို ပစ်လွှတ်ရန် ကြိုးစားလိုက်သည်။

သူ ချက်ချင်းပင် အားနည်းသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ယိမ်းယိုင်လာကာ ခေါင်းမူးနောက်လာသည်။ လေးလံသည့်ပစ္စည်းကိုထိန်းချုပ်ပြီး အဝေးသို့ ပစ်လွှတ်ခြင်းတွင် စိတ်စွမ်းအင် အတော်လေးသုံးရသည်။ သူ ခဏနားပြီးမှ နေ၍ ကောင်းသွားသည်။

“အခုအဆင့်မှာတော့ ငါ အရမ်းလေးတဲ့ပစ္စည်းတွေကို မထိန်းချုပ်နိုင်သေးဘူး .. ငါ့စိတ်စွမ်းအင်တွေ တိုးတက်လာတာနဲ့ ငါ ဒါကို နောက်တစ်ခေါက် ပြန်စမ်းလို့ရတယ်..”

သူ လက်ထဲရှိ အနီရောင်ဓားပျံကို ချိန်ကြည့်လိုက်သည်။ ဤဓားမှာ အတော်လေးပင် ပေါ့ပါးလှသည်။ မည်သည့်ပစ္စည်းဖြင့် လုပ်ထားမှန်း သူမသိ။ ဤသည်မှာ သစ်သားဓားကဲ့သို့ ပေါ့ပါးနေသည်။

သို့သော် မာကျောမှုကတော့ အတိုင်းထက်အလွန်ပင်။ ဓားမြောင်နက်နှင့် ထိပ်တိုက်တိုက်ခိုက်ခဲ့သော်လည်း သူ့ထံ၌ ပွန်းရာလေးပင် မရှိခဲ့။

“ဝိညာဉ်လက်နက်တွေက အရမ်းကို ထူးခြားပြီးတော့ ဒီလက်နက်တွေကို လုပ်ဖို့အတွက်က ထူးခြားတဲ့ပစ္စည်းတွေ လိုတာကိုး .. သာမန်အင်အားကြီးအဖွဲ့အစည်းတွေကတော့ ဒီလိုအဖိုးတန်ပစ္စည်းမျိုးကို ရနိုင်မှာမဟုတ်ဘူး”

အနည်းဆုံးတော့ သူ ယခင်က ဤကဲ့သို့သော ပစ္စည်းမျိုးကို မတွေ့ဖူး။

ချူဖုန်း စိတ်စွမ်းအားလေ့ကျင့်ခြင်းကို ရပ်တန့်လိုက်ပြီး နတ်ဆိုးလက်ဝှေ့ပညာကို လေ့ကျင့်လိုက်သည်။ ရုတ်တရက် သူ့တစ်ကိုယ်လုံး နွေးထွေးသွားပြီး ဝိညာဉ်စွမ်းအား ရင့်သန်သွားသည်ကို သူ ခံစားလိုက်ရသည်။

အစောပိုင်းက ကုန်ဆုံးသွားသည့် ဝိညာဉ်စွမ်းအင်များ ချက်ချင်း ပြန်လည်ပြည့်တင်းသွားသည်။

သူ ဆွံ့အသွားရ၏။

“လက်သီးပညာနဲ့ စိတ်ပညာကို ရှေ့ဆင့်နောက်ဆင့်သုံးရင် ရလဒ်ကောင်းတွေ ထွက်လာတာပဲ..” ချူဖုန်း ဤအချက်ကို ရှာဖွေတွေ့ရှိသွားသည်။

ထို့နောက်တွင်တော့ သူ လက်သီးပညာတစ်လှည့် စိတ်ပညာတစ်လှည့် လေ့ကျင့်နေခဲ့သည်။ သူ့ခန္ဓာကိုယ်နှင့်စိတ်နှစ်ခုလုံး အတော်လေး တိုးတက်ပြောင်းလဲသွားခဲ့လေပြီ။

“ဒီနှစ်ခုက တစ်ခုကိုတစ်ခု အားဖြည့်ပေးနေတာပဲ..” ချူဖုန်း အံ့အားသင့်ကာ ပျော်ရွှင်သွားရသည်။

ထို့နောက် သူ ထူးခြားသည့်အသက်ရှူစည်းချက်ကို သတိရမိသွားသည်။ သူ နားလည်လာလေလေ ကြောက်စရာကောင်းလှသည့် အကျိုးသက်ရောက်မှုများကို သိလာလေလေပင်။

“ဒီအသက်ရှူစည်းချက်က အရမ်းထူးခြားတယ် .. အစက ခန္ဓာကိုယ်ပဲ တုံ့ပြန်တာ .. ပန်တောင်ဘိုးဘေးနဲ့ တိုက်တုန်းကတော့ စိတ်ဝိညာဉ်ပါ တုံ့ပြန်လာတယ်..”

ဤအသက်ရှူစည်းချက်မှာ လက်သီးပညာနှင့် စိတ်ပညာများကို ပေါင်းစပ်ထားခြင်းပင်။ ဤစည်းချက်ကို ကျွမ်းကျင်ပိုင်နိုင်သည်နှင့် ခန္ဓာကိုယ်နှင့်စိတ်နှစ်ခုလုံး တစ်ချိန်တည်း တိုးတက်လာလိမ့်မည်။

ဤရက်များအတွင်းတွင် သူ ကျောက်စိမ်းဂူကျောင်းထဲ၌သာ နေကာ လေ့ကျင့်နေခဲ့သည်။ တိုးတက်မှုများမှာ အံ့မခန်းပင်။

အပြင်လောကတွင်တော့ ပွက်လောရိုက်နေလေသည်။ သူ တံခါးပိတ်လေ့ကျင့်နေသည့်အချိန်အတောအတွင်း အဖွဲ့အစည်းများစွာ သူ့ကို လာရှာနေခဲ့သည်။

နောက်ဆုံးတွင်တော့ လုထုန် သည်းမခံနိုင်တော့ပဲ ချူဖုန်းကို လာရှာကာ သူ ပုန်းနေ၍ မရတော့ကြောင်း ပြောလာသည်။ ဤနှစ်ရက်အတွင်း သူ သေချင်စော်ပင်နံနေပြီဖြစ်သည်။

ကျောက်စိမ်းဂူကျောင်းပင်လျှင် ဧည့်သည့်များကို မနိုင်တော့။

တစ်ချိန်တည်းမှာပင် သားရဲမျိုးနွယ်စု ကျွမ်းကျင်သူများလည်း သတင်းတစ်ခု ထုတ်ပြန်လာသည်။ ချူဖုန်းကို ပွင့်ပွင့်လင်းလင်းပင် ခြိမ်းခြောက်လာသည့် သားရဲဘုရင်များလည်း ရှိနေသည်ပင်။

ထို့နောက် ဒေါင်းမျိုးနွယ်စုလည်း သူတို့ရပ်တည်ချက်ကို ပြောပြလာပြီး သူတို့ ဘုရင်တစ်ဝက်အဆင့်သားရဲများကို အလကား အသေခံမည်မဟုတ်ကြောင်း ပြောလာကြသည်။

ထို့နောက် မြွေပါအိုကြီး၏ မိတ်ဆွေဟောင်းများလည်း သတိပေးချက် ထုတ်ပြန်လာကြလေသည်။

တစ်ချိန်တည်းမှာပင် ဘုရားနယ်မြေများ၌ ရောက်နေသည့် ကျောက်စိမ်းဂူကျောင်းအရှင်လည်း ပြောလာသည်။ “လက်လွတ်စပယ်လုပ်တဲ့သူအားလုံး အသတ်ခံရမယ်..”

အမြစ်ရှစ်မျိုးကျောင်းအရှင်ကတော့ ရိုးရှင်းသည့် စကားတစ်လုံးသာ ပြောလာသည်။ “အမြစ်ပြတ်သုတ်သင်ပစ်မယ်..”

ဂျိဒ်ကျောင်းမှ အရှင်ကတော့ သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် အော်ဟစ်လာလေသည်။ “သတ် သတ် သတ် သတ် သတ်…”

ထို့နောက်တွင်တော့ ဝူတုန်တောင်ကို တစ်ယောက်တည်း သိမ်းပိုက်ခဲ့သည့် ထိုက်ကျိဘိုးဘိုးလည်း ချူဖုန်းကို ထိရဲလျှင် သူ့ကို စစ်ကြေငြာလိုက်ခြင်းနှင့်အတူတူသာဖြစ်ကြောင်း ပြောလာသည်။

လူသားမျိုးနွယ်စုမှ ထိပ်တန်းကျွမ်းကျင်သူလေးဦးမှာ ချက်ချင်းပင် ချူဖုန်းကို ကာကွယ်ပေးလာကြ‌သောကြောင့် အားလုံး တုန်လှုပ်သွားခဲ့ကြသည်။

ထိုအချိန်တွင် ချူဖုန်းသည် သူ့ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားပင် ကြေငြာခဲ့လေသည်။

“ဘယ်သူ ကျုပ်ကို စိန်ခေါ်ချင်တာလဲ .. လာခဲ့လိုက် .. ကျုပ်လည်း နောက်ထပ် နာမည်ကြီးတောင်တစ်တောင်ကိုသိမ်းဖို့ စိတ်အားထက်သန်နေတာ..” သူ အလွန်သတ္တိရှိစွာပင် ပြောခဲ့သည်။

အပိုင်း ၁၄၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset