Switch Mode

Chapter – 142

အောင်မြင်မှု ထုတ်ဖော်ခံလိုက်ရခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၄၂ – အောင်မြင်မှု ထုတ်ဖော်ခံလိုက်ရခြင်း

သီးသန့်ခန်းအပြင်ဘက်တွင် အတော်လေး စည်ကားသက်ဝင်နေသည်။ မန်နေဂျာသည် စိတ်ဝင်စားနေသည့်လူအုပ်ကြီးကို ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း လူအုပ်ကြီးမှာ အတော်လေး များနေလေပြီ။

သတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ သန္ဓေပြောင်းသားရဲ၏ အမွေဆက်ခံသူများ သီးသန့်ခန်းတစ်ခုရှေ့၌ ဒူးထောက်နေသည်ဆိုသည့် သတင်းမှာ အံ့အားသင့်စရာကောင်းသည့် သတင်းပင်။ မည်သူက ဤကဲ့သို့သော မြင်ကွင်းမျိုးကို လက်လွတ်ခံမည်နည်း..

ဝက်ဝံနက်မျိုးနွယ်စုမှ ရှုန်းခွန်၊ ငါးရောင်စပ်ပရစ်ဇမ်သမင်မျိုးနွယ်စုမှ လုချင်နှင့် မြေခွေးမျိုးနွယ်စုမှ ဟူရှန်းတို့မှာ လူသိများသည့်လူများပင်။

သူတို့သည် မြေပြင်ထက်၌ ရိုကျိုးစွာ ဒူးထောက်နေကြပြီး အချို့မှာ တုန်ပင်တုန်ယင်နေကြသည်။ သူတို့ ဘာများ ကြုံတွေ့ခဲ့ရတာလဲ..

အခန်းထဲ၌ ချူဖုန်း ရှိနေကြောင်း အချို့လူများ သိကြသည်။ အစောပိုင်းက ချူဖုန်းအထဲဝင်သွားသည်ကို သူတို့ တွေ့ခဲ့ကြသည်ပင်။

“ချူဖုန်းက အထဲမှာလား .. အဲဒါဆိုရင်တော့ အံ့ဩစရာမရှိတော့ပါဘူး..” ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

ကြမ်းပြင်တွင် ဒူးထောက်နေရသည့် ရှုန်းခွန်၊ လုချင်နှင့် ဟူရှန်းတို့သည် အလွန်ရှက်လှသောကြောင့် တွင်းတစ်တွင်းတူး၍ပင် ပုန်းချင်လိုက်တော့သည်။

သို့သော် တကယ်တမ်းတွင်တော့ သူတို့ တစ်လက်မပင် ရွှေ့၍မရ။

ကမ္ဘာကြီး ပြောင်းလဲသွားပြီးနောက် သားရဲမျိုးနွယ်စုများ အလွန်လျင်မြန်စွာ စွမ်းအားကြီးလာခဲ့ကြသော်လည်း သူတို့စိတ်ထဲတွင်တော့ လူသားကို ကြောက်သည့်အကြောက်တရားများ ကြွင်းကျန်ရစ်နေဆဲပင်။ ဤသည်မှာ သူတို့မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသည့် အရာတစ်ခုပင်။

“မကောင်းတော့ဘူး .. တစ်ခုခုဖြစ်နေပြီ .. ချူဖုန်းက ပြဿနာထပ်ရှာနေပြန်ပြီ .. သူက သားရဲမျိုးနွယ်စုလူငယ်တစ်စုကို သူ့ရှေ့ ဒူးထောက်တောင်းပန်ခိုင်းနေတယ်”

ဤသတင်းသည် ဗုံးတစ်လုံးကဲ့သို့ အင်တာနက်ပေါ်၌ ပေါက်ကွဲထွက်သွားကာ လူများစွာကို အံ့အားသင့်သွားစေခဲ့သည်။

ဒါက ဘယ်လိုအခြေအနေကြီးလဲ .. နွားနတ်ဘုရားက ပြဿနာ ထပ်ရှာနေတာလား .. အခုတောင်မှ သူ အသက်အန္တရာယ်ရှိနေပြီ မဟုတ်ဘူးလား .. သူက ဘာလို့ ဒီလိုမျိုး လုပ်နေတာလဲ..

လူထုမှာ မတည်ငြိမ်နိုင်တော့။

ထွက်ပေါ်လာသသည့် ဓာတ်ပုံအချို့တွင်တော့ နာခံစွာ ဒူးထောက်နေသည့် လူငယ်များ၏ ကျောပြင်ကို မြင်နေရသည်။ ဗဟုသုတများသည့်သူများကတော့ ဤသည်မှာ နောက်ခံကြီးမားသည့် သားရဲမျိုးနွယ်စု၏ မျိုးဆက်များဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။

“ဘုရားရေ .. သူတို့တွေက သားရဲဘုရင်မျိုးဆက်တွေပဲ .. သူတို့တွေက ဘယ်လိုလုပ် ဒီလိုမျိုး နာနာခံခံနဲ့ဒူးထောက်နေကြတာလဲ .. မဖြစ်နိုင်တာ..”

ဤအခြေအနေမှာ အားလုံးကို ဆွံ့အသွားစေကြသည်။ ဤသည်မှာ တစ်ယောက်၊ နှစ်ယောက်မဟုတ်။ တစ်အုပ်စုလုံး ဒူးထောက်နေကြခြင်းပင်။

လူအများအမြင်တွင်တော့ ချူဖုန်း ပြဿနာရှာနေခြင်းပင်။ ဒေါင်းမျိုးနွယ်စုနှင့် ပန်တောင်မျိုးဆက်များ သူ့ကို သတ်ရန်လိုက်ရှာနေသော်လည်း သူကတော့ ပုန်းမနေပဲ သားရဲဘုရင်မျိုးဆက်များကို သူ့ရှေ့ ဒူးထောက်ခိုင်းနေသေးသည်။

“ဒါက အရမ်းကို နွားနတ်ဘုရားဆန်တာပဲ .. ဒါက လုံးဝကို သူ့ပုံစံပဲ..” တစ်စုံတစ်ယောက် အော်ဟစ်လို်ကသည်။

ဤသည်မှာ တကယက်ို လေးစားစရာ ကောင်းလှသည်။ နွားနတ်ဘုရားမှလွဲလျှင် မည်သူကများ ဤကဲ့သို့ လုပ်ရဲမည်နည်း..

“ချူဖုန်း အခု ဘယ်မှာလဲဆိုတာ သိလား .. ငါ သွားကြည့်ရမယ် .. ငါ မကူညီနိုင်ရင်တောင်မှ ငါ သူ့ကို အားပေးလို့ရတယ်..” တစ်စုံတစ်ယောက် ပို့စ်တင်လိုက်သည်။

“စကိုင်းတာဝါ ၈၈ လွှာမှာ .. အုပ်စုဖွဲ့ပြီး အတူတူ သွားကြစို့..”

ရလဒ်အနေဖြင့် ကြီးမားလှသည့် လူအုပ်ကြီး စကိုင်းတာဝါသို့ ဦးတည်လာကြလေသည်။

စကိုင်းတာဝါ ၈၈ လွှာမှ သီးသန့်ခန်းတစ်ခုတွင်တော့..

ရွှေရောင်လင်းနို့သည် ၈၈ လွှာသို့ရောက်လာပြီး ဒူးထောက်နေသည့်သူများအား တွေ့လိုက်ရသည့်အချိန်တွင် သူ့မျက်လုံးများမှာ နေမင်းကြီးကဲ့သို့ အလင်းတန်းမျိုး ထုတ်လွှတ်လာလေသည်။

ပုံမှန်ဆိုလျှင် လင်းနို့များသည် အမြင်အာရုံမကောင်းသော်လည်း သူကတော့ချွင်းချက်ပင်။ ဘုရင်တစ်ဝက်အဆင့်သားရဲဖြစ်လာပြီးနောက် သူ မီးတောက်မျက်လုံးတစ်စုံကို ပိုင်ဆိုင်လိုက်ရသည်။

ရွှေရောင်လင်းနို့သည် သာမန်အရပ်အမောင်းသာ ရှိသော်လည်း သူထုတ်လွှတ်နေသည့် အော်ရာကို ခံစားနေရသည်ပင်။

သူသည် ဘုရင်အဆင့်သို့ အချိန်မရွေးရောက်နိုင်သည့် ဘုရင်တစ်ဝက်အဆင့်သားရဲတစ်ကောင်ပင်။

“မင်းတို့ကောင်တွေက ငါ့ကို ဂုဏ်တက်အောင် လုပ်ပေးနေတာပဲ..” ဒူးထောက်နေသည့်လူငယ်များကို မီးတောက်နေသည့်မျက်လုံးများဖြင့်စိုက်ကြည့်၍ သူပြောလိုက်သည်။

ရွှေရောင်လင်းနို့တစ်ခေါင်းလုံးတွင် ရှည်လျားလှသည့် ရွှေရောင်ဆံပင်များရှိပြီး အသားအရေလည်း ရွှေရောင်တောက်ပနေသည်ပင်။

“ချူဖုန်း .. ခင်ဗျားက တကယ်ကို အတော်လေး စွမ်းအားကြီးတာပဲ .. ဒါပေမဲ့ ဒါက နည်းနည်းမလွန်လွန်းဘူးလား.. သားရဲမျိုးနွယ်စုအများကြီးကို ဒီလိုမျိုး မလေးမစားလုပ်ထားပြီးတော့ ခင်ဗျားက အသက်ရှင်ချင်နေသေးတာလား..” ရွှေရောင်လင်းနို့ မေးလိုက်သည်။

သူလည်း ဘုရင်တစ်ဝက်အဆင့်သားရဲဖြစ်သောကြောင့် ဤ ‘နတ်ဆိုးနတ်ဘုရားချူ’ ကို ကြောက်နေစရာမလို။

“သူတို့ဘိုးဘေးတွေ ဒီအခြေအနေသိသွားရင်တောင် ငါအပြစ်ပေးတာက အရမ်းပေါ့လွန်းတယ်လို့ တွေးသွားကြမှာ .. မင်း ဘာမှမသိပဲနဲ့ ဝင်မပါနဲ့” ချူဖုန်း သူ့ကို တစ်ချက်စိုက်ကြည့်၍ ပြောလိုက်သည်။

“ရဲတင်းလိုက်တာ..” ရွှေရောင်လင်းနို့ သူ့ကို စိုက်ကြည့်လာသည်။ တစ်ဖက်လူသည် သူ့ကို အထင်သေးနေသည့်အပြင် သူ့အကြည့်များမှာ ဓားတစ်လက်ကဲ့သို့ ထက်ရှလှသည်။

“ငါ့ကို ဒီလိုပုံစံမျိုး လာပြောနေတယ် .. ကြည့်ရတာ မင်း အသက်မရှင်ချင်တော့ဘူးထင်တယ်” ချူဖုန်း လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။

ဤနေရာ၌ ရှိနေသည့်လူအားလုံး ဆွံ့အသွားရသည်။ ဒူးထောက်နေသည့် သားရဲမျိုးနွယ်စုလူငယ်များပင် နှလုံးခုန်နှုန်းများ လျင်မြန်လာသည်။

သူတို့ကို ရွှေရောင်လင်းနို့ ကယ်တင်ရန် မျှော်လင့်နေမိသော်လည်း သူ ချူဖုန်းနှင့်မယှဉ်နိုင်မည်ကိုလည်း ကြောက်မိသည်။ နတ်ဆိုးဘုရင်ချူ မည်မျှကြောက်စရာကောင်းသည်ကို သူတို့သိနေသည်ပင်။

ချူဖုန်းသည် ဘုရင်တစ်ဝက်အဆင့်သာရှိသေးသည်ဟု အယုံသွင်းမခံထားရလျှင် ချူဖုန်း ယခု ဘုရင်အဆင့်ရောက်နေပြီဖြစ်ကြောင်း သူတို့ ခန့်မှန်းမိချင် မိလိမ့်မည်။

တကယ်တမ်းတွင် ယခုတော့ သူတို့ သံသယဝင်နေပြီဖြစ်သည်။ ဘုရင်တစ်ဝက်အဆင့်ကျွမ်းကျင်သူတစ်ယောက်မှာ ဒီလောက်ကြောက်စရာကောင်းတဲ့ စိတ်စွမ်းအား ရှိနိုင်ပါ့မလား .. ဘုရင်တစ်ဝက်အဆင့်သားရဲများနှင့် ယခင်က မတိုက်ခိုက်ဖူးသောကြောင့် သူတို့ သေချာမသိ။

“တစ်ခြားလူတွေ မင်းကို ကြောက်ရင်ကြောက်မယ် .. ငါကတော့ မကြောက်ဘူး .. ငါ အရင်တုန်းက ဘုရင်တစ်ဝက်အဆင့်တွေကို မသတ်ဖူးတာမဟုတ်ဘူး .. မင်း ငါ့ရှေ့မှာ မောက်မာနေစရာအကြောင်းမရှိဘူး” ရွှေရောင်လင်းနို့ အေးစက်စွာ ပြောလာသည်။

ထို့နောက် သူ့မျက်လုံးမှ ရွှေရောင်အလင်းတန်းထွက်ပေါ်လာကာ ချူဖုန်းထံသို့ ဦးတည်လာသည်။

ထိုအလင်းတန်းမှ အလင်းပေါက်လေးတစ်ခု စားပွဲပေါ်သို့ ကျသွားသည်နှင့် ဝိုင်ခွက် အရည်ပျော်သွားကာ လေထဲ အငွေ့ပျံ ပျောက်ကွယ်သွားလေသည်။

ချူဖုန်း၏ညာလက်မှ ငွေရောင်အလင်းတောက်ပလာပြီး ထိုရွှေရောင်အလင်းတန်းကို လက်ဗလာဖြင့် ဆုတ်ကိုင်လိုက်လေ၏။

ဂါး..

ရွှေရောင်လင်းနို့သည် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသောကြောင့် သူ့စွမ်းအားများကို ထိန်ချန်မထားတော့ပဲ အားကုန်ထုတ်သုံးလိုက်သည်။ သူ ပါးစပ်ဟလိုက်ကာ ရွှေရောင်လှိုင်းများ ပို့လွှတ်လိုက်သည်။ ဤသည်မှာ သူတို့မျိုးနွယ်စု၏ အထူးစွမ်းရည်တစ်ခုပင်။

ချူဖုန်း သူ့နွားနတ်ဆိုးအသံတိုက်ခိုက်မှုကို အသက်သွင်းလိုက်သည်။

သူတစ်‌ယောက်တည်းသာဆိုလျှင် ဤအသံလှိုင်းကို ခုခံနေမည်မဟုတ်။ သို့သော် ဤနေရာ၌ သူ့သူငယ်ချင်းများ ရှိနေသည်။ သူတို့ ဤအသံလှိုင်းကို ခုခံနိုင်မည်မဟုတ်။

စွမ်းအင်နှစ်မျိုး လေထဲ ထိတွေ့သွားသည်နှင့် ရွှေရောင်လင်းနို့ နောက်ယိုင်သွားကာ ပါးစပ်မှ သွေးစီးကျလာပြီး မျက်နှာထက်တွင်လည်း အံ့အားသင့်သည့်အကြည့်ဖြစ်နေသည်။

ဒီလူက ဘုရင်တစ်ဝက်အဆင့် မဖြစ်နိုင်ဘူး .. ဤသည်မှာ သူ၏ပထမဆုံးအမြင်ပင်။ အားလုံး အရူးလုပ်ခံလိုက်ရပြီ .. ဤကဲ့သို့ တွေးမိသည်နှင့် သူ့သွေးများ အေးခဲသွားရသည်။

တစ်ချိန်တည်းမှာပင် သူ တွေးနေသည့်အချိန်ကို အခွင့်ကောင်းယူကာ ခမ်းနားသည့် စိတ်စွမ်းအင်တစ်ခု သူ့စိတ်ထဲ ထိုးဖောက်လာသည်။ ဤသည်မှာ သူ့ကို သွေးများ ပို၍အန်သွားစေပြီး စိတ်ဝိညာဉ်ကင်းမဲ့သွားစေသည်။

သူသည် ဘုရင်တစ်ဝက်အဆင့်သားရဲဖြစ်သောကြောင့် သူ့ကို စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ သို့သော် သူ့စိတ်မတည်မငြိမ်ဖြစ်နေသည့်အပြင် ချူဖုန်းသည် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို အလွန်ကျွမ်းကျင်သောကြောင့် သူ့ခုခံမှုများမှာ အသုံးမဝင်တော့။

“အား..” ရွှေရောင်လင်းနို့ အော်ဟစ်လိုက်သည်။ ပြင်းထန်လှသည့် ခေါင်းကိုက်သည့်ဝေဒနာကြောင့် သူ မြေပြင်ပေါ်သို့ လဲကျသွားရသည်။

“ဒါက တကယ်ပဲ ဘုရင်တစ်ဝက်အဆင့်သားရဲလား..”

နောက်တစ်ယောက် ဒူးထောက်လိုက်ရသည်ကို မြင်လိုက်ရသည့်အချိန်တွင်တော့ လူအုပ်ကြီးမှာ ဘာပြောရမှန်းပင်မသိတော့။ ယခုတစ်ခေါက် ဒူးထောက်လိုက်ရသည့်သူမှာ ဘုရင်တစ်ဝက်အဆင့်သားရဲပင်။

တစ်ခဏအတွင်းမှာပင် ဓာတ်ပုံများနှင့်အတူ သတင်းများ အင်တာနက်ပေါ် ပျံ့နှံ့သွားသည်။ ယခုတစ်ခေါက်တော့ ပိုပြင်းထန်သည်ပင်။

“ဘုရင်တစ်ဝက်အဆင့်သားရဲတောင် ဒူးထောက်ရတာလား..”

ဤသတင်းကြားပြီးနောက် အင်အားကြီးအဖွဲ့အစည်းများ၏ အထက်လူကြီးများပင် ဆွံ့အသွားကြရလေသည်။

စကိုင်းတာဝါ၏ ၈၈ လွှာမှ ဓာတ်လှေကားတံခါးပွင့်လာကာ တရုတ်ရိုးရာဝတ်စုံ ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ဦး လမ်းလျှောက်ထွက်လာသည်။ သူ့မျက်နှာထက်၌ နူးညံ့သည့်အပြုံးတစ်ခု ရှိနေလေသည်။

“ဒီလူငယ်လေးတွေက မထိန်းချုပ်တတ်ကြဘူး .. သူတို့ နည်းနည်းလောက် ခက်ခဲပင်ပန်းလိုက်ရတော့လည်း ကောင်းတာပါပဲ .. ရွှေရောင်လင်းနို့ရဲ့စွမ်းရည်နဲ့ဆိုရင် ချူဖုန်းနဲ့ယှဉ်နိုင်လောက်တယ် .. အခု ငါ ဒီရှိုးပွဲကို ရှင်းလင်းဖို့အချိန်ရောက်ပြီ .. လူသားတစ်ယောက်က ငါတို့သားရဲမျိုးနွယ်စုတွေကို ခေါင်းမဖော်နိုင်လောက်အောင် ဖိနှိပ်နေတာကို ငါ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ”

ဤသည်မှာ သားရဲဘုရင်ပင်…

“အမ်..”

လူအိုကြီးမှာ အရပ်သိပ်မရှည်သော်လည်း သူ့ထံ၌ ပြင်းထန်လှသည့် အော်ရာရှိနေသည်။ သို့သော် သီးသန့်ခန်းရှေ့သို့ ရောက်သည့်အချိန်တွင်တော့ သူ ဆွံ့အသွဦးရသည်။ ရွှေရောင်လင်းနို့လည်း ဒူးထောက်နေတာလား..

တစ်ချိန်တည်းမှာပင် သူ ခေါင်းမွေးများ ထောင်ထသွားရသည်။ ဤနေရာ၌ သူနှင့်အဆင့်တူသည့် ကျွမ်းကျင်သူတစ်ဦး၏ အငွေ့အသက်ကို ရနေသည်။

ဒီကောင်ကို ထောက်ပံ့ပေးနေတဲ့ သားရဲဘုရင်တစ်ကောင် ရှိနေတာလား .. သူ သီးသန့်ခန်းအား ဝေ့ဝဲကြည့်လိုက်သည့်အချိန်တွင်တော့ သူ့အား သွားဖြီးပြနေသည့် ချူဖုန်းကိုသာ တွေ့လိုက်ရသည်။

ဝှစ်…

လူအိုကြီးမှာ သူ့သွေးများ အေးခဲသွားသလို ခံစားလိုက်ရသည်။ ဤ ‘ဘုရင်အဆင့်သက်ရှိ’ မှာ အခြားသူမဟုတ်ပဲ ချူဖုန်းသာဖြစ်ကြောင်း သူ သိလိုက်ရသည်။

ဤလူသည် အလွန်လျင်မြန်သည့်သူပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ အဝေးကြီးသို့ နောက်ပြန်ဆုတ်သွားလိုက်သည်။ ဤလူငယ်လေးမှာ တကယ်ကို အန္တရာယ်များလှသည်ဟု သူ ခံစားလိုက်ရသည်။

“ပျံလွှားငှက်ဘုရင်..” ရွှေရောင်လင်းနို့ အော်ဟစ်လိုက်သည်။

ဤသည်မှာ သားရဲဘုရင်တစ်ဦးဖြစ်နေသောကြောင့် အခြားသူများလည်း အံ့အားသင့်သွားကြရသည်။

စားသောက်ဆိုင်မှလူများအားလုံး ထိတ်လန့်သွားကြကာ ထွက်ပေါက်သို့ ပြေးသွားလိုက်ကြသည်။ သတ္တိရှိသည့် အမျိုးသားတစ်ဦးသာ ရှေ့သို့ တစ်လှမ်းချင်း တိုးသွားလေ၏။ သူ ဤတိုက်ပွဲအဖြေကို သိချင်သည်။

အင်တာနက်တွင်တော့ ချူဖုန်း သားရဲဘုရင်တစ်ဦးနှင့် တိုက်ခိုက်နေသည့်သတင်း ပွက်လောရိုက်နေသည်။

“ဘာဖြစ်နေတာလဲ .. အဖြေသိရပြီလား..”

လူအချို့မှာ အလွန်စိုးရိမ်နေကြကာ ဤတိုက်ပွဲ၏အဖြေကို သိချင်နေကြသည်။

အားလုံးကို အံ့အားသင့်သွားစေသည့် ဓာတ်ပုံမှာ လူအိုကြီးသည် ချူဖုန်းကို လက်သီးဆုပ်ကာ နှုတ်ဆက်နေသည့်ပုံပင်။ ထိုပုံထဲတွင် သူ၏သားရဲဘုရင်ဆိုပြီး မောက်မာနေသည့်ဟန်ပန်မရှိ။

“မင်းတို့အားလုံး မတ်တပ်ရပ်ပြီး ဘုရင်ချူကို တောင်းပန်လိုက်ကြ..”

သီးသန့်ခန်းထဲတွင် ထိုလူအိုကြီးသည် သားရဲမျိုးနွယ်စုမှ လူငယ်များကို လေထဲလွင့်ထွက်သွားအောင် ကန်လိုက်ပြီး သူတို့လှုပ်ရှား၍ရအောင် လုပ်ပေးလိုက်သည်။ ထို့နောက် ချူဖုန်းအား တောင်းပန်စွာ အမိန့်ပေးလိုက်လေသည်။

ရှုန်းခွန်၊ လုချင်နှင့် ဟူရှန်းတို့အားလုံး ဆွံ့အသွားရသည်။ ဒီလူအိုကြီးက သူတို့ကို ချူဖုန်းကို‌ တောင်းပန်ခိုင်းနေတာလား.. သူတို့ထိတ်လန့်သွားရသည်။

ဒါက ဘုရင်တစ်ဝက်အဆင့်မဟုတ်ဘူးလား .. သူ့ကိုဘာလို့ ဘုရင်လို့ခေါ်နေတာလဲ ..

“ငါ မင်းတို့အားလုံးကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ် .. နောက်တစ်ခေါက်ဆိုရင်တော့ ငါ သည်းခံမှာမဟုတ်ဘူး”

ဤသည်မှာ အင်တာနက်ကြီးကို ပေါက်ကွဲသွားစေသည့် နျူးကလီးယားဗုံးကြီးပင်။ ချူဖုန်းက အခု ဘုရင်အဆင့် ရောက်သွားပြီလား..

ဤသည်မှာ တကယ်ကို အံ့အားသင့်စရာ ကောင်းလှသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဤကိစ္စနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများစွာ ပေါ်ပေါက်လာလေသည်။

“ချူဖုန်းက အခု ဘုရင်အဆင့် ရောက်သွားပြီဆိုတော့ သူ ပန်တောင်မျိုးဆက်ကို ကြောက်တော့မှာ မဟုတ်ဘူး..”

“အဲဒီမြွေပါအိုကြီး ချူဖုန်းတောင်းပန်အောင် ဘယ်လိုဖိအားပေးမလဲဆိုတာ ငါ သိချင်သွားပြီ”

လူထုမှာ စိတ်ပါဝင်စားစွာပင် ဆွေးနွေးနေကြသည်။

ခဏကြာပြီးနောက် သူတို့ဗုံးကို လောင်စာထည့်ပေးမည့် နောက်ထပ်သတင်းတစ်ခု ထပ်ထွက်ပေါ်လာသည်။

ဤသတင်းမှာ အဆင့် ၁၈ ဆိုင်ကလုန်မုန်တိုင်းကဲ့သို့ အားလုံးကို မွှေနှောက်သွားသည်။ “ဘုရားရေ .. ဒါက တကယ်ကို မယုံနိုင်လောက်အောင်ပဲ .. ပန်တောင်ကြီး ပြားကပ်သွားပြီ..”

“ဘုရားရေ .. ဒါ တကယ်လား .. ချူဖုန်းက သူတစ်ယောက်တည်းနဲ့ ပန်တောင်ကို သိမ်းလိုက်ပြီး ပန်တောင်ဘုရင်ကို သတ်လိုက်တာလား..”

လောကတစ်ခုလုံး ပွက်လောရိုက်လာသည်။

ကျောက်စိမ်းဂူကျောင်းမှ လုထုန်သည် ဤသတင်းကို အချိန်ကိုက်ထုတ်ပြန်လိုက်ပြီး မိုးကောင်းကင်အောက်ရှိ လူအားလုံးကို ထိတ်လန့်အောင် လုပ်လိုက်သည်။

နယ်မြေတိုင်းမှ သားရဲဘုရင်များ အံ့အားသင့်သွားရကာ အင်အားကြီးအဖွဲ့အစည်းများအားလုံး တုန်လှုပ်သွားခဲ့ရလေ၏။

အပိုင်း ၁၄၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset