Switch Mode

Chapter – 151.3

အပြင်းအထန်သင်ကြားခြင်း

အပိုင်း ၁၅၁•၃

” အပြင်းအထန်သင်ကြားခြင်း ”
°°°
ကံကြမ္မာမျက်လုံးရဲ့ထူးခြားတဲ့အစွမ်းသတ္တိက မကြာခင်မှာပဲ အစွမ်းပြလာပါတော့တယ်။ အထူးသဖြင့်၀ိညာဥ်လက်နက်နဲ့ ပတ်သက်တဲ့ကိစ္စမှာပါ ဟို့ယွိဟောင်က ကံကြမ္မာမျက်လုံးနဲ့ အလုပ်လုပ်မယ်ဆိုရင် အဆင့်နှစ်ဆင့်ကိုကျော်ပြီထွင်းထုနိုင်ပါတယ်။

၀မ်သုန့်ရဲ့၀ိညာဥ်စွမ်းအားထောက်ပံ့မှုကိုတော့ အခုအချိန်အထိ လိုအပ်နေဆဲပါ။ ရွှေရောင်အလင်းတန်းရဲ့ပြန်လည်ကုသနိုင်စွမ်းက ဒီလိုအောင်မြင်လာစေဖို့အတွက် အထောက်အကူပြုပါတယ်။ ဟို့ယွိဟောင်ရဲ့၀ိညာဥ်လက်နက်ကို ထွင်းထုနိုင်စွမ်းကမကြာခင်မှာပဲ ဟယ့်ချ်ိုက်ထို့ရဲ့အဆင့်အထိကို မြန်မြန်ဆန်ဆန်လိုက်မီလာခဲ့ပါပြီ။

ဟို့ယွိဟောင်ကို ၀မ်းနည်းစေတာကတော့ သူ့ရဲ့၀ိညာဥ်စွမ်းအားတိုးတက်လာမှုပါပဲ။ နှစ်စဥ်နှစ်တိုင်းမှာများပြားတဲ့ အစာအာဟာရတွေကို စားသုံးနေရပေမဲ့ ဒီအစားအသောက်တွေက အနာဂတ်စွမ်းအားဖြတ်ကျော်တိုးတက်မှုကို မသက်ရောက်စေနိုင်မှန်း ကျောင်းတော်ကကောင်းကောင်းသိပါတယ်။ ဒါကြောင့် ၀ိညာဥ်စွမ်းအားကို မြင့်မားလာစေဖို့အတွက် ဘယ်လိုဆေး၀ါးတွေကိုမှမတိုက်ကျွေးစေခဲ့ပါဘူး။ ၀မ်သုန့်ရဲ့ကျင့်ကြံဆင့်ကတော့ ဟောင်သုန့်စွမ်းအားကြောင့် မြန်မြန်ဆန်ဆန်တိုးတက်နေခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်အတွက်တော့ သူ့ရဲ့အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ကြောင့် ကန့်သတ်ခံထားရတဲ့အတွက် သူ့ ၀ိညာဥ်စွမ်းအားတိုးတက်မှုက ၀မ်သုန့်လောက်တောင် မမြန်ခဲ့ပါဘူး။

ဟို့ယွိဟောင်အနေနဲ့ ဒါကိုအားမလိုအားမရဖြစ်နေမိပါတယ်။ ဒါပေမယ့်လဲ အနည်းဆုံးတော့ သူ့ရဲ့ကျင့်ကြံမှုကနေ့တိုင်းတိုးတက်နေဆဲပါ။ နှေးကွေးတဲ့ကျင့်ကြံမှုအကြောင်းကို သူအများကြီး တွေးနေလို့မဖြစ်ပါဘူး။ သူသင်ကြားရမဲ့အရာတွေက အများကြီးရှိပါသေးတယ်။

ပေ့ပေ့က ထျန်းဟွမ်နိုင်ငံတော်ရဲ့မြို့တော်ကြီးဆီကို သွားဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ အတွင်းနယ်မြေရဲ့စာမေးပွဲမပြီးခင်မှာ ထန်ယာ့ကိုသူရှာဖို့လုပ်ခဲ့တယ်။ ဒါပေမယ့် သူမအကြောင်းကို တစ်စွန်တစ်စလေးတောင် ရှာမတွေ့ခဲ့ပါဘူး။ ကမ္ဘာ​မျက်နှာပြင်ကနေ ပျောက်ကွယ်သွားတဲ့အတိုင်း လုံး၀ကို ရှာမရဖြစ်သွားခဲ့တာပါ။

ဒီကိစ္စက ပေ့ပေ့ကိုအတော်ကြီးရိုက်ခတ်ဖို့ကြီးမားခဲ့ပါတယ်။ ပြန်ရောက်လာချိန်မှာ ဒီနာကျင်မှုကိုထုံထိုင်စေဖို့အတွက် ရှိရှိသမျှစွမ်းအားတွေနဲ့ အားစိုက်မှုတွေအားလုံးကို အသုံးပြုပြီး ကျင့်ကြံမှုတစ်ခုထဲကိုသာ အာရုံစိုက်ထားခဲ့ပါတယ်။ လစဥ်လတိုင်းမှာမြင့်မားတဲ့ရည်မှန်းချက်တွေထားရှိပြီ အဲ့ဒီရည်မှန်းချက်တွေကို ပြည့်မြောက်ဖို့အတွက် အတော်ကိုကြိုးစားအားထုတ်ခဲ့ရတယ်။ တစ်လမှာရက်နှစ်ဆယ်တိတိ ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်ခဲ့ပြီ ကျန်တဲ့ဆယ်ရက်ကိုတော့ ထန်ယာ့ကိုအပြင်မှာရှာဖွေပါတော့တယ်။

အဲ့ဒီအချိန်ကစလို့ ပေ့ပေ့ရဲ့ မျက်နှာပေါ်မှာ အပြုံးဆိုတာမရှိတော့ပါဘူး။ သူ့ရဲ့မူလရှိနေကြတည်ငြိမ်အေးဆေးမှုနဲ့ ကျောင်းတော်သားတစ်ယောက်လိုမျိုးနူးညံ့ညင်သာမှုက လက်ရှိအချိန်မှာ အေးစက်တင်းမာမှုတွေ ဖုံးလွှမ်းလို့သွားပါတော့တယ်။

ပေ့ပေ့ ရှုစန်းရှိီနဲ့ ကျန်းနန်နန်တို့ကတော့ သူတို့ရဲ့ဆင်တိုက်ကြိုးစားအားထုတ်မှုကြောင့် အတွင်းနယ်မြေထဲကို၀င်ရောက်နိုင်ခဲ့ပါပြီ။ ဒါ့အပြင် အတွင်းနယ်မြေရဲ့ တံခါးပိတ်ကျင့်ကြံမှုကို ဖြတ်ကျော်ပြီချိန်မှာကတော့ ပေ့ပေ့နဲ့ ရှုစန်းရှီတို့က ၀ိညာဥ်စက်ကွင်းငါးကွင်းဆီရရှိကြရင်း အင်အားကြီးတဲ့၀ိညာဥ်ဘုရင်တွေဖြစ်လာကြပါတော့တယ်။

ဟယ့်ချိုက်ထို့ကတော့ ဟို့ယွိဟောင်နဲ့အတူ ပြိုင်ဘက်ကင်းစစ်သည်တော်ကို အဓိကအာရုံစိုက်နေခဲ့ရတဲ့အတွက် အတွင်းနယ်မြေစာမေးပွဲကို မဖြေနိုင်ခဲ့ပါဘူး။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ အမြင်အရ စာမေးပွဲဖြေမဖြေဆိုတာက အရေးမကြီးတော့ပဲ ရှိနေခဲ့ပါတယ်။

တစ်နှစ်အချိန်က ဒီအတိုင်းပြီးသွားခဲ့ပါပြီ။ အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်က နေရာပေါင်းစုံကနေ တိုးတက်လာနေခဲ့ပါတယ်။ ဟယ့်ချိုက်ထို့နဲ့ ကျန်းနန်နန်တို့ရဲ့ ၀ိညာဥ်စွမ်းအားက အဆင့်လေးဆယ်ကိုးကိုရောက်ရှိခဲ့ပါပြီ။ ၀ိညာဥ်ဘုရင်တွေဖြစ်ဖို့အတွက် ဆံချည်မျှင်လေးတစ်မျှင်လောက်သာလိုပါတော့တယ်။ ၀မ်သုန့်ရဲ့တိုးတက်မှုကတော့ ပိုပြီးကြောက်စရာကောင်းနေခဲ့ပါပြီ။ တစ်နှစ်ကျော်အတွင်းမှာ သူ၀ိညာဥ်စွမ်းအားက အဆင့်လေးဆယ်လေးကို ရောက်ရှိလို့သွားခဲ့ပြီ စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းကိုလဲ ရရှိခဲ့ပါတယ်။

ရှောင်းရှောင်းက ၀မ်သုန့်ထက် နည်းနည်းပိုနှေးပေမဲ့ အဆင့်လေးဆယ်လေးကိုဖြတ်ကျော်တိုးတက်ပြီ လေးခုမြောက်၀ိညာဥ်စက်ကွင်းကိုလဲ ရရှိခဲ့တယ်။

အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ထဲမှာ ဟို့ယွိဟောင်တစ်ယောက်သာ ၀ိညာဥ်အကြီးအကဲအဖြစ်ကျန်ရစ်ခဲ့တာပါ။ သူအစွမ်းကုန်ကျင့်ကြံနေပြီကျောင်းတော်ကနေ အထောက်အပံ့ပေးပေမဲ့ အဆင့်သုံးဆယ်ရှစ်အထိသာ ရောက်ပါသေးတယ်။

ဒါပေမယ့် သူ့ရဲ့အဆင့်သုံးဆယ်ရှစ်ကို ဘယ်သူကမှလျှော့မတွက်၀ံ့ပါဘူး။ အဆင့်သုံးဆယ်ရှစ်ကို ရောက်ရှိသွားတဲ့သူက ရှောင်းရှောင်းနဲ့ ယှဥ်လို့ရနိုင်ပြီဖြစ်သလို အဆုံးစွန်းရေခဲရဲ့ကြောက်စရာစွမ်းအားကလဲ ဆက်တိုက်တိုးတက်လို့လာပါတော့တယ်။

ဟို့ယွိဟောင်ရဲတိုးတက်မှုနှုန်းက အနည်းငယ်နှေးကွေးပေမဲ့ ၀ိညာဥ်လက်နက်တွေမှာ မွေးရာပါပါရမီရှိနေတဲ့အရာကိုတော့ မထိခိုက်စေခဲ့ပါဘူး။ ၀ိညာဥ်စွမ်းအားတိုးတက်မှုနဲ့အတူ အဆုံးစွန်းရေခဲကိုပါ ထည့်ပေါင်းလိုက်ချိန်မှာတော့ သူ့ရဲ့ကိုယ်ပိုင်၀ိညာဥ်လက်နက်တွေကို ထွင်းထုနိုင်နေပါပြီ။ ဒါကြောင့် အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်အဖြစ် သတ်မှတ်ခံလိုက်ရပြီ ရောင်စဥ်တန်းတွေအပြည့်နဲ့ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်အဆောင်အယောင်ကို ရရှိခဲ့ပါတယ်။ ဟုတ်ပါတယ် ၀ိညာဥ်ဘုရင်တွေသာ ပုံမှန်အချိန်မှာ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်နိုင်တာပါ။

သူကရေခဲအမျိုးအစား၀ိညာဥ်လက်နက်တွေကိုသာ အဆင့်ငါး၀ိညာဥ်လက်နက်အဖြစ် ထွင်းထုနိုင်ပါတယ်။ ဒါ့အပြင် အဆုံးစွန်းရေခဲရဲ့စွမ်းအားနဲ့သာ အသက်သွင်းလို့ရပြီ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ လောကမှာသမိုင်းအသစ်ကိုဖြစ်စေခဲ့ပါတယ်။ ဟို့ယွိဟောင်က အဆင့်သုံးဆယ်ရှစ်သာရှိပေမဲ့ သူက ၀ိညာဥ်ဘုရင်တစ်ယောက်ရဲ့ အစွမ်းကိုအလွယ်လေးယှဥ်ပြိုင်နိုင်တဲ့အင်အားရှိနေခဲ့ပါပြီ။

သော့်လော့တိုက်တစ်ခုလုံးက တစ်နှစ်ခွဲအချိန်အတွင်းမှာ အတော်ကို အေးအေးဆေးဆေးဖြစ်နေခဲ့ပါတယ်။ နေလနိုင်ငံတော်က မနားမနေကြိုးစားအားထုတ်နေခဲ့သလို သူတို့ရဲ့လှုပ်ရှားမှုတွေကတော့ အနည်းငယ်ပျောက်ကွယ်လို့နေခဲ့တယ်။ ခန္ဓာကိုယ်မျိုးနွယ်က မြန်မြန်ဆန်ဆန်ပေါ်လာပြီ ပျောက်ကွယ်လို့သွားခဲ့ပါတယ်။ သူတို့အနေနဲ့ တိုက်ကြီးမှာနောက်တစ်ကြိမ် ကြီးမားတဲ့လှုပ်ရှားမှုမျိုးကို မဖန်တီးခဲ့ပါဘူး။ ဟို့ယွိဟောင်လဲ နောက်ဆုံးမှာတော့ မာရှောင်ထောင့်အကြောင်းကိုသိသွားပါတော့တယ်။ ဒါကြောင့် သူရက်အတော်ကြာအထိ ငြိုငြိုငယ်ငယ်နဲ့ဖြစ်နေခဲ့ရတယ်။ နောက်ဆုံးမှာတော့ အကြီးအကဲမုရဲ့နှစ်သိမ့်စကားကိုနားထောင်ပြီမှသာ သူစိတ်အခြေအနေက ပြန်တည်ငြိမ်လို့သွားခဲ့ပါတယ်။ ဒီအစ်မကြီးကို သေချာပေါက်ရအောင်ရှာပြီ ကျောင်းတော်ကိုပြန်ခေါ်လာမယ်လို့ သူကျိန်ဆိုခဲ့တယ်။

အမျက်ဒေါသကျောင်းတော် ပင်လယ်နတ်ဘုရားကျွန်း ပင်လယ်နတ်ဘုရားခန်းမဆောင်။

ပေ့ပေ့ ဟယ့်ချိုက်ထို့ ရှုစန်းရှိီ ကျန်းနန်နန် ရှောင်းရှောင်း ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ဘေးချင်ယှဥ်လျက်တိတ်တဆိတ်ရပ်နေခဲ့ပါတယ်။

အကြီးအကဲမုကတော့ သူ့ရဲ့ခုံပေါ်မှာသာ ငြိမ်ငြိမ်လေးလဲလှောင်လို့နေခဲ့ပါပြီ။ တစ်နှစ်ကျော်သွားပြီချိန်မှာတော့ အကြီးအကဲမုရဲ့ခေါင်းပေါ်မှာ ဆံပင်တွေမရှိတော့ပါဘူး။ သူ့ရဲ့အသက်စွမ်းအားကလဲ အဆုံးသတ်အထိကို ရောက်ရှိလို့နေခဲ့ပါပြီ။ မျက်လုံးတောင်မဖွင့်နိုင်တော့တဲ့အခြေအနေမှာ ဖြစ်နေခဲ့တယ်။ အကယ်၍ ဟို့ယွိဟောင်နဲ့တခြားသူတွေသာ မသိခဲ့ဘူးဆိုရင် ဒီလူကြီးက အမျက်ဒေါသကျောင်းတော်ရဲ့ နံပါတ်တစ်စွမ်းအားရှင်ကန့်သတ်မဲ့သော့်လော့နဂါးနတ်ဘုရားမုအန်ဆိုတာ ဘယ်သူမှတောင်ယုံနိုင်ချေရှိမှာမဟုတ်ပါဘူး။

အကြီးအကဲရွှမ်က အကြီးအကဲမုရဲ့ဘေးမှာ တိတ်တဆိတ်ရပ်နေခဲ့ပါတယ်။ ရန်ရှောင်ကျဲ့ ရှန်လင်းအယ် ချိုက်မိန်အယ် ချင်းသောသောနဲ့ တခြားအကြီးအကဲတွေအားလုံးလဲ အတူတူရှိနေခဲ့ကြတယ်။

အကြီးအကဲရွှမ်ကတော့ အတော်လေးကို ငြိုငြိုငယ်ငယ်ဖြစ်နေတာပါ။ သူ့ရဲ့အရှေ့မှာရှိတဲ့ လူခုနှစ်ယောက်ကိုကြည့်ပြီချိန်မှသာ စိတ်သက်သာရာအနည်းငယ်ရမိပါတယ်။ ဒီကလေးတွေက သူ့ရဲ့စိတ်ပူပန်းမှုတွေကို လျော့ကျစေခဲ့တယ်။

အတွင်းနယ်မြေရဲ့တပည့်သားခြောက်ဆယ်နဲ့ ခုနှစ်ယောက်ကတော့ ပင်လယ်နတ်ဘုရားခန်းဆောင်ရဲ့အပြင်ဘက်မှာ တင်ပလ္လင်ခွေချိတ်ရင်း ထိုင်နေခဲ့ပါတယ်။ အရှေ့ဆုံးမှာဦးဆောင်နေတဲ့သူကတော့ အသက်နှစ်ဆယ်ငါး နှစ်ဆယ်​ခြောက်အရွယ်ရှိတဲ့မိန်းမငယ်လေးတစ်ယောက်ပါပဲ။ သူမရဲ့လှပတဲ့အနက်ရောင်ဆံကေသာတွေက ခါးအထိ၀ဲကျလို့နေခဲ့ပြီ ထက်မြက်စူးရှတဲ့ရုပ်သွင်က ဖြူဖွေးစင်ကြယ်တဲ့ရုပ်သွင်နဲ့ လိုက်ဖက်ညီနေခဲ့တယ်။ လက်နှစ်ဖက်စလုံးမှာတော့ လက်လေး​ချောင်းကို လက်သီးဆုပ်သဖွယ်ချိတ်ထားခဲ့ပြီလက်မတွေကတော့ သူမရဲ့ခြေသလုံးပေါ်မှာရှိနေခဲ့ရင်း တင်ပလ္လင်ခွေချိတ်ထားခဲ့ပါတယ်။ ဒီနူးညံ့ငြိမ်သက်ပြီ အေးဆေးတဲ့သူမရဲ့ပုံစံက လူတိုင်းကို ထူးခြားတဲ့ခံစားချက်ပေးနေခဲ့တယ်။

အတွင်းနယ်မြေရဲ့တပည့်သားခြောက်ဆယ်ခြောက်ယောက်မှာဘယ်သူကမှအသက်သုံးဆယ်မပြည့်ကြသေးပါဘူး။ သူတို့တွေက ဆယ်တန်းစီထားခဲ့ကြပြီ အားလုံးကလဲ သူမအတိုင်းထိုင်နေခဲ့ပါတယ်။ ထိုက်ယွဲ့ဟန်က သူမရဲ့အနောက်ဖက်မှာရှိနေခဲ့တာပါ။ လင်းလော့ချန် ချန်ကျစ်ဖုန်း ရှိီရှီနဲ့ ကုန်ယန်မော့တို့ကတော့ ဟို့ယွိဟောင်နဲ့ရင်းနှီးနေတဲ့သူတွေပါပဲ။ သူတို့က မတူညီတဲ့ကျင့်ကြံမှုအတိုင်းထိုင်နေခဲ့ကြပါတယ်။ ထိုက်ယွဲ့ဟန်က ပထမအတန်းမှာ ဦးဆောင်နေခဲ့ပြီ ကျန်တဲ့သူတွေကတော့ အနောက်ဖက်မှာဆက်တိုက်ရှိနေခဲ့တာပါ။ အရှေ့ဆုံးမှာရှိနေခဲ့တဲ့ မိန်းမပျိုလေးက အရင်ဆုံးမျက်လုံးတွေဖွင့်လာပါတယ်။ သူမရဲ့ တောက်ပတဲ့မျက်၀န်းတွေက နက်ရှိုင်းတဲ့၀မ်းနည်းပူဆွေးမှုကို ဖော်ပြလို့နေခဲ့တယ်။

” တကယ်ပဲ ချန်ထားခဲ့တော့မှာလား အကြီးအကဲမု ”

ကျန်းလဲ့ရွှမ်က သူမရဲ့နှလုံးသားထဲမှာသူကိုယ်သူမ ပြန်မေးနေခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်အတွင်းနယ်မြေရဲ့ တပည့်သားခေါင်းဆောင်အနေနဲ့ သူမက တခြားတပည့်သားတွေထက် အကြီးအကဲမုနဲ့ပိုပြီးစကားပြောဆိုရတဲ့သူပါ။ ဒါကြောင့် တခြားသူတွေထက်ပိုပြီး နာကျင်မှုများတာကလဲ ပုံမှန်ပါပဲ။ ဒီအချက်ကို လက်မခံချင်ပေမဲ့ အမှန်တရားကတော့ သူ့မျက်စိရှေ့မှာရှိနေခဲ့တယ်။ အခုလက်ရှိအချိန်မှာ အကြီးအကဲမုရဲ့ နောက်ဆုံးခရီးစဥ်ကို လိုက်ပါပို့ဆောင်ဖို့သူတို့ရောက်ရှိနေခဲ့တာပါ။

ကျန်းလဲ့ရွှမ်ရဲ့ ပြီးပြည့်စုံတဲ့မျက်နှာပေါ်မှာမျက်ရည်စီးကြောင်းနှစ်ကြောင်းက ဖြစ်ပေါ်လာခဲ့ပါတယ်။

ထိုက်ယွဲ့ဟန်ကတော့ ကျန်းလဲ့ရွှမ်ကို အစကနေအဆုံးအထိသာ စိုက်ကြည့်လို့နေခဲ့တယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ အတွင်းတပည့်သားတွေထဲမှာ မူလသတ်မှတ်ထားတဲ့စည်းမျဥ်းတစ်ခုရှိပါတယ်။ ဒါကတော့ ကျောင်းသားခေါင်းဆောင်ကို ဆရာတူအစ်ကိုကြီး သို့မဟုတ် ဆရာတူအစ်မကြီးလို့ခေါ်ရမှာပါ။

ကျန်းလဲ့ရွှမ်က အတွင်းတပည့်သားတွေကို အတော်လေးလွှမ်းမိုးမှုကြီးမားတဲ့အပြင် သူ့ကိုဘယ်သူမှလဲ ယှဥ်လို့မရနိုင်ပါဘူး။ ဒါ့အပြင် ကျောင်းသားတော်တော်များများကလဲ သူ့ကိုအတော်လေးနှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့် သူမကတော့ ဘယ်ကျောင်းသားနဲ့မှ ရောရောနှောနှောမနေပဲ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေအားလုံးကို ကျင့်ကြံမှုထဲမှာ နစ်မြုပ်လို့သာထားခဲ့တယ်။

ကျန်းလဲ့ရွှမ်က အသက်နှစ်ဆယ်ခြောက်နှစ်သာရှိသေးတဲ့သူပါ။ ဒါ့အပြင် တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာလဲ နှစ်ကြိမ်တိတိပါ၀င်ယှဥ်ပြိုင်ပါတယ်။ နှစ်ပွဲစလုံးမှာ အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့သလို သူ့ရဲ့ပြိုင်ဘက်တွေကို ထောပတ်လှီးတဲ့အတိုင်း အပြတ်အသတ်ကိုအနိုင်ယူနိုင်ခဲ့တယ်။

ပိုပြီးကြောက်စရာကောင်းတဲ့အရာကတော့ အမျက်ဒေါသကျောင်းတော်ရဲ့ နှစ်သုံးထောင်သမိုင်းတစ်လျှောက်မှာထူးခြားတဲ့အရာကို ပြုလုပ်နိုင်ခဲ့တာပါ။ အသက်နှစ်ဆယ်ခြောက်နှစ်သာရှိသေးပေမဲ့ အင်အားကြီးတဲ့ ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့သော့်လော့ဖြစ်နေပါပြီ။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ရဲ့ အဓိကအရေးပါအရာရောက်နေသူတစ်ယောက်ဖြစ်ခဲ့ရုံတင်မက မာရှောင်ထောင့်တောင် သူမရဲ့အရှေ့မှာ မရင့်ကျက်သေးတဲ့မိန်းမငယ်လေးဖြစ်လို့သွားခဲ့မှာပါ။ ကျန်းလဲ့ရွှမ်က အတွင်းနယ်မြေထဲမှာ မာရှောင်ထောင့် နက်နက်ရှိုင်းရှိုင်းလေးစားရတဲ့တစ်ဦးတည်သောသူပါပဲ။

ကျန်းလဲ့ရွှမ်က ထိုက်ယွဲ့ဟန်ထက် အသက်ခြောက်နှစ်ကျော်ပိုကြီးပေမဲ့ ဒီဆရာတူအစ်မကြီးက သူ့အိပ်မက်ထဲက နတ်သမီးပါ။ ဒါ့အပြင် ထိုက်ယွဲ့ဟန် ဒီလောက်ကြိုးကြိုးစားစားလေ့ကျင့်နေရတာက သူမကြောင့်လို့ပြောရမယ်ဆိုရင်မမှားပါဘူး။ အကယ်၍ ဒီအစ်မကြီးထက်သာ သူအောင်အောင်မြင်မြင်ကြိုးစားပြီကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် သူမရဲ့ကျောင်းသားခေါင်းဆောင်ရာထူးကိုရနိုင်သလို သူ့မှာလဲ အခွင့်အရေးတစ်ခုခုရှိလာနိုင်ပါသေးတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာကတော့ ဒီအခွင့်အရေးက လုံး၀ကို ချော်ထွက်လို့သွားခဲ့ပါပြီ။ ကျောင်းတော်ရဲ့ပြိုင်ပွဲပြီးဆုံးပြီတဲ့နောက် သူလဲ ကျောင်းတော်ကနေ ပြီးမြောက်တဲ့ကျောင်းသားအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ အဲ့ဒီနောက် ကြယ်တာရာလော့နိုင်ငံတော်ကို ပြန်ပြီစစ်တပ်ထဲကို ၀င်ရောက်ရမှာပါ။ ဒါ့အပြင် လက်ရှိအချိန်မှာ နယ်မြေတပ်ခွဲမှုအဖြစ်လဲ တာ၀န်ထမ်းဆောင်နေခဲ့ရပါတယ်။ ကျောင်းတော်မှာ အုပ်ချုပ်ရေးပိုင်ဆိုင်ရာကိစ္စတချို့ကို ဆောင်ရွက်ဖို့အတွက် ပြန်လာခဲ့ရလို့သာအကြီးအကဲမုရဲ့ နောက်ဆုံးခရီးကိုနှုတ်ဆက်ဖို့ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာခဲ့တာပါ။ အကြီးအကဲမုကို ဒီလိုမနှုတ်မဆက်ပဲ သူဘယ်လိုပြန်နိုင်မှာလဲ။

ဟို့ယွိဟောင်တို့ခြောက်ယောက် ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲ၀င်သွားနေတာကို သူမြင်နေခဲ့ရပါတယ်။ ဒါကိုကြည့်ရင်း အတော်လေးအထိတ်တလန့်နဲ့ အံ့ဩနေခဲ့ရတယ်။ အတွင်းနယ်မြေရဲ့ တပည့်သားခေါင်းဆောင်ဖြစ်တဲ့ ကျန်းလဲ့ရွှမ်တောင်မှ အဲ့ဒီအထဲထိ၀င်ပြီ အကြီးအကဲရွှမ်ကိုပို့ဆောင်ခွင့်မရပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်တို့ကတော့ အထဲကို၀င်သွားခဲ့ရတယ်။

အကြီးအကဲမုက မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လာခဲ့ပါတယ်။ သူ့ရဲ့မှုံရီဝေ၀ါးနေတဲ့မျက်လုံးတွေက အရမ်းကိုကြည်လင်လို့နေခဲ့ပြီ မျက်ဆံတွေကတော့ အပြာရင့်ရောင်တောက်နေခဲ့တယ်။ အဆုံးမဲ့တဲ့ ပင်လယ်သမုဒ္ဒရာအနက်ရှိုင်းဆုံးနယ်မြေလို့ပါပဲ။

သူ့ရဲ့အကြည့်က ဘယ်ဘက်အစွန်းဆုံးမှာရှိနေတဲ့ ပေ့ပေ့ဆီကိုအကြည့်ရောက်သွားခဲ့တယ်။ အဲ့ဒီနောက် ကလေးတစ်ယောက်ချင်းဆီတိုင်းကို သူတစ်ချက်ချင်ဆီကြည့်ပါတယ်။

ဟို့ယွိဟောင်ကတော့ မျက်ရည်တွေတစ်သွင်သွင်တွေစီးကျလို့နေဆဲပါ။ သူက အသက်ဆယ်လေးနှစ်ရှိပြီဖြစ်သလို အရပ်ကလဲ တစ်ရာရှစ်ဆယ်စင်တီမီတာအထက်ကို ကျော်လွန်လို့နေခဲ့ပါပြီ။ ခန္ဓာကိုယ်က ကြီးမားကြံ့ခိုင်တာာမျိုးမရှိပေမဲ့ အချိုးအစားကတော့ မျှချေညီပါတယ်။ ဒါ့အပြင် မျက်လုံးတွေက အရမ်းကိုတောက်ပလို့နေခဲ့ပြီ တခြားသူတွေကို ထိန်းချုပ်နိုင်တဲ့အစွမ်းအစမျိုး ရှိနေခဲ့တယ်။ လူငယ်တစ်ယောက်လို ရင့်ကျက်တဲ့ပုံစံမပေါ်သေးပေမဲ့ သူ့ကိုအဝေးကနေကြည့်မယ်ဆိုရင် အရွယ်ရောက်ပြီသားလူတစ်ယောက်လိုပဲ ထင်မိမှာပါ။

၀မ်သုန့်ကတော့ မျက်လုံးတွေနီရဲနေတဲ့အထိကို ငိုထားခဲ့ပါတယ်။ သူက အရပ်တစ်ရာခုနှစ်ဆယ်စင်တီမီတာကျော်ရှည်လာခဲ့ပြီဖြစ်သလို ခန့်ညားချောမောတဲ့မျက်နှာကလဲ ပိုပြီးထင်ရှားလို့လာခဲ့တယ်။ အရွယ်ရောက်လာတာနဲ့အမျှ သူ့မျက်နှာက ပိုပြီးနူးညံ့လာခဲ့သလို ၀ိုင်းစက်တဲ့မျက်လုံးတွေကလဲ ပိုမိုတောက်ပလာခဲ့ပါတယ်။ ကျန်းနန်နန်ကသာ ဒီအဖွဲ့ထဲမှာသူနဲ့ရုပ်ရည်သွင်ပြင်ယှဥ်နိုင်တာပါ။ အားလုံးက အကြီးအကဲမုရဲ့ နောက်ဆုံးတပည့်သားတွေဖြစ်တာကြောင့် ၀မ်သုန့်ကလဲ အခုအချိန်မှာ ငိုတာကိုမရပ်နိုင်တော့ပါဘူး။

အပိုင်း ၁၅၁•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset