Switch Mode

Chapter – 141

နတ်ဆိုးဘုရင် ချူ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၄၁ – နတ်ဆိုးဘုရင်ချူ

ချူဖုန်း စကားကိုကြားလိုက်သည်နှင့် ထိုလူငယ်၏ဆံပင်များ ကြွတက်လာသည်။ ဤသည်မှာ သူ့ဆံပင်များ ထောင်တက်သွားခြင်းဖြစ်လိမ့်မည်။ သို့သော် သူ့ဆံပင်မှာ ရှည်လွန်းလှသောကြောင့် ထောင်မတက်နိုင်ပဲ ကြွရုံသာကြွလာနိုင်ခြင်းပင်။ သူအလွန်ဒေါသထွက်နေပြီး သူ့မျက်လုံးများမှာ မီးတောက်တော့မတတ်ပင် ဖြစ်နေသည်။

သို့သော် သူတုံ့ပြန်လိုက်မည့်အချိန်တွင် ချူဖုန်း၏ အေးစက်နေသည့်မျက်လုံးများကို တွေ့လိုက်ရပြီး သူ့သွေးများ အေးခဲသွားကာ ကျောရိုးတစ်လျှောက်စိမ့်တက်သွားရသည်။ သူ ချက်ချင်းပင် ပြန်ပြောမည့်စကားများကို မြိုချလိုက်ရတော့သည်။

သူ့ရှေ့၌ ရှိနေသည့်သူမှာ ‘နတ်ဆိုးဘုရင်’ တစ်ပါးဖြစ်သည်ဟု ဟူရှန်း ခံစားလိုက်ရသည်။

သူသည်အံကြိတ်ကာ လက်သီးကို တင်းတင်းဆုပ်ထားသော်လည်း ချက်ချင်းပါးစပ်ပိတ်လိုက်ပြီး တိတ်တိတ်နေလိုက်သည်။ သူ ဤ ‘နတ်ဆိုးဘုရင်ချူ’ ကို တကယ်ကြောက်သည်။

အခန်းထဲရှိ အခြားလူများလည်း စကားတစ်ခွန်းမှ မပြောပဲ သူ့ကိုသာ ကြည့်နေကြသည်။

ဟူရှန်းသည် အလွန်ဒေါသထွက်နေသော်လည်း သူ့သဘောထားကို မပြသရဲ။ နောက်ဆုံး သူ ဤနေရာ၌ ဆက်မနေနိုင်တော့ပဲ လှည့်ထွက်သွားလိုက်တော့သည်။

“ပြန်လာခဲ့..” ချူဖုန်း အမိန့်ပေးလိုက်သည်။

ရှည်လျားသွယ်လျသည့် ဟူရှန်းပင် ချက်ချင်းပင် နေရာ၌ တောင့်ခဲသွားသည်။ သူ ဆက်မသွားရဲသလို နောက်လည်းမလှည့်ကြည့်ချင်။ တစ်ဖက်လူက ဘာလုပ်ချင်နေသေးတာလဲ..

“တံခါးပိတ်လိုက်…” ချူဖုန်း ပြောလိုက်သည်။ အစပိုင်းတွင် ချူဖုန်း သူတို့ကို ခက်ခဲအောင်မလုပ်ချင်သော်လည်း သူ ဤသားရဲမျိုးနွယ်စုလူငယ်ကို အကောင်းမြင်စိတ်မရှိ။ ဤလူငယ်သည် သူ့ကို လာရန်စပြီး သူ ရွှမ်းထျန်မြို့မှ ထွက်သွားသင့်ကြောင်း လာပြောနေသေးသည်။

ဟူရှန်းမှာ အလွန်ရှက်နေပြီး သူ့မျက်နှာကြီးလည်း ပူလောင်နေပြီဖြစ်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူ့အား အနောက်မှ တစ်ယောက်ယောက် စိုက်ကြည့်နေသလို ခံစားလိုက်ရကာ ကြက်သီးထလာသည်။

ထို့နောက် သူသည် တစ်ဖက်သို့ တောင့်တောင့်ကြီးလှည့်လိုက်ပြီး သူ့နောက်မှ တံခါးကို ဆွဲပိတ်လိုက်သည်။ ထို့နောက် သူ ခြေလှမ်းကျယ်များဖြင့် လျှောက်သွားလေတော့သည်။

“အား..”

လုံခြုံသည့်နေရာသို့ ရောက်သည်နှင့် သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဒေါသထွက်လွန်းသောကြောင့် သူ့ရင်ဘတ်ကြီးပင် ပေါက်ကွဲထွက်မတတ် ဖြစ်နေလေပြီ။ အရမ်းအားနည်းသည့် သူ့ကိုယ်သူလည်း မုန်းမိသည်။

စားသောက်ဆိုင်မှ လူများ သူ့ကို အံ့အားတကြီး လှည့်ကြည့်လာကြပြီးနောက် ပြန်လှည့်သွားကာ အချင်းချင်း တီးတိုးပြောဆိုလာကြသည်။

စားပွဲထိုးလေးတစ်ဦး ရောက်လာကာ သူ့အား အပြုံးဖြင့်မေးလာသည်။ “ကောင်းသောနေ့လေးပါ ဆရာ .. ကျွန်တော် ဘာများကူညီပေးရမလဲ”

ဤစားသောက်ခန်းမထဲတွင် လူများစွာ ရှိနေသောကြောင့် ဟူရှန်း တိတ်တိတ်နေသင့်ကြောင်း လှည့်ပြောလိုက်ခြင်းပင်။

“ထွက်သွားစမ်း..” ဟူရှန်း‌ အေးစက်စွာ ပြန်ပြောလိုက်ပြီးနောက် သူ့သီးသန့်ခန်းထံသို့ လျှောက်သွားလိုက်သည်။

ဘန်း..

သူ တံခါးကို အကြမ်းပတမ်း ဖွင့်လိုက်လေ၏။ အခန်းထဲတွင်တော့ မိန်းမပျိုလေးများနှင့် လူငယ်များ အတော်များများ ရှိနေသည်။ အားလုံးမှာ ကျက်သရေရှိကာ ဆွဲဆောင်မှု ရှိလှသည်။

ဟူရှန်း ထွက်သွားသည်နှင့် တိဟွိုင်ကျင်းနှင့် ယုယန်ချင်းတို့ မရပ်မနား ရယ်မောနေကြတော့သည်။ သူတို့အလွန်ပင် ကျေနပ်နေလေ၏။

“ဘော့စ် .. ဘော့စ်က အရမ်းမိုက်တာပဲ..”

“ကျွန်တော် ဘော့စ်ကို လှောင်တာမဟုတ်ဘူး .. အခုရက်ပိုင်းအတွင်း လေထုက အတော်လေး စိတ်ဓာတ်ကျစရာကောင်းနေတာ .. တစ်ချို့အင်အားကြီးအဖွဲ့အစည်းတွေတောင် သားရဲမျိုးနွယ်စုတွေဆီကို လူလွှတ်ပြီး မိတ်ဆွေဖွဲ့နေကြတာ .. ဘယ်သူမှ သူတို့ကို ဘော့စ်လိုမျိုး မဆူရဲကြဘူး .. ဒီသားရဲမျိုးနွယ်စုလူငယ်တွေ ခေါင်းငုံ့နေရတာကို ကြည့်ရတာ တော်တော်လေး ကျေနပ်ဖို့ ကောင်းတာပဲ” ယုယန်ချင်း ထပ်ပြောလိုက်သည်။

သူပြောသည်မှာ အမှန်ပင်။ သားရဲမျိုးနွယ်စုများ အင်အားကြီးလာသည်နှင့် အင်အားကြီးအဖွဲ့အစည်းများမှာ ဤသားရဲများနှင့် ရင်းနှီးအောင် လုပ်ရုံအပြင် မတတ်နိုင်ခဲ့ကြ။

အထူးသဖြင့် ယခုအချိန်တွင် မည်သူမှ သားရဲဘုရင်များ၏ မျိုးဆက်များကို မဆန့်ကျင်ရဲကြ။

လူများစွာမှာ မကျေမနပ်ဖြစ်နေကြသော်လည်း သူတို့ဘာမှ မတတ်နိုင်။

“ခေါင်းဆောင် နည်းနည်းလောက် ပိုပြီးသတိထားသင့်တယ် .. အခုတလော အဲဒီသားရဲမျိုးနွယ်စုလူငယ်လေး တော်တော်လေး တက်ကြွနေကြတယ် .. သားရဲမျိုးနွယ်စုအကြီးအကဲတစ်ယောက် ရွှမ်းထျန်ကို ရောက်နေပြီလို့ ပြောကြတယ်” ချန်လော့ယန် ပြောလိုက်သည်။

အခြားသီးသန့်ခန်းတစ်ခုထဲတွင် ဟူရှန်း ဒေါသပေါက်ကွဲနေသည်။ ဖြစ်ပျက်ခဲ့သည်ကို ပြန်ပြောပြရင်း ဆံပင်များ‌ လေထဲလွင့်မျောလာသည်။ သူ ရှက်သော်လည်း အားလုံးကို အမှန်အတိုင်းသာ ပြောပြလိုက်သည်။

ခန္ဓာကိုယ်တုတ်ခိုင်ကာ မည်းနက်သည့်ဆံပင်ရှည်များရှိသည့် ရှုန်းခွန်ဆိုသည့် လူငယ်လေးသည် ဒေါသတကြီး စားပွဲကို ရိုက်လိုက်ပြီး “ဘုရင်တစ်ဝက်အဆင့်ကျွမ်းကျင်သူလေးကများ ဒီလိုမျိုး လက်လွတ်စပယ် လုပ်ရဲတယ်ပေါ့ .. ဒါက အနိုင်ကျင့်တာပဲ .. ငါတို့ သွားပြီးတော့ ဖြေရှင်းချက် တောင်းသင့်တယ်..”

“အရမ်းစိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ .. သူက ဒေါင်းမျိုးနွယ်စုနဲ့ ပန်တောင်မျိုးဆက်က ဘုရင်တစ်ဝက်အဆင့်သားရဲတွေကို သတ်ထားတာ .. ဒီလူက အရမ်းအန္တရာယ်များတယ်..” တစ်စုံတစ်ယောက်မှ ဖျောင်းဖျတားမြစ်လာသည်။

ဤလူငယ်များသည် ကိစ္စအားလုံးကို အကြမ်းဖက်နည်းဖြင့်သာ ဖြေရှင်းလေ့ရှိကြသည်။ သို့သော် အချို့သူများမှာတော့ တွေဝေနေကြသည်။ မည်သို့ပင်ဖြစ်စေ ချူဖုန်းမှာ ကြမ်းတမ်းလွန်းလှသည်။ သားရဲမျိုးနွယ်စုများအတွက်တော့ သူက နတ်ဆိုးနတ်ဘုရားကဲ့သို့ပင်။

“အားလုံးပဲ ငါဒါကို သည်းမခံနိုင်တော့ဘူး .. ငါတို့ ဒါကို ဒီအတိုင်းပဲ ထားလိုက်မှာလား..” ဟူရှန်း မကျေမနပ် ပြောလိုက်သည်။ သူ့အမူအရာမှာ အတော်လေး ရုပ်ဆိုးနေလေပြီ။

အဝါရောင်ဝတ်စုံနှင့် မိန်းမပျိုလေးသည် ပြုံးလိုက်ကာ “သူ ကြာကြာနေနိုင်မှာ မဟုတ်ဘူး .. သူက အရမ်းတွေ သတ္တိရှိနေပြီး အခွင့်အရေးရတုန်း ရွှမ်းထျန်ကနေ ထွက်မသွားဘူးဆိုတော့ ဒေါင်းမျိုးနွယ်စုနဲ့ ပန်တောင်မျိုးဆက်က သူတို့အင်အားကို ပြသဖို့အတွက် ‌သေချာပေါက် သူ့ကို သတ်ကြမှာပဲ” သူမနာမည်မှာ လုချင်ဖြစ်ပြီး သူမမျိုးနွယ်စုမှ ပရစ်ဇမ်သမင် ထွက်ပေါ်ခဲ့သောကြောင့် သူမတို့မှာ အတော်လေးစွမ်းအားကြီးသည်။

ဤစကားကြားသည်နှင့် အခန်းထဲမှလူအားလုံး ခေါင်းညိမ့်လိုက်ကြသည်။ သူတို့ ရွှမ်းထျန်သို့လာရသည့်အကြောင်းရင်းမှာ ရှိုးပွဲကောင်းကောင်းလေးတစ်ပွဲ ကြည့်ရန်ပင်။ ဒေါင်းမျိုးနွယ်စုနှင့် ပန်တောင်မျိုးဆက်တို့ လှုပ်ရှားလာမည်ကို သူတို့သိသည်။ လူအယောက်တစ်ရာကို သတိပေးရန်အတွက် သူတို့လူတစ်ယောက်ကို သတ်ပြရမည်ပင်။

“တကယ်တော့ ဒါက ကိစ္စကြီးလို့ ငါမထင်ဘူး” ဟူရှန်းမှာ မကျေနပ်သေး။ “ငါတို့မျိုးနွယ်စုတွေအားလုံးမှာ ဘိုးဘေးရှိတယ် .. ငါတို့အားလုံး အတူတူသွားလိုက်ရင် သူ သားရဲဘုရင်မျိုးဆက်တွေအားလုံးကို ဆန့်ကျင်ရဲမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်”

သူသည် လူအုပ်ကြီးကို ဒေါသထွက်အောင် ဆွနေလေသည်။

“ဟုတ်တယ် .. ငါ ထောက်ခံတယ်..” ရှုန်းခွန် ထရပ်လိုက်သည်။

“ခဏလောက်စောင့်ရအောင် .. ကျွန်မတို့နဲ့ တွေ့မယ့် ဧည့်သည်တစ်ယောက်ကို ဖိတ်ထားသေးတယ် .. သူ ရောက်လာလျှင် ကျွန်မတို့ ပိုပြီးတော့ ယုံကြည်ချက် ရှိလိမ့်မယ်” လုချင်း ပြောလိုက်သည်။

“ဘယ်သူလာမှာလဲ..” လူအချို့ မေးလိုက်၏။

ဤဧည့်သည်မှာ မည်သူဖြစ်သည်ကို သိနေသောကြောင့် အချို့သူများ ပြုံးလာကြသည်။ ထိုလူရောက်လာရင် သူတို့ ချူဖုန်းကို ကြောက်စရာမလိုတော့။

“ရွှေရောင်လင်းနို့..” လုချင်း အားလုံးကို အသိပေးလိုက်သည်။

“လင်းနို့ဘုရင်ရဲ့မြေးလား..”

လူအချို့ကတော့ ‘ထင်တဲ့အတိုင်းပဲ’ ဟူသည့်အမူအရာများ လုပ်ပြလာကြသည်။

ရွှေရောင်လင်းနို့သည် လင်းနို့ဘုရင်၏ ထောက်ခံမှုကို အပြည့်အဝရထားပြီး သူသည် အစောကြီးကတည်းက ဘုရင်တစ်ဝက်အဆင့်သို့ ရောက်နေပြီးသားဖြစ်သည်။

“ရွှေရောင်လင်းနို့သာ ရောက်လာရင် ချူဖုန်း အရမ်းသောင်းကျန်းရဲမှာ မဟုတ်တော့ဘူး .. အဲဒီအချိန်ကျရင် သူ့ကို ဖြေရှင်းချက်သွားတောင်းကြရအောင်..” ရှုန်းခွန် ရယ်မော၍ ပြောလိုက်သည်။

ခဏကြာပြီးနောက် ချူဖုန်းတို့အခန်းတံခါး ထပ်ဖွင့်ခံလိုက်ရပြန်သည်။ လူတစ်စုသည် ဖိတ်ခေါ်ထားခြင်းမရှိပဲ အခန်းထဲသို့ ဝင်လာကြသည်။

တိဟွိုင်ကျင်း မတ်တပ်ထရပ်လိုက်ကာ “မင်းတို့တွေက ဘယ်သူလဲ .. ဒီအခန်းကို ယူထားပြီးသားဆိုတာ နားမလည်ဘူးလား .. မင်းတို့အားလုံး ဘာလို့ ဒီလိုမျိုး ကျူးကျော်လာကြတာလဲ..” ပြောလိုက်သည်။

“ဘုရင်တစ်ဝက်အဆင့်ချူက တကယ်ကို မောက်မာတာပဲ .. ဒီလောက်လူတွေအများကြီး လာနှုတ်ဆက်တာတောင် နေရာကနေ မထဘူး .. တကယ်ကို တည်ငြိမ်တဲ့လူပါလား” လူအုပ်ထဲမှ လူတစ်ဦး ဝေဖန်လာသည်။

“ချူဖုန်းက မင်းတို့ကို ထပြီးနှုတ်ဆက်ရအောင် မင်းတို့ကိုယ်မင်းတို့ အရမ်းတွေ အဆင့်အတန်းမြင့်နေတယ်လို့ ထင်နေတာလား .. မင်းတို့တွေ တစ်ယောက်မှ ကောင်းတဲ့ရည်ရွယ်ချက်နဲ့လာတာမဟုတ်ဘူးဆိုတာ သိသာနေတာပဲ” ချန်လော့ယန် သည်းမခံနိုင်တော့သဖြင့် ပြောလိုက်သည်။

“ခင်ဗျားက ကျုပ်တို့ သားရဲဘုရင်မျိုးဆက်တွေကို အထင်သေးတာလား .. နတ်ဆိုးဘုရင်ချူ ဖြစ်ထိုက်ပါပေတယ်..” တစ်စုံတစ်ယောက် ပြောလိုက်သည်။

ယုယန်ချင်းသည် အေးစက်စွာ ရယ်မောလိုက်ကာ “မင်းတို့အုပ်စုက ပြဿနာရှာချင်နေတာလား .. ဟက် .. ပြီးမှနောင်တမရနဲ့နော်”

“ဟက် အတော်လေးကို မိုက်ရိုင်းနေတာပဲ .. သူ့ဘေးကလူတွေတောင် ဒီလိုမျိုးပြောရဲတယ်ပေါ့..” သူတို့ထဲမှတစ်ဦး ပြောလိုက်သည်။

“မင်းတို့အားလုံး သေချင်နေတာလား..” နောက်ဆုံးတော့ ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

သူ ဒေါသထွက်မနေသော်လည်း အားလုံး၏စိတ်ထဲ မမြင်ရသည့်ဖိအားများ ကျရောက်လာသည်။

“မင်းစကားထပ်ပြောရင် ငါမင်းလျှာကို ဖြတ်ပစ်မယ်လို့ ငါမင်းကို တစ်ခါပြောထားပြီးသား .. အဲဒါကို မင်းက ထပ်လာရဲတယ်ပေါ့့..” ချူဖုန်း ဟူရှန်းကို မေးလိုက်သည်။

ချူဖုန််၏အကြည့်တို့ သူ့ထံသို့ ရောက်လာသည်နှင့် ဟူရှန်း အလွန်ထိတ်လန့်သွားရသည်။ သူသည် ပါးစပ်ကို တင်းတင်းစေ့ထားပြီး ချွေးစေးများ စီးကျလာလေသည်။ အမှန်တကယ်တွင် ဤအခန်းထဲ ဝင်လာကတည်းက စကားတစ်ခွန်းမှ မပြောရသေး။

“မင်း ငါ့ကိုပြောစရာမရှိရင်လည်း ထွက်သွားလိုက်တော့..” ချူဖုန်း အေးစက်စွာ အမိန့်ပေးလိုက်သည်။

ဟူရှန်း သွေးများ အေးခဲသွားရသည်။ ချူဖုန်းကိုတွေ့လိုက်တိုင်း ကြောင်ရှေ့မှ ကြွက်တစ်ကောင်ကဲ့သို့ ဖြစ်သွားသောကြောင့်လည်း သူ့ကိုယ်သူ စိတ်ပျက်မိသည်။ သူ့ကိုယ်သူပင် နားမလည်နိုင်တော့။

အမှန်တကယ်တွင် ဘုရင်အဆင့်ကျွမ်းကျင်သူ ထုတ်လွှတ်သည့် အော်ရာကြောင့် သူ ကြောက်ရွံ့တုန်လှုပ်နေခြင်းပင်။ ထိုအော်ရာကို သူ တွန်းမထုတ်နိုင်။

ဟူရှန်း အနောက်ဆုတ်သွားကာ အခန်းထဲမှ ထွက်သွားပြီး တံခါးအပြင်ဘက် သွားစောင့်နေလေသည်။

ရှက်လွန်းသောကြောင့် သူ့မျက်နှာတစ်ခုလုံး နီရဲနေလေပြီ။

ဤသည်ကို မြင်လိုက်သည်နှင့် အခြားသားရဲမျိုးနွယ်စုလူငယ်များမှာ အလွန်ရှက်သွားကြလေ၏။

“ဘုရင်တစ်ဝက်အဆင့်ဘုရင်ချူ .. ရှင့်နည်းလမ်းတွေက အရမ်းပြင်းထန်လွန်းတယ် .. ကျွန်မတို့က ကောင်းတဲ့ရည်ရွယ်ချက်နဲ့လာတာကို ရှင်က ကျွန်မတို့ကို ဒီလိုမျိုး တုံ့ပြန်လိုက်တာလား..” လုချင်း ပြောလိုက်သည်။

ဤအဝါရောင်ဝတ်စုံနှင့်အမျိုးသမီးသည် အတော်လေး လှပလှသော်လည်း ချူဖုန်း သူမကို တစ်ချက်ပင် မကြည့်။ သူသည် ယဲ့ချင်းရုန်၊ ချန်လော့ယန်တို့နှင့် ခွက်တိုက်လိုက်ပြီး အေးအေးလူလူပင် ဆက်သောက်နေလိုက်သည်။

လုချင် ဆွံ့အသွားကာ ထိုနေရာ၌ ကြောင်တောင်တောင်ရပ်နေရလေ၏။

ထိုအချိန်တွင် ရှုန်းခွန် ရှေ့တိုးလာသည်။ သူ၏ရှည်လျားလှသည့် အနက်ရောင်ဆံနွယ်များမှာ သူ့နောက်ကျောဘက်တွင် လှုပ်ခါနေသည်။ သူသည် ဝက်ဝံနက်၏မြေးဖြစ်ပြီး ဒေါသပေါက်ကွဲလွယ်သည့်သူပင်။

“ခင်ဗျားက ဘုရင်တစ်ဝက်အဆင့်ကျွမ်းကျင်သူလေးပဲ မဟုတ်ဘူးလား .. ခင်ဗျားက ဘာလို့ ဒီလောက်တောင် အထိန်းအကွပ်မရှိနိုင်ရတာလဲ.. ခင်ဗျားက ကိုယ့်ကိုကိုယ် ဒီမိုးကောင်းကင်အောက် ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား.. ခင်ဗျား ဒေါင်းမျိုးနွယ်စုနဲ့ ပန်တောင်မျိုးဆက်တိုက်ခိုက်မှာကိုတောင် ခုခံနိုင်မှာမဟုတ်ဘူး .. သူတို့ ခင်ဗျားကို အလွတ်ပေးမှာမဟုတ်ဘူး..”

“မင်းတို့မြန်မြန်ထွက်သွားပြီး ပြဿနာမရှာရင် ပိုကောင်းလိမ့်မယ်လို့ ငါအကြံပေးလိုက်မယ်” ယဲ့ချင်းရုန် နှုတ်ခမ်းကို တွန့်ကွေး၍ ပြောလိုက်သည်။

“ဟက် .. ဟာသပဲ .. ခင်ဗျား ကျုပ်တို့ကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာလား..” တစ်စုံတစ်ယောက်‌ ပြောလိုက်သည်။

“မင်းတို့တွေက သားရဲဘုရင်မျိုးဆက်တွေ ဖြစ်တာနဲ့ပဲ မင်းတို့အဖွဲ့ဖွဲ့လိုက်ရင် ငါတို့က မင်းတို့ကို မထိရဲဘူးလို့ ထင်နေတာလား..” ချူဖုန်း မေးလိုက်သည်။

“ဘုရင်တစ်ဝက်အဆင့်ချူ .. ကျွန်မတို့မှာ တစ်ခြား ရည်ရွယ်ချက်မရှိပါဘူး .. ကျွန်မတို့အားလုံးက သားရဲဘုရင်မျိုးဆက်တွေပါ .. ကျွန်မတို့က ဘုရင်ချူကို ဂုဏ်သရေရှိဧည့်သည်တစ်ယောက်နဲ့ တွေ့ပြီး ခဏလောက်စကားပြောဖို့အတွက် ဖိတ်ခေါ်ချင်လို့ပါ” လုချင် ပြောလိုက်သည်။

“ဝက်ဝံနက်မျိုးဆက် ပါတယ်”

“ပရစ်ဇမ်သမင်မျိုးဆက်လည်း ပါတယ်..”

ဤလူများ သူတို့မျိုးနွယ်စုများ၊ ဇစ်မြစ်များကို ပြောလာကြသည်။ သူတို့အားလုံးသည် သားရဲဘုရင်မျိုးဆက်များဖြစ်ပြီး အနိမ့်ဆုံးပင်လျှင် ဘုရင်တစ်ဝက်အဆင့်သားရဲနှစ်ကောင် ရှိကြသည်။

ဤအဖွဲ့နှင့်တွေ့လျှင် အင်အားကြီးအဖွဲ့အစည်းများပင် အနည်းငယ် တွေဝေသွားလိမ့်မည်ပင်။

ချူဖုန်း ရယ်မောလိုက်ကာ “ဒါက အစားအသောက်စာရင်းလား .. ဘယ်မျိုးနွယ်စုက ပိုပြီး အရသာရှိမလဲ ငါစဉ်းစားကြည့်လိုက်ဦးမယ်”

“ခင်ဗျားက သားရဲဘုရင်မျိုးဆက်တွေရဲ့ နာမည်ကို ညစ်နွမ်းအောင် လုပ်ရဲတယ်ပေါ့..” ရှုန်းခွန် ဒေါသထွက်လာကာ သူ့မျက်လုံးများ အေးစက်လာသည်။

“မင်းတို့ဘိုးဘေး ရောက်လာရင်တောင် သူ ငါ့ကို ဒီလိုမျိုး ပြောရဲမှာမဟုတ်ဘူး .. မင်းတို့တွေက မျိုးနွယ်စုတွေအတွက် ရန်သူတိုးအောင်လုပ်ခဲ့မှန်းသိရင် မင်းတို့ အပြစ်တောင် ပေးခံရလိမ့်မယ်”

ချူဖုန်း၏လေသံမှာ လေးနက်နေပြီး သူ့အကြည့်မှ ခြိမ်းခြောက်သည့် အငွေ့အသက်များ ထုတ်လွှတ်နေသည်။

“ရှင်က .. ကျွန်မတို့ သားရဲမျိုးနွယ်စုအားလုံးနဲ့ ရန်သူလုပ်ရဲတယ်ပေါ့..” လုချင် ရုတ်တရက် အော်ဟစ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူမကို မူလရှေးဟောင်းသားရဲကြီးတစ်ကောင် ပစ်မှတ်ထားနေသကဲ့သို့ သူမ ကြောက်ရွံ့လာသည်။

“ခင်ဗျား လုပ်ရဲတယ်လား..” လူအုပ်ထဲမှ လူတစ်ဦး အော်ဟစ်လာသည်။

“ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာ ငါ မင်းတို့အကြီးအကဲကိုယ်စား နည်းနည်းသင်ပေးမလိုက်မယ် .. ငါ မင်းတို့အိမ်သွားလည်တဲ့နေ့ကျရင်တော့ သင်ပေးခ ပြန်တောင်းရမယ်” ချူဖုန်း အေးစက်စွာ ပြန်ဖြေလိုက်သည်။

ဤလူများ ဒေါသထွက်သွားကာ အလွန်ရှက်သွားကြလေသည်။ သူတို့၏ ဘိုးဘေးများပင် လှောင်ခံနေရသည်။

သို့သော် ချူဖုန်း စနောက်နေခြင်းမဟုတ်ကြောင်း ယဲ့ချင်းရုန်တို့သိကြသည်။ သူသာ ဤလူများ၏ ဘိုးဘေးတောင်များသို့ သွားလည်ပါက မျိုးနွယ်စုတစ်ခုလုံး ကြောက်ရွံ့ထိတ်လန့်သွားကြရလိမ့်မည်။

“ခင်ဗျားက ကျုပ်သားရဲဘုရင်မျိုးဆက်ကို စော်ကားရဲတယ်ပေါ့ .. အချိန်ကျရင်..” ရှုန်းခွန် အော်ဟစ်ချင်သော်လည်း သူ စကားပြော၍မပြီးသေးခင်မှာပင် အခန်းထဲ၌ ကြောက်စရာကောင်းသည့် စိတ်စွမ်းအင်တစ်ခု ပျံ့နှံ့သွားသည်။ သူ့ခန္ဓာကိုယ်တုန်ယင်သွားကာ ချက်ချင်းတောင့်တင်းသွားသည်။ သူ ဤဖိအားကို မတွန်းလှန်နိုင်။

ဒုတ်..

သူ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ တုန်ယင်နေသည့်ခန္ဓာကိုယ်သည် သူ့စကား နားမထောင်တော့။

သူ ချူဖုန်းကို အံ့အားတကြီး မော့ကြည့်လိုက်သည်။

“ရှင်..” လုချင် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှဦပင် ကြောက်စရာကောင်းသည့် စွမ်းအင်တစ်ခု ပျံ့လွင့်လာကာ အခန်းထဲရှိ သားရဲမျိုးနွယ်စုလူငယ်အားလုံးထံမှ အသံများ ထွက်လာသည်။

ဒုန်း ဒုန်း ဒုန်း..

ဤလူများသည် ထိုဖိအားကို မခုခံနိုင်တော့ပဲ ဆက်တိုက်ပင် ဒူးထောက်ကျသွားကြသည်။

အင်ပါယာဓားပညာကို ရရှိပြီးနောက် ချူဖုန်း စိတ်စွမ်းအင်ပညာများကို ပို၍ ကျွမ်းကျင်လာပြီး စိတ်စွမ်းအင်ကို ပို၍ အသုံးပြုလာနိုင်သည်။ ဤလူငယ်လေးများက ထိုကဲ့သို့သောစွမ်းအင်မျိုးကို ဘယ်လိုလုပ် ခုခံနိုင်မည်နည်း..

“ဘုရားရေ..” သူတို့စိတ်ထဲတွင် ဒေါသတကြီး အော်ဟစ်နေကြသော်လည်း သူတို့ပါးစပ် ဖွင့်၍မရတော့သည်ကို တွေ့လိုက်ရသည်။ သူတို့ ဘာမှလှုပ်ရှား၍မရတော့။

ဤနေရာကို ဖြတ်သွားသည့်သူများအားလုံး အံ့အားတကြီး ဖြစ်သွားကြသည်။ ဒီမှာ ဘာဖြစ်နေတာလဲ .. အဲဒါက သားရဲမျိုးနွယ်စုက လူငယ်တွေမဟုတ်ဘူးလား .. သူတို့တွေက ဘာလို့ ဒီမှာ ဒူးထောက်နေတာလဲ..

သတင်းမှာ စားသောက်ဆိုင်တစ်ခုလုံး၌ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ လာကြည့်သည့်လူ တစ်ဖြည်းဖြည်းများလာပြီး အချို့မှာ ဓာတ်ပုံပင် ရိုက်သွားကြသေးသည်။ မန်နေဂျာ ရောက်လာကာ သူတို့ကို တားဆီးရန် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရသည်။

သို့သော် ယခုအချိန်တွင်တော့ ဤနေရာ၌ ကိစ္စကြီးတစ်ခုဖြစ်နေကြောင်း အားလုံး သိသွားကြပြီဖြစ်သည်။

သားရဲမျိုးနွယ်စုလူငယ်တစ်စုက ချူဖုန်း အခန်းရှေ့မှာ ဒူးထောက်နေကြတယ်..

အပိုင်း ၁၄၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset