Switch Mode

Chapter – 140

ပြန်ရောက်လာခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၄၀ – ပြန်ရောက်လာခြင်း

အနီရောင်ဓားပျံထဲတွင် စာလုံးတစ်လုံးမှ မရေးထားသည့်ပုံလေးပုံ ရှိနေသည်။ ဝိညာဉ်အမွေအနှစ်တစ်ခုအတွက် မည်သည့်စာသားမှ ရေးစရာမလိုသောကြောင့် ရေးမထားခြင်းပင်။

စိတ်စွမ်းအားဖြင့် ကြည့်လိုက်သည်နှင့် ဤအင်ပါယာဓားပညာ၏ နက်နဲသည့် ဆန်းကြယ်မှုများကို မြင်နိုင်လိမ့်မည်။

သို့သော် ဤဓားအနီရောင်ထဲမှ အန္တရာယ်အငွေ့အသက်တစ်မျိုးကို ချူဖုန်း ခံစားမိနေသည်။ ဤဓားထဲမှ စွမ်းအင်သည် ကျူးကျော်ဝင်ရောက်လာသူ၏ စိတ်ကို တစ်စစီလုပ်ပစ်ကာ အသိစိတ်ပြတ်တောက်သွားအောင် လုပ်ပစ်ရန် လုံလောက်သည်။

ပထမဆုံး တိုက်ခိုက်မှုကို သူ ခုခံနိုင်ခဲ့သော်လည်း အခြားဘုရင်များသာဆိုလျှင်တော့ ကြောက်စရာကောင်းသည့် စိတ်စွမ်းအင်ကြား ကျရှုံးသွားလောက်လေပြီ။ စွမ်းအားကြီးသည့် အသွေးအသားရှိနေသော်လည်း စိတ်စွမ်းအင်သာ မရှိတော့လျှင် လမ်းလျှောက်နေသည့် အလောင်းကောင်ကြီးကဲ့သို့ ဖြစ်သွားလိမ့်မည်။

ချူဖုန်း မြွေပါအိုကြီးကို မချီးကျူးပဲ မနေနိုင်တော့။ သူတို့မျိုးနွယ်စုသည် သာမန်သားရဲဘုရင်များထက် စိတ်စွမ်းအားကြီးကြသည်ပင်။ ထို့ကြောင့်လည်း သူတို့ အင်ပါယာဓားပညာကို ရနိုင်ခဲ့ခြင်းပင်။

သို့သော် ချူဖုန်းက သူ့ထက် ပိုစွမ်းအားကြီးနေသည်။

ဓားပျံထဲတွင် နေရာလွတ် အကျယ်ကြီး ရှိနေပြီး အထဲဘက်တွင် တောက်ပသည့်ပုံလေးပုံ ရှိနေသည်။ ချူဖုန်း ပထမဆုံးပုံထဲ ဝင်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ထာဝရဓားတစ်လက် သူ့နားရွက်ကို ထိုးဖောက်နေသကဲ့သို့ ပြင်းထန်လှသည့်နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့စိတ်မှာ တစ်စစီဖြစ်မတတ်ပင်။

သို့သော် သူ ကြံကြံခံကာ တောင့်ခံခဲ့သည်။

အပြင်ဘက်တွင်တော့ သူ့နဖူးထက်၌ ငွေရောင်အလင်း တောက်ပနေသည်။ သူ၏ဘုရင်အဆင့် သွေးစွမ်းအင်များ ဆူပွက်လာကာ အနီရောင်ဓားပျံကို ရစ်သိုင်းလာသည်။

ဝုန်း..

ယခုတော့ ပထမဆုံးပုံရိပ်ထဲတွင် သူ တည်ငြိမ်သွားလေပြီ။ ပုံထဲမှ စာသားနှင့်ပုံများ ထွက်လာကာ ချူဖုန်းစိတ်ထဲ စွဲထင်လာသည်။

ဤသည်မှာ အင်ပါယာဓားပညာအမွေအနှစ်ပင်။ မည်သည့်စာအုပ်မှရှိမည်မဟုတ်ပဲ အောင်မြင်သွားလျှင် စိတ်ထဲကိုသာ တိုက်ရိုက်ဝင်ရောက်လာလိမ့်မည်။

အမွေဆက်ခံရန်လည်း ခက်ခဲလှသည်။ ဘုရင်အဆင့်ကျွမ်းကျင်သူများထဲပင်လျှင် အလွန်ကြောက်စရာကောင်းသည့် စိတ်စွမ်းအင်ရှိသူများသာ ဤစည်းတံဆိပ်ကို လက်ခံနိုင်လိမ့်မည်။

အတင်းလုပ်ပါက စိတ်သေဆုံးသွားရုံသာ ရှိလိမ့်မည်။

ချူဖုန်း အားလုံးကို အသေးစိတ်ကြည့်ရှု့လိုက်ပြီး သူ့ကိုပြသလာသည့်အရာမှန်သမျှကို မှတ်မိအောင် လုပ်လိုက်သည်။

ထို့နောက် သူ ပထမပုံရိပ်ထဲမှ ပြန်ထွက်လာပြီး နေရာလွတ်တွင် ခဏနားလိုက်သည်။ ထို့နောက် ရှေးဟောင်းအငွေ့အသက်များ ထုတ်လွှတ်နေသည့် ဒုတိယပုံထဲသို့ ဝင်သွားလိုက်သည်။

ပထမပုံ၏အတွေ့အကြုံရှိနေသောကြောင့် ဒုတိယပုံမှာ သူ့အတွက် အနည်းငယ် လွယ်ကူသွားသည်။ ထိုပုံကို သူ အားကုန်ခုခံလိုက်သည်။

အပြင်မှကြည့်မည်ဆိုလျှင် ချူဖုန်းသည် တင်ပုလ္လင်ခွေထိုင်ကာ မလှုပ်မယှက်ထိုင်နေသည်ပင်။ သူ့ခန္ဓာကိုယ်ကို မထင်မှတ်ထားသည့် အန္တရာယ်များမှ ကာကွယ်ရန်အတွက် အသိစိတ်အနည်းငယ်ကိုသာ ချန်ထားခဲ့ပြီး ကျန်သည့် အသိစိတ်အားလုံးကို ဤဓားပျံတွင်သာ မြှုပ်နှံထားလိုက်သည်။

နောက်ဆုံး ပုံလေးခုလုံးထဲ ဝင်ပြီးသွားပြီး အင်ပါယာဓားပညာကို သူ ရရှိသွားလေပြီ။

“မြွေပါအိုကြီးတောင် ဒုတိယပုံထိပဲ ပြီးသေးတယ် .. ကြည့်ရတာ ဒီအမွေအနှစ်က ငါထင်ထားတာထက်ကို ပိုစွမ်းအားကြီးတယ်ထင်တယ်” ချူဖုန်း အံ့အားသင့်သွားရသည်။

ပုံလေးပုံထဲတွင် ပထမပုံနှင့် ဒုတိယပုံတွင်သာ မြွေပါအိုကြီး၏ အငွေ့အသက်ကို ခံစားခဲ့ရသည်။

မြွေပါအိုကြီး၏ စိတ်စွမ်းအင်အကြွင်းအကျန်များကို ဖယ်ရှားပြီးသည်နှင့် ချူဖုန်း ဓားထဲမှ ပြန်ထွက်လာလိုက်သည်။ ထို့နောက် သူ သိခဲ့ရသမျှအရာအားလုံးကို ပြန်လည်စဉ်းစားဆင်ခြင်လိုက်သည်။

အင်ပါယာဓားပညာမှာ တကယ်တော့ ထိုမျှမဆန်းပြား။ စိတ်စွမ်းအင်ကို အသုံးပြုသည့် ပုံစံတစ်မျိုးသာ။

ဤပညာကို ကျွမ်းကျင်တတ်မြောက်သွားပါက ပစ္စည်းများကို ထိန်းချုပ်ကာ အဝေးမှ ရန်သူကိုပင် သတ်နိုင်လိမ့်မည်။

အနှစ်ချုပ်ရလျှင် ကိုယ်စွမ်းအားသုံးသည့် ကိုယ်ခံပညာရှိသကဲ့သို့ စိတ်စွမ်းအင်များ အသုံးပြုသည့် ‘စိတ်ပညာ’များလည်း ရှိသည်ပင်။

“အဲဒီလိုကိုး..” ချူဖုန်း ခေါင်းညိမ့်လိုက်သည်။

“ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် .. ဒီနှစ်ခုရဲ့ စွမ်းအားကို နှိုင်းယှဉ်လို့မရဘူး .. နှစ်ခုလုံးက သိုင်းပညာအတွက် အရေးကြီးတယ်”

အခြေခံအချက်အလက်များကို နားလည်ပြီးသည်နှင့် ချူဖုန်း ‘စိတ်ပညာ’များကို စတင်လေ့ကျင့်လိုက်သည်။ သူသည် တစ်ဝက်လေ့ကျင့်ရုံဖြင့် အကျိုးကျေးဇူး နှစ်ဆ ရရှိခဲ့သည်။ နောက်ဆုံးတွင်တော့ သူ အရာဝတ္ထုများကို ထိန်းချုပ်လာနိုင်သည်။

ညနေခင်း နေရောင်ခြည်များကြောင့် ကောင်းကင်တစ်ခုလုံး နီရဲနေကာ နေမင်းကြီးသည် လက်ကျန်စွမ်းအင်များကို ဖြန့်ကျက်ပေးနေလေ၏။

ချူဖုန်း မျက်လုံးဖွင့်လိုက်သည်နှင့် နီရဲနေသည့် ဓားပျံ ပျံထွက်သွားကာ အဝေးမှ ကျောက်တုံးကို တိုဖူးကဲ့သို့ ထိုးဖောက်သွားလေသည်။

ချူဖုန်း အလွန်ပျော်ရွှင်သွားရ၏။ သူ အတော်လေး တိုးတက်ခဲ့သည်ပင်။

ဝှစ်..

ထို့နောက် အနီရောင်ဓားပျံသည် ကျောက်တုံးကို ထိုးဖောက်သွားကာ အဝေးမှ ငါးမီတာရှည်သည့်ကျောက်တုံးကြီးကို ထပ်မံပိုင်းဖြတ်လိုက်သည်။

ဝှစ်..

မီတာပေါင်းများစွာမြင့်သည့် အညိုရောင်ကျောက်တုံးကြီး နှစ်ပိုင်းပြတ်သွားပြီး ပြတ်ရာမှာ အလွန်ချောမွေ့နေသည်။

ထို့နောက် ဓားနီလေး ချူဖုန်း လက်ထဲ ရောက်ရှိလာသည်။ ဓားသည် နီရဲတောက်ပနေပြီး ပြစ်ချက်တစ်ခုမှပင် ရှာမတွေ့နိုင်။

အဝေးမှ ဟယ်လီကော်ပတာသံများ ကြားနေရသည်။ တောင်ခြေ၌ ဟယ်လီကော်ပတာများ ရပ်တန့်သွားကာ သန္ဓေပြောင်းလူများ ဆင်းသက်လာကြကာ တောင်ပေါ်သို့ တက်လာခဲ့လိုက်ကြသည်။

ဤလူများမှာ သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ပြီး အလွန်တုန်လှုပ်သွားရသည်။ လမ်းတစ်လျှောက်တွင် သားရဲအလောင်းများစွာ ရှိနေပြီး အားလုံးမှာ မြားတစ်စင်းဖြင့် အသတ်ခံထားရသည်။ အချို့အကောင်များမှာ ခန္ဓာကိုယ်အစုံအလင်ပင်မရှိတော့။

တောင်ထိပ်ပေါ်သို့ ရောက်လာပြီးသည့်နောက်တွင်တော့ တောင်ထိပ်မှာ ဖရိုဖရဲဖြစ်နေသည်ကို သူတို့တွေ့လိုက်ရသည်။

တောင်ထိပ်မှာ ပြိုကျလုနီးပါး ပျက်စီးနေပြီသည်။ ဓားပျံကြောင့် နေရာတိုင်းတွင် ဓားရာများ ရှိနေပြီး ချူဖုန်းလက်သီးချက်ကြောင့် တစ်စစီဖြစ်သွားသည့်ကျောက်တုံးများလည်း နေရာအနှံ့ ရှိနေသည်။ အချို့ကျောက်တုံးများမှာ သွေးများ စွန်းထင်းနေသည်ပင်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် တိုက်ပွဲကြီး မည်မျှပြင်းထန်ခဲ့သည်ကို သိနိုင်သည်။

“မြန်မြန် .. ဒါက သားရဲဘုရင်သွေး .. သွေးတွေကို မြန်မြန်သိမ်းလိုက် .. အလေအလွင့်မဖြစ်စေနဲ့..” သုတေသနပညာရှင်တစ်ဦးလည်း သူတို့နှင့်အတူ လိုက်လာကာ သားရဲဘုရင်၏ အကြွင်းအကျန်များကို အအေးသေတ္တာထဲ ထည့်သိမ်းထားလိုက်သည်။ အချို့ကျွမ်းကျင်သူများကတော့ ရင်နာနေကြရသည်။ အလောင်းသာ အကောင်းအတိုင်းရှိနေမည်ဆိုလျှင် တန်ဖိုးပိုကြီးသွားမည်ပင်။

“ဒီမှာ အသက်ရှင်နေတဲ့သူ နှစ်ယောက်ရှိတယ်..” တစ်စုံတစ်ယောက်မှ ဟွမ်ယွမ်နှင့် ခုန်းကျွောကို ရှာတွေ့သွားကြသည်။

သားရဲနှစ်ကောင်မှာ ဆံပင်မွေးများပင် ထောင်ထသွားကြလေ၏။ သူတို့ကိုကြည့်နေသည့် လူသားများ၏ အမူအရာများမှာ အလွန်ကြောက်စရာကောင်းလှသည်။

ချူဖုန်း ပေါ်လာသည်နှင့် အားလုံးသည် သူတို့လုပ်လက်စအလုပ်များကို ရပ်တန့်လိုက်ပြီး သူ့ကို လေးလေးစားစားနှုတ်ဆက်လိုက်သည်။ အများစုမှာ ချူဖုန်းအား စကားသွားပြောချင်သည့်စိတ်ကို ချုပ်ထိန်းနေကြရသည်။

“ကျွန်တော့်ကို မနက်ဖြန်မနက်အတွက် လေယာဉ်စီးစဉ်ပေးပါ..” ချူဖုန်း များများစားစားမပြော။ ပန်တောင်ကို သိမ်းပြီးသွားပြီဖြစ်သွားသောကြောင့် ကျန်သည့်ကိစ္စများကို လုထုန်လုပ်လိမ့်မည်။

သူ ဤနေရာ၌ ဆက်နေရာမလိုတော့။ အင်ပါယာဓားပညာရလိုက်သည်နှင့်ပင် အလွန်တန်နေပြီဖြစ်သည်။

သူ ဤတစ်ည နေနေခြင်းမှာလည်း သန္ဓေပြောင်းမြေကြီးအောက်၌ မြှုပ်ထားသည့် အစေ့သေတ္တာကို စောင့်ချင်သောကြောင့်ပင်။

ချူဖုန်း ရိက္ခာခြောက်အချို့ကို စားပြီးနောက် သူ့အပင်ကို စောင့်ကြပ်ရန် တောင်အနောက်ဘက်သို့ ပြန်သွားလိုက်သည်။ စောင့်နေရင်းဖြင့် သူ၏အင်ပါယာဓားပညာကို လေ့လာလိုက်သည်။

ချူဖုန်း သူ့မျက်လုံး ဖွင့်လိုက်သည့်အချိန်တွင် ကောင်းကင်ကြီးမှာ မည်းမှောင်နေပြီဖြစ်သည်။ သူ ကျောက်သေတ္တာကို တူးထုတ်ကာ သက်ပြင်းချလိုက်၏။ ထင်ထားသည့်အတိုင်း အစေ့များမှာ ပြောင်းလဲမှုမရှိ။

မိုးသောက်ချိန်တွင်တော့ သူ ပန်တောင်မှ ထွက်လာခဲ့လိုက်သည်။

သူတို့ ဤနေရာကို အရင်ရှင်းလင်းရမည်ဖြစ်သောကြောင့် သတင်းမထုတ်ပြန်ရသေးပေ။

နံနက်ခင်း နေရောင်ခြည်သည် ပြတင်းပေါက်ကို ဖြတ်ကျော်ကာ ချူဖုန်းထံသို့ ဖြာကျလာသည်။ နံနက်ခင်း ရွှေရောင်အလင်းထဲတွင် သူသည် တကယ်ကို နတ်ဘုရားတစ်ပါးနှင့်တူနေသည်။ လေယာဉ်ပေါ်၌ ရှိနေသည့်လူအားလုံးမှာ ဤကဲ့သို့ တွေးနေကြသည်ပင်။

နာမည်ကြီးတောင်တစ်လုံးကို သူတစ်ယောက်တည်း သိမ်းပိုက်ခဲ့သည့်တိုက်ပွဲမှတ်တမ်းမှာ အံံအားသင့်စရာကောင်းလှပြီး လောကကြီးကို တုန်လှုပ်စေနိုင်သည်ပင်။ ထို့အပြင် သားရဲဘုရင်အလောင်းကို သူတို့ကိုယ်တိုင် တွေ့ခဲ့ရသည်။ ထိုအလောင်းသည် တစ်စစီပင် ပေါက်ကွဲသွားခဲ့သည်ပင်။

နောက်ဆုံးတွင်တော့ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ပဲ ချူဖုန်းနှင့် ဓာတ်ပုံတွဲရိုက်ရန် ခွင့်တောင်းလာကြသည်။

“ကိစ္စမရှိပါဘူး..” ချူဖုန်း ပြုံး၍ သူတို့တောင်းဆိုမှုကို သဘောတူလိုက်သည်။

တိုက်ပွဲကြီးပြီးသည့်နောက်တွင် သူ အတော်လေး စိတ်အေးလက်အေး ရှိနေသည်။ အထူးသဖြင့် အင်ပါယာဓားပညာကို ရခဲ့သောကြောင့် သူ အတော်‌လေး စိတ်ပျော်နေသည်။ သူ ဤပညာကို အချိန်တိုအတွင်း ကျွမ်းကျင်ပြီး သူ့စွမ်းအားများ ထပ်မံတိုးတက်လာလိမ့်မည်ဟု သူ ယုံကြည်သည်။

နေ့လည်လောက်တွင် ချူဖုန်း ရွှမ်းထျန်သို့ ရောက်လာသည်။

ချူဖုန်း အတော်လေး ကသိကအောင့်ဖြစ်နေရသည်။ တောတောင်မှ ရှုပ်ထွေးနေသည့် မြို့ကြီး ပြန်ရောက်လာသည်မှာ အတော်လေး ဆန့်ကျင်ဘက်ကြီး ဖြစ်နေသည်ပင်။

“ဘော့စ် .. ဘော့စ်အခု ဘယ်မှာလဲ .. ကျွန်တော်တို့ လာကြိုမယ်..”

တိဟွိုင်ကျင်း သူ့ကို စိတ်လှုပ်ရှားစွာ ဖုန်းခေါ်လာသည်။ သူ့အသံမှာ ကျယ်လောင်လှသောကြောင့် ချူဖုန်းနားကို ထိခိုက်စေတော့မတတ်ပင်။

ယဲ့ချင်းရုန်ပင် မတည်ငြိမ်နိုင်တော့ပဲ အော်ဟစ်လာသည်။ ‘ချူဖုန်း ရှင်က ကျွန်မတို့ကို စပရိုက်အကြီးစားကြီး ပေးလိုက်တာပဲ .. ဒီသတင်းက တကယ်ကို အံ့ဩဖို့ကောင်းတယ်..”

သူတို့ တောင်အားရှင်းလင်းပြီး ပစ္စည်းများ သိမ်းဆည်းသည့်အချိန် တစ်ခုခု ဖြစ်သွားမည်စိုးသောကြောင့် ့ ပန်တောင်တိုက်ပွဲသတင်းကို အပြင်ဘက်သို့ မထုတ်လွှင့်သေးသောလည်း လူအချို့ကိုတော့ လုထုန် ပြောပြထားသည်ပင်။

အစပိုင်းတွင် သူတို့အုပ်စု မယုံကြည်ခဲ့။ လုထုန် သူတို့ကို လှည့်စားနေသည်ဟုသာ ထင်ခဲ့သည်။ သို့သော် ဓာတ်ပုံများ မြင်လိုက်ရသည့်အချိန်တွင်တော့ သူတို့အားလုံး အလွန်တုန်လှုပ်သွားခဲ့ကြသည်။

သားရဲဘုရင်ကြီး လဲကျနေကာ တောင်ထိပ်တစ်ခုလုံးလည်း ပုံပျက်နေသည်ပင်။

“ဘော့စ် .. ကျွန်တော်တို့ ဘော့စ်အတွက် ကြိုဆိုပွဲလုပ်မလို့ .. စကိုင်းတာဝါ ၈၈ ထပ်က စားသောက်ဆိုင်ကို သွားကြစို့..” ယုယန်ချင်းကြေငြာလိုက်သည်။

“အိုကေ .. ငါ မင်းတို့ကို စောင့်နေမယ်” ချူဖုန်း လမ်းဘေး၌ ရပ်လိုက်ပြီး သူ့အား လာကြိုမည့်သူတို့ကို စောင့်နေလိုက်သည်။ သူတို့ လာနေပြီဖြစ်သောကြောင့် သိပ်မကြာလောက်တော့။

သူသည် လူစည်ကားသည့်လမ်းဘေး၌ ရပ်နေခြင်းဖြစ်သောကြောင့် လူတစ်ယောက် ချက်ချင်းပင် သူ့ကိုမှတ်မိသွားသည်။

“ချူဖုန်းမလား .. ခင်ဗျားကဘာလို့ ရွှမ်းထျန်ကနေ ထွက်မသွားသေးတာလဲ .. ဒါက အရမ်းအန္တရာယ်များတယ် .. ခင်ဗျားကို ရှင်းပစ်ဖို့အတွက် တစ်ချို့ သားရဲကျွမ်းကျင်သူတွေ စုဝေးပွဲလုပ်နေကြတယ်လို့ ကျုပ်ကြားတယ်”

“ဟုတ်တယ် … အခြေအနေသိပ်မကောင်းဘူး .. ခင်ဗျား မြို့ကနေ ထွက်သွားပြီး ခဏလောက် သိုသိုသိပ်သိပ်နေသင့်တယ်”

ရုတ်တရက် မနည်းလှသည့်လူများ သူ့ကို လာနှုတ်ဆက်ကြသည်။ အားလုံးမှာ အလွန်စိတ်လှုပ်ရှားနေကြကာ သူ့ကို ခဏလောက်ရှောင်နေရန် ပြောနေကြသည်။

ယဲ့ချင်းရုန်နှင့် ချန်လော့ယန် ရောက်လာသည့်အချိန်မှသာ သူ လှည့်ထွက်လာခဲ့လိုက်သည်။

“စိတ်မပူပါနဲ့ .. ကျွန်တော်အဆင်ပြေပါတယ်” ချူဖုန်း ပြောပြီး ထွက်လာလိုက်သည်။

သတင်းမှာ လျင်မြန်စွာပင် ပျံ့နှံ့သွားပြီး ချူဖုန်းသည် ထွက်ပြေးရန် စိတ်ကူးမရှိပဲ ရွှမ်းထျန်၌သာ ရှိနေကြောင်း ပြည်သူအားလုံး သိသွားကြသည်။

“ဘော့စ် .. ဘော့စ်က အနုမြူဗုံးကြဲမလို့လား .. ဘော့စ် မြွေပါဘိုးဘေးကို သတ်ခဲ့တဲ့သတင်းကို မကြာခင် ချပြတော့မှာ .. သာမန်ပြည်သူတွေမပြောနဲ့ အင်အားကြီးအဖွဲ့အစည်းတွေတောင် ဆွံ့အသွားမှာ ကျိန်းသေတယ်”

ကားပေါ်၌ ယုယန်ချင်း စိတ်လှုပ်ရှားစွာ ရယ်မော၍ ပြောနေသောကြောင့် ကားပင် ယိုင်ထိုးလာသည်။

“ကားမောင်းတာပဲ အာရုံစိုက် .. လျှောက်လုပ်မနေနဲ့” ယဲ့ချင်းရုန် သူ့ကို သတိပေးလိုက်သည်။

“ဘာလို့ ဒီနေရာကြီးပဲလဲ..” ဤနေရာမှာ သူ ကျန်းလော့ရှန်း၊ ရှားချန်းယုတို့နှင့် ဘလိုင်းဒိတ်လုပ်ပြီး နေ့လည်စာစားခဲ့သည့် နေရာပင်။

“တစ်ခြား ရွေးချယ်စရာမှ မရှိတာ .. ဒီက စားသောက်ဆိုင်က မြို့ထဲမှာ အကောင်းဆုံး စားသောက်ဆိုင်ပဲ .. အထူးသဖြင့် ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီးသည့်နောက်တွင် သန္ဓေပြောင်းငှက်များနှင့် သားရဲများကို ဟင်းချက်ပစ္စည်းအဖြစ် အသုံးပြုကာ ဟင်းပွဲပေါင်းများစွာကို ဖန်တီးပြုလုပ်ခဲ့သည်။ ဤဆိုင်သည် မြို့ထဲတွင် နာမည်ကြီးနေကာ နံပါတ်တစ်၊ နှစ် ချိတ်နေသည်ပင်။

“စိတ်မပူပါနဲ့ .. ကျွန်မ မန်နေဂျာနဲ့စကားပြောပြီး ကျွန်မတို့အတွက် သီးသန့်အခန်း ပြင်ခိုင်းပြီးသွားပြီ” ယဲ့ချင်းရုန် သူ့ကို စိတ်အေးအောင် ပြောလိုက်သည်။

ပြတင်းပေါက်နှင့်နီးသည့် သီးသန့်ခန်းထဲသို့ သူတို့ ဝင်ထိုင်လိုက်ကြသည်။ ဤအခန်းမှ တစ်မြို့လုံးအား အပေါ်စီးမြင်နိုင်သလို မြို့အပြင်ဘက် တောအုပ်ကြီးနှင့် သားရဲများကိုလည်း မြင်နိုင်သည်ပင်။

ဤရှုခင်းကြောင့် ပုံမှန်ဆိုလျှင် ဤအခန်းကို ရနိုင်ရန်အတွက် ခက်ခဲသည်ပင်။

“အမ် .. အဲဒီလူက ဘာလို့ချူဖုန်းနဲ့ အရမ်းတူနေတာလဲ .. သူ ရွှမ်းထျန်မြို့ကနေ ထွက်မသွားသေးဘူးလား..”

သူတို့ သိုသိုသိပ်သိပ်နေရန် ကြိုးစားသော်လည်း ချူဖုန်းတို့အဖွဲ့ကို လူများ ရှာတွေ့သွားပြီး ဓာတ်ပုံရိုက်လာကြသည်။

သူတို့တံခါးမပိတ်မချင်း လူများ တဖွဲဖွဲရောက်လာကာ သူ့ကိုနှုတ်ဆက်နေခဲ့ကြသည်။

စားသောက်ဆိုင် မန်နေဂျာ ရောက်လာကာ ယဲ့ချင်းရုန်အား တီးတိုးပြောလာသည်။ “တစ်ချို့သားရဲမျိုးနွယ်စုက လူငယ်တွေ ဒီကိုရောက်နေတယ် .. မင်း ဒီမှာ ဆက်စားချင်တာ သေချာရဲ့လား..” သူ့အမူအရာမှာ ဂကျိုးဂကြောင်ဖြစ်နေသည်။

ချူဖုန်း၏ပြဿနာကို သိနေသောကြောင့် သူ စေတနာဖြင့် လာပြောပြခြင်းပင်။

“မလိုဘူး ရတယ်” ယဲ့ချင်းရုန် ခေါင်းခါ၍ ပြောလိုက်သည်။

သူတို့အားလုံး တည်ငြိမ်နေကာ ဤကိစ္စအား အလေးအနက်မထားသည်ကို မြင်လိုက်ရသည့်အချိန် မန်နေဂျာ ဆွံ့အသွားရသည်။ သူလည်း နောက်ထပ်မပြောတော့။

“ဒေါင်းမျိုးနွယ်စုနဲ့ ပန်တောင်က မျိုးဆက်တွေက သူတို့ချူဖုန်းကို ဆန့်ကျင်ကြောင်းပြဖို့အတွက် တစ်ခြား မျိုးဆက်တစ်ချို့နဲ့ ရွှမ်းထျန်းကို အပြေးလေး ရောက်လာနေကြတယ်လို့ ငါလည်း ကြားလိုက်တယ် .. အဲဒီလူတွေများလား..” ချန်လော့ယန် ပြောလိုက်သည်။

တကယ်ပင်။ ခဏကြာပြီးနောက် သူတို့ သီးသန့်ခန်းတံခါးကို မဖိတ်ခေါ်ထားသည့် ဧည့်သည်တစ်ဦး တွန်းဖွင့်ဝင်ရောက်လာလေသည်။

ချူဖုန်း ဤနေရာသို့ ရောက်နေသည့်သတင်းမှာ လျှို့ဝှက်သတင်းမဟုတ်တော့ပေ။

ဧည့်သည်မှာလည်း သေချာပေါက် လူမဟုတ်။ ဤသည်မှာ အတော်လေး အရပ်ရှည်ပြီး ရွှေရောင်ဆံပင်ရှည်ကြီး ရှိနေသည့်သူတစ်ဦးပင်။

အခန်းထဲသို့ ဝင်လာပြီးသည်နှင့် ထိုလူငယ်လေးသည် မရိုးမသားပြုံးလိုက်ပြီးနောက် ချူဖုန်းကို စိုက်ကြည့်လိုက်ကာ “ချူဖုန်းလား .. ခင်ဗျားက တကယ်ကို စိတ်အေးလက်အေး နေနေတာပဲ .. ခင်ဗျား ရွှမ်းထျန်က ထွက်သွားလောက်ပြီလို့ ကျုပ်ထင်နေတာ .. မထင်မှတ်ထားတဲ့ နာမည်ကြီးနေတဲ့ ဘုရင်ချူကို ဒီမှာ လာတွေ့လိုက်ရတာပဲ”

သူ့အပြုံးတုမှာ သူ၏မျက်လုံးထဲမှ အကြောက်တရားကို သစ္စာဖောက်နေသည်။

သူ့အပြုအမူကို ကြည့်လိုက်သည်နှင့် သူ၏နောက်ခံတောင့်တင်းသည်ကို သိနိုင်သည်။ မဟုတ်ပါက သူ ချူဖုန်းကို ရန်လာစရဲမည်မဟုတ်။

“ဘုရင်တစ်ဝက်အဆင့်ဘုရင်ချူက ဒီမှာရောက်နေပြီဆိုတော့ ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပေးပါ” သူ ချူဖုန်းကို ဖိတ်ခေါ်သည့်ပုံစံ လုပ်ပြလိုက်သည်။

ချူဖုန်း စကားတစ်ခွန်းမှမပြောပဲ သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

ဤရွှေရောင်ဆံပင်နှင့် လူငယ်လေး သွေးများအေးခဲသွားသလို ခံစားလိုက်ရသော်လည်း သူ့ကိုယ်သူ အားတင်းလိုက်သည်။ တစ်ဖက်လူက ဘာမှမှမပြောရသေးတာ .. သူက ဘာလို့ ကြောက်နေရမှာလဲ..

သူသည် မျက်လုံးများမှေးကျဉ်းလိုက်ပြီး အသံမြှင့်လိုက်သည်။ “ဘုရင်တစ်ဝက်အဆင့် ဘုရင်ချူက ရွှမ်းထျန်းမြို့မှာ ရှိနေတုန်းဆိုတော့ ကျွန်တော်နဲ့စကားပြောဖို့ လိုက်ခဲ့ပေးပါလား..”

“ထွက်သွားလိုက်စမ်း..” ချူဖုန်း တစ်လုံးတည်းသာ ပြောလိုက်သည်။ သူသည် သားရဲဘုရင်အစစ်ကိုပင် သတ်ခဲ့သောကြောင့် ဤသားရဲငယ်လေးများကို အဘယ်ကြောင့် အရေးစိုက်နေရမည်နည်း..

“ခင်ဗျား..” ထိုလူငယ်လေး ဒေါသထွက်သွားရသည်။ မည်သို့ပင်ဖြစ်စေ သူသည် သားရဲဘုရင်တစ်ဦး၏ မျိုးဆက်ဖြစ်သောကြောင့် ဤကဲ့သို့သော အထက်စီးဆန်မှုကို သူ ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း..

“မင်း စကားတစ်လုံးထပ်ပြောလိုက်တာနဲ့ ငါမင်းကို သတ်မှာ..” ချူဖုန်း သူ့ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

အပိုင်း ၁၄၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset