Switch Mode

Chapter – 139

အံ့အားသင့်ဖွယ်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၃၉ – အံ့အားသင့်ဖွယ်

တောင်အနောက်ဘက်တွင်တော့ အနီရောင်မက်မွန်ပင်နှင့် အစိမ်းရောင်မိုးမခပင်များဖြင့် ပြည့်နှက်နေသည်။ ပန်းပွင့်လေးများ ဖူးပွင့်နေကာ သစ်ရွက်များထက်တွင်လည်း နှင်းရည်စက်လေးများ ခိုတွဲနေသည်။ လေထဲတွင် မြူခိုးများ အုံ့ဆိုင်းနေသည့်ကြားမှ နေရောင်များ ထိုးဖောက်လာသောကြောင့် မြင်ကွင်းမှာ အလွန်ပင် ခမ်းနားလှသည်။ သေမျိုးလောက၏ အရှုပ်အထွေးများမှ ကင်းကွာပြီး မသေမျိုးနယ်မြေ ရောက်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။

စမ်းချောင်းအစွန်းတွင် စင်တစ်ခု ရှိနေပြီး ထိုနံဘေးတွင်တော့ ချောင်းကိုဖြတ်ထားသည့် တံတားငယ်လေးတစ်စင်း ရှိနေသည်။

ချူဖုန်း ထိုနေရာ၌ ရပ်ကာ ရှုခင်းများကို ခံစားလိုက်သည်။ ဤသည်မှာ မသေမျိုးပန်းချီကားတစ်ခု အသက်ဝင်လာသကဲ့သို့ပင်။ ပန်းနံ့များမှာ လူတစ်ယောက်၏ စိတ်ထဲမှ ပြဿနာများ၊ ဒုက္ခများကိုပင် ဖြေရှင်းပေးနိုင်သကဲ့သို့ပင်။ ဤနေရာမှာ စိတ်ကျင့်ကြံရန်အတွက် တကယ်ကို သင့်တော်လှသည်။

ဤစိမ်းစိုနေသည့် နေရာကို ဖြတ်ကျော်လာပြီးနောက် အသက်ဝင်နေသည့် မြင့်မြတ်မြေတစ်ခုသို့ ရောက်လာသည်။

ပန်တောင်မှာ သာမန်နေရာမဟုတ်။ မြွေပါအိုကြီးသည် ဤနေရာ၌ အချုပ်အနှောင်နှစ်ခုကို ဖြတ်တောက်ကာ အင်ပါယာဓားပညာကိုပင် သင်ယူနိုင်ခဲ့သောကြောင့် ဤတောင် မည်မျှထူးခြားကြောင်း သိသာလှသည်။

“သန္ဓေပြောင်းသစ်ပင်တွေ..”

ပန်တောင်မှ အရေးအကြီးဆုံးနေရာဖြစ်လောက်မည့် နေရာ၏ခြံဘေးပတ်ပတ်လည်တွင် ပေါက်နေသည် အပင်ငယ်တစ်ချို့ကို သူ မြင်လိုက်သည်။

တစ်၊ နှစ်..

သန္ဓေပြောင်းအပင်ငယ် စုစုပေါင်း ငါးပင်ရှိပြီး သန္ဓေပြောင်းမြက်ပင်များ အပင် ၅၀ ကျော် ရှိနေသည်ကို သူ အံ့အားသင့်စွာ တွေ့လိုက်ရသည်။

“ဒါက နာမည်ကြီးတောင်တစ်တောင်က ပြုစုထားတဲ့ ဝိညာဉ်စွမ်းအားတွေများလား..”

သူ သက်ပြင်းချလိုက်သည်။ အပြင်လောကတွင် သန္ဓေပြောင်းအပင် တစ်ပင်၊ နှစ်ပင်လောက်ကို ရှာတွေ့ရန်အတွက် ထူးခြားဆန်းကြယ်လှသည့် ကံတရားကြီး ရှိနေရန် လိုအပ်သော်လည်း ဤနေရာမှာတော့ တစ်ပြင်လုံး သန္ဓေပြောင်းအပင်များဖြင့် ပြည့်နေသည်။

သာမန်လူများအတွက်တော့ ဤနေရာကို ထာဝရဆေးခင်းကြီးဟုပင် ခေါ်နိုင်သည်။

အပင်ငယ်လေးများမှာ ၀.၆ မှ ၁ မီတာခန့်သာရှိသည်။ ထိုထဲမှ တစ်ပင်မှာ အတော်လေး ထူးခြားသည်။ ထိုအပင်သည် နှစ်မီတာခန့်ရှိပြီး မဟူရာဖြင့်လုပ်ထားသကဲ့သို့ နီရဲနေသည်။

မြွေပါအိုကြီး အဆင့်တက်နိုင်ခဲ့သည်မှာ ဤအပင်နှင့် သက်ဆိုင်နေလိမ့်မည်ဟု သူ ထင်သည်။ ကျန်သည့်အပင်များမှာ ထိုမျှမထူးခြား။

ဤအပင်များ၌ အသီးတစ်လုံးမှ မရှိတော့သည်မှာ နှမြောစရာပင်။ သူတို့ အသီးအားလုံးကို ခူးပြီးသွားလေပြီ။

ဤတောင်တွင် သားရဲဘုရင်တစ်ကောင်၊ ဘုရင်တစ်ဝက်အဆင့်သားရဲနှစ်ကောင်နှင့် သန္ဓေပြောင်းသားရဲ ရာချီရှိနေသောကြောင့် အသီးများမှာ လုံလောက်မည်ပင်မဟုတ်။

မြက်ပင်များကတော့ အဖူးဖူးနေကြလေပြီ။ ဘေးပတ်ဝန်းကျင်တွင်လည်း မွှေးရနံ့များ သင်းပျံ့နေ၏။

ချူဖုန်း ဒူးထောက်ချလိုက်ပြီး သူ၏ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းရန် ကြိုးစားလိုက်သည်။

သို့သော် ခဏကြာပြီးနောက် သူစိတ်ပျက်သွားရသည်။ ဤဝတ်မှုန်များမှာ သူ့အတွက် အလုပ်မဖြစ်တော့။

ထင်ထားသည့်အတိုင်းပင် ဘုရင်အဆင့်ဖြစ်လာပြီးနောက် သာမန်သန္ဓေပြောင်းအသီးနှင့် ဝတ်မှုန်များမှာ သူ့အတွက် အကျိုးမရှိတော့။

ထိုနီရဲနေသည့် နှစ်မီတာရှည်သည့်သစ်ပင်သာ သူ့အတွက် အကျိုးရှိလိမ့်မည်။ သို့သော် ထိုအပင် အသီးထပ်သီးရန်အတွက် သူ နောက်တစ်နှစ် စောင့်ရလိမ့်မည်။

ဤသည်မှာ နာမည်ကြီးတောင်တစ်တောင်၏ အားသာချက်ပင်။ အပင်များသည် တစ်နှစ်ကြာပြီးလျှင် အဖူးဖူးကာ အသီးပြန်သီးနိုင်ကြသည်။

ဤအချက်ကြောင့်လည်း အင်အားကြီးအဖွဲ့အစည်းများသည် တောင်တစ်တောင်ကို သိမ်းပိုက်နိုင်ရန်အတွက် သွေးများဖြင့်ပေးဆပ်နေကြခြင်းပင်။

နာမည်ကြီးတောင်တစ်တောင်ကို ထိန်းချုပ်နိုင်သည်နှင့် သူတို့လူများ ဆက်တိုက်တိုးတက်ပြောင်းလဲလာနိုင်သည်ပင်။

“အဲဒီမြေအောက်နန်းတော်က ဘယ်နားမှာလဲ…” သူ့ကို ပြောထားသည့်နေရာအား ချူဖုန်း ရှာဖွေလိုက်သည်။ ဟွမ်ရှောင်ရှန်း၏ ဝန်ခံစကားများအရ အမွေအနှစ်များမှာ တောင်အနောက်၌ ရှိနေသည်ပင်။

သို့သော် သူ နေရာတိုင်း ရှာဖွေပြီးသွားသော်လည်း သဲလွန်စလေးပင် မတွေ့သေး။ မြေအောက်နန်းတော်၏ အရိပ်အယောင်ကိုပင် မမြင်ရသေး။

သူ အမှတ်တမဲ့ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် အဝေးရှိတောင်တစ်တောင်မှာ မြူဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

ချူဖုန်း တွေဝေခြင်းမရှိပဲ ထိုနေရာသို့ သွားလိုက်သည်။

“သစ်ပင်ကြီးလား..”

မြူထဲတွင် ကြီးမားလှသည့်သစ်ပင်ကြီးတစ်ပင်အား‌ တွေ့လိုက်ရသည့်အချိန် သူ တုန်လှုပ်သွားရသည်။ သစ်ပင်အမြစ်များမှာ တောင်ခြေ၌ ရှိနေပြီး သစ်ပင်ထိပ်ဖျားကတော့ ကောင်းကင်ကိုပင် ထိုးဖောက်နေသည်။

အပင်သည် အနည်းဆုံး မီတာ ၈၀၀ ကျော်မြင့်ပြီး အခက်အလက်များ ဝေဆာနေသည်။ သစ်ရွက်များမှာ ကျောက်စိမ်းကဲ့သို့ စိမ်းစိုတောက်ပနေသည်ပင်။

ပို၍ အရေးကြီးသည့်အချက်မှာ သစ်ပင်အမြစ်များ ရှိနေသည့်နေရာ၌ မြေကြီးများ အက်ကွဲနေကာ မြေအောက်နန်းတော်ကို မြင်နေရသည်ပင်။

နောက်ဆုံးတော့ သူ တွေ့သွားပြီ.. ချူဖုန်း အလွန်ပျော်ရွှင်သွားရသည်။

သို့သော် ဤရှေးဟောင်းသစ်ပင်ကြီးမှာ ကြီးမားလွန်းလှပြီး ဤအပင်မှ အန္တရာယ်အငွေ့အသက်များကို ခံစားနေရသည်။

သူ့အသိစိတ်များမှာ ဘယ်တုန်းကမှ မမှားခဲ့။ ဤရှေးသစ်ပင်ကြီး၌ စိတ်စွမ်းအားရှိနေသည်။

“ကျုပ်က ဒီမြေအောက်နန်းတော်ထဲ ဝင်ဖို့ပဲ လာခဲ့တာပါ .. ကျုပ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး” တစ်ဖက်လူ နားလည်လည်မလည်လည် ချူဖုန်း ပြောလိုက်သည်။

သစ်ပင်ကြီးမှာ တိတ်ဆိတ်နေဆဲ။ မည်သည့်ပြောင်းလဲမှုမှမရှိ။

သို့သော် သူ အရှေ့တိုးလာပြီး မြေအောက်နန်းတော်နား ချဉ်းကပ်လိုက်သည့်အချိန်တွင် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ သူ ချက်ချင်း အပေါ်သို့ မော့ကြည့်လိုက်သည့်အချိန်တွင် သစ်ပင်တစ်ပင်လုံး လှုပ်ရှားနေပြီး အကိုင်းများ ခါရမ်းနေသည်ကို တွေ့လိုက်ရသည်။

ထို့နောက် ချူဖုန်းထံသို့ အသီးအချို့ ပြုတ်ကျလာလေသည်။

“သစ်အယ်သီးပင်လား..”

ဤအသီးများကို သတိမပြုမိခဲ့သောကြောင့် ချူဖုန်း အံ့အားသင့်သွားရသည်။ အသီးများသည် အရွက်များအောက်၌ ပုန်းကွယ်နေပြီး ယခု အရေးကြီးသည့်အချိန်မှ ထွက်လာကြခြင်းပင်။

“ဒါက ဘယ်လိုအခြေအနေကြီးလဲ..”

ချူဖုန်း အလွန်လျင်မြန်သည့်အရှိန်ဖြင့် နောက်ပြန်ဆုတ်လိုက်သည်။ ထိုသစ်အယ်သီးတွင် ဆူးချွန်များ ဖုံးလွှမ်းထားသည်ပင်။

သစ်အယ်သီးမှာ နာမည်ကြီးသည့် အစားအစာတစ်မျိုးဖြစ်သော်လည်း ဆူးချွန်များ ဖုံးလွှမ်းနေသည့် သစ်အယ်သီးကိုတော့ မမြင်ဖူး။ ဆူးချွန်များမှာ အပ်ကဲ့သို့ ချွန်ထက်နေပြီး အရေပြားကို အလွယ်တကူး ထိုးဖောက်သွားနိုင်သည်။

အသီးများမှာ အလွန်လည်း ကြီးမားလှသည်။ အသီးတစ်လုံးကို ကိုးမီတာကျော်ရှည်ပြီး ရွှေရောင်ဝါဝင်းနေသည်။

ဝုန်း..

ထိုအသီးသည် လေထဲပေါက်ကွဲသွားကာ ရွှေရောင်ဆူးချွန်များကို အလွန်လျင်မြန်သည့်အရှိန်ဖြင့် ပစ်လွှတ်လာသည်။ ဤဆူးချွန်များသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ချူဖုန်းထံသို့ ရောက်ရှိလာလေသည်။

ချူဖုန်း အလွန်လျင်မြန်စွာ နောက်ပြန်ဆုတ်လိုက်သည်။ ဆူးချွန်များမှာ မီတာဝက်ကျော်ရှည်ပြီး အချို့ဆူးချွန်များမှာ တစ်မီတာပင်ရှည်ကြောင်း တွေ့လိုက်ရသည်။ ထို့အပြင် ဤဆူးချွန်များမှာ အသံထက်ပင် မြန်နေကြသည်။

ဝှစ် ဝှစ်..

ချူဖုန်း လှံမိုးကို ရှောင်ရှားကာ လုံခြုံစွာ ပြန်ဆုတ်လာနိုင်ခဲ့သည်။ ရွှေရောင်ဆူးချွန်များမှာ အလွန်အားပြင်းလှပြီး မီတာပေါင်းများစွာမြင့်သည့် ကျောက်တုံးများကိုပင် အလွယ်တကူ ထိုးဖောက်သွားကာ အပေါက်များဖြစ်အောင် လုပ်လိုက်သည်။

သူ၏ အဖျက်စွမ်းအားကတော့ အံ့အားသင့်စရာပင်။

သာမန်သန္ဓေပြောင်းသားရဲများမှာ ဤအပ်မုန်တိုင်းနှင့်သာတွေ့လျှင် အသက်ရှင်နိုင်စရာအကြောင်းမရှိ။

အခွံမှ အပ်များ ထွက်သွားသည်နှင့် အထဲဘက်မှ အသီးအစစ်ပေါ်လာသည်။ ထိုအသီးသည် ကုတင်တစ်လုံးအရွယ်အစားရှိပြီး ချူဖုန်း ယခင်က ရပ်နေခဲ့သည့်နေရာတည့်တည့်သို့ ကျလာသည်။

ဝုန်း..

ပေါက်ကွဲသံကျယ်ကြီး ထွက်ပေါ်လာကာ မြေကြီးပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာပြီး အမှိုက်များ၊ ဖုန်မှုန့်များ လွင့်စင်လာသည်။

သစ်အယ်သီးတစ်လုံးစီမှာ ဗုံးတစ်လုံးကဲ့သို့သော အဖျက်စွမ်းအားများ ရှိနေသည်။

ချူဖုန်း အဝေး၌ ရပ်ကာ အံ့အားသင့်နေရသည်။ ဒါက အန္တရာယ်ရှိပုံမပေါ်တဲ့ သစ်အယ်သီးပင်ရော ဟုတ်သေးရဲ့လား .. သူ့မျက်လုံးကိုသူ မယုံကြည်နိုင်တော့။

စုစုပေါင်း အသီးငါးလုံး ကျလာကာ ကောင်းကင်တစ်ခုလုံး အဝါရောင်ဆူးချွန်များဖြင့် ပြည့်နှက်သွားသည်။

တစ်ခဏကြာပြီးမှသာ သူ အသိစိတ်ဝင်လာသည်။

“မင်းဘာပဲဖြစ်ဖြစ် ငါ စိတ်မဝင်စားဘူး .. မင်း ငါ့လမ်းကိုပိတ်နေရင်တော့ မင်းအမြစ်တွေကို ချိုးပစ်လိုက်မှ ငါ့ကိုအပြစ်လာမတင်နဲ့..” ချူဖုန်း ခြိမ်းခြောက်လိုက်သည်။

မည်သည့်ကိစ္စပဲ ရှိနေပါစေ သူ မြေအောက်နန်းတော်ထဲဝင်ပြီး ထိုအမွေအနှစ်ကို ရယူရန် ဆုံးဖြတ်ထားပြီးသားပင်။

ချူဖုန်း တစ်ကိုယ်လုံး တောက်ပလာ၏။ အထူးသဖြင့် သူ့ညာလက်မောင်းပင်။ ထိုလက်မှ ငွေရောင်စွမ်းအင်များ သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။

ဤစွမ်းအင်များမှာ သူ အသက်ရှူစည်းချက်အသုံးပြုလိုက်လျှင် ပိုသိသာသေးသည်။

သို့သော် သူ သစ်ပင်နား ထပ်ကပ်သွားသည့်အချိန်တွင် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခံလိုက်ရသည်။ သစ်ရွက်များ လှုပ်ခါလာပြီး ယခုတစ်ခေါက်တော့ အသီးဆယ်လုံးကျော် ကျလာသည်။

တစ်ခဏအတွင်းမှာပင် ဤနေရာတစ်ခုလုံး ဆူးချွန်များဖြင့် ပြန်လည်ပြည့်နှက်သွားသည်။ သားရဲတစ်ဝက်အဆင့်သားရဲပင် ဤကြောက်စရာကောင်းသည့် တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်။

ချူဖုန်း စိတ်တိုလာလေပြီ။ သားရဲဘုရင်တစ်ယောက်ကို သတ်ပြီးသွားပြီဖြစ်သော်လည်း ဤသစ်ပင်ကြီးက သူနှင့် တိုက်ခိုက်ချင်နေသေးသည်။ သူ နွားနတ်ဆိုးလက်ဝှေ့ပညာကို သူ့ညာလက်၏ နတ်ဘုရားကဲ့သို့သော စွမ်းအားနှင့် ပေါင်းစည်းလိုက်သည်။

ကျယ်လောင်သည့် နွားရိုင်းသံနှင့်အတူ ငွေရောင်အလင်းတန်း ထွက်ပေါ်လာပြီး လေထဲရှိ ဆူးချွန်အားလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်လိုက်သည်။

ထို့နောက် ချူဖုန်း လှုပ်ရှားလိုက်သည်။ သူ တစ်ခါခုန်လိုက်လျှင် ပျံသန်းနေသကဲ့သို့ မီတာနှစ်ရာ၊ သုံးရာ ရောက်သွားလေ၏။

“ဘာ .. မြွေပါအိုကြီး‌ သေသွားပြီလား..” သစ်အယ်သီးပင်မှာ ထိတ်လန့်သွားသလိုပင်။

ထို့နောက် သူသည် ကျယ်လောင်စွာ အော်ဟစ်ကာ မြေကြီးထဲမှ သူ့အမြစ်များကို ဆွဲထုတ်လိုက်ပြီး တောအတွင်းပိုင်းသို့ ပြေးဝင်သွားလေသည်။

ချူဖုန်း ဆွံ့အသွားရ၏။ သူ မြေအောက်နန်းတော်သို့ ရောက်သွားပြီဖြစ်သော်လည်း သစ်ပင်အိုကြီးကတော့ ထွက်ပြေးသွားလေပြီ။ သို့သော် အင်ပါယာဓားပညာက ပိုအရေးကြီးသည်။

ခဏကြာပြီးနောက် သူ မျက်မှောင်ကြုတ်လိုက်သည်။ မြေအောက်နန်းတော်မှာ အတော်လေး သေးငယ်ကာ ရိုးရှင်းလှသည်။ အခန်းထဲ၌ ကျောက်ကုတင်တစ်လုံး၊ ကျောက်စားပွဲခုံတစ်လုံး၊ ထိုင်ခုံအချို့နှင့် ကျောက်နှင့်လုပ်ထားသည့်ဆုတောင်းဖျာသာရှိသည်။ မည်သည့်မှတ်တမ်းမှ မရှိသလို မည်သည့်စာတမ်းမှ မတွေ့ရ။

ဝှစ်..

ချူဖုန်း မြေအောက်နန်းတော်ထဲမှ အသားကုန်ပြေးထွက်လာပြီး သစ်အယ်သီးပင်နောက် ပြေးလိုက်သွားလိုက်သည်။

“လူသား .. မင်းက ငါ့ကို လိုက်ဖမ်းချင်နေသေးတာလား .. ငါ မင်းကို သေတဲ့အထိ တိုက်မှာ..”

သစ်ပင်ကြီးမှာ အမြစ်များဖြင့် တရွတ်တိုက်သွားနေခြင်းဖြစ်သောကြောင့် သူ့လမ်းကြောင်းကို ဖုံး၍မရ။

အပင်ကြီးသည် အော်ဟစ်ကာ ပို၍စွမ်းအားကြီးသည့် အသီးတစ်လုံး ပစ်ချလာသည်။ အသီးမှာ ဖောက်ထွင်းမြင်ရလုနီးပါး ကြည်လင်နေသည်ပင်။

ထိုအသီးပေါက်ကွဲပြီးနောက် ထိတ်လန့်စရာကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ရန်သူ၏စွမ်းရည်ကို မသိပဲ ချူဖုန်း ပြေးမဝင်ရဲ။ သူ တတ်နိုင်သမျှ တစ်ခြားနေရာသို့ မြန်မြန်ပြေးသွားလိုက်သည်။

ဝုန်း..

ထိုအသီးပေါက်ကွဲသွားသည်နှင့် သလင်းကျောက်လှံတံတိုများ ထောင်ပေါင်းများစွာ ထွက်လာသည်။

ချူဖုန်း အံ့အားသင့်သွားရ၏။ မြွေပါအိုကြီးပင် ဤတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပါက သူလည်း ထိုးဖောက်ခံရလောက်သည်။

တစ်ချိန်တည်းမှာပင် အသီး၏အတွင်းသား မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် ကြီးမားလှသည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။

ချူဖုန်း သူ့ဆံပင်မွေးများပင် ထောင်ထသွားသလို ခံစားလိုက်ရသည်။ အနီးအနားရှိ တောင်နှစ်လုံးမှာ ပျောက်ချင်းမလှ ပျောက်သွားလေပြီ။

သို့သော် သစ်အယ်သီးပင်လေးတစ်ပင်လောက်ကိုတော့ သူ ကြောက်နေစရာမလို။ “မင်းမှာ ဒီလိုမျိုး စွမ်းအားကြီးတဲ့အသီးတွေ ရှိနေရင်တောင် မင်းကငါ့ပြိုင်ဘက်မဟုတ်သေးဘူး .. ငါ အားနည်းနည်းထည့်လိုက်တာနဲ့ မင်းတို့အားလုံးကို သတ်လို့ရတယ်..”

“ငါ မင်းကို ရန်မစတာတောင်မှ မင်းက ငါ့ကို တိုက်ခိုက်ချင်နေတယ်ပေါ့ .. ရတယ်လေ .. အဲဒါဆိုလည်းလာခဲ့..” သစ်အယ်ပင်အိုကြီး ပြောာလာသည်။ သူ ယုံကြည်ချက်သိပ်မရှိတော့။ အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ ထိုသလင်းကျောက်သစ်အယ်သီး များများစားစားမရှိ။ ပို၍ စိတ်ပျက်စရာကောင်းသည်မှာ သူ့စွမ်းရည်များဖြင့် သူ ဤလူသားကို ထိအောင်မပစ်နိုင်။

“မြေအောက်နန်းတော်က အမွေအနှစ်က ဘယ်မှာလဲ .. မင်း မင်းနဲ့အတူ ယူသွားတာလား..” ချူဖုန်း မေးလိုက်သည်။

“အမွေအနှစ်က မင်းဆီမှာလေ..” သစ်အယ်သီးပင်ကြီး‌ အော်ဟစ်လိုက်သည်။

“အဓိပ္ပာယ်မရှိတာ .. ငါ့ဆီမှာဆိုရင် ငါက ဘာလို့ မြေအောက်နန်းတော်ဆီ လာမှာလဲ..” ချူဖုန်း သူ့ကို စိုက်ကြည့်၍ ပြောလိုက်သည်။

“ပန်တောင်ဘိုးဘေး အမွေအနှစ်တွေကို လေ့လာဖို့အတွက် အနီရောင်ဓားကို သူ့နဖူးပေါ် ထိုးလိုက်တာကို ငါမြင်ဖူးတယ် .. အဲဒီဓားထဲမှာ ဝိညာဉ်စည်းတစ်ခုရှိတယ် .. ငါ ထင်တာမမှားရင်တော့ အမွေအနှစ်ဆိုတာက အဲဒီဓားထဲမှာထင်တယ်” ရှေးဟောင်းသစ်ပင်ကြီး ပြောလိုက်သည်။

ချူဖုန်း သူ့ဓားပျံကို ထုတ်လိုက်ပြီး စိတ်စွမ်းအားဖြင့် စမ်းသပ်ကြည့်လိုက်သည့်အချိန်တွင် သူ့စွမ်းအားများကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဤဓားထဲ၌ အလွန်ထူးခြားကာ အန္တရာယ်များသည့် စိတ်စွမ်းအင်ရှိသည်ကို သူ အာရုံခံမိလိုက်သည်ပင်။

သူ သစ်ပင်ကို ယုံကြည်သွားလေပြီ။ “အဲဒါဆိုရင် ခင်ဗျား ထွက်ပြေးနေစရာမလိုတော့ဘူး .. ပြန်သွားပြီးတော့ ကျုပ်အစား တောင်ကို စောင့်ရှောက်ပေးထား”

“မလုပ်ဘူး..” သစ်အယ်သီးပင်အိုကြီးမှာ အလွန်ကြောက်ရွံ့နေသောကြောင့် ထိုစကားပြောပြီးသည်နှင့် ချက်ချင်း ထွက်ပြေးသွားလေတော့သည်။

“ငါ မင်းကို ခက်ခဲအောင် မလုပ်ပါဘူး..” ချူဖုန်း သူ့နောက် ပြေးလိုက်သွားလိုက်သည်။

“မင်း သွားပြီးမှ ငါစဉ်းစားပေးမယ် .. ငါ့နောက်လိုက်မလာခဲ့နဲ့ မဟုတ်ရင် ငါ မင်းကိုချမှာ” သစ်ပင်အိုကြီး ပြောလိုက်သည်။

နောက်ဆုံးတွင်တော့ ချူဖုန်း ဖိအားပေးမနေတော့ပဲ ပြန်လှည့်လာရန် ဆုံးဖြတ်လိုက်သည်။

ချူဖုန်း တောင်နောက်သို့ ပြန်လာပြီး သူ့အစေ့သေတ္တာကို ဆေးခင်းထဲ မြှုပ်လိုက်သည်။ ဤဆေးခင်းထဲ၌ နှစ်ရောင်စပ်မြေကြီး ရှိနေသည်ပင်။

သူ့အစေ့ကို ဤနေရာ၌ စိုက်၍ရမရ သူသိချင်သည်။

ထို့နောက် သူ တင်ပုလ္လင်ခွေထိုင်လိုက်ပြီး ဓားပျံကို ထုတ်ယူလိုက်ကာ သူ့နဖူးထက် ဖိကပ်ထိုးလိုက်သည်။

ဝုန်း..

ချူဖုန်း နာကျင်စွာ ညည်းညူလိုက်သည်။ သူ့ခန္ဓာကိုယ် ယိမ်းထိုးလာကာ သူ့အမြင်အာရုံလည်း မှုန်ဝါးလာကာ သတိလစ်လုနီးပါးဖြစ်သွားသည်။ ဤသည်မှာ ဓားထဲ၌ရှိနေသည့် ဝိညာဉ်စည်းမှ တိုက်ခိုက်လာခြင်းပင်။

ဤစည်းမှာ အားကောင်းလွန်းလှသောကြောင့် ချူဖုန်း ထိတ်လန့်သွားရသည်။ ထာဝရဓားဖြင့် သူ့အသိစိတ်ကို ဖြတ်တောက်နေသကဲ့သို့ပင် သူ ခံစားလိုက်ရသည်။

ဘုရင်အဆင့်ကျွမ်းကျင်သူပင်လျှင် လုံလောက်သည့်စိတ်စွမ်းအားမရှိပါက ဤဝိညာဉ်တိုက်ခိုက်မှုအား ခုခံနိုင်လိမ့်မည်မဟုတ်ဟု သူယုံကြည်သည်။

ထို့နောက် လျင်မြန်စွာပင် အလွန်ရှေးကျသည့် စာလုံးအချို့ သူ့မြင်ကွင်းထဲ ဝင်ရောက်လာသည်။ ‘အင်ပါယာဓားပညာ…”

အပိုင်း ၁၃၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset