Switch Mode

Chapter – 3

အဖော်မဲ့ နှင်း

Chapter – 3 အဖော်မဲ့ နှင်း

ရှီဖုန်းသည် မြို့တော်ခန်းမဆီသို့ သွားနေသည်။ လမ်းတစ်လျှောက်တွင် ကစားသမားများဖြင့် ပြည့်နေကာ သူတို့က တာဝန်များ ရလိုရငြား NPCများဖြင့် စကားပြောနေကြသည်။ ထိုကဲ့သို့မြင်ကွင်းက ဈေးတစ်ခုကို ရောက်နေသကဲ့သို့ ခံစားရစေသည်။

သို့သော်လည်း နယ်ဘုရားနယ်မြေတွင် တာဝန်တစ်ခုရရှိရန်မှာ လွယ်ကူသည့်အရာ မဟုတ်ပေ။ အဓိကအကြောင်းကတော့ NPCများသည် အသိဉာဏ်မြင့်မားမှုကြောင့် ဖြစ်သည်။ သူတို့၏အသိဉာဏ်မြင့်မားမှုက သူတို့ကို ကစားသမားများအား စကားဖြင့် ထိန်းထားနိုင်သည့်စွမ်းရည်ကို ပေးစွမ်း၏။ ထို့အပြင် ကစားကမားများကလည်း စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောကြရသည်။ မဟုတ်ပါက NPCများ၏ ခက်ထန်သော တုန့်ပြန်မှုကို ပြန်ခံစားရပေလိမ့်မည်။ ကစားသမားများက ဒီရေအလား တဖြည်းဖြည်း တိုးလာသည့်အတွက် အလွယ်တကူ ရရှိနိုင်သည့် သာမန်တာဝန်တစ်ခုကိုပင် ရရှိရန် ခက်ခဲလာသည်။

နတ်ဘုရားနယ်မြေစတင်ချိန် ၁၀မိနစ်ကြာပြီးတာတော်မှ အနီရောင်သစ်ရွက်မြို့ရှိ ကစားသမားများသည် သာမန်တာဝန်တစ်ခု ရရှိရန် ကြိုးစားနေကြရဆဲ ဖြစ်သည်။

သို့သော်လည်း ရှီဖုန်းကတော့ ပြန်လည်မွေးဖွားလာသည့် အားသာချက် ရှိသောကြောင့် တာဝန်တစ်ခုကို ရရှိခဲ့သည့်အပြင် ရရှိသည့်တာဝန်ကလည်း ပြိုင်ဘက်ကင်းတာဝန်တစ်ခု ဖြစ်နေလေသည်။ ပြိုင်ဘက်ကင်းတာဝန်က သူ့အတွက် ခက်ခဲသော်လည်း ပြိုင်ဘက်ကင်းတာဝန်မှ ဆုလာဘ်သည် အလွန်ကို မက်မောစရာ ကောင်းလှသည်။ ဤပြိုင်ဘက်ကင်းတာဝန်မှ ရရှိသည့် ဆုလာဘ်ကို နယ်ဘုရားနယ်မြေတွင် တစ်လကြာပြီးနောက် ထိပ်ဆုံး၌ ရောက်ရှိမည့် ကစားသမားများပင် သွားရည်ယိုကျပေလိမ့်မည်။

ပြန်လည်မွေးဖွားလာသည့် ရှီဖုန်းသည် ရှဲဒိုးအဖွဲ့တွင် လူပေါင်းတစ်သောင်းကျော်ကို ခေါင်းဆောင်ခဲ့သည့် အတွေ့အကြုံကလည်း ရှိသည့်အပြင် မြို့ကြီး၁၀မြို့ကိုလည်း တည်ဆောက်ခဲ့သေး၏။ ထို့ကြောင့် သူ သိထားသည် သတင်းအချက်အလက်များသည် တခြားသူများထက် အလွန်ကို သာလွန်နေသည်။ ထိုသတင်းအချက်အလက်များက သူ့အား အဆင့် မြန်မြန်တက်အောင် လုပ်ပေးနိုင်ပြီး ငွေကို မြန်မြန် ရှာပေးနိုင်သည်။ ထို့အပြင် သူ၏သတင်းအချက်အလက်များသည် လူပေါင်းထောင်ချီသည့် အဖွဲ့အစည်းတစ်ခုကို အလွန်အစွမ်းထက်အောင် ပြုလုပ်ပေးနိုင်သည်အထိ စွမ်းဆောင်နိုင်သည်။

ယခု သူက ပြန်လည်မွေးဖွားလာသည့်အတွက် ယခင်ဘဝမှ အတွေ့အကြုံများကို အသုံးပြုကာ အကျိုးအမြတ်များရအောင် ဖန်တီးယူတော့မည် ဖြစ်သည်။ ထိုအကျိုးအမြတ်များဖြင့် သူက အနာဂါတ်တိုးတက်မှုအတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခု တည်ဆောက်ရန် ဖြစ်သည်။ ထို့ကြောင့် ရှီဖုန်းက သာမန်တာဝန်တစ်ခုရရန် လမ်းမတွင် တခြားကစားသူများနှင့် အချိန်ကုန်ခံပြီး လုနေလိမ့်မည် မဟုတ်ပေ။

စကေးများ တိုးတက်လာစေရန်အတွက် တောထဲသွားပြီး မွန်းစတားများကို သတ်သည့်အလုပ်ဆို ပို၍ပင် မလုပ်ချင်သေး၏။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် တောထဲ၌ မွန်းစတားများထက် ကစားသမားများက ပို၍ များနေ၍ ဖြစ်သည်။

ရှီဖုန်းက ထိုကစားသမားကို ရှောင်ပြီး လုပ်ချင်သည့်အတွက် အခက်ခဲဆုံးဖြစ်သည့် ပြိုင်ဘက်ကင်းတာဝန်ကို ယူလာခဲ့သည်။

သို့သော်လည်း လက်ရှိ ပြိုင်ဘက်ကင်းတာဝန်ကို အောင်မြင်ရန်အတွက် ငွေ လိုအပ်သည်။ ယခုအချိန်၌ ရှီဖုန်းထံတွင် ပိုက်ဆံ မရှိသေးချေ။

ဂိမ်းအစတွင် ကစားသမားတိုင်းက ကြေးပြား၁၀ပြား ရရှိသော်လည်း ထိုကြေးပြား၁၀ပြားက လက်နက်တစ်ခု သို့မဟုတ် ချပ်ဝတ်တန်ဆာတစ်ခုကို ဝယ်ရန် မလုံလောက်ပေ။ HP သို့မဟုတ် MP များ ပြန်လည်ဖြည့်တင်းပေးသည့် အစားအသောက်များသာ ဝယ်နိုင်သည်။

ရှီဖုန်းက မြို့တော်ခန်းမှရှေ့သို့ ရောက်သောအခါ လူတစ်ရာကျော်သော ရှည်လျားသည့် အတန်းကြီးကို တွေ့လိုက်ရသည်။

နတ်ဘုရားနယ်မြေဂိမ်းက မည်သည့်ဂိမ်းဖြစ်နေပါစေ ကျေးရွာခေါင်းဆောင် သို့မဟုတ် မြို့တော်ဝန်သည် တာဝန်များ ရနိုင်သည့် ကစားသမားများ၏ ပစ်မှတ် ဖြစ်သည်။ ထို့ကြောင့် သာမန်အားဖြင့် ကစားသမားများက ထိုအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။

“ဟေး… အသစ်လေး… လူကြားထဲ ပြဿနာမဖြစ်ချင်ရင် ဝင်ပြီး တန်းစီလိုက်ပါ… “ တန်းစီနေသည့်အထဲမှ ရိုးသားပုံပေါက်သည့် စစ်သည်တစ်ဦးက ရှီဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။ ထိုစစ်သည်တော်က လက်ကို လူတန်းကြီး၏ နောက်ဆုံးဆီသို့ ညွှန်ပြလိုက်သည်။

“ငါက တာဝန်ကို ယူဖို့ လာတာ မဟုတ်ဘူး… “ ရှီဖုန်းက မြို့တော်ခန်းမှ၏ ရှေ့၌ ရှိသော လူတန်းရှည်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

တခြားနေရာများနှင့် ယှဉ်လျှင် ဤနေရာသည် တာဝန်တစ်ခု ရနိုင်သည့်နေရာ ဖြစ်သည်။ တာဝန်တစ်ခု ရရန် အချိန်ပိုကုန်သော်လည်း တာဝန်မရသည့် ကစားသမားများထက်စာလျှင် အများကြီး ပိုကောင်း၏။

ထိုအမျိုးသားစစ်သည်က ရှီဖုန်းအား သေချာကြည့်လိုက်သည်။ ယခုအချိန်တွင် လူတိုင်းက တာဝန်တစ်ခုရရှိရန် အသေအလဲ ကြိုးစားနေကြသော်လည်း သူ့ရှေ့မှ လူငယ်ကတော့ တာဝန်တစ်ခု ရယူရန် စိတ်မဝင်စားဘူးဟု ဖြေခဲ့သည်။ ထိုစကားကို သရဲ၊တစ္ဆေများကပင် ယုံလိမ့်မည် မဟုတ်ချေ။

“ဒီနေရာကို တာဝန်တစ်ခု ရယူဖို့ လာခဲ့တာ မဟုတ်ဘူး… “ ရှီဖုန်းက အမျိုးသားစစ်သည်ကို ပြောလိုက်သည်။

ထိုစစ်သည်၏ ရန်လိုသည့်အကြည့်များကို မြင်ပြီး ရှီဖုန်းက စိတ်ထဲတွင် လူတန်းကြီးကို ခုန်ကျော်ပစ်လိုက်ချင်နေသည်။ ရှီဖုန်းက အပြုံးဖြင့် ထိုစစ်သည်ကို ပြောလိုက်သည်… “ဒီမှာ အဓိပ္ပါယ်မရှိ စောင့်နေမဲ့အစား တခြားနေရာသွားပြီး တာဝန်ရဖို့ ကြိုးစားစေချင်တယ်… ဒါက အကြံပေးတာပါ… “

“ဘာလို့ အဓိပ္ပါယ်မရှိရမှာလဲ… ဒီကနေ တာဝန်တစ်ခုကို လက်ခံပြီး ထွက်လာကြတဲ့ လူတွေတောင် ရှိတယ်… “

လူတန်းကို ဖြတ်ဝင်မည့် အစီအစဉ်မရှိဟန်ရသည့် ရှီဖုန်း၏အမူအရာကို မြင်ရမှ စစ်သည်က စိတ်သက်သာရာ ရသွား၏။ သူက ဤနေရာတွင် တန်းစီနေသည်မှာ ၁၀မိနစ်ခန့် ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် တခြားသူများက ကြားမှဖြတ်ဝင်မည်ကို မလိုလားပေ။ သို့သော်လည်း ရှီဖုန်း၏ ခိုင်မာပြတ်သားသည့် အသံကို ကြားပြီး ဘာကြောင့် စောင့်နေသလဲဆိုသည့် အဖြေကို သိချင်လာသည်။

ရှီဖုန်းက ပြုံးရုံသာ ပြုံးပြလိုက်ပြီး ရှင်းပြမနေပေ။ ထိုအစား သူက ပြောနေသည့် အကြောင်းအရာကို လွှဲလိုက်သည်… “မင်းက ကြည့်ရတာ မကောင်းတဲ့ လူတစ်ယောက်နဲ့ မတူဘူး… ငါ မင်းကို ပိုကောင်းတဲ့လမ်း ညွှန်ပေးလိုက်မယ်… ကွင်းထဲသွားပြီး မွန်းစတားတွေ သတ်စမ်းပါ… အဲ့တာက ဒီမှာစောင့်နေတာထက် ပိုပြီး ကောင်းတယ်… “

“ငါ မသွားဘူး… တောထဲမှာက မွန်းစတားတွေ အများကြီး ပြီးတော့ တခြားသူတွေနဲ့ ငါက မယှဉ်နိုင်ဘူး… ဒါ့ကြောင့် ဒီနေရာကပဲ ကောင်းတယ်… “ စစ်သည်က ခေါင်းကို ခါပြီး ပြန်ဖြေလိုက်သည်။

သူက အရူးမဟုတ်ပေ။ ယခုအချိန်တွင် တောထဲ၌ ကစားသမား အများအပြား ရှိနေ၏။ သူ၏စကေးနှင့်ဆိုလျှင် မွန်းစတားတစ်ကောင်၏ ကုတ်ချက် တစ်ချက်ကိုပင် မခုခံနိုင်ပေ။ ထို့ကြောင့် ဤနေရာတွင် စောင့်နေသည်ကသာ သူ့အတွက် အကောင်းဆုံး ဖြစ်သည်။

“အဲ့တာက နေရာရွေးမှားလို့လေ… မင်းက ငါပြောတဲ့ နေရာကို သွားမယ်ဆိုရင် မွန်းစတားကလည်း နည်းနည်းပဲ ရှိမယ်… ပြီးတော့ မင်းနဲ့ ပြိုင်လုမဲ့သူလည်း မရှိဘူး… ကစားသမားတွေ၊ မွန်းစတားတွေနဲ့ ပြည့်နေတဲ့ နေရာထက်စာရင် ငါပြောမဲ့ နေရာက အဆင့်တက်တာ အများကြီး ပိုမြန်တယ်… အဲ့တာတင် မဟုတ်ဘူး… ငါ ပြောမဲ့နေရာက မွန်းစတားတွေက တစ်ယောက်တည်းနဲ့‌ ကောင်းကောင်းထိန်းနိုင်တယ်… “ ရှီဖုန်းက အပြုံးလေးဖြင့် ပြောလိုက်သည်။

“အဲ့လိုနေရာ တစ်ကယ် ရှိတာလား… “

အမျိုးသား စစ်သည်က ရှီဖုန်း၏စကားကို နားထောင်ပြီး စိတ်လှုပ်ရှားသွား၏။ ထိုကဲ့သို့ နေရာမျိုးကို သူက အလွန်စိတ်ဝင်စားသည်။ သူ့အနေဖြင့် တာဝန်ကို ရရှိရန်မှာ ၁နာရီကျော်ခန့် လိုသေး၏။ တာဝန်ကို အောင်မြင်လျှင် EXP နှင့် ပိုက်ဆံအနည်းငယ်ကိုသာ ရရှိပေလိမ့်မည်။ သို့သော်လည်း မွန်းစတားများကို ၁နာရီလောက် သတ်ပြီး ရရှိသည့် EXPသည် တာဝန်မှရသည့် EXP ထက် ပိုများလေသည်။

“ရှိတာပေါ့… အဲ့နေရာကို သွားချင်ရင် ကြေးပြား၂၀တော့ ပေးရမယ်… မင်းက ပထမဦးဆုံးလူမို့လို့ အဲ့ဈေးနဲ့ရတာ… အဲ့နေရာမှာဆိုရင် EXPတင် မဟုတ်ဘူး… တစ်ရက်လောက် အဲ့နေရာမှာ မွန်းစတားတွေကို သတ်နေရုံနဲ့ ပစ္စည်းတွေလည်း ရမဲ့အပြင် ကြေးပြား၄၀ကျော် ရနိုင်သေးတယ်… မင်းက ကံကောင်းရင် လက်နက်တွေတောင် ရနိုင်တယ်… “ ရှီဖုန်းက အမျိုးသားစစ်သည်အနားသို့ သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

‘မင်းက ငါ့ကို လိမ့်နေတာတော့ မဟုတ်ပါဘူးနော်… “

စစ်သည်က ရှီဖုန်းကို ကြည့်ပြီး တုန့်ဆိုင်းနေလေသည်။ ထိုကဲ့သို့ နေရာသာ တစ်ကယ်ရှိလျှင် သူက တခြားသူများထက် အများကြီး သာလွန်သွားပေလိမ့်မည်။ သို့သော်လည်း ကြေးပြား၂၀သည် ပမာဏနည်းနည်းလေး မဟုတ်ပေ။ နတ်ဘုရားနယ်မြေရှိ မွန်းစတားများထံမှ ပိုက်ဆံနှင့် လက်နက်များ ရရှိရန်မှာ အလွန်ခက်ခဲ၏။ ထို့ကြောင့် ကြေးပြားများမှာ အလွန်တန်ဖိုးရှိသည်ဟု ဆိုနိုင်သည်။

“မင်း ငါ့ကို မယုံရင် ကြေးပြား၁၀ပြား အရင်ပေးထား… အဲ့နေရာကို သွားကြည့် ငါ ပြောတာမှန်တယ်ဆိုမှ နောက်ထပ် ကြေးပြား၁၀ပြားထပ်ပေး… မင်းက လူကောင်းတစ်ယောက်လို့ မြင်လို့ ငါ မင်းကို ပြောပြတာ… မင်း ငါ့ကို မယုံရင် ငါ ပြောတာ မေ့ပစ်လိုက်ပါ… “ ရှီဖုန်းက ပြောပြီးသည်နှင့် နောက်လှည့်ပြီး ထွက်သွားလိုက်သည်။

ရှီဖုန်းသည် သူ့တွင်သာ ပိုက်ဆံရှိလျှင် ဤသို့ ပြုလုပ်မှာ မဟုတ်ချေ။ အလွန်ဆုံး ပိုက်ဆံရနိုင်မည့် တခြားနည်းလမ်းများကိုသာ အသုံးပြုပေလိမ့်မည်။

ခြေလှမ်းအနည်းငယ်သွားပြီးနောက်တွင် အမျိုးသား စစ်သည်က တားဆီးလာသဖြင့် ရှီဖုန်းက ခြေလှမ်းကို ရပ်လိုက်သည်။

“ကျွမ်းကျင်သူ… ခဏလောက်စောင့်ပါဦး… စောနက အကြောင်းပြန်ပြောရအောင် အဲ့လိုနေရာမျိုး တစ်ကယ်ရှိတာလား… စရံငွေက ကြေးပြား၁၀ပြားမလား… ရော့ ဒီမှာ ယူလိုက်… ကျွမ်းကျင်သူက ကျွန်တော့လို လူမျိုးကို လိမ်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံတယ်… “ အမျိုးသားစစ်သည်တော်က ရိုးရိုးသားသား ပြုံးပြုပြီး ရှီဖုန်းထံသို့ ကြေးပြား၁၀ပြား လွှဲပေးလိုက်သည်။

“မင်းရဲ့အပြုအမူကြောင့် ငါ မင်းကို နေရာတစ်ခု ပြောပြပေးပါ့မယ်.. အဲ့နေရာက နည်းနည်းတော့ ဝေးပြီးတော့ အဲ့နေရာမှာ အဆင့် သုည အစိမ်းရောင်လူပုမွန်းစတားတစ်ကောင်ပဲ ရှိတယ်… အဲ့ဒီမွန်းစတားက ခုခံမှုအားနည်ပြီး ပြန်လည်ပေါက်ဖွားနှုန်းကလည်း မြန်တဲ့အပြင် ငွေကျတဲ့နှုန်းကလည်း အရမ်းကောင်းတယ်… ရှေးခေတ်မြောက်ပိုင်းစစ်သည်တော် (နောက်ပိုင်းကို စစ်သည်တော်လို့ပဲ သုံးတော့မယ်နော်) အတွက် သတ်ဖြတ်ဖို့ အရမ်းကောင်းတဲ့နေရာတစ်ခုပဲ… “

ကြေးပြား၁၀ပြားကို လက်ခံပြီးနောက် ရှီဖုန်းက သတ်ဖြတ်ရန်အတွက် နေရာကောင်းတစ်ခု၏ တည်နေရာကို ထိုစစ်သည်အား ပေးလိုက်သည်။

ထိုအမျိုးသားစစ်သည်က ရှီဖုန်း၏ မွန်းစတားများကို ရင်းနှီးနေမှုနှင့် မွန်းစတားများကို သတ်ရာမှ ကျလာမည့်ငွေပမာဏကိုပါ သိနေမှုက သူ့ကို စိတ်သက်သာရာ ရစေသည်။ သူက နတ်ဘုရားနယ်မြေမှ ကျွမ်းကျင်သူတစ်ယောက်နှင့် ဆုံရလိမ့်မည်ဟု တစ်ခါမှ ထင်မထားမိချေ။ သူ့ရှေ့တွင် ရှိနေသည့် ကျွမ်းကျင်သူသည် ဘီတာစမ်းသပ်သူတောင်မှ ဖြစ်နိုင်သည်။ ထိုအကြောင်းကို တွေးမိပြီး အမျိုးသားစစ်သည်က ပို၍ စိတ်လှုပ်ရှားလာသည်။

“ကျွမ်းကျင်သူလေး… စစ်သည်တော်တွေအတွက် စကေးစာအုပ်ကျတဲ့နေရာတစ်ခုလောက် သိလား… မွန်းစတားတွေကို စကေးတစ်ခုတည်းနဲ့ ရှင်းပစ်ဖို့က တစ်ကယ်ကို ခက်တယ်… “

ယခုအချိန်တွင် အမျိုးသားစစ်သည်က ရှီဖုန်းကို ဖော်ရွေစွာ ကြည့်လိုက်ပြီး သူ၏အထက်လူကြီးတစ်ယောက်ကဲ့သို့ ဆက်ဆံနေလေသည်။

“ရှိတယ်… မင်း သိချင်ရင်တော့ ငွေပြား ၂ပြားတော့ ပေးရလိမ့်မယ်… “

ရှီဖုန်းက ပြုံးပြီး ပြန်ဖြေလိုက်သည်။ မည်သူကမှ ဤကဲ့သို့ သတင်းတစ်ခုကို အလကားပေးလိမ့်မည် မဟုတ်သကဲ့သို့ သူသာ ပိုက်ဆံမလိုရင် ယခုကဲ့သို့ သတင်းရောင်းလိမ့်မည်လည်း မဟုတ်ချေ။

ဈေးနှုန်းကို ကြားပြီး အမျိုးသားစစ်သည်၏ မျက်နှာက ဖြူရော်သွားသည်။ ငွေပြား၂ပြားသည် ကြေးပြား၂၀၀နှင့် ညီမျှ၏။ သာမန်အဖွဲ့အစည်းတစ်ခုတောင်မှ ထိုငွေပမဏကို ပေးနိုင်လိမ့်မည် မဟုတ်ပေ။

“ကျွမ်းကျင်သူလေး… ငါတို့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေအဖြစ် Add ရအောင်လေ… ငါ့မှာ ပိုက်ဆံရှိပြီဆိုရင် ဆက်သွယ်လိုက်မယ်… “ အမျိုးသားစစ်သည်က ရှီဖုန်းအား မိတ်ဆွေအဖြစ် တောင်းခံမှုကို ပို့လိုက်သည်။

“ကောင်းပြီ… “ ရှီဖုန်းကလည်း အဖော်မဲ့နှင်း၏ တောင်းခံမှုကို လက်ခံလိုက်သည်။

“ကျွမ်းကျင်သူလေး… ငါ သွားတော့မယ်… ကြေးပြား၁၀ပြား ပြည့်ရင် ချက်ချင်း လှမ်းပို့ပေးလိုက်မယ်… “ အဖော်မဲ့နှင်းက ရှီဖုန်းဆီမှ ပျော်ရွှင်စွာ ထွက်လာခဲ့ပြီး ရှီဖုန်းပြောလိုက်သည့် နေရာသို့ ဦးတည်ထွက်ခွာသွား၏။

ယခု ရှီဖုန်းတွင် ပိုက်ဆံတစ်ချို့ ရှိနေလေပြီ။ သူက မြို့တော်ခန်းမရှိ သစ်သီးအရောင်ဆိုင်ဆီသို့ လျှောက်သွားလိုက်သည်။

“ဆိုင်ရှင်… ဒီခရမ်းချဉ်သီးက ဘယ်လောက်ကျပါသလဲ… “ ရှီဖုန်းက ရင့်မှည့်နေသော အနီရောင်ခရမ်းချဉ်သီးတစ်လုံးကို ကိုင်ကြည့်ပြီး မေးလိုက်သည်။

အသီးများနှင့် အရွက်များသည် ကစားသူများ၏ HP နှင့် MP ပြန်လည်ဖြည့်ပေးနှုန်းကို တိုးမြှင့်ပေးနိုင်ပြီး အရသာကလည်း အလွန်ကောင်းမွန်သည်။ သို့သော်လည်း ပြန်လည်ဖြည့်တင်းနှုန်းက ကောင်းမွန်သည့်အထဲ မပါပေ။ ကစားသူများသည် သာမန်အခြေအနေများတွင် အသီးအနှံများကို မဝယ်ယူကြချေ။ ပိုက်ဆံအခက်အခဲဖြစ်နေသည့် အချိန်၌သာ ဝယ်ယူကြသည်။ ထို့ကြောင့် အသီးအနှံများကို ဝယ်ယူခြင်းက ပိုက်ဆံဖြုန်းတီးသည်နှင့် အတူတူပင် ဖြစ်သည်။

“တစ်လုံးကို ကြေးပြား၂ပြား… “

“ငါ့ကို ၁၀လုံးပေးပါ… “

ရှီဖုန်းက ကြေးပြား၂၀ကို ပေးချေလိုက်ပြီး ခရမ်းချဉ်သီး ၁၀လုံးကို ယူကာ မြို့တော်ခန်းမအတွင်းသို့ လျှောက်ဝင်သွားသည်။

“ဟေး… နောက်မှလာရင် တန်းစီပါ… တခြားသူတွေလည်း တန်းစီနေတာ မမြင်ဘူးလား… “

“ဓားသမား… မင်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ… တခြားသူတွေရဲ့နောက်မှ တန်းစီရမယ်ဆိုတာ မသိဘူးလား… “

တန်းစီနေသည့် ကစားသမားများသည် လူတန်းကြီးကို ဖြတ်ကျော်ပြီး မြို့တော်ဝန်ဆီသို့ သွားနေသည့် ရှီဖုန်းကို မြင်သောအခါ ဒေါသထွက်လာပြီး အော်ပြောလိုက်ကြသည်။ မြို့ထဲတွင် တစ်ယောက်ယောက်ကို သတ်မိလျှင် အကျဉ်းချခံရလိမ့်မည်ဆိုသော စည်းမျဉ်းကြောင့်သာ မဟုတ်လျှင် သူတို့က ရှီဖုန်းကို သတ်ဖြတ်ပြီး ဖြစ်ပေလိမ့်မည်။

“တောင်းပန်ပါတယ်… ဒါပေမဲ့ ငါက ဒီကို တာဝန်ယူဖို့ လာခဲ့တာ မဟုတ်ပါဘူး… တစ်ချက်လောက် ကြည့်ရုံပါပဲ… “

ရှီဖုန်းက ကစားသမားများကို ပြုံးပြကာ မြို့တော်ဝန်ခရော့ကို ကြည့်လိုက်သည်။

ခရော့ (လက်ရွေးစင်၊ ဖော်ရွေသူ)
အဆင့် ၁၅
HP 2400/2400
MP 1500/1500

ယခုအချိန်တွင် သူ့ကို မည်သည့်သစားသမားကမှ မသတ်နိုင်သကဲ့သို့ အဖွဲ့တစ်ဖွဲ့ကတောင်မှ သတ်ဖြတ်ရန် မဖြစ်နိုင်ချေ။

ရှီဖုန်းက ခရမ်းချဉ်သီးတစ်လုံးကို ချက်ချင်း ထုတ်ယူပြီး တစ်ကိုက် ကိုက်လိုက်သည်။

“ဒီကောင်က ဘာလုပ်နေတာလဲ… “

“အရူးလား… သူက ခရမ်းချဉ်သီးကို ဒီအတိုင်းစားနေတာ… တစ်လုံးကို ကြေးပြား၂ပြားတန်တယ်… ချမ်းသာလှချည်လား… “

တခြားကစားသမားများသည် ရှီဖုန်း၏ အပြုအမူနှင့် ပက်သတ်၍ နားမလည်နိုင်ဘဲ ရှိနေကြသည်။ မြို့တော်ခန်းမဆီကို လာပြီး ခရမ်းချဉ်းသီးစားပြနေခြင်းသည် သူက ဘယ်လောက်ချမ်းသာကြောင်း ပြသဖို့လား။

ခရမ်းချဉ်သီးက တစ်ဝက်ကုန်သွားသောအခါ ရှီဖုန်းက လက်ထဲမှ ခရမ်းချဉ်သီးဖြင့် မြို့တော်ဝန်ခရော့ကို ပစ်ပေါက်လိုက်သည်။

ခရော့၏ မျက်နှာက ခရမ်းချဉ်သီးက မှန်သွားပြီး အနီရောင်အရည်များက မျက်နှာတစ်ခုလုံးတွင် ပေပွကုန်သည်။

စနစ်… ။ ခရော့မှ သင့်အပေါ် နှစ်သက်မှုသည် အမှတ် ၁၀၀ လျော့ကျသွားပါပြီ။

ရှီဖုန်းက မကျေနပ်သေးဘဲ အိတ်ထဲမှ နောက်ထပ် ခရမ်းချဉ်သီးတစ်လုံးဖြင့် မြို့တော်ဝန်ခရော့ကို ပစ်ပေါက်လိုက်သည်။

“ကြောင်သူတော်… ဝက်ကြီး… သွေးစုပ်ကောင်… မင်းက မြို့တော်ဝန်နေရာနဲ့ မတန်ဘူး… “

ရှီဖုန်းက ခရမ်းချဉ်သီးဖြင့် တစ်လုံးပြီးတစ်လုံး ပစ်ကာ ဆဲရေးနေသဖြင့် ခရော့၏ နှစ်သက်မှုက ကျဆင်းသည်ထက် ကျဆင်းလာသည်။ ခရမ်းချဉ်သီးအရည်များကလည်း ခရော့၏ ခန္ဓာကိုယ်ပေါ်တွင် အောက်သို့ စီးကျနေ၏။ ထို့ကြောင့် ခရော့၏ သွင်ပြင်နှင့် ဒေါသထွက်နေသည့် အမူအရာက အလွန်ရယ်စရာတစ်ခု ဖြစ်နေလေသည်။

သို့သော်လည်း မြို့တော်ခန်းမ အတွင်းရှိ မည်သူကမှ မရယ်ရဲကြချေ။ ကစားသမားများအားလုံးသည်လည်း ရှီဖုန်း၏ အပြုအမူကြောင့် မှင်သက်နေလေသည်။

နတ်ဘုရားနယ်မြေဖွင့်ပြီး မိနစ်၂၀ကြာပြီးနောက်တွင် NPCတစ်ယောက်ကို တိုက်ခိုက်ရဲသော ကစားသမားတစ်ဦး ပေါ်လာလေပြီ။ တိုက်ခိုက်ခံလိုက်ရသည့် သူကား NPCတစ်ဦး ဖြစ်ရုံမကဘဲ မြို့အရှင်သခင် ဖြစ်သည့် မြို့တော်ဝန်ခရော့ ဖြစ်သည်။ မြို့တော်ဝန်ခရော့သည် အစပိုင်းတွင် ကစားသမားများ လုံးဝမယှဉ်နိုင်သည့် လက်ရွေးစင် NPC ဖြစ်သည်။

“ဒီကောင်က ထောင်ထဲရောက်မှာ မကြောက်ဘူးလား… “

“ကြည့်ရတာ အနီရောင်သစ်ရွက်မြို့တော်မှာ မနေချင်တော့ဘူးနဲ့ တူတယ်… “

“လက်စားချေချင်ရင်တောင် လူကြားထဲ မလုပ်သင့်ဘူး… “ ဟု လူတိုင်းက တွေးနေကြသည်။

တခြားကစားသမားများသည် ရှီဖုန်းကို အစောင့်များက တားဆီးရန် သို့မဟုတ် မြို့တော်ဝန်က ရှီဖုန်းအား သတ်ရန် တစ်ခုခုကို မျှော်လင့်နေသော်လည်း တစ်ခုမှ ဖြစ်မလာပေ။

NPC တစ်ယောက်ကို စော်ကားခြင်းက တိုက်ခိုက်ခြင်းဟု မသတ်မှတ်ကြောင်း မည်သည့်ကစားသမားကမှ မသိကြသေးချေ။ ရှီဖုန်း၏ အပြုအမူက NPC၏ အမုန်းကိုသာ တိုးပွားလာစေပြီး တစ်သက်လုံး ထိုNPCထံမှ ရှီဖုန်းက တာဝန်ကို လက်ခံရရှိတော့မည် မဟုတ်တော့ပေ။

ရှီဖုန်း၏ နောက်ဆုံး ခရမ်းချဉ်သီးက ခရော့၏ မျက်နှာကို မှန်သွားသောအခါ ခရော့၏ နှစ်သက်မှုက ရန်လိုမှုဆီသို့ ပြောင်းသွားပြီး ခရော့၏အဆင့်သည် မေးခွန်းသင်္ကေတ(?) ဖြစ်သွားကာ သူ့အပေါ်မှ အဝါရောင်တန်းသည်လည်း ကြက်သွေးရောင်ပြောင်းသွား၏။

“သေချင်းဆိုးလေး… ငါ မင်းကို ငရဲ ပို့ပေးမယ်… “

အနီရောင်တောက်နေသည့် ခရော့က ကျယ်လောင်စွာ အော်ဟစ်ပြီး ရှီဖုန်းဆီသို့ ပြေးဝင်သွားသည်။

အပိုင်း ၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset