Switch Mode

Chapter – 138

တောင်တတောင်ကို သိမ်းပိုက်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၃၈ – တောင်တစ်တောင်ကို သိမ်းပိုက်ခြင်း

ချူဖုန်း၏နဖူးတွင် ငွေရောင်အလင်းတန်း တောက်ပနေပြီး သူ့တစ်ကိုယ်လုံးကို နတ်အလင်းတန်းများ လွှမ်းခြုံထားသည်။

“သတ်…”

သူ အော်ဟစ်လိုက်ကာ ရှေ့သို့ တစ်လှမ်းတိုးသွားလိုက်သည်။ သူ့နဖူးထက်မှ ငွေရောင်အလင်းတန်းသည် အသန့်စင်ဆုံး စိတ်စွမ်းအားများပင်။

၁၅ စင်တီမီတာရှည်ကြီး မြွေပါလေးသည် အော်ဟစ်ကာ ပန်တောင်ဘိုးဘေး၏ ခေါင်းထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

ဝုန်း..

ချူဖုန်း ချက်ချင်းပင် လက်သီးဖြင့် ထိုးလိုက်သောကြောင့် ထိုဘိုးဘေးကြီး လွင့်ထွက်သွားကာ တစ်ကိုယ်လုံး ပြဲကွဲသွားသည်။ သူသည် တစ်စစီဖြစ်လုမတတ် ဖြစ်နေလေပြီ။

မြွေပါကြီးသည် စိတ်စွမ်းအား၏ တန်ပြန်ရိုက်ခတ်မှုကို ခံစားလိုက်ရပြီး နာကျင်စွာ ညည်းတွားနေရသည်။ သူသည် ဒုတိယအနှောင်အတားကို ချိုးဖျက်ပြီးနောက် ရရှိလာသည့် ဝှက်ဖဲကို အသုံးပြုခဲ့သော်လည်း သူသာ ရှုံးနိမ့်သွားကာ ပြင်းထန်စွာ နာကျင်ခံစားလိုက်ရသည်။

ဤထိခိုက်မှု၏ အဆိုးရွားဆုံးအပိုင်းမှာ သူ့စိတ်စွမ်းအား ထိခိုက်သွားပြီး သူ ဓားပျံကို မထိန်းချုပ်နိုင်တော့။ ထိုဓားပျံ သူ့ကို မကာကွယ်နိုင်တော့ပေ။

ချူဖုန်း သူ့အနက်ရောင်ဓားမြောင်ကို သိမ်းလိုက်ပြီး ခြေလှမ်းကျယ်များဖြင့် လျှောက်လာလိုက်သည်။ သူ့နဖူးမှာ တောက်ပနေဆဲဖြစ်ပြီး ခန္ဓာကိုယ်တွင်လည်း ဘုရင်အဆင့်စွမ်းအားများ ပြည့်နှက်နေသည်။

အနိုင်အရှုံး ကွဲပြားသွားလေပြီ..

ချူဖုန်း လက်သီးတစ်ချက် ထိုးလိုက်သည်နှင့် ဘိုးဘေးကြီး နောက်ထပ်မီတာနှစ်ဆယ် လွင့်ထွက်သွားကာ ကျောက်တောင်တစ်ခုနှင့် တိုက်မိသွားသည်။ သူ့ခန္ဓာကိုယ်သည် ကျောက်အက်ကွဲကြောင်း၌ ညှပ်သွားသောကြောင့် ကျောက်တုံးများပင် အက်ကွဲသွားသည်။

“လူငယ်လေး .. ဒီမှာပဲ ရပ်လိုက်ရအောင် .. ငါ မင်းကို အလျော်ပေးပါ့မယ်” လူအိုကြီးသည် သူ့အရှုံးကို ဝန်ခံကာ ချူဖုန်းကို သိမ်းသွင်းလိုက်သည်။

“ခင်ဗျားကိုသတ်လိုက်ရင် ကျုပ်အတွက် လျော်ကြေးလုံလောက်သွားပြီ” ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။ သူ ဤနေရာသို့ ရောက်လာသည်မှာ ဤတောင်ကို ဖြိုချပစ်ပြီး သူ့မိဘများအား ထိခိုက်ချင်နေသည့် ရန်သူများကို သတိပေးရန်ပင်။

“ငါက ဒေါင်းဘုရင်နဲ့ ရင်းနှီးတယ်ဆိုတာ မင်းသိသင့်တယ်” ပန်တောင်ဘိုးဘေး ခြိမ်းခြောက်သည့်လေသံဖြင့် ပြောလိုက်သည်။

ချူဖုန်း ခြေလှမ်းကျယ်ကြီးဖြင့် သူ့ထံသို့ သွားလိုက်ကာ “ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်ရဲတယ်ပေါ့ .. ခင်ဗျား ဘယ်သူနဲ့ပဲ မိတ်ဆွေဖြစ်ဖြစ် ကျုပ်ဂရုမစိုက်ဘူး .. ဒေါင်းဘုရင်ကိုယ်တိုင် ရောက်လာရင်တောင် ကျုပ်ခင်ဗျားကို သတ်ဦးမှာပဲ..”

ဝုန်း..

တစ်ခဏအတွင်း သူ မီတာ ၂၀၀ ကျော်ကိုဖြတ်သန်းကာ လူအိုကြီးရှေ့သို့ ရောက်ရှိလာသည်။ သူသည် ပျံသန်းနေသည်နှင့်ပင် တူနေသေးသည်။

ပန်တောင်ဘုရင်ဘိုးဘေး၏ မျက်လုံးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ထဲတွင် ကြောက်စရာကောင်းသည့် ဘုရင်အဆင့်စွမ်းအင်များ စတင်လည်ပတ်လာသည်။ အခွင့်အရေးနည်းနည်းလေးရသည်နှင့် ချူဖုန်းကို သူနှင့်အတူ ဆွဲချသွားမည်။

ချူဖုန်းသည် အသာစီးရနေသော်လည်း ပေါ့ပေါ့ပါးပါးမနေ။ သူ အကျွမ်းကျင်ဆုံးပညာဖြစ်သည့် နွားနတ်ဆိုးလက်ဝှေ့ပညာကို အသုံးပြုကာ ကြောက်စရာကောင်းသည့်အော်ရာများ ထုတ်လွှတ်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း..

ဤသည်မှာ ဘုရင်များကြားမှ တိုက်ပွဲပင်။ မြွေပါအိုကြီးမှာ ချူဖုန်း၏လက်သီးချက်များကို ကြာကြာတောင့်ခံနိုင်စွမ်းမရှိတော့။ သူ့ခန္ဓာကိုယ်မှာ စတင်ပျက်ယွင်းလာသည်။

ဖုန်း..

ချူဖုန်း၏လက်သီးချက် နောက်တစ်ကြိမ် ကျရောက်လာသည့်အချိန်တွင်တော့ သူ့ဘယ်လက်တစ်ခုလုံး ထုံကျဉ်သွားသည်ကို မြွေပါအိုကြီး ခံစားလိုက်ရသည်။ သူ့လက်ကို လှုပ်ရှား၍မရတော့သဖြင့် ရင်ဘတ်မှာ ဟောင်းလောင်းဖြစ်သွားသည်။ နောက်ထပ်လက်သီးချက်တစ်ချက် ထပ်ရောက်လာသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ဖုန်း..

သူ့ရင်ဘတ်ကြီး ချိုင့်ဝင်သွားကာ ကျောဘက်မှ သွေးများ လွင့်စင်သွားသည်။

“အား..”

မြွေပါကြီး ဆယ်မီတာကျော် လွင့်ထွက်သွားလေသည်။

၁.၇ မီတာသည် အခြားသားရဲဘုရင်များနှင့်ယှဉ်လျှင် ကြီးသည်ဟု ပြော၍မရ။ ဤအခိုက်အတန့်တွင် သူ့တစ်ကိုယ်လုံးသည် ရွှေဖြင့်ပြုလုပ်ထားသကဲ့သို့ ရွှေရောင်သန်းလာပြီး သူ့မျက်လုံးများလည်း နေလုံးလေးများကဲ့သို့ တောက်ပလာသည်။

သေရတော့မည်ကို သိသသည်နှင့် သူ၏စွမ်းအားများကို အကုန်ထုတ်လိုက်သည်။ ယခုအချိန်တွင် သူသည် ယခင်ကထက်ပင် ပိုအားကောင်းနေပြီဖြစ်သည်။

ဤတိုက်ပွဲအတွက် အရာအားလုံးကို စတေးလိုက်ပြီဖြစ်သောကြောင့် သူ့စွမ်းအားများ ပေါက်ကွဲထွက်လာလေသည်။ ထို့နောက် မြွေပါအိုကြီးသည် အော်ဟစ်ကာ စိတ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

ထို့နောက် သူသည် လျှပ်စီးအလျင်ဖြင့် ချူဖုန်းထံသို့ တရှိန်ထိုး ပြေးလာလေသည်။

ချူဖုန်းမှာ ဤအခိုက်အတန့်အတွက် ပြင်ဆင်ထားပြီးသားပင်။ ချောင်းပိတ်ခံရသည့်သတ္တဝါများမှာ အန္တရာယ်အများဆုံးဖြစ်သည်ကို သူသိသည်။ သူ ထူးဆန်းသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်နှင့် သူ့နဖူးထက်၌ ငွေရောင်အလင်းတောက်ပလာကာ သူ့စိတ်နှင့်ခန္ဓာကိုယ်လည်း အသက်ရှူစည်းချက်နှင့် တစ်သားတည်းဖြစ်သွားသည်။

သူသည် ရောက်ရှိလာသည့် စိတ်စွမ်းအား တိုက်ခိုက်မှုကို တားဆီးလိုက်ပြီး ထူးဆန်းသည့်စွမ်းအားများ စီးဝင်နေသည့် လက်သီးဖြင့် ထိုးချလိုက်သည်။

ဖုန်း ဖုန်း ဖုန်း..

မြွေပါအိုကြီးမှာ ဤလက်သီးချက်များကို မဟန့်တားနိုင်တော့။ သူ့ထံ၌ ရှိသမျှစွမ်းအားအကုန်ထုတ်သုံးထားသော်လည်း သူ ဤစစ်နတ်ဘုရားနှင့်တူသည့် လူငယ်လေးကို မခုခံနိုင်သေး။

ချူဖုန်းသည် အသာစီးရသည်နှင့် အဆက်မပြတ်ပင် ဖိနှိပ်လိုက်သည်။ သူ့လက်သီးသည် နွားနတ်ဆိုး၏ချွန်ထက်သည့် ဦးချိုများကဲ့သို့ သားရဲအိုကြီးကို ထိုးနှက်နေသည်။ သားရဲအိုကြီးမှာ ကျိုးပျက်နေသည့် စာခြောက်ရုပ်ကဲ့သို့ ထပ်ခါတလဲလဲ လွင့်ထွက်နေသည်။

ဖူး ဖူး ဖူး..

မြွေပါအိုကြီး၏ ခန္ဓာကိုယ်၌ အပေါက် ၆ ပေါက်၊ ၇ ပေါက်ခန့် ရှိနေပြီဖြစ်ပြီး ‘ထိုးဖောက်မြင်နိုင်’ နေပြီဖြစ်သည်။

“အား..” မြွေပါအိုကြီး အော်ဟစ်လိုက်သည်။ သူ ဘယ်တုန်းကမှ ဤကဲ့သို့ မရှုံးနိမ့်ဖူး။

“မဖြစ်နိုင်တာ..” သူ မကျေမနပ် အော်ဟစ်လိုက်သည်။

သိထားရမည်မှာ သူသည် အနှောင်အဖွဲ့ ၂ ခုကို ချိုးဖျက်ပြီးသွားပြီဖြစ်သည့် သားရဲဘုရင်ပင်။ သူသည် ယခုမှ ဘုရင်အဆင့်သို့ ရောက်ထားသည့် လူသားလူငယ်ကို အနိုင်ရသင့်သည်။

သို့သော် ယခုတော့ ထိုသို့မဟုတ်။

ဘုန်း ဘုန်း..

ချူဖုန်း လက်သီးနှစ်ချက်ဆက်တိုက် ထိုးလိုက်သည်နှင့် မြွေပါကြီး၏ ဝမ်းဗိုက်တွင် နောက်ထပ် အပေါက်နှစ်ပေါက် ဖြစ်သွားသည်။

မြွေပါကြီးမှာ မျှော်လင့်ချက်မရှိတော့။ သူ၏စွမ်းအင်အားလုံးမှာ စိတ်စွမ်းအင်နှင့် ဆက်စပ်နေသည်ပင်။ သို့သော်လည်း ချူဖုန်းက စိတ်စွမ်းအင်များကို ခုခံနိုင်စွမ်း ရှိနေသည်။

“ငါ မကျေနပ်ဘူး .. ငါက သားရဲဘုရင် .. ငါက ဘယ်လိုလုပ် လူသားလူငယ်တစ်ယောက်ရဲ့ လက်ထဲမှာ သေရမှာလဲ..” သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။

သို့သော် ထိုသို့အော်ဟစ်လိုက်ရုံဖြင့် ဘာမှမပြောင်းလဲနိုင်။

ချူဖုန်း ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်နှင့် သူ၏ညာလက်လက်သီးကို ငွေရောင်အလင်း လွှမ်းခြုံသွားသည်။ ထိုအလင်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရန်သူထံသို့ ရောက်ရှိသွားသည်။

ဖူး..

ဤလက်သီးချက်ဖြင့် ထိုးခံလိုက်ရသည်နှင့် မြွေပါအိုကြီး၏မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်သွားသည်။ ထို့နောက် မြွေပါအိုကြီးသည် လေထဲ လွင့်ထွက်သွားကာ ပေါက်ကွဲသွားလေ၏။

သားရဲဘုရင်တစ်ဦးမှာ ဤကဲ့သို့ပင် ကြွေလွင့်သွားလေပြီ။ သူ့ခန္ဓာကိုယ် တစ်စစီဖြစ်သွားပြီး ပန်တောင်၏တောင်ထိပ်တစ်ခုလုံး သွေးများဖြင့် နီရဲသွားသည်။

မြွေပါအိုကြီး သေဆုံးသွားသည်နှင့် ပန်တောင်ကို ဝန်းရံထားသည့် မြူခိုးများလည်း လွင့်ပြယ်သွားသည်။ ဤမြူခိုးများမှာ သူ့ပြိုင်ဘက်၏စိတ်ကို တိုက်ခိုက်ရန် ပြုလုပ်ထားသည့်အရာပင်။

စစ်မြေပြင်တစ်ခုလုံးကို နေရောင်များ လွှမ်းခြုံသွားပြီး ချူဖုန်းအပေါ်သို့လည်း ဖြန့်ကျက်လာသည်။ သူ့တစ်ကိုယ်လုံးတွင် ဘုရင်အဆင့်စွမ်းအင်များ ပြည့်နှက်နေပြီး သူသည် စစ်နတ်ဘုရားတစ်ပါးနှင့်တူနေသည်။

အဝေးမှ ဟွမ်ယွမ်နှင့် ခုန်းကျွောတို့မှာတော့ စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေလေပြီ။ သူတို့အမြင်တွင် ချူဖုန်းမှာ နတ်ဆိုးဘုရင်တစ်ပါးပင်။ သူသည် ပန်တောင်ဘိုးဘေးကဲ့သို့သောလူမျိုးကိုပင် ရိုက်နှက်နေခဲ့သည်။

သူသည် အလွန်ငယ်ရွယ်သည့်အပြင် လူသားတစ်ဦးလည်း ဖြစ်နေသေးသည်။ ဤအချက်များကြောင့် ဤတောင်ထိပ်၌ ဖြစ်ပျက်သွားသည့် တိုက်ပွဲကို သူတို့မယုံကြည်နိုင် ဖြစ်နေခြင်းပင်။

သူတို့သားရဲဘုရင်မှာ သွေးအိုင်ထဲ လဲလျောင်းနေလေပြီ။

ဤသည်မှာ သူတို့ပန်တောင်မျိုးဆက်၏ အဆုံးသတ်ပင်။

“မဟုတ်ဘူး .. ဒါ အစစ်မဖြစ်နိုင်ဘူး..” ဟွမ်ယွမ်၏ ခန္ဓာကိုယ်နှင့် အသံနှစ်ခုလုံး တုန်ယင်နေသည်။ သူတို့ဘိုးဘေးတောင် သေသွားပြီ .. သူတို့က ဘယ်လိုရှင်သန်နိုင်တော့မှာလဲ..

ချူဖုန်း အဝေးသို့ လျှောက်သွားလိုက်ပြီး အိတ်တစ်အိတ်ကို ကောက်ကိုင်လိုက်ကာ ထိုအိတ်ထဲမှ အဝတ်အစားအသစ်တစ်စုံ ထုတ်လဲလိုက်သည်။

မြွေပါအိုကြီးနှင့် တိုက်ခိုက်နေစဉ်အတွင်း အရှိန်တင်ကာ ပြေးခဲ့ရသောကြောင့် သူ့အဝတ်အစားများ စုတ်ပြဲသွားပြီဖြစ်သည်။

ထို့နောက် ချူဖုန်း သူ့မြားကျည်တောက်ဘူးကို လွယ်လိုက်ကာ မိုးကြိုးလေးကို ကောက်လိုက်ပြီး တောင်ဘက်သို့ ချိန်ထားလိုက်သည်။

ကျန်နေသည့် မြွေပါများမှာ ပုန်းစရာနေရာမရှိတော့။ ချူဖုန်းသည် မြားတစ်ချောင်းပြီးတစ်ချောင်းပစ်ကာ သူတို့ကို ပစ်ချနေသည်။

“ဖူး..”

“အား..”

တောင်ခြေသို့ ရောက်သည်အထိ တစ်ကောင်ပြီးတစ်ကောင် သေနေသည်။ အချို့မှာ သားရဲဘာသာစကားဖြင့် အော်ဟစ်ကာ အချို့မှာ လူသားစကားဖြင့် အော်ဟစ်နေကြသည်။ သူတို့အားလုံး ကြောက်ရွံ့တုန်လှုပ်နေကြလေပြီ။

တစ်ချက်လျှင် တစ်ကောင်နှုန်းဖြင့် ပစ်ခတ်နေပြီး ပန်တောင်မျိုးဆက် တစ်ဝက်ကျော် သေဆုံးသွားလေပြီ။

အချို့မှာ အစောကြီးကတည်းက ထွက်ပြေးသွားကြပြီဖြစ်သည်။ အချို့မှာတော့ သူတို့ဘိုးဘေး အနိုင်ရမည်ထင်သောကြောင့် ထွက်ခွာမသွားခဲ့ကြ။

ချူဖုန်း တောင်ပေါ်မှ ဆင်းလာပြီး သူ၏ဘုရင်အဆင့်နတ်အသိစိတ်ကို ဖြန့်ကျက်ကာ ထွက်ပြေးသည့်မြွေပါများကို အမဲလိုက်လိုက်သည်။ ရွာပေါင်းများစွာကို ဖြတ်ကျော်ပြီးမှသာ သူ ရပ်တန့်လိုက်သည်။

ပန်တောင်ပတ်လည်မှ ရွာအားလုံးမှာ တိတ်ဆိတ်ခြောက်ကပ်နေသည်။ မြွေပါများပန်တောင်ကို သိမ်းသွားသည်နှင့် ရွာသားများစွာ ထွက်ပြေးသွားခဲ့ကြရပြီး နေရစ်ရန် ဆုံးဖြတ်သည့်သူများမှာလည်း မြွေပါများ၏ အစာဖြစ်သွားခဲ့သည်ပင်။

“သတ်..”

ချူဖုန်း သူတို့နောက် လိုက်ဖမ်းလိုက်သည်။ သူ တစ်ကောင်မှ အလွတ်ပေးရန် စိတ်ကူးမရှိ။

နောက်ဆုံး သူ အကောင် ၉၀ ကျော် ပစ်ခတ်ပြီးသွာပြီဖြစ်ပြီး သူ့မြားကျည်ထောက်ထဲမှ မြားလည်း ကုန်သလောက်နီးပါး ဖြစ်သွားလေပြီ။

သူ တောင်ထိပ်သို့ ပြန်ရောက်သည့်အချိန်တွင် ခုန်းကျွောနှင့် ဟွမ်ယွမ်သည် သူ့ကို နတ်ဆိုးနတ်ဘုရားတစ်ယောက်အား မြင်နေရသကဲ့သို့ တုန်လှုပ်စွာ ကြည့်နေကြလေသည်။

အစောပိုင်းတွင် ဤနှစ်ဦးသည် ချူဖုန်းကို ပန်တောင်သို့လာကာ ခွင့်လွှတ်မှုတောင်းခံရန် ပြောခဲ့ကြသေးသည်။ သူ တကယ်ရောက်လာသည့်အပြင် မျိုးနွယ်စုတစ်ခုလုံးအား သုတ်သင်ပစ်လိမ့်မည်ဟု သူတို့ အိပ်မက်ပင် မက်ဖူးမည်မဟုတ်။

ရွှပ်..

သူ့အနက်ရောင်ဓားမြောင်ကို အနည်းငယ် လှုပ်ခါလိုက်သည်။ သူတို့သည် အသက်ရှင်နေဆဲဖြစ်သော်လည်း တစ်ဘဝလုံး ဒုက္ခိတသာ ဖြစ်သွားတော့မည်။

“လူအိုကြီး .. ကျုပ်တောင်တစ်ခုလုံးကို ရှင်းပစ်ပြီးသွားပြီ..” သူ လုထုန်ကို ဆက်သွယ်လိုက်သည်။

သူ စကားလုံးအနည်းငယ် ပြောရုံဖြင့် လုထုန် အတော်လေး တုန်လှုပ်သွားကာ အချိန်တစ်ခုကြာသည်အထိ စကားမပြောနိုင်တော့။ ဤကဲ့သို့သော ရလဒ်မျိုး ရလာမည်ကို တွေးထင်ပြီးသားဖြစ်သော်လည်း တကယ်ကြားလိုက်ရသည့်အချိန်တွင် သူ အံ့အားသင့်နေဆဲပင်။

သူ့ကို သုတေသနလုပ်နိုင်မည့်ပစ္စည်းတစ်ချို့ ချန်ထားပေးမည်ဟု ချူဖုန်း ကတိပေးခဲ့သော်လည်း တကယ်တမ်းတွင် ဤ သားရဲနှစ်ကောင်သာ ကျန်တော့သည်။ ကျန်သည့်သူများမှာ ရှင်းလင်းခံလိုက်ရလေပြီ။

လုထုန် နောက်တစ်ကြိမ် ဆွံ့အသွားရသည်။ သူပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားမှ ထွက်မလာသောကြောင့် သူ့ပါးစပ်ကိုသာ ပြန်ပိတ်လိုက်ရတော့သည်။

ချူဖုန်း ပန်တောင်အနောက်ရှိ မြေပုံများထဲမှ အနီရောင်ဓားပျံကို ကောက်ယူလိုက်သည်။ ဤဓားသည် လက်တစ်ဝါးခန့်သာ ရှည်သော်လည်း နီရဲတောက်ပနေသည်။

ဤဓားကို မည်သည့်ပစ္စည်းဖြင့် လုပ်ထားမှန်း သူမသိသော်လည်း ဤဓားသည် သူ့အနက်ရောင်ဓားမြောင်ထက်တော့ မနိမ့်။ အကြိမ်ပေါင်းတစ်ရာကျော် တိုက်ခိုက်ခဲ့သော်လည်း မည်သည့်ခြစ်ရာမှမထင်။

“ဒါက လက်ဝါးအရွယ်အစားလောက်ပဲရှိတယ် .. တကယ်ကို ဓားပျံပဲ..” ချူဖုန်း အတည်ပြုလိုက်သည်။ ဤသည်မှာ မြွေပါအိုကြီး ပြုလုပ်ထားသည့်လက်နက်မဟုတ်။ ရှေးဟောင်းလက်နက်တစ်ခုပင်။

“ပစ္စည်းကောင်းပဲ..” ချူဖုန်း သက်ပြင်းချလိုက်သည်။

သူ့စိတ်ဆန္ဒများ ပြင်းပြလာပြီး သူ တောင်အနောက်ဘက်သို့ တရှိန်ထိုး ပြေးဝင်သွားလိုက်သည်။ သူ ရှားပါးသည့် အင်ပါယာဓားပညာကို လိုချင်သည်။

သူသာ ဤအင်ပါယာဓားပညာကိုရလျှင် သူ၏တိုက်ခိုက်နိုင်စွမ်းမှာ အခြားအဆင့်တစ်ခုသို့ ရောက်သွားမည်ဖြစ်ကြောင်း သူ ယုံကြည်သည်။

အပြင်လောကမှာ မငြိမ်းချမ်းနိုင်သေး။

လူထုအမြင်တွင် ဒေါင်းမျိုးနွယ်စုနှင့်ပန်တောင်မျိုးဆက်တို့ ပူးပေါင်းကာ ချူဖုန်းကို ဖိနှိပ်ပြီး ချောင်ပိတ်အောင် လုပ်နေကြသည်ပင်။

“ချူဖုန်း ဘယ်လိုလုပ်သင့်လဲ..”

“သူ အချိန်တစ်ခုထိ ပုန်းနေတာက ကောင်းလိမ့်မယ်လို့ ငါထင်တယ်..”

အချို့လူများ ဤအကြောင်း ဆွေးနွေးနေကြသည်။

လုထုန်နှင့် ခံလိုက်ရသည့်သူများမှလွဲလျှင် ချူဖုန်း တောင်တစ်လုံးကို သိမ်းပိုက်လိုက်ကြောင်း မည်သူမှ မသိကြသေး။

အင်အားကြီးအဖွဲ့အစည်းများပင် ပန်တောင်မှ တိုက်ပွဲရလဒ်ကို ခန့်မှန်းနိုင်မည်မဟုတ်ကြ။

အပိုင်း ၁၃၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset