Switch Mode

Chapter – 137

ဖိနှိပ့်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၃၇ – ဖိနှိပ်ခြင်း

မြေပြင်ထက်သို့ ပြန်ကျပြီးနောက် ဘိုးဘေးသည် မြက်ပင်ကဲ့သို့ ကွေးနေလေပြီ။ သူသည် သွေးများစွာ အန်ထွက်လာပြီးနောက် မြေပြင်၌ လေးဖက်ထောက်ဖြစ်သွားသည်။ ထို့နောက် အလွန်လျင်မြန်လှသည့် အရှိန်နှင့်ပြေးထွက်သွားပြီး မီတာပေါင်း ရာပေါင်းများစွာ အကွာ၌ ပြန်ပေါ်လာလေသည်။

ချူဖုန်း သူ့နောက်မှ ပြေးလိုက်သွားသည်။ သူ၏အနက်ရောင်ဓားမြောင်သည် မြွေပါအိုကြီး၏ အရေးကြီးသည့်အစိတ်အပိုင်းများကိုသာ အမြဲတမ်း ချိန်ထားနေသည်ပင်။ တစ်ယောက်က လိုက်ဖမ်းပြီး တစ်ယောက်က ထွက်ပြေးနေသည်။ သူတို့၏ အဖျက်စွမ်းအားမှာ ကြောက်စရာ ကောင်းလှသည်။

သူတို့နှစ်ဦးလုံး အဆင့်လွန်အရှိန်ကို အသုံးပြုနေကြသောကြောင့် သူတို့ပြေးသည့်လမ်းတစ်လျှောက်ရှိ ကျောက်တုံးကြီးများ၊ သစ်ပင်များပင် ကျိုးပဲ့ပျက်စီးသွားကြသည်။

ခန္ဓာကိုယ်သာ လုံလောက်အောင် မသန်မာပါက ဤမျှအရှိန်ဖြင့်ပြေးလျှင် ခန္ဓာကိုယ်၌ ပြတ်ရှရာများ ဖြစ်လာလိမ့်မည်။

ဝုန်း..

ပန်တောင်ဘိုးဘေး ပြေးဝင်သွားသည်နှင့် ၁၀ မီတာကျော်ရှည်သည့် ကျောက်တုံးကြီးသည် အမြောက်ဖြင့် ပစ်ခံလိုက်ရသကဲ့သို့ အစိတ်စိတ်အမွှာမွှာဖြစ်သွားလေသည်။

သူ မြေပြင်နှင့် နီးနီးကပ်ကပ် ပြေးလွှားကာ ချူဖုန်း၏ ပစ်မှတ်ထားခြင်းကို ရှောင်ရှားလိုသည်။

သို့သော် ချူဖုန်းသည် အစောကြီးကတည်းက သူ့ကို ပစ်မှတ်ထားပြီးသား ဖြစ်သည်။ ချူဖုန်း တစ်ချက်ခုန်လိုက်ကာ သူ့အနက်ရောင်ဓားမြောင်ကို ဘိုးဘေးကျောထက်သို့ ချိန်ရွယ်ထားလိုက်သည်။

မီးတောင်ပေါက်ကွဲသကဲ့သို့ မြွေပါအိုကြီးဘေးရှိ အနီရောင်ဓားပျံမှ တောက်ပသည့်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။

“ဒုန်း..”

အနီရောင်ဓားနှင့် ချူဖုန်းလက်ထဲမှ ဓားနက်တို့ ထိပ်တိုက်တွေ့သွားသည်နှင့် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်သည့်အသံ ထွက်ပေါ်လာသည်။

ဤဓားပျံမှာ စွမ်းအားကြီးလှသည်။ သူသသည် တောင်ထိပ်ကိုပင် ဖြတ်တောက်ပစ်နိုင်လောက်သည်။

သူသာ ဘုရင်အဆင့်မဟုတ်လျှင် ဤကဲ့သို့သော စွမ်းအားမျိုးကို ခုခံတားဆီးနိုင်ရန် ခက်ခဲလိမ့်မည်။ သာမန်သန္ဓေပြောင်းလူ အယောက်တစ်ရာပေါင်းတိုက်လျှင်ပင် ဤဓားပျံ၏ ရိုက်ချက်တစ်ချက်ကို ခုခံနိုင်မည်မဟုတ်။

ချူဖုန်း လက်ချောင်းကြားထဲ ပူနွေးသွားသည်ကို ခံစားလိုက်ရသည်။ သူ့လက် အနည်းငယ် ပြဲသွားပြီး သွေးအချို့ စီးကျလာသည်။ သို့သော် ချူဖုန်း စိတ်မတို။ ထိုအစား သူ့မျက်ဝန်းထဲ အလင်းတန်းတစ်ချို့ တောက်ပလာသည်။ ဤစစ်ပွဲမှ ရမည့်လက်နက်ကို သူ အတော်လေး စိတ်ဝင်စားနေလေပြီ။

သူ အင်ပါယာဓားပညာကို သင်ယူချင်သည်။ သူသာ ဤပန်တောင်ဘိုးဘေးကို သတ်နိုင်လျှင် ထိုပညာများ သူ့လက်ထဲ ရောက်လာလိမ့်မည်။ ထိုအချိန်ကျလျှင် သူ ဤဓားကို ထိန်းချုပ်နိုင်ပြီး အရပ်လေးမျက်နှာလုံး၌ ပြိုင်ဘက်ကင်းနေလိမ့်မည်ပင်။

ဝုန်း..

အနက်ရောင်ဓားမြောင်သည် အနီရောင်ဓားပျံ၏ တားဆီးခြင်းခံနေရသော်လည်း ချူဖုန်း၏လက်သီးချက်မှာ မြွေပါကြီး၏ ကျောထက်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ကျားဟိန်းသံတစ်သံ ထွက်ပေါ်လာပြီး မြွေပါကြီး၏ ကျောထက်သို့ ကျားတစ်ကောင် ခုန်အုပ်သွားလေသည်။

ဤထိုးချက်မှာ အတော်လေး ကြောက်စရာကောင်းလှသည်။ ကျားဖြူသည် အလွန်လှပသော်လည်း မြင်ကွင်းမှာ ပြင်းထန်လွန်းလှသည်။

မြွေပါအိုကြီးမှာ တစ်ပတ်လည်သွားပြီး မြေပြင်ကို ကျောပေးကာ သူ့လက်သီးများဖြင့် ကျားဖြူကို ခုခံလိုက်သည်။

ဖုန်း ဖုန်း ဖုန်း..

လူနှစ်ယောက်၏ လက်သီးချက်များမှာ ပြင်းထန်လှသည်။ တစ်ယောက်သည် အပေါ်စီးမှ ထိုးနှက်နေပြီး အခြားတစ်ယောက်ကတော့ မြေပြင်ကို ကျောပေးကာ ခုခံနေရသည်။ သူတို့လက်သီးချင်း ထိခတ်သွားသည့်အသံမှာ မိုးခြိမ်းသံထက်ပင် ပို၍ ကျယ်လောင်နေသေးသည်။

ဤတောင်ပတ်လည်လည်း ပျက်စီးသွားလေပြီ။ မြေပြင်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီး ရှေးသစ်ပင်များစွာလည်း လွင့်ထွက်ကုန်သည်။ ဘုရင်နှစ်ယောက်ရှေ့တွင်တော့ အားလုံးမှာ အားနည်းကာ ခုခံနိုင်စွမ်းမရှိတော့။

ဖူး..

မြွေပါအိုကြီး ပါးစပ်အပြည့် သွေးအန်သွားသည်။ သူ မတ်မတ်ပြန်ရပ်လိုက်၏။

ချူဖုန်း၏လက်သီးချက်များမှာ စွမ်းအားကြီးလွန်းလှသည်။ လျှပ်စီးမရှိသော်လည်း သူ့လက်သီးချက်တိုင်းမှ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

ချူဖုန်း၏ လက်သီးချက်များဖြင့် ရင်ဆိုင်လိုက်ရသည်နှင့် သူ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ ဆက်တိုက်ရောက်လာသည့် တိုက်ခိုက်မှုများကို သူ ခုခံနိုင်စွမ်းမရှိတော့။

တိုက်ခိုက်ပြီးသည်နှင့် မြွေပါကြီး၏ ပါးစပ်နှင့်နှာခေါင်းမှ သွေးများ စီးကျလာသည်။ သူ ကြာကြာတောင့်မခံနိုင်တော့သည်မှာ သိသာသည်။ သူသည် စာခြောက်ရုပ်ကဲ့သို့ အထိုးခံနေရပြီး သူ့ခန္ဓာကိုယ်ထက်တွင်လည်း အက်ကွဲကြောင်းများ စတင်ဖြစ်ပေါ်လာသည်။

“သတ်..”

ချူဖုန်း ဟစ်ကြွေးလိုက်သည်။ သူ၏လက်သီးချက်တိုင်းသည် ပစ်မှတ်ကိုထိနေပြီး အလွန်ပင် ကြောက်စရာကောင်းနေသည်ပင်။ သူသည် နတ်ဆိုးနတ်ဘုရား တစ်ပါးကဲ့သို့ ရန်သူကို ဆက်တိုက်ပင် ဖိနှိပ်သွားလေသည်။

ပန်တောင်၏ဘိုးဘေးသည် လွင့်ထွက်သွားကာ အဝေးရှိ ကျောက်တောင်တစ်ခုနှင့် ရိုက်မိသွားလေ၏။

ဘုရင်အဆင့် သားရဲတစ်ကောင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အံ့အားသင့်စရာကောင်းလှသည်။ သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော်လည်း သူ့ကိုယ်ပေါ် ပိကျနေသည့် ကျောက်တုံးများကို ဖယ်ရှားပစ်ကာ ပြန်ထလာသည်။

“သေစမ်း..”

ချူဖုန်း အော်ဟစ်လိုက်ပြီး ကမ္ဘာမြေကြီးကို တုန်လှုပ်စေနိုင်သည့်အင်အားဖြင့် နောက်တစ်ကြိမ် ထိုးလိုက်သည်။

ဝုန်း..

မြွေပါကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ သွေးများစီးကျလာသကဲ့သို့ အလင်းတန်းလည်း တောက်ပလာကာ သွေးမြူတစ်ခုဖြစ်လာပြီး သူ့ကို ကာကွယ်ပေးလာသည်။ ယခုအချိန်တွင် သူ၏ ဘုရင်အဆင့်စွမ်းအင်များ ပွက်ပွက်ဆူနေပြီဖြစ်သည်။

မြွေပါကြီးသည် အားကုန်ထုတ်သုံးရန် ဆုံးဖြတ်လိုက်လေသည်။ မဟုတ်ပါက သူ ဤလက်သီးချက်များအောက် သေသွားလိမ့်မည်။

ဝုန်း..

သူတို့နှစ်ဦး နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်ကြသည်နှင့် ဤနေရာတစ်ခုလုံးရှိ အမှိုက်များ၊ သဲမှုန်များသည် လေဆင်နှာမောင်းတိုက်ခတ်သကဲ့သို့ လွင့်ပျံလာသည်။

မြွေပါအိုကြီး မီတာပေါင်းများစွာ နောက်ယိုင်သွားပြီး သူ့ခြေထောက်အောက်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာကာ တောင်တစ်ခုလုံး ပြိုကျမတတ် ဖြစ်သွားသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူတို့တိုက်ပွဲ မည်မျှပြင်းထန်သည်ကို သိနိုင်သည်ပင်။

ချူဖုန်းကတော့ အဆင်ပြေသည်။ အစောပိုင်းက ရခဲ့သည့် ပုခုံးထက်မှဒဏ်ရာကလွဲလျှင် မည်သည့်ဒဏ်ရာမှ မရသေး။

ပန်တောင်မှ ဘိုးဘေး၏ ခန္ဓာကိုယ်တွင်တော့ ပြတ်ရှရာများစွာရှိနေပြီး သူ့ဘေးပတ်လည်တွင် သွေးမြူများ လွှမ်းခြုံနေသည်။

ထိုဘိုးဘေးကြီးသည် သူ၏ဘုရင်အဆင့်သွေးစွမ်းအင်များကို အသက်သွင်းလိုက်ကာ သူ့ကိုယ်သူ ခွန်အားကြီးအောင် မြှင့်တင်လိုက်သည်။ သူ ချူဖုန်းကို ခုခံစရာအခြားနည်းလမ်းမရှိတော့။

“ငါ မင်းကို လျှော့တွက်မိသွားတာပဲ” ဘိုးဘေး ရေရွတ်လိုက်သည်။

“ခင်ဗျားတို့ ကျုပ်ကို လာတောင်းပန်ဖို့ပြောလို့ ကျုပ်လာခဲ့တာ .. ဒါပေမဲ့ ခင်ဗျားတို့က ဒီအကျိုးဆက်ကို လက်ခံနိုင်ပါ့မလား..” ချူဖုန်း ဘိုးဘေးကြီးကို ဆက်လက်ဖိနှိပ်လိုက်သည်။

ဝုန်း..

ပြင်းထန်လှသည့်တိုက်ပွဲ နောက်တစ်ကြိမ် ဖြစ်ပေါ်လာသည်။ ချူဖုန်း၏လက်သီးများသည် ဘိုးဘေးကြီးကို နေရာအနှံ့မှ ဖိနှိပ်ပြီး ထပ်မံလွှင့်ထွက်သွားအောင် လုပ်လိုက်သည်။ မြွေပါကြီး၏ ပါးစပ်နှင့် နှာခေါင်းမှ သွေးများ စီးကျလာပြန်သည်။

တစ်ချိန်တည်းမှာပင် ဓားနှစ်လက်လည်း အချင်းချင်းတိုက်ခိုက်နေကြပြီး တောင်တစ်ခုလုံး ဓားအလင်းတန်းများ လွှမ်းခြုံနေသည်။

အား…

မြွေပါကြီး အော်ဟစ်လိုက်ကာ သွေးများ ဆူပွက်လာသည်။ သူသည် သူ၏ဝှက်ဖဲအားလုံးကို အသုံးပြုလိုက်ပြီဖြစ်သော်လည်း ချူဖုန်းကို မယှဉ်နိုင်သေး။ တစ်ဖက်လူသည် သူ့ကို အကြိမ်ကြိမ်လွင့်ထွက်သွားအောင် လုပ်နေသည်။

ဓားပျံကြောင့်သာမဟုတ်ပါက သူ အစောကြီးကတည်းက ရှုံးနိမ့်သွားပြီဖြစ်သည်။

သို့သော်လည်း သူ အလွန်လျင်မြန်သည့်အရှိန်ဖြင့် လှုပ်ရှားနေနိုင်ဆဲပင်။ သူ တောင်ထိပ်ပေါ်မှ အခြားနေရာတစ်ခုသို့ လျင်မြန်စွာ ခုန်ကူးလိုက်သည်။

ဖူး…

မြွေပါအိုကြီးမှာ ဒွါရ ၇ ပေါက်မှ သွေးများစီးကျနေပြီဖြစ်သည်။

ချူဖုန်း သူ့နားနောက်တစ်ကြိမ် နီးကပ်လာသည်။ သို့သော် ယခုတစ်ခေါက်တွင်တော့ တစ်ခုခုမှားယွင်းနေသည်ကို သူ ခံစားလိုက်ရသည်။ သူ၏လက်ရှိဘုရင်အဆင့်နှင့်ပင် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားနေရသည်။

သူ ချက်ချင်းပင် ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်။

တစ်ခဏအတွင်းမှာပင် သူ၏ဆံပင်မွေးများ ထောင်ထသွားပြီး တစ်ခုခု သူ့ခေါင်းထဲ တိုးဝင်ရန် ကြိုးစားနေသကဲ့သို့ သူ့ခေါင်းလည်း ပြင်းထန်စွာ နာကျင်လာသည်။ သူ နောက်ယိုင်သွားကာ ခြေလှမ်းများပင် မမြဲချင်တော့။

လေထဲတွင် ၁၅ စင်တီမီတာခန့်ရှိသည့် ရွှေရောင်မြွေပါတစ်ကောင် ရှိနေသည်။ ထိုမြွေပါသည် အားကုန်သုံးကာ ချူဖုန်း၏ဦးခေါင်းထဲ တိုးဝင်ရန် ကြိုးစားနေခြင်းပင်။

သူ၏သတိထားတတ်သည့်အလေ့အကျင့်ကြောင့်သာ မဟုတ်ပါက သူ အလစ်တိုက်ခံရပြီဖြစ်သည်။

“သေလိုက်တော့ .. ငါ မင်းကို သည်းခံနေတာ ကြာလှပြီ..”

မြွေပါကြီး အော်ဟစ်ကာ ချူဖုန်းထံသို့ တရှိန်ထိုး ပြေးလာလေသည်။ သူ၏ခန္ဓာကိုယ်မှ ဘုရင်အဆင့်သွေးစွမ်းအင်များ ထွက်ပေါ်နေသည်ကို မြင်နေရသည်ပင်။

သူသည် အားကုန်သုံးကာ ချူဖုန်းနှင့် တိုက်ခိုက်နေရခြင်းပင်။ ထိုရွှေရောင်မြွေပါမှာ သူ့စိတ်စွမ်းအင်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဤသည်မှာ သူ၏ဒုတိယမြောက် အနှောင်အဖွဲ့ကို ချိုးဖျက်နိုင်ပြီးနောက် ရလာသည့်စွမ်းရည်ပင်။ ဤစွမ်းရည်ကြောင့် သူ သီးသန့်ဝိညာဉ်ပုံစံတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

ဤသည်မှာ သူ၏ဝှက်ဖဲပင်။ သို့သော် ဤရွှေရောင်မြွေပါကို ဆင့်ခေါ်ရန် မလွယ်ကူ။ ချူဖုန်းကို ဤနေရာထိ မျှားခေါ်ပြီးမှသာ သူ မထင်ထားသည့်အချိန်၌ လှုပ်ရှားလိုက်ခြင်းပင်။

သို့သော် ချူဖုန်းမှာမူ ဤကဲ့သို့ဖြစ်လာမည်ကို အနည်းအကျဉ်းတော့ ခန့်မှန်းမိပြီးသားပင်။ သူ၏နွားအော်သံကြောင့် မြွေပါကြီး မူးနောက်သွားကတည်းက သူ သံသယဝင်နေခဲ့ခြင်းဖြစ်သည်။

မြွေပါကြီးမှာ ချူဖုန်း၏ခန္ဓာကိုယ်ကို လိုချင်နေခြင်းပင်။ သူသာ ဤခန္ဓာကိုယ်ကို ပိုင်ဆိုင်ရလျှင် သူ၏သီးသန့်ဝိညာဉ်လည်း ခန္ဓာကိုယ်တစ်ခု ရသွားလိမ့်မည်။

ထိုအချိန်ကျလျှင် သူသည် ဘုရင်နှစ်ယောက်၏စွမ်းအားကို ပိုင်ဆိုင်သွားလိမ့်မည်ပင်။

“သတ်…”

မြွေပါအိုကြီးသည် အော်ဟစ်ကာ သူ့စိတ်စွမ်းအားများကို အသက်သွင်းလိုက်သည်။ ရွှေရောင်မြွေပါလေးလည်း ချူဖုန်း ဦးခေါင်းထဲ တိုးဝင်နိုင်ရန် အစွမ်းကုန် ကြိုးစားနေလေသည်။

“ထွက်သွားလိုက်စမ်း..”

ချူဖုန်း အော်ဟစ်လိုက်သည်။ သူ အလွန်နာကျင်နေရသော်လည်း သူ့အသိစိတ်မှာ ရှင်းလင်းနေဆဲပင်။ သူ ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်ပြီး ပါးစပ်မှ အဖြူရောင်လျှပ်စီးတန်းတစ်ခုကို ထွေးထုတ်လိုက်သည်။

အား..

ထို့နောက် ရွှေရောင်မြွေပါ၏ ကျူးကျော်မှုကို တွန်းထုတ်ရန်အတွက် သူ နွားနတ်ဆိုးအော်သံနှင့် နွားနတ်ဆိုးလက်ဝှေ့ကို အသုံးပြုလိုက်သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..” မြွေပါကြီး ဒေါသတကြီး‌ အော်ဟစ်လိုက်သည်။

သူသည် ချူဖုန်းကို ဤနေရာသို့ မျှားခေါ်လာနိုင်ရန်အတွက် များစွာ ပေးဆပ်ခဲ့ရသည်။ သို့သော် ယခုတော့ သူ ဒုက္ခများလေပြီ။

ချူဖုန်း ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်နှင့် သူ့အသွေးအသားများသာမက သူ့စိတ်လည်း စွမ်းအားများ တိုးတက်လာသည်။

ချူဖုန်းပင် သူ့ကိုယ်သူ လန့်သွားရသည်။ သူ့စိတ်လည်း သူ့အသက်ရှူစည်းချက်အတိုင်း ဖြစ်နေသည်မှာ ပထမဆုံးအကြိမ်ပင်။ သူ့နဖူးတွင် ငွေရောင်အလင်းတန်း ထွက်ပေါ်လာပြီး သူ့လမ်းကြောင်းရှိ သက်ရှိအားလုံးကို ဖယ်ရှားပစ်လိုက်သည်။

“အား..”

၁၅ စင်တီမီတာရှည်သည့် ရွှေရောင်မြွေပါသည် လေထဲမှ မြေပြင်ပေါ်သို့ ကျသွားပြီး အော်ဟစ်လူးလိမ့်နေလေသည်။ စိတ်စွမ်းအားချင်း ယှဉ်ပြိုင်မှုတွင် သူရှုံးနိမ့်သွားပြီးနောက် လောင်ကျွမ်းကာ ဒဏ်ရာများ ရရှိသွားသည်။

အပိုင်း ၁၃၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset