Switch Mode

Chapter – 136

ဘုရင်များ တိုက်ခိုက်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၃၆ – ဘုရင်များ တိုက်ခိုက်ခြင်း

ဟွမ်ယွမ် တုန်လှုပ်နေသည်။ သူတို့ဘိုးဘေးထံ၌သာရသည့် ဘုရင်အော်ရာကို ဤလူငယ်လေးထံမှ ရနေသောကြောင့် သူ ကြောက်လန့်တုန်ရီလာသည်။

သူ အော်ဟစ်ပစ်ချင်လာ၏။ သူ ဘယ်လိုမကောင်းဆိုးဝါးမျိုးကို ရန်စမိသွားတာလဲ..

လွန်ခဲ့သည့်ရက်အနည်းငယ်က သူ ဤလူငယ်လေးကို ကိုယ်တိုင်အမဲလိုက်ခဲ့သည့်အပြင် သူ့လေယာဉ်ကိုပါ တစ်စစီလုပ်ပစ်ခဲ့သေးသည်။ ယခု ဤလူငယ်လေး ဘုရင်ဖြစ်သွားလေပြီ။

ဟွမ်ယွမ် နောက်ဆုတ်သွားလိုက်သည်။ ချူဖုန်းမိဘများကို ထိခိုက်အောင် လုပ်ခဲ့သည့်သူမှာ သူကိုယ်တိုင်ဖြစ်နေသောကြောင့် သူ ပို၍ပင် ထိတ်လန့်လာသည်။

ဟွမ်ယွမ်၏ ထိတ်လန့်တကြားအော်သံကို ကြားသည်နှင့် အခြားသားရဲများမှာ ဘယ်လိုလုပ် မကြောက်ပဲ နေမည်နည်း.. သူတို့အားလုံး ဆံပင်မွေးများ ထောင်ထသွားပြီး ချူဖုန်း၏အဝေးသို့ ပြေးထွက်သွားကြသည်။

“ကျုပ် ခင်ဗျားတို့မျိုးနွယ်စုရဲ့ ရန်ငြိုးရန်စမရှိသလို အမုန်းတရားလည်း မရှိဘူး .. အဲဒါကို ခင်ဗျားတို့အုပ်စုက ကျုပ်ကို သတ်ဖို့ကြိုးစားတဲ့အပြင် ကျုပ်မိဘတွေကိုပါ အမှောင်ကနေ တိုက်ခိုက်သေးတယ် .. တော်လောက်ပြီ … ကျုပ် ဘယ် ဒေါင်းမျိုးနွယ်စု၊ ဘယ်ပန်တောင်မျိုးဆက်ကိုမှ သောက်ဂရုမစိုက်တော့ဘူး .. ခင်ဗျားတို့ကျုပ်စည်းကို အရင်လာထိတာ .. ဒီနေ့ ကျုပ် ဒီတောင်ကို ဖြိုချပြီး ခင်ဗျားတို့ နေရာကို ဖျက်ဆီးပစ်မယ် .. ခင်ဗျားတို့ တစ်မျိုးနွယ်လုံးကိုလည်း ရှင်းပစ်မယ်..”

ချူဖုန်း ကြေငြာလိုက်သည်။

သူ့ကို မည်ကဲ့သို့သော အနာဂတ်မျိုး စောင့်ကြိုနေမည်ကို မသိသော်လည်း ဤတိုက်ပွဲပြီးလျှင် သူ့မိဘများကို ထိခိုက်ချင်သည့်သူများ နှစ်ခါပြန် စဉ်းစားရမည်မှာ သေချာသည်။ သူ့မိဘကိုထိရဲလျှင် သူ တစ်မျိုးနွယ်စုလုံးကို နင်းခြေပစ်မည်။

ဝှစ်..

ဟွမ်ယွမ်သည် ခြေထောက်တစ်ဖက်သာ ရှိတော့သော်လည်း သူသည် ဘုရင်တစ်ဝက်အဆင့်သားရဲဖြစ်နေဆဲပင်ဖြစ်သည်။ တစ်ချက်ခုန်လိုက်သည်နှင့် သူသည် မြားတစ်စင်းကဲ့သို့ တောင်အနောက်ဘက်သို့ လျင်မြန်စွာ ပြေးသွားလေ၏။

သို့‌သော် ချူဖုန်း၏အရှိန်မှာ ပို၍ ကြောက်စရာကောင်းနေသည်။

သူသည် လျှပ်စီးတစ်တန်းကဲ့သို့ ကောင်းကင်ထက် ပျံသန်းသွားလိုက်သည်နှင့် သူ့နောက်မှ လေထုကြီးပင် ပေါက်ကွဲသွားသည်။

သူ မြေပြင်ပေါ် ပြန်ဆင်းသည်နှင့် မြွေပါအိုကြီး၏ ကျန်နေသည့် ခြေထောက်တစ်ဖက်ကို နင်းချိုးပစ်လိုက်သည်။

“အား…”

ဟွမ်ယွမ် စူးရှစွာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်၌ လူးလိမ့်နေလေသည်။

သူသည် ဘုရင်တစ်ဝက်အဆင့်သားရဲတစ်ကောင်ဖြစ်သော်လည်း ချူဖုန်းရှေ့တွင်တော့ သူ ခုခံနိုင်စွမ်း နည်းနည်းမှ မရှိတော့။

ထို့အပြင် ငလျင်လှုပ်ခတ်သွားသကဲ့သို့ ထုံးကျောက်မြေပြင်ပင် အက်ကွဲသွားပြီး တောင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ချူဖုန်းအား မည်မျှပြင်းထန်သည်ကို သိနိုင်သည်ပင်။

ချူဖုန်း ဟွမ်ယွမ်ကို ချက်ချင်းမသတ်သေး။ ဘေးဘက်သို့ ကန်ထုတ်ပစ်လိုက်သည်။

အခြားမြွေပါများအားလုံး တုန်လှုပ်နေကြလေပြီ။ သူတို့ရှေ့မှ ဘုရင်တစ်ဝက်အဆင့်သားရဲမှာ ဘိုးဘေးနှင့်ယှဉ်လျှင် ဒုတိယအဆင့်ရှိသည့် သားရဲပင်။

ဝှစ်..

ထိုအခိုက်အတန့်တွင် မြူများ၊ ဖုန်မှုန့်များကြားမှ အနီရောင်ဓားအလင်းတန်းတစ်ခု ထွက်လာကာ ချူဖုန်းထံသို့ ဦးတည်လာသည်။

ထိုအေးစက်သည့်အလင်းတန်းတွင် အံ့အားသင့်စရာကောင်းလှသည့် အဖျက်စွမ်းအားများ ပါဝင်နေသည်ပင်။

ဤဓားချက်မှာ တောင်ထိပ်ကိုပင် ပြတ်ထွက်သွားအောင် လုပ်နိုင်လိမ့်မည်ဟု ချူဖုန်း ယုံကြည်သည်။ ဤသည်မှာ အင်ပါယာဓားပညာပင်ဖြစ်ပြီး ဤဓားပညာသည် ကီလိုမီတာငါးဆယ်အကွာမှ ရန်သူများကိုပင် သတ်ပစ်နိုင်သည်ဟု ပြောကြသည်။

ဤတိုက်ခိုက်မှုအတွက် သူ အစောကြီးကတည်းက ပြင်ဆင်ထားပြီးသားပင်။ သူ့ညာလက်ထဲ အနက်ရောင်ဓားမြောင်ပေါ်လာပြီး ထိုဓားကို လွှဲရမ်းလိုက်သည်နှင့် လေထဲတွင် ကြောက်စရာကောင်းလှသည့် အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။

ဒုန်း..

မီးပွားများ နေရာအနှံ့ လွင့်စင်သွားကာ လေဟာနယ်ပင် စုတ်ပြဲလာသည်။

အနီရောင်ဓားပျံသည် ဝှစ်ခနဲ ပြန်လည်ပျောက်ကွယ်သွားသည်။ အရိပ်ကဲ့သို့ ရောက်လာကာ ပျောက်သွားသည့်အချိန်တွင်လည်း‌ ခြေရာလက်ရာမကျန်တော့။

နောက်ဆုံး အားလုံး ငြိမ်သက်သွားကာ ချူဖုန်းတစ်ယောက်တည်းကာ တောင်ထိပ်ပေါ်၌ မတ်တပ်ရပ်ကျန်ခဲ့သည်။ “ခင်ဗျားရောက်တာ တော်တော်လေး ကြာနေပြီကို ခင်ဗျား မျိုးဆက်ကို ကယ်ဖို့ မရွေးချယ်ဘူးပေါ့ .. တကယ်ကို အေးစက်တာပဲ..” ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။

နောက်တစ်ခဏတွင် တောင်တစ်ခုလုံး ပြောင်းလဲသွားသည်။ နေပျောက်မထိုးနိုင်လောက်အောင် တစ်တောင်လုံး မြူများ ဖုံးလွှမ်းသွားသည်။

ဟွမ်ယွမ်နှင့် ခုန်းကျွောတို့ပင် တိတ်ဆိတ်သွားလေ၏။ ဘိုးဘေး ဤလူသားကို မြန်မြန်လေး သတ်နိုင်မလားကို သူတို့သိချင်နေသည်။

ချူဖုန်း ထိုနေရာ၌သာ မလှုပ်မယှက်ရပ်နေပြီး ပတ်ဝန်းကျင်ကို နားစွင့်ထားလိုက်သည်။ သူ့မျက်လုံးမှလည်း ထူးဆန်းသည့်မြူကို ထိုးဖောက်နေသည့် နတ်အလင်းတန်း ထွက်ပေါ်နေသည်။

တစ်ချိန်တည်းမှာပင် သူ့နတ်အသိစိတ်အသက်ဝင်လာကာ သူ့နဖူးထက်၌ မီးတောက်လေးများ ထွက်ပေါ်လာလေ၏။ ဤသည်မှာ သူစိတ်စွမ်းအားများကို အသုံးပြုကြောင်း ပြသသည့် လက္ခဏာပင်။

ဤမြွေပါဘိုးဘေးမှာ တကယ်ကို ကျွမ်းကျင်လှသည်ပင်။ သူသည် မြူထဲ၌ ပုန်းနေကာ ဟိုနေရာပေါ်လာလိုက် ဒီနေရာ ပေါ်လာလိုက် လုပ်နေသည်။ တစ်ချိန်တည်းမှာပင် နေရာများစွာ၌ သူ့အော်ရာများ တစ်ပြိုင်နက်တည်း ထွက်ပေါ်နေသည်။

ဘုရင်များကြား တိုက်ခိုက်ကြသည့်တိုက်ပွဲတွင် စိတ်စွမ်းအားချင်းတိုက်ခိုက်မှုကို ရှောင်လွဲ၍မရ။ အလင်းထဲမှလူမှာ အမှောင်ထဲမှလူကို ရှာဖွေရန် ခက်ခဲမည်ပင်။

ဝှစ်..

ရုတ်တရက် သူ့ခေါင်းအနောက်ဘက်မှ အနီရောင်အလင်းတန်းတစ်ခု ရောက်လာသည်။ ထိုအလင်းတန်းသည် သူ့လည်ပင်းနားသို့ ချက်ချင်း ရောက်ရှိလာလေသည်။

ဤသည်မှာ လက်ဝါးအရွယ်အစားရှိသည့် ဓားပျံတစ်လက်ပင်။ အသံကြားမှ လှုပ်ရှားမည်ဆိုလျှင် အလွန်နောက်ကျသွားမည်ပင်။

ဒုန်း..

ချူဖုန်း နောက်လှည့်လိုက်ပြီး သူ့အနက်ရောင်ဓားမြောင်ကို ပစ်လွှတ်လိုက်သည်နှင့် ဓားနှစ်လက် လေထဲ၌ ထိသွားကာ နားကွဲလောက်သည့် သတ္တုပွတ်ခတ်သံများ ထွက်ပေါ်လာသည်။

“အား…”

အဝေးမှ မြွေပါအချို့ အော်ဟစ်လိုက်ကြသည်။ ဤသတ္တုသံတွင် ထူးဆန်းသည့် စိတ်စွမ်းအားများ ပါဝင်နေသည်ပင်။

မီတာပေါင်းများစွာရှည်သည့် မြွေပါများသည် မြေပြင်၌ လူးလိမ့်အော်ဟစ်နေကြလေ၏။

ဝှစ်..

အနီရောင်အလင်းတန်းသည် နောက်တစ်ကြိမ် မြူထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ချူဖုန်း သူ့ဓားမြောင်အား စစ်ဆေးကြည့်လိုက်သည့်အချိန်တွင် မည်သည့်ပွန်းရာပဲ့ရာမှ မရှိကြောင်း တွေ့လိုက်ရသည်။ ဤသည်မှာ သူ့ကို အံ့အားသင့်သွားစေသည်ပင်။ အဘယ်ကြောင့်ဆိုသော် ရန်သူ၏ အနီရောင်ဓားပျံလည်း မာကျောလှသည်။ ထိုဓားလည်း ဘာမှထိခိုက်သွားမည်မဟုတ်။

ယခင်ကတည်းက ချူဖုန်း ဤဓားမြောင်ကို စမ်းသပ်ပြီးသားပင်။ ကျောက်သေတ္တာမှလွဲလျှင် ဤဓားမြောင်နက်ကို မည်သည့်ပစ္စည်းမှ မခုခံနိုင်။

“စိတ်ဝင်စားစရာပဲ .. ဒီရှေးဟောင်းဓားပျံက အင်ပါယာဓားပညာနဲ့ ကိုက်ညီတာလား..” ချူဖုန်း မကြောက်မိ။

နာမည်ကြီးတောင်တစ်လုံးဖြစ်သောကြောင့် ပန်တောင်တွင် လက်နက်အမွေအနှစ်တစ်ချို့ရှိနေမည်ကို သူသိသည်။ ဤအနီရောင်ဓားပျံမှာ ပန်တောင်၏မြေအောက်နန်းတော်မှ တူးဖော်ရရှိခဲ့သည့် အမွေအနှစ်ဖြစ်လိမ့်မည်။

“ညီလေးက တော်တော်လေးကို စွမ်းဆောင်နိုင်တာပဲ .. ဒီလောက်ငယ်ငယ်လေးနဲ့ ဘုရင်ဖြစ်နေပြီ..” ထိုအချိန်တွင် မြူထဲမှ လူအိုကြီးတစ်ဦး ပေါ်လာသည်။ သူသည် အဝါရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး နီရဲသည့်မျက်နှာနှင့် ဖြူဖွေးနေသည့် ဆံပင်များ ရှိနေသည်။ သူ့မျက်လုံးမှာ အဝါရောင်ဖြစ်ပြီး သူ့ထံမှ ထာဝရအော်ရာများ ထုတ်လွှတ်နေသည်ပင်။

အဲဒီတော့ ဒါက ပန်တောင်က ဘိုးဘေးပေါ့..

“ငါက လွန်ခဲ့တဲ့ ၂၁ နှစ်ကမှ ဘုရင်တစ်ဝက်အဆင့်ဖြစ်ခဲ့ပြီး အခုတလောမှ ဘုရင်အဆင့်ကိုရောက်တာ .. ပြန်စဉ်းစားကြည့်ရင် ငါ့ခရီးလမ်းကတော်တော်လေး ခက်ခဲတာပဲ”

ဤခေတ်လွန်ကာလတွင် ပြောင်းလဲမှုဖြစ်စဉ်များ အကြိမ်များစွာ ဖြစ်ပေါ်ခဲ့သည်။ နောက်ဆုံးတစ်ကြိမ်မှာ လွန်ခဲ့သည့် ၂၁ နှစ်ကပင်။

ထိုပြောင်းလဲမှုဖြစ်ပြီးနောက် ယခုကဲ့သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်းပင်။

လူအိုကြီးသည် သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။ သူသည် ဤတိုက်ပွဲကို စိတ်မဝင်စားတော့သကဲ့သို့ လက်ဗလာဖြင့် ချူဖုန်းထံသို့ ဦးတည်လာနေသည်။

ဝုန်း..

မျက်စိတစ်မှိတ်အတွင်းမှာပင် ချူဖုန်း ဘေးဘက်သို့ ရွှေ့လိုက်ပြီး ဆယ်မီတာကျော်သို့ ပြေးထွက်သွားလိုက်သည်။

သူမူလ ရပ်နေခဲ့သည့်နေရာတွင် အနီရောင်အလင်းတန်း ကျရောက်လာပြီး ဝုန်းဟူသည့်အသံကျယ်ကြီးနှင့်အတူ တောင်ထိပ်၌ အက်ကွဲကြောင်းကြီး ထွက်ပေါ်လာသည်။

“မြွေပါဆိုတဲ့အတိုင်း ကောက်ကျစ်ပြီး ရက်စက်တာပဲ..” ချူဖုန်း ပြောလိုက်သည်။

သူ ထွက်လာခြင်းမှာ ချူဖုန်း စိတ်ပျံ့လွင့်သွားအောင် လုပ်ခြင်းသာဖြစ်ပြီး ခန္ဓာကိုယ်အစစ်မှာ ချူဖုန်းအနောက်မှ တိုက်ခိုက်လာသည်ပင်။

“မင်းလိုလူငယ်တွေက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အတိမ်အနက်ကို မသိဘူး .. ငါတို့က မင်းကို ခွင့်လွှတ်မှုတောင်းခံဖို့ လာခိုင်းတာကို မင်းက ဒီလိုမျိုးတွေ အစုလိုက်အပြုံလိုက် သတ်ပစ်လိုက်တယ် .. ဒီနေ့ ငါ့ဓားသွားအောက် မင်းခေါင်း ပြတ်သွားစေရမယ်..” ဘိုးဘေးအိုကြီး အေးစက်စွာ ပြောလိုက်သည်။ သူ့အသံထွက်ပေါ်ရာနေရာမှာ ဆက်တိုက်ပင် ပြောင်းလဲနေသည်။

“သတ်..”

ယခုတစ်ခေါက်တော့ သူ ရှိနေသည့်နေရာကို ချူဖုန်း သိသွားလေပြီ။ သူ တရှိန်ထိုး ပြေးသွားလိုက်ပြီး လေထဲ မီတာပေါင်းများစွာ ခုန်တက်လိုက်သည်။

လူအိုကြီး သူ့မျက်စိရှေ့ ပေါ်လာကာ သူ့အနီရောင်ဓားပျံကို အသက်သွင်းပြီး တိုက်ခိုက်လာသည်။ ဓားအလင်းတန်းမှာ တောင်ထိပ်တစ်ခုလုံးကိုပင် လွှမ်းခြုံသွားခဲ့သည်ပင်။

အနီးကပ်တိုက်ခိုက်သည်နှင့် ချူဖုန်း ‘ကျားနှင့်နဂါးယှဉ်ပြိုင်ခြင်း’ကို ချက်ချင်းအသုံးပြုလိုက်သည်။

ဝုန်း ဝုန်း ဝုန်း..

ချူဖုန်း ညာလက်ထဲတွင် အနက်ရောင်ဓားမြောင်ကိုင်ထားပြီး ထိုဓားကို နဂါးအဖြစ် အသုံးပြုလိုက်သည်။ ဘယ်ဘက်လက်တွင်တော့ ကျားတစ်ကောင် ပေါ်လာသည်။ စွမ်းအားနှစ်ခု ပေါင်းစည်းသွားသည်နှင့် ပေါက်ကွဲသံများ ဆူညံလာသည်။

လေထဲတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီးနောက် ကျားတစ်ကောင် ဟိန်းသည့်အသံနှင့် နဂါးတစ်ကောင်၏အော်သံများ ထွက်ပေါ်လာသည်။ ချူဖုန်းရှေ့တွင်လည်း ကျားတစ်ကောင်နှင့် နဂါးတစ်ကောင် ထွက်ပေါ်လာသည်ပင်။

ဤသည်မှာ ရှေးဟောင်းပညာ၏ စွမ်းအားပင်။ အချုပ်အနှောင်တစ်ခုမှ လွတ်မြောက်ပြီးနောက် ချူဖုန်း သူ၏ပုန်းကွယ်နေသည့် အရည်အချင်းများကို အသုံးပြုလာနိုင်သည်။

ဘုန်း ဘုန်း ဘုန်း..

မြွေပါအိုကြီးသည် ထိုတိုက်ကွက်ကို သူ့ဓားပျံဖြင့် ခုခံရင်း တစ်ချိန်တည်းမှာပင် သူ့လက်များဖြင့်လည်း တိုက်ခိုက်လာသည်။

ဖူး..

အနီရောင်ဓားပျံသည် ချူဖုန်း၏လည်ပင်းနားမှ ပွတ်ကာသီကာ ဖြတ်သွားသည်။ သူ ဤဓားကို ရှောင်လိုက်နိုင်သော်လည်း သူ့ပုခုံးကို ဓားထိသွားကာ သွေးများ စီးကျလာသည်။

အင်ပါယာဓားပညာသည် ဓားပျံပညာအားလုံး၏ ဆရာတစ်ဆူဖြစ်သည်ပင်။

ဓားထိသွားသည်နှင့် သူ့ပုခုံး ပူလောင်နာကျင်လာကာ သွေးများ အဆက်မပြတ်စီးကျလာသည်။ သို့သော် သူ့ဘယ်လက်မှ ကျားပုံစံလည်း ဘိုးဘေး၏ခန္ဓာကိုယ်ထက် ရောက်ရှိသွားသောကြောင့် ထိုဘိုးဘေးကြီး နောက်ယိုင်သွားသည်။ သေချာကြည့်မည်ဆိုလျှင် သူ့နှုတ်ခမ်းထောင့်၌ သွေးများ စီးကျနေသည်ကို မြင်ရမည်ပင်။

ကျွမ်းကျင်သူများ အချင်းချင်းတိုက်ခိုက်ကြလျှင် ရှုပ်ထွေးမှု သိပ်မရှိ။ သူတို့၏လှုပ်ရှားမှုတိုင်းမှာ ပြင်းထန်ကာ ထိချက်ပြင်းသည်။ အများအားဖြင့် တစ်ချက်တည်းသေမည့်နေရာများကိုသာ ရွေး၍ တိုက်ခိုက်ကြသည်ပင်။

ချူဖုန်း သတိလက်လွတ်မနေရဲ။ အစပိုင်းတွင် သူ တိုက်ပွဲကိုအချိန်ဆွဲကာ တစ်ဖက်လူ၏ စွမ်းရည်များကို လေ့လာချင်သော်လည်း ယခုအချိန်တွင် သူ အချိန်ဆွဲ၍မရတော့။

သူ အဖြူရောင်မြူခိုးများကို မှုတ်ထုတ်လိုက်ပြီး သူ့အသက်ရှူသံသည်လည်း နဂါးအသက်ရှူသံကဲ့သို့ ပြောင်းလဲသွားသည်။ ယခု သူ ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်ခြင်းပင်။

ပန်တောင်မှ ဘိုးဘေးသည် ဓားပျံကို အဝေးမှ ထိန်းချုပ်ချင်သောကြောင့် သူတို့နှစ်ဦးကြားမှ အကွာအဝေး ဝေးကွာသွားအောင် ကြိုးစားနေလေသည်။

သို့သော် ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းပြီးနောက် ချူဖုန်း၏ အရှိန်နှင့် ခွန်အားမှာ အလွန်တိုးတက်လာပြီဖြစ်သည်။

ဒုန်း ဒုန်း ဒုန်း..

ဓားနှစ်လက် မကြာခဏ ထိပ်တိုက်တွေ့နေသည်။ ချူဖုန်း ထိုဓားပျံကို အားကုန်ရိုက်ထုတ်နေသောကြောင့် ဓားပျံသည် ကြီးမားသည့်ကျောက်တုံးကြီးနှင့်ထိကာ ထိုကျောက်တုံးကြီးများ တစ်စစီဖြစ်သွားလေသည်။

ဝုန်း…

ချူဖုန်း အနားတိုးကပ်လိုက်ပြီး မြွေပါအိုကြီးကို လက်သီးဖြင့်တစ်ချက် ထိုးထည့်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း..

ဤတိုက်ပွဲမှာ အလွန်ပြင်းထန်လှသည်။ လက်သီးများနှင့် ဓားသွားသည် တစ်ခုကိုတစ်ခု ထိပ်တိုက်တွေ့နေရကြပြီး မိုးခြိမ်းသံနှင့်အတူ ထူးဆန်းသည့်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

မူး..

အရေးကြီးသည့်အပိုင်းအခြားတွင် ချူဖုန်း နွားနတ်ဆိုးအော်သံဖြင့် အော်ဟစ်လိုက်ပြီး တစ်ဖက်လူ စိတ်တုန်ခါသွားအောင် လုပ်လိုက်သည်။

ထိုဘိုးဘေး မူးဝေသွားသည့် စက္ကန့်ပိုင်းလေးအတွင်းတွင် ချူဖုန်း အရှိန်ဖြင့် ပြေးသွားကာ စွမ်းအားများ ထုတ်သုံးလိုက်သည်။ သူ့တိုက်ခိုက်မှုကို တားဆီးနေသည့် ဓားပျံကြောင့်သာမဟုတ်ပါက အစောကြီးကတည်းက ချူဖုန်း၏ ဓားမြောင်မှာ မြွေပါကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်ပြီးသား ဖြစ်လောက်သည်။

ထိုသို့ဆိုသော်လည်း လောကကြီးကိုပင် အက်ကွဲသွားစေနိုင်သည့် လက်သီးအားတစ်ခု ပန်တောင်ဘိုးဘေးထံသို့ ရောက်ရှိလာသည်။ ထိုဘိုးဘေးသည် လေထဲ လွင့်ထွက်သွားကာ သွေးများစွာ အန်ထွက်သွားလေသည်။

အပိုင်း ၁၃၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset