Switch Mode

Chapter – 135

တောင်ကို ဖြိုကာ ခံတပ်ကို ဖျက်ဆီးခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၃၅ – တောင်ကိုဖြိုကာ ခံတပ်ကို ဖျက်ဆီးခြင်း

အခြားလူများ ချူဖုန်းကို အဝေးတစ်နေရာ၌ ပုန်းနေပြီး မုန်တိုင်းငြိမ်သွားမှ ပြန်ထွက်လာသင့်သည်ဟု ပြောနေကြသည့်အချိန်တွင် ချူဖုန်းကတော့ တိုက်ခိုက်ရန်အတွက် ထွက်သွားနေပြီဖြစ်သည်။

နံနက်အစောပိုင်းတွင် စစ်တပ်ဟယ်လီကော်ပတာတစ်စင်း ပန်တောင်ထံသို့ ဦးတည်ပျံသန်းသွားသည်။

ချူဖုန်း လေယာဉ်ပေါ်၌ တရားထိုင်နေပြီး ပြင်ဆင်စရာရှိသည်အားလုံးကို ပြင်ဆင်ပြီးသွားပြီဖြစ်သည်။

သူနှင့်အတူ လိုက်ပါလာသည့် သန္ဓေပြောင်းအချို့သည် သူ့ကို လေးစားစွာ ကြည့်နေကြလေ၏။

တစ်ယောက်တည်းသွားပြီး သားရဲဘုရင်တစ်ကောင်ကိုသတ်ကာ တောင်ကို သိမ်းပိုက်မည်ဆိုသည်မှာ ဒဏ္ဍာရီကဲ့သို့ဖြစ်နေသည်။ သူတို့ ဤအကြောင်း စကြားလိုက်သည့်အချိန်က အားလုံး အံ့အားသင့်သွားခဲ့ကြသည်ပင်။

ချူဖုန်းကို နှောက်ယှက်မိမည်စိုးသောကြောင့် လမ်းတစ်လျှောက်လုံး မည်သူမှ စကားမပြောကြ။

ချူဖုန်းသည် ကျောက်ရုပ်တစ်ခုကဲ့သို့ မလှုပ်မယှက်ထိုင်နေပြီး မျက်လုံးမှိတ်ကာ သူ့စိတ်ကို အနားပေးနေခဲ့သည်။

နေ့လည်ပိုင်းတွင် သူတို့ ပန်တောင်၏အနီးသို့ ရောက်သွားသည်။

ပန်တောင်သည် ရွှမ်းထျန်မြို့နှင့် ကပ်လျက်ဖြစ်ပြီး ကျင်းမန်နယ်မြေထဲ ရှိသည်။

ကမ္ဘာမြေကြီး‌ ပြောင်းလဲသွားပြီးနောက် အကွာအဝေးများ ဝေးကွာလာသောကြောင့် ရွှမ်းထျန်မှ ပန်တောင်ကြားရှိ ဧရိယာလည်း ကီလိုမီတာပေါင်း ထောင်ပေါင်းများစွာ ကျယ်ပြန့်သွားသည်။

ပန်တောင်တွင် တိမ်တိုက်များဝေ့ဝဲနေပြီး အမတများနေထိုင်သည့်နယ်မြေနှင့်ပင် တူနေသည်။

မြောက်ပိုင်းနယ်မြေတွင် ပန်တောင်သည် နာမည်ကြီးတောင်တစ်လုံးပင်။ ဟယ်လီကော်ပတာကို သင့်တော်သည့်နေရာတစ်ခု၌ ရပ်တန့်စေလိုက်ပြီး ချူဖုန်း သူတို့ကို ပြန်သွားခိုင်းလိုက်သည်။

သူနှင့် မြွေပါဘုရင်တို့၏ တိုက်ပွဲရိုက်ခတ်မှုကြောင့် ဟယ်လီကော်ပတာ ပျက်စီးသွားမည်ကို သူ စိုးရိမ်သည်။

သန္ဓေပြောင်းအေးဂျင့်များလည်း ဤနေရာ၌ အချိန်ဆွဲမနေပဲ ကောင်းကင်ထက်သို့ ပျံသန်းသွားကာ ဝေးဝေးသို့ ပျံသန်းသွားလိုက်သည်။ သူတို့ ဘာမှမကူညီနိုင်သည်ကို သူတို့သိသည်ပင်။ သူတို့ရှိနေလျှင် ချူဖုန်းကို အနှောက်အယှက်ဖြစ်စေလိမ့်မည်။

ပန်တောင်တွင် လူတစ်ယောက်သည် ဟွမ်ယွမ်အား ငိုကြွေးပြီးတိုင်တန်းနေသည်။ “ကျေးဇူးပြုပြီး ဘိုးဘေးကို ထွက်လာပြီး ချူဖုန်းကို သတ်ဖို့ ပြောပေးပါ .. သူ လူတွေကို အရမ်းအနိုင်ကျင့်လွန်းတယ် .. သူ ကျွန်တော့်အမြှီးကို ဖြတ်လိုက်တယ် .. ဟင့် ဟင့်..”

ဤသည်မှာ ညတွင်းချင်း ပြန်ပြေးလာရသည့် မြွေပါမျိုးနွယ်စုမှ သတင်းစကားပါးသည့်သူပင်။

ဟွမ်ယွမ်၏မျက်နှာ မည်းမှောင်နေလေ၏။ သူ ဤလူကို ကိုယ်ချင်းစာသည်။ အဘယ်ကြောင့်ဆိုသော် သူလည်း ချူဖုန်းကြောင့် အမြှီးဖြတ်ခံခဲ့ရသည်ပင်။

အထူးသဖြင့် သူသည် ဘုရင်တစ်ဝက်အဆင့်သားရဲဖြစ်သောကြောင့် ဤထက်ရှက်စရာကောင်းသည့် ကိစ္စ မရှိတော့။

“စိတ်ချပါ .. ဘိုးဘေးက ဒီနေ့ ထွက်လာလိမ့်မယ် .. သူ ဓားပညာကို လေ့ကျင့်နေတာ ရက်ပေါင်းများစွာ ရှိနေပြီ .. အခု သူ အဲဒီမောက်မာနေတဲ့ကောင်ခေါင်းကိုဖြတ်ဖို့ အဆင်သင့်ဖြစ်နေလောက်ပြီ .. မငိုနဲ့တော့..” ဟွမ်ယွမ် စိတ်ရှုပ်လာသည်။

“ပန်တောင်က ဘိုးဘေးကိုယ်တိုင်လှုပ်ရှားတော့မှာ .. ချူဖုန်းက အသက်ရှည်ရှည်နေနိုင်မှာ မဟုတ်တော့ဘူး .. ငါတို့ အခုကစပြီးတော့ အချိန်တွေ ရေတွက်လို့ရပြီ” ခုန်းကျွော သူ့ကိုနှစ်သိမ့်လိုက်သည်။

ဝုန်း..

ထိုအချိန်တွင် တောင်အောက်ခြေမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် တောင်ထိပ်မှပင် ကြားရသည့် အော်သံများ ထွက်ပေါ်လာသည်။

“ဘာဖြစ်နေတာလဲ..” ဟွမ်ယွမ်သည် ခြေထောက်တစ်ဖက်သာ ကျန်တော့သော်လည်း ထိုအသံများ ကြားသည်နှင့် သူ မတ်တပ်ထရပ်လိုက်ပြီး သူ့မျက်လုံးမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။

“မကောင်းတော့ဘူး .. တစ်ယောက်ယောက်က ပန်တောင်ကို လာတိုက်ခိုက်နေတာ .. ပြီးတော့ သူ တောင်ပေါ်ကို တက်လာနေပြီ..” မြွေပါတစ်ကောင် အလောတကြီး တင်ပြလာသည်။

“ဘယ်သူက ငါတို့ပန်တောင်ကို တိုက်ခိုက်ရဲတာလဲ .. သူတို့တွေက အသက်ရှင်ရတာကို ပင်ပန်းနေလို့လား .. ဘယ်မျိုးနွယ်စုလဲ .. လူဘယ်နှယောက် လာတာလဲ..” ဟွမ်ယွမ် ဒေါ့သတကြီးအော်ဟစ်လိုက်သည်။

“လူသားတစ်ယောက်တည်းပါ .. သူက တောင်ကို ဒေါသတကြီး တိုက်ခိုက်နေတာ .. တောင်ဂိတ်မုခ်ဝကို မြားတစ်စင်းနဲ့ ပစ်ချလိုက်တာ .. သူ အခု တက်လာနေပြီ” ထိုမြွေပါ သတင်း တင်ပြလိုက်သည်။

“ဒါက..”

ခုန်းကျွော အံ့အားတကြီး ထရပ်လိုက်သည်။ လူတစ်ယောက်တည်းက ပန်တောင်ကို တိုက်ခိုက်လာတယ် .. ဒါက ဘယ်ဘုရင်ဖြစ်မလဲ ..

တောင်မုခ်ဝကို မြားတစ်စင်းတည်းဖြင့် ဖျက်ဆီးပစ်လိုက်ပြီးနောက် ချူဖုန်း အမှိုက်များ၊ ဖုန်မှုန့်များကြားမှ ဖြတ်လျှောက်လာကာ ခြေလှမ်းကျယ်ကြီးဖြင့် တောင်ပေါ်သို့ တက်သွားလိုက်သည်။

ဖူး…

မြားတစ်စင်း ပစ်လိုက်သည်နှင့် ပုံစံပြောင်းထားသည့် မြွေပါတစ်ကောင် ပေါက်ကွဲသွားကာ သွေးမြူအဖြစ် ပြောင်းလဲသွားလေသည်။

“မင်း ဘယ်သူလဲ .. မင်းတော်တော် ရဲတင်းနေတာပဲ .. ဒီနေရာက ပန်တောင်ဘိုးဘေးရဲ့ တာအိုနယ်မြေဆိုတာ မင်းသိလား..” မြွေပါတစ်ကောင် အော်ဟစ်လိုက်သည်။ သူသည် လူသားပုံစံအဖြစ် ပြောင်းလဲပြီးသားဖြစ်သောကြောင့် သူသည် ဤမျိုးနွယ်စု၏ တိုက်ရိုက်မျိုးဆက်တစ်ဦးပင် ဖြစ်လိမ့်မည်။ ထို့ကြောင့်သာ သူ ပုံစံပြောင်းသည့်အသီးကို ရခဲ့ခြင်းပင်။

သူ့နောက်တွင် မြွေပါ ၁၀ ကောင်ရှိနေပြီး အားလုံး၏ ရွှေရောင်အမွေးများ ထောင်ထနေပြီး လက်သည်းရှည်များကို ထုတ်ထားကြလေ၏။

ချူဖုန်း သူတို့ကို အေးစက်စွဦ ကြည့်ပြီးနောက် သူ့လေးကြိုးကို ဆွဲလိုက်သည်။ သူ မြားပစ်လွှတ်လိုက်သည်နှင့် မိုးခြိမ်းသံ ထွက်ပေါ်လာပြီး မြားများသည် လျှပ်စီးကဲ့သို့ပင် လေးကြိုးမှ ထွက်သွားလေ၏။

ဂါး..

သားရဲဆယ်ကောင်လုံး အော်ဟစ်ကာ ချူဖုန်းထံသို့ တရှိန်ထိုး ပြေးလာနေကြသည်။

ဖူး ဖူး ဖူး..

သို့သော် ချူဖုန်းမှာ လျင်မြန်လွန်းလှသည်။ တစ်ခဏအတွင်း သူ ဤသားရဲကြီးအကောင် ၃၀ ကျော်ကို သတ်ပြီးသွားပြီဖြစ်သည်။ မည်သည့်အကောင်မှ အကောင်းအတိုင်းမကျန်။ အားလုံး ပေါက်ကွဲပြီး သေဆုံးသွားကြသည်။

မြေကြီးများပင် နီရဲနေလေပြီ။

ကျန်နေသည့် မြွေပါများမှာ သေးထွက်ကျလောက်အောင် ကြောက်နေကြလေပြီ။ ဤလူမှာ လူလား နတ်ဆိုးလားပင် မသိတော့။ သူက ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းနိုင်ရတာလဲ .. သူက တစ်ချက်တည်းနဲ့ ကျွမ်းကျင်သူ အယောက် ၃၀ ကျော်ကို သတ်သွားတာလား..

ချူဖုန်း ဤနေရာကို မလာခင်က ဤနေရာတွင် သန္ဓေပြောင်းမြွေပါ အကောင် ၉၀ ကျော်ရှိကြောင်း ဟွမ်ရှောင်ရှန်းထံမှ သိထားပြီးသားပင်။ ထို့ကြောင့် သူ့မြားကျည်တောက်ထဲ မြားအချောင်း တစ်ရာ ထည့်လာခဲ့သည်။ တောင်တစ်တောင်ကို သိမ်းပိုက်နိုင်သည့် သားရဲဘုရင်မှာ သေချာပေါက် မရိုးရှင်း။ သူတို့မျိုးနွယ်စုမှ ကျွမ်းကျင်သူအားလုံးကို စုစည်းပြီး သန္ဓေပြောင်းအောင် လုပ်ပေးနိုင်ခြင်းမှာ အခြား သားရိုင်းများ လုပ်နိုင်သည့်အရာမဟုတ်။

အချိန်တစ်ခုသာ ပေးလိုက်လျှင် ဤမျိုးနွယ်စု၏ သန္ဓေပြောင်းဦးရေ ပို၍ပင် များပြားလာလိမ့်မည်။

ကျန်ရှိနေသည့်မြွေပါများသည် ထွက်ပြေးချင်‌သော်လည်း ချူဖုန်းသည် သူတို့နောက် လိုက်ပင်မဖမ်းပဲ မြားများကိုသာ တစ်ချောင်းပြီးတစ်ချောင်း ပစ်လွှတ်နေသည်။ ထိုမြားအားလုံးမှာ သူတို့ပစ်မှတ်များအား ထိမှန်သွားကြသည်ပင်။

“ဘုရားရေ .. ပြေး .. နတ်ဆိုးတစ်ကောင် ကျူးကျော်နေပြီ..”

ပြန့်ကျဲနေသည့် မြွေပါများ တောင်ထိပ်ပေါ်သို့ ပြေးတက်သွားကြလေသည်။

ကျောက်လှေကားထစ်များမှတစ်ဆင့် ချူဖုန်း တောင်ပေါ်သို့ တက်သွားလိုက်သည်။

သူ့နတ်အသိစိတ်များမှာ အလွန်စူးရှလှသည်။ သူသည် လမ်းလျှောက်ရင်းဖြင့်ပင် မြားများကို တစ်ချောင်းပြီးတစ်ချောင်း ပစ်လွှတ်နေခဲ့သည်။

သေဆုံးသွားသည့်အကောင်တိုင်းမှာ မီတာပေါင်းများစွာ ရှည်လျားပြီး အပြင်လောကကြီး ထိတ်လန့်သွားစေရန် လုံလောက်သည့် အကောင်များပင်။

“ဘယ်သူလဲ..” တောင်ထိပ်မှ ဟွမ်ယွမ် အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လူများ ထပ်မထိခိုက်စေတော့ရန်အတွက် နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။

ချူဖုန်းသည် မြူများကြားမှတစ်ဆင့် တောင်ထိပ်ဆီသို့ တစ်လှမ်းချင်းပင် လျှောက်လာလိုက်သည်။

ပန်တောင်သည် တစ်နှစ်ပတ်လုံး မြူဆိုင်းနေကာ သုံးမြှောင့်ဖန်တုံးမှ ထွက်လာသကဲ့သို့သော အရောင်များ တောက်ပနေသည်။ ရှေးသစ်ပင်များလည်း ထူထပ်စွာ ပေါက်ရောက်နေပြီး လေထဲတွင် ပန်း၏အမွှေးနံ့များ ဝတ်မှုန်များ ပျံ့လွင့်နေသည်။

အချို့နွယ်ပင်များတွင် တောက်ပသည့် ကျောက်စိမ်းရိုင်းနှင့်တူသည့် ပန်းပွင့်အဖူးများ ဖူးပွင့်နေသည်။

နေ၏ ရွှေရောင်အလင်းများ ချူဖုန်းအပေါ်သို့ ဖြန့်ကျက်နေသောကြောင့် သူသည် ပန်တောင်ထိပ်သို့ တက်လာသည့် စစ်နတ်ဘုရားတစ်ပါးနှင့် တူနေသည်။ မကြာခင်တွင် သူ တောင်ထိပ်သို့ ရောက်တော့မည်။

“ဘာ .. မင်းလား..” ဟွမ်ယွမ် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ့မျက်လုံးကိုပင် သူ မယုံကြည်နိုင်ဖြစ်နေသည်။ သူတို့တံခါးကို လာခေါက်သည့်သူမှာ ဤလူငယ်လေး ဖြစ်နေသည်။

ချူဖုန်း အဘယ်ကြောင့် ဤမျှရဲတင်းနေသည်ကို သူနားမလည်နိုင်ဖြစ်နေသည်။ သူ့နောက်မှာ ဘုရင်အဆင့် လူသားကျွမ်းကျင်သူတစ်ယောက်ယောက် ရှိနေလို့လား..

ယခုမှ ပထမဆုံးတွေ့ဖူးခြင်းဖြစ်သော်လည်း ခုန်းကျွော ချူဖုန်းကို သိနေသည်။ စွမ်းအားကြီးသည့် လူငယ်ကျွမ်းကျင်သူ များများစားစားမရှိသောကြောင့် သူ သိနေသည်မှာ သဘာဝကျသည်ပင်။

“မင်းက တော်တော်လေးကို မိုက်ရူးရဲဆန်တာပဲ .. မင်းက ပန်တောင်ကိုတောင် တက်ရဲတယ်ပေါ့..” ခုန်းကျွော ဆူပူလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ့မူလပုံစံကို ပြန်ပြောင်းလိုက်ပြီး တောင်အနောက်ဘက်သို့ ပျံသန်းသွားရန် ကြိုးစားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် တောင်အနောက်ဘက်တွင် ပန်တောင်ဘိုးဘေး ရှိနေသောကြောင့် သူ အသံကျယ်ကျယ်ဖြင့် အော်လိုက်လျှင် ဘိုးဘေးကြားရလောက်သည်။

ဝုန်း..

ချူဖုန်း ဘာစကားမှ မပြောပဲ မြားတစ်စင်းဖြင့်သာ တုံ့ပြန်လိုက်သည်။ မြှားသည် မိုးခြိမ်းသံနှင့်အတူ ခုန်းကျွော၏ အတောင်ပံတစ်ဖက်ကို ဖောက်ခွဲပစ်လိုက်သည်။

ခုန်းကျွော မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားပြီး သူ့ခန္ဓာကိုယ်တစ်ခြမ်းမှာ သွေးများ စိုရွှဲသွားသည်။ အလွန်နာကျင်လှသောကြောင့် သူ စူးရှစွာ အော်ဟစ်လိုက်သည်။

ဝှစ်ဟူသည့်အသံနှင့်အတူ နောက်ထပ်မြားတစ်စင်း ရောက်လာပြီး သူ့ပေါင်ကို ထိုးဖောက်သွားကာ သွေးမြူအဖြစ် ပြောင်းလဲပစ်လိုက်လေသည်။ ဒေါင်းကြီးမှာ နာကျင်စွာဖြင့် မြေပြင်ပေါ်၌ လူးလိမ့်နေရလေပြီ။

ချူဖုန်း သူ့ကို အသက်ရှင်လျက် ထားမည်ဖြစ်သော်လည်း ထွက်ပြေးနိုင်မည့်နည်းလမ်းအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

“ခင်ဗျားတို့ပဲ ကျုပ်ကို ပန်တောင်ကိုလာပြီး‌ တောင်းပန်ခိုင်းနေတာမဟုတ်ဘူးလား .. အခု ကျုပ်လာပြီလေ .. ကျုပ် ဘယ်သူ့ဆီကနေ ခွင့်လွှတ်မှုကို တောင်းရမှာလဲ..” ချူဖုန်း အေးစက်စွာ မေးလိုက်သည်။

ဟွမ်ယွမ်၏မျက်နှာမှာ အလွန်ဖြူဖျော့နေလေပြီ။ ချူဖုန်း သူတို့တံခါးရှေ့သို့ ရောက်လာကာ ဤကဲ့သို့ သတ်ဖြတ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့။

“မင်းက ဘုရင်အဆင့် ရောက်သွားပြီလား..” ဟွမ်ယွမ် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ “ဘိုးဘေး .. ဘိုးဘေးကိုယ်တိုင် ထွက်လာပြီး ဒီလူကို လာသတ်ပေးပါ…”

အပိုင်း ၁၃၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset