ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၃၄ – မိုးသက်မုန်တိုင်း
“ချူဖုန်း မင်း ငါတို့မျိုးနွယ်စုကို ဖြေရှင်းချက် ပေးမှာလား မပေးဘူးလား..” ဒေါင်းမျိုးနွယ်စုမှ လူသည် အတော်လေးမောက်မာလှပြီး ချူဖုန်းကို လူရှေ့မှာပင် ပြောလာသည်။
လေထုမှာ အတော်လေး ဂကျိုးဂကြောင်နိုင်နေသည်။ အင်အားကြီးအဖွဲ့အစည်းအားလုံးသည် သူတို့အမြင်ကို မပြသပဲ အခြေအနေများကိုသာ စောင့်ကြည့်နေကြသည်။
ဒေါင်းမျိုးနွယ်စုနှင့် ပန်တောင်မှမျိုးဆက်များအားလုံး ချူဖုန်းကို ခက်ခဲအောင် လုပ်နေကြသည်။ အထူးသဖြင့် ဒေါင်းမျိုးနွယ်စုပင်။ သူတို့၏ လွှမ်းမိုးနိုင်စွမ်းမှာ ကြီးမားလှသည်။
ဒေါင်းဘုရင်သည် လူသားများ၏ ဘုရားနယ်မြေများ၌ လှုပ်ရှားရဲသည့်အပြင် ဒေါင်းဘုရင်တစ်ယောက်သည် သားရဲဘုရင်များစွာ ပေါင်းထားသည်ထက်ပင် ပို၍ စွမ်းအားကြီးသေးသည်။
ယခု ဤမျိုးနွယ်စုမှ အေးဂျင့်တစ်ဦး ချူဖုန်းကို ဖြေရှင်းချက် တောင်းလာသည့်အချိန်တွင် မဆိုင်သည့်အဖွဲ့အစည်းများပင် အနည်းငယ် စိုးရိမ်လာကြသည်။
ဒေါင်းဘုရင် စိတ်တိုပြီး အကုန်လုံးကို ပတ်ရမ်းလာမည်ကို သူတို့ကြောက်ရွံ့နေကြခြင်းပင်။
ယခုအချိန်တွင် တောင်များစွာ၌ သွေးစွန်းနေပြီဖြစ်သည်။ အင်အားကြီးအဖွဲ့အစည်းအားလုံးတွင် သူတို့ရည်မှန်းချက်နှင့်သူတို့ရှိသည်။ ဒေါင်းဘုရင်သာ ဤစစ်ပွဲနယ်မြေများ၌ သတ်ဖြတ်လာလျှင် မည်သူမှ သူ့ကို ခုခံနိုင်မည်မဟုတ်။
သို့သော် သာမန်လူများကတော့ ဒေါင်းဘုရင်ကဲ့သို့သော တည်ရှိမှုမျိုးကို အရေးမစိုက်။ ဤကဲ့သို့သော ပုဂ္ဂိုလ်များမှာ သူတို့နှင့်ဝေးကွာလွန်းလှသောကြောင့် သူတို့သည် ချူဖုန်းကို ဆက်လက်ထောက်ခံနေကြဆဲပင်။
လူအများစုမှာ ဒေါင်းမျိုးနွယ်စု ရမ်းကားလွန်းလှသည်ဟု တွေးမိကြသည်။ အရင်ဆုံး တိုက်ခိုက်လာကြသည့်သူမှာ သူတို့ဖြစ်ပြီး ချူဖုန်းက ကိုယ့်ကိုကိုယ်ခုခံခဲ့ခြင်းဖြစ်သော်လည်း ယခုတော့ သူတို့က ချူဖုန်းကို အပြစ်တင်နေသည်။
ထို့အပြင် ဒေါင်းမျိုးနွယ်စုမှ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ဦး ရောက်လာပြီး ချူဖုန်းကို ခြိမ်းခြောက်ကာ ဖြေရှင်းချက်တောင်းနေသေးသည်။ ဤကိစ္စကို ခွင့်မပြုနိုင်။
အင်တာနက်ပေါ်မှ လူများစွာသည် ချူဖုန်းအား ထောက်ခံနေကြဆဲပင်။
“ချူဖုန်း .. ငါတို့ မင်းကို ထောက်ခံတယ် .. မင်း အစွမ်းကုန်ကြိုးစားလိုက် .. ဒီဒေါင်းမျိုးနွယ်စု တစ်လောကလုံးကို အမိန့်ပေးနိုင်လိမ့်မယ်လို့ ငါမထင်ဘူး..”
“ဒေါင်းဘုရင်က ပြိုင်ဘက်ကင်းဆိုရင်တောင် သူတို့မျိုးနွယ်စု ဒီလိုမျိုးလာပြီး အာဏာမပြသင့်ဘူး .. မဟုတ်ရင် တစ်နေ့ သူတို့ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်နေလိမ့်မယ်”
ဒေါင်းဘုရင်ကိုယ်တိုင် ရွှမ်းထျန်သို့ ရောက်လာမည်ကို လူအချို့ မယုံကြည်ကြ။
အင်အားကြီးအဖွဲ့အစည်းများမှာတော့ လုံးဝတိတ်ဆိတ်နေသည်။ သူတို့ရပ်တည်ချက်ကို ချက်ချင်းမထုတ်ဖော်နိုင်ကြ။ သူတို့ ဒေါင်းဘုရင်ကို ဆန့်ကျင်မိပြီး ဒုက္ခရောက်မည်ကို သူတို့ စိုးရိမ်ကြသည်ပင်။
ခဏကြာပြီးနောက် လေထုကြီးမှာ အတော်လေး ဖိအားများနေကြောင်း လူအချို့ ရှာဖွေတွေ့ရှိခဲ့သည်။ ဒေါင်းဘုရင်က တကယ် ရွှမ်းထျန်ကို လူကိုယ်တိုင် လာမှာလား..
“ဒေါင်းမျိုးနွယ်စုက အဲဒီအေးဂျင့် ဘယ်မှာလဲ..” ကျောက်စိမ်းဂူကျောင်းအတွင်းရှိ ချူဖုန်း လူအိုကြီးကို မေးလိုက်သည်။
“သူ ရွှမ်းထျန်မြို့ကို မလာဘူး .. တစ်ခြားမြို့မှာ နေနေတာ ထင်တယ်” လုထုန် ပြန်ဖြေလိုက်သည်။
ချူဖုန်းပုံစံအရဆိုလျှင် သူ ဘယ်လိုလုပ် ဒေါင်းမျိုးနွယ်စုကို ဖြေရှင်းချက် ပေးမည်နည်း.. သူ ဒေါင်းအချို့ကို ဆက်တိုက်သတ်ခဲ့သည့်အပြင် နောင်၌ ထပ်တွေ့လျှင်လည်း ထပ်သတ်ဦးမည်ပင်။
နောက်ရက်များတွင် မြို့တစ်မြို့လုံးရှိ လေထုမှာ တင်းကြပ်နေသည်။ သူတို့သည် စကားလုံးများသေချာရွေးချယ်ကာ သူတို့သဘောထားကို ပြသလာကြသည်။
သူတို့အားလုံး လူသားမျိုးနွယ်စုများ ဖြစ်သောကြောင့် ပြင်ပအဖွဲ့အစည်းများကို အားကိုးမည်မဟုတ်။ သို့သော် ဒေါင်းဘုရင်အား ရန်စမိသလိုဖြစ်သွားမည်ကိုလည်း သူတို့ကြောက်သည်။
သာမန်လူများပင် ဒေါင်းဘုရင်ကိုယ်တိုင် ရောက်လာနိုင်ကြောင်း စဉ်းစားမိလာကြသည်။
ထိုအချိန်မှသာ ချူဖုန်း မည်ကဲ့သို့သော ပြဿနာမျိုး ရင်ဆိုင်နေရသည်ကို ပြည်သူများ သိသွားကြသည်။ ချူဖုန်း တစ်ယောက်တည်း ရင်ဆိုင်နိုင်ပါ့မလား .. အင်အားကြီးသည့်အဖွဲ့အစည်းများပင် စိုးရိမ်လာကြသည်။
“အိုး ဆူညံသံတွေအားလုံး တိတ်သွားပြီပဲ .. ဒေါင်းဘုရင်က သေချာပေါက်ကို စွမ်းအားကြီးတာပဲ .. သူက အင်အားကြီးတဲ့ အဖွဲ့အစည်းတွေကိုတောင် အသက်ရှူကြပ်အောင် လုပ်နိုင်တယ်”
ပန်တောင်မှ လူအိုကြီးတစ်ဦး ပြောလိုက်သည်။ ဤလူမှာ ဟွမ်ယွမ်ပင်။ သူသည် ခြေထောက်တစ်ဖက်နှင့် အမြီးဆုံးရှုံးကာ ချူဖုန်းထံမှ ထွက်ပြေးလာခဲ့ခြင်းပင်။
ပန်တောင်၏ရှုခင်းမှာ အတော်လေး ခမ်းနားလှသည်။ အောက်ဘက်မှကြည့်လျှင် တိမ်တိုက်နှင့် မြူများ ရစ်ဆိုင်းနေပြီး တောင်တစ်ဝက်ကို ရစ်သိုင်းနေသည်။ တောင်ထိပ်တွင် ရှေးသစ်ပင်များစွာ ရှိနေပြီး နတ်ဘုံနတ်နန်းနှင့်ပင် တူနေသည်။
န်းကျွော ထောင်ထိပ်၌ထိုင်ကာ လှပသည့်ရှုခင်းများကို ခံစားနေသည်။ “ဒီချူဖုန်းက ငါတို့မျိုးနွယ်စုက ဘုရင်တစ်ဝက်အဆင့်သားရဲကိုတောင် မလေးမစား သတ်နေတယ် .. ဒါက ငါတို့ဆပ်ရမယ့် သွေးကြွေးပဲ .. ငါတို့ဘုရင် ဘုရားနယ်မြေတွေမှာ ရောက်နေလို့ .. မဟုတ်ရင် သူ အသက်ရှင်နေဦးမှာ မဟုတ်တော့ဘူး..”
သူ့နားတစ်ဝိုက်တွင် မုန်းတီးသည့်အော်ရာများ ထွက်ပေါ်နေသည်။ ဒေါင်းမျိုးနွယ်စုအတွက်ပင် ဤဆုံးရှုံးမှုမှာ ကြီးမားနေလေ၏။ ရက်အနည်းအတွင်းမှာပင် ရွှမ်းထျန်၌ သူတို့မျိုးနွယ်စုမှ ကျွမ်းကျင်သူ သုံးဦးအား ဆုံးရှုံးခဲ့ရသည်ပင်။
“ဒီချူဖုန်းကို သတ်ရမယ် .. ဒေါင်းမျိုးနွယ်စု မလုပ်ခိုင်းရင်တောင် သူ့ကို သတ်ရမယ် .. သူ့ကို ဘုရင်ဖြစ်လာဖို့ အခွင့်အရေးပေးလို့မရဘူး” ဟွမ်ယွမ် ရယ်မောလိုက်သည်။
“အမ် .. ငါတို့မျိုးနွယ်စုလည်း အဲဒီလို တွေးထားတာပဲ .. ငါတို့သူ့ကို လျစ်လျူရှုထားလို့မရတော့ဘူး .. ဘုရင်တစ်ဝက်အဆင့်သားရဲသုံးယောက်ကို သတ်နိုင်ဖို့အတွက်က သူ့မှာ ဝှက်ဖဲ ရှိနေမှာပဲ .. အဲဒါက တော်တော်လေးတော့ ကြောက်ဖို့ ကောင်းတယ်”
ဤရက်ပိုင်းအတွင်း သူတို့ ချူဖုန်း၏ စွမ်းအားကို သေချာလေ့လာဆန်းစစ်ခဲ့ကြပြီး အတော်လေး ထိတ်လန့်နေခဲ့ကြသည်။ ဤလူကိုသာ ဘုရင်အဆင့်ကျွမ်းကျင်သူ ဖြစ်ခွင့်ပေးလိုက်လျှင် လုံးဝကြောက်စရာကောင်းလာလိမ့်မည်။
သူတို့မျိုးနွယ်စုနှစ်ခုအတွက်တော့ ချူဖုန်းကဲ့သို့သော အန္တရာယ်ကို မြန်မြန်ရှင်နိုင်လေလေ ကောင်းလေလေပင်။
“ဒီကလေး ဘုရင်အဆင့် ကျွမ်းကျင်သူဖြစ်နေလောက်ပြီလို့ ခင်ဗျားထင်လား..” ခုန်းကျွော တီးတိုးမေးလိုက်သည်။
သူ့စိတ်ထဲတွင်တော့ ဘုရင်အဆင့်ရောက်နေလိမ့်မည်ဟု မယုံကြည်။ အဘယ်ကြောင့်ဆိုသော် ဘုရင်အဆင့်သို့ တက်ရန်မှာ အချိန်ယူရသည့်အလုပ်ပင်။ ယခုမှ ဘုရင်တစ်ဝက်အဆင့်သို့ရောက်သည့်သူမှာ ဘုရင်အဆင့်သို့ ချက်ချင်းမရောက်နိုင်။
“ငါတို့လည်း သံသယဝင်ခဲ့တယ် .. ဒါပေမဲ့ အဲဒီဗီဒီယိုကို သေချာလေ့လာပြီးတဲ့နောက်မှာ သူက ဘုရင်တစ်ဝက်အဆင့်ပဲ ရှိသေးလိမ့်ဦးမယ်လို့ ငါတို့ ကောက်ချက်ချလိုက်ကြတာ” ဟွမ်ယွမ် ပြောလိုက်သည်။
ခုန်းကျွောလည်းသဘောတူကြောင်း ခေါင်းညိမ့်ပြလိုက်သည်။ “ကောင်းပြီလေ .. အဲဒါက ကိစ္စတော့မရှိပါဘူး .. ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ဘိုးဘေးက ဘုရင်အဆင့်ကိုရောက်ပြီး အချုပ်အနှောင်နှစ်ခုကို ဖြတ်တောက်ပြီးသွားပြီဆိုတော့ သူ့စွမ်းအားက ပြိုင်ဘက်ကင်းဖြစ်မှာပဲ .. လူသားတစ်ယောက်က ဘုရင်အဆင့် ရောက်သွားပြီဆိုရင်တောင် သေခြင်းတရားက ပြေးလွှတ်နိုင်မှာမဟုတ်ဘူး”
ဟွမ်ယွမ်ပြုံး၍ ခေါင်းညိမ့်လိုက်သည်။ “ဟုတ်တယ် .. ကျွန်တော်တို့ဘိုးဘေးက ပန်တောင်က သန္ဓေပြောင်းအသီးတွေသုံးပြီးတော့ တာအိုကျင့်ကြံနေတာ .. အခု သူ သူ့ရဲ့ဓားပညာကို သီးသန့်လေ့ကျင့်နေတာ .. အခုလောက်ဆိုရင် သူ့ဓားပညာက ပိုပြီးတော့တောင် ကြောက်ဖို့ကောင်းနေလောက်ပြီ”
ခုန်းကျွောနှုတ်ခမ်းထက် အပြုံးတစ်ခု ဖြစ်တည်လာကာ “ကျုပ်လည်း သူ အားကောင်းပါစေလို့ မျှော်လင့်တယ် .. အဲဒါမှ ဘိုးဘေးကိုယ်တိုင်လှုပ်ရှားဖို့ ထိုက်တန်မှာ .. ပြီးတော့ တစ်ခြားသူတွေကိုလည်း ပိုပြီး ခြိမ်းခြောက်နိုင်မှာ”
ချူဖုန်းအား မကြာခင်သတ်နိုင်တော့မည်ကို သိနေသောကြောင့် သူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။
ယခုအချိန်တွင် သားရဲမျိုးနွယ်စုများ အင်အားကြီးမားလာနေပြီး တစ်ချို့ဆိုလျှင် အလွန်ကြောက်စရာကောင်းနေလေပြီ။ သူတို့ကို ပြိုင်ဘက်ကင်းဟုပင် ခေါ်၍ရနေပြီဖြစ်သည်။
သူတို့ကိုသာ ဖိအားပေးလျှင် သူတို့ လူ့အသိုင်းအဝိုင်းထဲသို့ ရောက်လာပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်လိမ့်မည်။ လူသားများမှာ ဤကဲ့သို့သော ရလဒ်မျိုးဖြစ်လာစေနိုင်သည့်ကိစ္စများအား ရှောင်ရှားကြမည်ကို သူတို့သေချာသိနေကြသည်။
သူတို့သည် လူသားများအား စိန်ခေါ်ရန် ယုံကြည်ချက်ရှိသည်။
“ငါတို့ သိုသိုသိပ်သိပ်နေရင် အကောင်းဆုံးပဲ .. ငါတို့ဘိုးဘေးက အမှောင်ထဲကနေ လှုပ်ရှားလိမ့်မယ် .. သူ့ဓားနဲ့ တစ်ချက်တိုက်တာနဲ့ မီတာ ၁၀၀ အဝေးက ရန်သူကိုတောင် ခေါင်းဖြတ်ပစ်နိုင်တယ်” ဟွမ်ယွမ် ရယ်မော၍ ပြောလိုက်သည်။
“ဒါပေမဲ့ ငါတို့ ဒီအခွင့်အရေးကိုသုံးပြီး တစ်ခြား အင်အားကြီးအဖွဲ့အစည်းတွေကို ခြိမ်းခြောက်သင့်တယ်လို့ ကျုပ်ထင်တယ် .. ကျုပ်တို့ သူ့ကို လာပြီးခွင့်လွှတ်မှုတောင်းခံဖို့ ပြောထားပေမယ့် သူ မလာမှာသေချာတယ် .. ငါတို့ သူ့ကို ဆက်တိုက်ဖိအားပေးနေသင့်တယ် .. ဒါလည်း သူ့ကို အရှက်ခွဲနေတာနဲ့အတူတူပဲ” ခုန်းကျွော ပြုံး၍ ပြောလိုက်သည်။
ဤရက်များတွင် အင်အားကြီးအဖွဲ့အစည်းများသည် တကယ်ကိုပင် ဒေါင်းဘုရင်ကို ကြောက်သောကြောင့် အမှောင်ထဲမှသာ လှုပ်ရှားနေကြလေ၏။
ဒေါင်းဘုရင်နှင့် ရွှေကျီးကန်းကဲ့သို့သော ထိပ်တန်းအဆင့်ကျွမ်းကျင်သူများ ပူးပေါင်းနေကြခြင်းဖြစ်သောကြောင့် တစ်ယောက်ကို ဆန့်ကျင်လိုက်သည်နှင့် တစ်ဖွဲ့လုံးအား ဆန့်ကျင်သလို ဖြစ်သွားလိမ့်မည်။
သာမန်ပြည်သူများလည်း စိုးရိမ်လာသည်။ ဒါက မုန်တိုင်းလာမယ့်လက္ခဏာလား..
လေထုမှာ ထူးဆန်းနေသည်ဟု အားလုံး ခံစားနေရသည်ပင်။
မုန်တိုင်း မငြိမ်မချင်း ချူဖုန်း တစ်နေရာရာ၌ ပုန်းနေသင့်သည်ဟုပင် အချို့လူများ တွေးထင်လာကြသည်။ အခြေအနေမှာ သူ့အတွက် အလွန်ဆိုးရွားနေသည်ပင်။
“ခေါင်းဆောင် .. ခေါင်းဆောင် သွားပုန်းနေသင့်တယ် .. အခြေအနေမကောင်းဘူး .. ခေါင်းဆောင်ကို ပစ်မှတ်ထားနေတဲ့ သားရဲဘုရင်တွေ ရှိလာနိုင်တယ်” ယုယန်ချင်းတို့အဖွဲ့ သူ့ကို ဆက်သွယ်လာကြပြီး သူတို့ချက်ချင်း ထွက်သွားရန် ပြောလာကြသည်။
သူတို့ပင်လျှင် ဤကဲ့သို့သော အတွေးမျိုးရှိနေလျှင် အခြားလူများ၏ အတွေးကို ခန့်မှန်းရန် မခက်ခဲတော့။
“သားရဲမျိုးနွယ်စုတွေက သူတို့အင်အားကို ပြသဖို့ ခေါင်းဆောင်ကို ဥပမာအနေနဲ့သုံးချင်နေကြတာထင်တယ် .. ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းဆောင်က မီးခိုးပြာဝံပုလွေနဲ့ ဒေါင်းမျိုးနွယ်စုကကျွမ်းကျင်သူအများကြီးနဲ့ ပန်တောင်က မျိုးဆက်ကို သတ်ခဲ့တာလေ .. အဲဒီတော့ တစ်ချို့သားရဲဘုရင်တွေ ခေါင်းဆောင်ကို မျက်စိကျနေမှာက ပုံမှန်ပဲ” ယဲ့ချင်းရုန် လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။
ချူဖုန်း သူတို့ကို စိတ်မပူဖို့ပြောလိုက်သည်။
ထင်ထားသည့်အတိုင်းပင် သုံးရက်မြောက်နေ့တွင်တော့ ပန်တောင်မှ အေးဂျင့်တစ်ဦး ရွှမ်းထျန်သို့ လူကိုယ်တိုင်ရောက်လာကာ အထက်စီးဆန်ဆန်ဖြင့် စာတစ်စောင် ပေးပို့လာသည်။
“မင်း လူတွေအများကြီးကို သတ်ခဲ့တယ် .. ဒါပေမဲ့ ဒါက ဖြေရှင်းလို့မရတဲ့ပြဿနာတော့ မဟုတ်ဘူး .. မင်း ပန်တောင်ကိုလာပြီး ခွင့်လွှတ်ပေးဖို့ လာပြောလိုက် .. အဲဒီအချိန်ကျရင် အားလုံးကို ဆွေးနွေးလို့ရတယ်”
သူ့အသံမှာ လေးနက်သည့်ပုံမပေါက်သော်လည်း ချူဖုန်း ထိုနေရာသို့သွားသည်နှင့် ပြန်လာနိုင်တော့မည်မဟုတ်ကြောင်း အားလုံးသိသည်။
ပန်တောင်မှ ကိုယ်စားလှယ်ကို ချူဖုန်းကိုယ်တိုင် ထွက်တွေ့လိုက်သည်။ သို့သော် တစ်ချက်ကြည့်ပြီးသည်နှင့် ချူဖုန်း သူ့ကို အရေးမလုပ်တော့။ သူ ပေးလာသည့်စာကို ချူဖုန်း ဖွင့်ပင်မဖွင့်။
“လူငယ်လေး .. မင်းရဲ့ ဘဝင်မြင့်တဲ့လုပ်ရပ်ကြောင့် မင်း ပေးဆပ်ရလိမ့်မယ် .. မင်း ခေါင်းငုံ့ပြီးတော့ ပန်တောင်မှာ လာပြီး ခွင့်လွှတ်မှုတောင်းခံဖို့ ငါ အကြံပေးချင်တယ်” ထိုလူလတ်ပိုင်းအမျိုးသားသည် အကြံပေးပြီးနောက် ထွက်သွားလေ၏။
“ခင်ဗျားတို့လူတွေက ကျုပ်မိဘကို သတ်မလိုထိ ဖြစ်ခဲ့တာ .. အခုတော့ ခင်ဗျားက ကျုပ်ကို ပန်တောင်မှာ ခွင့်လွှတ်မှုတောင်းခံဖို့ ထပ်ခါတလဲလဲ ပြောနေတယ် .. ခင်ဗျား ဒီကို ရောက်လာပြီဆိုမှတော့ ခင်ဗျား မပြန်ခင် တစ်ခုခု ပေးသွားလိုက် .. ကျုပ်ကို ခနဲ့တဲ့တဲ့လာပြောရတာ အရမ်းကို ပျော်စရာကောင်းနေတာလား…” ချူဖုန်း ပြောလိုက်သည်။
“မင်း .. အား..” ထိူလူလတ်ပိုင်းအမျိုးသား စူးရှစွာ အော်ဟစ်လိုက်သည်။
ဤသည်မှာ ရွှမ်းထျန်မြို့ကို လှုပ်ခတ်သွားစေခဲ့သည်။ ပန်တောင်မှ လွှတ်လိုက်သည့် အေးဂျင့်သည် ချူဖုန်း၏မောင်းထုတ်ခြင်းကို ခံရရုံသာမက သူ့အမြှီးကိုလည်း ဖြတ်ခံလိုက်ရသည်ပင်။
ကြီးမားလှသည့် မြွေပါတစ်ကောင် အမြှီးမှ သွေးတန်းလန်းနှင့် ထွက်ပြေးသွားသည်ကို လူအားလုံး မြင်လိုက်ရသည်။
လူများ ထိတ်လန့်သွားကြကာ ချူဖုန်းအတွက် ပို၍ စိုးရိမ်သွားကြသည်။ သို့သော် ချူဖုန်းကတော့ ထူးမခြားနားပင်။
“ဒါက ကိစ္စကြီးပဲ .. သားရဲဘုရင်ကိုယ်တိုင် လှုပ်ရှားလာလောက်တယ်” တစ်စုံတစ်ယောက် ပြောလိုက်သည်။
“ချူဖုန်းက ဘာလို့ ဒီလိုမျိုးလုပ်တာလဲ .. သူ အခု ထွက်မပြေးရင် သူ အဆုံးသတ်သွားမှာ စိုးမိတယ်” လူအချို့ စိုးရိမ်လာကြသည်။
အမှန်တကယ်တွင်တော့ ချူဖုန်းမှာ ပန်တောင်သို့ သွားရန် အဆင်သင့်ဖြစ်နေလေပြီ။ တောင်ကိုဖြိုကာ ခံတပ်အား ဖျက်ဆီးမည့် ခရီးစဉ်ကို စတင်တော့မည်။
အပိုင်း ၁၃၄ ပြီး၏။