ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၃၃ – ငလျင်ကြီး
“ဟုတ်တယ်..” ချူဖုန်း လေးနက်စွာ ပြောလိုက်သည်။ ဤသည်မှာ သူ သွေးဆူနေတုန်း ဆုံးဖြတ်လိုက်သည့်ဆုံးဖြတ်ချက်မဟုတ်။ သူစိတ်ထဲမှလာသည့် ဆုံးဖြတ်ချက်ပင်။
ယခုတစ်ခေါက်မှာ တကယ်ကို အန္တရာယ်များလှသည်။ သူတို့သာ သတိမထားမိလျှင် သူ့မိဘများသေသွားလောက်လေပြီ။ ဤသည်မှာ ချူဖုန်းကို အတော်လေး အတွေးများစေခဲ့သည်။
သူသာ ဤကိစ္စကို အလွယ်လေး လွှတ်ပေးလိုက်လျှင် ဒုတိယအကြိမ်၊ တတိယအကြိမ် ရှိလာမည်ပင်။ နောက်တစ်ခေါက်ကျလျှင် ဤလူများ ဤနည်းလမ်းအသုံးပြုကာ သူ့မိဘများကို ထပ်ပြီး ပစ်မှတ်ထားလာနိုင်သည်။
သူ ဂုဏ်သိက္ခာကြီးမားလာအောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ အသက်ရှင်နေသေးသရွေ့ သူ့မိဘများကို မည်သူမှ ထိ၍မရကြောင်း အားလုံးသိအောင် လုပ်ပြရမည်။ မဟုတ်ပါက ဤကဲ့သို့သော ကိစ္စမျိုး ထပ်ခါတလဲလဲ ဖြစ်လာနိုင်သည်။
တောင်ကိုပြားကပ်သွားအောင်လုပ်ပြီး ခံတပ်ကိုဖြိုမယ် .. သူတို့ရဲ့သားရဲဘုရင်ကို သတ်ပစ်မယ်..
ဤသည်မှာ ချူဖုန်းအကြံပင်။ သူ မျိုးနွယ်စုတစ်ခုလုံးကို ရှင်းပစ်မည်။
မည်သည့်နည်းဗျူဟာမျိုးကိုမှ သူ စိတ်မဝင်စား။ သူ့လက်သီးနှစ်ဖက်ဖြင့် အားလုံးကို ဖျက်ဆီးပစ်မည်။
“တစ်ခုခုဖြစ်လာတော့မယ်..” လုထုန်စိတ်လေး မတည်ငြိမ်နိုင်တော့။ သူ ချက်ချင်းကြီး ဆုံးဖြတ်ချက်မချနိုင်သေး။ ဖြစ်လာမည့်အကျိုးဆက်များမှာ ကြီးမားလှသည်ပင်။
ပန်တောင်ကို သားရဲဘုရင်တစ်ဦး သိမ်းယူပြီးသွားပြီဖြစ်သည်။ ချူဖုန်းသာ သူတို့နေရာသို့သွားပြီး ထိုသားရဲဘုရင်အား ရင်ဆိုင်လျှင် သူ အောင်နိုင်ပါ့မလား..
ဤသည်မှာ သန္ဓေပြောင်းလောကအတွက် ပျားအုံကိုတုတ်နှင့်ထိုးလိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။
“လူအိုကြီး .. ခင်ဗျား အတွေးလွန်နေပြီ .. တစ်ခြားသားရဲဘုရင်တွေ ဖိအားပေးလာမှာ ကြောက်နေတာလား..” ချူဖုန်း မေးလိုက်သည်။
“ဟုတ်တယ် .. ဒါက ကိစ္စကြီးပဲ..” လုထုန် ပြန်ဖြေလိုက်သည်။
“ကိစ္စအားလုံးကို နှစ်ဘက်မျှတွေးရတယ် .. အဲဒီသားရဲတွေက လွှမ်းမိုးလွန်းအားကြီးတယ်လို့ ခင်ဗျားမထင်ဘူးလား .. မီးခိုးပြာဝံပုလွေရဲ့ သတ်ဖြတ်မှုတွေ၊ သားရဲတွေ နင်းခြေခဲ့ကြတာတွေ .. ဘာလို့ ကျွန်တော်တို့ပဲ အမြဲတမ်း တိုက်ခိုက်ခံနေရမှာလဲ .. မျောက်ကိုခြောက်ဖို့ ကြက်သတ်ပြရမယ်လို့ ကျွန်တော်ထင်တယ်..” ချူဖုန်း လေးနက်စွာ ပြောလိုက်သည်။
“ပြီးတော့ ဒီတစ်ခေါက် ခုန်းရှန်နှင့် ဟွမ်ရှန်းတို့ လွန်လွန်းတယ် .. သူတို့တွေက ကျွန်တော့်ကို လမ်းမှာနှစ်ခါတောင် ဖြတ်တိုက်ပြီးသတ်ဖို့ ကြိုးစားခဲ့တာ .. ဒါက တရားလွန်လွန်းတယ်” ချူဖုန်း ထပ်ပြောလိုက်သည်။
“ဟုတ်တယ် သူတို့ဒီတစ်ခေါက် တော်တော်လွန်သွားပြီ .. ငါ ဒီကိစ္စကို စဉ်းစားကြည့်လိုက်မယ်” လုထုန်ပြောကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။ တကယ်တော့ သူလည်း ဒေါသများကို မြိုသိပ်နေရသည်ပင်။ ဤသည်မှာ လူသားများ စောင့်ကြပ်ထားသည့် လုံခြုံသည့်လမ်းကြောင်းတစ်ခုဖြစ်သော်လည်း ခုန်းရှန်နှင့် ဟွမ်ယွမ်တို့ သူတို့အား တိုက်ခိုက်ခဲ့သည့်အပြင် လေယာဉ်တစ်စင်းကိုလည်း ဖျက်ဆီးခဲ့သေးသည်။ နောက်တစ်ခေါက် သူတို့ဘာလုပ်လာမည်ကို မည်သူမှ မသိနိုင်။
အပြင်လောကမှာတော့ မငြိမ်းချမ်းနိုင်သေး။
သုံးနာရီကြာသွားပြီဖြစ်သော်လည်း ဘုရင်တစ်ဝက်အဆင့်သားရဲသုံးကောင်၏ သတင်းကို ယခုအချိန်ထိ မသိရသေး။ သို့သော် ချူဖုန်းကတော့ ဘေးကင်းကင်းနှင့် ထွက်လာနိုင်ခဲ့လေပြီ။ ဒါက ဘုရင်တစ်ဝက်အဆင့်သားရဲသုံးကောင် သေသွားပြီလို့ ဆိုလိုတာလား..
ဒါမှမဟုတ် ဘုရင်တစ်ဝက်အဆင့်သားရဲသုံးကောင်က ချူဖုန်းကို မထိန်းနိုင်တော့လို့ သူ့ကို ဘေးကင်းကင်းနဲ့ ထွက်ပြေးခွင့် ပြုလိုက်ရတာလား..
သာမန်ပြည်သူများဖြစ်စေ အင်အားကြီးသည့် အဖွဲ့အစည်းများဖြစ်စေ အားလုံး ဤတိုက်ပွဲဖြစ်စဉ်ကို သိချင်နေကြပြီဖြစ်သည်။
“ချူဖုန်းက အရမ်းစွမ်းအားကြီးပြီးတော့ ဘုရင်တစ်ဝက်အဆင့်ရောက်နေပြီဆိုရင်တောင် သူ ကျွမ်းကျင်သူသုံးယောက်ကိုတော့ အနိုင်မယူနိုင်လောက်ဘူး .. သူ ပြေးထွက်လာတာ ဖြစ်လိမ့်မယ်”
“ဟုတ်တယ် .. ဒေါင်းမျိုးနွယ်စုက ကျွမ်းကျင်သူတွေက တော်တော်လေး စွမ်းအားကြီးတယ် .. ဒေါင်းကျွမ်းကျင်သူနှစ်ယောက်ကို ဘယ်သူက ကိုင်တွယ်နိုင်မှာလဲ .. ပြီးတော့ ဓားပျံကျွမ်းတဲ့ မြွေပါတစ်ကောင် ရှိသေးတယ် .. အဲဒီတော့ ဒီလိုပြိုင်ဘက်တွေကို အနိုင်ရဖို့က ခက်ခဲမှာပဲ .. ထွက်ပြေးရုံကလွဲလို့ တစ်ခြားနည်းလမ်းမရှိဘူးလို့ ထင်တာပဲ”
ဤသည်မှာ လူအများစု၏အမြင်ပင်။ သူတို့သည် ချူဖုန်း ထိုသားရဲများအား သင်ခန်းစာပေးနိုင်ရန် မျှော်လင့်မိသောလည်း ဤသည်မှာ လက်တွေ့မကျဟု ခံစားလိုက်ရသည်။
အချို့အင်အားကြီးအဖွဲ့အစည်းများသည် ကျွမ်းကျင်သူများအား တိုက်ပွဲအခြေအနေကို ဆန်းစစ်ကာ ခန့်မှန်းခိုင်းကြသည်အထိပင်။
“သူ အဲဒီလူတွေကို ချိုးဖောက်ပြီး ထွက်ပြေးလာတာဖြစ်နိုင်တယ် .. အစောပိုင်း တိုက်ရိုက်လွှင့်တဲ့ ဗီဒီယိုအနေအထားအရဆိုရင်တော့ ချူဖုန်းက ထွက်ပြေးဖို့ စီစဉ်ထားတာ” အင်အားကြီးအဖွဲ့အစည်းမှ ကျွမ်းကျင်သူအချို့ ဤကဲ့သို့ ကောက်ချက်ချလိုက်သည်။
ယခုမှ အဆင့်တက်သည့် ချူဖုန်းနား ဘုရင်တစ်ဝက်အဆင့်သားရဲသုံးကောင် ဝိုင်းနေခြင်းဖြစ်သောကြောင့် သူ့အနေနှင့် ဤလူများကို ခုခံရန် ခက်ခဲလိမ့်မည်။ သူ ပြန်တိုက်ခိုက်နိုင်ချေမရှိ။
ချူဖုန်းသည် ဘုရင်တစ်ဝက်အဆင့်မဟုတ်ပဲ ဘုရင်အဆင့်ဖြစ်သည်ကိုတော့ မည်သူမှ မသိကြ။
“မင်းတို့ဘယ်လိုပဲပြောပြော ချူဖုန်းက ဘေးကင်းကင်းနဲ့ ထွက်လာနိုင်ခဲ့ပြီဆိုတော့ ဒါ သူ ဘယ်လောက်တောင်မှ ထူးခြားကြောင်း ပြနေတာပဲလေ..”
“နွားနတ်ဘုရားဖြစ်ထိုက်ပါပေတယ် … ချူဖုန်းက တကယ်ကို သတ္တိရှိတာပဲ .. သူက ဘုရင်တစ်ဝက်အဆင့်သားရဲသုံးကောင် ဝိုင်းနေတာတောင် အောင်အောင်မြင်မြင် ထွက်ပြေးလာနိုင်တယ်”
…
လူများမှာ အလွန်ပင် စိတ်လှုပ်ရှားစွာ ပျော်ရွှင်လာကြသည်။
လူများစွာမှာ ယခုမှ စိတ်သက်သာရ ရတော့သည်။ အထူးသဖြင့် ကျိုးရိထျန်းပင်။ သူပါးစပ်ပင် မစေ့နိုင်တော့။
ရုပ်ရှင်ပြပြီး သိပ်မကြာသေးခင် ချူဖုန်းက ပွက်လောရိုက်အောင် ထပ်လုပ်လိုက်လေပြီ။ သူ့ရုပ်ရှင် အရောင်းလက်မှတ်များ ထပ်တက်လာမည်မှာ သေချာနေလေပြီ။
“ချူဖုန်း မင်း နေကောင်းလား..”
“ချူဖုန်း မင်း ဒဏ်ရာမရခဲ့ဘူးမလား..”
…
ချူဖုန်း သူဖုန်းကိုဖွင့်လိုက်ပြီး မက်ဆေ့များကို ကြည့်လိုက်သည်။ အများစုမှာ သူ့အခြေအနေကို မေးထားသည့်စာများပင်။
“ကျွန်တော်အဆင်ပြေပါတယ်” ချူဖုန်း သူ့အကောင့်၌ ကြေငြာလိုက်သည်။
“နတ်ဘုရားချူ .. တိုက်ပွဲအခြေအနေက ဘယ်လိုလဲ .. ကျွန်တော်တို့ကို မြန်မြန်ပြောပြပါတော့..”
သူနှင့် ရင်းနှီးသည့်သူများနှင့် မရင်းနှီးသည့်သူများအားလုံး မှတ်ချက်များ၌ တိုက်ပွဲအကြောင်းကို မေးလာကြသည်။
အင်အားကြီးအဖွဲ့အစည်းများပင် သူတို့တရားဝင်အကောင့်အစစ်သုံးကာ ဘုရင်တစ်ဝက်အဆင့်သားရဲသုံးကောင်၏အခြေအနေကို မေးမြန်းလာကြသည်။ ထိုထဲတွင် ထုန်ဂုကျောင်းလည်း ပါဝင်သည်ပင်။
ချူဖုန်း တစ်ခဏခန့် တွေးပြီးနောက် ဓာတ်ပုံတစ်ချို့ တင်ရန် ဆုံးဖြတ်လိုက်သည်။ ဒေါင်းနှစ်ကောင်၏ ခေါင်းမပါသည့်အလောင်းနှစ်လောင်း၊ ဆယ်မီတာကျော်ရှည်သည့်မြွေပါတစ်ကောင်နှင့် ခုန်းရှန်၏ အတောင်ပံနှင့်အမွေးအတောင်အချို့ပါသည့် ဓာတ်ပုံများ တင်လိုက်ကသည်။
‘သားကောင်တွေ အများကြီးပဲ’ ဟူသည့်စာသားနှင့် တင်လိုက်ခြင်းပင်။
ဝုန်း…
အင်တာနက်ပေါ်၌ ငလျင်ကြီး လှုပ်ခတ်သွားလေပြီ။ အားလုံး ဆွံ့အသွားပြီးနောက် ကြွေးကြော်သံများ ထွက်ပေါ်လာသည်။
အင်အားကြီးအဖွဲ့အစည်းများပင် ဆွံ့အသွားခဲ့ကြရသည်။
ချူဖုန်း ဘုရင်တစ်ဝက်အဆင့်သားရဲသုံးကောင်လုံးကို တစ်ယောက်တည်း သတ်နိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြ။
ဤကဲ့သို့သော တိုက်ပွဲမှာ ခမ်းနားသည်ထက်ပင်ပိုသည်။
“ဟား ဟား .. ငါတို့ခေါင်းဆောင်က တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ .. ဒီလိုတိုက်ပွဲရလဒ်မျိုးက လူကို သေလောက်အောင် လန့်သွားစေနိုင်တယ်..” တိဟွိုင်ကျင်း မှတ်ချက်ရေးလိုက်သည်။
သူ၊ ယုယန်ချင်း၊ ယဲ့ချင်းရုန်နှင့် ချန်လော့ယန်တို့သည် ချူဖုန်းနှင့်တွေ့ရန်အတွက် ကျောက်စိမ်းဂူကျောင်းသို့ လာနေကြပြီဖြစ်ပြီး ဤသတင်းကို လမ်း၌ တွေ့လိုက်ရခြင်းပင်။
အင်တာနက်ပေါ်မှ လူများသည် ဤကိစ္စကို မီဒီယာပလက်ဖောင်းများစွာ၌ ပြန်တင်ကြနေပြီး နာမည်ကြီးများထက်ပင် ပိုနာမည်ရနေသည်။
“နွားနတ်ဘုရား ချူဖုန်း .. နတ်ဘုရားက အရမ်းကို အထင်ကြီးဖို့ ကောင်းတာပဲ .. ဒါက သူတို့ကို ပြန်ပေးဆပ်ခိုင်းလိုက်တာပဲ..”
“မိုက်လိုက်တာ .. ဒီသားရဲတွေက အရမ်းကို ရဲတင်းလွန်းနေခဲ့တာ .. သူတို့တွေက ကျွန်တော်တို့ လေယာဉ်ကို ဖျက်ဆီးတဲ့အပြင် လမ်းမှာ လုပ်ကြံဖို့ ကြိုးစားသေးတယ် .. သူတို့အားလုံးကိုရှင်းပစ်တာက သူတို့ကို ဖိနှိပ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ..”
“နတ်ဘုရားချူ .. ကျွန်တော်တို့အားလုံး နတ်ဘုရားချူ ဘုရင်အဆင့် ရောက်မယ့်နေ့ကို စောင့်နေမယ်..”
…
အင်တာနက်၌ လှုပ်ခတ်လာသောကြောင့် မီဒီယာများလည်း ငြိမ်ငြိမ်မနေနိုင်တော့။ သူတို့အားလုံး လှုပ်ရှားလာကြကာ ဤတိုက်ပွဲနောက်မှ အမှန်တရားကို ဖော်ထုတ်ရန် ကြိုးစားလာကြသည်။
ခဏကြာပြီးနောက် သတင်းမျိုးစုံ ထွက်ပေါ်လာသည်။
အချို့သတင်းထောက်များမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ သူတို့သည် အတွင်းသတင်းများ ရရန်အတွက် စစ်တပ်မှလူများကိုပင် ဆက်သွယ်နိုင်ခဲ့ကြသည်။ ဥပမာအားဖြင့် သူတို့သည် ချူဖုန်းနှင့်လေယာဉ်အတူစီးခဲ့သည့် အေးဂျင့်များကိုပင် တိတ်တိတ်လေး အင်တာဗျူးခဲ့ကြသည်။
သို့သော် သူတို့ မည်သည့်လျှို့ဝှက်သတင်းမှ မရခဲ့။ ချူဖုန်းကို အနိုင်ယူ၍ မရနိုင်ကြောင်းသာ ပြောပြခဲ့ကြသည်။
ဤသည်မှာ လူများကိုပို၍သိချင်စိတ် ဖြစ်လာစေသည်။ လူထုန်ပင်လျှင် သူကို ဆက်သွယ်လာသည့်သူ များလွန်းသောကြောင့် ဖုန်းပိတ်ထားလိုက်ရသည်။
သူ့ထံ၌ သူ့ပြဿနာနှင့်သူ ရှိနေသည်။ သူ ချူဖုန်းကို ပန်တောင်အား တိုက်ခိုက်ခိုင်းရမလား၊ မတိုက်ခိုင်းရဘူးလား ဆိုသည့်ကိစ္စပင်။ ချူဖုန်း ကောင်းကင်အား ပြောင်းပြန်လှန်ပစ်တော့မည်ကို သူသိသည်။
သားရဲဘုရင်တစ်ကောင်ကိုသတ်ပြီး ခံတပ်တစ်ခုကို ဖြိုချမည်ဆိုသည်မှာ အကျိုးသက်ရောက်မှု ကြီးမားသည့်ကိစ္စတစ်ခုပင်။
ပုံတင်ပြီးသည်နှင့် ချူဖုန်း အေးအေးချမ်းချမ်းမနေရတော့။ သူ့ကို လူများစွာ ဖုန်းဆက်လာကြသည်။
“ဟယ်လို နွိုင်..”
“ရှင် ဒဏ်ရာမရခဲ့ဘူးမလား..” လင်းနွိုင် မေးလိုက်သည်။
“ငါ အဆင်ပြေပါတယ် .. အိုး ဟုတ်သားပဲ ငါ့မှာ ဈေးထဲကနေ ဝယ်လို့မရတဲ့ ဒေါင်းမွေးတစ်ချို့ရှိတယ် .. ငါ မင်းကို နည်းနည်းပို့ပေးလိုက်ရမလား..” ချူဖုန်း ရယ်မော၍ မေးလိုက်သည်။
ထိုအခိုက်အတန့်တွင် သူ လှိုင်းသံများ ကြားလိုက်ရသောကြောင့် သူ အံ့အားသင့်သွားရသည်။ “မင်း ဘယ်ရောက်နေတာလဲ..”
“ကျွန်မ အရှေ့ပင်လယ်နားမှာ” လင်းနွိုင် နူးညံ့စွာ ပြန်ဖြေလိုက်သည်။
ချူဖုန်း တုန်လှုပ်သွားရသည်။ “မင်းကဘာလို့ အရှေ့ပင်လယ်ကို သွားတာလဲ .. ပင်လယ်ဆိုတာက အရမ်းအန္တရာယ်များတဲ့နေရာ .. အဲဒီမှာ သန္ဓေပြောင်းထားတဲ့ ရေနဂါးတွေတောင် ရှိတယ် .. မင်း အဲဒီမှာ ကြာကြာမနေသင့်ဘူး”
လင်းနွိုင်သည် သူ့ကို ဘာမှဖုံးကွယ်မထားခဲ့။ “အရှေ့ပင်လယ်မှာ ကုန်းတစ်ခုကို တွေခဲ့တယ်လို့ လူတစ်ယောက် ပြောလာတာ .. အဲဒီမှာ ဒဏ္ဍာရီလာ ဖူစန်းသစ်ပင်ပေါ်လာနိုင်တယ်လို့ ပြောကြတယ် .. အင်အားကြီးအဖွဲ့အစည်းတွေ တော်တော်များများ ပင်လယ်ကို လေ့လာရေးအဖွဲ့တွေ လွှတ်ပြီးသွားပြီ” သူမ ပြောလာသည်။
“ဒါက အရမ်းအန္တရာယ်များတယ် .. ပင်လယ်က သက်ရှိတွေက ကုန်းမြေက သက်ရှိတွေထက် ပိုများတယ် .. ဂျိဒ်ကျောင်းက ဆရာတောင် ထိခိုက်ပြီး ပြန်လာခဲ့ရတာ .. မင်း အဲဒီကိုသွားတာက စွန့်စားရာ ကျလွန်းတယ်”
“ဒီတစ်ခေါက် ကျွန်မ ပင်လယ်ထဲထိ မသွားဘူး .. ဘေးပတ်လည်ကိုကြည့်ဖို့ လာခဲ့တာ” လင်းနွိုင် ရှင်းပြလိုက်သည်။
ဤသတင်းမှာ တကယ်ကို အံ့အားသင့်စရာကောင်းလှသည်ပင်။
ပင်လယ်ပြင်ကြီးမှာ မတည်ငြိမ်တော့။ ဖူစန်းသစ်ပင်ပေါ်လာပြီဆိုတော့ ရွှေကျီးကန်းလည်း ပေါ်လာတော့မှာလား .. သိထားရမည်မှာ ထိုက်တောင်တောာင်ထိပ်၌ ရွှေကျီးကန်းဥ ရှိလိမ့်မည်ဟု သံသယဝင်နေကြသည်ပင်။
အထူးသဖြင့် ရှေးခေတ်များကတည်းက အရှေ့ပင်လယ်တွင် အမတများ နေထိုင်သည့်ကျွန်းရှိသည်ဟု ဒဏ္ဍာရီများ ရှိခဲ့သည်။ ချင်မင်းဆက်တွင် အမတများကို ရှာတွေ့နိုင်ရန် ဤကျွန်းကို ရှာဖွေကြသည့် အဂ္ဂရိတ်ဆရာများ ရှိခဲ့ကြသည်။
ယခု ပြောင်းလဲမှုများ ဖြစ်ပွားသည့်အချိန်တွင် ဤကျွန်း သူ့အလိုလို ပြန်ပေါ်လာလိမ့်မည်ဟု ခန့်မှန်းနေခဲ့ကြသည်။
သူတို့နှစ်ဦး အတော်ကြသည်အထိ စကားပြောခဲ့ကြပြီး ချူဖုန်း အဆင်ပြေကြောင်း သေချာသည်နှင့်ဖုန်းချသွားတော့သည်။
ထို့နောက် ချက်ချင်းပင် နွားဝါလေး သူ့ကို ဗီဒီယိုကောလ် ခေါ်လာသည်။
ယခုတစ်ခေါက်တော့ နွားဝါလေး ချူဖုန်းကို အတော်လေး ထိတ်လန့်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နွားဝါလေးသည် လူသားစကား ပြောနေလေပြီ။
သို့သော် ချူဖုန်းကို ဂုဏ်ပြုပေးရန်လည်း သူမမေ့။ ထို့နောက် သူသည် ခေါင်းမော့ကာ “ဒီဘုရင်ကြီးက မင်းထက် ခြေတစ်လှမ်းစောသွားပြီး သားရဲဘုရင်တစ်ပါး ဖြစ်သွားပြီ” နွားဝါလေး ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။
ထိုစကားကြားလိုက်ပြီးနောက် ချူဖုန်း ထူးဆန်းစွာ ရယ်မောလိုက်သည်။ “မင်းကို ကြည့်ရတာ နို့နံ့မစင်သေးတဲ့ပုံနဲ့ .. မင်းကို နို့သောက်တဲ့နွားပေါက်လေးလို့ပဲ ခေါ်လိုက်တော့မယ်..”
“ချူဖုန်း မင်းက ဒီဘုရင်ကြီးကို မလေးမစား လုပ်ရဲတယ်ပေါ့..” နွားဝါလေး ခြိမ်းခြောက်လိုက်သည်။
“နို့သောက်တဲ့ နွားပေါက်လေး .. ငါက လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ဘုရင်အဆင့်ကို ရောက်ခဲ့တာ..” ချူဖုန်း ရယ်မောလိုက်သည်။
နွားဝါလေး သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူ အလွန်စိတ်ကြီးဝင်ကာ ကျေနပ်နေသည့်အချိန် ချူဖုန်း သူ့ကို ရိုက်ချလိုက်ခြင်းပင်။
“နွားဝါလေး .. မင်းက ခွန်းလွန်တောင်မှာ ထူးခြားတဲ့ သန္ဓေပြောင်းသစ်ပင်တစ်ပင်ကို တွေ့ခဲ့တာကိုး .. ဒါပေမဲ့ ငါတို့ဘက်မှာလည်း အရင်းအမြစ်တွေက မရှားပါးဘူး .. မင်း ဘလက်ကီကြီးကို ခေါ်လာပြီး ငါနဲ့ လာပေါင်းပါလား .. ငါ တောင်တစ်တောင်ကို ဖြိုချပြီး ခံတပ်တစ်ခုကို ဖျက်ဆီးမလို့ .. သူတို့မျိုးနွယ်စုမှာ အင်ပါယာဓားပညာရှိတယ်လို့ ပြောတယ် .. မင်း သင်ချင်လား..”
ချူဖုန်း နွားဝါလေးကို လောဆော်လိုက်သည်။ သူတို့နှစ်ယောက်သာ သူနှင့်လာပေါင်းလျှင် အင်အားတောင့်သွားလေပြီ။ နာမည်ကြီးတောင်တစ်လုံးကို သိမ်းပိုက်ဖို့ဆိုသည်မှာ အလွန်လွယ်ကူသွားလိမ့်မည်။
နွားနက်ကြီး ပေါ်လာကာ ချူဖုန်းကို အံ့အားတကြီး ကြည့်လာလေသည်။ “မင်းက ဘုရင်အဆင့် ကျွမ်းကျင်သူ ဖြစ်သွားပြီလား..”
သူ့အမူအရာမှာ ထူးဆန်းနေသည်။ သူတို့မတွေ့ရသည်မှာ ခဏလေးသာ ရှိသေးသော်လည်း ဤကောင်သည် နွားဝါလေးနှင့်အတူ ဘုရင်အဆင့်သို့ ရောက်သွားလေပြီ။ နွားဝါလေး၏ နောက်ခံမှာ အလွန်ထူးခြားကြောင်း သူသိသည်။ တစ်နေ့ကျလျှင် သူ သူတော်စင်ဘိုးဘေးတစ်ဦး ဖြစ်ရမည်ဟု ပြောနေခြင်းမှာ လျှောက်ပြောနေခြင်းမဟုတ်။
“ဟုတ်သားပဲ .. မင်းနဲ့ နွားဝါလေး နှစ်ယောက်လုံး ဘုရင်အဆင့်ရောက်သွားပြီဆိုတော့ ငါတို့ ကြီးကြီးမားမားလေး တစ်ခုလောက် လုပ်ကြရင်ရော” နွားနက်ကြီးသည် ခြေထောက်ချိတ်ထိုင်ကာ လက်တစ်ဖက်ဖြင့် သူ့မေးစေ့ကို ပွတ်သပ်၍ ပြောလိုက်သည်။
ထို့နောက် နွားနက်ကြီးသည် တောက်ပနေသည့်မျက်လုံးများဖြင့် ပြောလာသည်။ “ကောင်စုတ်လေးချူ .. အခု ဗာတီကန်မြို့မှာ သွေးချောင်းစီးနေပြီ .. လူသားတွေနဲ့ သားရဲတွေအများကြီးကျသွားပြီ .. အဲဒီထဲမှာ တစ်ချို့သားရဲဘုရင်တွေတောင်ပါတယ် .. အခုက ငါ့တို့ကံကောင်းမှုကို သွားရှာရမယ့်အချိန်ပဲ .. မင်း ၃၊ ၄ ရက်လောက် ပြင်စရာရှိတာပြင်ထား .. ပြီးရင် ငါတို့ ဥရောပဘက် ခြေဆန့်ပြီးတော့ ဗာတီကန်မြို့က ဆေးဥယျာဉ်ထဲ ဝင်ကြမယ် .. အဲဒီလိုဝင်ဖို့အတွက် ငါတို့ အင်အားတွေ အများကြီး လိုလိမ့်မယ်..”
ဤစကားကြားသည်နှင့် ချူဖုန်း စိတ်လှုပ်ရှားသွားရသည်။ ယခင်က သူ ထိုနေရာသို့မသွားရဲခြင်းမှာ သူ့အင်အား မလုံလောက်သေးသောကြောင့်ပင်။ ယခုတော့ သူ့အင်အားမှာ ထိုနေရာသို့ အလည်သွားရန် လုံလောက်နေပြီဖြစ်သည်။
“ဘော့စ်နက်ကြီး .. အရှေ့ပင်လယ်မှာလည်း ကိစ္စကြီးတစ်ခုရှိတယ် .. အရှေ့ပင်လယ်မှာ ဖူစန်းသစ်ပင်ပေါ်လာတော့မယ်လို့ ပြောကြတယ် .. ဘော့စ်နက် အဲဒီကို အရင်သွားမလား..” တစ်ခဏခန့် စဉ်းစားပြီးနောက် ချူဖုန်း ပြောလိုက်သည်။
“မင်း လအလား.. ဖူစန်းသစ်ပင် ပေါ်လာရင်တောင် ပန်းပွင့်လာဖို့က အနည်းဆုံး လချီကြီး ကြာဦးမှာ .. ငါတို့ အနောက်နိုင်ငံဘက်ကို အရင်သွားရမယ် .. အဲဒီဆေးခင်းကြီးထဲမှာ ပစ္စည်းကောင်းတစ်ခု ဖွက်ထားတာ သေချာတယ် .. တစ်ချို့က လူပုံစံတောင်ပေါ်နေပြီ .. တစ်ချို့တွေဆို အသိစိတ်တွေ ရှိနေပြီ .. ပိုပြီးအရေးကြီးတာက အဲဒီနေရာတစ်ခုလုံးက ဝတ်မှုန်တွေနဲ့ ပြည့်နေတာ၊ နတ်ဝတ်မှုန်တွေ .. ငါတို့ အဲဒီနေရာအတွက် သေချာပေါက် ယှဉ်ပြိုင်ကြရမှာ”
နွားနက်ကြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သောကြောင့် တံတွေးများ နေရာအနှံ့ လွင့်စင်သွားသည်။
သူ ယခုချက်ချင်းပင် ထိုနေရာသို့ ပြေးသွားလိုက်ချင်သည်။
သို့သော် ထိုနေရာ၌ သေဆုံးမှုမှာ အတော်လေး မြင့်နေပြီဖြစ်သည်။ ထို့ကြောင့် သူ့ယုံကြည်ချက်ပင် လျော့ရဲလာသည်။ ချူဖုန်းသာ သူတို့အုပ်စုထဲပါလျှင်တော့ သူတို့ ပို၍ အခွင့်အရေးပိုရမည်ဖြစ်သည်။
သူတို့နှင့် စကားပြောပြီးနောက် ချူဖုန်း အတွေးထဲ နှစ်မြောနေမိသည်။
ထို့နောက် ကျန်းလော့ရှန်း သူ့ကို ဖုန်းခေါ်လာသည်။
“နတ်ဘုရားမက ကျွန်တော့်ကို နောက်ထပ် ညစာစားဖို့ ဖိတ်ချင်လို့လား..” ချူဖုန်း ပျင်းရိပျင်းတွဲ့ မေးလိုက်သည်။
ယနေ့ ကျန်းလော့ရှန်းစိတ်အခြေအနေ အတော်လေး ကောင်းနေသော်လည်း သူမေးလိုက်သည့်စကားကို ကြားလိုက်သည်နှင့် သူမ မျက်နှာထက်တွင် အနက်ရောင်လိုင်းများ ပြည့်နှက်သွားသည်။
“ရှင့်ကို ထမင်းစားဖိတ်ရမယ်ဟုတ်လား .. အိပ်မက်မက်နေလိုက် .. ကျွန်မက ရွှမ်းထျန်မှာတောင် မရှိဘူး” ကျန်းလော့ရှန်း ပြန်ဖြေလိုက်သည်။
“အဲဒါဆိုရင်တော့ စိတ်အေးရပါပြီ .. အရင်တစ်ခေါက်ကလိုမျိုး ‘နှစ်ညနှင့်သုံးရက်ပုံပြင်’ လိုမျိုး ကောလဟာလတွေ ထပ်ထွက်မှာ ကြောက်နေတာ” ချူဖုန်း ပြောလိုက်သည်။
“ချူဖုန်း ရှင်အရိုက်ခံချင်နေတာလား .. ရှင်က ဘုရင်တစ်ဝက်အဆင့်ရောက်သွားပြီဆိုတာနဲ့ပဲ ရှင့်ကို မရိုက်ရဲဘူးလို့ ထင်နေတာလား .. ကျွန်မတို့ဆီမှာ ဗုဒ္ဓတပည့်ရှိတယ် .. အဲဒီတော့ ကျွန်မကို လာမရှုပ်နဲ့ မဟုတ်ရင် သူတို့တွေကို ခေါ်လိုက်ပြီး ရှင့်ကို ဖိနှိပ်ပစ်လိုက်မယ်..” ကျန်းလော့ရှန်း ပြောလိုက်သည်။
သူမ ကိုယ်ဝန်ရှိနေသည်ဟူသည့် ကောလဟာလများမှာ ယခုထိ ပျောက်မသွားသေး။
“အဲဒါဆိုလည်းပြော .. မင်း ငါ့ကို ဘာလို့ဖုန်းဆက်တာလဲ..” ချူဖုန်း မေးလိုက်သည်။
“ရှင့်မှာ ဘုရင်တစ်ဝက်အဆင့်သားရဲရဲ့အသားနဲ့ သွေးတွေ ရှိတယ်မလား .. ကျွန်မတို့ကို နည်းနည်းလောက် ရောင်းပေးပါလား..” ကျန်းလော့ရှန်း သူမ သုတေသနအဖွဲ့အတွက် အနည်းငယ် လိုချင်သည်။
“ရပါတယ် .. အသား တစ်ကက်တီကို သန္ဓေပြောင်းမြေကြီး တစ်ရာကက်တီ” ချူဖုန်း သူ့ဈေးကို ပြောလိုက်သည်။
“ရှင် ဓားပြပဲ သွားတိုက်လိုက်ပါလား..”
…
တစ်ခဏခန့် ဈေးဆစ်ပြီးနောက် နောက်ရက်အနည်းငယ်ကြာလျှင် သူမကိုယ်တိုင် ရွှမ်းထျန်မြို့သို့သွားပြီး လူကိုယ်တိုင်တွေ့ရန် ကျန်းလော့ရှန်း ဆုံးဖြတ်လိုက်သည်။
ခဏကြာပြီးနောက် တိဟွိုင်ကျင်း၊ ယဲ့ချင်းရုံ၊ ယုယန်ချင်းနှင့် ချန်လော့ယန်တို့ သူ့အိမ်ရောက်လာကြသည်။
“ဘော့စ် .. ဘော့စ်က တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ .. လောကကြီးတစ်ခုလုံး ဘော့စ် ဘုရင်တစ်ဝက်အဆင့်သားရဲသုံးကောင်ကို သတ်လိုက်တဲ့သတင်းနဲ့ ပွက်လောရိုက်နေပြီ..”
သူတို့နှစ်ဦးသည် ဘယ်တော့မှ ထိန်းထိန်းသိမ်းသိမ်းမနေ။ တံခါးမှနေ၍ပင် အော်ဟစ်၍ ပြောနေသည်။
ယဲ့ချင်းရုန်သည် သူ့ကို ခေါင်းစခြေဆုံးကြည့်ပြီးနောက် သူ့လက်မောင်းကိုပင် လာထိုးကြည့်နေသည်။ “ဘုရင်တစ်ဝက်အဆင့်သက်ရှိတွေအားလုံး ခန္ဓာကိုယ်ကနေ ဒီလိုမျိုး အရောင်တွေ တောက်ပနေတာလား .. ရှင့်အသားအရေက ကောင်းလိုက်တာ .. ကျွန်မတော့ အဆင့်တက်ဖို့ ပိုပြီး အားရှိသွားပြီ..”
သူမသည် လှိုင်းတွန့်ဆံပင်များနှင့် တောက်ပသည့်မျက်လုံးများ၊ ညှို့အားပြင်းသည့် ခန္ဓာကိုယ်နှင့် အလွန်လှပသည့်သူပင်။ သူမရှိနေလျှင် အခန်းပင် ပိုတောက်ပသွားသလိုပင်။
“အစ်မချင်းရုန် .. အစ်မ အသားအရေက အရမ်းကို ကောင်းနေပါပြီ .. ဘော့စ်ရဲ့ ကျောက်စိမ်းလိုမျိုး အသားအရေက ပုံမှန်မဟုတ်ဘူး” တိဟွိုင်ကျင်း မြှောက်ပင့်လိုက်သည်။
“ဒါကို ရေခဲလိုကြွက်သားနဲ့ ကျောက်စိမ်းလိုအရိုးလို့ခေါ်တယ်” ချူဖုန်း ပြန်လည်ချေပလိုက်သည်။
အားလုံး ရယ်မောသွားကြသည်။
ကောင်းကင်ကြီး မှောင်မည်းသွားသည့်အချိန်တွင် ချူကျင်းယွမ်နှင့် ဝမ်ကျင်းတို့လည်း နိုးလာသည်။ ပျော်ရွှင်နေသည့်လူအုပ်ကြီးကို မြင်သည်နှင့် သူတို့လည်း တက်ကြွသွားကြသည်။
“လူအိုကြီး လုထုန်ကို ခေါ်လိုက်ရအောင် .. ငါတို့ ဒီနေ့ည အဝစားကြမယ် .. ဘုရင်တစ်ဝက်အဆင့်ဒေါင်းသားက တော်တော်လေး စားကောင်းတယ် … မင်းတို့ ကြိုက်စေရမယ်လို့ ငါ အာမခံတယ်” ချူဖုန်း ရယ်မော၍ ပြောလိုက်သည်။
“ခေါင်းဆောင်က အရင်က ဒေါင်းသား စားဖူးလို့လား..” ယုယန်ချင်း မေးလိုက်သည်။
“အင်း .. ထိုက်တောင်မှာတုန်းက ငါ ကင်စားဖူးတယ် .. အဲဒီတုန်းက ဘာအစာပလာမှ မပါလိုက်ဘူး .. ဒါပေမဲ့ အရသာက တော်တော်လေးကို ကောင်းတာ” ချူဖုန်း သူတို့ကို ပြောလိုက်သည်။
“ဘုရားရေ..”
ဤနေရာ၌ ရှိနေသည့်လူများ အံ့အားတကြီး အော်ဟစ်လိုက်ကြသည်။ ထိုက်တောင်မှ မဖြေရှင်းနိုင်သေးသည့် ကိစ္စမှာ ချူဖုန်း လက်ချက်ဖြစ်ကြောင်း သူတို့ သိလိုက်ကြလေပြီ။
တိတ်တိတ်ဆိတ်ဆိတ်နေတတ်သည့် ချန်လော့ယန်ပင် အတော်လေး ထိတ်လန့်နေမိသည်။ ထိုနေ့တွင် ဒေါင်းဘုရင် ရောက်လာပြီး ဘာပဲဖြစ်ဖြစ် ထိုလူသားကျွမ်းကျင်သူအား တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောခဲ့လေသည်။
ယဲ့ချင်းရုန်၏ အမူအရာလည်း ထူးဆန်းနေသည်ပင်။ သူ ဤလူကို နားမလည်နိုင်တော့။
“ဘော့စ် .. ဘော့စ်က တကယ်ကို သတ္တိရှိတာပဲ .. အဲဒီမှာနေပြီးတော့ ဘုရင်တစ်ဝက်အဆင့်ဒေါင်းတစ်ကောင်လုံးကို နေ့လည်စာအတွက် ကင်စားပစ်တယ်”
လုထုန် ရောက်လာပြီး ညစာအတွက် သူတို့ဒေါင်းသားစားကြမည်ဖြစ်ကြောင်း သိလိုက်ရသည့်အချိန်တွင် သူ မျက်နှာပျက်သွားသည်။ သူ့နှလုံးမှာ သွေးစိမ်းရှင်ရှင် ထွက်နေလေပြီ။ သူ ဘယ်လိုလုပ် ဒီလောက်တန်ဖိုးကြီးတာကို စားချင်စိတ်ရှိမှာလဲ .. ဤအသားများကို သုတေသနခန်းထဲ သုံး၍ရသည်။ သူ အားလုံးကို သုတေသနခန်းထဲသို့သာ ပို့ချင်သည်။
“လူအိုကြီး .. ခင်ဗျားက တော်တော်လေး အကျင့်မကောင်းတာပဲ .. အရင်တစ်ခေါက်တုန်းက မီးခိုးပြာဝံပုလွေသွေးက အဆိပ်မိနေပြီး စားလို့မရဘူးလို့ ခင်ဗျား ကျုပ်တို့ကို လှည့်စားခဲ့တာ .. အဲဒီလိုကိစ္စမျိုး မရှိခဲ့ဘူး .. အခုတော့ ခင်ဗျားဘာပြောပြော ကျုပ်တို့ ဒီအသားကို စားမှာပဲ..”
“ပြီးတော့ ကျွန်တော်တို့ကို ပေးမယ်လို့ ပြောထားတဲ့ အဲဒီ သန့်စင်ထားတဲ့ သွေးတွေ ဘယ်မှာလဲ .. အဲဒီသွေးတွေကို မြန်မြန်သွားသန့်စင်တော့ .. ကျွန်တော်တို့အားလုံး ဘော့စ်နောက်လိုက်ဖို့ စောင့်နေတာ .. မဟုတ်ရင် ကျွန်တော်တို့အားလုံး နောက်မှာကျန်ခဲ့လိမ့်မယ်”
…
ထိုနေ့ညတွင် ချူဖုန်းအိမ်၌ စကားပြောသံ၊ ရယ်မောသံများနှင့် ပြည့်နှက်နေသည်။ သူတို့သည် ဒေါင်းသားချက်ရန်အတွက် ကျွမ်းကျင်သူတစ်ယောက်ကိုပင် ဖိတ်ခေါ်ခဲ့သေးသည်။
ဘုရင်တစ်ဝက်အဆင့်ဒေါင်းသားမှာ သူတို့ စားချင်တိုင်း စား၍ရသည့်အသားမဟုတ်။ ချူဖုန်း လုံခြုံစွာ ပြန်လာနိုင်ပြီး ချူအတွဲလည်း အပြည့်အဝပြန်ကောင်းသွားပြီဖြစ်သောကြောင့် သူတို့အုပ်စု ပျော်ပွဲရွှင်ပွဲကြီး ဆင်နွှဲလိုက်ကြသည်။
ဒုတိယနေ့တွင် အပြင်လောက၌ သတင်းမျိုးစုံဖြင့် ပြည့်နေသည်။ သတင်းအားလုံးမှာ ချူဖုန်း ဘုရင်တစ်ဝက်အဆင့်သားရဲသုံးကောင်အား မည်ကဲ့သို့ သတ်ခဲ့သည်ဟူသည့် အကြောင်းများပင်။
ထို့အပြင် ဒေါင်းလူမျိုးစုမှ လူတစ်ယောက်ရောက်လာကာ အပြစ်မရှိသည့်သူကို သတ်ခဲ့သည်ဟု ချူဖုန်းကို အပြစ်တင်ကာ သူ့ကို ဖြေရှင်းချက်တစ်ခုပေးဖို့ တောင်းဆိုလာသည်။
ထို့အပြင် သူတို့ ချူဖုန်းကိုပင် ခြိမ်းခြောက်ခဲ့သေးသည်။ သားရဲဘုရင်တစ်ယောက်ကိုယ်တိုင် လှုပ်ရှားမည်ဖြစ်သောကြောင့် သူကဲ့သို့ ဘုရင်တစ်ဝက်အဆင့်ကျွမ်းကျင်သူလေးမှာ ဘာမှတတ်နိုင်မည်မဟုတ်ကြောင်း ပြောခဲ့သည်။
သူတို့မျိုးနွယ်စုတွင် အလွန်စွမ်းအားကြီးသည့် ဒေါင်းဘုရင်တစ်ကောင်လည်း ရှိနေသည်ပင်။ သူတို့သည် ဤဒေါင်းဘုရင်ကို အသုံးပြုကာ ချူဖုန်းကို ခြိမ်းခြောက်ရန် ကြိုးစားနေကြခြင်းပင်။
“အမ် .. ခုန်းရှန် ပြန်မရောက်သေးဘူးလို့ ဆိုလိုတာလား .. ငါက ဘုရင်အဆင့်ဆိုတာ သူတို့မျိုးနွယ်စု မသိသေးဘူးလား..” ချူဖုန်း အံ့အားသင့်သွားရသည်။ သူ လုထုန်ကို ချက်ချင်း ဆက်သွယ်လိုက်ကာ “အဲဒီတောင်နားတစ်ဝိုက်ကိုရှာဖို့ လူတွေကို ချက်ချင်းလွှတ်လိုက် .. ကျွန်တော်တို့ ခုန်းရှန်ကို ဖမ်းနိုင်လောက်သေးတယ် .. သူ ဒဏ်ရာတွေ အရမ်းပြင်းထန်နေလို့ အိမ်မပြန်နိုင်သေးတာထင်တယ်..”
“ငါ လိုအပ်တဲ့စီစဉ်မှုတွေ အကုန်လုံးကို လုပ်ပြီးသွားပြီ..” လုထုန် သူ့ကို ပြောလိုက်သည်။ လုထုန်ကဲ့သို့ ဉာဏ်ပြေးလှသည့်သူမှာ ဤကိစ္စကို ခန့်မှန်းမိနိုင်သည်ပင်။
တစ်နေ့တည်းမှာပင် ပန်တောင်လည်း ရွှမ်းထျန်ကို ရောက်လာပြီး သူ့အား ပန်တောင်၌ လာတောင်းပန်ရန် ပြောလာသည်။
ချူဖုန်း တကယ်ကို ဒေါသထွက်လာရသည်။ ဤမြွေပါသည် သူ့မိဘများကို အန္တရာယ်ပေးခဲ့သည့်အပြင် ယခု သူ့ကို လာခြိမ်းခြောက်ရဲနေသေးသည်။ ဤသည်မှာ သူ့ကို တိုက်ခိုက်ရန် လာရောက်ဖိတ်ခေါ်နေခြင်းပင်။
အပိုင်း ၁၃၃ ပြီး၏။