Switch Mode

Chapter – 132

ကြီးမားသည့် မတော်တဆမှု

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၃၂ – ကြီးမားသည့်မတော်တဆမှု

အားလုံး တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် မီးတောင်ပေါက်ကွဲသကဲ့သို့သော ကြွေးကြော်သံများ ထွက်ပေါ်လာသည်။

“ဟား ဟား .. ငါ အမြင်မှားနေတာတော့ မဟုတ်ဘူးမလား .. ဒါ တကယ်ကြီးလား..”

“ဒါက တကယ်ကို မယုံနိုင်အောင်ပဲ .. ဒီလူနှစ်ယောက်ကို ဓာတ်ပုံတစ်ပုံထဲမှာ တွေ့လိုက်ရတာ အရမ်းကောင်းတာပဲ .. ဟွမ်ရှောင်ရှန်း မျက်နှာပေါ်က အမူအရာကို ကြည့်လိုက်ဦး .. သူ့မှာ ငိုချင်နေတာတောင် အတင်းကြီး ပြုံးနေရတယ် ဟား ဟား ဟား..”

လူများမှာ ဤဓာတ်ပုံကိုကြည့်ပြီး မရယ်ပဲမနေနိုင်ကြ။ ဤဓာတ်ပုံမှာ အစစ်ဟု မယုံကြည်နိုင်လောက်အောင်ပင်။

သိထားရမည်မှာ ဟွမ်ရှောင်ရှန်းသည် အစောပိုင်းကမှ ယုံကြည်ချက်ရှိရှိဖြင့် ချူဖုန်းကို ကျိန်ဆဲနေခြင်းပင်။ ယခုတစ်ခေါက်တော့ သူပြန်လာနိုင်တော့မည်မဟုတ်ကြောင်း ကြွေးကြော်နေခဲ့သည်ပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူနှင့်ချူဖုန်း အတူရိုက်ထားသည့်ဓာတ်ပုံ လိုင်းပေါ်ရောက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

“ငါ မအောင့်နိုင်တော့ဘူး ဟား ဟား … ဟွမ်ရှောင်ရှန်း ပုံစံကိုလည်း ကြည့်လိုက်ဦး .. တောင့်တောင့်ကြီးနဲ့ .. အခု သူ့နှလုံးခုန်နှုန်းတွေ သေချာပေါက် မြန်နေလောက်ပြီ .. ငါတောင် ဆွံ့အသွားတာ”

“သူ ဘယ်လိုခံစားနေရမလဲဆိုတာ ငါနားလည်တယ် .. အစောပိုင်းကမှ သူက ယုံကြည်ချက်ရှိရှိနဲ့ အားလုံးကို ရန်စနေတာ .. အခု သူ့ခေါင်း ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေပြီဆိုတာ ငါပြောရဲတယ် .. သူ သေးထွက်မကျရင် တော်တော်လေး သတ္တိရှိနေပြီလို့ ပြောလို့ရတယ် ဟား ဟား …”

လူများသည် အင်တာနက်ပေါ်၌ ဟွမ်ရှောင်ရှန်းကို ဟာသလုပ်နေကြလေသည်။

အပြောင်းအလဲများမှာ မြန်ဆန်လွန်းလှသည်ပင်။ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြ။

တစ်ချိန်တည်းမှာပင် လူများသည် လန့်လည်းလန့်နေကြရသည်။ ချူဖုန်း ရွှမ်းထျန်မြို့ကို ဘေးကင်းကင်းနဲ့ ရောက်လာတာဆိုတော့ ဘုရင်တစ်ဝက်အဆင့်သားရဲသုံးကောင်ကို နိုင်ခဲ့တယ်ဆိုတဲ့ သဘောလား.. ဒါမှမဟုတ် သူ အဲဒီသုံးကောင်ကို သတ်လိုက်ပြီလား…

ဤကိစ္စမှာ သေးငယ်သည့်ကိစ္စမဟုတ်သောကြောင့် အင်အားကြီးအဖွဲ့အစည်းများသည် အခြေအနေများ နားလည်ရန်အတွက် အမှောင်ထဲမှ စတင်လှုပ်ရှားလာကြသည်။

အဖွဲ့အစည်းအားလုံး သူတို့အေးဂျင့်များကို ဤကိစ္စအား သေချာစုံစမ်းရန် အမိန့်ပေးလိုက်သည်။ အထူးသဖြင့် ဘုရင်တစ်ဝက်အဆင့်သားရဲသုံးဦးအကြောင်းပင်။

ဟွမ်ရှောင်ရှန်းကတော့ တုန်ယင်နေလေပြီ။ တစ်ဝက်မှာ ကြောက်ရွံ့သောကြောင့်ဖြစ်ပြီး တစ်ဝက်မှာ ဒေါသကြောင့်ပင်။

မီဒီယာမှ မှတ်ချက်များမှာ သူ့ကို ရူးမတတ် ဖြစ်အောင် လုပ်နေလေသည်။ သူသည် ဖုန်းကို ပေါက်ခွဲပစ်လုနီးပါးပင်။

သူ့ကိုလှောင်ရယ်သည့်စကားလုံးတိုင်းမှာ သူ့ရင်ကို ထိုးခွဲနေသလိုပင်။

သို့သော် သူ နောက်ပြန်လှည့်ကြည့်ပြီး ချူဖုန်းကို တွေ့လိုက်သည့်အချိန်တွင်တော့ သူ ငိုချင်လာသည်။

ချူဖုန်းသည် သူ့ကိုစိုက်ကြည့်ပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်နေသည်ပင်။

“အစ်ကိုချူ .. စကားကောင်းကောင်းပြောရအောင်ပါ..” ဟွမ်ရှောင်ရှန်း၏အသံ တုန်ယင်နေသည်။

ချူဖုန်း သူ့အခန်းထဲ ဝင်လာကတည်းက သူ သေးထွက်ကျမတတ် ဖြစ်နေသည်ပင်။

“တစ်ခြားမြွေပါကောင်က ဘယ်မှာလဲ..” ချူဖုန်း ဟွမ်ယွမ်ကို မေးလိုက်ခြင်းပင်။

ဤသည်မှာ ငွေသတ္တုတွင်း၌ ခြေထောက်တစ်ဖက်ဆုံးရှုံးပြီး ချူဖုန်း၏အမြှီးဖြတ်ခြင်းကို ခံလိုက်ရသည့် ဘုရင်တစ်ဝက်အဆင့်သားရဲတစ်ကောင်ပင်။ ဤကဲ့သို့သောလူကို ဒီအတိုင်း ထားထားလျှင် နောင် ပြဿနာတက်လာလိမ့်မည်။

“သူ ကျွန်တော်နဲ့အတူတူ မရှိဘူး..” ဟွမ်ရှောင်ရှန်း မျက်နှာမှာ ဖြူဖျော့နေလေပြီ။

ထိုအချိန်တွင် လူတစ်စုနှင့်အတူ လုထုန်ရောက်လာပြီး ဤနေရာကို ဝိုင်းထားလိုက်ကြသည်။

“ငါနဲ့လွှဲထားလိုက်..” လုထုန်ပြောလိုက်သည်။

တကယ်တမ်းတော့ ချူဖုန်း ဤမြွေပါကောင်ကို နှစ်ပိုင်းပိုင်းပစ်ချင်နေပြီဖြစ်သည်။ ဤမြွေပါကောင်သာ လွတ်သွားလျှင် မဆုံးနိုင်သည့်ပြဿနာများ ဖြစ်ပေါ်လာလိမ့်မည်။

သူ ဘာတွေးနေသည်ကို လုထုန်သိသည်။ “ငါတို့ အဖိုးတန်တဲ့ပစ္စည်းကို မဖြုန်းတီးသင့်ဘူး .. ဒါက အဆင့်တက်နိုင်တဲ့ သားရဲပဲ .. သူ့ကို သုတေသန လုပ်ရမှာ”

ဤစကား ကြားလိုက်ရသည့်အချိန်တွင် ဟွမ်ရှောင်ရှန်း၏ သွေးများ အေးခဲသွားသည်။ သူ ရွှမ်းထျန်မြို့သို့ ရောက်လာကတည်းက လူ့အသိုင်းအဝိုင်းအကြောင်း လေ့လာနေခြင်းဖြစ်သောကြောင့် ‘သုတေသန’ ဟူသည့်စကားလုံးကို သူ အနည်းငယ် ရင်းနှီးသည်။

သူ သတိလစ်မတတ် ဖြစ်နေလေပြီ။ “ခင်ဗျားတို့ ကျွန်တော့်ကို ဘာလုပ်ချင်နေတောလဲ .. ကျွန်တော့်ကို မထိနဲ့..”

ချူဖုန်း ရုတ်တရက် ရယ်မောလိုက်၏။ လက်စသပ်တော့ ဒီပါးစပ်နံ့တဲ့မြွေပါကောင်က သေရမှာ တော်တော်လေး ကြောက်တာကိုး..

“အစ်ကိုချူ .. ဘော့စ် .. ကျွန်တော် မှားမှန်းသိပါပြီ .. ကျွန်တော့်ကို အမှားပြင်ခွင့်လေးပေးပါ .. ကျွန်တော့်ကို အဝေးမပို့လိုက်ပါနဲ့ .. ဒီညီလေးက အစ်ကိုဘယ်သွားသွား အစ်ကို့နောက် လိုက်ပါ့မယ် .. ကျွန်တော် ဘာမဆို လုပ်ပေးပါ့မယ်..” ဟွမ်ရှောင်ရှန်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“ယို့ မင်းက တော်တော်လေး တတ်နိုင်တာပဲ .. ခဏလေးပဲရှိသေးတာကို မင်းက သူ့ညီလေး ဖြစ်သွားပြီလား … မင်းက ငါတို့ယဉ်ကျေးမှုကို တော်တော်လေး လေ့လာခဲ့တာပဲ..” လုထုန် သူ့ကိုကြည့်၍ ပြောလိုက်သည်။

ဟွမ်ရှောင်ရှန်းသည် သစ်တောက်ငှက်ကဲ့သို့ ခေါင်းညိမ့်လာလေသည်။

“မင်း ဘယ်လိုစာအုပ်မျိုးတွေ ဖတ်ဖူးလဲ..” လုထုန် မေးလိုက်သည်။

“နည်းပါးတယ်..” ဟွမ်ရှောင်ရှန်း လက်ညှိုးထိုးကာ သူ ဖတ်ဖူးခဲ့သည့်စာအုပ်များကို ရေတွက်လိုက်သည်။

“တစ်အုပ်မှ ကောင်းတဲ့စာအုပ်ကို မပါဘူး .. အပေါစားတွေ” လုထုန် ဟွမ်ရှောင်ရှန်းနောက်ကျောကို ရိုက်လိုက်သည်။ မြွေပါများမှာ မြွေကတည်းက ယုတ်မာသည့်သူများပင်။

ချူဖုန်း အခန်းထဲမှ ထွက်လိုက်ပြီး ခြံထဲ ဆင်းလာလိုက်သည်။

“အစ်ကိုချူ .. ကျွန်တော့်ကိုလည်း ခေါ်သွားပေးပါဦး .. ကျွန်တော့်ကို ဒီလူထူးဆန်းကြီးနဲ့ မထားခဲ့ပါနဲ့ .. သူ ကျွန်တော့်ကို သုတေသနခန်းပို့လိမ့်မယ်..” ဟွမ်ရှောင်ရှန်း ချက်ချင်းပင် ထိတ်လန့်တကြား အော်ဟစ်လာသည်။

“မင်း ဘယ်သူ့ကို လူထူးဆန်းလို့ ခေါ်နေတာလဲ..” လုထုန်၏မျက်နှာကြီး ချက်ချင်း မဲမှောင်သွားကာ ဟွမ်ရှောင်ရှန်းကို ချုပ်ထားရန် သူ့လူများအား အမိန့်ပေးလိုက်သည်။ ထို့နောက် သူသည် ဖုန်းထုတ်ကာ သုတေသနခန်းမှ ထိပ်တန်းအကြီးတစ်ယောက်ကို ဆက်သွယ်လိုက်သည်။

“ကယ်ပါဦး .. လူသတ်နေပါတယ်..” ဟွမ်ရှောင်ရှန်း စူးရှစွာ အော်ဟစ်လိုက်သည်။

“မင်းရိုးရိုးသားသားဖြေရင် ငါ မင်းကို အသက်ရှင်ခွင့်ပေးမယ် .. မင်း ဆက်အော်နေရင်တော့ မင်းကို သုတေသနခန်းမပို့ခင် အရှင်လတ်လတ် အရေခွံနွာပစ်မယ်”

“ဘုရားရေ .. လူသားတွေက ဘာလို့ ဒီလောက်ထိ ရက်စက်ရတာလဲ .. ခင်ဗျားက ကျွန်တော့်ထက်တောင် ပိုပြီးတော့ ယုတ်မာသေးတယ်” ဟွမ်ရှောင်ရှန်း ပြောလိုက်သည်။

“မင်း ပူးပေါင်းရင် ငါ မင်းအသက်ရှင်ခွင့်ရစေရမယ်လို့ ငါ အာမခံတယ်” လုထုန် နှစ်သိမ့်လိုက်သည်။ သူ ဤလူကို မေးစရာမေးခွန်းများစွာရှိကြောင်း သူ အမှတ်ရသွားသည်။

“ကျွန်တော် ကျိန်ပါတယ် .. ကျွန်တော် ပူးပေါင်းပါ့မယ်” ဟွမ်ရှောင်ရှန်း မျက်ရည်များဖြင့် ကတိပေးလိုက်သည်။

လုထုန်၏ နည်းလမ်းမှာ အတော်လေး အလုပ်ဖြစ်လှသည်။ သူသည် အကြမ်းဖက်ခြင်းမရှိပဲ ဟွမ်ရှောင်ရှန်းကို အောင်အောင်မြင်မြင် ခြိမ်းခြောက်လိုက်နိုင်ပြီး ဟွမ်ရှောင်ရှန်းသည် သူသိထားသမျှကိစ္စအားလုံးကို အိတ်သွန်ဖာမောက် ပြောပြလာလေသည်။

ထိုသတင်းများထဲတွင် ပန်တောင်၏ လက်ရှိအင်အားနှင့် သူ့ဘိုးဘေး၏ အလေ့အကျင့်နှင့် ဝါသနာများပင် ပါရှိသည်။

“ဒါ အကုန်ပဲထင်တယ် .. သူ့ကို စမ်းသပ်ခန်းထဲပို့လိုက်” စစ်မေးပြီးသည်နှင့် လုထုန် လက်ဝေ့ရမ်းလိုက်ကာ သူ့လူများကို ဤမြွေပါအား ခေါ်သွားရန် အမိန့်ပေးလိုက်သည်။

“သောက်လူအိုကြီး .. ခင်ဗျား ကိုယ့်စကားကိုကိုယ်မတည်ဘူး .. ခင်ဗျား ကျုပ်ကို ဒီလိုမျိုး လုပ်လို့မရဘူး..” ဟွမ်ရှောင်ရှန်း ညည်းတွားလိုက်သည်။

“စိတ်မပူပါနဲ့ .. မင်း အသက်ရှင်လျက် ပြန်ရောက်လာအောင် ငါလုပ်ပေးမယ် .. ဒါပေမဲ့ အဲဒါကလည်း မင်း အဲဒီနေရာမှာ သူတို့တွေနဲ့ ပူးပေါင်းပေးမှနော်” လုထုန် မျက်နှာပြောင်တိုက်၍ ပြောလိုက်သည်။

ဟွမ်ရှောင်ရှန်းကို အဝေးသို့ ခေါ်သွားသည်နှင့် လုထုန်၏မျက်နှာအမူအရာ လေးနက်သွားသည်။ “သွားကြစို့..”

“ဘာဖြစ်လို့လဲ..” ချူဖုန်း အံ့အားသင့်သွားရသည်။

“ဟွမ်ယွမ်ကိုဖမ်းဖို့ .. အဲဒီကောင်က မင်းမိဘတွေကို ထိခိုက်အောင် လုပ်ချင်နေတယ်” လုထုန် ပြောပြလိုက်သည်။

“ဘာ..” ချူဖုန်း ဒေါသထွက်လာရ၏။

သူတို့ အလွန်လျင်မြန်လှသည့် အရှိန်နှုန်းဖြင့် ဤနေရာမှ ထွက်သွားလိုက်ကြသည်။

ချူဖုန်း ယခု တကယ်စိတ်တိုနေပြီဖြစ်သည်။ ထိုဘုရင်တစ်ဝက်အဆင့်သားရဲသည် သူ့ကို လက်စားချေချင်သည်နှင့် သူ့မိဘများကို ထိခိုက်အောင် လာလုပ်နေသည်။ ကောင်းကင်ကြီးကို မီးလောင်တိုက် သွင်းပစ်ချင်လောက်သည်အထိ သူ ဒေါသထွက်နေလေပြီ။

“စိတ်မပူပါနဲ့ .. အရမ်းကြီး မပြင်းထန်ပါဘူး..” လုထုန် သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

“ဒီရက်တွေမှာ တစ်ခုခုတော့ မှားနေတယ်လို့ ငါခံစားနေရတာ .. ဘာလို့လဲဆိုတော့ မင်းမိဘတွေရဲ့ အပြုအမူတွေက ထူးဆန်းနေတဲ့အကြောင်း ငါ့ကို သတင်းပို့လာကြတယ် .. အစကတော့ မင်းမိဘတွေက မင်းအတွက် အရမ်းစိတ်ပူနေလို့ဒီလိုမျိုး လုပ်နေတာလို့ ထင်ခဲ့တာ..”

ထိုအချိန်မှသာ ထိုမြွေပါသည် စိတ်စွမ်းအင်အသုံးပြုပြီး သူ့မိဘများအား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သူသိလိုက်ရသည်။

သူ ကျောက်စိမ်းဂူကျောင်းကို ပေါ်တင် မဆန့်ကျင်ရဲသောကြောင့် ဤကဲ့သို့သော နည်းလမ်းမျိုး အသုံးပြုကာ အခြားသူများမသိခင် သူ့မိဘများအား သတ်ပစ်ရန် စီစဉ်နေခြင်းပင်။

ပုံမှန်ဆိုလျှင် မည်သူမှ စည်းကျော်ပြီး လုထုန်ကို ဒေါသထွက်အောင် လုပ်ရဲမည်မဟုတ်။

လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်ကပင် ချူဖုန်းကို သူ့မိဘများ ဘာမှဖြစ်မည်မဟုတ်ကြောင်း၊ ကျောက်စိမ်းဂူကျောင်းကို မည်သူမှ ကျူးကျော်ရဲမည်မဟုတ်ကြောင်း သူ ချူဖုန်းကို အာမခံခဲ့သည်။ ယခုတော့ မြွေပါတစ်ကောင် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်လေပြီ။

သူတို့နှစ်ဦးသည် လျှပ်စီးအလျင်ဖြင့် သွားနေသောကြောင့် ခဏကြာသည်နှင့် သူတို့ ကျောင်းသို့ ပြန်ရောက်လာသည်။

“အဖေ .. အမေ..”

သူ့မိဘများ၏ အခြေအနေများမှာ သူထင်ထားသလောက် မဆိုးကြောင်း တွေ့လိုက်ရသည်။ သူတို့စိတ်အနည်းငယ် နောက်ကျိနေသော်လည်း အပြင်းအထန် မဖြစ်သေး။

“ဖုန်းလေး..” သူတို့နှစ်ဦးလုံး အံ့အားသင့်ကာ ပျော်ရွှင်သွားကြရသည်။ ချူဖုန်း ပြန်လာပြီဖြစ်ကြောင်း အင်တာနက်မှ သတင်းများမှတစ်ဆင့် သူတို့ သိပြီးသားပင်။

ချူဖုန်း ဘုရင်တစ်ဝက်အဆင့်သားရဲသုံးဦးနှင့် တွေ့ပြီးနောက် သူ့သတင်းများ ပျောက်သွားသောကြောင့် သူမတို့ အလွန်စိုးရိမ်နေခဲ့ကြရသည်ပင်။

“အဖေ၊ အမေ ကျွန်တော်အဆင်ပြေပါတယ် .. ကျွန်တော် အမေတို့ကို စိတ်ပူအောင် လုပ်မိပြီ .. အမေတို့ကျန်းမာရေးကောင်းအောင်လို့ ဒီနေ့ည ဘုရင်တစ်ဝက်အဆင့်သားရဲဒေါင်းသား ချက်စားရအောင်..” ချူဖုန်း ရယ်မော၍ ပြောလိုက်သည်။

“ဟား ဟား ကောင်းတယ် .. ဒီနေ့ည နည်းနည်းလောက် သောက်ကြတာပေါ့..” ချူကျင်းယွမ် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“အဖေ၊ အမေ မလှုပ်နဲ့ဦး .. ကျွန်တော် အဖေတို့ကို စစ်ကြည့်ဦးမယ်” ချူဖုန်း ပြောလိုက်သည်။

ထို့နောက် သူ့မျက်လုံးများတောက်ပလာလေ၏။ ဤသည်မှာ ဘုရင်အဆင့် နတ်အသိစိတ်ပင်။ အလင်းတန်းတစ်ခုကဲ့သို့ သူ့နဖူးမှ စိတ်စွမ်းအားများ စီးဆင်းလာသည်။

တောက်..

နွားနတ်ဆိုးအော်သံ၏စွမ်းအားပါဝင်သည့် နူးညံ့သည့်အသံလေးတစ်ခု ထွက်ပေါ်လာကာ ထိုအသံသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားလေ၏။

ချူကျင်းယွမ်နှင့် ဝမ်ကျင်းတို့ မူးဝေလာပြီး သူတို့မျက်လုံးများလည်း မည်းမှောင်လာသည်။

တစ်ချိန်တည်းမှာပင် သူတို့ဦးခေါင်းထိပ်မှ အဝါရောင်စွမ်းအင်လုံးများ ထွက်လာကာ စူးစူးဝါးဝါး အော်ဟစ်လာသည်။ ဤသည်မှာ ဟွမ်ယွမ် ချန်ထားသည့် စိတ်စွမ်းအားပင်။

ချူဖုန်း နောက်တစ်ကြိမ် တီးတိုးအော်ဟစ်လိုက်သည်နှင့် ဤစွမ်းအင်လုံးများ ဘန်းကနဲ ပေါက်ကွဲသွားသည်။

လုထုန်သည် အခန်းအပြင်ဘက်၌ တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့ခြင်းပင်။ “မင်း အဆင်ပြေလား..” အခန်းထဲမှ အသံများ ကြားသည်နှင့် သူ မေးလိုက်သည်။

ချူဖုန်း ချူကျင်းယွမ်နှင့်ဝမ်ကျင်းကို အိပ်ရာထက်သို့ ခေါ်သွားလိုက်ပြီး စောင်ခြုံပေးလိုက်ကာ သူတို့အိပ်ပျော်သွားသည်ကို စောင့်ကြည့်နေလိုက်သည်။

သူ ဧည့်ခန်းသို့ ပြန်လာသည့်အချိန်တွင် သူ့မျက်နှာမှာ အလွန်လေးနက်နေသည်။ “အခုတော့ အဆင်ပြေသွားပြီ .. ဒါပေမဲ့ ကျွန်တော်သာ ဒီထက်နောက်ကျပြီးမှ ပြန်လာရင် သူတို့ အန္တရာယ်များနိုင်တယ် .. ပန်တောင်က မြွေပါတွေက တော်တော်လေး လွန်သွားပြီ..”

ချူဖုန်းထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။ ရက်အနည်းငယ်လေးအတွင်းမှာပင် ထိုမြွေပါအိုကြီး သူ့မိဘအသက်ကို လိုချင်နေသည်။

“ငါ တကယ် တောင်းပန်ပါတယ် .. ဒီလိုကိစ္စမျိုးဖြစ်လာနိုင်တယ်လို့ ငါ မစဉ်းစားလိုက်မိဘူး” လုထုန် ရှက်ရွံ့စွာ ပြောလိုက်သည်။

သူ လူအိုကြီးကို အပြစ်မတင်ကြောင်း ချူဖုန်း ခေါင်းခါပြလိုက်သည်။ ဤခြံအတွင်းရှိ လုံခြုံရေးမှာ အတော်လေး တင်းကြပ်နေပြီဖြစ်သည်။

“ငါတို့ ဒီကိစ္စကို စုံစမ်းပြီးသွားပြီ .. အဲဒီကောင်က မြေအောက်ရေလမ်းကြောင်းမှာ သူ့အစွမ်းသုံးပြီး ပုန်းနေခဲ့တာ .. မင်း ဘုရင်တစ်ဝက်အဆင့်သားရဲသုံးကောင်ကို အနိုင်ယူလိုက်တဲ့သတင်းကြားတော့မှ သူ ကြောက်လန့်တကြား ထွက်ပြေးသွားတာ” လုထုန် ပြောလိုက်သည်။

ထိုကောက်ကျစ်သည့်မြွေပါသည် တိုက်ရိုက်မတိုက်ခိုက်ရဲသောကြောင့် သူ့မိဘထဲတွင် စိတ်စွမ်းအင်နှစ်ခုကို ထားရစ်ခဲ့ပြီး သူတို့တစ်ဖြည်းဖြည်း အားနည်းလာပြီး နောက်ဆုံး သေဆုံးသွားအောင် လုပ်ထားခဲ့ခြင်းပင်။

ပြောရမည်ဆိုလျှင် ထိုမြွေပါသည် ကျောက်စိမ်းဂူကျောင်းအား အတော်လေး နားလည်နေသည်ပင်။

“ပထမ ရှုဝမ်ယိ၊ အခု ဒီမြွေပါအိုကြီး .. နောင်ကျရင် ကျွန်တော် ရန်သူတွေ ဘယ်နှယောက်ရှိလာမလဲဆိုတာ ဘယ်သူက သိမှာလဲ..” ချူဖုန်း၏အသံမှာ အေးစက်နေသည်။

သူ မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်လိုက်သည်။ “အနည်းဆုံး တစ်ခါလောက်တော့ ကျွန်တော့်အင်အားကို ပြသရမှာ .. ကျွန်တော့်မိသားစုကို ထိတာနဲ့ ဘယ်လိုအကျိုးရလဒ်မျိုးဖြစ်လာမလဲဆိုတာ အဲဒီမကောင်းတဲ့လူတွေအားလုံး သိအောင် လုပ်ပြရမှာ” သူ့အသံမှာ အလွန့်အလွန်ကို အေးစက်နေသည်။

“မင်း ဘယ်လိုတွေးထားလို့လဲ..” လုထုန် ထိတ်လန့်လာသည်။

“လူအိုကြီး .. ဒီတစ်ခေါက် ခင်ဗျား ကိစ္စကြီးကြီးမားမားလေး မလုပ်ချင်ဘူးလား..” ချူဖုန်း မေးလိုက်သည်။

“ဘယ်လောက်ကြီးတာလဲ..” လုထုန် မျက်ခုံးလှုပ်နေလေပြီ။

“တောင်ကို ပြားသွားအောင်လုပ်ပြီး ခံတပ်ကြီးကို ရှင်းပစ်မယ် .. ကျွန်တော် သူတို့တောင်ကို သိမ်းပစ်မယ်” ချူဖုန်း ပြတ်သားစွာ ကြေငြာလိုက်သည်။

“မင်းက ပန်တောင်ကို တိုက်ခိုက်ချင်နေတာလား..” လူအိုကြီးလုထုန် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

အပိုင်း ၁၃၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset