Switch Mode

Chapter – 131

ဘုရင် ပြန်လည်ရောက်ရှိလာခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၃၁ – ဘုရင်ပြန်လည်ရောက်ရှိလာခြင်း

အား…

ဟွမ်ရှန်း အော်ဟစ်လိုက်ပြီး သူ့ဆံပင်မွေးများလည်း ထောင်ထလာသည်။ သူသည် ဆယ်မီတာကျော် ရှည်လျားသောကြောင့် အခြားသားရဲကြီးများကဲ့သို့ ခန္ဓာကိုယ်ကြီးမားသည်ပင်။

သို့သော် သူ့ပုံစံမှာ ကြည့်မကောင်းတော့။ သူ၏ခြေသည်းအများစု ကျိုးသွားပြီဖြစ်သည်။

ဘုရင်အဆင့်သက်ရှိတစ်ဦးဖြစ်သောကြောင့် ချူဖုန်းအလွန်စွမ်းအားကြီးလှသည်ပင်။ သို့သော် ယခုအချိန်တွင်တော့ သူ့မျက်လုံးများ မှေးကျဉ်းသွားကာ မျက်စိတစ်မှိတ်အတွင်း အနောက်သို့ မီတာတစ်ရာကျော် နောက်ဆုတ်သွားလေသည်။

သူ ဟွမ်ရှန်းကို ရှောင်လိုက်နိုင်လေပြီ။

ဖူး..

ထိုအချိန်တွင် ဟွမ်ရှန်းသည် သူ့အမြီးကို မြှောက်လိုက်ပြီး သူ့အနောက်ပိုင်းမှ အဝါရောင်မြူများ ထုတ်လွှတ်လိုက်ကာ တောအုပ်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

ဤသည်မှာ မြွေပါလူမျိုးစုများ၏ အသက်ကယ်ပညာပင်။ ဤ’အဆိပ်ငွေ့’၏ အနံ့မှာ အလွန်ဆိုးရွားလှသည်ပင်။ အငွေ့ကြီးသည် တစ်ဖြည်းဖြည်းချင်း တစ်တောလုံးကို ပျံ့နှံ့သွားလေ၏။

ချူဖုန်း ထိုအငွေ့များကို ခုခံမနေတော့ပဲ အဝေးမှာသာ နေလိုက်သည်။ ဤအဆိပ်ငွေ့ထဲ၌သာ နေမိပါက မယုံကြည်နိုင်လောက်သည့် ရလဒ်များ ဖြစ်လာလိမ့်မည်။

“အား..”

ခုန်းဖုန် စူးရှစွာ အော်ဟစ်လိုက်သည်။ အစောပိုင်းက ချူဖုန်းနှင့် တိုက်ခိုက်ရင်းရခဲ့သည့်ဒဏ်ရာများကြောင့် သူ ကောင်းကင်ထက်မှ မြေပြင်ပေါ်မှ ပြုတ်ကျလာပြီး မလှုပ်ရှားနိုင်တော့။

ရလဒ်အနေဖြင့် သူ ထိုအဝါရောင်မြူများထဲ ပိတ်မိသွားကာ နှာရည်ယိုလာပြီး မျက်ရည်များလည်း စီးကျလာသည်။ တကယ်တမ်းတွင် သူ သတိလစ်မလိုပင် ဖြစ်နေလေပြီ။

“အဟွတ်..”

အတောင်ပံကျိုးသွားသည့် ခုန်းချန်လည်း ထို ‘အဆိပ်ငွေ့’ ထဲ ပိတ်မိသွားကာ သူ့မျက်နှာသည် သရဲတစ်ကောင်ကဲ့သို့ ဖြူလျော်လာသည်။ ဟွမ်ရှန်း အငွေ့ထုတ်လိုက်သည့်အချိန်က သူ ဟွမ်ရှန်းနောက်၌ ရှိနေသောကြောင့် သူ မရှောင်ရှားနိုင်တော့။

အနံ့မှာ ချက်ချင်း အန်ချင်လောက်သည်အထိ ပြင်းထန်လှသည်။

ဒေါင်းနှစ်ကောင်မှာ သန့်ရှင်းသပ်ရပ်မှုကို အလွန်အလေးထားပြီး သန့်ရှင်းမှုမှာ သူတို့လူမျိုးစု လက်ဆင့်ကမ်းလာသည့် အစဉ်အလာတစ်ခုပင်။ မြွေပါ၏ အဆိပ်ငွေ့နှင့် လွှမ်းခြုံခံလိုက်ရသည့်အချိန်တွင် သူတို့ခေါင်းများ ချာချာလည်သွားသလို ခံစားလိုက်ရသည်။

ရွေးချယ်ခွင့်ရှိမည်ဆိုလျှင် အရှက်ကွဲပြီး အရိုက်ခံနေရသည်ထက် သေဖို့ကိုသာ ရွေးချယ်လိုက်မည်။

ဤအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်းဖြစ်သွားခြင်းဖြစ်သော်လည်း ချူဖုန်းကတော့ မီတာပေါင်း ရာပေါင်းများစွာ အဝေး၌ ရောက်နေပြီဖြစ်ပြီး သူ့နောက်ကျောမှ လေးကို ထုတ်လိုက်သည်။

ချူဖုန်းသည် မိုးကြိုးလေးကို ပိုးစပတ်ကာ သူ့ကိုယ်ပေါ်၌ အမြဲတမ်းသယ်ထားသည်။ ယခုတော့ ဤလေးကို သုံးရမည့်အချိန် ရောက်လေပြီ.

သူ့ပစ်မှတ်မှာ ဟွမ်ရှန်းမဟုတ်။ ဤမြွေပါအိုကြီးသည် ကောက်ကျစ်ကာ ဉာဏ်များသော်လည်း ဤလူသည် မြေပြင်ထက်၌သာ ပြေးနိုင်မည်ဖြစ်သောကြောင့် ချူဖုန်း သူထွက်ပြေးလွတ်မြောက်သွားမည်ကို စိတ်မပူ။

သူ့နတ်အာရုံများကို ဟွမ်ရှန်းအပေါ်၌ ချိတ်ဆက်ထားပြီဖြစ်သည်။

ဝှစ်…

ချူဖုန်း မြားတစ်စင်း ပစ်လွှတ်လိုက်၏။ သူ၏လက်ရှိခွန်အားနှင့်ဆိုလျှင် သာမန်မြှားတစ်စင်းပင် လူသတ်လက်နက်ဖြစ်သွားနိုင်သည်။

ကျယ်လောင်လှသည့် မိုးခြိမ်းသံနှင့်အတူ လေထဲ လျှပ်စီးတန်းတစ်ခုပေါ်လာပြီး မြှားသည် ခုန်းရှန်၏ဦးခေါင်းထံသို့ ဦးတည်ပျံသန်းသွားလေသည်။

သို့သော် ခုန်းရှန်မှာ သတိကြီးလွန်းလှသည်။ မြေပြင်ထက်မှတိုက်ပွဲ အခြေအနေမဟန်သည်ကို တွေ့သည်နှင့် သူ လေထဲ ပျံတက်သွားလိုက်သည်ပင်။

ဝှစ်..

မြှားသည် စက္ကန့်ပိုင်းအတွင်းမှာပင် မီတာဆယ်ချီ ပျံသန်းသွားပြီး ခုန်းရှန်ကို မှီတော့မည်။ ဤသည်မှာ ဒေါင်းများကို ထိတ်လန့်သွားစေပြီး သူတို့မျက်နှာများပင် အရောင်ပြောင်းသွားကြလေ၏။

ဖူး..

နောက်ဆုံးတွင် မြှား သူ့ကိုထိမှန်သွားပြီး မီးပွားများ လွင့်စင်လာသည်။

ခုန်းရှန် သူ့လက်မောင်းအား စစ်ဆေးကြည့်လိုက်သည့်အချိန်တွင် သွေးများ များစွာစီးကျနေသည့် ဒဏ်ရာတစ်ခုကို တွေ့လိုက်ရသည်။ တစ်ချက်လေးထိသွားသည်နှင့် ဤမျှပြင်းထန်လှသည့် ဒဏ်ရာဖြစ်သွားသည်။

သူ ပို၍ မြင့်မြင့်ပျံသန်းသွားလိုက်ပြီး ချူဖုန်းနှင့် ဝေးအောင်နေလိုက်သည်။ သူ့ခရမ်းရောင်မျက်လုံးထဲတွင် အေးစက်မှုများ လွှမ်းခြုံနေသည်။ ယနေ့မတော်တဆမှုမှာ သူ့ကို အတော်လေး တုန်လှုပ်သွားစေခဲ့သည်။

လူသားလူငယ်တစ်ဦးသည် ရက်အနည်းငယ်အတွင်းမှာပင် ဘုရင်အဆင့်သို့ ရောက်ရှိခဲ့သည်။ သူသည် ဘုရင်တစ်ဝက်အဆင့်၌ပင် မရပ်တန့်ခဲ့။

ချူဖုန်း လုထုန်ကို ချက်ချင်း ဆက်သွယ်လိုက်ကာ “လူအိုကြီး .. ကောင်းကင်ပေါ်က ဒေါင်းကို ပစ်မှတ်ထားဖို့ မြေပြင်ကလူတွေ နည်းနည်းလောက် စီစဉ်ပေး .. ကျွန်တော် သူ့ကို ခဏလွှတ်ထားလိုက်ဦးမယ်..”

ထို့နောက် သူ အရှေ့ဘက်တောအုပ်ထဲသို့ ခုန်သွားလိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ မီတာ သုံး၊ လေးရာခန့် ရောက်သွားသည်။

ဤသည်မှာ မြေပြင်ထက်၌ လဲနေသည့် ဒေါင်းနှစ်ကောင်ကို အတော်လေး ထိတ်လန့်သွားစေသည်ပင်။ ဤသည်မှာ ဘုရင်အဆင့်ကျွမ်းကျင်သူ၏ လျင်မြန်မှုဖြစ်ကြောင်း သံသယဖြစ်စရာပင်မလို။

ဟွမ်ရှန်း တောအုပ်ထဲ၌ အူလျားဖားလျားပင် ပြေးနေသည်။ သူ၏အဝါရောင်ရှည်မျောမျောခန္ဓာကိုယ်သည် အဝါရောင်ရေတံခွန်ကဲ့သို့ ကျောက်တုံးများ၊ တောင်များကြားမှ ကွေ့ပတ်သွားနေလေ၏။ သူ တတ်နိုင်သမျှ မြန်မြန်ထွက်သွားချင်သည်။ သူ ဤလူငယ်လေးနှင့် တိုက်ခိုက်ချင်စိတ်မရှိတော့။

အစောကတည်းကသာသိလျှင် သူ ဤနေရာကို ရောက်လာမည်မဟုတ်။ ဘုရင်တစ်ယောက်ကို တိုက်ခိုက်တယ်ဟုတ်လား .. အသက်ရှင်ရတာ ပင်ပန်းနေတဲ့သူသာ ဒီလိုမျိုးလုပ်လိမ့်မယ်..

ဝူး..

ချူဖုန်း နောက်ထပ် သုံး၊ လေးချက်ခန့် ခုန်လိုက်သည်နှင့် ဟွမ်ရှန်းရှေ့ ရောက်သွားသည်။

“ဝူး..”

ဟွမ်ရှန်း ဒေါသတကြီး အော်ဟစ်လိုက်ကာ သူ၏မျက်လုံးများ တောက်ပလာသည်။ ယခုအချိန်တွင် ခွင့်လွှတ်မှုတောင်းခံလည်း အလုပ်ဖြစ်မည်မဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် သူ၏စွမ်းအားအကြီးဆုံး တိုက်ကွက်များကိုသာ အသုံးပြုနိုင်လိမ့်မည်။

သူ ချူဖုန်းကို စိတ်စွမ်းအားဖြင့် ပစ်မှတ်ထားလိုက်သည်။

ဟမ့်..

ချူဖုန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထိုအသံထဲတွင် နွားနတ်ဆိုးအော်သံ၏ စွမ်းအားလည်း ပါဝင်နေသည်ပင်။ ထိုအသံသည် ရွှေရောင်အလင်းမှ စွမ်းအားကို ပျက်ပြယ်သွားစေလေ၏။

ဝှစ်..

စိတ်စွမ်းအင်ဖြင့် တိုက်ခိုက်ခြင်းမှာ မြွေပါ၏အဓိကလှုပ်ရှားမှုမဟုတ်။ ထိုအခိုက်အတန့်တွင် မြေပြင်အနားမှ သေးငယ်သည့်ဓားပျံတစ်ချောင်း ထွက်ပေါ်လာပြီး ချူဖုန်း၏ ဝမ်းဗိုက်ထံသို့ ဦးတည်သွားလေသည်။

ခွပ်..

ချူဖုန်း ထိုဓားမြောင်၏ ကိုယ်ထည်ကို လက်ဖြင့်ထိလိုက်သည်နှင့် တုန်ခါသံ ထွက်ပေါ်လာပြီး လက်ဝါးအရွယ်ဓားပျံတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေသည်။ ထို့နောက် ထိုဓားပျံသည် သတ္တုစများအဖြစ် တစ်စစီဖြစ်သွားလေသည်။

ဟွမ်ရှန်းမှာ သေးထွက်ကျမတတ် ကြောက်ရွံ့သွားရသည်။ ဤဓားပျံမှာ သာမန်ပစ္စည်းမဟုတ်။ ရှားပါးသည့်သတ္တုဖြင့် ပြုလုပ်ထားခြင်းပင်။

သူ ဤလက်နက်ကို အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးသားပင်။ ဓား၏ထက်ရှမှုမှာ စိန်များကိုပင် ဖြတ်တောက်ပစ်နိုင်သည်။

သို့သော် ချူဖုန်းကတော့ လက်ချောင်းလေးတစ်ချောင်းလှုပ်ခါရုံဖြင့် ဤဓားကို ဖျက်ဆီးခဲ့သည်။

ဟွမ်ရှန်း ဆံပင်မွေးများထောင်ထသွားသလို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်မှ နောက်တစ်ကြိမ် ရွှေရောင်အလင်းရောင်တောက်ပလာပြီး အမြှီးကိုလည်း အပေါ်သို့ မြှောက်လိုက်သည်။ သူ ချူဖုန်းကို အဆိပ်ငွေ့များဖြင့် နောက်တစ်ကြိမ် ပစ်မှတ်ထားရန် လုပ်နေခြင်းပင်။

သို့သော် ယခုတစ်ခါတော့ သူ ဤကဲ့သော အခွင့်အရေးမျိုးမရတော့။ ချူဖုန်းသည် ဓားပျံကို ဖျက်ဆီးပြီးသည်နှင့် ရှေ့တိုးလာကာ မြွေပါကို လက်သီးဖြင့် ထိုးချလိုက်သည်။

ယခုတစ်ခေါက်တွင် ချူဖုန်း သူ၏နတ်ဘုရားကဲ့သို့သော စွမ်းအားများကို အသုံးပြုထားသည်။ သူ့ညာလက်သီးတွင် အလင်းတန်းများ ဖုံးလွှမ်းနေပြီး လေဆာတန်းတစ်ခုကဲ့သို့ ဟွမ်ရှန်းထံသို့ ရောက်ရှိလာသည်။

ဖူး..

ဤသည်မှာ ကြောက်စရာကောင်းလှသည့်မြင်ကွင်းမျိုးပင်။ ငွေရောင်အလင်းတန်းသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ မြွေပါ၏ခုခံမှုများအား ထိုးဖောက်သွားလေ၏။

ချူဖုန်းလက်သီးမှ အလင်းတန်းသည် ထက်ရှသည့် ဓားတစ်လက်ကဲ့သို့ ဟွမ်ရှန်း၏ဦးခေါင်းခွံကို နှစ်ပိုင်းဖြတ်ပစ်လိုက်ပြီးနောက် ခန္ဓာကိုယ်ကိုလည်း နှစ်ပိုင်း ဖြတ်ပစ်လိုက်လေသည်။

ချူဖုန်းပင် သူ့စွမ်းအားကိုသူ လန့်သွားရသည်။ ဤသည်မှာ အချုပ်အနှောင်မှ ကင်းလွတ်ပြီးနောက် သူ့လက်သီးစွမ်းအားကို ပထမဆုံးအကြိမ် အသုံးပြုလိုက်ခြင်းပင်။

ဝုန်း..

လေထုမှာ မိုးကြိုးထိမှန်သွားသကဲ့သို့ ပေါက်ကွဲသွားသည်။

ထို့နောက် ချူဖုန်းသည် အသံလှိုင်းအမြန်နှုန်းဖြင့် တဟုန်ထိုး ပြေးထွက်လာကာ ခုန်းချန်နှင့် ခုန်းဖုန်တို့လမ်းကို ပိတ်ရပ်လိုက်သည်။

အစောပိုင်းတွင် သူ ခုန်းချန်လက်မောင်းများကို လက်သီးဖြင့် တစ်ချက်ထိုးသည်နှင့် ထိုလက်များ သွေးမြူအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုလက်များမှာ သူ့အတောင်ပံများပင် ဖြစ်သောကြောင့် သူ မပျံသန်းနိုင်တော့။

သူ့ဘေးမှ ခုန်းဖုန်ကတော့ ပို၍ပင် အခြေအနေဆိုးနေသေးသည်။ သူ့ရင်ဘတ်ကို ထိုးခံထားရပြီးသွေးများ စိုရွှဲနေသောကြောင့် ပျံသန်းရန်မပြောနှင့် မတ်တပ်ရပ်ရန်ပင် အနိုင်နိုင် ရပ်နေရသည်။

“ငါတို့က ဒေါင်းမျိုးနွယ်စုက ဘုရင်တစ်ဝက်အဆင့်သားရဲတွေ .. ငါတို့လူမျိုးစုမှာ ဘုရင်တစ်ဝက်အဆင့်သားရဲတွေ သိပ်များများစားစားမရှိဘူး .. ငါတို့သေသွားရင် ဒေါင်းဘုရင်ကြီး ဒေါသထွက်လိမ့်မယ် .. မင်းက အရမ်းသန်မာပေမယ့် ဒေါင်းဘုရင်နဲ့တော့ မယှဉ်နိုင်သေးဘူး .. တကယ်တော့ ငါတို့ကြားက နားလည်မှုလွဲတာလေးတွေကို အေးဆေးရှင်းလို့ရပါတယ် .. ငါတို့ မင်းကို အလျော်ပေးပါ့မယ်”

ခုန်းချန် ညှိနှိုင်းရန် ကြိုးစားလိုက်သည်။ သူသည် မာနကြီးသည့်သူဖြစ်သော်လည်း ဤနေရာ၌ မသေချင်။ ဤလူသား သဘောတူပြီး သူတို့ကို လွှတ်ပေးဖို့သာ မျှော်လင့်မိသည်။

“ကျုပ်ကို ခြိမ်းခြောက်နေတာလား..” ချူဖုန်း အေးစက်စွာ ရယ်မောလိုက်သည်။ “ဒီလူမျိုးစုက တကယ်ကို မောက်မာနေကြတာပဲ .. ဘယ်အခြေအနေရောက်ရောက် အနုနည်းနဲ့ရော အကြမ်းနည်းနဲ့ပါ ညှိနှိုင်းဖို့ ကြိုးစားနေကြတော့တာပဲ”

“ကျုပ် ခင်ဗျားတို့ကို ပို့ပေးလိုက်မယ်” စကားပြောပြီးသည်နှင့် ချူဖုန်း ရှေ့တိုးလာသည်။

“မဟုတ်ဘူး .. မင်း အထင်လွဲနေပြီ .. ငါတို့က ဘယ်လိုလုပ် ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကို ခြိမ်းခြောက်ရဲမှာလဲ .. ငါတို့က ညှိနှိုင်းဖို့ ကြိုးစားရုံပါ .. ငါတို့ စကားပြောကြရအောင်ပါ .. အကြမ်းပတမ်း မလုပ်ပါနဲ့”

အသက်ရှင်နိုင်ရန် မျှော်လင့်ချက်သေးသေးလေးရှိနေလျှင် မည်သူက သေချင်မည်နည်း.. ဒေါင်းမျိုးနွယ်စုသည် မာနကြီးသော်လည်း သူတို့ သေခြင်းတရားကို မကြောက်ပဲ မနေနိုင်။

“ဒေါင်းဘုရင်ကိုယ်တိုင် ရောက်လာရင်တော့ ကျုပ်တို့ ဒီကိစ္စကို ဆွေးနွေးလို့ ရရင်ရလိမ့်မယ် .. ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက်က ဆွေးနွေးဖို့ မတန်ဘူး” ချူဖုန်း ဓားမြောင်တိုလေးကိုထုတ်ကာ ပြင်းထန်စွာ လွှဲရမ်းလိုက်သည်နှင့် ခေါင်းနှစ်လုံး ပြတ်ထွက်လာသည်။

တစ်ခဏအတွင်း သူတို့မူလပုံစံသို့ ပြန်ပြောင်းသွားပြီး မြေပြင်ထက်၌ သေဆုံးနေသည့် ကြီးမားလှသည့်ဒေါင်းနှစ်ကောင် ပေါ်လာသည်။

ဤဒေါင်းမျိုးနွယ်စုသည် သူ့ကိုဆက်တိုက်ပင် လိုက်လံဖမ်းဆီးခဲ့ပြီး ဘုရင်တစ်ဝက်အဆင့်သားရဲများဖြင့် သူ့ကို လုပ်ကြံခဲ့ကြသည်။ ဒေါင်းဘုရင်ဖြင့် ခြိမ်းခြောက်လာလျှင်ပင် သူ ဘယ်လိုလုပ် ဤလူများကို လွှတ်ပေးနိုင်မည်နည်း..

“လူအိုကြီး ခုန်းရှန် ဘယ်မှာလဲ .. ခင်ဗျား သူ့ကို ကြည့်ထားသေးလား..” ချူဖုန်း လုထုန်ကို ဆက်သွယ်လိုက်သည်။

“သူက‌ တောင်ဘက်ကို သွားနေတာ .. သူသွားတဲ့လမ်းတစ်လျှောက်လုံးကို ငါတို့ လက်နက်တွေနဲ့ ပစ်နေတာ .. သူ ဒဏ်ရာရထားပေမယ့် အရမ်းကြီး မပြင်းထန်ဘူး .. သူ တောင်ဘက်ကို ပျံသွားနေတုန်းပဲ”

“ကောင်းတယ်..” ချူဖုန်း သူ့ဟယ်လီကော်ပတာပေါ် မြန်မြန်တက်လိုက်ပြီး တောင်ဘက်သို့ ဦးတည်သွားလိုက်သည်။

ဟယ်လီကော်ပတာပေါ်မှ လူများမှာ ချူဖုန်းကို လေးစားမှုအပြည့်ဖြင့် ကြည့်နေကြလေ၏။ ချူဖုန်း တိုက်ခိုက်သည်ကို သူတို့မျက်စိများဖြင့် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ကြသောကြောင့် ယခုအချိန်တွင် သူတို့သည် ချူဖုန်းကို စစ်နတ်ဘုရားအဖြစ် သတ်မှတ်လိုက်ကြပြီဖြစ်သည်။

ဤတိုက်ပွဲမှာ မြက်ပင်သေများကို ဆွဲနှုတ်သကဲ့သို့ လွယ်ကူရှင်းလင်းလှသည်။ တစ်ယောက်တည်းဖြင့် ဘုရင်တစ်ဝက်အဆင့်သားရဲသုံးကောင်ကို ရှင်းပစ်ခဲ့သည့်အပြင် ယခု နောက်တစ်ယောက်နောက် ထပ်လိုက်နေလေပြီ။

ခုန်းရှန် တောင်ဘက်သို့ မိုင်ကုန်တင်ပြေးနေပြီး သူ့စိတ်ထဲတွင်တော့ မီးများတောက်လောင်နေပြီဖြစ်သည်။ ဤတိုက်ပွဲမှာ တကယ်ကို ရှက်စရာကောင်းလွန်းလှသည်။

သူတို့မျိုးနွယ်စုမှ ဘုရင်တစ်ဝက်အဆင့်သားရဲနှစ်ကောင် ဆုံးရှုံးလိုက်ရခြင်းမှာ သူတို့အတွက် ကြီးမားလှသည့် ဆုံးရှုံးမှုပင်။

ထွက်ပြေးသည့်လမ်းတစ်လျှောက်လုံး အမြှောက်များဖြင့် တိုက်ခိုက်ခံနေခဲ့ရသောကြောင့် ယခု သူ့တစ်ကိုယ်လုံး သွေးများ စိုရွှဲနေပြီဖြစ်သည်။

“ခဏနေရင် ငါ လူတွေနေတဲ့နေရာကနေ ထွက်နိုင်တော့မယ်” ခုန်းရှန် အံကြိတ်၍ပြောလိုက်သည်။

တိုက်ခိုက်မှုများကြောင့် သူ့အတောင်ပံတစ်ဖက်ကို ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့သောကြောင့် သူ့အရှိန် နှေးလာသည်။ ပစ်ကွင်းထဲ ရောက်သွားမည်စိုးသောကြောင့် သူ အမြင့်ကြီးလည်းမပျံရဲ။

“မင်းက ဘယ်သွားချင်နေတာလဲ..”

အနောက်ဘက်မှ ရင်းနှီးနေသည့်အော်သံကို ကြားလိုက်ရသည်။ ဤအသံမှာ သူ့အတွက်တော့ မိုးခြိမ်းသံကဲ့သို့ပင်။

နောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် ချူဖုန်းသည် ဟယ်လီကော်ပတာတစ်စင်းပေါ်မှ သူ့နောက်လိုက်နေသည်ကို တွေ့လိုက်ရသည်။ ဘေးတံခါးတစ်ချပ်ပွင့်နေပြီး မိုးခြိမ်းသံနှင့်အတူ သူ့ထံသို့ မြှားတစ်စင်း ရောက်ရှိလာလေသည်။

ဖူး..

သူ ရှောင်ချင်သော်လည်း အချိန်မှီမတုံ့ပြန်နိုင်ခဲ့။ ဤသည်မှာ ဘုရင်အဆင့်ကျွမ်းကျင်သူမှ အားကုန်သုံးတိုက်ခိုက်နေခြင်းပင်။ သူ နာကျင်စွာ အော်ဟစ်လိုက်ပြီး သွေးများလည်း လွင့်စင်လာသည်။

သူ့အတောင်ပံတစ်ဖက်မှာ သွေးမြူအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ကျသွားသည့် အကြွင်းအကျန်မှာ အနည်းငယ်သာ ရှိသည်။

သို့သော် သူ့ထံ၌ ဝှက်ဖဲအချို့ ရှိနေသေးသည်။ သူ့နောက်တွင် တောက်ပသည့်အတောင်ပံတစ်စုံပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို သွေးနှင့်အသက်ဓာတ်များ လွှမ်းခြုံသွားသည်။ သူသည် စတေးခံနေရသကဲ့သို့ တစ်ကိုယ်လုံးကို အနီရောင်အလင်း ဖုံးလွှမ်းနေသည်။

ဝှစ်..

သူ အရှိန်တင်လိုက်ကာ တောအုပ်ကြီးထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ တောအုပ်ထဲ ပြေးသွားသောကြောင့် ဟယ်လီကော်ပတာပေါ်မှ သူ့ကို မမြင်ရတော့။

“လိုက်မယ်..” ချူဖုန်း အမိန့်ပေးလိုက်ကာ အရှေ့ဘက်သို့ အေးစက်စွာ ကြည့်လိုက်သည်။ သူ့လက်ထဲမှ လေးရှည်မှာ အချိန်မ‌ရွေး သတ်ဖြတ်ရန် အသင့်ပင်။

ဝှစ်..

ချူဖုန်း ဒုတိယမြှားကို ပစ်လိုက်သည်။ ဤမြှားသည် သက်တံ့တစ်စင်းကဲ့သို့ ကီလိုမီတာပေါင်း ထောင်ပေါင်းများစွာကို ဖြတ်သန်းသွားလေသည်။

ဖူး..

မြှားသည် သူ့ပစ်မှတ်ကို ထိသွားသော်လည်း ကံမကောင်းစွာဖြင့် အရေးကြီးသည့်နေရာများကို မထိလိုက်။ ခုန်းရှန်၏ နောက်အတောင်ပံတစ်ဖက်မှာ လေထဲ၌ပင် ပေါက်ကွဲသွားသည်။

ယခုတော့ ပျံသန်းရန်အတွက် သူ၏အလင်းအတောင်ပံကိုသာ အသုံးပြုရတော့မည်။

သူ့ထံတွင် အလွန်စွမ်းအားကြီးသည့် နတ်အသိစိတ်များ ရှိနေသော်လည်း သူ ချူဖုန်း၏မြှားများကို မရှောင်နိုင်။ ဤသည်မှာ သူ့ကို ရှုံးနိမ့်သည့်စိတ်များ ဖြစ်ပေါ်လာစေသည်။

ချူဖုန်း တတိယမြောက် မြှားကိုပစ်လိုက်သည့်အချိန်တွင်တော့ သူ့အမွေးအတောင်များ ကျုံ့သွားကာ ကျောရိုးတစ်လျှောက် ကြက်သီးထသွားသလို ခံစားလိုက်ရသည်။

ဖူး..

သူ မြှားကို နောက်တစ်ကြိမ် မရှောင်လိုက်နိုင်ပြန်ပေ။ မြှားသည် သူ့အမြှီးကို ထိသွားပြီး အရောင်စုံသည့် ဒေါင်းမွေးများမှာ နေရာအနှံ့ ပြန့်ကျဲသွားပြီး သူလည်း တောင်တစ်ခုပေါ်သို့ ကျသွားသည်။

“အား…” ခုန်းရှန် နာကျင်စွာ အော်ဟစ်လိုက်၏။ နောက်ဆုံးမြှားမှာ သူ့အသက်ကို နှုတ်ယူလုနီးပါးပင်။

ထို့နောက် ဝှစ်ဟူသည့်အသံနှင့်အတူ သူ့ခန္ဓာကိုယ်မှ အသက်ဓာတ်များကို လောင်ကျွမ်းစေလိုက်ပြီး နောက်တစ်ကြိမ် လျင်မြန်စွာ ပြေးလွှားသွားလိုက်သည်။

အလွန်လျင်မြန်စွာ ပြေးနေရခြင်းမှာ သူ့ခန္ဓာကိုယ်ကို အလွန်ထိခိုက်စေသည်။ သူ့ခန္ဓာကိုယ်၌ ပြတ်ရှရာများစွာ ပေါ်လာပြီဖြစ်သည်။

သို့သော် ယခုအချိန်တွင်တော့ ဤကိစ္စသေးသေးမွှားမွှားလေးများကို ဂရုမစိုက်နိုင်သေး။ သူ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်နိုင်ဖို့က ပထမဦးစားပေးပင်။

ဟယ်လီကော်ပတာပေါ်မှ လေယာဉ်မှူးများနှင့် အေးဂျင့်များမှာ သန္ဓေပြောင်းများဖြစ်လင့်ကစား အောက်မှမြင်ကွင်းကိုကြည့်ပြီး တုန်လှုပ်နေကြသည်။

“သူ့အာရုံတွေက တော်တော်လေး စူးရှတာပဲ .. သူ့နှလုံးကို ချိန်ထားတဲ့မြှားကိုတောင် ရှောင်နိုင်တယ်” ချူဖုန်း ရေရွတ်လိုက်သည်။

“မကောင်းတော့ဘူး..” လေယာဉ်မှူး ပြောလာသည်။ ဟယ်လီကော်ပတာမှာ ဆီကုန်သွားလေပြီ။ ကျင်းမန်မှ ရွှမ်းထျန်သို့ လာသည့်ခရီးမှာ အလွန်ဝေးလှသည့်အပြင် ရန်သူနောက်သို့လည်း လိုက်နေရသောကြောင့် ဆီအတော်လေး ကုန်သွားသပြီဖြစ်သည်။

“ကျစ် .. ဒီနေ့တော့ မင်း ကံကောင်းသွားတယ်..” ချူဖုန်း သူ့လေးရှည်ကြီးကို ပြန်ချထားလိုက်သည်။

တစ်ချိန်တည်းမှာပင် သင့်တော်သည့်နေရာ၌ လေယာဉ်ကို ရပ်ခိုင်းလိုက်ပြီး အခြားအေးဂျင့်များကို ဒေါင်းနောက်မြှီးနှင့် ကျန်ခဲ့သည့် အမွေးအတောင်များကို ယူခိုင်းလိုက်သည်။

ဤလူများမှာ တိုက်ပွဲမှ ဓာတ်ပုံများသာ အင်တာနက်ပေါ်၌ တက်လာလျှင် မည်ကဲ့သို့သော လှိုင်းလုံးမျိုး ဖြစ်လာမည်ကို သူတို့စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် ဟယ်လီကော်ပတာအချို့ ရောက်လာကာ ချူဖုန်း၏အောင်မြင်မှုအထိန်းအမှတ်ပစ္စည်းများကို လာရောက်သယ်ဆောင်သွားကြသည်။ ထိုပစ္စည်းများထဲတွင် ဘုရင်တစ်ဝက်အဆင့်သားရဲနှစ်ကောင်နှင့် ဒေါင်းမွေးများ ပါဝင်နေသောကြောင့် သူတို့ အတော်လေး ထိတ်လန့်သွားခဲ့ကြသေးသည်။

ချူဖုန်း ရွှမ်းထျန်မြို့သို့ ပြန်သွားလိုက်သည်။

ယခုအချိန်တွင် လူထုမှာ စိတ်လှုပ်ရှားစွာဖြင့် တိုက်ပွဲရလဒ်များကို စောင့်ဆိုင်းနေကြသည်။

အဘယ်ကြောင့်ဆိုသော် ချူဖုန်း ဘုရင်တစ်ဝက်အဆင့်သားရဲများနှင့် တိုက်ခိုက်သည့်အချိန်တွင် ဖုန်းကြီး ဘေးဘက်သို့ ကျသွားပြီး မည်သူမှ မရိုက်ကူးနိုင်တော့။

နာရီပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း ချူဖုန်းသတင်း မကြားရသေး။

“ငါတို့မျိုးနွယ်စုတွေ သေချာပေါက် အနိုင်ရမှာပဲ .. ဘုရင်တစ်ဝက်အဆင့်သားရဲသုံးယောက်တောင်ပါတာ .. ချူဖုန်းက ဘုရင်တစ်ဝက်အဆင့်ရောက်တော့ရော ဘာလုပ်လို့ရမှာလဲ .. သူ့ရဲ့သနားစရာကောင်းတဲ့အသက်လေးကတော့ နှမြောစရာပဲ..”

သူ့စိတ်ထဲ မသေချာမရေရာမှုများ ခံစားနေရသော်လည်း ချူဖုန်း ရှုံးနိမ့်မည်ကို ယုံကြည်ရန် သူ့ကိုယ်သူ ဖိအားပေးလိုက်သည်။

“ဟေး မြွေပါကောင် .. မင်းက စကားပြောရဲသေးတယ်လား .. အဲဒီလူတွေ ပြန်လာရဲ့လားဆိုတာ သေချာစစ်ကြည့်လိုက်ဦး..” တစ်စုံတစ်ယောက်မှ လှောင်ရယ်လိုက်သည်။

“ဟား ဟား .. မင်းပဲလား .. မင်းက ဒီလိုမျိုး ပြောနေတာဆိုတော့ ငါ စိတ်အေးသွားရပြီ .. ငါတို့ စောင့်ကြည့်ကြတာပေါ့ .. ဘယ်သူပြန်လာမလဲဆိုတာ” လူများသည် ဟွမ်ရှောင်ရှန်းကို စနောက်လာကြလေသည်။

“အဓိပ္ပာယ်မရှိတာ .. သူသာ ဒီတိုက်ပွဲကို အောင်မြင် ငါ ဒီမှာ ဒူးထောက်ပြီးတော့ သူ့ကို ဘိုးဘေးလို့ခေါ်လိုက်မယ် .. အား .. ငါ ဒီဖုန်းကို မြိုချပစ်မိတော့မယ် ..”

ဟွမ်ရှောင်ရှန်းမှာ အတော်လေး ဒေါသထွက်နေလေပြီ။ ဘုရင်တစ်ဝက်အဆင့်သားရဲသုံးယောက် ဤမုန်းစရာကောင်းသည့်ချူဖုန်းကို သတ်ပစ်နိုင်ရန် သူ မျှော်လင့်မိသည်။ သူ ချူဖုန်းကို ထပ်မတွေ့ချင်တော့။

“ဟေး မင်းငါ့ကို ဒူးထောက်ပြီးတော့ ငါ့ကို ဘိုးဘေးလို့ခေါ်ရင် ငါလည်း မြွေပါကောင်ဖြစ်သွားမှာလား..”

“ဟား ဟား … ဘာပဲဖြစ်ဖြစ် ငါကတော့ သူ ငါ့ရှေ့မှာ ဒူးထောက်မှာကို စောင့်နေလိုက်မယ် .. ဒီမြွေပါကြီးကို ဒေါသထွက်ပြီးသေအောင် လုပ်ပစ်မယ်..”

မရေမတွက်နိုင်သည့်လူများသည် မီဒီယာများထက်၌ ဟွမ်ရှောင်ရှန်းကို စော်ကားပြောဆိုနေကြလေသည်။

“မင်းတို့ မကောင်းတဲ့ကောင်တွေ .. စောင့်ကြည့်နေလိုက် .. ဒီချူဖုန်းက သေချာပေါက် သေနေလောက်ပြီ .. ခင်ဗျားတို့က အလှည့်အပြောင်းတွေ ဖြစ်စေချင်နေသေးတာလား .. အိပ်မက်မက်နေလိုက်..” ဟွမ်ရှောင်ရှန်း ဒေါသတကြီး ရေးလိုက်သည်။

သို့သော် ထိုသို့ပြောပြီးနောက် သူ အလွန်ထိတ်လန့်သွားပြီး သူ့ဆံပင်မွေးများ ထောင်ထသွားသည်။ သူ တစ်ဖြည်းဖြည်းချင်းနောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် သူ့မြင်ကွင်းထဲ ရင်းနှီးသည့်ပုံရိပ်တစ်ခု ပေါ်လာသည်။

ချူဖုန်းသည် သူ့အခန်းတံခါးပြင်ဘက်၌ ရပ်နေပြီး သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေသည်။ “ငါတို့မတွေ့တာ ၃၊ ၄ ရက်လောက် ရှိနေပြီ .. မင်း နေကောင်းလား..” ချူဖုန်း နှုတ်ဆက်လိုက်သည်။

“အမေရေ…” ဟွမ်ရှောင်ရှန်း ထိတ်လန့်တကြား အော်ဟစ်လိုက်ကာ ခုံပေါ်မှ လဲကျမတတ် ဖြစ်သွားသည်။

သူ့တစ်ကိုယ်လုံး တုန်ယင်နေကာ သူ့မျက်နှာမှာ သရဲကဲ့သို့ ဖြူဖျော့နေလေပြီ။ ချူဖုန်း သူ့တံခါးရှေ့၌ ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့။ ဤနေရာမှာ သူ တိတ်တိတ်လေး ပြောင်းလာခဲ့သည့်နေရာဖြစ်ပြီး အပြင်လောကမှ မည်သူမှ မသိကြ။

ဟွမ်ရှောင်ရှန်းမှာ ငိုတော့မည်။ ဤသည်မှာ သူ့ဘဝအတွက် အကြီးမားဆုံး အကြောက်တရားပင်။

သူ ငိုချင်သော်လည်း မျက်ရည်များ ထွက်မလာခဲ့။ “ဟေး အစ်ကိုကြီးချူ .. ကျွန်တော်က အစ်ကိုကြီးချူကို အမြဲတမ်း လေးစားနေခဲ့တာပါ .. ကျွန်တော့်နားမလာနဲ့ .. အဲဒီနားကနေ ပြောမယ်လေ..”

သူ အကြောက်အကန် အော်ဟစ်၍ ပြောလိုက်သည်။

“မင်းက မီဒီယာသုံးတဲ့နေရာမှာ ကျွမ်းတယ်မလား .. ကြည့်ရအောင် .. အိုး .. မင်း စာတွေအများကြီးပို့ထားပြီး မင်းကို ဖော်လိုတဲ့လူတွေလည်း အများကြီးပါလား..” ချူဖုန်း ဟွမ်ရှောင်ရှန်းဖုန်းကို ကောက်ယူလိုက်ပြီး မက်ဆေ့အားလုံးကို ဖတ်ကြည့်လိုက်သည်။

“အိုး .. မင်းက ငါ့ကို ထပ်ခါတလဲလဲ ကျိန်ဆဲထားရုံတင်မကဘူး လောင်းကြေးပါ ထပ်ထားသေးတာလား..” ချူဖုန်း ညင်သာစွာ ရယ်မောလိုက်သည်။

“လာခဲ့ .. ဆဲလ်ဖီတစ်ပုံလောက်အတူရိုက်ရအောင် .. ပြီးရင် မင်း ပုံတင်လို့ရတာပေါ့” ချူဖုန်း ‘အကြံပေး’ လိုက်သည်။ ထို့နောက် သူတို့ဓာတ်ပုံအတူတူ ရိုက်လိုက်ကြသည်။ ဓာတ်ပုံထဲတွင် ချူဖုန်း တောက်ပစွာ ပြုံးနေသော်လည်း ဟွမ်ရှောင်ရှန်းကတော့ မျက်ရည်စီးကျမတတ် ဖြစ်နေလေသည်။

“ပုံတင်လိုက်..” ချူဖုန်း သူ့ကို ပြောလိုက်သည်။

“အစ်ကိုကြီး .. ဒီပုံမတင်ဖို့ ကျွန်တော်တို့ ဆွေးနွေးလို့မရဘူးလား .. အစ်ကိုကြီး တောက်ပပေါ်လွင်နေအောင် ကျွန်တော် ဓာတ်ပုံကောင်းကောင်းလေးတစ်ပုံ ရိုက်ပေးမယ်လေ” ဟွမ်ရှောင်ရှန်း မျက်ရည်ဝဲနေသည့် မျက်ဝန်းများဖြင့် ပြောလိုက်သည်။

“မြန်မြန်..” ချူဖုန်း သူ၏သတ်ဖြတ်လိုသည့်အော်ရာကို ထုတ်လွှတ်လိုက်သည်။

ရလဒ်အနေဖြင့် အင်တာနက်တစ်ခုလုံး ရုတ်တရက်တိတ်ဆိတ်သွားပြီးနောက် ပေါက်ကွဲထွက်လာလေသည်။

“ဘုရားရေ .. ငါ ဘာမြင်နေရတာလဲ..”

“ဟား ဟား..”

အပိုင်း ၁၃၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset