Chapter – 2 ရှားလော့၏ တောင်းဆိုမှု
ကစားသမားအများစုအတွက် အဆင့်ပြေပြေ ကစားနိုင်စေရန် နယ်ဘုရားနယ်မြေကို အိပ်ပျော်နေချိန်တွင် ကစားနိုင်အောင် ဖန်တီးပေးထား၏။ ထို့အပြင် ဂိမ်းထဲမှ အချိန်ကလည်း အပြင်ဘက်နှင့် ကွာခြားပြီး ဂိမ်းထဲမှ ၂နာရီသည် အပြင်ဘက်မှ ၁နာရီနှင့် ညီမျှ၏။
ဂိမ်းထဲ၌ တစ်ရက်တွင် ၄၈နာရီ ရှိပြီး နေ့အချိန် ၃၀နာရီနှင့် ညအချိန် ၁၈နာရီ ပြုလုပ်ပေးထားသည်။
ထိုမျှမကသေးဘဲ အလုပ်လုပ်နေသည့်လူများကို ဂိမ်းကစားခြင်းဖြင့် ပျော်ရွှင်စေရန် အပြင်ဘက် ညအချိန်ကို ဂိမ်းထဲတွင် နေ့အချိန်အဖြစ် ဖန်တီးပေးထား၏။
ရှီဖုန်းက ရောင်စုံလှိုင်ခေါင်းတစ်ခုကို ဖြတ်ပြီး မကြာမီတွင် နတ်ဘုရားနယ်မြေထဲရှိ ထည်ဝါလွန်းလှသည့် ရွှေရောင်ဗိမာန်တစ်ခုဆီသို့ ရောက်လာသည်။
လက်ဖဝါးအရွယ်အစားခန့်သာ ရှိသော အတောင်ပံ ၄ခုနှင့် နတ်သမီးက ရှီဖုန်းဆီသို့ ပျံသန်းလာသည်။
“မင်္ဂလာပါ စွန့်စားသူ… နတ်ဘုရားနယ်မြေမှ ကြိုဆိုပါတယ်… ငါက ပို့ဆောင်ရေးနတ်သမီး ဂေဘရယ်ပါ… သင့်ကို အမျိုးအစား၄မျိုး အကြောင်းနဲ့ အလုပ်အကိုင်၁၂မျိုးကို မိတ်ဆက်ပေးပါမယ်… ကျေးဇူးပြု၍ သင့်အကြိုက်ဆုံးအလုပ်အကိုင်ကို ရွေးချယ်ပေးပါ… “
ဂေဘရယ်၏ လက်က ဝေ့ရမ်းလိုက်သောအခါ ရှီဖုန်း၏ ရှေ့တွင် ဇယားကွက်တစ်ခု ပေါ်လာသည်။
ဇယားကွက်ထဲတွင် အလုပ်အကိုင် ၁၂မျိုးကို အမျိုးအစား၄မျိုးဖြင့် ဖော်ပြထား၏။
စစ်သည် = ဒိုင်းစစ်သည်တော်၊ ကာကွယ်သူ စစ်သူရဲကောင်း၊ ရှေးခေတ်မြောက်ပိုင်း စစ်သည်တော်။
လက်နက်ကျွမ်းကျင်သူ = ဓားသမား၊ လုပ်ကြံသတ်ဖြတ်သူ၊ ရိမ်းဂျား(အဝေးပစ်လက်နက်တွေကို သုံးတဲ့သူ)
ကုသသူ = ဘုန်းတော်ကြီး၊ ရှေးဆဲလ်တစ်လူမျိုးတို့၏ ဘုန်းကြီး (နောက်ပိုင်းကို ဆဲလ်တစ်လူမျိုး ဘုန်းတော်ကြီးလို့ သုံးပါမယ်) ၊ နတ်ဆရာ။
မှော်ပညာရှင် = ဓာတ်ကြီး၄ပါး ထိန်းချုပ်နိုင်သူ၊ ဆင့်ခေါ်သူ၊ ကျိန်စာအသုံးပြုသူ။
စစ်သည်တော်များသည် မွန်းစတားများကို ခုခံရာတွင် အထူးပြုပြီး လက်နက်ကျွမ်းကျင်သူများကတော့ တိုက်ခိုက်မှုစွမ်းအားကို အထူးပြုကြသည်။ ကုသသူများသည် ကုသခြင်းကို ဦးစားပေးပြီး မှော်ပညာရှင်များကတော့ မှော်စွမ်းအားတိုက်ခိုက်မှုများကို အဓိကထား၏။ အမျိုးအစားတိုင်းတွင် ကိုယ်ပိုင်နည်းစနစ်တိုက်ခိုက်မှုများ ရှိကြသည်။
ယခင်ဘဝတွင် ရှီဖုန်းက လက်နက်ကျွမ်းကျင်သူအမျိုးအစားမှ ဓားသမားကို ရွေးချယ်ခဲ့ပြီး ဓားပညာရှင်တစ်ယောက်အဖြစ်မှ ကျော်ကြားခဲ့သည်။
ရှီဖုန်းက ဓားသမားဘဝကို အချိန်တော်တော်ကြာအောင် ဖြတ်သန်းခဲ့ဖူးပြီး ဖြစ်သည်။ ထို့ကြောင့် သူက တခြားအမျိုးအစားကို မရွေးတော့ဘဲ သူနှင့်အရင်းနှီးဆုံးဖြစ်သည့် ဓားသမားကိုသာ ရွေးချယ်လိုက်တော့သည်။
“အလုပ်အကိုင် ရွေးချယ်မှု ပြီးစီးပါပြီ… ကျေးဇူးပြု၍ နာမည်ကို ရွေးချယ်သတ်မှတ်ပေးပါ… “
“ရီဖုန်း… “
ရှီဖုန်းက ယခင်ဘဝမှ နာမည်ကိုသာ ပြန်လည်ရွေးချယ်လိုက်သည်။
“နာမည်ရွေးချယ်မှု ပြီးစီးပါပြီ… သင့်ရဲ့ ရုပ်ရည်သွင်ပြင်ကို ပြုပြင်ချင်ပါသလား… ပြုပြင်မည်ဆိုလျှင် ၁၅ရာခိုင်နှုန်းအထိ ပြုပြင်နိုင်ပါသည်… “
ရှီဖုန်းက ခဏလောက် စဉ်းစားပြီး သူ၏ရုပ်ရည်ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ ဒါမှသာ သူ၏ ရုပ်ရည်ကို မြင်လည်း တခြားသူများက မမှတ်မိမှာ ဖြစ်သည်။ ပြောင်းလဲလိုက်သည့် ရုပ်ရည်သည် မူရင်းရုပ်ရည်လောက် မခန့်ညားပေ။
“ကျေးဇူးပြုပြီး စတားမွန်းနိုင်ငံထဲက မွေးရပ်မြေတစ်ခုကို ရွေးချယ်ပေးပါ… “
ရှီဖုန်း၏ ရှေ့တွင် ပေါ်လာသော မြေပုံထဲတွင် စတားမွန်းနိုင်ငံအတွင်းရှိ မြို့ကြီး၁၀မြို့ကို ဖော်ပြထား၏။
နတ်ဘုရားနယ်မြေကို တစ်ကမ္ဘာလုံးတွင် တစ်ပြိုင်နက်တည်း ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ ကစားသမား သန်းပေါင်းတစ်ရာကျော်အတွက် အဆင်ပြေပြေကစားနိုင်စေရန် နတ်ဘုရားနယ်မြေဂိမ်း၏ ကုန်းမြေအရွယ်အစားကို အပြင်ဘက်ကမ္ဘာမြေ၏ ၂ဆ၊၃ဆခန့်ထိ ဖန်တီးပေးထားသည်။ အထဲတွင်လည်း နိုင်ငံများက အလွန်များပြားလှသည်။ သို့သော်လည်း ကစားသူ၏ မွေးရပ်မြေနှင့် မြို့ကတော့ အပြင်ကမ္ဘာတွင် နေထိုင်သည့် အရပ်ဒေသပေါ်မူတည်၍ ဆုံးဖြတ်ပေးထား၏။ ထို့ကြောင့် ကစားသူများက သူတို့နေထိုင်ရမည့် နိုင်ငံအတွင်းမှ မြို့များကိုသာ ရွေးချယ်နိုင်လေသည်။
“အဖြူရောင်မြစ်မြို့… “
ရှီဖုန်းက မည်သည့်မြို့အကြောင်းကိုမှ စဉ်းစားမနေတော့ဘဲ အရင်းနှီးဆုံးဖြစ်သည့် အဖြူရောင်မြစ်မြို့ကိုသာ ရွေးချယ်လိုက်သည်။
အဖြူရောင်မြစ်မြို့သည် စတားမွန်းနိုင်ငံ၏ အဆင့်၅မြို့တစ်မြို့ ဖြစ်ပြီး စတားမွန်းနိုင်ငံ၏ မြောက်ပိုင်းတွင် အချက်အချာကျသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ ယခင်ဘဝတွင် အင်အားနည်းပါးသော အဖွဲ့ငယ်လေးများက အင်အားကြီးသော အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုများကို ရှောင်ပြီး တိုးတက်အောင် လုပ်ရန်အတွက် အဖြူရောင်မြစ်မြို့ကို ရွေးချယ်ကြသည်။
“မြို့ကို အတည်ပြုလိုက်ပါပြီ… ကစားသူဟာ ၃စက္ကန့်အတွင်း အဖြူရောင်မြစ်မြို့ကြီးရဲ့ အနီရောင်သစ်ရွက်မြို့ငယ်လေးဆီကို ရောက်ပါလိမ့်မယ်… ဂိမ်းကစားရင်း ပျော်ရွှင်ပါစေဟု ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်… “
ရှီဖုန်း၏ မြင်ကွင်းက ချက်ချင်း မှုန်ဝါးသွားပြီး အဝေးသို့ ပို့ခံလိုက်ရသည်။
အနီရောင်သစ်ရွက်မြို့ငယ်ထဲရှိ အဆောက်အဦးများသည် အလယ်ခေတ် (အေဒီ၁၁၀၀-၁၄၀၀) ခန့်က အဆောက်အဦးများကဲ့သို့ ဆောက်ထား၏။ လမ်းများထဲတွင်လည်း NPC များဖြင့် ရှုပ်ယှက်ခတ်နေလေသည်။ ထိုမြင်ကွင်းက ကစားသူများကို တခြားကမ္ဘာတစ်ခုသို့ ရောက်နေသလို ခံစားရစေသည်။ (NPC ဆိုတာက ကစားသူ မဟုတ်ဘဲ Systemက ဖန်တီးပေးထားတဲ့ သူတွေကို ပြောတာပါ)
ရှီဖုန်းက ဘုရားကျောင်းတစ်ခု၏ ရှေ့သို့ ရောက်လာသည်။ သူ၏ပုံစံက ဆင်းရဲနုံချာသည့် ဓားသမားတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး မီးခိုးရောင်သားရေချပ်ဝတ်ကို ဝတ်ဆင်ထားကာ ခါးတွင် ဓားရှည်တစ်ချောင်းကို ချိတ်ဆွဲထားသည်။
“နောက်ဆုံးတော့ အနီရောင်သစ်ရွက်မြို့ကို ရောက်လာပြီပဲ… “
ရှီဖုန်းက ရင်းနီးနေသည့် မြို့ငယ်လေးကို ကြည့်ကာ မသိမသာ ပြုံးလိုက်ပြီး စိတ်ထဲတွင် ယုံကြည်မှုများ ပြည့်လာသည်။
ထိုအချိန်တွင် ကစားသူများသည် မြို့ထဲတွင် စတင်၍ လျှောက်သွားနေကြပြီး တာဝန်များ ရနိုင်မလားဆိုသည့် မျှော်လင့်ချက်ဖြင့် NPCများနှင့် စကားပြောကြည့်နေကြသည်။ အနည်းငယ်သော ကစားသူများကသာ မြို့ထဲမှ ထွက်ပြီး မွန်းစတားများကို သွားသတ်ကြ၏။ တာဝန်များ ရရှိသွားသည့် ကစားသူတိုင်းကတော့ သူတို့၏အသက်များသည် တာဝန်ပေါ်တွင် မူတည်နေသကဲ့သို့ ဆောင်ရွက်နေကြပြီး ဖြစ်နိုင်လျှင် သူတို့က သူတို့၏အချိန်ကိုတောင် ၂ပိုင်း ခွဲပစ်ချင်နေလေသည်။
ရှီဖုန်းက တခြားသူများကို ဂရုစိုက်မနေဘဲ လက်ကို ဝေ့ရမ်းလိုက်ရာ သူ့ရှေ့တွင် အချက်အလက်ဇယားတစ်ခု ပေါ်လာသည်။
ကစားသူ = ရီဖုန်း (လူသား)
နေထိုင်သည့်နိုင်ငံ = စတားမွန်း
ခေါင်းစဉ် = မရှိ
အလုပ်အကိုင် = ဓားသမား
အဆင့် = သုည
သွေး = ၁၀၀/၁၀၀
တိုက်ခိုက်မှုစွမ်းအား = ၁၃
ခုခံမှု = ၄
တိုက်ခိုက်မှုမြန်နှုန်း = ၃
ရွေ့လျားမှုမြန်နှုန်း = ၄
ပင်ကိုယ်အရည်အချင်း = သန်မာမှု ၅ ၊ သွက်လက်မှု ၃၊ ခံနိုင်ရည် ၄ ၊ ဉာဏ်ထက်မြတ်မှု ၂၊ အသက်စွမ်းအား ၂
အခမဲ့စွမ်းရည်အမှတ် ၄မှတ်
လက်နက်ကျွမ်းကျင်မှု… ။
ဓားတစ်လက်ကျွမ်းကျင်မှု +၅ (ပညာသင့်အဆင့် = ဓားတစ်လက်ကျွမ်းကျင်မှုက ၅ရာခိုင်နှုန်း တိုးခြင်း )
ဓား၂လက်ကျွမ်းကျင်မှု +၅ (ပညာသင့်အဆင့် = ဓားတစ်လက်ကျွမ်းကျင်မှုက ၅ရာခိုင်နှုန်း တိုးခြင်း )
အခမဲ့ကျွမ်းကျင်မှုအမှတ် = ၀
စွမ်းရည်… ။
ဓားသမာစွမ်းရည် ၁ = ဓားကျွမ်းကျင်မှုနှုန်း +၅
ဓားသမားစွမ်းရည် ၂ = အဆင့်၅ဆင့်တိုင်းတွင် အခမဲ့ကျွမ်းကျင်မှုအမှတ် ၈မှတ် ရရှိမည်။
ဓားသမားစွမ်းရည် ၃ = ဓားကျွမ်းကျင်မှုနှုန်းကို ၅၀ရာခိုင်နှုန်း တိုးလားစေခြင်း။
ကျွမ်းကျင်မှုများ… ။
ခုတ်ချက် (အသုံးပြုရသည့် စကေး)
လိုအပ်ချက် = ဓား
တိုက်ခိုက်မှုစွမ်းအား +၈
ပြန်လည်အသုံးပြုနိုင်ရန် စောင့်ရမည့်အချိန် ၅စက္ကန့်
စကေးအဆင့် ၁(ကျွမ်းကျင်မှု ၀/၃၀၀)
ကိရိယာ… ။
ဓားသမား သားရေအင်္ကျီ (မီးခိုးရောင် အဆင့်နိမ့်)
အဆင့် ၀
ခုခံမှု +၂
တာရှည်ခံနိုင်စွမ်း ၁၀/၁၀
ဓားရှည် (မီးခိုးရောင်အဆင့်နိမ့် )
အဆင့် ၀
လိုအပ်ချက် = သန်မာမှု ၃
တိုက်ခိုက်မှုစွမ်းအား +၃
တာရှည်ခံနိုင်စွမ်း ၁၅/၁၅
သူ၏အိတ်ထဲတွင် ပေါင်မုန့် ၁၀ခုနှင့် ရေအိတ် ၁၀အိတ် ရှိ၏။ ပေါင်မုန့်တစ်ခုစားလျှင် တစ်စက္ကန့်ကို ၁၀HP ပြန်တက်မည် ဖြစ်ပြီး ရေအိတ်တစ်အိတ်ကိုတော့ တစ်စက္ကန့်လျှင် ၁၀MP ပြန်တက်လာပေလိမ့်မည်။ ထိုနှစ်မျိုးစလုံး၏ အာနိသင်သည် ၁၀စက္ကန့်အထိသာ ခံလိမ့်မည် ဖြစ်သည်။ (HP = Heath point(သွေး) ၊ MP = Mana Point (စကေးတွေ၊မှော်စွမ်းအားတွေ သုံးတဲ့အခါ ကုန်သွားတဲ့ စွမ်းအား) )
ဓားသမားတိုင်းသည် ဂိမ်းအစတွင် တူညီသောစွမ်းရည်များ ရှိကြပြီး အခမဲ့စွမ်းရည်အမှတ်များသာ တစ်ယောက်နှင့်တစ်ယောက် ကွဲပြားကြလိမ့်မည်ဖြစ်သည်။
ကစားသများတိုင်းက အဆင့်၁ဆင့် တက်တိုင်း အခမဲ့စွမ်းရည်ရမှတ် ၄မှတ် ရနိုင်သည်။ အဆင့်တစ်ဆင့်တက်တိုင်း အခမဲ့စွမ်းရည်များကို အသုံးချသည့်အပေါ် မူတည်၍ ကစားသမားများ၏ ကစားပုံများကလည်း ကွဲပြားသွားပေလိမ့်မည်။
သန်မာမှုက တိုက်ခိုက်မှုစွမ်းအားကို တိုးလာစေပြီး သွက်လက်မှုကတော့ တိုက်ခိုက်မှုနှုန်းနှင့် ရွေ့လျားမှုနှုန်းကို တိုးမြှင့်ပေး၏။ ခံနိုင်ရည်ကလည်း HPကို များလာစေသည်။ ဉာဏ်ထက်မြက်မှုက မှော်စွမ်းအားတိုက်ခိုက်မှုနှင့် MPကို တိုးလာစေပြီး အသက်စွမ်းအားက HP နှင့် MP ပြန်ပြည့်လာနှုန်းကို တိုးမြှင့်ပေးသည်။ ရွေးချယ်လိုက်သည့် အလုပ်အကိုင်အမျိုးအစားတိုင်းက မတူညီသည့်စွမ်းရည်များကို ပေးစွမ်း၏။
ဓားသမားသည် ကိုယ်တိုင်လှုပ်ရှားတိုက်ခိုက်ရသောကြောင့် ဓားသမားအများစုက သန်မာမှုကိုသာ ဦးစားပေးကြသည်။ ယခင်ဘဝတွင် ရှီဖုန်းက အဆင့်တစ်ခါတက်တိုင်း သန်မာမှုကို အမှတ်၂မှတ် ပေါင်းထည့်ပြီး၊ တစ်မှတ်ကို ခံနိုင်ရည်၊ ကျန်တစ်မှတ်ကို သွက်လက်မှုထဲတွင် ပေါင်းထည့်ခဲ့သည်။ ဓားသမားအများစုကလည်း ရှီဖုန်းကဲ့သို့ပင် ပြုလုပ်ကြသည်။
သို့သော်လည်း ရှီဖုန်းက သည်ဘဝတွင် ယခင်ကဲ့သို့ ရွေးချယ်လိမ့်မည် မဟုတ်တော့ပေ။
ရှီဖုန်းက အခမဲ့၄မှတ်စလုံးကို သွက်လက်မှုအတွက် (+)သင်္ကေတပေါ်သို့ ၄ချက် ဖိနှိပ်လိုက်သည်။ ၄မှတ်စလုံးကို သွက်လက်မှုတွင် ပေါင်းထည့်လိုက်သဖြင့် ရှီဖုန်း၏ သွက်လက်မှုအမှတ်သည် ၇မှတ်ထိ တိုးသွားပြီး သူ၏တိုက်ခိုက်မှုနှုန်းနှင့် ရွေ့လျားမှုသည်လည်း တစ်မှတ်စီ တိုးသွား၏။
ဤကဲ့သို့ အမှတ်ပေါင်းထည့်မှုမျိုးကို သွက်လက်မှု၏ ကောင်းကျိုးကို ကောင်းကောင်းကြီးသိနေသည့် လုပ်ကြံသတ်ဖြတ်သူများပင် မလုပ်ကြပေ။ သူတို့သည်လည်း ပထမဆုံး သန်မာမှုကိုသာ တင်ကြလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်မှုစွမ်းအားကောင်းလေ အဆင့်တက်ရန် ပို၍ လွယ်ကူလေ ဖြစ်၏။
ကံမကောင်းစွာဖြင့် ရှီဖုန်းက ထိုသို့ မတွေးချေ။
နတ်ဘုရားနယ်မြေဂိမ်း၏ အစပိုင်းအဆင့်များတွင် သွက်လက်မှုကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ ဤအချက်သည် နတ်ဘုရားနယ်မြေဖွင့်ပြီး တော်တော်ကြာမှသာ သိသွားကြသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်၏။ ဤအချက်က လူအများသိပြီးသွားသည့်နောက်တွင် များပြားလှသော ကစားသူများသည် နောင်တများ ရကြပြီး သူတို့ရင်ဘတ်ကို တူနှင့်တောင် ထုချင်စိတ်ပေါက်ခဲ့ကြသည်။
အခမဲ့စွမ်းရည်အမှတ်များကို ပေါင်းထည့်ပြီးနောက် ရှီဖုန်းက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သည်။
တခဏအတွင်းမှာပင် မြို့ထဲသို့ အစိမ်းရောင်ကုဗတုံးသဏ္ဍာန်သင်္ကေတ(သွေးတန်းကို ဆိုလိုတာနော်)နှင့် ကစားသူများက ပိုပိုများလာပြီး အဝါရောင်သင်္ကေတဖြင့် NPCများကို ဖုံးလွှမ်းလာကာ NPCတစ်ယောက်ကို မြင်နိုင်ရန်ပင် ခက်ခဲလာသည်။
“တီ…တီ…တီ… “
ရှီဖုန်း၏ အသံဆက်သွယ်ရေးမှ အသံမြည်လာသည်။ ခေါ်သူ၏နာမည်တွင် အနက်ရောင်တိမ်တိုက်ဟု ပြနေ၏။ ထိုနာမည်၏ ပိုင်ရှင်သည် ဘလက်ကီသာ ဖြစ်သည်။
“အစ်ကိုဖုန်း… ငါက ကျိန်စာအသုံးပြုသူကို ရွေးလိုက်တယ်… ပြီးတော့ ကျဆင်းနေသောလမြို့ကို ပို့ခံလိုက်ရတယ်… “
ဘလက်ကီက နတ်ဘုရားနယ်မြေကို ရောက်ပြီး အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
“ငါက အနီရောင်သစ်ရွက်မြို့မှာ… ကျဆင်းနေသောလမြို့ကနေ သိပ်မဝေးဘူး… ငါ မင်းကို အဆင့်တက်အောင် ကူညီပေးမယ်… အနီရောင်သစ်ရွက်မြို့ကို လာခဲ့လိုက်… “
ရှီဖုန်းက ဘလက်ကီအား ပြောလိုက်သည်။
“အစ်ကိုဖုန်း… မင်း အရမ်းရူးတာပဲ… အနီရောင်သစ်ရွက်မြို့နဲ့ ကျဆင်းနေသောလမြို့က ဘယ်လောက်ဝေးလဲ သိလို့လား… အနီရောင်သစ်ရွက်မြို့ကို ရောက်ဖို့ ၇နာရီကြာမယ်လို့ မြေပုံထဲမှာ ပြောထားတယ်… ငါ အဲ့ကိုလာရင် တခြားသူတွေထက် အဆင့်က နောက်ကျ ကျန်ခဲ့မှာပေါ့… ငါတို့ ကိုယ့်ဘာသာ အရင်အဆင့်တက်အောင် လုပ်ပြီး အဆင့်၁၀ကျော်မှ တွေ့ကြမယ်… “
ဘလက်ကီက ရှီဖုန်း၏စကားကို ကြားပြီး ဒေါသကြောင့် သွေးအန်လုနီးပါးပင် ဖြစ်သွားသည်။ ၁၀ရက်အတွင်း ခရက်ဒစ် ၁၆၀၀၀ရရန်မှာ စိတ်ကူးယဉ်အိမ်မက်တစ်ခုသာ ဖြစ်သည်။ နတ်ဘုရားနယ်မြေသို့ ရောက်ရောက်ချင်း အဆင့်တက်ရန် အလျင်အမြန် လုပ်ရမည့်အစား ရှီဖုန်းက သူ့အား အနီရောင်သစ်ရက်မြို့သို့ လာခိုင်းနေသည်။
“မစိုးရိမ်ပါနဲ့… မင်း လာသာလာခဲ့စမ်းပါ… အလကားဖြစ်သွားတဲ့ မင်းရဲ့အချိန်တွေ ပြန်ရမှာပါ… “
ရှီဖုန်းက ပြန်ပြောလိုက်သည်။
ရှီဖုန်း၏ ယုံကြည်မှုရှိသည့် စကားကို ကြားရသောအခါ သူက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်… “အစ်ကိုဖုန်း… မင်းဆီမှာ ဘီတာစမ်းသပ်သူတစ်ယောက်ဆီက သတင်းတွေများ ရထားလို့လား… “
နယ်ဘုရားနယ်မြေကို မဖွင့်ခင်က လူအနည်းငယ်ဖြင့် စမ်းသပ် ဆော့ကစားစေခဲ့သည်။ ထိုလူများကို ဘီတာစမ်းသပ်သူများဟု ခေါ်သည်။ ဘီတာစမ်းသပ်သူများသည် အရင်ဦးဆုံးကစားသူများ ဖြစ်သဖြင့် သူတို့က နတ်ဘုရားနယ်မြေ၏ သတင်းအချက်အလက်များကို တခြားသူများထက် ပိုသိနေလေသည်။ ဂိမ်းကို ပြောင်းလဲမှုများ ပြုလုပ်ထားလျှင်တောင်မှ သူတို့သည် တခြားသူများထက် ပိုသိနေသည်မှာ ကျိန်းသေသည်။
“မင်း ဘယ်လိုထင်လဲ… ဒီကိုသာ မြန်မြန် လာခဲ့စမ်းပါ… “ ရှီဖုန်းက တစ်ခုခုကို လျှို့ဝှက်ထားသကဲ့သို့ ရယ်မောကာ ပြန်ပြောလိုက်သည်။
ရှီဖုန်း၏ စကားကို ကြားပြီးနောက် ဘလက်ကီက ရှီဖုန်း ထံတွင် သတင်းအချက်အလက်တစ်ခု ရှိမည်ဟု ယုံကြည်သွားကာ စိတ်လှုပ်ရှားသည့်အသံဖြင့် ပြောလိုက်သည်… “ကောင်းပြီ… အစ်ကိုဖုန်း ငါ့ကို စောင့်နေနော်… ငါ အခုလာခဲ့မယ်… “
ဘလက်ကီနှင့် ပြောပြီးနောက် ရှီဖုန်းက မြို့၏ မှောင်မဲနေသော လမ်းသွယ်လေးတစ်ခုထဲသို့ လျှောက်သွားလိုက်၏။
အနီရောင်သစ်ရွက်မြို့တွင် NPCများ တစ်ရာကျော်ရှိသော်လည်း တာဝန်များပေးသည့် NPCသည် ၁၀ယောက်ခန့်သာ ရှိ၏။ လျှို့ဝှက်တာဝန်များပေးသည့် NPCက ၅ယောက်ခန့် ရှိစဉ်တွင် ပြိုင်ဘက်ကင်းတာဝန်ပေးသည့် NPCမှာ တစ်ယောက်တည်းသာ ရှိသည်။ ပြိုင်ဘက်ကင်းတာဝန်သည် ကစားသမားတစ်ယောက်က အောင်မြင်သွားခဲ့လျှင် ထိုတာဝန်က ရှိတော့မည် မဟုတ်ချေ။
ယခင်ဘဝက ပြိုင်ဘက်ကင်းတာဝန်ကို နတ်ဘုရားနယ်မြေ ဖွင့်ပြီး ၂လကြာမှသာ ရှာတွေ့ခဲ့သည်။ ထိုရှာတွေ့မှုက အဖြူရောင်မြစ်မြို့ တစ်ခုလုံးကို ဆူညံသွားစေသည်။ ထိုကံကောင်းသည့် ကစားသမားက ပြိုင်ဘက်ကင်းတာဝန်ကို ရရှိခဲ့သည့် နည်းလမ်းကို ထုတ်ဖော်လိုက်သောအခါ ကစားသမားအများစု၏ မနာလိုခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း ကံဆိုးစွာဖြင့် သူတို့က ပြိုင်ဘက်ကင်းတာဝန်ကို လိုချင်လျှင်တောင်မှ မရနိုင်တော့ချေ။
ထို့ကြောင့် ရှီဖုန်းက ထိုပြိုင်ဘက်ကင်းတာဝန်ကို ဒီဘဝတွင် လက်မလွှတ်နိုင်ပေ။
ရှီဖုန်းက လမ်းသွယ်ထဲသို့ ရောက်သောအခါ စုတ်ပြတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် သူတောင်းစားများကို တွေ့လိုက်ရသည်။ သူတောင်းစားများက ရှီဖုန်းကို မြင်သောအခါ ဝံပုလွေများက အသားတုံးတစ်တုံးမြင်လိုက်သကဲ့သို့ ရှီဖုန်းဆီသို့ ပြေးသွားပြီး အစားအစာ တောင်းကြသည်။
တစ်ခါက ကစားသမားတစ်ယောက်သည် သူတောင်းစားများကို အစားများစွာ ပေးကမ်းခဲ့သည်။ သူတောင်းစားများက အစားအစားများကို စားပြီးနောက် ထိုကစားသမားထံမှ အိုင်တမ်များကို တောင်းကြသည်။ ထို့နောက်တွင် သူတို့က ပို၍ ဈေးကြီးသော အိုင်တမ်များကို ထပ်တောင်းကြပြန်သည်။ ထိုကစားသများက သူတောင်းစားများ၏ တောင်းဆိုမှုများကို ထပ်ကာထပ်ကာ ဖြည့်ဆည်းပေးခဲ့သော်လည်း သူတောင်းစားများက သူ့ကို ဘာမှ ပြန်မပေးခဲ့ကြပေ။ ထို့ကြောင့် ထိုကစားသမားသည် ရူးသွပ်လုနီးပါးဖြစ်ခဲ့ရသည်။ တခြားသူများအတွက် ထိုကစားသမားသည် ရယ်စရာတစ်ခုလည်း ဖြစ်ခဲ့ရ၏။
“ထွက်သွားစမ်း… “
ရှီဖုန်းက ဓားကို ဆွဲထုတ်ပြီး အော်ပြောလိုက်ရာ သူတောင်းစားများက အဝေးသို့ ချက်ချင်း ထွက်ပြေးကြသည်။
သူတောင်းစားများ ပျောက်သွားပြီးနောက် ရှီဖုန်းက လဲလျောင်းနေသော အိမ်ရာမဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက် ရှိနေသည့် ထောင့်တစ်ခုဆီသို့ လျှောက်သွားလိုက်သည်။ ထိုလူကြီး၏ပုံစံက တခြားသူတောင်းစားများနှင့် သိပ်မကွာခြားပေ။ သို့သော်လည်း ဤလမ်းထဲတွင် သူတစ်ယောက်တည်းသာ အစားအစာမတောင်းခြင်း ဖြစ်သည်။
“အကူအညီတစ်ခုခုများ လိုအပ်ပါသလား လူကြီးမင်း… “ ရှီဖုန်းက သက်လတ်ပိုင်းလူကြီးကို မေးလိုက်သည်။
“ငါ့ကို အစားအစာတစ်ချို့ ပေးနိုင်မလား… ငါ အစာမစားရတာ ၅ရက် ရှိနေပြီ… “ ထိုလူကြီးက ပြန်ပြောလိုက်သည်။
ရှီဖုန်းက မသိမသာ ပြုံးလိုက်ပြီး လေးနက်စွာ ပြန်ပြောလိုက်သည်… “ကံဆိုးတာပဲ… ငါ မင်းရဲ့ဆန္ဒကို ဖြည့်မပေးနိုင်ဘူး… “
သာမန်လူတစ်ယောက်ဆိုလျှင် ရှီဖုန်းစကားကိုသာ ကြားမည်ဆိုပါက ဒေါသထွက်သွားလိမ့်မည် ဖြစ်သော်လည်း ထိုလူကြီးကတော့ သက်ပြင်းတစ်ချက်သာ ချလိုက်ပြီး ဘာမှမပြောတော့ချေ။
“ဒါပေမဲ့ မင်းကသာ ငါ့ကို သင့်တင့်လျှောက်ပတ်တဲ့ တန်ဖိုးတစ်ခု ပြန်ပေးမယ်ဆိုရင် မင်းတောင်းတဲ့ အစားအစာကို ပေးမယ်… “ ရှီဖုန်းက ပြောလိုက်သည်။
ထိုလူကြီးက ဦးခေါင်းကို မော့ပြီး ရှီဖုန်းကို မျှော်လင့်ချက်ပါသော အကြည့်ဖြင့် ကြည်ကာ ပြောလိုက်သည်… “ငါ့မှာ ပိုက်ဆံရှိရင် အစားအစာအတွက် တန်ဖိုးကို ငါ ပေးပါတယ်… ဒါပေမဲ့ အခု ငါ့မှာ ဘာမှမရှိဘူး… အကယ်၍ မင်းကသာ ငါ့ကို ကူညီစိတ်ရှိမယ်ဆိုရင် ငါ မင်းကို ထိုက်တန်တဲ့ တန်ကြေးတစ်ခု ပြန်ပေးမယ်… မင်း ငါ့ကို ကူညီချင်လား… “
“လူကြီးမင်းက ကျွန်တော့်ကို ဘာလုပ်စေချင်လဲ မေးလို့ရမလား… “ ရှီဖုန်းက ပြန်မေးလိုက်သည်။
လူကြီးက အလေးအနက်ထားကာ ပြောလိုက်သည်… “ကျေးဇူးပြုပြီး အနီရောင်သစ်ရွက်မြို့ရဲ့ မြို့တော်ဝန်ခရော့ကို သတ်ပေးပါ… “
အနီရောင်သစ်ရွက်မြို့သည် မြို့ငယ်လေးတစ်ခု ဖြစ်သော်လည်း မြို့တော်ဝန်သည် အဆင့်၂၅ရှိသည့် လက်ရွေးစင်စစ်သည်တစ်ယောက် ဖြစ်၏။ သူ့ဘေးတွင်လည်း အဆင့်၂၅ သက်တော်စောင့်များ ရှိသေး၏။ NPCတစ်ယောက်ကို သတ်ဖြတ်လျှင် ဖမ်းဆီးခံရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် မြို့တော်ဝန်ဆိုလျှင် ပို၍ပင် ပြစ်ဒဏ်ကြီးပေဦးမည်။ ဤကဲ့သို့ တောင်းဆိုမှုမျိုးကို ကစားသူများက တာဝန်ဟု ယုံကြည်ကြလိမ့်မည် မဟုတ်သကဲ့သို့ ဤကဲ့သို့တာဝန်မျိုးသည် ကစားသမားများကို သတ်သေခိုင်းသည်နှင့် အတူတူပင် ဖြစ်သည်။ မည်သူကမှလည်း ဤကဲ့သို့ မဖြစ်နိုင်သည့်ကိစ္စကို လက်ခံကြလိမ့်မည် မဟုတ်ပေ။
“ကောင်းပြီ… ငါ သဘောတူတယ်… “ ရှီဖုန်းက ပြုံး၍ ချက်ချင်း အဖြေပေးလိုက်သည်။
စနစ်… ။ ပြိုင်ဘက်ကင်းတာဝန် “ရှားလော့၏တောင်းဆိုမှု” ကို လက်ခံလိုက်ပါပြီ။
တာဝန်အချက်အလက်… ။ အနီရောင်သစ်ရွက်မြို့၏ မြို့တော်ဝန် ခရော့ကို သတ်ပြီး မြို့တော်ဝန်တံဆိပ်ကို ရှားလော့ဆီသို့ ယူလာရန်။ ကစားသူသည် အဆင့်၁၀ထက် မပိုရ။
တာဝန်ကို လက်ခံပြီးနောက် ရှီဖုန်းက နောက်လှည့်ပြီး မြို့တော်ဝန်နေထိုင်သည့် မြို့တော်ခန်းမဆီသို့ ဦးတည်၍ ထွက်သွားလိုက်သည်။
အပိုင်း ၂ ပြီး၏။