Switch Mode

Chapter – 130

နတ်ဘုရားတစ်ပါးကဲ့သို့ ပြန်လည်ထွက်ပေါ်လာခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၃၀ – နတ်ဘုရားကဲ့သို့ ပြန်လည်ထွက်ပေါ်လာခြင်း

ဟွမ်ရှောင်ရှန်းသည် ဖုံးကွယ်ထားခြင်းမရှိပဲ လူထုကို ရန်စလိုက်ပြီး ကျေနပ်နေလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုထဲတွင် ချူဖုန်းသည် တောအုပ်ထဲ၌ တစ်ယောက်တည်း မတ်တပ်ရပ်နေသည်။ ရန်သူများဝိုင်းလာသည်ကို သူလည်း ခံစားမိနေသည်ပင်။

လူအားလုံး စိတ်လှုပ်ရှားစိုးရိမ်နေကြလေပြီ။ သားရဲများ ချူဖုန်းကို တကယ်သတ်တော့မည်ဖြစ်ကြောင်း သူတို့သိလိုက်ကြလေပြီ။

တောအုပ်ထဲတွင် သစ်ရွက်ကြွေများ အထပ်လိုက်ရှိနေသည်။

ချူဖုန်း တည်ငြိမ်စွာပင် လျှောက်လာလိုက်သည်။ တစ်ဖက်နှင့်တစ်ဖက် တွေ့သွားပြီဖြစ်သောကြောင့် သူဘာကိုမှ ဖုန်းကွယ်ထားစရာမလိုတော့။

ခုန်းရှန် လေထဲ၌ ဝဲနေသည်။ သူသည် တစ်လောကလုံးကို ဂရုမစိုက်သကဲ့သို့ ငြင်သာစွာ ပြုံးနေလေသည်။

ဒေါင်းပုံစံ မဟုတ်သော်လည်း သူ့ကျောထက်တွင် တောက်ပသည့် အတောင်ပံတစ်စုံ ရှိနေသည်။ ထို့ကြောင့်လည်း သူ လေထဲ၌ ရပ်နေနိုင်ခြင်းပင်။

ဝှစ်..

ခုန်းဖုန် လှုပ်ရှားလိုက်သည်။ သူသည် ဒေါင်းမျိုးနွယ်စုမှ ဘုရင်တစ်ဝက်ဆင့်သားရဲဖြစ်သည်ပင်။ သူသည် အတောင်ပံများကို လှုပ်ခတ်ပြီး ချူဖုန်းနောက်၌ ပေါ်လာလေသည်။

“မင်း အသက်ရှင်နိုင်သေးရင်တော့ တော်တော်လေး ဆန်းကြယ်သွားပြီ..” သူ ရယ်မော၍ ပြောလိုက်သည်။

သူ့အမြင်တွင်တော့ ချူဖုန်း သူ့အတောင်ပံများကြားမှ လွတ်စရာအကြောင်းမရှိ။ မည်သူကများ ဘုရင်တစ်ဝက်ဆင့်သားရဲများ ပူးပေါင်းတိုက်ခိုက်သည်ကို တောင့်ခံနိုင်မည်နည်း..

ခုန်းချန်ကတော့ လူသားပုံစံဖြင့်ပင်။ သူ မြေပြင်ကို စောင့်ကန်လိုက်ပြီး ချူဖုန်းထံသို့ တဟုန်ထိုး ပြေးသွားလိုက်သည်။

သူသည် အသက် ၅၀၊ ၆၀ ခန့်ရှိသည့် လူကြီးတစ်ဦးပင်။ သူတို့သည် သားကောင်လေးတစ်ကောင်အတွက် အင်အားသုံးလွန်းသည်ဟု ခံစားနေရလေသည်။

ခုန်းချန်သည် ချူဖုန်းကို စိုက်ကြည့်လိုက်ကာ “မင်းလိုလူမျိုးကို ဂရုစိုက်ဖို့အတွက် ဘုရင်တစ်ဝက်ဆင့်သားရဲသုံးယောက်တောင် လှုပ်ရှားနေရတယ်”

ချူဖုန်းကတော့ သူတို့ ထွက်မပြေးအောင် ဘယ်လိုလုပ်ရမလဲကိုသာ စဉ်းစားနေသည်။ မည်သို့ပင်ဖြစ်စေ ဤလူများ ပျံသန်းနိုင်ကြသည်ပင်။

အင်တာနက်ပေါ်မှ လူများတော့ မတည်ငြိမ်နိုင်တော့။ သားရဲလူမျိုးစုက တကယ်ကြီး ဘုရင်တစ်ဝက်ဆင့်သားရဲသုံးယောက်တောင် လွှတ်လိုက်တာလား…

ယခုတစ်ခေါက်တော့ ချူဖုန်း ယခင်ကကဲ့သို့ သူတို့ကို ထူးဆန်းသည့်ငွေသတ္တုတွင်းအနားသို့ ခေါ်သွားနိုင်မည်မဟုတ်တော့ကြောင်း အားလုံးသိကြသည်။ သားရဲလူမျိုးစုများမှာ လှည့်ကွက်တစ်ခုကို နှစ်ခါခံမည်မဟုတ်။

အခု သူ ဘာကိုအားကိုးရတော့မှာလဲ..

“မကောင်းတော့ဘူး .. ငါတို့ ဘာလုပ်ကြမလဲ .. ချူဖုန်း အန္တရာယ်များနေပြီ”

“ငါတို့လူမျိုးစုက လူတွေလည်း သွားနေလောက်ပြီ .. မကြောက်နဲ့ .. သူတို့တွေက ဘယ်လိုလုပ် ဒီသားရဲအုပ်စုတွေကို လုပ်ချင်တိုင်း လုပ်ခွင့်ပေးထားမှာလဲ..”

တစ်စုံတစ်ယောက် ခန့်မှန်းလိုက်သည်နှင့် လူများစွာ သဘောတူလာကြသည်။

ဟွမ်ရှောင်ရှန်း ပြန်ပေါ်လာကာ ဓာတ်ပုံတစ်ပုံ တင်လာသည်။ “အားလုံးပဲ အရမ်းမစိုးရိမ်ကြပါနဲ့ .. ဒါက အမဲလိုက်ပွဲလေးပါပဲ..”

ဤမြွေပါကောင်သည် အရေးကြီးသည့်အချိန်မှာပင် ရန်စသည့်ပို့စ်များ တင်နေသေးသည်။ လူများမှာ သူ့ကို ရိုက်နှက်ရန် မစောင့်နိုင်တော့။

တောအုပ်ထဲတွင် ဟွမ်ရှန်းကိုယ်တိုင် တိုက်ရိုက်ထုတ်လွှင့်နေခြင်းပင်။

သူ့အတွက်တော့ ဤသည်မှာ ကြောင်နှင့်ကြွက် ကစားပွဲသာ။ ချူဖုန်းကို မသတ်ခင် နှိပ်စက်ဦးမည်။

“စကြစို့..” ဟွမ်ရှန်း ကြွေးကြော်လိုက်သည်။ တိုက်ပွဲကို အနီးကပ်ရိုက်နိုင်ရန်အတွက် သူ ခုန်းချန်နောက် ရပ်လိုက်သည်။

ကြည့်ရှုနေသည့်သူအားလုံး စိတ်ဖိစီးနေကြရသည်။ တိုက်ပွဲမှာစတင်တော့မည်။

ချူဖုန်း အရိုက်ခံရမည်ကို မြင်ရတော့မည်ဖြစ်သောကြောင့် ဟွမ်ရှောင်ရှန်း အလွန်ပျော်ရွှင်တက်ကြွနေသည်။

“အားလုံးပဲ .. စိတ်ဝင်စားဖို့အကောင်းဆုံး အပိုင်း ရောက်လာပြီ .. အမဲလိုက်ပွဲ စကြစို့..” ဟွမ်ရှောင်ရှန်း ရယ်မော၍ ပြောလိုက်သည်။

လူများမှာ ဒေါသထွက်နေကြသော်လည်း ဘာမှမတတ်နိုင်။

ခွပ်..

ထိုအခိုက်အတန့်တွင် ဗီဒီယိုသည် ပြင်းထန်စွာ လှုပ်ခါသွားကာ သေချာမမြင်ရတော့။ ကြည့်ရသည်မှာ တိုက်ပွဲစနေပြီထင်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးအနည်းငယ် လွင့်စင်လာလေ၏။ ဤသည်မှာလူများကို အတော်လေး ထိတ်လန့်သွားစေခဲ့သည်။

သိထားရသည်မှာ ရန်သူထဲတွင် ဘုရင်တစ်ဝက်အဆင့်သားရဲသုံးကောင် ပါနေသည်ပင်။ ချူဖုန်း သူတို့ကို ခုခံနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

လူများမှာ ပို၍ပင် မသက်မသာဖြစ်လာရသည်။

အဘယ်ကြောင့်ဆိုသော် သွေးများ လွင့်စင်လာပြီးနောက် သွားအချို့ ကျွတ်ထွက်လာသည်ကို အားလုံး ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

သူတို့က တိုက်ရိုက်ထုတ်လွှင့်ပြီးတော့ ချူဖုန်းကို တမင်သက်သက် အရှက်ခွဲချင်နေတာလား.. ဤသည်မှာ တကယ်ကို ရက်စက်လွန်းလှသည်။

“ဟား ဟား .. သွားတွေတောင် ကျွတ်ထွက်လာပြီ .. ကျေနပ်စရာကောင်းလိုက်တာ..” ဟွမ်ရှောင်ရှန်း ရယ်မောလိုက်ပြီး ပျော်ရွှင်နေသည့်မှတ်ချက်တစ်ခုကို ရေးလိုက်သည်။ “သူ ပြန်ထွက်လာနိုင်ဖို့ မျှော်လင့်ကြတာပေါ့..”

သူသည် လူများ နာကျင်နေရသည့်အချိန်ကို ရန်စချင်နေခြင်းပင်။ ဤသည်မှာ လူများကို အတော်လေး ဒေါသထွက်သွားစေပြီး သူ့ကို ဆွဲထုတ်လာပြီး ရိုက်နှက်ပစ်ချင်သည်အထိဖြစ်သွားစေခဲ့သည်။

ပြင်းထန်လှသည့် တုန်ခါမှုများကြောင့် ဗီဒီယိုမှာ မရှင်းလင်းတော့။ ကင်မရာမှာ အောက်ပင်ကျသွားလေပြီ။

လူများ ရှုပ်ထွေးသွားရ၏။ ဘာဖြစ်သွားတာလဲ..

ဟွမ်ရှောင်ရှန်းလည်း ထိတ်လန့်သွားရ၏။ တစ်ခုခုတော့ မှားနေပြီ..

ခဏကြာပြီးနောက် လူများသည် ခါးသီးစွာ အော်ဟစ်နေသည့်အသံများ ကြားပြီးနောက် တစ်ယောက်ယောက်မှ ဖုန်းကို ကောက်ယူလိုက်သည်။

ကင်မရာကို လှည့်လိုက်သည့်အချိန်တွင် မြင်ကွင်းထဲ၌ ချူဖုန်းမျက်နှာကြီး‌ ပေါ်လာလေသည်။ သူ ဘာမှမဖြစ်သေး။

“ဘာဖြစ်နေတာလဲ..” အင်တာနက်မှ ကြည့်ရှုသူများ ပျော်ရွှင်သွားကြရသည်။ ဒဏ်ရာရသွားသည့်သူမှာ ချူဖုန်းမဟုတ်။

ဟွမ်ရှောင်ရှန်း ဆွံ့အနေလေ၏။ ဘာဖြစ်သွားတာလဲ.. သူ ရယ်မောနေသည်မှာ သူ့မျက်နှာထက်မှ အပြုံးပင် မပျောက်သေး။

ချူဖုန်း ကင်မရာကို မြေပြင်ဘက်သို့ ပြလိုက်သည်နှင့် အားလုံး တစ်ခဏခန့် တိတ်ဆိတ်သွားကြသည်။

အမှန်တရား ပေါ်လာလေပြီ။

မြေပြင်ထက်တွင် ဆံပင်အဝါရောင်နှင့် လူအိုကြီးတစ်ဦး လဲနေသည်။ သူ့မျက်နှာမှာ မမှတ်မိနိုင်လောက်အောင် ပုံပျက်နေပြီဖြစ်ပြီး သွေးနှင့်သွားများ အန်ထုတ်နေလေသည်။

“လက်စသပ်တော့ မြွေပါကိုး .. သူက ဘုရင်တစ်ဝက်အဆင့်သားရဲဖြစ်လိမ့်မယ်..” တစ်စုံတစ်ယောက် ရေရွတ်လိုက်သည်။

ဟွမ်ရှောင်ရှန်းမှာ လုံးဝ ဆွံ့အနေလေပြီ။ ဤသည်မှာ သူ့လူမျိုးစုမှ အကြီးအကဲပင်။ သူက ဘယ်လိုလုပ် ဒီလောက်ဆိုးဆိုးရွားရွား အရိုက်ခံလိုက်ရတာလဲ.. ဟွမ်ရှန်း၏မျက်လုံးများ ရောင်ကိုင်းနေပြီး နှာခေါင်းရိုးကျိုးနေကာ သွားများလည်း မရှိတော့။

“မဖြစ်နိုင်တာ..” ဟွမ်ရှောင်ရှန်း အော်ဟစ်လိုက်သည်။

ဘုရင်တစ်ဝက်အဆင့်သားရဲသုံးကောင်တောင် ရှိနေတာကို ဘယ်လိုလုပ် ဒီလိုမတော်တဆမှုမျိုး ဖြစ်လာတာလဲ..

“ဟား ဟား .. အဲဒီမြွေပါကောင် ပြောတာမှန်တယ် .. အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားပြီ..” လူများ ထိုစကားလုံးများကို ရယ်မောလာကြသည်။

“တကယ်ကို နတ်ဘုရားလို ပြန်ထွက်လာတာပဲ .. ဟွမ်ရှောင်ရှန်း မင်းရဲ့စကားလုံးတွေက တကယ်အဖိုးတန်တယ် .. မင်းပြောတဲ့စကားတွေ တကယ်ဖြစ်လာပြီ..”

လူများ အော်ဟစ်ရယ်မောလာကြကာ ဟွမ်ရှောင်ရှန်းကို နောက်ထပ် ခန့်မှန်းခိုင်းလာကြလေသည်။

တောအုပ်ထဲတွင်..

ချူဖုန်း ခုန်းချန်ကို လျစ်လျူရှုလိုက်ပြီး ဟွမ်ရှန်းထံသို့ ခုန်အုပ်လိုက်သည်။ ဤလူမှာ မျက်စိစပါးမွေးစူးစရာကောင်းလှသည်ဟု ခံစားနေရသောကြောင့်ပင်။ ဤလူသည် တိုက်ရိုက်ထုတ်လွှင့်နေသေးသည်။

ချူဖုန်း သူ့ထံသို့ တရှိန်ထိုး ပြေးသွား၍ တိုက်ခိုက်လိုက်သည်။

ဒေါင်းမျိုးနွယ်စုမှ ကျွမ်းကျင်သူများ ကြောက်ပြီး ထွက်ပြေးသွားမည်စိုးသောကြောင့် သူ့အားကိုလည်း သူ ထိန်းထားသေးသည်။ သူ အားနည်းနည်းသာသုံးပြီး ဟွမ်ရှန်းမျက်နှာကို ပိတ်ထိုးလိုက်သည်။

ဟွမ်ရှန်း ချူဖုန်းနှင့် တိုက်ခိုက်ရန်အတွက် ဖုန်းကို ပစ်ထားလိုက်သော်လည်း ရလဒ်မှာ ဆိုးရွားသည့်ရှုံးနိမ့်မှုတစ်ခုသာ။ သူ လွင့်ထွက်သွားပြီး သွားများ နေရာအနှံ့ လွင့်စင်သွားသည်။

သူ အလွန်ဒေါသထွက်သလို ရှက်လည်းရှက်မိသည်။

သူသည် ဘုရင်တစ်ဝက်အဆင့်သားရဲဖြစ်သော်လည်း သူ၏သတိမဲ့မှုကြောင့် သူ ချောင်းတိုက်ခံလိုက်ရလေပြီ။ ချူဖုန်းသည် သူ့ကို မြေပြင်ပေါ်၌ ဖိထားပြီး ဆက်တိုက်ပင် ရိုက်နှက်နေသည်။

ချူဖုန်း၏ ခွန်အားမှာ သူနှင့်အတူတူပင်ဖြစ်ကြောင်း သူ ခံစားမိသည်ပင်။ ဤလူငယ်လေးသည် ၃၊ ၄ ရက်ခန့် ပျောက်သွားပြီးနောက် စွမ်းအားများ တိုးလာလေပြီ။

သိပ်မဝေးသည့်နေရာ၌ ရှိနေသည့် ခုန်းချန်လည်း ထိတ်လန့်သွားရသည်။ သူ လက်နောက်ပစ် မနေနိုင်တော့။ ချူဖုန်း ဟွမ်ရှန်းထံသို့ ပြေးသွားသည့်အချိန်က သူ ရယ်မောနေခဲ့သေးသည်ပင်။

လေထဲ၌ ရှိနေသည့် ခုန်းရှန်နှင့် ခုန်းဖုန်လည်း ချူဖုန်း ခွန်အားများ တိုးလာသည်ကို အံ့အားတကြီး ဖြစ်နေကြသည်။

“ဘုရင်တစ်ဝက်အဆင့်..”

“မင်းက သန္ဓေပြောင်းအသီးတစ်လုံးကိုစားပြီး ဘုရင်တစ်ဝက်အဆင့်ကို ရောက်သွားပြီ..”

ချူဖုန်း ဘုရင်အဆင့်သို့ ရောက်သွားပြီဖြစ်ကြောင်း မည်သူမှ မစဉ်းစားမိကြ။ ဤသည်မှာ သဘာဝကျသည်ပင်။ မည်သို့ပင်ဖြစ်စေ သူ ပျောက်သွားသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်ပင်။

ပုံမှန်ဆိုလျှင် ထိပ်တန်းအဆင့် သန္ဓေပြောင်းအသီးကို စားလိုက်လျှင်ပင် သူ ဘုရင်တစ်ဝက်အဆင့်သာ ရောက်နိုင်လိမ့်မည်။ ထိုအဆင့်၌ တည်ငြိမ်သွားမှသာ ဘုရင်အဆင့်သို့ တက်နိုင်လိမ့်မည်။

အစက ချူဖုန်းပင် သူ့ကိုယ်သူ သံသယဝင်ခဲ့သေးသည်။ သို့သော် နောက်ဆုံးတော့ သူ အောင်မြင်သွားခဲ့သည်ပင်။

“လူအိုကြီး ခင်ဗျားက တော်တော်လေး ခေတ်မှီတာပဲ .. တိုက်ရိုက်တောင် လွှင့်နေတယ်ပေါ့ .. ကောင်းပြီလေ .. ကျွန်‌တော် ခင်ဗျားကို အနီးကပ်ရိုက်ပေးမယ် .. လာ .. ပြုံးလိုက်ပါဦး..” ချူဖုန်း ကင်မရာကို ဟွမ်ရှန်း မျက်နှာနား ကပ်လိုက်ပြီး တောက်ပစွာ ပြုံးလိုက်သည်။

“မင်း .. ထွက်သွားစမ်း..” ဟွမ်ရှန်း ဒေါသထွက်သလို ရှက်လည်းရှက်သည်။

အားလုံး ထိတ်လန့်သွားရ၏။ အခြေအနေများမှာ ၁၈၀ ဒီဂရီကို ပြောင်းလဲသွားခြင်းပင်။ ချူဖုန်းက သားရဲဘုရင်တစ်ဝက်အဆင့် ရောက်သွားပြီလား..

ဟွမ်ရှောင်ရှန်းမှာ အလွန်စိတ်ဓာတ်ကျနေလေပြီ။ သူသည် လူအာရုံစိုက်အောင် ဤအတိုင်း ပြောလိုက်ခြင်းဖြစ်သော်လည်း တကယ်ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့။

“မြွေပါလူမျိုးစုက လူတွေက တကယ်ကို ထူးခြားတာပဲ .. သူတို့အားလုံးက တကယ် နတ်ဘုရားတွေပဲ .. သူတို့စကားတွေတိုင်း တကယ်ဖြစ်လာတယ်.. ဟား ဟား..”

“ဟွမ်ရှောင်ရှန်း .. မင်းက တကယ် အံ့ဩဖို့ကောင်းတာပဲ .. နောင်ကျရင် မင်းကို ရှေ့ဖြစ်ဟောဟွမ်လို့ ခေါ်မယ်..”

လူများသည် ဟွမ်ရှောင်ရှန်းကို စနောက်ကာ ပျော်ရွှင်နေကြလေသည်။

သို့သော် သူတို့ရယ်မောသံများမှာ လျင်မြန်စွာပင် ပျောက်ဆုံးသွားသည်။ အဘယ်ကြောင့်ဆိုသော် ချူဖုန်း ဘုရင်တစ်ဝက်အဆင့်သားရဲသုံးဦးနှင့် ရင်ဆိုင်နေရသည်ကို သူတို့သိနေသည်။ သူ အသက်ရှင်လျက် ထွက်နိုင်မလား မသေချာသေး။

“ကျုပ်တို့အားလုံးက အဆင့်အတူတူပဲ .. ကျုပ် ထွက်သွားချင်ရင် ဘယ်သူမှ ကျုပ်ကို တားလို့ရမှာမဟုတ်ဘူး” ချူဖုန်း တမင်သက်သက် လေးနက်သည့်လေသံဖြင့် ပြောလိုက်သည်။

ထို့နောက် သူသည် အနောက်ပြန်ဆုတ်ကာ တိုက်ခိုက်မှုအား ဖောက်ထွက်ရန် ပြင်ဆင်လိုက်သည်။

“မင်းက ဘယ်သွားချင်နေတာလဲ .. သူ့ကိုသတ်..”

ဟွမ်ရှန်းသည် အလွန်ဒေါသထွက်နေသောကြောင့် ရှေ့ဆုံးမှ ဦးဆောင်လာသည်။ သူ့ခန္ဓာကိုယ်သည် ဆယ်မီတာကျော်ရှည်လျားသည့် မြွေပါကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ချူဖုန်းကို ခုန်အုပ်လာလေသည်။

သူပြေးလာသည်နှင့် ကျောက်တုံးများ၊ သဲများ လှိုက်တက်လာပြီး သစ်ပင်များပင် လေပွေကြောင့် ကျိုးကြေသွားသည်။ ဘုရင်တစ်ဝက်အဆင့်သားရဲ၏စွမ်းအားမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။

“သူ့ကိုသတ်..”

ချူဖုန်း ‘ထွက်ပြေး’ရန် ကြိုးစားနေသည့်အချိန် ခုန်းရှန် တရှိန်ထိုး ရောက်လာပြီး ချူဖုန်း၏နောက်ကျောက်ကို သူ၏မင်ဝမ်လက်သီးဖြင့် ထိုးနှက်လိုက်သည်။

“မင်း ရောက်လာပြီဆိုမှတော့ ငါ မင်းခေါင်းကို အကောင်းအတိုင်းထားမှာ မဟုတ်တော့ဘူး..” လေထဲမှ ခုန်းဖုန် အေးစက်စွာ ကြေငြာလိုက်သည်။ သူ၏ဒေါင်းပုံစံမှာ အလွန်တောက်ပလှသည်။ အထူးသဖြင့် သူ့အမြှီးမှ အမွေးအတောင်များပင်။

သူလည်း ချူဖုန်းထံသို့ ထိုးဆင်းလာလေ၏။

ခမ်းနားသည့်တိုက်ပွဲကြီး စတင်လေပြီ။ မြေပြင်တစ်ခုလုံး မိုးခြိမ်းသံများ ဆူညံနေပြီး မြေကြီးများပင် အက်ကွဲလာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျွမ်းကျင်သူလေးဦး အနီးကပ်တိုက်ခိုက်လာကြသည်။

ဤသည်မှာ အသွေးအသားများဖြင့် တည်ဆောက်ထားသည့် ခန္ဓာကိုယ်ဟု ယုံကြည်နိုင်ရန် ခက်ခဲလှသည်။ သူတို့၏တိုက်ခိုက်မှုများကြောင့် ကျောက်တုံးကြီးများ၊ တောင်များနှင့် ရှေးသစ်ပင်များပင် ပုံပျက်သွားကြသည်။

သေနတ်များမှာ သူတို့အပေါ် အကျိုးသက်ရောက်မှုရှိမည်မဟုတ်မှန်း သိသာလှသည်။

ချူဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ခုန်းရှန်သည် လေထဲ၌သာ နေနေပြီး အောက်ဘက်သို့ ဆင်းမလာ။ သူ တိုက်ပွဲထဲ ဝင်ပါမည့်ပုံမပေါ်။

“ဦးလေးဖုန်း၊ ဦးလေးချန် ဂရုစိုက်ပါ..” ခုန်းရှန်းလေထဲမှ သတိပေးလိုက်သည်။ သူ့မျက်နှာထက်၌ လေးနက်သည့်အမူအရာ ရှိနေသည်ပင်။

သူ ထပ်စောင့်၍မရတော့မှန်း ချူဖုန်းသိသည်။ ခုန်းရှန်ကိုတော့ မိုးကြိုးဖြင့် သတ်နိုင်ရန် အခွင့်အရေးရှာရမည်။

ဝုန်း..

ရုတ်တရက် ချူဖုန်းသည် အလွန်လျင်မြန်လှသည့်အရှိန်ဖြင့် အပေါ်သို့ ပြေးတက်သွားကာ အောက်ဆင်းလာသည့်ဒေါင်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူ လက်သီးဖြင့်ထိုးလိုက်သည်နှင့် လေထဲ၌ ပေါက်ကွဲသံကြီးထွက်ပေါ်လာလေသည်။

ဖူး..

ခုန်းဖုန်နာကျင်စွာ အော်ဟစ်လိုက်သည်။ လက်သီးသည် သူ့ရင်ဘတ်ကို ထိုးဖောက်သွားကာ သွေးများ နီရဲသွားစေသည်။

လက်သီးဖြင့် ထိုးပြီးသည်နှင့် ဒေါင်းကြီးကို အားဖြင့်ဖိလိုက်သည်။ ထို့နောက် သူ မြေပြင်ထက်ရှိ ခုန်းချန်ထံသို့ ဦးတည်သွားလိုက်သည်။

ပျံနိုင်သည့်လူများကို သူ အရင်ရှင်းရမည်။

“မင်း..”

ခုန်းချန်မှာ တုန်လှုပ်နေလေပြီ။ အဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှသည်။ ဤလူငယ်လေးသည် ရုတ်တရက် စွမ်းအားများ ပေါက်ကွဲထွက်လာကာ သူ့ကို ထိတ်လန့်သွားစေခဲ့သည်။

ဒါက ဘယ်လိုလုပ် အမဲလိုက်တာဖြစ်တော့မှာလဲ .. သူတို့ သားရဲကြီးအား တွေ့လိုက်ရလေပြီ။ သူတို့သာ အစာဖြစ်တော့မည်။ သူတို့ကိုယ်တိုင် ကျားခံတွင်းရှေ့ရောက်အောင်လာသည်နှင့် အတူတူပင်။

ဤသည်မှာ ဘုရင်အဆင့်ကျွမ်းကျင်သူပင်။ သူတို့ရထားသည့်သတင်းမှာ လုံးဝမှားနေသည်။ ဘုရင်အဆင့်ကျွမ်းကျင်သူကို ဘုရင်တစ်ဝက်အဆင့်သားရဲသုံးကောင်က စိန်ခေါ်ချင်နေတာလား..

ခွပ်..

ခုန်းချန် လွင့်ထွက်သွားလေ၏။ သူ့လက်နှစ်ဘက်ဖြင့် ရင်ဘတ်ကိုကာရန် ကြိုးစားလိုက်သော်လည်း ထိုလက်များသည် ချက်ချင်းပင် တစ်စစီဖြစ်သွားလေ၏။ ထိုကြောက်စရာကောင်းလှသည့် ရိုက်ချက်ကို သူ မခုခံနိုင်ခဲ့။

သူသာ လက်နှစ်ဘက်ကို စတေးပြီး မကာခဲ့လျှင် သူ့ရင်ဘတ်၌ အပေါက်ကြီး ဖြစ်နေလောက်လေပြီ။

“ကြောက်ဖို့ကောင်းလိုက်တာ..” ဟွမ်ရှန်း ဆံပင်မွေးများ ထောင်ထလာပြီး နောက်လှည့်ပြီး ပြေးလေတော့သည်။

“ခင်ဗျားက ထွက်သွားချင်နေတာလား..” ချူဖုန်းသည် ဝှစ်ကနဲ သူ့ကိုအမှီလိုက်ကာ ဖမ်းလိုက်နိုင်လေသည်။

ယခုအချိန်တွင် သူသည် နတ်ဆိုးနတ်ဘုရားနှင့် တူနေသည်ပင်။

အပိုင်း ၁၃၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset