ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၂၉ – သန္ဓေပြောင်းသားရဲတစ်ကောင်မှ တိုက်ရိုက်ထုတ်လွှင့်ခြင်း
“ငါ ငါးရောင်စပ်မြေကြီး မတွေ့ခဲ့တာ နှမြောစရာပဲ .. ဒါပေမဲ့ ထိုက်တောင်ကြီးက ရှေးဟောင်းသစ်ပင်တွေအားလုံး ဘယ်အချိန်မှ ပန်းပွင့်လာမလဲဆိုတာ ဘုရားပဲသိလိမ့်မယ်”
ချူဖုန်း လေယာဉ်ပြတင်းပေါက်မှ ညကောင်းကင်ကို ကြည့်လိုက်သည်။ ဤနေရာမှနေ၍ စိန်ကဲ့သို့ တောက်ပနေသည့် ကြယ်များကို ပို၍နီးနီးကပ်ကပ် မြင်နေရသည်ပင်။
သူ တကယ်ကို ဝမ်းနည်းမိသည်ပင်။ ရှေးဟောင်းစာအုပ်များတွင် ထိုက်တောင်ကို ဘဝစတင်ရာဟုခေါ်ကြကြောင်း ရေးသားထားကြသည်။ မြေပြင်အောက်ရှိ မြေသားများမှာ အပင်များစိုက်ပျိုးရန်အတွက် အကောင်းဆုံးမြေပင်။ သို့သော် ချူဖုန်း သူ့အစေ့ကို တစ်ကြိမ်သာစိုက်ပျိုးနိုင်ခဲ့သည်။
ချူဖုန်း ထိုက်တောင်အကြောင်းကို အင်တာနက်ပေါ်၌ ရှာဖတ်လိုက်သည်။ ထိုက်တောင်တွင် ပူဇော်ပွဲများလုပ်လျှင် ငါးရောင်စပ်မြေကြီးပေါ်၌ သတ္တဝါသုံးမျိုးကို ယဇ်ပူဇော်ကြောင်း သူတွေ့လိုက်သည်။ ဤသည်မှာ နှစ်ပေါင်းထောင်ပေါင်းများစွာ လုပ်ခဲ့သည့် အလေ့အထတစ်ခုပင်။
‘ငါးရောင်စပ်မြေကြီး’ ဆိုသည်မှာ ထူးဆန်းသည့်မြေကြီးခဲကြီးသာဖြစ်လိမ့်မည်ဟု ချူဖုန်း ထင်မိသည်။ ကံမကောင်းစွာဖြင့် သူ ထိုမြေကြီးကို ရှာခွင့်မရှိခဲ့။
“ဘာပဲဖြစ်ဖြစ်ပါ .. ဘုရားနယ်မြေတွေက အကုန်လုံးမှ ပြန်မကောင်းသေးတာ .. အားလုံး အသက်ပြန်ဝင်လာတဲ့အချိန်ကျရင် ငါ ပြန်လာဦးမယ်..” ဤနေရာမှာ တစ်ခုခုထူးခြားနေကြောင်း သူ သေချာပေါက် ပြောရဲသည်။
ထိုက်တောင်သည် ယခုထက်ထိ တစ်နေ့ထက်တစ်နေ့ မြင့်မားလာနေဆဲပင်။ ယခုဆိုလျှင် မိုးထိုးနေပြီဖြစ်သည်။
ထို့အပြင် သူ အမွှေးနံ့လေးလည်း ရလိုက်သေးသည်။ ဤအနံ့မှာ ရှေးဟောင်းသစ်ပင်ထံမှ လွင့်ပျံလာခြင်းဖြစ်လိမ့်မည်။ သို့သော် သစ်ပင် မည်သည့်နေရာ၌ ရှိနေသည်ကိုတော့ သူ မသိ။
တောင်ထပ်တွင် အပြိုင်စကြာဝဠာတစ်ခု ရှိနေလောက်သည်။ ထိုစကြာဝဠာထဲတွင် ရှားပါးသည့်အပင်များ၊ ထူးဆန်းသည့်အပင်များ ပေါက်နေလိမ့်မည်။
ထိုနေရာတွင် ရွှေရောင်ကျီးကန်းဥ၊ ဒေါင်းဘိုးဘေးလက်ဆင့်ကမ်းလာခဲ့သည့် အဖိုးတန်အမွေအနှစ်စသည်ဖြင့် အခြားအရာများလည်း ရှိနိုင်သည်။
“ငါ သားရဲဘုရင်တစ်ကောင်နဲ့ တိုက်ခိုက်နိုင်ပြီ .. အဲဒီတော့ တစ်နေ့ အဲဒီအပင်က ပန်းတွေဝေပြီးတော့ ပန်းနံ့တွေ သင်းပျံ့တဲ့အချိန်ကျရင် ငါ အဲဒီအမွှေးနံ့ပင်လယ်ကြီးထဲ လက်ပစ်ကူးပြီးတော့ အနံ့တွေကို ရှူရှိုက်ပစ်မှာ .. ငါ့လမ်းကို လာတားရဲတဲ့သူမှန်သမျှကို ငါ သတ်ပစ်မှာ..”
ထိုသို့တွေးလိုက်မိရုံဖြင့်ပင် သူ ပျော်ရွှင်လာရသည်။
ထို့နောက် သူ အနားယူလိုက်သည်။ မနက်ဖြန်တိုက်မည့် တိုက်ပွဲအတွက် သူ အားဖြည့်ထားရန် လိုအပ်သည်။
သူ ဘယ်တုန်းကမှ သတိလက်လွတ်မနေခဲ့။ အဘယ်ကြောင့်ဆိုသော် သတိလက်လွတ်နေလိုက်သည်နှင့် နင့်နေအောင်ပေးဆပ်ရမည်ဖြစ်ကြောင်း သူ သာဓကများစွာ တွေ့ဖူးပြီးသားပင်။ သူ့စွမ်းအားနှင့်ခွန်အားကြောင့် သူ မောက်မောက်မာမာနေနိုင်သော်လည်း အမြဲတမ်းနှိမ့်ချကာ တန်းတူညီတူကာ ဆက်ဆံခဲ့သည်။
သူ နိုးလာသည့်အချိန်တွင် မိုးလင်းနေလေပြီ။ လေယာဉ်လည်း ကျင်းမန်လေဆိပ်၌ ဆင်းသက်နေပြီဖြစ်သည်။
ချူဖုန်းဘယ်တော့မှ လေယာဉ်ဖြင့် ခရီးမသွားချင်ခဲ့။ လေယာဉ်ထဲ ရောက်သွားသည်နှင့် သူ ရန်သူများကို အသာစီးမရနိုင်တော့။
ရွှမ်းထျန်မြို့ကို သန္ဓေပြောင်းသားရဲများ ဝိုင်းရံထားသောကြောင့် ရွှမ်းထျန်မြို့သို့သွားလျှင် ကိုယ့်ကိုကိုယ်သတ်သေသလိုသာ ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူ ကျင်းမန်လေဆိပ်၌ ဆင်းလိုက်ခြင်းပင်။
ထို့နောက် သူ စစ်တပ်ဟယ်လီကော်ပတာတစ်စီးပေါ် တက်လိုက်ပြီး မြောက်ဘက်ပိုင်းသို့ ဦးတည်သွားလိုက်သည်။
“ကျွန်တော်တို့သတင်းနည်းနည်းထုတ်လို့ရပြီ လူအိုကြီး .. ကျွန်တော် ကျင်းမန်မြို့က ထွက်လာပြီ .. ကျွန်တော်တို့ မြောက်ဘက်ပိုင်းက ချီလုတောင်ဘက်ကို သွားနေတာ .. ကျွန်တော်တို့ ရွှမ်းထျန်ကို နေ့လည်လောက် ရောက်လိမ့်မယ်လို့ လေယာဉ်မှူးပြောတယ်”
ချူဖုန်း ဆက်သွယ်လာသည်နှင့် သူ့ကို သွားကြိုရန် လုထုန် စီစဉ်ထားပြီးသားပင်။ ချူဖုန်းကိုသွားကြိုရန် ကျောင်းယုကို လွှတ်လိုက်သည်။
မနက်ပိုင်းတွင် ဟွမ်ရှောင်ရှန်း မက်ဆေ့တစ်စောင် ရလိုက်သည်။ “ဟား ဟား.. ချူဖုန်း မင်းက အမြဲတမ်း သတိကြီးကြီးနေနေပေမယ့် ငါတို့ဆီကနေ ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား.. မင်းရဲ့လှုပ်ရှားမှုတိုင်း၊ လမ်းကြောင်းတိုင်းကို ငါတို့ အမြဲတမ်းသိနေတာ .. မင်း ဘယ်တော့မှ ငါတို့ဆီကနေ ထွက်ပြေးနိုင်မှာမဟုတ်ဘူး..” ဟွမ်ရှောင်ရှန်း ရယ်မော၍ ပြောလိုက်သည်။
သို့သော် သူ အရယ်လွန်သွားပြီး ယခုမှစေ့သွားသည့် ဒဏ်ရာများ ပြန်ပွင့်လာလေသည်။ “ချီးပဲ..” ယခုအချိန်တွင် သူ့တစ်ကိုယ်လုံး ပတ်တီးစည်းထားရသည်ပင်။
“ဒါတွေအားလုံး မင်းကြောင့်ပဲ ချူဖုန်း .. ဒါပေမဲ့ မကြာခင် မင်း ဒီကိစ္စအတွက် ပြန်ပေးဆပ်ရမှာပါ .. ဒီနေ့ ငါ မင်းကို အရှင်လတ်လတ် အရေခွံနွာပစ်မယ်လို့ ကျိန်တယ်..” ဟွမ်ရှောင်ရှန်း နာကျင်စွာ ညည်းတွားလိုက်သည်။
“အစ်ကိုခုန်း ချူဖုန်းရဲ့ လေယာဉ်က ချီလုတောင်တစ်လျှောက် ပျံသန်းလာမှာဆိုတာ အတည်ပြုပြီးသွားပြီ .. သူတို့စစ်တပ်ဟယ်လီကော်ပတာ တမင်သက်သက် နိမ့်နိမ့်လေး ပျံနေတာ”
ဟွမ်ရှောင်ရှန်းသည့် ချူဖုန်းရှိနေမည့်နေရာကို ခုန်းရှန်အား ချက်ချင်း သတင်းပေးလိုက်သည်။ သူသာ ဒဏ်ရာမရထားလျှင် ‘အမဲလိုက်ခြင်း’တွင် သူလည်းပါဝင်မည်ဖြစ်ကြောင်း ပြောလာသေးသည်။ “ဒါက ပျော်စရာကောင်းမှာပဲ..” သူ ပြောလိုက်သည်။
“ကောင်းပြီ .. မင်း သတင်းအတွက် ကျေးဇူးတင်ပါတယ် .. ငါတို့ သူ့ခေါင်းနဲ့ ဦးလေးလင်းကို ပူဇော်မယ်” ခုန်းရှန် တီးတိုးရေရွတ်လိုက်သည်။ သူ့ရှပ်အင်္ကျီကို ကော့နေအောင် မီးပူတိုက်ထားပြီး သူ့မျက်နှာလည်း အတော်လေး ချောမောလှသည်။ သူ၏ဆံပင်များမှာ ပိုးချည်မျှင်များကဲ့သို့ တောက်ပနေသည်။ ဤအမျိုးသားသည် ထူးဆန်းသော်လည်း ဆွဲဆောင်မှု ရှိနေ၏။
“ကျွန်တော်တို့ အမဲလိုက်တာနဲ့ပတ်သက်ပြီး သတင်းနည်းနည်းလောက်တော့ တင်သင့်တယ်လို့ ကျွန်တော်ထင်တယ် အစ်ကိုခုန်း .. ကျွန်တော်တို့ အင်တာနက်ပေါ် တင်လိုက်တာနဲ့ လောကကြီးက ချက်ချင်း အုတ်အော်သောင်းတင်းဖြစ်သွားမှာ” ဟွမ်ရှောင်ရှန်း ဝီးချဲပေါ်ထိုင်ပြီး အတော်လေးပုံမှန်မဟုတ်သည့်လေသံဖြင့် ပြောလိုက်သည်။
အခန်းထဲ၌ ပိန်ပိန်ပါးပါးလူကြီးတစ်ယောက်လည်း ရှိသေးသည်။ “မင်း ဘာလုပ်မလို့လဲ..” သူ မေးလိုက်သည်။ ဤလူအိုကြီး၏ ဆံပင်များမှာ အဝါရောင်သန်းနေပြီး ရှုပ်ပွနေကာ မြက်ပင်ခြောက်များနှင့်ပင် တူနေသည်။
ဤလူအိုကြီးနာမည်မှာ ဟွမ်ရှန်းဖြစ်ပြီး သူသည် မြွေပါမိသားစုမှ ဘုရင်တစ်ဝက်အဆင့်သားရဲတစ်ယောက်ဖြစ်သည်။ ဟွမ်ယွမ် ခြေထောက်တစ်ဖက်နှင့် အမြီးပြတ်ပြီးပြန်လာသည့်အချိန်တွင် မိသားစုအကြီးအကဲ အလွန်ဒေါသထွက်သွားကာ ဟွမ်ရှန်းကို လွှတ်လိုက်ခြင်းပင်။ သူ့ရည်ရွယ်ချက်မှာ ချူဖုန်းကို သတ်ရန်ဖြစ်ပြီး ချူဖုန်းကို နှိပ်စက်ပြီး မသတ်ရသေးမချင်း သူမပြန်ဟု ကျိန်ဆိုထားသည်ပင်။
“ဘိုးဘိုးဟွမ်ရှန်း .. ချူဖုန်း ခွေးသေတစ်ကောင်လို ရိုက်ခံပြီးသွားရင် ကျွန်တော့်ကို ဓာတ်ပုံနည်းနည်းလောက် ပို့ပေးပါလား..” ဟွမ်ရှောင်ရှန်း ရယ်မော၍ ပြောလိုက်သည်။
သန္ဓေပြောင်းသားရဲများသည် လူသားများ၏ ယဉ်ကျေးမှုကို နားလည်သွားသည်နှင့် အင်တာနက်ပေါ်၌ မည်ကဲ့သို့ပို့စ်တင်ရမည်ကို သိသွားသည့်အပြင် သူတို့ကိုယ်ပိုင်အကောင့်များပါ ရှိနေပြီဖြစ်သည်။
ဟွမ်ရှောင်ရှန်း ရည်ရွယ်ချက်မှာ နေ့ခင်းအလင်းရောင်ကဲ့သို့ ရှင်းလင်းလှသည်။ သူသည် ချူဖုန်းကို အတုခိုးကာ စကားလုံးအနည်းငယ်ဖြင့် အင်တာနက်ပေါ်၌ ဓာတ်ပုံများ တင်ချင်နေခြင်းပင်။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ..” ဟွမ်ရှန်း ခေါင်းညိမ့်လိုက်သည်။ သူတို့ ချူဖုန်းကို သူ့ဆေးခါးပြန်တိုက်ဖို့ အချိန်ရောက်လေပြီ။
ခုန်းရှန်လည်း ဤအကြံကို မဆန့်ကျင်ပဲ ပြုံး၍ ခေါင်းညိမ့်လိုက်သည်။
သူ့ဘေးနားတွင် အကြီးအကဲနှစ်ဦး ထိုင်နေသေးသည်။ တစ်ယောက်မှာ ခုန်းဖုန်ဖြစ်ပြီး အခြားတစ်ယောက်မှာ ခုန်းချန်ဟုခေါ်သည်။ သူတို့နှစ်ဦးလုံး ဒေါင်းမိသားစုမှ ဆရာများပင်။ သူတို့ချူဖုန်းအတွက် ရောက်လာကြခြင်းဖြစ်ပြီး သူတို့ဓားပေါ် ချူဖုန်း သွေးမစွန်းထင်းသရွေ့ ပြန်သွားမည်မဟုတ်ဟု ကျိန်ဆိုထားကြသည်ပင်။
ယခုတစ်ခေါက်တော့ ချူဖုန်းအတွက် ဘုရင်တစ်ဝက်အဆင့်သားရဲသုံးဦးကို လွှတ်ခဲ့ကြသည်ပင်။
“အခုတော့ နားလိုက်ပါဦး .. ခဏနေရင် ကျွန်တော်တို့ ထွက်မယ်..” ခုန်းရှန် ပြောလိုက်သည်။ ယခုတစ်ခေါက်တော့ သူလည်း အဖွဲ့ထဲ ပါဝင်တိုက်ခိုက်မည်ပင်။ ချူဖုန်း အသတ်ခံရသည်ကို သူ့မျက်လုံးနှင့် မြင်ချင်သည်။
“ကောင်းပြီလေ .. ကျွန်တော် အစ်ကိုတို့အတွက် နည်းနည်းသွေးပူအောင် လုပ်ပေးမယ် .. ကျွန်တော်တို့ကို အာရုံစိုက်လာအောင် လုပ်ကြတာပေါ့..” ဟွမ်ရှောင်ရှန်း ရယ်မော၍ ပြောလိုက်သည်။
ခဏကြာပြီးနောက် သူ့အကောင့်၌ ဓာတ်ပုံအချို့ကို တင်လိုက်လေသည်။ ဓာတ်ပုံများမှာ သန္ဓေပြောင်းသားရဲများမှ စွမ်းအားအကြီးဆုံးလူငယ်တစ်ချို့၏ ဓာတ်ပုံများပင်။ ဤတိုက်ခိုက်ရေးသမားများသည် လူသားပုံစံပြောင်းထားပြီး အတော်လေး နာမည်ကြီးနေကြပြီဖြစ်သည်။
ဥပမာအားဖြင့် ဓာတ်ပုံများထဲတွင် ငွေလရောင်ဝံပုလွေဘုရင်၏သား စွန်းပိုင်ချွမ်းပါသည်။ စွန်းပိုင်ချွမ်း၏ဆံပင်များမှာ နေရောင်အောက် တောက်ပနေပြီး သူသည် အတော်လေး ယောက်ျားဆန်ကာ ချောမောလှသည်။
ထိုထဲ၌ လူဝံအိုကြီး၏သားလည်း ပါဝင်သည်။ သူ့နာမည်မှာ ယွမ်ဖုန်းပင်။ ယွမ်ဖုန်းသည် နက်မှောင်သောအသားအရေရှိပြီး ဆံပင်လည်း တိုကပ်နေသည်။ သူသည် လက်တစ်ဖက်တည်းဖြင့် ကီလိုဂရမ်ထောင်ပေါင်းများစွာလေးသည့် ကျောက်တုံးကြီးကို မ,နိုင်သည်ပင်။
“ဒီလူက ဘယ်သူလဲ .. သူကဘာလို့ သားရဲပုံတွေအများကြီး တင်နေတာလဲ.. သူ့နာမည်က .. ဟွမ်ရှောင်ရှန်း .. အဲဒါ အစောပိုင်းကငါတို့တွေ့ခဲ့တဲ့ အဝါရောင်မြွေပါကောင် မဟုတ်ဘူးလား..”
ပထမဆုံးမှတ်ချက်မှာပင် ဟွမ်ရှောင်ရှန်း စော်ကားခံနေရလေပြီ။
“အာ .. အဲဒါ ဟိုအဝါရောင်မြွေပါကောင်မလား .. ဝိုး .. သူက အကောင့်တောင်ရနေပြီလား.. သူ့ပရိုဖိုင်မှာ ရေးထားတာက ‘ကျီပန်တောင်မှ ဟွမ်ရှောင်ရှန်း’တဲ့ .. ကျီပန်တောင်ကို အဝါရောင်မြွေပါမိသားစုက တရားမဝင်သိမ်းထားတာလို့ငါကြားတယ် .. ကျီပန်တောင်လို နေလို့ကောင်းတဲ့နေရာတစ်ခုက အခုတော့ မြွေပါအုပ်လက်ထဲမှာ အလကားဖြစ်သွားပြီ”
“ဘုရားရေ .. ဒါက ဘယ်လိုမှော်ဆန်မှုမျိုးလဲ .. အဝါရောင်မြွေပါတွေက ဘယ်တုန်းက သူတို့ကိုယ်ပိုင်အကောင့်ရသွားတာလဲ .. ဒီလောကကြီးက တကယ်ပြောင်းလဲနေပြီပဲ .. ငါမှတ်မိတာမမှားရင် ဒီကောင်က အရင်တစ်ခေါက်တုန်းက ချူဖုန်းရိုက်တာကို သေမတတ် ခံလိုက်ရတဲ့ကောင်မလား .. သူ့ခန္ဓာကိုယ်ထဲမှာ အကောင်းအတိုင်းကျန်တဲ့အရိုးတစ်ချောင်းမှ မရှိဘူးလို့ ငါကြားတယ် .. အဲဒါကို သူက အခု လူရှေ့ထွက်လာရဲတယ်လား .. သူ ဘာဆေးစားမှားသွားတာလဲ..”
မှတ်ချက်များကိုဖတ်ပြီး ဟွမ်ရှောင်ရှန်း ဒေါသထွက်လာသည်။ သူ့အကြံမှာ ဤငယ်ရွယ်ကာ စွမ်းအားကြီးသည့် သားရဲလူငယ်များ၏ပုံများတင်ကာ အာရုံစိုက်ခံရအောင်လုပ်လိုခြင်းပင်။ သို့သော် ယခုတော့ သူသည် လူထု၏ ပစ်မှတ်ဖြစ်နေသည်။ အင်တာနက်ပေါ်မှ လူများမှာ တစ်စုံတစ်ယောက်ကို လှောင်ပြောင်ရာ၌ အတော်ဆုံးပင်။
သူ အာရုံစိုက်ခံခဲ့ရသော်လည်း ကောင်းသည့်အာရုံစိုက်ခြင်းမျိုးမဟုတ်ခဲ့။ မှတ်ချက်တိုင်းမှာ သူ့ကို စော်ကားပြောဆိုနေသည့် မှတ်ချက်များပင်။
ထို့နောက် သူ လုပ်လိုက်သည့်လုပ်ရပ်မှာ အနည်းငယ် ဉာဏ်နည်းသွားကြောင်း သူ စဉ်းစားမိလိုက်သည်။ သူ လူထုရှေ့သို့ စောစောထွက်မလာသင့်။
ထို့နောက် သူ ခုန်းရှန် ဘောဓိအုပ်စုသို့ သွားလည်စဉ်က ပုံကို တင်လိုက်သည်။ ထိုပုံထဲတွင် ကျန်းလော့ရှန်းသည် ခုန်းရှန်ဘေးတွင် နာနာခံခံထိုင်နေသည်ပင်။ သူမသည် အင်အားကြီးအဖွဲ့အစည်းတစ်ခု၏ သမီးဖြစ်သော်လည်း ဤဓာတ်ပုံထဲတွင်တော့ သူမသည် အစေခံနှင့် တူနေသည်။
“ဒီအဖွဲ့အစည်းက မင်းတို့လူသားတွေ လေးစားပြီး အမြင့်မှာထားတဲ့ အဖွဲ့အစည်းဖြစ်နေတော့ရော ဘာဖြစ်လဲ .. သူတို့တွေက ဒေါင်းမိသားစုရှေ့မှာတော့ ဦးညွှတ်နေရမှာပဲ” ဟွမ်ရှောင်ရှန်း၏မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ဤဓာတ်ပုံမှာ အင်တာနက်ပေါ်၌ သေချာပေါက် အုတ်အော်သောင်းတင်းဖြစ်သွားစေသည်။
ဤဓာတ်ပုံမှာ ပုံအသစ်မဟုတ်။ လွန်ခဲ့သည့်ရက်အနည်းငယ်က တင်ပြီးသားပင်။ ဘောဓိနှင့် ဒေါင်းလူမျိုးစုတို့နှစ်ဖွဲ့လုံး ဗောဓိတောင်ကို မျက်စိကျနေသောကြောင့် သူတို့နှစ်ဖွဲ့သည် တောင်ကို အတူတကွ အုပ်ချုပ်ရန်အတွက် သဘောတူညီမှု လုပ်ခဲ့ကြမည်ပင်။
“ချူဖုန်း သူ့ဖင်ကို ကန်လိုက်လို့ ချူဖုန်းကို တမင်သက်သက် ရန်စနေတာ” တစ်စုံတစ်ယောက် ဆန်းစစ်လိုက်သည်။
ချူဖုန်းနှင့် ကျန်းလော့ရှန်းကြားတွင် ကောလဟာလများစွာ ရှိခဲ့သည်ပင်။ သူ ဤပုံတင်ရသည့် ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်ပင်။ ချူဖုန်းနှင့် သူ့ချစ်သူဟု သမုတ်သည့်သူကို စော်ကားလိုသောကြောင့်ပင်။
ဟွမ်ရှောင်ရှန်း နှာခေါင်းရှုံ့လိုက်သည်။ အမုန်းမှတ်ချက်များနှင့် စော်ကားသည့်စကားလုံးများကို သူ အရေးစိုက်မနေတော့။ လင်းနွိုင်နှင့် ဓာတ်ပုံတစ်ပုံကို သူ ထပ်တင်လိုက်သည်။
ထိုပုံအောက်တွင် သူ စာအချို့ ရေးခဲ့သေးသည်။ ‘အစ်ကိုခုန်းက မစ္စလင်းရဲ့ ဖျော်ဖြေမှုကို တကယ်နှစ်သက်ခဲ့ပါတယ်’
ဤသည်မှာ ဘလိုင်းကြီး ရန်စလိုက်ခြင်းပင်။ ချူဖုန်းနှင့် လင်းနွိုင်ကြားမှ အချစ်ပုံပြင်မှာ အားလုံး ကြားဖူးပြီး အသေးစိတ်ပြန်ပြောနိုင်သည့်ပုံပြင်တစ်ပုဒ်ပင်။ ယခုထိပင် သူတို့ သူငယ်ချင်းကောင်းများဖြစ်နေဆဲပင်။
“သောက်ကျင့်ယုတ်တဲ့ မြွေပါကောင်..”
“အရင်ကတည်းက ချူဖုန်း သူ့ကို သေအောင် ရိုက်သတ်လိုက်ရမှာ..”
..
ဟွမ်ရှောင်ရှန်းကို အကောင်းပြောသည့် စကားလုံးတစ်လုံးမှမရှိ။
အချို့လူများသည် ထိုဓာတ်ပုံများကို ကျန်းလော့ရှန်းနှင့် လင်းနွိုင်ထံသို့ ပို့လိုက်ကာ သူတို့အကောင့်များမှ ရှင်းပေးရန် ပြောလိုက်သည်။
‘လာလည်တဲ့ဧည့်သည်ကို ဧည့်ခံရတာက သာမန်ယဉ်ကျေးမှုပဲ .. ဒီမြွေပါလေးက ဘာသောက်ပေါအလုပ်တွေ လုပ်ချင်နေမှန်း ငါမသိဘူး”
လူများစွာသည် ဤပို့စ်ကို ဟွမ်ရှောင်ရှန်းထံ ပြန်ပို့ကာ လှောင်ရယ်လိုက်ကြသည်။
“ဟေး .. မြွေပါလေး .. မင်းကြားလား .. မင်းက ဘာသောက်ပေါအလုပ်တွေ လုပ်နေတာလဲ.. ဟမ်..”
“ဟား ဟား .. သောက်ပေါကောင်..”
ထို့နောက် လင်းနွိုင်၏ တုံ့ပြန်မှုမှာ ပို၍ရိုးရှင်းကြောင်း တွေ့လိုက်ရသည်။ ‘ဟွမ်ရှောင်ရှန်းဟုတ်လား .. ဒါက ဘာကြီးလဲ..”
ယခုတစ်ခေါက်တော့ ဟွမ်ရှောင်ရှန်း ပို၍ ဒေါသထွက်နေလေပြီ။ သူသည် လူသားဘာသာစကားကို ကျွမ်းကျင်နေပြီဖြစ်သောကြောင့် ‘ဘာလဲ’ နှင့် ‘ဘယ်သူ’၊ ‘အဲဒီလူ’ နှင့် ‘အဲဒါ’ ကြားမှ ကွာခြားချက်ကို သိသည်ပင်။
“ဟား ဟား ဟား…”
လူများ သူ့ကို ရယ်မောလာကြလေ၏။
“စောင့်ကြည့်နေလိုက် .. ခဏနေရင် ငါ မင်းတို့ကို သတင်းတစ်ခု ထုတ်ပြန်ပေးမယ် .. အဲဒီသတင်းက မင်းတို့ကို ပိုပြီးတော့တောင် ရယ်အောင်လုပ်ပေးနိုင်လိမ့်မယ်” ဟွမ်ရှောင်ရှန်း ပြောလိုက်သည်။
သူ ဟွမ်ရှန်းနှင့် ခုန်းရှန်ကို ဆက်သွယ်လိုက်ကာ တိုက်ပွဲကို တိုက်ရိုက်ထုတ်လွှင့်နိုင်မလားဟု မေးလိုက်သည်။ “အဲဒါက နည်းနည်းပိုလွန်းတယ်လို့ထင်ရင် သူ့ကိုခွေးသေတစ်ကောင်ဖြစ်အောင် ရိုက်ပြီးမှ လွင့်လည်းရတယ် .. သူ ဘယ်လိုခံစားရလဲဆိုတာ အဲဒီလူတွေ သိအောင် ပြရမယ်..”
“ဒါက အကြံကောင်းပဲ..” ခုန်းရှန် ခေါင်းညိမ့်လိုက်သည်။ သူသည် ပုံမှန်အားဖြင့် တည်ငြိမ်ကာ ကျိုးကြောင်းဆီလျော်သည့်သူဖြစ်သော်လည်း ယခုတော့ ထိုသို့မဟုတ်တော့။
အဘယ်ကြောင့်ဆိုသော် ယခင်တစ်ခေါက်က ချူဖုန်းသည် သွေးအေးစွာဖြင့် ခုန်းလင်ခေါင်းကိုဖြတ်လိုက်ပြီး ထိုခေါင်းနှင့် ဓာတ်ပုံတွဲရိုက်ကာ အင်တာနက်ပေါ်၌ တင်ခဲ့သည်ပင်။ ဤသည်မှာ သူ့ကို အတော်လေး ဒေါသထွက်ကာ အရှက်ရစေခဲ့သည်ပင်။
ယခုတစ်ခေါက်တော့ ချူဖုန်း သူတို့ကို စော်ကားထားခဲ့သမျှ ပြန်ပေးဆပ်ရအောင်လုပ်မည်။ ထို့ကြောင့် စဉ်းစားတွေဝေခြင်းမရှိပဲ ဟွမ်ရှောင်ရှန်း၏ အကြံပြုချက်ကို သဘောတူလိုက်သည်။
ဟွမ်ရှောင်ရှန်း အလွန်ပျော်ရွှင်သွားရသည်။ “ငါ့သူငယ်ချင်းတစ်ယောက်က အမဲလိုက်တော့မယ်လို့ မင်းတို့ကို ပြောထားပြီးသား .. မင်းတို့ တော်တော်လေးကံကောင်းတယ် .. ဘာလို့လဲဆိုတော့ ငါတို့တွေ အမဲလိုက်တာကို မင်းတို့ကို တိုက်ရိုက်ထုတ်လွှင့်ပြမယ် .. ပြီးတော့ ငါတို့ကစားပွဲရဲ့ ဓာတ်ပုံတွေကိုလည်း တင်ပေးမှာ”
ဒီအဝါရောင်မြွေပါကောင်က ဘာပြောချင်နေတာလဲ.. ဤအဝါရောင်မြွေပါကောင် မကောင်းတာ တစ်ခုခုလုပ်တော့မည်ဟု ယုံကြည်ထားကြသောကြောင့် သူတို့ ထိတ်လန့်လာကြသည်။
သူတို့ ချူဖုန်းကို တိုက်ကြတော့မှာလား .. ဤဖြစ်နိုင်ချေကို တွေးမိလိုက်သည်နှင့် လူအများ စိတ်လေးလံသွားရသည်။ ဤသားရဲများ၏ သဘာဝကို သိနေကြသောကြောင့် ဤဖြစ်နိုင်ချေမှာ သူတို့စိတ်ထဲ ပထမဆုံးပေါ်လာသည့်အရာပင်။ သူတို့ ဘယ်လိုလုပ် ချူဖုန်းကို လက်စားမချေပဲ နေကြမည်နည်း..
“မင်းတို့တွေ ဘာလုပ်ကြမလို့လဲ အဝါရောင်မြွေပါကောင်..” လူအချို့ မှတ်ချက်များ၌ ရေးလာကြသည်။
ဟွမ်ရှောင်ရှန်း ပြုံးလိုက်ကာ ကီးဘုတ်ပေါ်၌ မြန်မြန်ရိုက်လိုက်သည်။ “ဘာမှမဟုတ်ပါဘူး .. ငါတို့မိသားစုရဲ့ ရိုးရာအမဲလိုက်ပွဲလေးပါပဲ .. သားကောင်က တွမ်ဖြစ်နိုင်သလို ဟယ်ရီလည်းဖြစ်နိုင်တယ် .. ဒါမှမဟုတ် အကောင်ကြီးကြီးတစ်ကောင်လည်းဖြစ်နိုင်တယ် .. စောင့်ကြည့်နေလိုက်ပါ .. မကြာခင် မင်းတို့အဖြေရလာလိမ့်မယ် .. ငါတော့ အရမ်းကို မျှော်လင့်နေပြီ..”
အင်တာနက်ပေါ်မှ လူများ ဆူပူလာကြသည်။
ယုယန်ချင်း၊ တိဟွိုင်ကျင်းနှင့် ယဲ့ချင်းရုန်တို့မှာ ပို၍ပင် စိတ်ပူနေကြသည်။ သူတို့ စိတ်ထဲ အရင်ရောက်လာသည်မှာ ဤလူများ ချူဖုန်းကို အနံ့ခံမိသွားပြီဟူသည့် အတွေးပင်။ သန္ဓေပြောင်းသားရဲများ သူ့ကို သွားသတ်နေကြလေပြီ။
ခဏကြာပြီးနောက် ဤသည်မှာအားလုံး၏ ခန့်မှန်းချက် ဖြစ်လာသည်။
“ဘုရားရေ .. တစ်ယောက်ယောက် ချူဖုန်းကို ကယ်ဖို့လိုတယ် .. သန္ဓေပြောင်းသားရဲတစ်ကောင် ဒီလောက် သေသေချာချာကြီးတင်ထားရင် ဒါ သူတို့အနိုင်ရဖို့ သေချာလို့ပဲ .. ချူဖုန်း အသက်အန္တရာယ်ရှိနေပြီ..”
သို့သော် လူများ၏ စိုးရိမ်ပူပန်မှုများမှာ ဘာမှအလုပ်မဖြစ်။ အဘယ်ကြောင့်ဆိုသော် ချူဖုန်း မည်သည့်နေရာ၌ ရှိနေသည်ကို မည်သူမှ မသိသလို မည်သူမှလည်း သူ့ကို မဆက်သွယ်နိုင်။
“အိုး စနေပြီပဲ .. အားလုံးပဲ ရှုစားလိုက်ပါဦး..” ဖန်သားပြင်နောက်ကွယ်တွင် ဟွမ်ရှောင်ရှန်း ရယ်မောနေလေ၏။ ထို့နောက် သူ တိုက်ရိုက်ထုတ်လွှင့်နေသည့် ဝဘ်ဆိုဒ်လင့်ကို သူ့အကောင့်၌ တင်လိုက်သည်။
သူ လင့်တင်လိုက်သည်နှင့် လူများ အုပ်လိုက် ရောက်လာကြသည်။ သူတို့ စိုးရိမ်နေကြသော်လည်း သိလည်းသိချင်နေကြသည်။
ဗီဒီယိုမှာ စနေလေပြီ။ အဝေးမှ လေယာဉ်တစ်စင်း ခပ်နိမ့်နိမ့်ပျံသန်းလာနေသည်ကို သူတို့မြင်နေရသည်။
ချူဖုန်းမှာ လေယာဉ်ထဲ၌ ထိုင်နေဆဲဖြစ်သော်လည်း ခဏကြာပြီးနောက် သူတို့လမ်းကြောင်းကို သန္ဓေပြောင်းငှက်တစ်အုပ် တားဆီးနေကြောင်း သူတွေ့လိုက်ရသည်။
သူ့ကို တိုက်ခိုက်မည့်သူများ လန့်သွားမည်စိုးသောကြောင့် သူ့ဆံပင်ရှည်ကြီးကို ညှပ်ပစ်လိုက်ပြီဖြစ်သည်။ ဒေါင်းမိသားစု မောက်မာကာ ကိုယ့်ကိုကိုယ်ယုံကြည်ချက် ရှိနေရန်လိုအပ်သည်။ သို့မှသာ သူတို့အားလုံးကို တစ်ခါတည်း ရှင်းပစ်ရန် လွယ်ကူလိမ့်မည်။
“ဆင်းမယ်..” ချူဖုန်း ပြောလိုက်သည်။ သို့မှသာ သူ လေထဲ၌ ပစ်မှတ်ထားခံရခြင်းမှ ကင်းလွတ်သွားလိမ့်မည်။
မြေပြန့်တစ်နေရာ၌ လေယာဉ်ဆင်းသက်လိုက်သည်နှင့် ချူဖုန်း လေယာဉ်ထဲမှ ဆင်းလာသည်။
“ဘုရားရေ .. အဲဒါ တကယ် ချူဖုန်းပဲ.. အဲဒီငှက်တွေက သူ့လမ်းကိုပိတ်ထားတာ .. သူ ဒုက္ခရောက်နေပြီ..”
သူတို့ဖုန်းမှ ဤမြင်ကွင်းကို တွေ့သည်နှင့် လူများ ထိတ်လန့်ကြောက်ရွံ့သွားကြရသည်။ သန္ဓေပြောင်းများသည် တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားသည့်ပုံပင်။ တိုက်ပွဲအား တိုက်ခိုက်ထုတ်လွှင့်ထားသည်ကို ကြည့်ခြင်းအားဖြင့် သူတို့ မည်မျှယုံကြည်ချက်ရှိသည်ကို သိနိုင်သည်။
“သားကောင် ရောက်လာပြီ .. ပျော်ပျော်ကြီး အမဲလိုက်ကြပါ..” ဟွမ်ရှောင်ရှန်းသူ့အကောင့်၌ ရေးလိုက်သည်။ အင်တာနက်မှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်လာသည်။
လူအများစုမှာ အဝါရောင်မြွေပါကောင်နေသည့်နေရာကို လိုက်ရှာပြီး သူ့ကို ချက်ချင်းသတ်ပစ်ချင်နေကြပြီဖြစ်သည်။
“ဒါက ငါနဲ့ဘာမှမဆိုင်ဘူးနော် .. ငါက ငါ့သူငယ်ချင်းတွေဆီကနေ ကြားရတဲ့ နောက်ဆုံးရသတင်းတွေကို ပြန်တင်ပေးနေရုံပဲ.. မင်းတို့တွေက ဘာတွေ စိုးရိမ်နေတာလဲ .. တိုက်ခိုက်တာကို မင်းတို့ကြည့်လို့ရတုန်း ကြည့်ထားလိုက်စမ်းပါ .. ဘယ်သူက မုဆိုးဖြစ်ပြီး ဘယ်သူက သားကောင်ဖြစ်သွားမလဲဆိုတာ ကြည့်ကြတာပေါ့ .. ဘယ်သူပြောနိုင်မလဲ ကစားပွဲက အလှည့်အပြောင်းတွေ ဖြစ်လာနိုင်တာပဲလေ” သူ ထပ်တင်လိုက်သည်။
သူသည် လူအားလုံးကို ဒေါသထွက်အောင်လုပ်ပြီး ရန်စနေလေသည်။
အပိုင်း ၁၂၉ ပြီး၏။