အပိုင်း ၁၄၈•၁
” ပြင်းထန်တဲ့စမ်းသပ်မှုစတင်ပြီ ”
°°°
ဟို့ယွိဟောင်က ဟယ့်ချိုက်ထို့ဘက်ကို လှည့်ကြည့်လိုက်ပါတယ်။ ဟယ့်ချိုက်ထို့က တည်ငြိမ်နေတဲ့ပုံပေါ်ပေမဲ့ သူ့ရဲ့မျက်လုံးတွေကတော့ စိတ်လှုပ်ရှားမှုတွေကို အထင်သားထုတ်ဖော်နေခဲ့ပါပြီ။ ဟို့ယွိဟောက် လှည့်ကြည့်လာတာကိုမြင်ချိန်မှာတော့ ဟယ့်ချိုက်ထို့က ပြန်ပြုံးလိုက်တယ်။
” ဘာဖြစ်လို့လဲ ဒါကငါရဲ့ရွေးချယ်မှုလေ ငါရဲ့အခန်းကဏ္ဍာက ဒီပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ထဲမှာ မင်းထက်တောင်ပိုပြီးအရေးကြီးသေးတယ် ”
°°°°
ဟို့ယွိဟောင်ကအခုအချိန်မှာ အရွယ်ရောက်သေးသူမဟုတ်ပေမဲ့ သက်တူရွယ်တူတွေထက်ကို အများကြီးပိုပြီးရင့်ကျက်ပါတယ်။ ဖန်းယွီရဲ့ စကားတွေအရဒီအစီအစဥ်ရဲ့အဓိက ဘယ်သူဆိုတာဘယ်လိုလုပ်နားမလည်နိုင်ပဲရှိမှာလဲ။ ဟယ့်ချိုက်ထို့က သူ့ထက်အများကြီးပိုပြီးသင်ယူလို့ရပေမဲ့ ကိုယ်ပိုင်ကျင့်ကြံဆင့်နဲ့ ဖျက်ဆီးတဲ့နေရာမှာကတော့ ဟို့ယွိဟောင်လောက်မလုပ်ရပါဘူး။
ဖန်းယွီက ဟို့ယွိဟောင်ရဲ့ပုခုံးကိုပုတ်ရင်းပြောလာခဲ့ပါတယ်။
” ယွိဟောင် အများကြီးတွေးမနေနဲ့ ချိုက်ထို့က ဒီအစီအစဥ်မှာ မင်းကိုကူညီပေးလိမ့်မယ်…မင်းရဲ့အနာဂတ်ကျင့်ကြံမှုက နှေးကွေးနှောင့်နှေးလို့မရဘူး…ကျောင်းတော်က မင်းကိုသော့်လော့ဖြစ်အောင် အမြန်ဆုံးမြေတောင်မြောက်ပေးဖို့အတွက် နည်းလမ်းကိုရှာဖွေပေးလိမ့်မယ်…ဒါ့အပြင် ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်အတွက်လဲ ကျောင်းတော်ကနေအများကြီးအားထုတ်ရတယ်…ဒါကြောင့် ငါတို့လဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြမယ်…မင်းအနေနဲ့ ဒီအချိန်မှာ ကြမ်းတမ်းတဲ့လေ့ကျင့်မှုကို သင်ကြားမှုတွေကိုရော ကျော်ဖြတ်ပြီ ကိုယ့်ကိုယ်ကို ဘယ်လိုတိုးတက်ရမလဲဆိုတာကိုပဲ အာရုံစိုက် ”
” ဟုတ်ကဲ့ပါဆရာ ”
ဟို့ယွိဟောင်နောက်ထပ်မပြောတော့ပါဘူး။ ဒါပေမယ့် သူ့အစ်ကိုရဲ့ဒီလက်လျှော့မှုကိုတော့ ဘယ်တော့မှမမေ့မှာအမှန်ပါပဲ။
” အစီအစဥ်ရဲ့ပထမနေ့မှာ မင်းတို့နှစ်ယောက်ကိုစမ်းသပ်ချက်တစ်ခု ဖြတ်ကျော်ခိုင်းရလိမ့်မယ်…သွားပြီပြင်ဆင်ထားကြ မင်းတို့ပြင်ဆင်နေတဲ့အချိန် ငါလိုအပ်တဲ့စီစဥ်မှုတွေကို လုပ်ထားလိုက်မယ်…တစ်နာရီအတွင်းသားရဲကောင်တိုက်ပွဲနယ်မြေမှာပြန်တွေ့ကြမယ်…ဒီစမ်းသပ်ချက်အတွင်းမှာ မင်းတို့အနေနဲ့ ဘယ်လိုအရည်အချင်းကိုပဲမဆို အစွမ်းအစကိုပဲမဆို ထုတ်သုံးလို့ရတယ်..၀ိညာဥ်လက်နက်တွေလဲသုံးလို့ရတယ်…ရွေ့လျား၀ိညာဥ်လက်နက်တွေကလွဲပြီ အားလုံးကိုခွင့်ပြုထားတယ် ”
ဖန်းယွီထွက်ခွာသွားချိန်မှာတော့ ဟယ့်ချိုက်ထို့က သူကိုယ်သူ၀ိညာဥ်လက်နက်တွေအများကြီး တပ်ဆင်ရင်း အလုပ်များနေခဲ့ပါတယ်။
” အစ်ကိုကြီး ဒီစမ်းသပ်ချက်က ဘာဖြစ်မလဲဆိုတာသိရဲ့လားကျွန်တော်တို့တွေက သားရဲကောင်တိုက်ခိုက်ရေးနယ်မြေမှာ ၀ိညာဥ်သားရဲကောင်တွေနဲ့ တိုက်ခိုက်ရမှာဟုတ်တယ်ဟုတ် ”
ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။
” ငါလဲမသိဘူးလေ ဒါပေမယ့် ဆရာပြောပုံအရဆိုရင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ရှိသမျှအရင်းအမြစ်တွေအားလုံးကို ငါတို့အပေါ်မှာရင်းနှီးထားတယ်တဲ့ ၀ိညာဥ်သားရဲကောင်တွေလဲ ဒီအတိုင်းတိုက်ခိုက်ရမယ်လို့တော့ ငါတော့မထင်ဘူး..ငါတို့တွေသေချာပြင်ဆင်ထားမှရမယ်…ငါထင်တာသာမမှားဘူးဆိုရင် ဒီနေ့စမ်းသပ်ချက်က စတင်ပြီမလေ့ကျင့်ခင်မှာ ငါတို့ဘယ်လောက်အထိ အစွမ်းအစထုတ်နိုင်မလဲဆိုတာကို စမ်းသပ်ဖို့ပဲဖြစ်ရမယ်..ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်က ပြင်ပအတွေ့အကြုံတွေအပါ်မှာ အဓိကအာရုံစိုက်တယ်…ဒါကြောင့် အခုအချိန်ကနေစပြီ ရက်ပတ်တစ်ခုချင်းဆီတိုင်းမှာ လက်တွေ့လေ့ကျင့်မှုတွေဆင်းရလိမ့်မယ် ..ငါတို့ရဲ့လေ့ကျင့်မှုတွေအားလုံးက ဆက်တိုက်လေ့ကျင့်ပြီတော့ ထုတ်သုံးနေဖို့ပဲ ”
” ဟုတ်ကဲ့ ကောင်းပါပြီ ”
ဟို့ယွိဟောင်က လက်သီးကိုဆုပ်လိုက်ရင်းနဲ့ ယုံကြည်ချက်အပြည့်ဖြစ်နေခဲ့ပါတယ်။ သူရဲ့အစွမ်းအစတွေက တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲကို ၀င်ရောက်ယှဥ်ပြိုင်ပြီကထဲကစလို့ ဆက်တိုက်တိုးမြင့်နေခဲ့တာပါ။ ဒါ့အပြင် မဟာကြယ်တာရာသစ်တောထဲမှာ သူဘာတွေကိုရရှိခဲ့လဲဆိုတာ သူဆရာတောင်မသိခဲ့ပါဘူး။ ဒါကြောင့် ဒီစမ်းသပ်ချက်ကို ဖြတ်ကျော်ရင်းသူ့ဆရာကို အံ့ဩအောင်လုပ်ဖို့စီစဥ်ထားခဲ့ပါတော့တယ်။
ဟို့ယွိဟောင်အများကြီးမပြင်ဆင်ခဲ့ပါဘူး။ သူ့လဲပြင်ဆင်စရာသိပ်မရှိလို့ပါ။ ဒီလတွေမှာ၀ိညာဥ်လက်နက်တွေကို မတည်ဆောက်သေးတာကြောင့် ၀ိညာဥ်လက်နက်က နည်းနည်းပါးပါးပဲ သူ့မှာရှိနေခဲ့ပါတယ်။ အသန်မာဆုံးတစ်ခုကတော့ သွက်ချာပါဒအလင်းတန်းပါပဲ။ အခုလက်ရှိအချိန်မှာကတော့ တင်ပလ္လင်ခွေချိတ်ထိုင်ရင်းနဲ့ ၀ိညာဥ်စွမ်းအားတွေကို အပြည့်၀ဆုံးအခြေအနေရောက်အောင် အားထုတ်ဖို့အတွက် သူပြင်နေခဲ့ပါတော့တယ်။ မကြာခင်မှာပဲ ဟယ့်ချိုက်ထို့လဲ ပြင်ဆင်နေတာပြီးသွားခဲ့ပါပြီ။
တစ်နာရီကြာပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်စလုံးက သားရဲကောင်တိုက်ခိုက်ရေးနယ်မြေဆီကိုသွားကြပါတော့တယ်။ အဲ့ဒီနေရာမှာက စာသင်ကြားချိန်ဖြစ်တဲ့အတွက် လုံး၀ကိုတိတ်ဆိတ်ငြိမ်သက်လို့နေခဲ့ပါတယ်။ သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီတဲ့နောက် အထဲကို၀င်လာခဲ့ပါပြီ။ သားရဲကောင်တိုက်ခိုက်နယ်မြေမှာကတော့ အရေးပါအရာရောက်တဲ့ အုပ်ချုပ်ပိုင်းကသူတွေ စောင့်ဆိုင်းနေခဲ့ပါတယ်။ အလယ်မှာရှိနေတဲ့သူကတော့ သူတို့တစ်ခေါက်တွေ့ခဲ့ဖူးတဲ့ ကုန်ချန်းလုံပါပဲ။
အမျက်ဒေါသကျောင်းတော်ရဲ့အကြီးမားဆုံးအားထုတ်ရတဲ့နယ်မြေနဲ့ သားရဲကောင်တိုက်ခိုက်ရေးနယ်မြေက ကျောင်းတော်မှအကြီးမားဆုံးအဆောက်အအုံကြီးလဲ ဖြစ်နေခဲ့ပါသေးတယ်။ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ရဲ့ အတန်းဆောင်တွေအားလုံးပေါင်းစည်းတာထက်ကို ကျယ်၀န်းတဲ့နယ်မြေကြီးကို ပိုင်ဆိုင်လို့ထားခဲ့ပြီ အမျက်ဒေါသရင်ပြင်ကျယ်ထည့်ပေါင်းမယ်ဆိုရင်တောင် ဒီနေရာကိုမမီသေးပါဘူး။ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့က အဲ့ဒီနေရာကို အပြေးလေးသွားလိုက်ကြပါတယ်။
” ကျောင်းအုပ်ရှန် ကျောင်းအုပ်ချင်း ဆရာကုန်နဲ့ ဆရာတို့ကို ဂါရ၀ပြုပါတယ် ”
သူတို့နှစ်ယောက်က ဖန်းယွီအပါအ၀င်အားလုံးကို အရိုအသေပေးလိုက်တယ်။
ကုန်ချန်းလုံက ဟို့ယွိဟောင်ကို အတော်လေးအထင်ကြီးပါတယ်။ ဟို့ယွိဟောင်က နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့အရှိန်အ၀ါကို တုပလိုက်တဲ့အတွက် သူတို့ရဲ့နယ်မြေတစ်ခုလုံး ပရမ်းပတာဖြစ်သွားခဲ့ဖူးတယ်။ ဒါကြောင့် တော်တော်လေးရှင်းလင်းဖို့တောင်အချိန်ယူလိုက်ရပါသေးတယ်။
ကုန်ချန်းလုံက မျက်မှောင်ကြုတ်ရင်းနဲ့ မေးလာခဲ့တယ်။
” ကျောင်းအုပ်ရှန်နဲ့ အဘိုးကြီးချင်း မင်းတို့နှစ်ယောက်တကယ်ပဲ အဲ့ဒါလုပ်မှာသေချာရဲ့လား ဒီကလေးနှစ်ယောက်က အခုမှအသက်ဘယ်လောက်ရှိသေးလဲ ပြန်ကြည့်ကြည့်ဦး တစ်ခုခုဖြစ်ကုန်ရင်းဘယ်လိုလုပ်မလဲ ”
ရှန်လင်းအယ်က ပြန်ဖြေလာခဲ့ပါတယ်။
” အကြီးအကဲကုန် အကယ်၍ ဒီလိုမလုပ်ဘူးဆိုရင် သူတို့ဘယ်လောက်အထိ အစွမ်းအစပြနိုင်မလဲဆိုတာကို ဘယ်လိုလုပ်စမ်းသပ်လို့ရနိုင်မှာလဲ သူတို့ရဲ့အနာဂတ်အရည်အချင်းနဲ့ အစွမ်းအစတွက သေရေးရှင်ရေးအခြေအနေမျိုးမှာပဲ အပြည့်အ၀ထွက်ပေါ်နိုင်တာ ”
ကျောင်းအုပ်ရှန်ရဲ့စကားကိုကြားချိန်မှာ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်စလုံးမျက်လုံးပြူးသွားပါတော့တယ်။ ဘယ်လိုကြောင့်များ သေရေးရှင်ရေးအခြေအနေက ပါ၀င်လာရတာလဲ သူတို့ပြောတာစမ်းသပ်မှုပဲဆို။
ကုန်ချန်းလုံက ပြန်ဖြေလာခဲ့တယ်။
” ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ပြဿနာမဖြစ်စေဖို့မျှော်လင့်ပါတယ်…ငါလဲဒီကိစ္စနဲ့ပတ်သက်ပြီ သဘောမတူချင်ဘူး…ဒီကလေးတွေရဲ့ အသက်အန္တရာယ်အတွက် ငါကတာ၀န်ရှိတဲ့သူဖြစ်နေပြီလေ ”
ရှန်လင်းအယ်က တံဆိပ်ပြားတစ်ခုကို ထုတ်ယူလာခဲ့ပါတယ်။ တံဆိပ်ပြားက အပြာရောင်ဖျော့ဖျော့အလင်းတန်းတွေတောက်ပနေခဲ့ပြီ လှည့်ပတ်နေတဲ့သင်္ကေတတစ်ခုလဲ ရှိနေခဲ့တယ်။
” အကြီးအကဲကုန် ပင်လယ်နတ်ဘုရားခန်းမဆောင်ကနေ ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ကိုစတင်ဖို့အတွက် ခွင့်ပြုချက်ရပြီးပါပြီ ဒါကြောင့် ကျောင်းတော်မှာရှိသမျှအရင်းအမြစ်တွေအားလုံးကို သူတို့အတွက် အသုံးပြုခွင့်ရထားတယ်…ကျေးဇူးပြုပြီး သဘောတူထားတဲ့အတိုင်းစကြတာပေါ့ ”
ရှန်လင်းအယ်က ကျောင်းတော်ရဲ့ကျောင်းအုပ်တွေထဲမှာ အာဏာအရှိဆုံးသူတွေထဲက တစ်ယောက်ပါပဲ။ ဒါကြောင့် သူမရဲ့စကားတွေက အတော်ကိုဖိအားများစေခဲ့ပါတယ်။
ဒီအပြာရောင်တံဆိပ်ပြားကိုမြင်ချိန်မှာတော့ အကြီးအကဲကုန်ရဲ့အမူအရာက လုံး၀ကိုပြောင်းလဲသွားပါတော့တယ်။ သူနောက်ထပ်မပြောတော့ပဲ လှည့်ထွက်လို့သွားခဲ့ပါပြီ။ ပင်လယ်နတ်ဘုရာခန်းမဆောင်ရဲ့ သဘောတူညီချက်အမိန့်ပြားက အမျက်ဒေါသကျောင်းတော်ရဲ့အဆင့်အမြင့်ဆုံးတံဆိပ်ပြားပါပဲ။ ဒါကိုခန်းမဆောင်ထဲမှာ အစည်းအဝေးပွဲပြုလုပ်ပြီတော့မှသာ ထုတ်ပေးနိုင်တာပါ။ ယာယီသာအသုံးပြုလို့ရပြီ ခန်းမဆောင်ကိုချက်ချင်းပြန်ပေးရမှာဖြစ်ပါတယ်။
ပင်လယ်နတ်ဘုရားအမိန့်ပြားကိုမြင်တာနဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ရှိရှိသမျှလူတွေအားလုံးက လှုပ်ရှားကြရပါတယ်။ ကျောင်းတော်ကနေ သင်ကြားမှုပြီဆုံးသွားတဲ့ ကျောင်းသားတွေကို ပြန်ခေါ်ယူနိုင်ရုံတင်မက မြို့တော်ထဲမှာ ရှိရှိသမျှလူပစ္စည်းနဲ့ ငွေကြေးအရင်းအမြစ်တွေအားလုံးကို နေရာပြောင်းရွေ့ချထားနိုင်တဲ့အမိန့်အာဏာရှိတံဆိပ်ပြားပါပဲ။ အကြီးအကဲမုကလွဲပြီ ဒီအမိန့်ပြားရဲ့ အာဏာကိုဘယ်သူမဆိုနားထောင်ရမှာပါ။ အကြီးအကဲရွှမ်လဲ ချွင်းချက်မရှိပါဘူး။ အကယ်၍ တစ်စုံတစ်ရာဖြစ်လာခဲ့မယ်ဆိုရင် လုပ်ငန်းတာ၀န်ကိုပြီးဆုံးမှသာ အကြီးအကဲမုက ဒီတံဆိပ်ပြားကိုပြန်သိမ်းရမှာပါ။
ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်ကတော့ ဒီတံဆိပ်ပြားအကြောင်းကို မသိကြသေးပါဘူး။ လက်ရှိအချိန်မှာ စမ်းသပ်ချက်အကြောင်းကိုသာ စိုးရိမ်ပူပန်းနေခဲ့ကြပါတယ်။
” ဖန်းယွီ သူတို့ကိုစမ်းသပ်ချက်အကြောင်းပြောလိုက်တော့ ”
ရှန်လင်းအယ်က ဖန်းယွီက လှမ်းပြောလိုက်ပါတယ်။
” ချိုက်ထို့နဲ့ ယွိဟောင် ငါတို့တွေမင်းတို့ရဲ့အစွမ်းအစတွေဘယ်လောက်အထိ ရောက်နိုင်မလဲဆိုတာကို စမ်းသပ်ကြလိမ့်မယ်…မင်းတို့နှစ်ယောက်အနေနဲ့ ဒီစမ်းသပ်ချက်မှာအင်အားကိုလုံး၀ချွင်းချန်ထားလို့မရဘူး…ဒီစမ်းသပ်ချက်မှာ ၀ိညာဥ်သားရဲကောင်တွေကို ဆက်တိုက်ထည့်သွင်းပြီ မင်းတို့ကိုအားကုန်တဲ့အထိတိုက်ခိုက်စေလိမ့်မယ်…မင်းတို့တွေနောက်ထပ်တိုက်ခိုက်နိုင်တဲ့အစွမ်းအစမရှိတော့မှသာ ဒီစမ်းသပ်ချက်က ပြီးဆုံးလိမ့်မယ်..စိညာဥ်သားရဲကောင်တွေကလဲ မင်းတို့ကိုညှာတာမှာမဟုတ်ဘူး…ဒါ့အပြင် ငါတို့တွေက မင်းတို့ရဲ့အသက်အန္တရာယ်ကိုကာကွယ်ဖို့အချိန်မရွေးရှိနေမှာဖြစ်ပေမဲ့ ပြဿနာတစ်ခုခုဖြစ်မလာနိုင်ဘူးဆိုတာ အာမမခံနိုင်ဘူး ”
” ဒါကြောင့်သာ ဒီစမ်းသပ်ချက်တစ်ခုလုံးမှာ မင်းတို့ကိုမင်းတို့ကာကွယ်ဖို့အကောင်းဆုံးကြိုးစားရမယ်…မင်းတို့ပိုပြီးကြာကြာတောင့်ခံလေလေ ပိုများတဲ့၀ိညာဥ်သားရဲကောင်တွေကို တွေ့ကြုံရလိမ့်မယ်…ဒါကစမ်းသပ်ချက်မှာ မင်းတို့ကိုအမှတ်ပိုတိုးတက်စေလိမ့်မယ် ”
” ဒီစမ်းသပ်ချက်အထဲမှာ ၀ိညာဥ်သားရဲကောင်တွေကို မင်းတို့သတ်လို့ရတယ်…ညှာတာနေလို့မရဘူး ယွိဟောင်ရဲ့ ပုံစံတူတုပမှုကို ကန့်သတ်ထားတယ်..သူအနေနဲ့ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့အရှိန်အ၀ါကို တုပပြီတိုက်ခိုက်လို့မရနိုင်ဘူး…ချိုက်ထို့ကတော့ ရွေ့လျား၀ိညာဥ်လက်နက်တွေကို အသုံးပြုလို့မရနိုင်ဘူး…ဒါကလွဲပြီကျန်တာအကုန်သုံးလို့ရတယ် ”
” ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ရဲ့ပထမဆုံးအဓိကလိုအပ်ချက်က ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့ပဲ ဒါကိုစိတ်ထဲထည့်ထားရမယ်…အလယ်ဗဟိုကိုသွားလိုက်တော့ ၀ိညာဥ်သားရဲကောင်တွေက ဘယ်နေရာမှာဘယ်အချိန်မဆို ဘယ်လိုပုံစံမျိုးနဲ့မဆိုပေါ်လာနိုင်တယ်…မင်းတို့တွေဘယ်လောက်အစွမ်းအစရှိမလဲကြည့်ကြတာပေါ့ ”
ဟို့ယွိဟောင်ကတော့ စိတ်ဆုံးဖြတ်ချက်ချပြီးသားဖြစ်ပေမဲ့ ဟယ့်ချိုက်ထို့ကတော့ စိုးရိမ်ပူပန်းနေဆဲပါ။ အကြီးအကဲမုရဲ့ မျှော်လင့်ချက်အကြောင်းတွေးမိပြီလိုက်ချိန်မှာ ဟို့ယွိဟောင်ရဲ့တိုက်ခိုက်လိုစိတ်တွေက ပိုမိုအားကောင်းလို့လာခဲ့ပါတယ်။ ဒါ့အပြင် ဆရာဖန်းယွီက နှစ်ယောက်စလုံးအတွက် အများကြီးမျှော်လင့်ထားသလို ဟယ့်ချိုက်ထို့ကလဲ သူ့အတွက်နောက်ဆုတ်ပေးထားတာပါ။ ဒါကြောင့် သူအကောင်းဆုံးကြိုးစားတိုက်ခိုက်ပြီတော့ ကိုယ့်ကိုကိုယ်သက်သေပြချင်နေခဲ့ပါတယ်။
ဟယ့်ချိုက်ထို့က စိတ်ခံစားချက်တွေအားလုံးကို ပြန်လည်စုစည်းလိုက်ရင်း ဟို့ယွိဟောင်နဲ့အတူတိုက်ခိုက်ရေးနယ်မြေထဲကို ၀င်သွားပါတော့တယ်။
” ညီငယ်လေး ငါတို့ဘယ်လိုစီစဥ်ထားလဲ ”
” အစ်ကိုကြီးကျွန်တော်က အဓိကတိုက်ခိုက်မယ်…အစ်ကိုကြီးက ကျွန်တော်ကို ကာကွယ်ပေးထား ကျွန်တော်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက အချက်ပြတဲ့အတိုင်းအဓိကတိုက်ခိုက် ဒါ့အပြင် ကိုယ်ရဲ့တိုက်ခိုက်မှုတွေအားလုံးကို ထိန်းချုပ်ပြီတစ်ချက်တိုက်ခိုက်ပြီချိန်မှာနောက်ပြန်ဆုတ်ဖို့အတွက် ကြိုးစားကြည့်ပါ ဒါ့အပြင် ဒီတိုက်ပွဲထဲမှာ ကျွန်တော်တို့တွေ့ကြုံရမဲ့၀ိညာဥ်သားရဲကောင်တွေက မနည်းလောက်ဘူးလို့ထင်နေတယ်…ဒါကြောင့် ၀ိညာဥ်စွမ်းအားရော အင်အားကိုပါ သေချာထိန်းသိမ်းပြီတိုက်ခိုက်ရမယ် ”
” ကောင်းပြီ မင်းပြောတဲ့အတိုင်း လုပ်ကြမယ် ”
စမ်းသပ်ချက်စတော့မဲ့အချိန်မှာပဲ သူတို့တွေပိုပြီးစိတ်လှုပ်ရှားလာခဲ့ပါတယ်။ သေရေးရှင်ရေးအခြေအနေကနေ တစ်ခေါက်လွှတ်မြောက်ပြီ ချန်ပီယံဖြစ်လာနိုင်ခဲ့တဲ့သူအတွက် ဒီစမ်းသပ်ချက်က ဘယ်လိုများခက်ခဲစေဦးမှာလဲ။
” သူတို့လာကြပြီ ”
ဟို့ယွိဟောင်က အော်လိုက်ပြီတဲ့နောက် ဟယ့်ချ်ိုက်ထို့ရဲ့ အရှေ့ဖက်ကိုနှစ်လှမ်းတိုးသွားခဲ့ရင်း ဟယ့်ချိုက်ထို့အရှေ့မှာ ပိတ်ရပ်လိုက်ပါတော့တယ်။
၀ံပုလွေပုံသဏ္ဍာန်၀ိညာဥ်သားရဲကောင်က သူတို့ဆီကို ဖြည်းဖြည်းချင်းတိတ်ိတ်ဆိတ်ဆိတ်နဲ့ လာနေခဲ့ပါတယ်။ သူတစ်ချက်ခုန်လိုက်တိုင်းမှာ ပုံရိပ်ယောင်တွေက အပြည့်ဖြစ်နေခဲ့တယ်။
ဒါကတော့ရောင်စဥ်တန်း၀ံပုလွေပါပဲ။ လျှပ်စီးအရှိန်နှုန်းလိုမြန်ဆန်တဲ့၀ိညာဥ်သားရဲကောင်က တစ်နေရာကတစ်နေရာခုန်တဲ့နေရာမှာ အင်မတန်ကိုထူးချွန်ပါတယ်။ ဒီ၀ံပုလွေရဲ့နဖူးမှာတော့ ရွှေရောင်အမွေးတွေက စုစည်းလို့နေခဲ့ပြီ သူ့ရဲ့ကျင့်ကြံဆင့်က နှစ်တစ်ထောင်အထက်ကိုကျော်လွန်နေပြီဆိုတာ ပြသလို့နေခဲ့ပါတယ်။
အပိုင်း ၁၄၈•၁ပြီး၏။