Switch Mode

Chapter – 127

ဘုရင် စွမ်းအား

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၂၇ – ဘုရင်စွမ်းအား

သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ တဟုန်ထိုးတိုးတက်လာသည်ကို သူသိသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ခန္ဓာကိုယ်သည် အနှောင်အဖွဲ့အချို့မှ လွတ်မြောက်သွားသလို ခံစားလိုက်ရသည်။ သူ၏နတ်ဘုရားကဲ့သို့သော အသိစိတ်များ ပို၍စူးရှလာပြီး သူ့အမြင်အာရုံငါးမျိုးလည်း ပို၍ ကောင်းမွန်လာသည်။

သူ့ခန္ဓာကိုယ်မှာ တောက်ပနေသည့် နေလုံးကြီးနှင့် တူနေသည်။ သူ့အသက်ရှူလမ်းကြောင်းတစ်လျှောက် လောင်ကျွမ်းနေပြီး သူ့အရေပြားများလည်း ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။

သူ့ရွှေရောင်ဆံပင်ရှည်များသည် လေအဝှေ့တွင် လူးလွန့်နေပြီး သူ့မျက်ဆံများမှလည်း အံ့အားသင့်စရာကောင်းသည့် ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေသည်။ ပုံပန်းသွင်ပြင်အရဆိုလျှင် ချူဖုန်းသည် နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့် မခြားတော့။

အားလုံးမှာ ခံစား၍ကောင်းလှသည်။ လေထဲ၌ အသက်ဓာတ်လေးများ ရှိနေပြီး မွေးညှင်းပေါက်များမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။

ဤဖြစ်စဉ်မှာ အတော်လေး ထူးခြားလှသည်ပင်။ သူ ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရသည်။ သူ့အတွက်တော့ ယခင်ဘဝမှာ အဆုံးမရှိသည့် နွံထဲနစ်နေသလို ခံစားခဲ့ရပြီး ယခုမှ ထိုနွံထဲမှ လွတ်လာပြီး လေကောင်းလေသန့် ရှူနေရသလို ခံစားလိုက်ရသည်။

“သားရဲဘုရင်တွေက ဒီလိုမျိုးခံစားရတာလား..”

သူသည် နှစ်လက်မထူသည့် သတ္တုနံရံကြီးကို လက်သီးဝေ့ရမ်းယုံဖြင့် ထိုးနိုင်ပြီဖြစ်သည်။ ရှင်းယီလက်သီး ၁၂ မျိုးမှ ကျားနှင့်နဂါးပုံစံကို အသုံးပြုစရာမလိုတော့။

သူ့ခန္ဓာကိုယ်ထဲမှ ခွန်အားများမှာ အဆုံးမရှိနိုင်လောက်အောင်ပင်။

သူသာ ဟွမ်ယွမ်၊ ခုန်းလင်တို့နှင့်တွေ့လျှင် ထွက်ပြေးမည်မဟုတ်တော့။ မြေပြင်ပေါ်၌ မြဲမြဲရပ်ပြီး အဆုံးထိ တိုက်ခိုက်ပစ်မည်ပင်။ သူ ယခု ဘုရင်တစ်ပါး၏ စွမ်းအားကို ခံစား၍ရနေလေပြီ။

ထို့အပြင် သူ၏နတ်ဘုရားကဲ့သို့သော အသိစိတ်မှာ ထိုနှစ်ဦးထက်ပင် ပိုစူးရှသေးသည်။

သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည့်အချိန်တွင် သူ့ခန္ဓာကိုယ်အတွင်းပိုင်းကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်အတွင်းအင်္ဂါများကို ချိန်းကြိုးကဲ့သို့ ရစ်ပတ်ထားသည့် အလင်းတန်းအချို့ရှိနေသည်။

“နွံအိုင်ထဲကနေ ထွက်လာပြီးတော့ အချုပ်အနှောင်တွေကနေ လွတ်လာပြီထင်နေတာ .. ဒါပေမဲ့ ကြည့်ရတာ အားလုံးက အခုမှစတာထင်တယ်” ချူဖုန်း သူ့အခြေအနေကို သဘောပေါက်လိုက်သည်။

သူ့ အချုပ်အနှောင်မှ လွတ်မြောက်အောင်လုပ်ပြီး ‘ခြောက်သွေ့သောမြေ’ ပေါ်သို့ ရောက်ပြီဟု ထင်သော်လည်း သူ့အတွင်းအင်္ဂါများကို ချည်နှောင်ထားသည့် ချိန်းကြိုးအချို့ ရှိနေဆဲပင်။ သူသည် လွတ်လပ်သည့်လူမဟုတ်သေး။

တစ်နေ့ကျလျှင်တော့ ဤအနှောင်အဖွဲ့များမှ သူ လွတ်မြောက်အောင် လုပ်မည်။

ချူဖုန်း အားလုံးကို သဘောပေါက်သွားလေပြီ။ သားရဲဘုရင်များလည်း ချည်နှောင်ခံထားရပြီး ဝိညာဉ်ပိုင်းဆိုင်ရာ ကန့်သတ်ခံထားရသည်ပင်။

ထိုချိန်းကြိုးများကို ဖြတ်ချနိုင်ပါက သူတို့ လွတ်လပ်လိမ့်မည်။

နိုးထခြင်း၊ ဖိနှိပ်ခြင်း၊ လွတ်လပ်ခြင်း .. ဤသည်မှာ အဆင့်နယ်ပယ်သုံးခုပင်။

ယခုတော့ ဤအဆင့်နယ်ပယ်သုံးခုလုံးကို သူနားလည်သွားလေပြီ။

သူ နတ်ဘုရားကဲ့သို့သော အသိစိတ်များ ရရှိလာပြီးမှသာ သူ့ခန္ဓာကိုယ်ထဲမှ ချိန်းကြိုးများကို မြင်နိုင်ခြင်းပင်။ ချိန်းကြိုးများမှာ တစ်နေရာနှင့်တစ်နေရာ အရောင်မတူကြ။

ချိန်းကြိုးတိုင်းတွင် ထူးဆန်းသည့်အားတစ်မျိုးစီ ပါရှိနေသည်။

ချိန်းကြိုးပုံစံကို ချူဖုန်း လေ့လာလိုက်သည်။ လူတွေက ဝိညာဉ်အချုပ်အနှောင်တွေနဲ့ မွေးဖွားလာတာလား.. ဒီချိန်းကြိုးက ဘာလို့အပြင်လောကက ချိန်းကြိုးတွေနဲ့ တူနေတာလဲ .. ဤချိန်းကြိုးများသည် လူသားခန္ဓာကိုယ်၏ အရေးကြီးသည့်အစိတ်အပိုင်းများကို ချုပ်နှောင်ထားပြီး သူ့နေရာနှင့်သူ မြဲမြံစွာ ချည်နှောင်ထားသည်ပင်။

“ငါအခု ဘုရင်တစ်ဝက်အဆင့်သားရဲနဲ့ အဆင့်အတူတူဖြစ်သွားပြီ .. ငါ အနည်းဆုံး ချိန်းကြိုးတစ်ခုတော့ ချိုးဖျက်နိုင်အောင် လုပ်ရမယ်”

ချူဖုန်း ထူးခြားသည့်အသက်ရှူစည်းချက်အတိုင်း အသက်ရှူလိုက်ပြီး သူ့လက်များကို ဆန့်ထုတ်လိုက်သည်။ သူ ချိန်းကြိုးများကို ဖယ်ရှားပစ်လိုခြင်းပင်။

ကံမကောင်းစွာဖြင့် သူမအောင်မြင်ခဲ့။ သူ ယိမ်းယိုင်သွားပြီး လဲကျလုနီးပါးဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ရောင်စုံချိန်းကြိုးများ ရှိနေပြီး ထိုချိန်းကြိုးများသည် တစ်ပြိုင်နက်တည်းတောက်ပလာကာ သူ့အားဖိနှိပ်ရန် ကြိုးစားလာကြောင်း သူ တွေ့လိုက်ရသည်။

ချိန်းကြိုးများမှာ သူ့ကို တင်းကြပ်စွာ ချည်နှောင်ထားသည်။

သူ လောဘကြီးလွန်းသွားသည်ကိုတော့ ချူဖုန်း ဝန်ခံသည်။ ဤချိန်းကြိုးများကို ဖယ်ရှားရန် သူ စိတ်ရှည်ရှည်ထားရမည်။ မဟုတ်လျှင် သူ၏အလိုလောဘအတွက် သူ အပြစ်ပေးခံရလိမ့်မည်။

ချူဖုန်းစိတ်မရှည်တော့မဖြစ်။ ထိုအစား တစ်ဖြည်းဖြည်း စိတ်ငြိမ်သက်အောင် လုပ်လိုက်သည်။ သူသည် ထူးခြားသည့်အသက်ရှူစည်းချက်အတိုင်း အသက်ရှူနေဆဲဖြစ်ပြီး ဝတ်မှုန်များကို စုတ်ယူနေဆဲပင်။ ဤဝတ်မှုန်များမှာ သူ့ခန္ဓာကိုယ်အတွက် အကောင်းဆုံးပင်။

ပန်းပွင့်ကြီးမှာ ရွှေရောင်မြူများ ထုတ်လွှတ်နေဆဲဖြစ်သော်လည်း မြူများမှာ တစ်ဖြည်းဖြည်းနည်းပါးလာသည်။

အနည်းငယ်သာ ကျန်တော့သည့်အချိန်တွင်တော့ ချူဖုန်း ပါးစပ်ဟကာ အားလုံးကို မြိုချပစ်လိုက်သည်။ ယခုတော့ သူ ကျေနပ်သွားလေပြီ။ ဝတ်မှုန်တိုင်းကို သူ စုတ်ယူလိုက်နိုင်သည်။ မြူတစ်မှုန်မှ အလကားမဖြစ်တော့။

ရွှေရောင်သစ်ပင်မှ ထိုပန်းပွင့်မှာစတင်ညှိုးလျော်လာသည်။ ပန်းပွင့်ဖတ်များမှာ ရွှေရောင်အရောင်အဆင်းရှိသေးသော်လည်း အရောင်ဖျော့နေလေပြီ။ လေအေးလေး တိုက်ခတ်လာသည့်အချိန်တွင်တော့ ထိုပွင့်ဖတ်များ တစ်ဖြည်းဖြည်း ကြွေကျလာသည်။

ညှိုးနွမ်းနေသည့် ပွင့်ဖတ်များအလယ်တွင် အသီးတစ်လုံး တစ်ဖြည်းဖြည်းပေါ်လာသည်။

ချူဖုန်း ထိုအသီးကို အရေးမစိုက်ပဲ မျက်လုံးမှိတ်ကာ သူ့ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများကို အာရုံခံရန် ကြိုးစားလိုက်ပြီး ချိန်းကြိုးများမှ လွတ်ထွက်နိုင်ရန် ကြိုးစားလိုက်သည်။

“ငါဒီနေ့ရနေတဲ့ စွမ်းအားတွေက ထူးခြားတဲ့အသက်ရှူစည်းချက်ကြောင့်ပဲ … ငါ့လက်သီးပုံစံတွေနဲ့ လက်ဝှေ့ပုံစံတွေက ဒီထူးခြားတဲ့အသက်ရှူစည်းချက်ပေါ်မှာ မူတည်ထားတာ .. အဲဒီတော့ ငါ့လက်မောင်းက ချိန်းကြိုးတွေကို အရင်ဖြတ်လိုက်မယ်”

သူ့ခန္ဓာကိုယ်ကို ချိန်းကြိုးများဖြင့် ချည်နှောင်ထားသော်လည်း ဤသည်မှာ သူ့အသက်ရှူစည်းချက်၏စွမ်းအားကို အကျိုးသက်ရောက်မှုမရှိ။ သို့သော် သူသာ လက်မောင်းမှ ချိန်းကြိုးများကို ဖျက်လိုက်နိုင်လျှင် သူ့လက်သီးစွမ်းအားများ အဆပေါင်းများစွာ တိုးတက်သွားလိမ့်မည်။

သူ့ညာဘက်လက်မောင်းကို စိုက်ကြည့်လိုက်သည်။ ဤလက်မောင်းတစ်လျှောက်၌ ငွေရောင်ချိန်းကြိုးတစ်ခု ရှိနေသည်ပင်။

ချူဖုန်း သူ့ခန္ဓာကိုယ်ထဲမှ အားများကို လက်မောင်းသို့ လှည့်ပတ်စေလိုက်သည့်အပြင် ထူးခြားသည့်အသက်ရှူစည်းချက်ကိုလည်း အသုံးပြုလိုက်၏။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်သည် နေမင်းကြီးကဲ့သို့ အလင်းတန်းများ ပေါက်ကွဲထွက်လာလေ၏။

သူ့ညာလက်မောင်းမှာ နေလုံးကြီးကဲ့သို့ ပူပြင်းနေပြီဖြစ်သည်။

အခြားသားရဲဘုရင်များသာ ဤမြင်ကွင်းကို မြင်သွားပါက သူတို့ ထိတ်လန့်သွားကြလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ချိန်းကြိုးများကို ဖယ်ရှားရန်အတွက် အချိန်လိုအပ်သည်။ သားရဲဘုရင်တစ်ဝက်အဆင့်တွင် အချိန်အတော်ကြာနေပြီး အသစ်ရရှိထားသည့် စွမ်းအားများအား အုတ်မြစ်ခိုင်အောင် လုပ်ပြီးမှသာ အဆင့်တက်ရမည်ပင်။

သို့သော် သူ့ထံတွင် အချိန်မရှိတော့။ သူ အခုချက်ချင်း ဘုရင်ဖြစ်ချင်သည်။

ဖုန်း..

ရုတ်တရက် သူ့ညာလက်မောင်းမှ ငွေရောင်အလင်းတန်း ပေါက်ကွဲထွက်လာပြီး ချူဖုန်း လဲကျလုနီးပါး ယိုင်နဲ့သွားလေ၏။

သူ အောင်မြင်သွားလေပြီ။

ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပို၍ပေါ့ပါးလာသည်။ အထူးသဖြင့် သူ့ညာလက်သည် ငွေပင်လယ်တစ်ခုထဲ၌ နှစ်မြုပ်သွားပြီး သူ့ညာလက်သွေးကြောထဲတွင် ထူးဆန်းသည့်အားတစ်မျိုး ရှိနေသည်ပင်။ ထို့နောက် ထိုစွမ်းအားသည် သွေးမှတစ်ဆင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

“ဟမ်..” ချူဖုန်း တစ်စုံတစ်ခုကို အံ့အားသင့်သွားရသည်။ ထိုငွေရောင်ချိန်းကြိုးသည် ငွေရောင်အရည်များအဖြစ် ပုံစံပြောင်းသွားပြီးနောက် သူ့သွေးကြောထဲ လွတ်လပ်စွာ စီးဆင်းသွားကာ စွမ်းအင် အဖြစ်ပြောင်းလဲသွားသည်ပင်။

အားလုံး ပြီးဆုံးသွားသည့်အချိန်တွင် ချူဖုန်း ညာလက်သီးကို ဆုတ်လိုက်ပြီး လေထဲထိုးထည့်လိုက်သည်။ သို့သော် ဝုန်း ဟူသည့်အသံနှင့်အတူ ငွေရောင်မီးတောက်ကြီး ထွက်ပေါ်လာလေ၏။

“ဒါက..” သူ အံ့အားသင့်သွားသော်လည်း ခဏကြာပြီးနောက် သူ မှော်စွမ်းအားတစ်မျိုးကို ဖြည်လိုက်နိုင်ကြောင်း သူသိလိုက်ရသည်။

ချိန်းကြိုးတစ်ခုကို ဖျက်လိုက်တိုင်း မှော်စွမ်းအားတစ်ခု စည်းပြယ်သွားမည်ပင်။

မီးခိုးပြာဝံပုလွေနှင့် တိုက်ခိုက်စဉ်က ဝံပုလွေသည် သူ မသေခင် ချိန်းကြိုးတစ်ခုကို ဖယ်ရှားပစ်ပြီး ပြန်လည်မွေးဖွားနိုင်သည့် မှော်စွမ်းအား ရရှိအောင် ပြုလုပ်ခဲ့သည်ကို သူ အမှတ်ရမိသွားသည်။

“ငါ့ မှော်စွမ်းအားက ဘာကြီးလဲ..” သူ ဘာလုပ်နိုင်သည်ကို ချူဖုန်း သိချင်သွားသည်။ သူ့လက်သီးကို ညင်သာစွာ လှုပ်ရှားလိုက်သည့်အချိန်တွင် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ထိုမီးတောက်သည် အလင်းတန်းရှည်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုအလင်းတန်းသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ အရှေ့သို့ ဦးတည်သွားနေပြီး သစ်ပင်ဖြစ်စေ၊ ကျောက်ဆောင်ကြီးများဖြစ်စေ သူ့ကို မည်သည့်အရာမှ မတားဆီးနိုင်။

မှော်စွမ်းအားမှာ သားရဲဘုရင်တစ်ဦး၏ ခွန်အားနှင့် စွမ်းအားအရင်းအမြစ် ဖြစ်မည်ပင်။’

မီးခိုးပြာဝံပုလွေ၏ မှော်စွမ်းအားမှာ ကျောက်တုံးနှင့်သဲများ လွင့်စင်အောင် လုပ်နိုင်ခြင်းပင်။ သို့သော် သူ ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး သူ့စွမ်းအား၏ သုံးရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်တော့သဖြင့် သူ ထိုစွမ်းအားကို အချိန်တစ်ခုထိ အသုံးမပြုနိုင်ခဲ့ခြင်းပင်။ မဟုတ်ပါက သူ ချူဖုန်းကို ရှုံးနိမ့်မည်မဟုတ်။

“အလင်း၊ မီးတောက်၊ လျှပ်စီး.. ဒီစွမ်းအားတွေက တော်တော်လေး ကောင်းတယ်” ချူဖုန်း ရေရွတ်လိုက်သည်။ သူ့မျက်နှာထက်၌ အပြုံးတစ်ခုလည်း ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူ ရရှိထားသည့်စွမ်းအားမှာ တိုက်ပွဲများ၌ အတော်လေးအသုံးဝင်မည်ပင်။

သူ ရှင်းယီလက်သီးပုံစံ ၁၂ မျိုး ပြုလုပ်လိုက်သည်။ သူ့ညာလက်သည် နဂါးပုံစံဖြစ်သွားပြီးနောက် ငွေရောင်နဂါးတစ်ကောင် ရုတ်တရက် လေထဲသို့ ထိုးတက်သွားလေသည်။ ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းသည့်မြင်ကွင်းတစ်ခုပင်။

ချူဖုန်း အံ့အားသင့်သွားသလို သံသယလည်း ဝင်မိသည်။ “ရှေးခေတ်သိုင်းပညာတွေအားလုံးက အားကုန်သုံးဖို့အတွက်ဆိုရင် မှော်စွမ်းအားလိုတာလား..”

ထို့နောက် သူ နွားနတ်ဆိုးလက်ဝှေ့ပညာကို အသုံးပြုလိုက်သည်။ ချူဖုန်း ညာလက်သီးကို လေထဲသို့ ထိုးလိုက်သည်နှင့် လေဟာနယ်တွင် နွားရိုင်းတစ်ကောင်ပုံပေါ်လာသည်။ ထိုနွားရိုင်းသည့် မြေကြီးကို ခွာဖြင့်ရိုက်ကာ ကစုန်ပေါက်ပြေးနေလေ၏။

ချူဖုန်းနှင့် မီတာအနည်းငယ်ဝေးသည့်နေရာ၌ ရှိနေသည့် ၁၀ မီတာကျော်ရှည်သည့်ကျောက်တုံးကြီးများမှာ နွားရိုင်းကြီးနှင့် တိုက်မိသည်နှင့် တစ်စစီဖြစ်သွားသည်။

သားရဲဘုရင်တစ်ကောင်၏ စွမ်းအားကို ချူဖုန်း နားလည်သွားလေပြီ။

“နိုးထခြင်း .. ဒီအဆင့်က ငါတို့အလင်းရောင်ကို စမြင်ရတဲ့အဆင့်ပဲ .. ဖိနှိပ်ခြင်း .. ဒီအဆင့်ကနေ တက်နိုင်သွားတာနဲ့ ငါတို့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့စွမ်းအားတွေ ပေါက်ကွဲထွက်လာမယ် .. လူတစ်ယောက်က သူ ရထားတဲ့စွမ်းအားတွေကို အားကုန်ထုတ်သုံးနိုင်တဲ့အချိန်မှ ဘုရင်ဖြစ်နိုင်မယ်..” ချူဖုန်း သူ့ကိုယ်သူ ပြောလိုက်သည်။

ဤသည်မှာဘုရင်ဖြစ်ခြင်း၏ အနှစ်သာရပင်။

ထိုအချိန်တွင် ရွှေရောင်သစ်ပင်မှ ရွှေရောင်အစေ့တစ်စေ့ ထွက်လာသည်။ အစေ့သည် ရွှေရောင်တောက်ပနေသည်ပင်။

ရွှေရောင်သစ်ပင်ကြီးတစ်ဖြည်းဖြည်း ညှိုးနွမ်းသွားကာ အစေ့သာ တောက်ပ၍ ကျန်ခဲ့သည်။ အစေ့သည် အပင်ကြီးထံမှ စွမ်းအင်နှင့် အသက်ဓာတ်များကို စုတ်ယူကာပို၍ပင် တောက်ပလာသည်။

ထိုအစေ့ပုံစံအား မြင်လိုက်ရသည့်အချိန် ချူဖုန်း အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် အစေ့သည် ဘဲဥပုံမဟုတ်ပဲ ဓားမြောင်လေးနှင့်တူနေသည်။

အစေ့သည် တစ်လက်မခန့်သာ ရှိသော်လည်း အစေ့သာ ဤထက်ကြီးလာလျှင် အသွားမပါသည့်ဓားကြီးတစ်လက် ဖြစ်သွားလိမ့်မည်။

“ဒါက .. အစေ့ရော ဟုတ်သေးရဲ့လား..” ချူဖုန်း အံ့အားသင့်နေရသည်။ ဒီ’အစေ့’ကနေ တစ်ခုခု ထပ်ပေါက်လာနိုင်သေးတာလား ..

နောက်ဆုံးတွင်တော့ ရွှေရောင်အပင်တစ်ပင်လုံး အပင်ထိပ်ဖျားမှ အမြစ်ထိ ပုပ်ဆွေးသွားကာ ပြာမှုန့်များဖြစ်သွားပြီး လေနှင့်အတူ လွင့်မျောသွားသည်။

မြေပြင်ထက်တွင်တော့ အတိုလေးသေးလှသည့် ဓားတစ်လက် ကျန်နေခဲ့သည်။

ချူဖုန်း ထိုဓားကို ကောက်ယူလိုက်ပြီး လက်ထဲချိန်ကြည့်လိုက်သည်။ ဤအစေ့သာ သတ္တုအချို့ထက်ပင် လေးလံနေသည်။ ဒါက ဘာကြီးလဲ .. လက်နက်လား မျိုးစေ့လား..

“အစေ့ပဲ..” အစေ့အား သေချာစစ်ဆေးပြီးနောက် ချူဖုန်း ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤအစေ့ထဲ၌စီးဆင်းနေသည့် အသက်ဓာတ်ကို သူ ခံစား၍ ရနေသည်ပင်။

ဤအစေ့မှ မည်ကဲ့သို့သော အပင်မျိုး ပေါက်လာမည်ကို စဉ်းစား၍ပင်မရ။

ချူဖုန်း အစေ့ကို ကျောက်တုံးတစ်ခုပေါ်၌ ခြစ်ကြည့်လိုက်သည့်အချိန်တွင် ကျောက်တုံးပေါ်၌သာ ခြစ်ရာထင်သွားသည်။ အစေ့ကတော့ဘာမှမဖြစ်။

အစေ့ထိခိုက်သွားမည်ကို သူ မစိုးရိမ်။ အဘယ်ကြောင့်ဆိုသော် နွားဝါလေး ယခင်က ဤအစေ့ကို စားရန်ကြိုးစားခဲ့ဖူးပြီး ရလဒ်အနေဖြင့် သူ့သွားများ ကျွတ်ထွက်သွားမတတ်သာ ဖြစ်ခဲ့သည်။

“ဒီအစေ့ကို ဓားပျံအနေနဲ့ သုံးလို့ရလား…” ချူဖုန်း မေးခွန်းထုတ်လိုက်သည်။

အစေ့ကို မြေကြီးထဲမြှုပ်လိုက်လျှင် လူတစ်ယောက်ဖြစ်လာနိုင်သည်ဟူသော ကောလဟာလကို သူ ယုံကြည်စပြုလာသည်။

“နောက်တစ်ခေါက်ကျရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ကိုးထပ်မြောက်ကောင်းကင်ဘုံက နတ်သမီးတစ်ပါးလောက် ယူလာပေးပါ” သူ ရေရွတ်လိုက်သည်။

ကျောက်တုံးသေတ္တာထဲတွင် အခြားမျိုးစေ့နှစ်စေ့ ရှိသေးသည်။ တစ်စေ့မှာ မည်းတူးရှုံ့တွနေပြီး အခြားတစ်စေ့ကတော့ ဘဲဥပုံအညိုရောင်အစေ့လေးပင်။ ဤအစေ့မှာ ဖိခံထားရပုံ ပေါ်နေသည်ပင်။

အနက်ရောင်အစေ့မှာ ဒေါသထွက်နေသည့်ပုံပင်။ သူ၏နတ်ဘုရားကဲ့သို့သော အသိစိတ်ဖြင့် ဤအစေ့၏ခံစားချက်အပြောင်းအလဲကို သူ အာရုံခံ၍ရနေသည်။

“ကောင်းပြီလေ..” ချူဖုန်း အပျော်ကြီး‌ ပျော်နေရသည်။

ပထမအစေ့မှာ သူ့ကို ပျော်ရွှင်မှုမျိုးစုံ ယူဆောင်လာပေးနိုင်သောကြောင့် ကျန်သည့်နှစ်စေ့မှာ ပို၍အံ့အားသင့်စရာကောင်းမည်ပင်။ သို့သော် ဤနှစ်စေ့ကို စိုက်ပျိုးရန် ပတ်ဝန်းကျင်ကို ပို၍ သေချာရွေးချယ်ရလိမ့်မည်။

အစေ့များ မသေသေးသရွေ့ အခွင့်အရေးရှိလာမည်ပင်။

ချူဖုန်း အစေ့သုံးစေ့လုံးကို ကျောက်သေတ္တာထဲ ထည့်လိုက်ပြီးနောက် သေတ္တာကို သေချာထုတ်ပိုးလိုက်ကာ မြေပြင်ပေါ် ပစ်ချထားသည့် လေကာအင်္ကျီကို ကောက်ယူလိုက်သည်။ ထို့နောက် ခြေလှမ်းကျယ်ကြီးဖြင့် ဤနေရာမှ လှည့်ထွက်သွားလိုက်သည်။ ခဏကြာပြီးနောက် သူ့အရှိန်ကို သိချင်သောကြောင့် အရှိန်တင်လိုက်လေသည်။

ရုတ်တရက် သူ လေဟာနယ်ကို ဖြတ်သန်းသွားနိုင်သကဲ့သို့ ခံစားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ မီတာပေါင်း ၃၀၀၊ ၄၀၀ ခန့် သွားနိုင်ခဲ့သည်။

အတိအကျပြောရလျှင် တစ်စက္ကန့်တွင် ၃၈၀ မီတာ သွားနိုင်ခဲ့သည်။

ဤသည်မှာ သားရဲဘုရင်တစ်ဦး၏ သာမန်အရှိန်ပင်။ ပြောရမည်ဆိုလျှင် ဤအဆင့်သို့ ရောက်သည်နှင့် အသံ၏အရှိန်ဖြင့် သွားနိုင်လိမ့်မည်။ သာမန်လူတစ်ယောက် ဤကဲ့သို့ သွားလာနိုင်ရန်အတွက် လိုအပ်မှုများစွာ ရှိလိမ့်မည်။ သာမန်လူမှာ တိုးဝင်လာမည့်လေဖိအားကို မခံနိုင်ပဲ အသားပုံကြီးအဖြစ် ပြောင်းလဲသွားလိမ့်မည်။

ယခု သူ ယုံကြည်ချက် ရှိနေလေပြီ။ မြောက်ပိုင်းသို့ ကြည့်လိုက်သည့်အချိန်တွင် သူ ရွှမ်းထျန်မြို့ကိုပင် မြင်နေရသလို ခံစားလိုက်ရသည်။ သူ လက်စားချေရမည့် အချိန်ရောက်လေပြီ။

အပိုင်း ၁၂၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset