ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၂၆ – အဆင့်တက်ခြင်း
အချိန်မှာ ညသန်းခေါင်ကျော်နေပြီး အမှောင်ထုကြီးသာ ဖုံးလွှမ်းနေသည်။
ဤနေရာတစ်ခုတည်းသာ ငွေရောင်အလင်းတောက်ပနေသည်။
ညလေပြေလေး တိုက်ခတ်သွားသည်နှင့် သလင်းကျောက်သစ်ရွက်များမှ သာယာလှသည့်သံစဉ်များ ထွက်ပေါ်လာသည်။
ချူဖုန်း စိတ်ရောကိုယ်ရော တည်ငြိမ်အေးချမ်းနေသည်။
ထိုသစ်ရွက်ပွတ်တိုက်သည့်အသံသည် သူ့စိတ်တွင်းမှာ လစ်ဟာမှုများကို နှိုးဆော်လိုက်သကဲ့သို့ ခံစားလိုက်ရသောကြောင့် သူ အလွန်အံ့အားသင့်သွားရသည်။
သူ တစ်ခဏခန့်တွေဝေနေပြီးနောက် မိုးကြိုးအသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်။
တစ်ခဏအတွင်းမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများ၊ အရွတ်များမှ အသံများ ထွက်ပေါ်လာသည်။ ဤသည်မှာ တဂျွတ်ဂျွတ်အသံများမဟုတ်ပဲ သတ္တုချင်းပွတ်တိုက်သကဲ့သို့သော အသံမျိုးပင်။
ရုတ်တရက် သူ့အရိုးများ ထုံကျဉ်လာပြီး ထိုခံစားချက်မှာ ခြေလက်လေးဘက်လုံးသို့ ပျံ့နှံ့သွားသည်။
ထို့နောက် သူ့အတွင်းအင်္ဂါငါးမျိုးလည်း မိုးကြိုးအသက်ရှူစည်းချက်ကို တုံ့ပြန်လာပြီး ထိုအင်္ဂါများကို ကြည်လင်သည့်အလင်းလွှာတစ်လွှာ လွှမ်းခြုံသွားသည်။
ယခုတစ်ခေါက် မိုးကြိုးအသက်ရှူစည်းချက်မှာ ယခင်ကထက် အဆပေါင်းများစွာ အကျိုးသက်ရောက်မှုရှိနေသည်။ ဘာလို့ ဒီလိုဖြစ်နေတာလဲ..
သူ သစ်ပင်ကို မော့ကြည့်လိုက်သည်။ ငွေရောင်သစ်ရွက်တွေ ပွတ်တိုက်သံကြောင့် ဖြစ်လာတာလား…
မိုးကြိုးအသက်ရှူစည်းချက်ကို လေ့ကျင့်ပြီးသွားသည်နှင့် သူ့တစ်ကိုယ်လုံး ပေါ့ပါးလွတ်လပ်နေသည့်အပြင် သူ့အရေပြားထက်၌ ချွေးကဲ့သို့သော အရည်တစ်ချို့ တွဲလဲခိုနေသည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ သူ့အသွေးအသားထဲမှ ထွက်လာခြင်းဖြစ်ပုံပေါ်သည်။
သူ နှိုးထခြင်းအဆင့်၏ အဆင့်ကိုးသို့ ရောက်နေပြီဖြစ်ကြောင်း သူသေချာသိသည်။ နောက်တစ်ဆင့်တက်ရန်အတွက် သူ့အုတ်မြစ် ခိုင်မာနေပြီဖြစ်သည်။
သူ ယခုထိ နွားဝါလေး သင်ပေးထားသည့် အသက်ရှူစည်းချက်ကို အသုံးမပြုရသေး။ ပန်းပွင့်လာမည့်အချိန်ကို သူစောင့်နေခြင်းပင်။
သူ အပြည့်အဝပြင်ဆင်ထားပြီး ထိုင်စောင့်နေလိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ သစ်ပင်၏ကြီးထွားမှု ရပ်တန့်သွားသည်။
ဘေးပတ်လည်မှာ ငွေဖြူရောင်အလင်းများဖြင့် ပြည့်နှက်သွားသည်။
ထို့အပြင် သစ်ပင်ပင်စည်မှာ တစ်ညတည်းကြီးလာသည့် အပင်ပေါက်လေးနှင့်မတူပဲ နှစ်ပေါင်းရာပေါင်းများစွာ ရှင်သန်လာခဲ့သည့် အပင်နှင့်တူနေသည်။ သစ်ခေါက်များမှာ ထူထဲလှပြီး အထဲဘက်မှ ငွေရောင်အလင်း ထုတ်လွှတ်နေသည်။
ချူဖုန်း အပင်ကို လက်ဖြင့်ထိကြည့်လိုက်သည့်အချိန်တွင် အပင်ထဲမှ သွေးခုန်နှုန်းကို ခံစားမိနေသည်။
ရုတ်တရက် အသက်ဓာတ်များ ပေါက်ကွဲထွက်လာပြီး ဘေးပတ်လည်ကို ငွေရောင်အလင်းဖြင့် လွှမ်းခြုံလာသည့်အပြင် အပင်ထိပ်၌လည်း ငွေရောင်အလင်းပျောက်လေး ဖြစ်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအစက်လေးသည် နေလုံးလေးတစ်လုံးကဲ့သို့ဖြစ်လာလေသည်။ ဤသည်မှာ ပန်းအဖူးတစ်ခုပင်။ ထိုအဖူးသည် တစ်ဖြည်းဖြည်းပင် ရင့်လာလေ၏။
ချူဖုန်း ဤအချိန်ကို စောင့်ဆိုင်းနေခဲ့ရခြင်းဖြစ်ပြီး သူ့မျှော်လင့်ချက်များ အလကားဖြစ်မသွားခဲ့။ အဖူးမှာ တစ်လက်မအရွယ်အစားသာရှိသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ငွေရောင်အလင်းတန်းများ လွှမ်းခြုံနေသောကြောင့် ရတနာသစ်ပင်တစ်ပင်အောက် နတ်ဘုရားများ တရားထိုင်နေသည်နှင့် တူနေသည်။
ချူဖုန်း ပန်းဖူးကိုသာ မလှုပ်မယှက်ကြည့်နေသည်။
ရုတ်တရက် သူ မျက်မှောင်ကြုတ်သွားသည်။
မြူထဲတွင် အချို့သက်ရှိများ သူ့ထံသို့ တိတ်တဆိတ်ချဉ်းကပ်လာနေသည်။
မြူများကြောင့် သူ့နတ်အသိစိတ်များ ကန့်သတ်ခံလိုက်ရသော်လည်း သူ့အကြားအာရုံကတော့ ဘာမှမဖြစ်သွား။ သာမန်လူများမကြားနိုင်သည့်အသံများကို သူ ကြားနိုင်နေဆဲပင်။
ဤကဲ့သို့သော ကိစ္စမျိုးကို သူ အကြောက်ဆုံးပင်။ ပန်းပွင့်လာမည့်အချိန်ကို သူ အေးအေးချမ်းချမ်းသာ စောင့်ချင်သည်။
ထို့ကြောင့်လည်း သားရဲဘုရင်များပင် လမ်းပျောက်နိုင်သည့် ဤအတွင်းနက်ပိုင်းထိ သူ ဝင်ခဲ့ခြင်းပင်။ မမျှော်လင့်စွာဖြင့် တစ်စုံတစ်ယောက်သည် သေရမည်ကို မကြောက်ပဲ သူ ရှိနေသည့်နေရာကို လှည့်ပတ်နေသည်။
ဤသက်ရှိမှာ အလွန်သတိကြီးလှသည်။ သူ့ဘေးနား လှည့်ပတ်ကြည့်နေပြီး ၇ ပတ်၊ ၈ ပတ်လောက်ပတ်ပြီးမှသာ သူ့ကို သတ်ရန် ခုန်အုပ်လာလေသည်။
သူ့လည်ပင်းထံသို့ ဦးတည်လာနေသည့် ရှည်လျားချွန်ထက်လှသည့် လက်သည်းများကို ညအမှောင်၌ပင် မြင်နေရသည်။
သူ့မြင်ကွင်းထဲသို့ ရောက်လာသည်မှာ တိမ်တိုက်ကျားသစ်နက်တစ်ကောင်ပင်။ သူ့တစ်ကိုယ်လုံး သင်္ကေတများစွာရှိနေပြီး အန္တရာယ်အော်ရာများလည်း ထုတ်လွှတ်နေသည်။ သူသည် လက်သည်းရှည်များ ထုတ်ကာ ချူဖုန်းကို တစ်ခါတည်း အပြတ်ရှင်းချင်နေသည်။
ဤသည်မှာ တကယ်ကို စွမ်းအားကြီးသည့်သားရဲတစ်ကောင်ပင်။ ထူးခြားသည့်ငွေရောင်သစ်ပင်မှ အဖူးဖူးပွင့်လာတော့မည်ကို တွေ့လိုက်ရသောကြောင့် ဤသည်မှာ သူ့အတွက် အခွင့်ကောင်းဖြစ်သည်ဟု စဉ်းစားလိုက်ခြင်းပင်။
ဖုန်း..
ချူဖုန်း ခန္ဓာကိုယ်ကို ညင်သာစွာ လှည့်လိုက်ပြီး သားရဲ၏လက်သည်းများကို ကန်ထည့်လိုက်သည်။ ခွပ်ခနဲအသံနှင့်အတူ လက်သည်းများ ကျိုးသွားလေသည်။
တိမ်တိုက်ကျားသစ်နက်မှာ အတော်လေး ထိတ်လန့်သွားကာ ဆံပင်မွေးများ ထောင်ထသွားရသည်။ သူ သတ္တုပြားကိုကန်မိသွားပြီဖြစ်ကြောင်း သိလိုက်သည်နှင့် အော်ဟစ်ရန် ပါးစပ်ဟလိုက်သည်။
ဖုန်း..
သို့သော် ချူဖုန်း သူ့ကို အော်ခွင့်မပေးခဲ့။ သူ လေထဲ အားကုန်ခုန်လိုက်ပြီး ကျားသစ်နက်မတုံ့ပြန်နိုင်ခင်မှာပင် ထိုအကောင်၏နဖူးကို ကန်ထည့်လိုက်သည်။ ထိုကျားသစ်နက်ဦးခေါင်း ကွဲသွားကာ ပါးစပ်ဟလျက်ဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။ မည်သည့်အသံမှ မထွက်လိုက်ပဲ သွေးများ ချက်ချင်း စီးကျလာသည်။
ချူဖုန်း ထိုအကောင်ကို ထပ်မကြည့်နိုင်တော့။ သူ အတွင်းနက်ပိုင်းထိသို့ ဝင်ခဲ့သော်လည်း ဤကဲ့သို့သော ပြဿနာမျိုး တွေ့နေရသေးသည်။
ပန်းပွင့်လာတဲ့အချိန် ဒီလိုမျိုးအနှောက်အယှက် ဝင်လာရင် ဘယ်လိုလုပ်မလဲ..
ချူဖုန်း အနည်းငယ် စိုးရိမ်လာသည်။
“ချောချောမွေ့မွေ့ အဆင့်တက်နိုင်ဖို့ပဲ မျှော်လင့်ရတာပေါ့..”
ငွေရောင်သစ်ပင်ပေါ်မှ အဖူးမှာ လက်သီးအရွယ်အစားထိ ကြီးလာပြီဖြစ်သော်လည်း ယခုထိ မရပ်တန့်သေး။
သို့သော် ကြီးထွားလာသည့်နှုန်းကတော့ အတော်လေး နှေးကွေးလာသည်။
“ဒီပုံစံအတိုင်းဆိုရင် နေထွက်လာတော့မှာ..” သူ နာရီကြည့်လိုက်သည့်အချိန်တွင် အချိန်မှာ ညသန်းခေါင်ကျော်သွားပြီဖြစ်ကြောင်း သူတွေ့လိုက်ရသည်။
ဘာလို့နှေးသွားတာလဲ.. အပင်သည် နှစ်ပေကျော်သည်အထိ လျင်မြန်စွာ ကြီးထွားလာသော်လည်း ယခုမှ နှေးကွေးသွားခြင်းပင်။
မည်သို့ပင်ဖြစ်စေ တိတ်ဆိတ်သည့်ညတွင် အချိန်များ စီးဆင်းနေဆဲပင်။
ကံကောင်းစွာဖြင့် မည်သည့်သားရဲမှ ထပ်ရောက်မလာခဲ့။
မိုးလင်းခါနီးတွင်တော့ ပင်စည်တွင် မည်သည့်ပြောင်းလဲမှုမှ မရှိတော့သော်လည်း အဖူးများကတော့ ပန်းကန်လုံးအရွယ်အစားထိ ကြီးမားလာသည်။
လေထဲ၌ အမွှေးနံ့တစ်ခုလည်း သင်းပျံ့လာသည်။
ထိုအချိန်တွင် အဝေးမှ အလောတကြီး ပြေးလာနေသည့် ခြေသံအချို့ကို သူ ကြားလိုက်ရသည်။ ကြည့်ရသည်မှာ တစ်ယောက်ယောက် အသက်လုပြေးလာနေသည့်ပုံပင်။ နောက်ဆုံးတွင်တော့ ထိုအသံသည် အခြားနေရာတစ်ခုသို့ ဦးတည်သွားကာ ပျောက်ကွယ်သွားသည်။
ထို့နောက် သူ သိမ်းငှက်အော်သံများ ကြားလိုက်ရသည်။ သိမ်းငှက်အော်သံမှာ သတ္တုချင်းကြိတ်နေသည့်အသံကဲ့သို့ နားစူးလှသည်။ ထိုသိမ်းငှက်သည် ချူဖုန်းကို သတိမထားမိပဲ ဖြတ်ကျော်သွားသည်။
“ဒီနားမလာခဲ့နဲ့..” ချူဖုန်း တိတ်တဆိတ်ပင် ဆုတောင်းနေမိသည်။ မဟုတ်ပါက ပြဿနာများလိမ့်မည်။
“ဖောက်..”
နံနက်ခင်း နေရောင်ခြည် ရောက်ရှိလာသည့်အချိန်တွင်တော့ ပန်းအဖူးတွင် အက်ကွဲကြောင်းများ ပေါ်လာပြီး အဖြူရောင်မြူငွေ့များလည်း ထွက်ပေါ်လာသည်။ သန့်စင်သည့်အမွှေးနံ့တစ်ခုလည်း လေထဲ ပျံ့လွင့်လာသည်။
သို့သော် ပန်းပွင့်သည် ထိုသို့ပွင့်ပြီးနောက် ရပ်တန့်သွားသည်။ အမွှေးနံ့ပင် မရတော့။
“ပန်းပွင့်ဖို့ကို ဘာလို့ ဒီလောက်ထိ ကြာနေတာလဲ.. အရင်တစ်ခေါက်ကထက်ကို ပိုကြာသေးတယ်” ချူဖုန်း သံသယဝင်လာသည်။
နောက်ဆုံးတွင် အရှေ့ဘက်မိုးကုပ်စက်ဝန်းမှ အဖြူရောင်အလင်းများထွက်ပေါ်လာလေပြီ။ နေထွက်လာတော့မည်။
အဝေးတွင် ရက်ရက်စက်စက်သတ်ဖြတ်သည့်အသံများကို သူကြားနေရသည်။ ဤသည်မှာ ဘုရင်တစ်ဝက်အဆင့်သားရဲဖြစ်လောက်မည်။
ချူဖုန်း သက်ပြင်းချလိုက်သည်။ သူ ကံဆိုးလှသည်ပင်။ ဤကဲ့သို့ လူသူမရှိသည့်နေရာသို့လာသော်လည်း ဘုရင်တစ်ဝက်အဆင့်သားရဲနှင့် တွေ့နေရသည်။
ဖောက်..
ထိုအချိန်တွင် ပန်းအဖူးမှ ပထမပွင့်ဖတ်ကြွေကျလာသည်။
ထိုအချိန်တွင် ပထမဆုံးနေအလင်းတန်းသည် မနက်ခင်းမြူများကို ထိုးဖောက်ကာ ငွေရောင်သစ်ပင်ပေါ်သို့ သွန်းလောင်းကျလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အပင်သည် အလွန်တောက်ပလာကာ ငွေရောင်မှ ရွှေဝါရောင်အဖြစ်သို့ ပြောင်းလဲလာသည်။
ပန်းကန်လုံးအရွယ်အစားရှိသည့် ပန်းအဖူးများလည်း ထို့အတူပင်။ ကြေးညိုရောင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။
နေရောင်ခြည်သည် ဓာတ်ကူပစ္စည်းကဲ့သို့ ငွေရောင်သစ်ပင်ကို ရွှေရောင်သစ်ပင်အဖြစ် ပြောင်းလဲပေးခဲ့သည်။
ထို့နောက်တွင်တော့ ပန်းပွင့်အဖူးများမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ပန်းများလည်း အပြည့်ဖူးပွင့်လာသည်။ ပန်းအဖူးမှ ရွှေရောင်မြူများ ဖြာကျလာကာ ချူဖုန်းကို ဝန်းရံသွားသည်။
သူ အတော်လေး အံ့အားသင့်နေရသည်။ နောက်ပိုင်း အပင်ကြီးထွားမှု နှေးကွေးလာခြင်းမှာ ပထမဆုံးနေရောင်ခြည်ကို စောင့်မျှော်နေခြင်းဖြစ်နိုင်သည်ဟု ချူဖုန်း ကောက်ချက်ချလိုက်သည်။
ပန်းအဖူးမှ ရွှေရောင်မြူများ ချူဖုန်းကို ဝန်းရံနေလေပြီ။
ယခင်တစ်ခေါက်မှ အတွေ့အကြုံကြောင့် သူ အတော်လေး တည်ငြိမ်နေသည်။ ထူးခြားသည့်အသက်ရှူစည်းချက်ကို အသုံးပြုကာ ထူးခြားသည့်ဝတ်မှုန်များကို ရှူရှိုက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ့မွေးညှင်းပေါက်များမှ မြူများ ဝင်ရောက်လာသည့်အပြင် သူ့ပါးစပ်နှင့်နှာခေါင်းတွင်လည်း ချိုမြိန်သည့်ရွှေရောင်မြူများဖြင့် ပြည့်နှက်နေသည်။
သူသည် အရက်မူးနေသည့်သူကဲ့သို့ပင် မူးဝေလာသည်။ ဤကဲ့သို့သော ခံစားမှုမျိုးမှ ရုန်းထွက်နိုင်ရန် ခက်ခဲလှသည်။
ထူးခြားသည့်အသက်ရှူစည်းချက်ကို အသုံးပြုလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲ ထူးခြားသည့်စွမ်းအင်တစ်မျိုး လှည့်ပတ်နေသည်ကို သူ ခံစားလိုက်ရသည်။ ထိုစွမ်းအင် လှည်ပတ်နေသောကြောင့် သူ အလွန်နွေးထွေးကာ သက်တောင့်သက်သာ ဖြစ်နေသည်။
သူ ထာဝရသက်ရှိဖြစ်တော့မည်ဟုပင် အထင်မှားလာရသည်။
ပန်းပွင့်များ၏ အမွှေးနံ့မှာ သူ့ရိုးတွင်းခြင်ဆီ၊ အတွင်းအင်္ဂါများနှင့် သွေးများထဲထိပင် လှည့်ပတ်နေသည်။
သူ့ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများကို ခံစားနေရသောကြောင့် ချူဖုန်း တုန်ယင်လာသည်။ သူ့ခန္ဓာကိုယ်သည် အလွန်လျင်မြန်လှသည့်နှုန်းဖြင့် အားကောင်းလာပြီး လျင်မြန်စွာ အဆင့်တက်နေသည်။
နောက်ပိုင်းတွင် သူ့ခြေလက်များနှင့် အတွင်းအင်္ဂါများပင် သတ္တုများ ရိုက်ခတ်နေသကဲ့သို့သော အသံများ ထွက်ပေါ်လာသည်။
သူ့ခန္ဓာကိုယ်တွင် အထဲဘက်မှ စွန့်ထုတ်လိုက်သည့်အရည်များဖြင့် ကပ်စီးကပ်စီး ဖြစ်နေသည်။
ယခင်တစ်ခေါက်ကကဲ့သို့ပင် ပန်းများသည် ဖူးပွင့်ပြီးသွားသည်နှင့် အဝေးသို့ ပျံ့လွင့်မသွားပဲ သူ့ကိုသာ ဝန်းရံထားသည်။
ဒုတ် ဒုတ် ဒုတ်…
သူ့နှလုံးခုန်သံမှာ ဗုံတီးသံကဲ့သို့ ကျယ်လောင်လှသည်။
သူ့ဆံပင်များလည်း အလွန်လျင်မြန်စွာ ရှည်လျားလှပြီး ယခုဆိုလျှင် ခါးထိပင် ရောက်နေပြီဖြစ်ပြီး တောက်ပနေသည်။
သူ့အရိုးများမှာ သွေးများထပ်ထုတ်နေပြီး ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နေသကဲ့သို့ ကြိတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
သူ့ခန္ဓာကိုယ်ထဲတွင် ယခင်ကထက် စွမ်းအားကြီးသည့် စွမ်းအားတစ်ခု ရှိနေသည်ကို သူ တွေ့ရှိလိုက်ရသည်။ ဤပြောင်းလဲနေစဉ်အတွင်းတွင် သူ့ခန္ဓာကိုယ်မှာ နတ်မီးဖိုတစ်ခုကဲ့သို့ ဖြစ်နေသည်။
နောက်ဆုံးတွင် သူ့တစ်ကိုယ်လုံး ရွှေရောင်အလင်းဖျော့လေး တောက်ပလာကာ ဆံပင်များပင် အဝါရောင်တောက်ပလာသည်။
ဒုတ် ဒုတ် ဒုတ်..
သူ့နှလုံးခုန်သံများမှာ ပို၍ပင် ကြောက်စရာကောင်းလာသည်။
ရံဖန်ရံခါ သူ့မျက်လုံးမှလည်း ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ဤသည်မှာ သူ ဖိနှိပ်ခြင်းနယ်မြေသို့ ရောက်နေပြီဖြစ်ကြောင်း ပြသနေခြင်းပင်။ မကြာခင် သူ သားရဲဘုရင်များနှင့် ယှဉ်ပြိုင်နိုင်တော့မည်။
ဝုန်း..
တစ်ခုခု ချိတ်ဆက်မိသွားသကဲ့သို့ သူ့ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားသည်။ ထိုအခိုက်အတန့်တွင် မြူများပင် သူ့နတ်အာရုံများကို မတားဆီးနိုင်တော့။ သူယခင်က ပို၍စွမ်းအားကြီးလာလေပြီ..
အပိုင်း ၁၂၆ ပြီး၏။