ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၂၅ – မျိုးစေ့
အမှောင်ထု ပျောက်ကွယ်သွားသည်နှင့် ထိုက်တောင်၏ ခမ်းနားမှုများ ပို၍ထင်ရှားလာသည်။
ကျောက်လှေကားထစ်များပေါ်သို့ ခြေချလိုက်သည်နှင့် လူတစ်ယောက်၏ မိမိ၏ သေးနုပ်မှုကို ခံစားမိလိမ့်မည်။ ဤတောင်ကြီးနှင့်ယှဉ်လျှင် အရာအားလုံးမှာ မြူမှုန်မျှသာရှိသည်။
ချူဖုန်း ခြေထောက်များပင် ထုံကျဉ်နေလေပြီ။ သူသည် လေကာအင်္ကျီဝတ်ထားပြီး အခြားသူများနှင့်အတူ ကျောက်လှေကားများမှတစ်ဆင့် တက်လာခဲ့လိုက်သည်။ ထိုလူများထြတွင် ကျောက်စိမ်းဂူကျောင်း၊ အမြင်ရှစ်မျိုးကျောင်းနှင့် ဂျိဒ်ကျောင်းမှ လူများပါဝင်သည်ပင်။
အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲပြီးဆုံးသွားသည့်အချိန်တွင်တော့ ဤနေရာကို ဤလူများပိုင်သွားလေပြီ။ သူတို့သည် အခွင့်အရေးကောင်းများ ရှာဖွေရန်အတွက် ဤနေရာသို့ ရောက်လာကြခြင်းပင်။
တောင်ပေါ်တွင် သန္ဓေပြောင်းလူများ ရှိသကဲ့သို့ သန္ဓေပြောင်းလူများလည်းရှိသည်။ ငွေရောင်ဦးချိုရှိနေသည့် ကျွဲတစ်ကောင်၊ ရွှေရောင်အမွေးများနှင့်ကြောင်တစ်ကောင်နှင့် ဖြူဖွေးသည့်အစူးများရှိနေသည့် ဖြူကောင်တစ်ကောင် ရှိနေသည်။
ဤအကောင်များမှာ သူတို့မျိုးစိတ်များတွင် စွမ်းအားအကြီးဆုံးအကောင်များပင်။ အရွယ်အစားအားဖြင့် သိပ်မကြီးသော်လည်း သူတို့တည်ရှိမှုမှာ လူများကို ခြိမ်းခြောက်နိုင်သည်ပင်။
ဤသက်ရှိထဲမှ အချို့မှာ နှိုးထခြင်း အဆင့် ရှစ်၊ ကိုး၌ ရှိနေလိမ့်မည်ဟု ချူဖုန်း ယုံကြည်သည်။ သို့သော် မည်သူမှတော့ သားရဲဘုရင်အဆင့်သို့ မရောက်သေး။
အချို့သားရဲများသည် လူသားအသွင်ပြောင်းထားသော်လည်း သူတို့၏သားရဲပုံစံများ ရှိနေဆဲပင်။ ဥပမာအားဖြင့် လူအုပ်ထဲတွင် လူသားအမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုများ ရှိနေသည့် အမျိုးသမီးတစ်ဦး ရှိသည်။ သို့သော် သူမ ခန္ဓာကိုယ်အနောက်ဘက်တွင် အဖြူရောင်မြေခွေးအမြီးတစ်ချို့ ရှိနေသည်။
သူမ ဤအမြီးများကို တမင်သက်သက်ချန်ထားခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ဤအမြီးများမှာ သူမ စွမ်းအားများရရှိသည့် အဓိကအရင်းအမြစ်ပင်။
ဤတောင်ပေါ်တွင် လူသားနှင့်သားရဲများ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နေကြသည်။ အားလုံးသည် ခေါင်းငုံ့ကာ တောင်ပေါ်သို့သာ တက်နေကြ၏။ ဤသည်မှာ ချူဖုန်း မမျှော်လင့်ထားသည့် အရာတစ်ခုပင်။ တောင်ပေါ်သို့တက်နေစဉ် တိုက်ပွဲများဖြစ်ပွားလိမ့်မည်ဟု သူ ထင်ထားခြင်းပင်။
လူများလည်း တစ်ယောက်နှင့်တစ်ယောက် စကားသိပ်မပြောကြပဲ အလောတကြီးသာ သွားနေကြသည်ပင်။
ချူဖုန်း ခြေလှမ်းကျယ်ကြီးဖြင့် လျှောက်လာလိုက်သည်။ သူ့နားထဲ၌ လေတိုးသံများသာ ကြားနေရသည်။ ထူးဆန်းသည့်သစ်ပင်များပေါက်နေသည်ဆိုသည့်တောင်ထိပ်သို့ရောက်ရန် သူ မစောင့်နိုင်တော့။ သူ ပန်းပွင့်များ ရှာတွေ့နိုင်သည်အထိ ကံမကောင်းလျှင်ပင် ကိစ္စမရှိ။ အနည်းဆုံးတော့ သူယူလာသည့်အစေ့အားစိုက်နိုင်မည့်နေရာတစ်နေရာကို တွေ့နိုင်သည်။
ချူဖုန်း လေအလျင်ကဲ့သို့သွားလိုက်ပြီး သန္ဓေပြောင်းအများစုကို သူ့နောက်၌ ချန်ထားခဲ့လိုက်သည်။
ကောင်းကင်တောင်ဘက်ဂိတ်မှာ သံမဏိတပ်သားကဲ့သို့ ကျောက်လမ်းပေါ်၌ တည်ရှိနေဆဲပင်။
ကောင်းကင်တောင်ဘက်ဂိတ်သည် မြူခိုးများ တိမ်တိုက်များကြားတွင် ရောက်နေသောကြောင့် နတ်ပြည်ဖြင့်ပင် အထင်မှားနိုင်သည်။
ချူဖုန်း ရောက်သွားလေပြီ။ ရောက်သည်နှင့် တောင်ထိပ်အနားရှိ မြေပြင်သို့ သွားလိုက်သည်။
မြူခိုးများမှာ ထူထပ်လွန်းလှသောကြောင့် အစစ်အမှန်ဟုပင် မခံစားရ။ အားလုံးမှာ သူ့စိတ်ကူးကြောင့်ဖြစ်နေသလို ခံစားနေရသည်။
မြူမှာ ပုံမှန်မဟုတ်။ သူ၏နတ်ဘုရားကဲ့သို့သော အသိစိတ်ပင် သူ့ဘေးပတ်လည်ရှိ မြူများ၏ ဖုံးကွယ်ခြင်းခံလိုက်ရသည်ကို ချူဖုန်း ခံစားလိုက်ရသည်။ သားရဲဘုရင်များ၏ အမြင်အာရုံများ အားနည်းသွားသည်မှာ အံ့ဩစရာမရှိတော့။
ထိုက်တောင် တောင်ထိပ်ကို ကျောက်စိမ်းဧကရာဇ်တောင်ထိပ်ဟုလည်း ခေါ်ကြသည်ပင်။
နေရောင်များဖြာကျလာသောကြောင့် တောင်ထိပ်မှာ ပို၍ပင် သန့်စင်မြင့်မြတ်နေသည်။
ကျောက်စိမ်းဧကရာဇ်တောင်ထိပ်မှာ ချူဖုန်းထင်ထားသည်ထက်ပင် ပို၍ ညီညာပြီး ကျယ်ဝန်းလှသည်။ သူ အခြားလောကတစ်ခုသို့ ရောက်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။
တောင်ထိပ်တွင် မြို့ရိုးအပျက်များ၊ အဆောက်အဦးအပျက်များ ရှိနေသည်။ ဤနေရာတွင် လူများ နေထိုင်ခဲ့ကြသော်လည်း လူတို့သည် အချိန်၏စမ်းသပ်မှုကို မခုခံနိုင်ခဲ့ကြ။ တစ်ချိန်က ခမ်းနားခဲ့သည့်မြို့မှာ ယခုတော့ အပျက်အစီးပုံများသာ ရှိတော့သည်။
ချူဖုန်း ထိုအပျက်အစီးပုံများကို တူးရန် စိတ်မဝင်စား။ အဖိုးတန်သည့်အရာတစ်ခုခု ရှိနေလျှင်ပင် သားရဲဘုရင်များ ယူသွားလောက်လေပြီ။
သူစိတ်ဝင်စားသည်မှာ ဤအပျက်အစီးများအောက်၌ ထူးဆန်းသည့်မြေကြီးများ ရှိနေမလား ဆိုသည်ကိုပင်။
ခဏကြာပြီးနောက် လူနှစ်ယောက်ဖက်စာမကသည့် သစ်ပင်ကြီးတစ်ပင်ကို သူတွေ့လိုက်ရသည်။ သစ်ကိုင်းများ ညှိုးခြောက်နေပြီဖြစ်သော်လည်း သစ်ပင်ပင်စည်ကတော့ အရောင်များ တောက်ပနေဆဲပင်။
“ပြန်ကောင်းလာနေတဲ့ မြင့်မြတ်သစ်ပင်လား..” ချူဖုန်း သစ်ပင်နား ခဏရပ်လိုက်ပြီးနောက် အမှိုက်များကို စတင်တူးထုတ်လိုက်သည်။ သူ ခန့်မှန်းချက်များ မှန်မမှန်သိချင်သည်။
“ထူးဆန်းတဲ့မြေကြီးတွေ..”
သူ့တွေ့ရှိမှုကို သူ အံ့အားသင့်သွားရသည်။ မြေကြီးများအောက်၌ ထူးဆန်းသည့်မြေကြီးအကွက်များရှိနေသည်။ အကွက်တစ်ကွက်စီမှာ လူသားလက်သီးတစ်လုံးစာခန့်ရှိသော်လည်း အရောင်အဆင်းမှာ အတော်လေး မှေးမှိန်နေသည်။ “သူတို့ထဲမှာ ထူးခြားတဲ့စွမ်းအင်တွေ သိပ်မရှိတော့ဘူးထင်တယ်” ချူဖုန်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ဒါပေမဲ့ ဒီလောက်ဆို လုံလောက်လောက်ပါတယ်..
ချူဖုန်း သူ့အောင်မြင်မှုအတွက် ပျော်ရွှင်နေမိသည်။ ဤမြေကြီးများမှာ အစေ့ဖြူလေး အပင်ပေါက်လာရန်အတွက် လုံလောက်လိမ့်မည်ဟု သူ ယုံကြည်သည်။
ရုတ်တရက် သူ့အန္တရာယ်အသိပေးချက် နိုးထလာပြီး သူ့ခေါင်းနောက်၌ နာကျင်လာသည်။
ချူဖုန်း ထိုနေရာမှ မြန်မြန်ဖယ်လိုက်သည်။
လှံတစ်ချောင်း သူ့ခေါင်းနား ဖြတ်သွားကာ မြေကြီးကို ထိုးစိုက်သွားသည်။
သူသာ နည်းနည်းလေး နောက်ကျသွားလျှင် ဤလှံသူ့ခေါင်းကို ဖောက်ထွက်သွားပြီဖြစ်သည်။
ချူဖုန်း၏အကြည့်များ မှုန်မှိုင်းသွားသည်။ သူ့ကို တိုက်ခိုက်လိုက်သည့်သူမှာ သေချာပေါက် နှလုံးသားမရှိသည့်လူသတ်သမားပင် ဖြစ်လိမ့်မည်။
အဝေး၌ ရပ်နေသည့် သန္ဓေပြောင်းတစ်ဦးရှိနေသည်။ သူသည် တစ်ကိုယ်လုံးကိုဖုံးထားပြီး မျက်နှာသာဖော်ထားသည်။ သူတို့နှစ်ယောက်လုံးက လူတွေလေ .. အဲဒါကို ဒီလူကဘာလို့ သူ့ကို တိုက်ခိုက်လာတာလဲ..
ဤနေရာမှာ မလုံခြုံကြောင်း ချူဖုန်း သတိပြုမိသွား၏။ နေရာတိုင်း၌ အန္တရာယ်ရှိနိုင်ပြီး သူတွေ့သည့်လူတစ်ဦးတစ်ယောက်တိုင်းကို သတိကြီးကြီးထားရမည်။
“မင်း ဘာရှာတွေ့တာလဲ..” ထိုသန္ဓေပြောင်းလူ၏အသံမှာ ကြမ်းရှနေသည်။ ချူဖုန်း မြေကြီးစတူးကတည်းက သူ စောင့်ကြည့်နေခြင်းပင်။ ချူဖုန်း အဖိုးမဖြတ်နိုင်သည့်အရာတစ်ခုခုကို ရှာတွေ့သွားပြီဟု သူ ထင်လိုက်ခြင်းပင်။
“ခင်ဗျားအလုပ်မဟုတ်ဘူး” ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ ဤလူမှာ သေချာပေါက် လူကောင်းဖြစ်မည်မဟုတ်။ သူ ဤလူကို ညှာတာနေမည်မဟုတ်။
ဝှစ်..
မျက်စိတစ်မှိတ်အတွင်းမှာပင် ချူဖုန်း ထိုလူ မျက်နှာရှေ့ရောက်သွားပြီး သူ့လက်သီးလည်း ကျားပုံစံဖြစ်သွားသည်။ ထို့နောက် ထိုလူ၏ရင်ဘတ်ကို ထိုးချလိုက်သည်။
“မင်း..”
ထိုလူ ထိတ်လန့်သွားရသည်။ သူ ချူဖုန်း၏ပြိုင်ဘက်မဟုတ်ကြောင်း သူသိလိုက်ရသည်။
“ငါ မင်းကို တောင်းပန်ပါတယ် .. ငါတို့နှစ်ယောက်လုံးက လူသားမျိုးနွယ်တွေပဲလေ .. ငါ့ကို အသက်ရှင်ခွင့်ပေးပါ..” သူ အော်ဟစ်လိုက်သည်။ သို့သော် သူသည် အော်ဟစ်နေရင်းဖြင့်ပင် သူ၏လှံတံများကို ချူဖုန်း၏ရင်ဘတ်ထံသို့ ပစ်လွှတ်နေသည်ပင်။
ခွပ်..
လှံတံနှစ်ခုလုံး တစ်စစီဖြစ်သွားသည်။ ချူဖုန်းသည် သတ္တုလှံတံတစ်စုံမပြောနှင့် သတ္တုနံရံကြီးကိုပင် လက်သီးဖြင့် ထိုးခဲ့သည့်သူပင်။
ဝုန်း..
ထိုလူ လွင့်ထွက်သွားကာ ကျောက်ဆောင်တစ်ခုနှင့် ဆောင့်မိသွားပြီး သွေးအန်သွားသည်။
“ကျုပ်တို့နှစ်ယောက်လုံးက လူသားမျိုးနွယ်ကလာတာဆိုရင် ခင်ဗျားကဘာလို့ ကျုပ်ကို လာတိုက်ခိုက်တာလဲ .. ပြီးတော့ ဘာလို့ ကျုပ်အသက်ကို လိုချင်နေတာလဲ .. ကျုပ် ခင်ဗျားကို ဒီနေ့လွတ်ပေးလိုက်ရင် မနက်ဖြန်ကျရင် ခင်ဗျား တစ်ခြားလူတစ်ယောက်ရဲ့အသက်ကို ရန်ရှာနိုင်တယ် .. ခင်ဗျားက လူ့အမှိုက်ပဲ .. အဲဒီတော့ ဒီနေ့ ခင်ဗျားလိုမျိုး မကောင်းတဲ့သူကိုရှင်းပစ်ပြီး ကျုပ် ဂုဏ်ယူဝင့်ကြွားနေလိုက်မယ်..”
ဖူး..
ချူဖုန်း လှံတစ်ခုကို ကောက်ယူလိုက်ပြီး ထိုလူ၏ရင်ဘတ်ကို ထိုးဖောက်လိုက်သည်။
ထို့နောက် သူ လှည့်ထွက်လာခဲ့လိုက်သည်။ ထိုက်တောင်၌ သူ အစောပိုင်းကတွေ့ခဲ့သည့် သစ်ပင်တစ်ပင်သာရှိသည်မဟုတ်။ တိတ်ဆိတ်ငြိမ်သက်ကာ မည်သူမှ ခြေမချနိုင်သည့်နေရာမျိုးကို ရှာဖွေကာ ဤအစေ့ကို စိုက်ရမည်။
ချူဖုန်း မြူအတွင်းသို့ ဝင်ခဲ့လိုက်သည်။ သူ အထဲသို့ ဝင်သွားလေလေ လုံခြုံလေလေပင်။
“ဒီသစ်ပင်က…”
ကျောက်စိမ်းဧကရာဇ်တောင်ထိပ်မှာ ပြန့်ပြူးပြီး ကျယ်ဝန်းလှသည်။ သူ ဆယ်လီခန့် လျှောက်လာပြီဖြစ်သော်လည်း ယခုထိ အဆုံးကို မတွေ့ရသေး။ သို့သော် လမ်း၌ သစ်ပင်တစ်ပင်ကို တွေ့လိုက်ရသည်။ ဤသစ်ပင်မှာ ညှိုးခြောက်နေသည့်သစ်ပင်မဟုတ်။ အကိုင်းသစ်လေးများ ထွက်နေပြီး အကိုင်းထက်တွင် စိမ်းစိုသည့်သစ်ရွက်လေးများလည်း ထွက်နေသည်။ သစ်ရွက်များမှာ ခရမ်းရောင်တောက်ပနေသည်ပင်။ “ဒီသစ်ပင်က ထူးခြားတဲ့သစ်ပင်ဖြစ်ရမယ်..” ချူဖုန်း ရေရွတ်လိုက်သည်။
ချူဖုန်း အပေါ်ယံမျက်နှာပြင်ကို တူးလိုက်သည်နှင့် အံ့အားသင့်စရာကောင်းသည့်မြင်ကွင်း ထွက်ပေါ်လာသည်။ မြေအောက်၌ မြေကြီးခဲများစွာရှိနေပြီး တစ်ခဲစီတိုင်းမှာ လက်သီးအရွယ်အစားရှိသည်။ မြေကြီးအားလုံးတွင် စွမ်းအင်များ ပြည့်ဝနေသည့်ပုံပင်။
“ပိုပြီး အရည်အသွေးကောင်းတဲ့မြေကြီးပဲ..”
မည်သူမှမရှိလျှင် ဤနေရာမှာ အစေ့စိုက်ရန် အကောင်းဆုံးနေရာပင်။
“မင်း ဘာလုပ်နေတာလဲ..” သန္ဓေပြောင်းသားရဲတစ်ကောင် ကျယ်လောင်စွာ ဆူပူလာသည်။ “တောင်ပေါ်က အပင်တိုင်းနဲ့မြက်ပင်တွေတိုင်းကို ထိန်းသိမ်းထားဖို့ မျိုးစိတ်အားလုံးက ခေါင်းဆောင်တွေ သဘောတူထားပြီးသား .. မဟုတ်ရင် မျိုးစိတ်တစ်ခုလုံးကို သုတ်သင်ပစ်မှာ..”
ဤသားရဲမှာ လူသားပုံစံဖြစ်နေသောကြောင့် သူသည် ဘုရင်တစ်ဝက်အဆင့်သားရဲဖြစ်လောက်သည်။
“ဘာမှမဟုတ်ပါဘူး .. ကျွန်တော် ဒီကို လာကြည့်ရုံပါပဲ” ချူဖုန်း လှည့်ထွက်ခဲ့လိုက်သည်။ တတ်နိုင်သမျှ ပြဿနာများကို ရှောင်ရှားရမည်။
ယခုအချိန်တွင် အဆင့်တက်ရန်ထက် ဘာမှပိုအရေးမကြီး။ အဆင့်တက်ရန်အတွက် ထိုအဖြူရောင်အစေ့လေးမှာ အဓိကကျသည်ပင်။
ရုတ်တရက် သူ စိတ်ဖိစီးသလို ခံစားလိုက်ရသည်။ သူ့ရှေ့တွင် ကြီးမားလှသည့် စွမ်းအားကြီးသက်ရှိတစ်ကောင် လေထဲ၌ လှည့်ပတ်သွားနေပြီးနောက် မြူထဲ၌ ဝင်ရောက်ပျောက်ကွယ်သွားသည်။
“ဘုရင်တစ်ဝက်အဆင့်လား..” ချူဖုန်း ထိတ်လန့်သွားရသည်။
သူ ယခင်က ဤဘုရင်တစ်ဝက်အဆင့်သားရဲများနှင့်တွေ့ဖူးသောကြောင့် ဤသက်ရှိများ မည်မျှအန္တရာယ်များသည်ကို အခြားသူများထက် သူ ပိုသိသည်။
အထူးသဖြင့် သူ တွေ့လိုက်သည့်သားရဲမှာ ဒေါင်းနှင့်တူနေသည်။ ဒီဒေါင်းက သူ့အတွက်လာတာလား.. ချူဖုန်း ထိတ်လန့်သွားရသည်။
ချူဖုန်းသည် တည်ငြိမ်ချင်ဟန်ဆောင်ကာ မြူအတွင်းနက်ပိုင်းသို့ တိုးဝင်သွားလိုက်သည်။
“ငါ့ရှေ့ကဖယ်စမ်း..” ခပ်ဝေးဝေးတွင် ထိုဒေါင်း ဆူပူနေလေသည်။ သူသည် တစ်ခုခု သို့မဟုတ် တစ်ယောက်ယောက်ကို ရှာနေသည့်ပုံပင်။
ချူဖုန်း ခေါင်းငုံ့ထားလိုက်သည်။ သူ ဤနေရာမှ မြန်မြန်ထွက်သွားချင်သည်။
“ခင်ဗျားဘာလုပ်နေတာလဲ .. ကျုပ်တို့လူသားတွေထဲမှာ ခင်ဗျားနဲ့ယှဉ်နိုင်တဲ့သူ မရှိဘူးထင်လို့ ကျုပ်တို့ကို အနိုင်ကျင့်နေတာလား..” ချူဖုန်း အံ့အားသင့်သွားရသည်မှာ လူသားထဲတွင်လည်း သားရဲတစ်ဝက်အဆင့်လူသားများ ရှိနေသည်။ ထိုလူသည် ယခု ဒေါင်းနှင့် မျက်နှာချင်းဆိုင်နေသည်ပင်။
“ဟမ်..” ဒေါင်းသည် နှာခေါင်းရှုံ့ကာ အဝေးသို့ ပျံသန်းသွားလေ၏။
ချူဖုန်း မြူအတွင်းနက်ပိုင်းသို့ တိုးဝင်သွားလိုက်သည်။ သူ လမ်းပျောက်သွားမည်ကို သူ မကြောက်။ အတွင်းနက်ပိုင်းသို့ မရောက်မည်ကိုသာ သူကြောက်သည်။
“မင်းဆက်မသွားသင့်တော့ဘူး လူငယ်လေး .. အရှေ့မှာ အရမ်းကို အန္တရာယ်များလိမ့်မယ် .. သားရဲဘုရင်တွေတောင် အဲဒီနေရာကို မဝင်ရဲဘူး .. အဲဒီမှာ မြူတွေက အရမ်းကို ထူထပ်နေမှာ..”
လူကြီးတစ်ဦး သူ့ကို စေတနာဖြင့် သတိပေးလာသည်။
သူ ရပ်နေသည့်နေရာမှ ရှေ့ဆက်သွားလျှင် နေရာတိုင်း၌ အန္တရာယ်ရှိနေနိုင်ကြောင်း၊ ထိုနေရာသည် မည်သူမှ ပြန်မထွက်လာနိုင်သည့်နေရာဖြစ်ကြောင်း ထိုလူကြီး ချူဖုန်းကို ပြောပြလာသည်။
ချူဖုန်း သူ့သတိပေးမှုကို ကျေးဇူးတင်လိုက်သည်။ သို့သော်လည်း သူ လှည့်ပတ်ကြည့်ပြီးနောက် ထိုနေရာထဲသို့ ဝင်သွားလိုက်လေသည်။
ထိုလူကြီး သတိပေးခဲ့သကဲ့သို့ပင် မြူများမှာ တကယ်ကို သိပ်သည်းလှသည်။ လူများသည် ဤနေရာတွင် အလွယ်တကူ လမ်းပျောက်သွားနိုင်ပြီး စိတ်လွတ်သွားနိုင်သည်။ သို့သော် မြူခိုးများကြားတွင် မွှေးရနံ့တစ်ခုကို သူရလိုက်သည်။
“ကောလဟာလတွေက အမှန်ပဲ .. ဒီမှာ ပန်းပွင့်နေတဲ့ မြင့်မြတ်သစ်ပင်တစ်ပင် ရှိနေတယ် .. ဒါပေမဲ့ အဲဒီအပင် ဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိဘူး..” ချူဖုန်း အံ့အားသင့်သွားရသည်။
လူများ ဤအပင်ကို ရှာမတွေ့နိုင်ခြင်းမှာ ဤအပင်သည် အပြိုင်စကြာဝဠာ၌ ပေါက်နေခြင်းကြောင့်ဖြစ်လိမ့်မည်ဟု ချူဖုန်း ထင်သည်။
သို့သော် သူ ဤအပင်ကို ရှာမည့်ရည်ရွယ်ချက်မရှိ။ ထိုအစား မြူထဲသို့ ဦးတည်ရာမဲ့ လျှောက်သွားနေလိုက်ကာ အပင်စိုက်ရန် နေရာကောင်းရှာဖွေလိုက်သည်။
နောက်ဆုံးတွင်တော့ ပင်စည်အိုကြီးမှာ အကိုင်းအသစ်များပေါက်နေသည့် ရှေးဟောင်းသစ်ပင်တစ်ပင်ကို သူ တွေ့လိုက်ရသည်။ ဤနေရာမှာ တိတ်ဆိတ်နေပြီး ဝိညာဉ်ပင်လျှင် ဖြတ်သန်းသွားလာမည့်ပုံမပေါ်။
“ဒီနေရာပဲ..”
ချူဖုန်း မြေကြီးများကို စတင်တူးထုတ်လိုက်သည်။ ထင်ထားသည့်အတိုင်း မြေအောက်၌ အရောင်တောက်ပနေသည့် ထူးဆန်းသည့်မြေကြီးအတော်များများ ရှိနေသည်။
ယခင်ကအတိုင်း ချူဖုန်း အစေ့ကို ကျောက်သေတ္တာထဲထည့်လိုက်ပြီး ထူးဆန်းသည့်မြေကြီးဖြင့် ဖုံးအုပ်လိုက်သည်။
ထို့နောက် တစ်ခုခုဖြစ်လာရန် သစ်ပင်အောက်၌ စိတ်ရှည်လက်ရှည် စောင့်လိုက်သည်။
ခွန်းလွန်တောင်၌ သူ တွေ့ခဲ့သည့် ဤအစေ့မှာ ထူးခြားလှသည်။ ညသန်းခေါင်ကျော်သည့်အချိန်တွင်တော့ အညွှန့်ထွက်လာသည့်အသံသည် တိတ်ဆိတ်မှုကို ဖြိုခွဲလာ၏။ အပင် စပေါက်လာလေပြီ။
အမှောင်ထဲ၌ ပြိုင်ဘက်ကင်းသည့် ငွေရောင်အလင်းတန်း ထွက်ပေါ်လာသည်။ အရွက်များလည်းငွေရောင်တောက်ပနေသည်ပင်။
အပင် အောင်မြင်စွာ ထွက်ပေါ်လာသည်အတွက် ချူဖုန်း အလွန်ပျော်ရွှင်သွားရသည်။ သူ၏ အောင်မြင်မှု၊ ကျရှုံးမှုမှာ ဤညအပေါ်တွင် မူတည်လိမ့်မည်။
သူသာ အောင်မြင်လျှင် ရွှမ်းထျန်မြို့သို့ ပြန်သွားပြီး ကြောက်ရွံ့ခြင်းမရှိ တိုက်ခိုက်နိုင်လိမ့်မည်။
ချူဖုန်း အပြင်လောကအကြောင်း မတွေးရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက သူ့စိတ်ငြိမ်သက်နိုင်မည်မဟုတ်တော့။
ယခုတစ်ခေါက် အစေ့မှာ ပို၍ထူးဆန်းနေသည်။ အဖြူရောင်မြူနှင်းများကြားတွင် နတ်သမီးတစ်ပါးကနေသကဲ့သို့ပင်။ အပင်ကြီးထွားနှုန်းလည်း ပို၍ မြန်လာသည်။ အရွက်နုလေးများ ထွက်သည်မှ ပင်စည်ထွက်လာသည်အထိ မိနစ်ပိုင်းသာ ကြားလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အပင်မှာ တစ်ပေကျော် ရှိသွားလေပြီ။
ယခုတစ်ခေါက်တော့ နွယ်ပင်မဟုတ်တော့။ ငွေရောင်သစ်ပင်လေးပင်။ ပင်စည်တွင် ငွေရောင်သစ်ကိုင်းသုံးကိုင်းရှိနေပြီး သစ်ကိုင်းများထက်တွင် ငွေရောင်သစ်ရွက်များ ထွက်နေသည်။
နာရီဝက်ကြာပြီးနောက် သစ်ပင်မှာလူတစ်ယောက်အရပ် ရောက်လာသည်။
“ကြီးနေတုန်းပဲ..” ချူဖုန်း အံ့အားသင့်သွားရသည်။
သစ်ပင်မှာ နှစ်မီတာပင်ကျော်နေလေပြီ။ ပင်စည်ရှိ သစ်ခေါက်များတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်ကို ချူဖုန်း တွေ့လိုက်ရသည်။ ငွေဖြူရောင်သစ်ခေါက်များ တစ်လွှာပြီးတစ်လွှာ အက်ကွဲနေသည်မှာ နဂါးအကြေးခွံနှင့်ပင် တူနေသည်။
သစ်ပင်ထိပ်ဖျားအား လေတိုက်ခတ်သွားသည့်အချိန်တွင် ကျောက်စိမ်းအချင်းချင်းပွတ်တိုက်သကဲ့သို့သော အသံမျိုး ထွက်ပေါ်လာသည်။
ဤသစ်ပင်သည် သူ့ကို သားရဲဘုရင်များ ရောက်ရှိနေသည့်အဆင့်သို့ ရောက်အောင် လုပ်ပေးနိုင်လိမ့်မည်ကို သူသိသည်။ သူ့အခွင့်အရေး ရောက်ရှိလာလေပြီ။
အပိုင်း ၁၂၅ ပြီး၏။