ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၂၄ – ဘုရားနယ်မြေ
ထိုက်တောင်မှာ ခမ်းနားလှသည်။
ရှေးခတ်အခါက ဘဝအားလုံး ဤနေရာ၌ စခဲ့သည်ဟု ယုံကြည်ကြသည်ပင်။
ကမ္ဘာကြီး ပြောင်းလဲလာသည့်အချိန်တွင် ထိုက်တောင်လည်း ပြောင်းလဲခဲ့သည်ပင်။
လေဆိပ်မှ ထွက်လာသည်နှင့် ဤနေရာ၌ ရှိနေသည့်လူများ သူ့ကို ထိုက်တောင် တောင်ခြေ၌ရှိနေသည့် မြို့သို့ ပို့ပေးခဲ့ကြသည်။ ဤမြို့၌ နားရန် သူ့ကို စီစဉ်ပေးထားကြသည်ပင်။
သို့သော် သူ ဘယ်လိုလုပ် နားနိုင်မည်နည်း.. သူ ချက်ချင်းတောင်ပေါ်သို့တက်ကာ လက်ရှိအခြေအနေများကို ဆန်းစစ်ချင်သည်။
လုထုန် သူ့မိဘများ၏ လုံခြုံရေးကို အာမခံထားသော်လည်း သူ စိတ်မအေးနိုင်သေး။
သူ့မိဘများအပြင် ယုယန်ချင်း၊ တိဟွိုင်ကျွင်း၊ ယဲ့ချင်းရုန်၊ ချန်လော့ယန်နှင့် အခြားသူများလည်း ရှိသေးသည်။ သူတို့ဘေးကင်းပါ့မလား..
သူ ပြန်မလာမချင်း ကျောက်စိမ်းဂူကျောင်းထဲမှ ထွက်မသွားရန် သူ ဤလူများကို ပြောထားပြီးသားပင်။
“ဒီညတော့ ကျွန်တော်တို့ တောင်ပေါ်ကို တက်လို့မရဘူး .. အခု တိုက်ပွဲဖြစ်နေတာ .. ဒေါင်းဘုရင်ဦးဆောင်တဲ့ သားရဲလူမျိုးစု ကျွမ်းကျင်သူတွေနဲ့ တိုက်ခိုက်နေကြတာ..”
ရှုမင် သူ့ကို နောက်ဆုံးသတင်းများ ပြောပြလာသည်။
“ဘာတွေဖြစ်ခဲ့ကြတာလဲ..” ချူဖုန်း မေးလိုက်သည်။
ရှုမင်လည်း ကျောက်စိမ်းဂူကျောင်းမှ သန္ဓေပြောင်းလူတစ်ဦးပင်ဖြစ်ပြီး ချူဖုန်းအား ကူညီပေးရန် တာဝန်ပေးခံထားရသည်ပင်။
“မြေတစ်လက်မစီတိုင်းမှာ သွေးတွေစွန်းနေတာ..” ရှုမင် ပြန်ဖြေလိုက်သည်။
ထိုက်တောင်မှ တိုက်ပွဲမှာ ပြင်းထန်လှသည်။ တောင်ခြေမှ တောင်ထိပ်ထိ လမ်းတစ်လျှောက်လုံး၌ အလောင်းများ ပြန့်ကျဲနေပြီး လေထဲတွင်လည်း သေမင်းအငွေ့အသက်များ ပျံ့နှံ့နေသည်။
အစောလေးကတင် သားရဲလူမျိုးစုများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းပင်။ သို့သော် ဤသည်မှာ သားရဲဘုရင်များကို ဘာမှထိခိုက်စေမည်မဟုတ်။
လူသားဘက်မှလည်း အသေအပျောက်များစွာ ရှိနေသည်။
“ငါတို့ဘက်မှာ ထိပ်တန်းကျွမ်းကျင်သူ သုံးယောက်ပဲရှိတာလား..” ချူဖုန်း မေးလိုက်သည်။ သူတို့တွေ ဒီတောင်ကို သိမ်းနိုင်ပါ့မလား..
“ငါတို့ဘက်မှာ သားရဲဘုရင်တစ်ချို့လည်း ရှိတယ်” ရှုမင် ပြောပြလာသည်။
အချို့သားရဲဘုရင်များသည် ဒေါင်းဘုရင်ဘက်မပါပဲ လူသားများနှင့်အတူ တိုက်ခိုက်နေခဲ့ကြသည်။ ထိုဘုရင်များကြောင့်သာမဟုတ်လျှင် လူသားများ ပို၍ ဆုံးရှုံးမှုများမည်ပင်။
ချူဖုန်း လေးနက်စွာ နားထောင်ပြီး ဤနေရာမှ အခြေအနေများကို နားလည်အောင် လုပ်လိုက်သည်။
ယခုတလောတွင် တိုက်ပွဲမှာ အထွဋ်အထိပ်သို့ရောက်နေသည်။ သားရဲဘုရင်အချို့ပင် သေဆုံးသွားကြပြီဖြစ်သည်။
ယနေ့ညတော့ နောက်ဆုံးတိုက်ပွဲဖြစ်လိမ့်မည်ဟု မျှော်လင့်ရသည်ပင်။
ဤတိုက်ပွဲတွင် ကျောက်စိမ်းဂူကျောင်းမှ ဆရာသည် ဒေါင်းဘုရင်နှင့်တိုက်ခိုက်ကာ ကိစ္စအားလုံးကို တစ်ခါတည်း ရှင်းကြတော့မည်။
ထို့အပြင် အခြားသားရဲဘုရင်များလည်း တိုက်ပွဲ၌ ပါလာနိုင်သည်။
“အဲဒီတောင်ထိပ်က ဘာများထူးခြားနေလို့လဲ..” ချူဖုန်း မေးလိုက်သည်။
ဒေါင်းဘုရင် အဘယ်ကြောင့် ဤတောင်ထိပ်အား ထိုမျှစိတ်ဝင်စားနေသည်ကို သူသိချင်သည်။ သူ့အမြင်တွင်တော့ ဤနေရာမှာ လူသားများပိုင်ဆိုင်သည့် မြင့်မြတ်နေရာတစ်ခုပင်။
ဒေါင်းဘုရင်သည် အနောက်တောင်ဘက်တွင်သာ လှည့်လှည်သွားလာနေခဲ့သည်။ ထိုနေရာရှိ ရှေးဟောင်းပန်းပုအချို့တွင် ဒေါင်းမျိုးနွယ်၏ ဘိုးဘေးများ ထိုက်တောင်သို့ အလည်လာခဲ့ကြောင်း မှတ်တမ်းတင်ထားသည်ကို သူ တွေ့ခဲ့ရသည်။ ထိုဘိုးဘေး ဤတောင်၌ တစ်ခုခုချန်ခဲ့လောက်သည်။
ထို့ကြောင့်လည်း ဒေါင်းဘုရင် ဤတောင်ကို သိမ်းပိုက်လိုခြင်းပင်။
“အဲဒီမှာ စွမ်းအားကြီးတဲ့ တစ်ခြားသူတွေ ရှိသေးလား..” ချူဖုန်း မေးလိုက်သည်။
ကျောက်စိမ်းဂူကျောင်း၊ အမြင်ရှစ်မျိုးကျောင်းနှင့် ဂျိဒ်ကျောင်းမှ ဆရာများအားလုံး ဤတိုက်ပွဲ၌ ပူးပေါင်းတိုက်ခိုက်နေကြသောကြောင့် ရန်သူမှာ ဒေါင်းဘုရင်တစ်ဦးတည်းမဟုတ်နိုင်။
အခြား သားရဲဘုရင်အဆင့် သားရဲများလည်း ရှိနေမည်မှာ သေချာသည်။
“ကျီးကန်းတစ်ကောင်လည်းရှိတယ် .. လက်ရှိတော့ သူ့အတောင်တွေလဲနေတာ .. မကြာခင်မှာ သူ ရွှေရောင်ကျီးကန်းဖြစ်လိမ့်မယ်လို့ ကောက်ချက်ချထားကြတယ်” ရှုမင် ခေါင်းညိမ့်၍ ပြောလိုက်သည်။
အမှန်တကယ်တွင် ဤကျီးကန်းကို ရွှေရောင်ကျီးကန်းဟုပင် ခေါ်၍ရနေပြီဖြစ်သည်။
ဤကျီးကန်းသည်လည်း သူ့ဘိုးဘေးရွှေကျီးကန်း ထိုက်တောင်၌ အဆုံးသတ်သွားသောကြောင့် သူလည်း တိုက်ပွဲထဲ၌ ဝင်ပါလာခြင်းဖြစ်သည်ဟု ပြောကြသည်။
“တိမ်တိုက်ကျားသစ်နက်နဲ့ ကျိုမင်ကြောင်လည်း သူတို့ဘိုးဘေး ထိုက်တောင်ကို ရောက်ဖူးတယ်လို့ ကြားပြီးရောက်လာကြတာ”
ချူဖုန်းအာရုံစိုက် နားထောင်နေခဲ့သည်။
ကြည့်ရတာ ဒီတိုက်ပွဲမှာ သားရဲမျိုးစိတ်တွေ အများကြီး ပါတယ်ထင်တယ် .. တောင်ထိပ်မှာ ဘာတွေရှိလို့ သူတို့တွေက ဒီလောက်စိတ်ဝင်စားနေကြတာလဲ..
ရှေးခေတ် ဘုရင်သုံးဦးနှင့် ဧကရာဇ်ငါးဦးသည် ဤနေရာ၌ ကောင်းကင်ဘုံအား ပူဇော်သည့်ဓလေ့ကို စတင်ခဲ့သည်။ နောက်ပိုင်းတွင် မင်းဆက်များသည် ဤနေရာကို အလေးအမြတ်နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။
သားရဲလူမျိုးစုများ သန္ဓေပြောင်းပြီးနောက် သူတို့ဘိုးဘေးများ ဤနေရာသို့ ရောက်လာခဲ့ဖူးကြောင်း သိလိုက်ရသည်နှင့် ဤနေရာကို သေချာစစ်ဆေးရန် ဆုံးဖြတ်လိုက်ကြခြင်းပင်။
“တောင်မှ တိုက်ပွဲတွေ ဒီလောက်ဖြစ်နေတာဆိုတော့ အဲဒီကျွမ်းကျင်သူတွေ ဒီနေရာကို နှံ့စပ်နေလောက်ပြီပေါ့ .. သူတို့ တစ်ခုခု မတွေ့ခဲ့ဘူးလား..” ချူဖုန်း မေးလိုက်သည်။
“သူတို့တွေ တောင်ထိပ်ထိ ရောက်သွားပြီး အဲဒီမှာ တိုက်ခိုက်ခဲ့ကြသေးတယ် .. ဒါပေမဲ့ အဲဒီနေရာက အရမ်းထူးခြားတယ်လို့ ပြောကြတယ် .. ဘယ်သူမှ ဘာမှမတွေ့ခဲ့ကြဘူး”
တောင်ထိပ်သည် အမြဲတမ်း မြူဆိုင်းနေသောကြောင့် ဘာကိုမှ မမြင်ရ။
လူသားနှင့် သားရဲမျိုးနွယ်စုနှစ်မျိုးလုံးတောင်ထိပ်သို့ တက်သွားခဲ့ကြသော်လည်း ထိုနေရာမှာ အဆုံးမရှိသည့်မြေပြင်သာဖြစ်ကြောင်း တွေ့လိုက်ရသည်။
“တောင်ထိပ်က မရိုးရှင်းဘူး .. ပျက်စီးနေတဲ့ မြေအောက်နန်းတော်တွေနဲ့ ခမ်းနားတဲ့စင်္ကြံတွေရှိတယ် .. အဲဒီနေရာမှာ ပြီးပြည့်စုံတဲ့ ရွှေရောင်ကျီးကန်းဥကို အာရုံခံနိုင်ခဲ့တယ်လို့ ရွှေရောင်ကျီးကန်း ပြောခဲ့တယ် .. သူ မြူတွေကိုဖြတ်ပြီး ဒီနေရာတစ်ခုလုံးကို ရှာခဲ့ချင်ပေမယ့် သူ မအောင်မြင်ခဲ့ဘူး .. အဲဒီအချိန်ကစပြီးတော့ သူ အဲဒီဥကို အာရုံမခံနိုင်တော့ဘူးတဲ့”
“ထူးဆန်းလိုက်တဲ့နေရာ..” ချူဖုန်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ဒီမှာ ဘာနတ်အပင်တွေ ရှိလဲ..” ချူဖုန်း သိချင်လာသည်။
“ပြောင်းလဲမှုအတွင်း တောင်ကြီး ကြီးမားလာတဲ့အချိန်မှာ တစ်ပင်ထက်မကတဲ့ ရှေးဟောင်းသစ်ပင်တွေ ပေါ်လာခဲ့တယ် .. ဒါပေမဲ့ တစ်ချို့က ညှိုးသွားပြီးတော့ ပြန်မကောင်းလာသေးဘူး .. တစ်ချို့ကလည်း အခုမှ အညွှန့်လေးတွေပေါက်နေတာ”
ချူဖုန်း မျက်မှောင်ကြုတ်လိုက်၏။ သူ ရောက်လာသည့်အချိန်မှားသွားလေပြီ။
“တစ်ချို့ရှေးဟောင်းသစ်ပင်တွေက မြူတွေရဲ့ အတွင်းနက်ပိုင်းမှာ ရှိနေတာ .. တစ်ခါတစ်လေ သစ်ပင်ကနေ အမွှေးနံ့တွေ ရနေပေမယ့် ဘယ်သူမှ အဲဒီသစ်ပင်တွေကို ရှာမတွေ့သေးဘူး”
ရှုမင်ပြောသည်ကို နားထောင်ပြီးသည်နှင့် သားရဲဘုရင်များပင် ဝတ်မှုန်ရှိနေသည့်နေရာကို မသိနိုင်သောကြောင့် ဤမြူများမှာ သာမန်မဟုတ်ကြောင်း ချူဖုန်း သိလိုက်ရသည်။
ချူဖုန်း စိတ်လှုပ်ရှားနေပြီဖြစ်သည်။ သူ ဝတ်မှုန်အရင်းအမြစ်ကို ရှာတွေ့မတွေ့သည့်ကိစ္စမှာ အရေးမကြီး။ အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ အဖြူရောင်မျိုးစေ့ရှိနေသည်ပင်။
ထိုက်တောင် တောင်ထိပ်၏ စွမ်းအားများကို အသုံးပြုကာ သူ့မျိုးစေ့ အစေ့ပေါက်အောင် လုပ်နိုင်လောက်သည်။ သူသာ အောင်မြင်သွားလျှင် သူ ဘုရင်အဆင့်သို့ ရောက်နိုင်လိမ့်မည်။
ဤအစေ့ကို သူယုံကြည်သည်။ တစ်ကြိမ်ဖူးပွင့်ပြီးသည့်နောက် သူ့ပုံစံမှာ တွေ့စပုံစံနှင့်မတူတော့။
ယခုတစ်ခေါက်တော့ သူ အံ့အားသင့်စရာကောင်းသည့် သစ်ပင်တစ်ပင်အဖြစ် ကြီးထွားလာလောက်သည်။
ထိုညတွင် ချူဖုန်း ပြတင်းပေါက်မှတစ်ဆင့် ခမ်းနားလှသည့်တောင်ကြီးကို ကြည့်လိုက်သည်။
ပြောင်းလဲမှုများဖြစ်ပေါ်လာသည့်အချိန်တွင် ထိုက်တောင်ကြီးသည် အဆပေါင်းများစွာ ကျယ်ပြန့်လာခဲ့သည်။
အခြားနေရာများ ပြောင်းလဲသွားသော်လည်း မူလတောင်ကတော့ မပြောင်းလဲ။ ဘေးဘက်မှသာ တောင်များထွက်ပေါ်လာခြင်းပင်။
ဝုန်း..
ညအချိန်တွင် ကောင်းကင်ထက်၌ လျှပ်စီးတန်းတစ်ခု လင်းလက်လာပြီး တောင်တစ်ခုလုံး လင်းထိန်သွားသည်။ ထိုက်တောင်မှ တိုက်ပွဲစတင်လေပြီ။
ကောင်းကင်ထက်မှ ရောင်စုံဒေါင်းတစ်ကောင် ခမ်းနားစွာ ဆင်းသက်လာသည်ကို သူတွေ့လိုက်ရသည်။ သူသည် လေထဲ၌ ရပ်တန့်နေပြီးနောက် လူသားများအား ပြင်းထန်စွာ တိုက်ခိုက်လာသည်။
နောက်ဆုံးတိုက်ပွဲ စတင်လေပြီ။ ယနေ့ညတွင် အနိုင်ရရှိသူ ထွက်ပေါ်လာလိမ့်မည်။
ဝုန်း..
ထိုဒေါင်းသည် လေထဲ၌ပင် လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ဤလူသည် ခုန်းရှန်ထက်ပင် ချောမောလှသည်။
သူသည် လူသားပုံစံဖြင့် အောက်သို့ ဆင်းသက်လိုက်ပြီး စတင်တိုက်ခိုက်လာသည်။
ဝုန်း.. ဝုန်း…
ဒေါင်းဘုရင်သည် ရှေးဟောင်းအမွေအနှစ်ကို လက်ခံရရှိခဲ့ပြီး ယခုအချိန်တွင် သူသည် မင်ဝမ်လက်သီးကို အသုံးပြုကာ မြေပြင်ထက်မှ လူတစ်ယောက်နှင့် တိုက်ခိုက်နေသည်။
မထင်မှတ်စွာဖြင့် သူ့ပုံစံအမှန်ဖြင့် တိုက်ခိုက်ခြင်းမရှိ။
တိုက်ပွဲမြေပြင်မှ ရောင်စုံအလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ဤလက်သီး၏စွမ်းအားမှာ တောင်များကို တစ်စစီဖြစ်အောင် လုပ်ပစ်ရန် လုံလောက်သည်။
သို့သော် ထိုက်တောင်သည် ယခင်ကကဲ့သို့မဟုတ်။ တောင်ကြီးသည် ပို၍မာကျောလာပြီး ဤတိုက်ခိုက်မှုများမှာ သူ့ကိုဘာမှမဖြစ်စေနိုင်။
ချူဖုန်း တိုက်ပွဲကို အနီးကပ်ကြည့်ချင်သော်လည်း ကံမကောင်းစွာဖြင့် သူတိုက်ပွဲအနားသို့ သွား၍မရ။ ဤသည်မှာ သူ့ကိုယ်သူ ကာကွယ်ခြင်းတစ်မျိုးဟု သတ်မှတ်၍ရသည်ပင်။ ဘုရင်အဆင့်မဟုတ်သည့် သက်ရှိအားလုံး ထိုက်တောင်မှ ဆုတ်ခွာသွားကြပြီဖြစ်သည်။
သူ့လက်ရှိစွမ်းအားဖြင့် သူ တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မမြင်ရ။ တိုက်ပွဲမှာ အလွန်ဝေးနေသည့်အပြင် တိုက်ခိုက်နေသူနှစ်ဦးသည် အလင်းတန်းများ ထုတ်လွှတ်နေသည်ပင်။
ခဏကြာပြီးနောက် တိုက်ပွဲသည် အခြားတောင်ထိပ်တစ်ခုသို့ ပြောင်းသွားသောကြောင့် ချူဖုန်း ဘာကိုမှ မမြင်ရတော့။
ထို့ကြောက် တောက်ပကာ ကြောက်စရာကောင်းနေသည့် ရွှေရောင်ကျီးကန်းတစ်ကောင် အရှေ့ဘက်မှ ထွက်ပေါ်လာသည်ကို ချူဖုန်း တွေ့လိုက်ရသည်။ ထိုကျီးကန်းသည် တောက်လောင်နေသည့်မီးတောက်များနှင့်အတူ အမြစ်ရှစ်မျိုးကျောင်းမှဆရာနှင့် တိုက်ခိုက်လာသည်။
ထို့နောက် အခြားသားရဲဘုရင်များစွာလည်း ထွက်ပေါ်လာလေသည်။
သားရဲဘုရင်များ၏ အော်ဟိန်းသံမှာ အလွန်မာကျောလှသည့် ထိုက်တောင်ကိုပင် ယိမ်းယိုင်သွားစေခဲ့သည်။
ညသန်းခေါင်းကျော်သွားမှသာ တိုက်ပွဲကြွေးကြော်သံများနှင့် သားရဲအော်သံများ တစ်ဖြည်းဖြည်းတိတ်ဆိတ်သွားသည်။
“အခြေအနေဘယ်လိုလဲ..” ချူဖုန်း မေးလိုက်သည်။
ရှုမင်သည် နောက်ဆုံးသတင်းများနှင့် ယခုမှ ရောက်လာခြင်းပင်။
“အမြင်ရှစ်မျိုးကျောင်း၊ ကျောက်စိမ်းဂူကျောင်းနဲ့ ဂျိဒ်ကျောင်းက ကျွမ်းကျင်သူတွေအားလုံး ဒဏ်ရာရသွားပြီး အခု အနားယူနေကြတယ်”
“ဘာ..” ချူဖုန်း အံ့အားသင့်သွားရသည်။
“ဒေါင်းဘုရင်နဲ့ ရွှေရောင်ကျီးကန်းတို့အဖွဲ့လည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ကြတယ် .. အနိုင်အရှုံးက မသဲကွဲသေးဘူး .. တိုက်ပွဲကို မနက်ဖြန် ဆက်တိုက်လောက်တယ် .. ခင်ဗျား အခွင့်အရေးတစ်ခုကို စိတ်ရှည်ရှည်နဲ့ စောင့်နေသင့်တယ်”
ကျွမ်းကျင်သူများ ပြင်းထန်စွာ တိုက်ခိုက်လေလေ သူ့အတွက် အခွင့်အရေးများလေလေဟု ရှုမင် ချူဖုန်း ကို ပြောပြလိုက်သည်။ ယခင်အတွေ့အကြုံအရဆိုလျှင် ထိပ်တန်းကျွမ်းကျင်သူများ အားဖြည်နေသည့်အချိန်မှာ အခြားသူများ သွားရောက်ရှာဖွေနိုင်သည့်အချိန်ပင်။
နောက်တစ်နေ့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ကျွမ်းကျင်သူများသည် တစ်ယောက်ကိုတစ်ယောက် ပြင်းထန်စွာ သတ်ဖြတ်နေခဲ့ကြသည်။
ကံမကောင်းစွာဖြင့် ဒုတိယတိုက်ပွဲပြီးဆုံးသွားသော်လည်း အနိုင်အရှုံးမသဲကွဲသေး။
ဤအတောအတွင်း ချူဖုန်း သူ့ဖုန်းကို ပြန်ဖွင့်လိုက်ပြီး အပြင်လောကမှသတင်းများကို ကြည့်လိုက်သည်။
သူ့ကို ရှာနေသည့်လူများစွာ ရှိသော်လည်း မည်သူမှ သူ့ကို ရှာမတွေ့နိုင်။
“မင်းတို့အားလုံး သေချင်နေတာပဲ..” ချူဖုန်း ပို့စ်တစ်ခုကို မြင်လိုက်သည်။ ဤသည်မှာ ဟွမ်ရှောင်ရှန်း တင်ထားသည့်ပို့စ်ပင်။ သူ ထွက်မလာလျှင် သူ့မိဘများကို ပစ်မှတ်ထားမည်ဖြစ်ကြောင်း တင်ထားခြင်းပင်။
ချူဖုန်း မျက်လုံးထဲ ဒေါသအရိပ်အရောင်များ ဖြတ်ပြေးသွားသည်။
ထို့နောက် သူ နောက်ထပ်ပို့စ်တစ်ခုကို ထပ်တွေ့လိုက်ရသည်။
အင်တာနက်ပေါ်မှ ကောလဟာလများအရ ဒေါင်းလူမျိုးစုသည် ဘောဓိမျိုးရိုးဗီဇနှင့် ပူးပေါင်းကာ ဖူထော်တောင်အား တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။
ကျန်းလော့ရှန်းသည် ဘောဓိရုံးချုပ်၌ ခုန်းရှန်ဦးဆောင်သည့် အဖွဲ့အား အဖော်ပြုပေးနေရသည်ကို တွေ့ခဲ့ရကြောင်း ရေးသားထားကြသည်။
ထို့အပြင် ခုန်းရှန်သည် ကျန်းနင်မြို့သို့သွားပြီး ဒိမ်ဒီအဖွဲ့သို့သွားလည်ကာ လင်းနွိုင်ကို တွေ့ချင်ကြောင်း ပြောခဲ့သည်ဟု ပြောထားကြလေသည်။
“မင်းတို့တွေက ငါ့ကို အရှက်ခွဲဖို့ ကြိုးစားနေကြတာလား..” ချူဖုန်း သူ့ဘာသာသူ ရေရွတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူ လင်းနွိုင်နှင့်ပတ်သက်ခဲ့ဖူးကြောင်း အားလုံးသိထားသည်ပင်။ ထို့အပြင် သိပ်မကြာသေးခင်က သူနှင့် ကျန်းလော့ရှန်းကြားမဝှ အချစ်ဇာတ်လမ်းကောလဟာလများ ထွက်ခဲ့သည်ပင်။
“ငါ အဆင့်တက်ပြီး ရွှမ်းထျန်မြို့ကို ပြန်ရောက်တဲ့အချိန်ထိ စောင့်နေလိုက် .. ငါ မင်းတို့တစ်ယောက်စီတိုင်းကို သတ်ပေးမယ်..” ချူဖုန်း သူ့ဖုန်းကို ချက်ချင်းပိတ်လိုက်ပြီး သူ့စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။
တတိယမြောက်နေ့တွင်တော့ ယနေ့ည တောင်ပေါ်သို့ တက်မည်ဖြစ်ကြောင်း ရှုမင် သူ့ကို အသိပေးလာသည်။ ကြည့်ရသည်မှာ ထိပ်တန်းအဆင့်ကျွမ်းကျင်သူများကြားမှ တိုက်ပွဲ ကန့်လန့်ကာချတော့မည်ထင်သည်။
ထင်ထားသည့်အတိုင်းပင် ထိုညတွင် တိုက်ပွဲကြီး အဆုံးသတ်သွားသည်။
ချူဖုန်း ခိုင်မြဲသည့်ခြေလှမ်းများဖြင့် သူ၏တောင်တက်ခရီးကို စတင်လိုက်သည်။
အပိုင်း ၁၂၄ ပြီး၏။