Switch Mode

Chapter – 1

အစမှ ပြန်စခြင်း

Chapter – 1 အစမှ ပြန်စခြင်း

ညသန်းခေါင်အချိန်… ။ ကျင်းဟိုင်မြို့၏ လူကုံထံများ နေထိုင်ရာ ဂရင်းဘန်ဘူး… ။

ရှီဖုန်သည် သားရေဆိုဖာပေါ်တွင် ထိုင်ပြီး ဖိုင်တစ်ခုကို ကိုင်ထားကာ ပြတင်းပေါက်မှ အပြင်ဘက်ရှိ ရေကန်ဆီသို့ ငေးကြည့်နေပြီး သူ၏မျက်နှာတွင် စိတ်ပျက်မှုများဖြင့် ပြည့်နေလေသည်။

သူက ကျင်းဟိုင်မြို့၏ ထိပ်ဆုံးဂိမ်းအဖွဲ့အစည်း ၄ခုထဲမှ တစ်ခု အပါအဝင်ဖြစ်သည့် ရှဲဒိုးအဖွဲ့မှ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး လူပေါင်း၁၀၀၀၀ကျော်ကို အမိန့်ပေး အုပ်ချုပ်ရ၏။ သူက ကျင်းဟိုင်မြို့၏ ကျော်ကြားသည့် ဓားပညာရှင်တစ်ယောက်လည်း ဖြစ်သည်။ သို့သော် ယခုအချိန်မှာတော့ သူက ဝမ်းနည်းမှုကို ဖြေဖျောက်ရန် အရက်သာ သောက်နိုင်တော့သည်။

၁၀နှစ်… ။ သူက ဂိမ်းကို ၁၀နှစ်တိတိ ကစားခဲ့သည်။

၁၀နှစ်လုံးတွင် သူက ရက်စက်ပြင်းထန်သည့် တိုက်ပွဲများစွာကို တိုက်ခိုက်ခဲ့သည်။

သူက မရေမတွက်နိုင်သည့် စမ်းသပ်မှုများနှင့် နာကျင်မှုများကို ခံစားခဲ့ရသည်။ သူ၏ ခေါင်းဆောင်မှုအောက်တွင် ရှဲဒိုးအဖွဲ့အစည်းသည် မြိုကြီး ၁၀မြို့ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။ သူတို့အဖွဲ့အစည်းက ပထမတန်းစားအဖွဲ့အစည်းများကို ယှဉ်ပြိုင်နိုင်သည်အထိ အစွမ်းထက်ခဲ့သည်။ သို့သော်လည်း အဆုံးမရှိသည့် အောင်မြင်မှုများကို သူက မခံစားရသေးခင်မှာတင် အရာအားလုံးက စာရွက်လေးတစ်ခုဖြင့် အငွေ့ပျံသွားခဲ့ရလေပြီ။

ရှီဖုန်းက သူ၏၁၀နှစ်တာ ကြိုးစားခဲ့မှုများက ယခုကဲ့သို့ အချည်းနှီးဖြစ်သွားလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ သူက ဂိမ်းအတွက် အများကြီးကို စွန့်လွှတ်ခဲ့သော်လည်း သူလုပ်ခဲ့သမျှ အရာအားလုံးက တခြားသူများအတွက် လမ်းခင်းပေးသကဲ့သို့ ဖြစ်သွားခဲ့ရသည်။

သူက ယခုကဲ့သို့ အဆုံးသတ်သွားရသည့် အကြောင်းအရင်းမှာ ရှဲဒိုးအဖွဲ့အစည်းက စူပါအဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်းရန် ဆုံးဖြတ်ချက်ကို သူက ဆန့်ကျင်ခဲ့သောကြောင့် ဖြစ်သည်။ နောက်တစ်ရက်ကို မကူးခင်မှာတင် လန်ဟွားအဖွဲ့ဘဏ္ဍာရေးဌာနမှ သူ့ကို အကြောင်းကြားစာ ပို့လာခဲ့သည်။ ၁၀နှစ်ကျော်ကစားလာသည့် သူ၏ အဆင့် ၂၀၀ ဓားဘုရင်အကောင့်ကို ဖျက်ပေးရမည်ဖြစ်ပြီး ဘဏ္ဍာရေးဌာနမှ ပေးအပ်သည့်ငွေကြေးကို လာယူရန် ဖြစ်သည်။

သူက ဘဏ္ဍာရေးဌာနမှ ၅မီလီယံခန့်နှင့် တိုက်တစ်လုံးကိုသာ ရရှိခဲ့သည်။ ထိုငွေပမာဏသည် ရှဲဒိုးအဖွဲ့အစည်းမှ တည်ထောင်ထားသည့် မြို့၁၀မြို့မှ ဝင်ငွေနှင့် ယှဉ်လိုက်လျှင် သမုဒ္ဒရာထဲမှ ရေတစ်စက်လောက်တောင် မရှိပေ။

ရှီဖုန်းက သူသည် ရှဲဒိုးအဖွဲ့အစည်းကို ပံ့ပိုးခဲ့သည့်အကြောင်းများကို ပြန်တွေးသည်။ လန်ဟွားအုပ်စုကို ဘဏ္ဍာရေးအုပ်စုကြီးတစ်ခုဖြစ်အောင် ကြိုးစားအားထုတ်ခဲ့ရသည့် အကြောင်းများကို တွေးသည်။ ပြီးနောက် သူတို့က သူ့အား ပစ်ပယ်လိုက်သည့် အကြောင်းများကို တွေးသည်။ ထိုအကြောင်းများကို တွေးပြီး သူတို့၏ လုပ်ရပ်များအတွက် သူတို့ကို လက်စားချေမည်ဟု ကျိန်ဆိုလိုက်သည်။

“ငါ ဒီလိုမျိုး အဆုံးသတ်မှာ မဟုတ်ဘူး… အလွန်ဆုံး အစကနေ ပြန်စရုံပေါ့… “

ရှီဖုန်းက အဖြေတွေ့သွားသည့်ဟန်ဖြင့် သူ့မျက်လုံးများက ယုံကြည်မှုများဖြင့် ပြည့်လာသည်။ ထို့နောက် သူက လက်ထဲတွင် ရှိသည့် စာချုပ်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုတ်ဖြဲလိုက်သည်။ သူက စားပွဲပေါ်မှ ဝိုင်ပုလင်းကို ဆွဲယူပြီး ဆက်တိုက် မော့သောက်လိုက်သည်။

သူက သူ၏ဓားဘုရင်အကောင့်ကို ဖျက်လိုက်လျှင်တောင်မှ၊ သူ၏အဖော်များ မရှိတော့လျှင်တောင်မှ သူ၏ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ၊ အသိပညာများက သူ့ထံတွင် ရှိနေဆဲ ဖြစ်သည်။ သူ၏ ကျွမ်းကျင်မှုများက သူ့ထံတွင် ရှိနေသရွေ့ နတ်ဘုရားနယ်မြေတွင် နောက်တစ်ကြိမ် ကျော်ကြားလာအောင် လုပ်နိုင်စွမ်း ရှိ၏။ ထို့အပြင် သူ၏အစွမ်းက ကိုယ်ပိုင်နိုင်ငံတစ်ခုကိုတောင်မှ တည်ထောင်နိုင်စွမ်း ရှိ၏။

…………………………………………..

နံနက်ခင်း… ။ နေက တဖြည်းဖြည်း မြင့်တက်နေသည်။

“တီ… တီ… တီ… “

ဖုန်းသံက ဆက်တိုက် မြည်လာသည်။

ရှီဖုန်းက မကျေမချမ်းဖြစ်သည့် အမူအရာဖြင့် ထလိုက်ပြီး အိပ်ယာဘေးမှ ဖုန်းကို ယူလိုက်သည်။ မနေ့ညမှ အဖြစ်အပျက်များက သူ့အာရုံကို စိုးမိုးနေဆဲ ဖြစ်သည်။

“ဟေး… ဘာကိစ္စလဲ… “

“အစ်ကိုဖုန်း… ငါပါ..ဘလက်ကီ… သိရဲ့သားနဲ့ မေးနေသေးတယ်… မင်းနဲ့ငါ ကျွမ်းကျင်ဂိမ်းကစားသမားတွေ ဖြစ်အောင်လုပ်မယ်လို့ ကတိပြုထားတာ မှတ်မိတယ်မလား… ဒီနေ့ ရှဲဒိုးအဖွဲ့အစည်းက ငါတို့ကျောင်းမှာ လူခေါ်မလို့တဲ့… ရှဲဒိုးအဖွဲ့အစည်းမှာ လုပ်ချင်တယ်လို့ မင်း အမြဲတမ်း ပြောနေတာမလား… “

ဘလက်ကီ၏ စကားကို ကြားပြီး ရှီဖုန်းက စိတ်ရှုပ်ထွေးသွား၏။

လန်ဟွားဘဏ္ဍာရေးအုပ်စုက သူ့ကို ‌မနေ့ကမှ အလုပ်ထုတ်ခဲ့သည်။ ထို့ကြောင့် သူက ရှဲဒိုးအဖွဲ့၏ စစ်ဆေးခြင်းကိစ္စကို မည်သည့်အကြောင်းကြောင့် ကူညီရမည်နည်း။

“အစ်ကိုဖုန်း… အစ်ကိုဖုန်း… မင်း ငါ ပြောတာကြားလား… သူတို့က ၁၀နာရီမှာ စပြီး စစ်ဆေးမှု စလိမ့်မယ်… မင်း မြန်မြန် မလာရင် စစ်ဆေးမှု မခံရဘဲ နေမယ်… “

“ဘလက်ကီ… နောက်နေတာတွေ ရပ်စမ်း.. မနေ့ကမှ ငါက ရှဲဒိုးအဖွဲ့ကနေ အလုပ်ထုတ်ခံလိုက်ရတာ… “

“အလုပ်ထုတ်ခံရတာလား… အစ်ကိုဖုန်း မနေ့ညက ဘယ်လောက်တောင် သောက်လိုက်တာလဲ… အခုထိတောင် အမူးမပြေသေးဘူးလား… ရှဲဒိုးအဖွဲ့က လူတစ်ယောက်တောင်မှ မခေါ်ရသေးတာ အစ်ကိုဖုန်းက ဘယ်လိုလုပ်ပြီး အလုပ်ထုတ်ခံရမှာလဲ… ကောင်းပြီလေ… အစ်ကိုဖုန်းသာ မြန်မြန် လာခဲ့စမ်းပါ… “

ဘလက်ကီက ပြောပြီးသည်နှင့် ဖုန်းကို ချက်ချင်း ချလိုက်သည်။

ဖုန်းချသွားပြီးနောက် ရှီဖုန်းက လက်ထဲမှ ဖုန်းကို ကြည့်ပြီး မှင်သက်သွား၏။ သူ့လက်ထဲတွင် ရှိနေသည့်ဖုန်းသည် နောက်ဆုံးပေါ် iphone 12 ဖြစ်ရမည့်အစား ဟောင်းနွမ်းနေသော iphone 6 ဖြစ်နေလေသည်။

ရှီဖုန်းက ဖုန်းကို ကြည့်ပြီး ပတ်ဝန်းကျင်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။

သူက ၁၅စတုရန်းမီတာထက် မကျယ်သော ရှုပ်ပွနေသည့် အခန်းတစ်ခုထဲတွင် ရောက်နေလေသည်။ သူ၏ ဘေးပတ်လည်တွင် ဂိမ်းနှင့် ပက်သတ်သော စာအုပ်များ ရှိနေပြီး အခန်းထောင့်တွင် စာကြည့်စားပွဲတစ်ခု ရှိနေသည်။ စာကြည့်စားပွဲပေါ်တွင် ခေတ်မမီတော့သည့် လက်တော့တစ်လုံး ရှိ၏။ နံရံတွင် ကပ်နေသော ဗီဒိုထဲတွင်လည်း ရှုပ်ပွနေသော အဝတ်အစားပုံကြီးနှင့် မှန်တစ်ချပ် ရှိနေသည်။ မှန်ထဲတွင်မူ သူ အလွန်ရင်းနှီးနေသည့် မျက်နှာတစ်ခုကို မြင်လိုက်ရသည်။

ထိုမျက်နှာကို မြင်ပြီး ရှီဖုန်းက အံ့ဩမှုကြောင့် ခုန်မိလိုက်သည်။

“ဘယ်လိုလုပ် ငါ့မျက်နှာက ငယ်ရွယ်သွားရတာလဲ… “

ရှီဖုန်းက မှန်ဆီသို့ လျှောက်သွားလိုက်ပြီး သူ့မျက်နှာကို သေချာစစ်ဆေးကြည့်နေလေသည်။ အတန်ကြာမှ သူက အမှန်တကယ် ငယ်သွားကြောင်းကို အတည်ပြုလိုက်သည်။

မနေ့က သူသည် ဇိမ်ခံပစ္စည်းများနှင့် အိပ်ခန်းတစ်ခုထဲတွင် အိပ်ခဲ့သော်လည်း ယခုမူ သူက စုတ်ပြတ်သတ်နေသော နေရာတစ်ခုတွင် နိုးလာလေသည်။ ထို့အပြင် သူ၏ ရုပ်ရည်က ငယ်ရွယ်သွားသေး၏။

ရှီဖုန်းက သူရောက်နေသည့် နေရာကို မှတ်မိသည်။ လွန်ခဲ့သည့်၁၀နှစ်က ဤနေရာတွင် သူက နေထိုင်ခဲ့သည်။ သူက ဤနေရာကို မငှားချင်၊ငှားချင်ဖြင့် ငှားရမ်းခဲ့၏။ ထို့ကြောင့်လည်း သူက တက္ကသိုလ်တက်ရင်း နတ်ဘုရားနယ်မြေဂိမ်းကို ကစားနိုင်ခဲ့သည်။ သူက နယ်ဘုရားနယ်မြေမှ ပိုက်ဆံတစ်ချို့ကို ရှာနိုင်လာသည့်အချိန်ကို ရောက်သောအခါ သူက ကွန်ဒိုတိုက်ခန်းကျယ်တစ်ခုကို ငှားရမ်း၍ နေထိုင်ခဲ့၏။

ရှီဖုန်းက ခက်ခဲကြမ်းတမ်းခဲ့သော ထိုနှစ်များအကြောင်းကို စဉ်းစားမိလိုက်သည်။ ထိုအချိန်က သူ၏မိသားစုအခြေအနေသည် ကောင်းမွန်သည့်အထဲ မပါပေ။ ရှီဖုန်းကို တက္ကသိုလ်တက်နိုင်စေရေးအတွက် သူတို့၏ မိဘများက ကြွေးမှီးများ ယူခဲ့ရသည်။ ရှီဖုန်းအား လစဉ် လောက်လောက်ငှငှ နေနိုင်စေရန်အတွက် ငွေများကို သူ့မိဘများက ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်းဖြင့် ရှာခဲ့ရ၏။

ရှီဖုန်းက သူ့မိသားစု၏ အခြေအနေကို ပြောင်းလဲနိုင်ရန် အချိန်တိုင်း ကြိုးစားနေခဲ့သည်။ သို့သော်လည်း တက္ကသိုလ်ဘွဲ့ရများ ပြည့်နေသည့် ခေတ်ကြီးထဲတွင် အလုပ်ကောင်းတစ်ခုရဖို့ အလွန်ခဲယဉ်းလှသည်။ ထို့ကြောင့် သူ့အတွက် ဗွီအာဂိမ်းများ(Virtual Reality games)ကသာ အသင့်တော်ဆုံးဖြစ်သည်ဟု တွေးခဲ့သည်။ သူက ကျွမ်းကျင်ဂိမ်းကစားသမားတစ်ယောက်ဖြစ်ရန် ရည်မှန်းချက်ထားပြီး ဗွီအာဂိမ်းဦးထုပ်တစ်လုံးကိုပင် ဝယ်ကာ ဂိမ်းထဲတွင် သူ၏စွမ်းရည်များကို တိုးတက်အောင် လေ့ကျင့်ခဲ့သည်။

ထိုအချိန်အတွင်း၌ သူက ပေါင်မုန့်နှင့် ခေါက်ဆွဲများကိုသာ နေ့စဉ်စားသောက်ခဲ့ပြီး ငွေကို ချွေတာသည့်အနေဖြင့် သူ၏အတန်းဖော်များပြုလုပ်သည့် ပွဲများကိုပင် သွားရောက်ခြင်း မပြုခဲ့ပေ။ ထို့ကြောင့် သူက အတန်းထဲတွင် မရှိသည့်လူတစ်ယောက်ဟုပင် သတ်မှတ်ခံလာရသည်။ အတန်းထဲမှ ယောက်ျားလေးများက သူ့ကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်ကြသကဲ့သို့ မိန်းကလေးများကလည်း သူနှင့် အဝေးမှာသာ နေကြလေသည်။

ခေါက်ဆွဲဗူးများဝယ်ရန်အတွက် သွားသည့်အချိန်တိုင်း သူ့ပိုက်ဆံအိတ်ထဲတွင် ၁၀ ခရက်ဒစ်ထက် ပိုပြီး မရှိချေ။ ထိုအချိန်က သူသည် ၁ ခရက်ဒစ်သာ ကျသည့် ကြက်အူချောင်း၊ ဝက်အူချောင်းများကိုပင် ဝယ်မစားရဲပေ။ ဆိုင်က အရောင်းစာရေးမလေးက သူ့ကို သနားလို့ အသားချောင်းများကို ဒစ်စကောင့်ဈေးဖြင့် ပေးခဲ့သော်လည်း ဘာမှမကျန်တော့သည့် သူ့ပိုက်ဆံအိတ်ကြောင့် အသားချောင်းများကို ဝယ်ရန် ငြင်းပယ်ခဲ့ရသည်။

“တစ်ယောက်ယောက်ကများ ငါ့ကို နောက်ပြောင်နေတာလား… “

ရှီဖုန်းက မှန်ထဲမှ ငယ်ရွယ်နေသည့် သူ့မျက်နှာကို သေချာကြည့်ပြီး ထိုအတွေးကို ငြင်းပယ်လိုက်သည်။

ကမ္ဘာပေါ်တွင် အဖွဲ့ဖြိုးဆုံးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံတောင်မှ ဤကဲ့သို့ နုပျိုလာစေနိုင်သည့် နည်းပညာ မရှိသေးချေ။ သူကဲ့သို့ လူကို မည်သူက ယခုလို နောက်ပြောင်လိမ့်မည်နည်း။

ရှီဖုန်းက သူ့ဖုန်းကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။

“၁၉ ရက် ဧပရယ်လ ၂၁၂၉ခုနှစ်… “

“ငါက ပြန်ဝင်စားလာတာလို့တော့ မပြောနဲ့… “

ရှီဖုန်းက ခါးသည်းသည့်အပြုံးဖြင့် စိတ်ထဲမှ ရေရွတ်လိုက်သည်။

ယနေ့သည် ၂၁၃၉ခုနှစ် ဩဂုတ်လ ၅ရက် ဖြစ်ရမည်ကို မှတ်မိနေသေး၏။ ၂၁၂၉ခုနှစ် ဧပရယ်လဆိုသည့် အချိန်သည် သူ တက္ကသိုလ်တက်နေသည့် အချိန်ဖြစ်သည်။

ရှီဖုန်းက သူ့ကိုယ်သူ ယခုအဖြစ်မှ နိုးထလာစေရန် ခေါင်းကို ခါရမ်းလိုက်သည်။ သူက လက်ရှိအဖြစ်ကို ငြင်းဆန်လိုက်သော်လည်း သူ့စိတ်ထဲတွင်မူ ပြန်လည်မွေးဖွားပါစေဟူသော မျှော်လင့်ချက်အမျှင်တန်းလေးတစ်ခုတော့ ရှိနေသည်။

သူက စားပွဲခုံဆီသို့ လျှောက်သွားလိုက်ပြီး လက်တော့ကို ဖွင့်လိုက်သည်။ သူ၏ဖုန်းမှ အချိန်က အတုဖြစ်နေလျှင်တောင်မှ အင်တာနက်က သတင်းကတော့ အမှားဖြစ်နေလိမ့်မည် မဟုတ်ပေ။

မိနစ်အနည်းငယ်ကြာအောင် စောင့်ပြီးနောက်…

ရှီဖုန်းက အင်တာနက်ထဲတွင် ဖွတ်ဖွက်ညက်ညက်ကြေအောင် မွေနှောက်ရှာလိုက်သည်။ အင်တာနက်ထဲတွင် ဒီနေ့သည် ၂၁၂၉ခုနှစ် ဧပရယ်လ ၁၉ရက် ဖြစ်ပြီး နတ်ဘုရားနယ်မြေကို တရားဝင်ထုတ်လွှတ်မည့်ရက်စွဲသည် နောက်ထပ် ၆ရက်မြောက်နေ့ဖြစ်သည့် ဧပရယ်လ ၂၅ရက်နေ့ ဖြစ်သည်။

“ငါက တစ်ကယ်ပဲ လွန်ခဲ့တဲ့ ၁၀နှစ်က အချိန်ကို ပြန်ရောက်လာတာလား… “

ရှီဖုန်းက နတ်ဘုရား၏နယ်မြေ၏ ထုတ်ပြန်သတင်းကို စိုက်ကြည့်ပြီး သူ၏မျက်ဝန်းထောင့်နှစ်ခုမှမှ မျက်ရည်စီးကြောင်း၂ခု စီးကျလာသည်။

ယခုအချိန်တွင် ရှီဖုန်းသည် နောင်တ၊ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုတို့ကို တစ်ပြိုင်နက်တည်း ခံစားနေရသည်။

သူ့ရှေ့တွင် ဖြစ်နေသည့်အရာအားလုံးသည် အိမ်မက်မက်နေသကဲ့သို့ပင် ဖြစ်သည်။

အင်းစက်များ၏ အော်သံနှင့် လေအေးပေးစက်မှ ထွက်နေသည့် အေးစက်သောလေက အရာအားလုံးသည် အစစ်ဖြစ်သည်ဟု သူ့ကို ပြောနေလေသည်။

သူက ဖုန်းကိုကြည့်ပြီး တက္ကသိုလ်သို့ ရောက်သည့်အချိန်က ရိုက်ခဲ့သည့်မိသားစုဓာတ်ပုံကို ဖွင့်ကြည့်လိုက်သည်။ သူ့မိဘများသည် ဆံပင်များလည်း ဖြူနေသကဲ့သို့ ပါးရေနားရေများလည်း တွန့်နေလေပြီ။ သူတို့က ယခင်ကလို သွက်သွက်လက်လက် မဟုတ်တော့ဘဲ တစ်ကယ်အိုနေလေပြီ။

နတ်ဘုရားနယ်မြေကို တရားဝင်ဖွင့်ပြီးသည့်အချိန်မှစ၍ တစ်နှစ်ခွဲကြာသောအခါမှသာ ရှီဖုန်းက သူ့မိဘများ၏ အိုမင်းနေသော အသက်အရွယ်ကို သတိထားမိခဲ့သည်။ များပြားလှသောအကြွေးများ၊ အလုပ်ကြမ်းများကို လုပ်ကိုင်ခဲ့ရခြင်းနှင့် စိတ်ဖိစီးမှုများကြောင့် သူ့မိဘများက ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်ခဲ့သည်။ သူ့မိဘနှစ်ပါးကို ကုသရန်အတွက် ခရက်ဒစ်သန်းပေါင်းများစွာ လိုအပ်သော်လည်း ထိုအချိန်တွင် ရှီဖုန်းက ရှဲဒိုးအဖွဲ့၏ သာမန်ခေါင်းဆောင်ငယ်တစ်ယောက်အဖြစ်သာ ရှိသေး၏။ သူရသည့် ပိုက်ဆံသည် သူ့မိဘများအတွက် ကုန်ကျမည့် ဆေးစရိတ်ကို ခြေဖျားပင် မမီချေ။

ရှီဖုန်းက ကြိုးစားပြီး ငွေကို စုဆောင်းခဲ့သော်လည်း မလုံလောက်ခဲ့ချေ။ သူက သူ့တွင် ရှိသမျှဖြင့် ကြိုးစားခဲ့သော်လည်း နောက်ထပ်လအနည်းငယ်ကြာပြီးနောက်တွင် သူ့မိဘများက သူ့ကို ထားသွားခဲ့ကြသည်။

ယခင်ဘဝက သူ့မိဘများကို မစောင့်ရှောက်နိုင်ခဲ့ပေ။ မိဘများကို မစောင့်ရှောက်နိုင်ခဲ့အတွက် အလွန်နာကျင် ခံစားခဲ့ရသည်။

ရှီဖုန်းက ခရက်ဒစ်တစ်သန်းကျော် ရှာနိုင်သည့်အချိန်ရောက်တာတောင်မှ နာကျင်မှုက သူ့ရင်ထဲတွင် ကျန်ရှိနေသေး၏။

ကံတရားက သူ့အပေါ် ယခုကဲ့သို့ ကစားလာလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ အခုတော့ သူက စမှတ်နေရာကို ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ သူက သူ့ဘဝကို သုညမှ ပြန်စရပေလိမ့်မည်။

“ကောင်းတယ်… ဒါက အရမ်းကောင်းတယ်… ဟဟဟ… ငါက ပြန်မွေးဖွားလာခဲ့ပြီ… အရာအားလုံးကို ငါ ပြောင်းလဲပစ်မယ်… ငါ့အဖေနဲ့အမေကို ကုသဖို့ ပိုက်ဆံလုံလုံလောက်လောက် ငါရအောင် ရှာမယ်… ငါ့မိဘတွေကို အခုကစပြီး အပူအပင် မရှိဘဲ နေနိုင်အောင် ငါကြိုးစားမယ်… “

ရှီဖုန်းက မျက်ရည်များကို သုတ်ပစ်ပြီး စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။

သူက အနာဂါတ်အတွက် တွေးနေစဉ်မှာပင် ဘလက်ကီက သူ့ကို နောက်တစ်ကြိမ် ဖုန်းခေါ်ပြီး တက္ကသိုလ်ကို မြန်မြန်လာခဲ့လျှင် ထပ်မံတိုက်တွန်း၏။

သို့သော်လည်း ရှီဖုန်းက အလျင်မလိုဘဲ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ကာ ကျင်းဟိုင်တက္ကသိုလ်ဆီသို့ ထွက်လာခဲ့သည်။

သူက ရှဲဒိုးအဖွဲ့နှင့် နောက်တစ်ကြိမ် မပက်သတ်နိုင်တော့ပေ။

ရှီဖုန်းကား မှတ်မိနေဆဲဖြစ်သည်။ သူက တက္ကသိုလ်တက်နေသည့်အချိန်တွင် လန်ဟွားအုပ်စုမှ လန်ဟိုင်းလုံက နယ်ဘုရားနယ်မြေကို ရှဲဒိုးအဖွဲ့ဖြင့် ဝင်ရောက်ခဲ့သည်။ လန်ဟိုင်းလုံက ကျင်းဟိုင်တက္ကသိုလ်မှ ကျောင်းသားများကို လူခေါ်ရာတွင် စစ်ဆေးခဲ့၏။ ထိုအချိန်က ရှီဖုန်းသည် ရှဲဒိုးအဖွဲ့၏ စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီး ရှဲဒိုးအဖွဲ့အစည်း၏ လက်ရွေးစင်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့သည်။ ဘလက်ကီကတော့ သာမန်အဖွဲ့ဝင်တစ်ယောက်သာ ဖြစ်ခဲ့သည်။ သူက လက်ရွေးစင်အဖွဲ့ဝင်ဖြစ်ခဲ့သဖြင့် အချိန်တော်တော်ကြာအောင် ပျော်ရွှင်ခဲ့ရ၏။

ရှီဖုန်း၏ ခေါင်းဆောင်မှုအောက်တွင် ၃နှစ်ကြာပြီးနောက် ရှဲဒိုးအဖွဲ့အစည်းက လန်ဟွားအုပ်စုကို နတ်ဘုရားနယ်မြေမှ များပြားလှသော အကျိုးအမြတ်များကို ရယူပေးနိုင်ခဲ့ပြီး လန်ဟွားအုပ်စုပ်မှ အင်အားကြီးသော လန်ဟွားဘဏ္ဍာရေးအုပ်စုအဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည်။ သို့သော်လည်း လန်ဟိုင်းလုံက သူ့ကို အလုပ်ထုတ်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။

ယခု သူက ပြန်လည်မွေးဖွားလာသည်ဖြစ်သည့်အတွက် နတ်ဘုရားနယ်မြေမှ လျှို့ဝှက်ချက်များကို တခြားသူများ မသိသော်လည်း သူက သိနေလေသည်။ ထို့ကြောင့် သူက တခြားသူများအတွက် အလုပ်လုပ်ပေးလိမ့်မည် မဟုတ်တော့ဘဲ သူ့အတွက်သာ အလုပ် လုပ်တော့မည် ဖြစ်သည်။ သူ့အတွက် ကုန်ကျနေသည့် ကုန်ကျစရိတ်များကို ဖယ်ရှားပြီး သူ့မိဘများ၏ အကြွေးများကို ကူဆပ်ပေးချင်သည်။ ထိုအတွက် သူက စွန့်စားရမည်ဖြစ်ပြီး ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခု တည်ထောင်ရပေမည်။ ဒါမှသာ သူ့အတွက် ကောင်းမွန်သည့်ဘဝတစ်ခုကို ရနိုင်လိမ့်မည် ဖြစ်၏။

မကြာမီ ရှီဖုန်းက စာသင်ဆောင် အခန်း၁ကို ရောက်လာသောအခါ အဆောက်အဦးရှေ့တွင် ပိန်ပိန်ပါးပါး၊ အရပ်ရှည်ရှည်နှင့် လူတစ်ယောက်ကို မြင်လိုက်သည်။ ထိုအသားညိုညိုနှင့် လူငယ်သည် ဘလက်ကီသာလျှင် ဖြစ်သည်။

“အစ်ကိုဖုန်း… မင်း နောက်ဆုံးတော့ ပေါ်လာပြီပေါ့… ကံကောင်းသွားတယ်… စာရင်းသွင်းတာ မပြီးသေးဘူး… မြန်မြန်သွားပြီး စာရင်းပေးရအောင်… “

ဘလက်ကီက ရှီဖုန်းကို မြင်သည်နှင့် အလျင်စလို ပြောလိုက်သည်။

ရှီဖုန်းက ခေါင်းကို ခါပြီး ပြောလိုက်သည်… “ဘလက်ကီ… ငါ ရှဲဒိုးအဖွဲ့ကို မဝင်တော့ဘူး… ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခု ထောင်မယ်… မင်း ဝင်မလား… “

ဘလက်ကီက သူနှင့် တခြားဗွီအာဂိမ်းတစ်ခုတွင် ဆုံခဲ့သော သူငယ်ချင်း ဖြစ်ပြီး ကစားရာတွင်လည်း ကျွမ်းကျင်မှု ရှိ၏။ သူတို့၂ယောက်သည် အကြိမ်ပေါင်းများစွာ အတူကစားခဲ့ကြသည့်အတွက် ညီအစ်ကိုအရင်းကဲ့သို့ပင် ခင်မင်နေကြသည်။

ရှဲဒိုးအဖွဲ့သို့ ရောက်သောအခါ ဘလက်ကီက သူ၏ စီမံခန့်ခွဲမှု အရည်အချင်းများကို ပြသခဲ့ပြီး အဖွဲ့ဝင် ၁သိန်းကို နိုင်နိုင်နင်းနင်း အုပ်ချုပ်ခဲ့သည်။ ယခုတစ်ကြိမ်တွင် ရှီဖုန်းကသာ ဘလက်ကီ၏ အကူအညီကို ရရှိခဲ့ပါက သူ၏ခြေလှမ်းများက ပိုပြီး မြန်လာပေလိမ့်မည်။ သို့သော်လည်း သူက ဘလက်ကီ၏ ဆုံးဖြတ်ချက်ကိုလည်း အလေးထားရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူက ဘာကောင်မှ မဟုတ်သေးသောကြောင့် ဖြစ်သည်။

ဘလက်ကီ၏ မိသားစုအခြေအနေသည် သူနှင့် မထူးမခြားနားပင် ဖြစ်သည်။ ဘလက်ကီက ရှဲဒိုးအဖွဲ့သို့ ဝင်ရောက်ချင်သည့် ရည်ရွယ်ချက်မှာ သူ၏ကုန်ကျစရိတ်များအတွက် ငွေပိုတစ်ချို့ ရှာနိုင်ရန် ဖြစ်သည်။

ဘလက်ကီက ရှီဖုန်း၏စကားကို ကြားပြီး ခေါင်းကို ငုံ့ကာ တိတ်ဆိတ်သွားသည်။ သူ့စိတ်ထဲတွင် ရှီဖုန်းက ဒီနေ့ ထူးဆန်းနေသည့်ဟု ခံစားရသည့်အပြင် ရှီဖုန်း၏ တည်ငြိမ်ပြီး ယုံကြည်မှုရှိနေသည့် အငွေ့အသက်များကိုလည်း ခံစားမိနေသည်။

တစ်မိနစ်ခန့် ကြာပြီးနောက် ဘလက်ကီက ခေါင်းကို မော့ပြီး ရှီဖုန်းကို ကြည့်လိုက်သည်။

“အစ်ကိုဖုန်း… အဓိပ္ပါယ် မရှိတာတွေ ပြောနေတာ ရပ်လိုက်ပါတော့… ပုံရိပ်ယောင်ဂိမ်းဦးထုပ်တစ်လုံး ဘယ်လောက်ရှိလဲ အစ်ကိုသိတယ်မလား… ခရက်ဒစ် ၈၀၀၀ရှိတယ်… အဖွဲ့အစည်းတစ်ခု ဖွဲ့ဖို့ဆိုရင် လူက အနည်းဆုံး ၆ယောက် ရှိရမယ်… ပြီးတော့ နေရာ၊ လစာ၊ ပြီးတော့ တခြားဟာတွေလည်း ကျန်သေးတယ်… အစပိုင်း ထည့်ဝင်ရမဲ့ငွေကလည်း အနည်းဆုံး ခရက်ဒဏ် ၇သောင်းကနေ ၈သောင်းကြား လိုတယ်… နောက်ပိုင်း ဒီထက်များတဲ့ ရင်းနှီးမှုတွေ လုပ်ရဦးမှာ… အစ်ကိုဖုန်းမှာ အဲ့လောက်ငွေ ရှိလို့လား… “

ဘလက်ကီက ရှီဖုန်း၏ အခြေအနေကို သိ၏။ ထို့ကြောင့် သူက ရှီဖုန်း၏ အသုံးမဝင်သည့် အတွေးများကို စွန့်လွှတ်ရန် ဖျောင်းဖျနေခြင်း ဖြစ်သည်။

“မင်း မှန်တယ်… အခုတော့ ငါ့မှာ ဂိမ်းဦးထုပ်တစ်လုံးဖိုးတောင် ပိုက်ဆံမရှိသေးဘူး… “

ရှီဖုန်းက ဘလက်ကီပြောသည့်စကားများကို ဝန်ခံလိုက်သည်။

ငွေ ၇သောင်းကနေ ၈သောင်းကြား ပမာဏသည် သေးငယ်သော ငွေပမာဏ မဟုတ်ပေ။ ယခင်က လန်ဟိုင်းလုံသည် အဖွဲ့ဝင်၁၀၀အတွက် ငွေ ၅သန်းကျော် အသုံးပြုခဲ့ရသည်။ အဖွဲ့အစည်း၏ အရည်အသွေးနှင့် စွမ်းအားကို တိုးတက်စေရန်အတွက်လည်း များပြားလှသော ငွေကြေးကို ထပ်မံ သုံးစွဲခဲ့ရသေး၏။

“အဲ့လိုဆိုလည်း စွန့်စားမဲ့အစား ရှဲဒိုးအဖွဲ့ကို ဝင်တာက ပိုပြီး မကောင်းဘူးလား… အနည်းဆုံးတော့ ရှဲဒိုးအဖွဲ့က ငါတို့က ဂိမ်းဦးထုပ်တစ်လုံးတော့ ထောက်ပံ့ပေးနိုင်တယ်… ဒီလိုမှ မဟုတ်ရင်တော့ ငါတို့က ပရော်ဖက်ရှင်နယ်ကစားသမားတွေ ဖြစ်လာရမယ်ဆိုတော့ အိမ်မက်ကို မေ့လိုက်ရမဲ့အပြင် ဂိမ်းတောင် ကစားနိုင်မှာ မဟုတ်ဘူး… “

အဓိကပြဿနာအား ရှီဖုန်းက နားလည်သွားသည်ကို မြင်ပြီး ဘလက်ကီက စိတ်သက်သာရာ ရသွားကာ ရှီဖုန်းကို စာသင်ဆောင်အတွင်းသို့ ဝင်ရန် ဆွဲခေါ်လိုက်သည်။

ဘလက်ကီ၏ လက်ကို ရှီဖုန်းက ခါချပြီး အလေးအနက် ပြောလိုက်သည်… “ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုထောင်ဖို့ ငါ အစီအစဉ်ဆွဲပြီးပြီ… ငါ့ကို တခြားသူက ထိန်းချုပ်တာ မလိုချင်ဘူး.. ဒါ့ကြောင့် ဘလက်ကီ…မင်း ငါ နဲ့ ပူးပေါင်းမလား… “

ရှီဖုန်းက ဘလက်ကီကို အတင်းဝင်ခိုင်းလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူက ပြန်လည်မွေးဖွားလာသည်ဆိုသည့် အချက်ကို ထုတ်ပြောလိမ့်မည် မဟုတ်သကဲ့သို့ ဘာအာမခံချက်ကိုလည်း ပေးလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘလက်ကီက သူ့အား ယုံကြည်ရန် မျှော်လင့်နေရုံသာ တတ်နိုင်လေသည်။

ရှီဖုန်း၏ လေးလေးနက်နက်ပြောလိုက်သည့် အမူအရာကို ကြည့်ပြီး ဘလက်ကီက ရှီဖုန်းသည် ယနေ့တွင် အလွန်ထူးဆန်းနေသည်ကို တွေ့ရှိလိုက်သည်။ ရှီဖုန်း၏အကြံကား အလွန်ရူးမိုက်လွန်းသည်။ ပုံရိပ်ယောင်ဂိမ်းများတွင် အစပိုင်း၌ ပိုက်ဆံမရနိုင်သည်ကို လူတိုင်း သိကြ၏။ နတ်ဘုရားနယ်မြေမှာ ပိုက်ဆံရှာသည့်နည်းလမ်းကိုများ ရှီဖုန်းက သိထားလို့လား။ ပိုက်ဆံရှာနိုင်သည်ဆိုလျှင်တောင်မှ လအနည်းငယ်ခန့် ကြာပြီးနောက်မှသာ ရှာနိုင်လိမ့်မည် ဖြစ်သည်။ သူတို့က ကြားထဲမှ အချိန်များကို ဖြုန်းတီးပစ်ရန် မဖြစ်နိုင်ချေ။

အနည်းငယ် တုန့်ဆိုင်းနေပြီးနောက်တွင် ဘလက်ကီက အင်တင်တင်ဖြင့် အဖြေပေးလိုက်သည်… “ငါ မင်းနဲ့ ပူးပေါင်းမယ်… မင်းက ငါ့ရဲ့သူဌေးပဲ… ငါ မင်းနဲ့အတူ အဖွဲ့အစည်းတစ်ခု ဖွဲ့မယ်… ဒါပေမဲ့ ဂိမ်းဦးထုပ်တွေက ဘယ်မှာလဲ… ဂိမ်းဦးထုပ်မရှိဘဲ ငါတို့ကစားလို့ မရဘူးနော်… “

ဘလက်ကီ၏ စကားကို ကြားတော့မှ ထိကပ်လုနီးပါး ဖြစ်နေသည့် ရှီဖုန်း၏ မျက်ခုံးနှစ်ခုက ပြေလျော့သွားပြီး ဘလက်ကီ၏ ပခုံးနှစ်ဖက်ကို ပုတ်ပြီး ပြောလိုက်သည်… “ဒါမှ ငါ့ရဲ့ညီအစ်ကို အစစ်ကွ… ဂိမ်းဦးထုပ်အတွက် မစိုးရိမ်ပါနဲ့… နတ်ဘုရားနယ်မြေက တက္ကသိုလ်ကျောင်းသားတွေအတွက် စမ်းသပ်ကာလတစ်ခု ထားပေးထားတယ်တဲ့… တက္ကသိုလ်တိုင်းမှာ ဂိမ်းဦးထုပ်တွေ ဖြန့်ဝေပေးတဲ့ နေရာတစ်ခု ရှိတယ်… မင်းက တက္ကသိုလ်ကျောင်းသားကဒ် ပြပြီး ဂိမ်းဦးထုပ်တစ်လုံးကို ၁၀ရက်အထိ အလကား ရနိုင်တယ်… သွားပြီး ယူရအောင်… “

“၁၀ရက်ပြီးရင်ရော ဘယ်လိုလုပ်မှာလဲ… “

ရုတ်တရက် အနာဂါတ်က မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ဘလက်ကီ၏ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်သွား၏။ စိတ်ထဲတွင်လည်း ‘ငါ ဘာလို့ သူ့ကို ယုံလိုက်မိတာလဲ… သူရဲ့ယုံကြည်မှုတွေနဲ့ တည်ငြိမ်မှုတွေကြောင့် ဖြစ်နိုင်မလား… သူနဲ့ စွန့်စားပြီး ပြဿနာတစ်ခုခုတော့ မဖြစ်လောက်ပါဘူးနော်’ ဟု တွေးလိုက်မိသည်။

၁၀ရက်ပြီးသည့်အချိန်ရောက်လျှင် သူတို့သည် အဖွဲ့အစည်းများ၏ လူသစ်ခေါ်ယူသည့်ကာလကို ကျော်လွန်သွားပြီ ဖြစ်သည်။ ထိုအခါ သူတို့က ဦးထုပ်တစ်လုံး ဝယ်ရန် လိုလာပေလိမ့်မည်။ သို့သော်လည်း သူတို့က ဂိမ်းဦးထုပ်ဝယ်မည့်ပိုက်ဆံကို မည်သည့်နေရာမှ ရမည်နည်း။

အုပ်စုတစ်ခုနှင့် ကျွမ်းကျင်ကစားသများတစ်ယောက်တောင်မှ နတ်ဘုရားနယ်မြေဖွင့်ဖွင့်ချင်း ၁၀ရက်အတွင်း ခရက်ဒစ် ၁၆၀၀၀ ရှာနိုင်ရန် မဖြစ်နိုင်ချေ။

“ပိုက်ဆံကိစ္စ ငါ့တာဝန်ထား… “

ရှီဖုန်းက ဘလက်ကီ၏ ပုခုံးကို ပုတ်ပြီး ယုံကြည်မှုရှိသည့်ဟန်ဖြင့် ပြုံးပြလိုက်သည်။

၁၀ရက်အတွင်း ခရက်ဒစ်၁၆၀၀၀ရှာခြင်းက စိတ်ကူးယဉ်အိမ်မက်တစ်ခုသာ ဖြစ်နိုင်သည်။ သို့သော်လည်း သူက ပြန်လည်မွေးဖွားလာသည့်လူ ဖြစ်၏။ ဘယ်လိုစိန်ခေါ်မှုတွေ ရှိရှိ သူက အားလုံးကို ဖြတ်ကျော်နိုင်ပေလိမ့်မည်။ နတ်ဘုရားနယ်မြေဖွင့်လှစ်ခြင်းက သူ၏ ခြေလှမ်းအစ ဖြစ်သည်။

ရှီဖုန်းက ဂိမ်းဦးထုပ် ထုတ်ယူရန် ဘလက်ကီကို ခေါ်သွားခဲ့သည်။ ထို့နောက် သူက ပိုက်ဆံအားလုံးသုံးပြီး ခေါက်ဆွဲခြောက်ဖာအကြီး ၂ခု ဝယ်ယူကာ သူ့အိမ်မှ စားပွဲခုံ၏ အောက်တွင် ထားလိုက်သည်။ ၁၀ရက်ဆိုသည့်အချိန်က သူ့အတွက် လုံလောက်ပါသည်။ ဘလက်ကီနှင့် နတ်ဘုရားနယ်မြေအကြောင်းများကို ဆွေးနွေးပြီးနောက် ရှီဖုန်းက နယ်ဘုရားနယ်မြေဖွင့်မည့်ရက်ကို တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းစွာနေလေတော့သည်။

ဧပရယ်လ ၂၅ရက်၊ ည ၉နာရီ… ။

မှောင်မည်းပြီး တိတ်ဆိတ်နေသော အခန်းတစ်ခုထဲတွင် ခပ်မှိန်မှိန်အလင်းတစ်ခုက ဖျက်ခနဲ လှုပ်ရှားသွား၏။

ရှီဖုန်းက အိပ်ယာပေါ်တွင် လှဲပြီး မျက်လုံးကို ပိတ်ကာ စတင်သည့်ခလုတ်ကို ညင်သာစွာ နှိပ်လိုက်သည်။

“နတ်ဘုရားနယ်မြေရေ… ငါ လာပြီဟေ့… “

အပိုင်း ၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset