ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၂၂ – တောင်ဘက်မှ ဒေါင်း
လုထုန်သူ့ကို သတိပေးလိုက်သည်။ “ဒါပေမဲ့ အဲဒီနေရာက အရမ်းအန္တရာယ်များတယ် .. ဘုရင်အဆင့် ပြိုင်ဘက်ကင်းကျွမ်းကျင်သူတွေက လျှောက်ပတ်သွားနေပြီးတော့ နယ်မြေတွေကို အပိုင်စီးရဖို့ ကြိုးစားနေကြတာ .. အဲဒီနေရာမှာ အလောင်းတွေ တောင်လိုပုံပြီး သွေးတွေလည်း ပင်လယ်လို စီးဆင်းနေတာ .. အဲဒီနေရာမှာ သေတဲ့လူတွေလည်း အများကြီးရှိနေပြီ”
ချူဖုန်း ထိုနေရာ၌ သေသွားမည်ကို သူ စိုးရိမ်မိသည်။
ဘုရားမြေမှာ မြင့်မြတ်သည့်မြေတစ်ခုဖြစ်သော်လည်း သေမင်းနယ်မြေတစ်ခုလည်း ဖြစ်သည်။
သို့သော် လက်ရှိအခြေအနေမှာ အလွန်ဆိုးရွားနေသည်။ ချူဖုန်း ဤနေရာမှ ထွက်မသွားလျှင် သူ ဒုက္ခရောက်လိမ့်မည်ဟု သူခံစားနေရသည်။
“အမြင်ရှစ်မျိုးကျောင်းနဲ့ ဂျိဒ်ကျောင်းကလူတွေ ဘုရားနယ်မြေတွေကို ရောက်နေပြီ .. အဲဒီတော့ သူတို့တွေ အဲဒီနေရာတွေကို သိမ်းနိုင်ဖို့ သိပ်ကြာမှာ မဟုတ်တော့ဘူး..” လုထုန် ပြောလိုက်သည်။
ချူဖုန်း ထွက်ခွာသွားနိုင်ရန်အတွက် သင့်တော်သည့်ဝန်ထမ်းများကို လုထုန် ဆက်သွယ်လိုက်သည်။
“ကျွန်တော် ထွက်သွားရင် ကျွန်တော့်မိဘတွေကရော..” ချူဖုန်း မေးလိုက်သည်။
“ဒါက ကျောက်စိမ်းဂူကျောင်း .. မင်း မိဘတွေ ဒီမှာနေရင် လုံခြုံလိမ့်မယ် .. သားရဲလူမျိုးစုတွေ ဒီနေရာကို ဝင်လာရဲရင် သူတို့အိမ်တွေလည်း သေချာပေါက်ကို မြေပြင်ပေါ်ကို ပြာကျသွားမှာပေါ့”
လုထုန် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့မြေကို ကျူးကျော်ရဲလျှင် ကျောက်စိမ်းဂူကျောင်း၊ အမြင်ရှစ်မျိုးကျောင်းနှင့် ဂျိဒ်ကျောင်းမှ စုပေါင်း၍ ပြန်လည်တုံ့ပြန်မည်ဖြစ်ကြောင်း ဤကျောင်းများမှ အကြီးအကဲများ ကြေငြာခဲ့ကြသည်။
“မင်းက မီးခိုးပြာဝံပုလွေကို သတ်ထားတာဆိုတော့ သူတို့ပစ်မှတ်က မင်းပဲ .. သူတို့တွေ စည်းကျော်ပြီးတော့ မင်းမိဘတွေကို မထိလောက်သေးဘူး .. မဟုတ်ရင်တော့ သူတို့မျိုးဆက်တွေ အသက်ရှင်ဖို့ကို မစဉ်းစားနဲ့တော့” လုထုန် သူ့ကို စိတ်အေးရန် ပြောလိုက်သည်။
“အစက ငါ မင်းကိုလည်း ကျောက်စိမ်းဂူကျောင်းထဲမှာပဲ ဖွက်ထားမလို့ပဲ … ဒါပေမဲ့ အပြင်ဘက်မှာက ကျွမ်းကျင်သူတွေ အများကြီးပဲ .. သူတို့တွေ ပေါင်းပြီး တိုက်ခိုက်လာရင် မင်း အန္တရာယ်များမှာ စိုးလို့”
တစ်ချိန်တည်းမှာပင် သူ သူတို့ပြုသမျှနုမနေချင်။ ထွက်ပြေးပုန်းခိုနေမည့်အစား သူ အမြန်စွမ်းအားတိုးနိုင်မည့် နည်းလမ်းကို ရှာဖွေပြီး ဤလူများကို ပြန်သတ်စေချင်သည်။
လူအိုကြီးသည် ပုံမှန်အချိန်ဆိုလျှင် စစနောက်နောက် နေတတ်သော်လည်း အရေးကြီးသည့်အချိန်တွင်တော့ အလွန်ပြတ်သားလှသည်။
သူ ချူဖုန်းကို များစွာမျှော်လင့်ထားပြီး ချူဖုန်းသည် သားရဲဘုရင်အဆင့် ရောက်နိုင်လိမ့်မည်ဟု သူယုံကြည်သည်။
ချူဖုန်း မတ်တပ်ထရပ်လိုက်ပြီး သူ့မိဘများကို သွားနှုတ်ဆက်လိုက်သည်။
“အမေ၊ အဖေ စိတ်မပူပါနဲ့ .. အဲဒီမှာတပ်စွဲထားတဲ့ ကျွမ်းကျင်သူတွေ အများကြီးပဲ .. အဲဒီနေရာက တော်တော်လေး လုံခြုံပါတယ်” ချူဖုန်း အေးဆေးလေး ရှင်းပြလိုက်သည်။
ဝမ်ကျင်း၏ မျက်လုံးများမှာ နီရဲနေလေပြီ။ သူမသား ဒုက္ခရောက်မည်ကို သူမ တကယ်စိုးရိမ်နေသည်ပင်။
“သား သတိထားရမယ်နော်..” ချူကျင်းယွမ် သတိပေးလိုက်သည်။
ထို့နောက် ချူဖုန်း ဖုန်းမြည်လာသည်။ နွားဝါလေး ဆက်လာခြင်းပင်။ ခွန်းလွန်တောင်ပင် ဤသတင်းကို သိသွားသည်ထင်သည်။
ချူဖုန်း ခွန်းလွန်တောင်ကိုလာပြီး သူတို့နှင့် ပူးပေါင်း၍ရကြောင်း၊ သူ့နောက်လိုက်လာသည့်လူအားလုံးကို သူတို့သတ်ပစ်မည်ဖြစ်ကြောင်း နွားဝါလေး ပြောလာသည်။
ချူဖုန်း ခြောက်ကပ်စွာ ရယ်မောလိုက်သည်။ ခွန်းလွန်တောင်မှာ ဝေးလွန်းသည်။
ဖုန်းချလိုက်ပြီးနောက် သူ့အခန်းထဲရှိ ပန်းအိုးကြီးထံသို့ လျှောက်သွားလိုက်သည်။ ထိုပန်းအိုးထဲတွင် သန္ဓေပြောင်းမြေကြီး လေးကီလိုဂရမ်နှင့် အစေ့ကို မြှုပ်ထားသည်ပင်။
“အမ်..” ချူဖုန်း အပေါ်ယံမြေကြီးအား ဖယ်ကြည့်လိုက်သည့်အချိန်တွင် သန္ဓေပြောင်းမြေကြီးအားလုံး အရောင်အဆင်းကင်းမဲ့သွားကာ သာမန်မြေကြီး ပြန်ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
အစေ့သည် မြေကြီး၏စွမ်းအင်အားလုံးကို စုတ်ယူသွားသည့်ပုံပင်။
ချူဖုန်း မြေကြီးကို သေချာတူးလိုက်ပြီး အစေ့ဖြူကို လေ့လာလိုက်သည်။ အစေ့ပေါ်၌ သင်္ကေတများ ပိုများလာပြီး ထူးခြားသည့်တာအိုတစ်မျိုးကိုလည်း ထုတ်လွှတ်နေသည်။
ကံမကောင်းစွာဖြင့် ပြောင်းလဲမှုများမှာ ဤမျှသာ။ သူ အပင်ပေါက်လာမည့်ပုံမပေါ်သေး။
ချူဖုန်း အစေ့သုံးစေ့လုံးကို ကျောက်သေတ္တာထဲထည့်လိုက်ပြီး သူနှင့်အတူယူသွားလိုက်သည်။
ထို့နောက် သူ အိမ်မှထွက်လာပြီး ကျောက်စိမ်းဂူကျောင်း၌ လုထုံနှင့်တွေ့လိုက်သည်။
“အားလုံး စီစဉ်ပြီးသွားပြီ .. မင်း အခု စထွက်လို့ရပြီ..”
ကားမှာ အဆင်သင့်ဖြစ်နေလေပြီ။ ထိုကားသည် မြေအောက်လျှို့ဝှက်လမ်းကြောင်းတစ်ခုမှ မောင်းထွက်သွားပြီး ကားပါကင်တစ်ခု၌ ပြန်ပေါ်လာသည်။
ထို့နောက် သူတို့ မြို့ထဲမှ စတင်ထွက်ခွာလိုက်သည်။
သူတို့ ထိုလမ်းကြောင်းမှ သွားရခြင်းမှာ ကျောက်စိမ်းဂူကျောင်းအပြင်ဘက်တွင် သူတို့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည့်သန္ဓေပြောင်းအချို့ ရှိနေသည်ပင်။
“ငါလည်း အဲဒီလူတွေနဲ့ စကားသွားပြောကြည့်လိုက်ဦးမယ်” ခုန်းရှန်တို့အုပ်စုနှင့်တွေ့ရန်အတွက် လုထုန် လှုပ်ရှားလိုက်သည်။
…
ကျယ်ဝန်းလှသည့် ဧည့်တွေ့ခန်းမှာ သင့်တော်သည့် အဆင်တန်ဆာများဖြင့် ကြည့်ကောင်းလှသည်။
ခုန်းရှန်သည် ဆိုဖာထက်၌ တည်ငြိမ်စွာပင် ထိုင်နေလေ၏။
သူသည် လုထုန်ကို လက်ဖက်ရည်တစ်ခွက် ကမ်းပေးလိုက်ပြီး ယဉ်ကျေးသည်ဟု ဆိုနိုင်ရုံလောက်သည့်လေသံဖြင့် ပြောလာလေသည်။
မြောင်သားရဲဘုရင်မျိုးဆက်ဟူသည့် ဂုဏ်ပုဒ်နှင့် မကိုက်ညီစွာ မြောင်ဖိန်းသည် ဤနေရာ၌ လက်ဖက်ရည်ပြင်ပေးနေသည်။ သူမ လှုပ်ရှားမှုတိုင်းမှာ လေ့ကျင့်ထားသကဲ့သို့ အနုပညာဆန်လှပြီး ကြည့်ကောင်းလှသည်။
သူတို့သည် သားရဲမျိုးနွယ်စုဖြစ်သော်လည်း အလွန်ကျက်သရေရှိလှသည်။
ထိုထဲတွင် ဟွမ်ရှောင်ရှန်းကတော့ ချွင်းချက်ပင်။ သူသည် ဝီးချဲပေါ်၌ ထိုင်နေပြီး တစ်ကိုယ်လုံး ပတ်တီးများပြည့်နေသည်။ မုန်းတီးမှုများ ပြည့်နေသည့် သူ့မျက်လုံးတစ်စုံကိုသာ ဖော်ထားလေသည်။
“ဒီချူဖုန်းက ဘာမှမဟုတ်ဘူး .. အစ်ကိုခုန်း လှုပ်ရှားလိုက်တာနဲ့ သူ ချက်ချင်း ပျက်စီးသွားလိမ့်မယ် .. ခင်ဗျားတို့တွေ လာတောင်းပန်ရလောက်အောင်ထိ သူက ထိုက်တန်လို့လား..” သူပြောသည့်စကားများမှာ နားခါးလှသည်။
လုထုန် သူ့ကို လျစ်လျူရှုထားလိုက်သည်။
“အကြီးအကဲလု လာလည်ရတဲ့ရည်ရွယ်ချက်ကို ကျွန်တော် နားလည်ပါတယ် .. အကြီးအကဲလု အတွေးလွန်နေပါပြီ .. အစကတည်းက ကျွန်တော်တို့ ချူဖုန်းကို ထိခိုက်မယ့်ရည်ရွယ်ချက်မရှိဘူး .. အားလုံးက နားလည်မှုလွဲနေတာပါ” ခုန်းရှန် နွေးထွေးစွာ ပြန်ဖြေလိုက်သည်။
လုထုန် ဟန်ဆောင်မနေတော့ပဲ ဒဲ့တိုးပင် မေးလိုက်သည်။ “ဘာဖြစ်နေလဲဆိုတာ ဒီမှာ ရှိတဲ့လူတွေအားလုံး ရှင်းရှင်းလင်းလင်း သိထားပြီးသားဆိုတော့ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တော့မယ် .. ဒါကို ဖြေရှင်းဖို့ ငါတို့ ဘာလုပ်ပေးရမလဲ .. လူသားနဲ့သားရဲမျိုးနွယ်စု ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတာ မကြာသေးဘူးဆိုတော့ ဒီငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ငါတို့မှာ တာဝန်ရှိတယ်”
ခုန်းရှန် ရယ်မောလိုက်ပြီး သူ့မျက်လုံးထဲတွင် ခရမ်းရောင်အလင်း တောက်ပလာသည်။ “ဒီကိစ္စက ဘာမှမဟုတ်ပါဘူး .. ဒါပေမဲ့ ဒီတစ်ခေါက် ချူဖုန်းက ညီလေးဟွမ်ကို အတော်လေး ထိခိုက်သွားအောင် လုပ်ခဲ့တယ် .. သူ့ရဲ့ ရက်စက်မှုကို အကြီးအကဲတွေတောင် အံ့အားသင့်ခဲ့ကြတာ .. တစ်ချို့တွေက ဒီ ‘စိတ်ဝင်စားဖို့ကောင်းတဲ့သူ’ကို သိချင်နေကြတယ်”
ထိုသို့ပြောပြီး ဘေးဘက်ရှိ ဆိုဖာပေါ်တွင် ထိုင်နေသည့် အကြီးအကဲများကို လက်ညှိုးထိုးပြလိုက်သည်။ ဤလူများမှာ ဟွမ်ယွမ်နှင့် ခုန်းလင်ပင်။
သူတို့သည် လုထုန်ကို မျက်လုံးချင်းစိုင်ကြည့်လိုက်ပြီးနောက် ဝိညာဉ်ကိုပင် ထိုးဖောက်နိုင်သည့် ကြောက်စရာကောင်းသည့်အော်ရာများကို ထုတ်လွှတ်လာလေသည်။
လုထုန် စိတ်လေးလံသွားရ၏။ ဤလူများမှာ ဘုရင်တစ်ဝက်အဆင့်သားရဲများပင်။ သူတို့သည် သာမန်သားရဲလူမျိုးစုများထက် အဆင့်တန်းမြင့်သည်။ သူတို့သည် သေမျိုးခန္ဓာကိုယ်၏ အနှောင်အဖွဲ့များကို အာရုံခံနိုင်နေပြီဖြစ်ပြီး ပြောရမည်ဆိုလျှင် သူတို့သည် သားရဲဘုရင်အဆင့်သို့ရောက်ရန်အတွက် ခြေတစ်လှမ်းသာ လိုတော့သည်။
ဟွမ်ယွမ်၏ ဆံပင်များမှာ ဝါဝင်းနေပြီး မျက်နှာပုံစံမှာ ဟွမ်ရှောင်ရှန်းနှင့်အတူတူပင်။ မေးချွန်ပြီး တောက်ပသည့်မျက်လုံးများ ရှိလေသည်။ “ငါတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး .. ဒီညီလေးချူက ဘယ်လောက်ထူးခြားလဲဆိုတာ သိချင်ရုံလောက်ပါပဲ .. ငါတို့တစ်ယောက်အကြောင်းတစ်ယောက်သိအောင် ညီအစ်ကိုလု စီစဉ်ပေးလို့ရမလား..”
လုထုန် မျက်မှောင်ကြုတ်လိုက်၏။ အရူးသာ သူတို့စကားများကို ယုံလိမ့်မည်။
ရုတ်တရက် ချူဖုန်းထံမှ သူ့လေယာဉ်သည် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် နှောင့်နှေးနေကြောင်း စာရောက်လာသည်။
လုထုန် အမူအရာ ပျက်ယွင်းသွားရသည်။
တစ်ချိန်တည်းမှာပင် ဟွမ်ယွမ်ဖုန်းလည်း အသံမြည်လာသည်။ ဖုန်းကို ငုံ့ကြည့်လိုက်ပြီးနောက် သူ့မျက်နှာထက်၌ ကျေနပ်သည့်အပြုံးတစ်ခု ပေါ်လာလေသည်။ ထို့နောက် သူ မတ်တပ်ထရပ်လိုက်ကာ “ခွင့်ပြုပါဦး .. ငါနဲ့အစ်ကိုခုန်းက လုပ်စရာကိစ္စလေး ရှိနေလို့”
ထိုအကြီးအကဲနှစ်ယောက် မတ်တပ်ရပ်ကာ ထွက်သွားလိုက်လေ၏။
လုထုန် စိတ်လေးလံသွားရသည်။ လေယာဉ်နောက်ကျတာက ဒီလူတွေနဲ့ တစ်ခုခုပတ်သက်နေတာလား…
ကျောက်စိမ်းဂူကျောင်းကို သူ တတ်နိုင်သမျှ မြန်မြန်ဆက်သွယ်လိုက်သည်။
“ကျောင်းယု ငါသိမ်းထားတဲ့ သန္ဓေပြောင်းအသီးကိုယူပြီးတော့ ချူဖုန်းကို ချက်ချင်း သွားပေးလိုက် .. သူ့ကို မီးစင်ကြည့်ကလိုက်လို့ပြောလိုက်” လုထုန် စာဖြင့် အမိန့်ပေးလိုက်သည်။
အရေးကြီးသည့်အချိန်တွင် ထိုအသီး ချူဖုန်းကို အဆင့်တက်အောင် ကူညီပေးနိုင်လိမ့်မည်။ မျှော်လင့်ချက်သိပ်မရှိသော်လည်း သူ ဤအသီးကို အသုံးပြုရမည်ပင်။
အဘယ်ကြောင့်ဆိုသော် ဘုရင်အဆင့်တက်ရန်မှာ မလွယ်ကူ။ နာမည်ကြီးတောင်များပေါ်၌ သီးသည့်အသီးမဟုတ်လျှင် သာမန်အသီးများမှာ အလုပ်မဖြစ်။
တစ်ချိန်တည်းမှာပင် သူ ချူဖုန်းကို သန္ဓေပြောင်းအသီး အများကြီး မစားစေချင်။ သူ ဝတ်မှုန်ဖြင့် အဆင့်တက်ခြင်းမှာ အကောင်းဆုံးပင်။
ကျောက်စိမ်းဂူကျောင်းထဲရှိ ကျောင်းယု၏အမူအရာမှာ မည်းမှောင်နေသည်။ သူသည် ကျောက်စိမ်းဂူကျောင်းမှ ပြုစုပျိုးထောင်သည့် စွမ်းအားအကြီးဆုံး မျိုးစေ့များထဲမှ တစ်ယောက်ပင်ဖြစ်သည်။
မနေ့ည၌ ချူဖုန်းကို အရင်ဆုံးထွက်တားသည့်သူလည်း သူပင်ဖြစ်သည်။
ယခုတလောတွင် သူ ဖိအားတစ်ချို့ ခံစားနေရသည်။ ချူဖုန်းကို ကျောက်စိမ်းဂူကျောင်းမှ များစွာ အာရုံစိုက်ထားသည်ဟု သူ ခံစားလာရသည်။
“ငါ ဒီအသီးကိုလိုချင်ကြောင်း အကြိမ်ပေါင်းများစွာ ပြောခဲ့ပေမယ့် ဒီလူအိုကြီးက ငါ့ကို မပေးပဲနဲ့ အခု ချူဖုန်းကို သွားပေးခိုင်းနေတယ်..” ကျောင်းယု၏အမူအရာမှာ အတော်လေး ရုပ်ဆိုးနေသည်။
သူ အသီးကိုယူလိုက်ပြီး ချူဖုန်း ရှိနေသည့်နေရာသို့ ထွက်လာလိုက်သည်။
သို့သော် လမ်းတစ်ဝက်တွင် သူ ရပ်တန့်သွားသည်။ နောက်ဆုံးတွင်တော့ သူသည် ထိုအသီးကို သိမ်းထားလိုက်ပြီး သူအဆင့်တက်ရန်အတွက် သုံးမည်ဟု ဆုံးဖြတ်လိုက်လေသည်။
ထို့နောက် သူ ဖုန်းနံပါတ်တစ်ခုကို ဖုန်းခေါ်ဆိုကာ ချူဖုန်း၏ လေယာဉ်အချက်အလက်များကို ပြောပြလိုက်လေသည်။
ထို့နောက် သူ လေဆိပ်သို့ ခပ်ဖြည်းဖြည်း မောင်းသွားလိုက်လေ၏။
“မင်း သေသွားရင် အားလုံး ကောင်းသွားမှာ .. မင်း အသက်ရှင်နေရင်လည်း ငါ အသီးပို့ဖို့ နောက်ကျသွားတယ်လို့ပဲ ပြောလိုက်မယ်” ကျောင်းယု အေးစက်စွာ ပြောလိုက်သည်။
ဧည့်တွေ့ခန်းထဲတွင်တော့ လုထုန် သတင်းများကို ငြိမ်သက်စွာ စောင့်နေရသည်။
သို့သော် သူ အံ့အားသင့်သွားရသည်မှာ ခုန်းလင်သည် သူ့ဘေးနားသို့ ပြန်ရောက်လာကာ “အားလုံး ရှင်းပြီးသွားပြီ .. ခုနက ထွက်သွားလိုက်ရလို့ တောင်းပန်ပါတယ်” သူ ပြောလိုက်သည်။
ဤလူများမှာ ချူဖုန်းအကြောင်း သတင်းမရသေးဟု လုထုန် ကောက်ချက်ချလိုက်သည်။ သူ့တုံ့ပြန်မှုကို စမ်းသပ်ချင်သောကြောင့် တမင်သက်သက် လုပ်ဟန်တန်သည်။
ထို့နောက် သူသည် ဖုန်းမကြည့်တော့ပဲ အေးဆေးသက်သာစွာထိုင်လိုက်ပြီး ဤဘုရင်တစ်ဝက်အဆင့်သားရဲနှစ်ယောက်ကို ဆွဲထားရန် ကြိုးစားလိုက်သည်။
သို့သော် မကြာခင် လူတစ်ယောက် ဝင်လာကာ ခုန်းရှန်ကို စာရွက်တစ်ရွက်ပေးလာလေ၏။ ခုန်းရှန်သည် ထိုစာရွက်ကို ခုန်းလင်နှင့် ဟွမ်ယွမ်တို့အား လက်ဆင့်ကမ်းလိုက်လေသည်။
“အာ ..တောင်းပန်ပါတယ် .. ဒါပေမဲ့ ကိစ္စတစ်ခု ပေါ်လာလို့ ငါတို့ ထပ်ထွက်သွားရဦးမယ်” ဟွမ်ယွမ် ပြောလာသည်။
ထိုနှစ်ယောက် ထွက်သွားသည်ကိုကြည့်ပြီး လုထုန်၏အပြုံး ပျောက်ကွယ်သွားသည်။
ဟွမ်ယွမ်နှင့် ခုန်းလင်တို့ သူတို့မူလပုံစံ ပြန်ပြောင်းလိုက်ပြီး အလောတကြီး ထွက်သွားကြလေသည်။
“သတင်းက ယုံရရဲ့လား..” ဟွမ်ယွမ် မေးလိုက်သည်။ သူသည် မြွေပါပုံစံပြောင်းထားပြီး သူ့မျက်လုံးများမှာ အလင်းများဖြင့်တောက်ပနေသည်။
“ယုံရလောက်တယ် .. သူ့ကိုလမ်းတစ်ဝက်မှာ ဖြတ်တိုက်ကြစို့..” ခုန်းလင်လည်း သူ၏ဒေါင်းပုံစံ ပြန်ပြောင်းထားပြီး သူ့ဘေးပတ်လည်တွင် မြူများ ရစ်ဆိုင်းနေသည်။
ဟွမ်ယွမ် ကြီးမားလှသည့် ဒေါင်းကျောပေါ်သို့ ခုန်တက်လိုက်သည်နှင့် ဒေါင်းကြီးသည် အတောင်ပံကို ဖြန့်ကျက်ကာ ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။
သူတို့သည် ချူဖုန်းကို သတ်ရန်အတွက် တောင်ဘက်သို့ ပျံသန်းသွားကြလေသည်။
ခဏကြာပြီးနောက် ချူဖုန်း လေယာဉ်လည်း ဘုရားမြေသို့သွားမည့်လမ်းကြောင်းပေါ်သို့ ဦးတည်တက်သွားလိုက်သည်။
ရွှမ်းထျန်မှ မီတာငါးရာ ပျံသန်းပြီးနောက် လေယာဉ်မှ အချက်ပေးသံ မြည်လာသည်။ တိမ်တိုက်များကို ဖြတ်ကျော်ကာ ကြီးမားလှသည့်အရာတစ်ခု ရုတ်တရက်ထွက်ပေါ်လာကြောင်း ပြသနေသည်။ ဤသည်မှာ မီတာပေါင်းများစွာ ရှည်လျားသည့် ဒေါင်းကြီးပင်။
“ဘုရားရေ .. ဒါက ဘုရင်အဆင့်သားရဲကြီးလား..” လေယာဉ်မှူး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဤလေယာဉ်မှာ ပြန်ပြင်ထားသည့်လေယာဉ်ဖြစ်ပြီး လေယာဉ်ပေါ်တွင် အရေးပေါ်အသုံးပြုရန်အတွက် အခြေခံလက်နက်အချို့ကို တပ်ဆင်ထားသည်ပင်။ သူတို့ထံသို့ ဦးတည်လာနေသည့် ငှက်ကြီးကို တွေ့သည်နှင့် လေယာဉ်မှူး စတင်ပစ်ခတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူတို့ မြေပြင်ထက်မှ ထိန်းချုပ်ရေးတာဝါကို သူတို့အခြေအနေအား သတင်းပို့လိုက်သည်။
ဤလေယာဉ်လမ်းကြောင်းတစ်လျှောက်တွင် လေယာဉ်ကို ကာကွယ်ရန်အတွက် အဆင့်မြင့် လက်နက်များ တပ်ဆင်ထားပြီးထားပင်။ ထိုလက်နက်များသည် ကောင်းကင်ကို ချိန်ရွယ်ထားပြီး ပစ်ခတ်ရန်အဆင်သင့်ပင်။
ဝုန်း..
မြေပြင်ထက်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များ လေထဲ၌ ပေါက်ကွဲသွားသည်။
သို့သော် ဒေါင်း၏အာရုံများမှာ အလွန်ထက်ရှလှသည်။ သူ့ခန္ဓာကိုယ်မှ တောက်ပသည့်အလင်းများ ပေါက်ကွဲထွက်လာပြီး သူတို့ကို မမြင်နိုင်အောင် ဖုံးကွယ်လိုက်သည်။
ထို့နောက် သူသည် ဤသည်ကို အခွင့်ကောင်းယူကာ လေယာဉ်နောက်သို့ တရှိန်ထိုး ပြေးသွားပြီး ဒုံးကျည်များကို ရှောင်ရှားလိုက်သည်။
ခွပ်..
ထို့နောက် သူသည် ချွန်ထက်လှသည့် လက်သည်းများဖြင့် လေယာဉ်ကိုယ်ထည်ကို တစ်စစီ ဆွဲစုတ်ပစ်လိုက်လေသည်။
“ဘုရားရေ .. ဒါက ဘာသားရဲကြီးလဲ .. သူက ဘုရင်အဆင့် ကျွမ်းကျင်သူများလား..” မြေပြင်ထက်ရှိ ထိန်းချုပ်ရေးစခန်းမှ ဝန်ထမ်းများ ထိတ်လန့်သွားရသည်။
အထူးသဖြင့် ဒေါင်းငှက်ကြီး ထုတ်လွှတ်ထားသည့်အလင်းများကြောင့် သူတို့ မြင်ကွင်းများကို ရှင်းရှင်းလင်းလင်း မမြင်ရ။
“သူက တမင်သက်သက် သူ ဘယ်သူလဲဆိုတာ ဖုံးကွယ်ထားတာ” မြေပြင်ထက်မှ ဝန်ထမ်းများ အံကြိတ်လိုက်ကြသည်။
ခဏကြာပြီးနောက် ထိုသားရဲကြီး လေယာဉ်အား တစ်စစီလုပ်ပစ်လိုက်သည်ကို သူတို့တွေ့လိုက်ရသည်။
“တိုက် .. ငါတို့ အဲဒီကောင်ကြီးကို အောက်ပစ်ချရမယ်..” မြေပြင်ထက်မှ ဝန်ထမ်းများ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
လေယာဉ် တစ်စစီဖြစ်သွားပြီဖြစ်သောကြောင့် သူတို့လည်း ဘာကိုမှ ထိန်းချုပ်နေစရာမလိုတော့။
ထိုအခိုက်အတန့်တွင် ဒေါင်းဘုရင်ပင် ထိတ်လန့်သွားရသည်။ ကြောက်စရာကောင်းလှသည့် လက်နက်များသည် နေရာအနှံ့မှ သူ့ထံသို့ ဦးတည်လာနေသည်။
တိုက်ခိုက်ခံရပြီးနောက် ဒေါင်းကြီး ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။ သူ့တစ်ကိုယ်လုံးသွေးများစိုရွှဲနေလေပြီ။ မည်သို့ပင်ဖြစ်စေ ခုန်းလင်မှာ သားရဲဘုရင်အဆင့်သို့ မရောက်သေး။
“အစ်ကိုခုန်း .. ခင်ဗျား အဆင်ပြေရဲ့လား..” ဟွမ်ယွမ် ကျောထက်မှ မေးလိုက်သည်။
“ဒီလောက်နဲ့တော့ မသေနိုင်ဘူး .. ငါ လူသားတွေကို လက်နက်ကို အထင်သေးမိသွားတာ..” ခုန်းလင် လေထဲ၌ တစ်ပတ်လှည့်လိုက်ပြီး မြေပြင်ထက်သို့ အမြန်ဆုံး ဆင်းသက်ရန် ကြိုးစားလိုက်သည်။
“အဲဒီကောင် သေပြီလား..” ဟွမ်ယွမ် မေးလိုက်သည်။
“အဲဒီပေါက်ကွဲမှုထဲမှာ မသေရင်တောင် သေမလိုဖြစ်သွားမှာပဲ..” ခုန်းလင် ပြောလိုက်သည်။ သို့သော် ရုတ်တရက် သူ့မျက်လုံးမှ အလင်းတန်းတစ်တန်းထွက်လာကာ “သူ အသက်ရှင်နေတုန်းပဲ .. ပျံနိုင်တဲ့ သန္ဓေပြောင်းတစ်ယောက် သူ့ကို ကာကွယ်ပေးနေတာ..”
ပျံသန်းတတ်သည့် သန္ဓေပြောင်းတစ်ဦး ချူဖုန်းကို တကယ်ကာကွယ်ပေးနေခြင်းပင်။ လေယာဉ်ပျက်စီးသွားပြီးနောက် သူတို့ မြေပြင်ထက်သို့ ညင်သာစွာ ဆင်းသက်လိုက်သည်။
ဤသန္ဓေပြောင်းသည် လေယာဉ်ပေါက်ကွဲပြီးနောက် သူ့ အစွမ်းကို ချက်ချင်းမသုံးပဲ ဒေါင်း၏စက်ကွင်းမှ လွတ်မြောက်မှသာ သူ့အစွမ်းကို အသုံးပြုခြင်းပင်။
“သူ ဒီနေ့ သေချာပေါက် သေရမယ်..” ဟွမ်ယွမ် အော်ဟစ်လိုက်သည်။
“အခြေအနေ သိပ်မကောင်းဘူး .. ငါ့အတောင်ပံတစ်ဖက် ကျိုးသွားပြီ .. မြေပြင်ပေါ် ရောက်ပြီးသွားရင် အချိန်တစ်ခုအတွင်းတော့ ထပ်ပြီး ပျံနိုင်မှာမဟုတ်ဘူး .. မင်း သူ့နောက် ပြေးလိုက်တာက ပိုမြန်လိမ့်မယ်” ခုန်းလင် ပြောလိုက်သည်။
“လူအိုကြီး .. ကျွန်တော် တိုက်ခိုက်ခံရတယ် .. လေယာဉ်ပျက်စီးသွားပြီ..” ချူဖုန်း လုထုန်ကို မြန်မြန်ဆက်သွယ်လိုက်သည်။
“ဘာ..” လုထုန်သည် ကျောက်စိမ်းဂူကျောင်းသို့ ပြန်ရောက်နေပြီဖြစ်သည်။ ချူဖုန်း လေယာဉ်ထွက်သွားပြီဆိုတော့မှ သူ သက်ပြင်းချနိုင်ခြင်းပင်။ ချူဖုန်း လမ်း၌ ဖြတ်တိုက်ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့။
“မင်း အခု ဘယ်မှာလဲ .. မင်းကိုကယ်ဖို့ ငါလူလွှတ်လိုက်မယ်..” လုထုန်စိုးရိမ်စွာ ပြောလိုက်သည်။
“ရွှမ်းထျန်ရဲ့တောင်ဘက် မိုင် ၅၀၀ အကွာလောက်မှာ .. ဒီတောင်ရဲ့ အရင်နာမည်က ကျွန်တော်အမှတ်မမှားရင်တော့ ချီတောင်ကြောပဲ..” ချူဖုန်း ရှင်းပြလိုက်သည်။
“ရွေးချယ်စရာမရှိတော့ဘူး .. မင်းကို ပို့ပေးလိုက်တဲ့အသီးကို စားလိုက်” လူအိုကြီး ညွှန်ကြားလိုက်သည်။
“ဘာအသီးလဲ..” ချူဖုန်း အံ့အားတကြီး မေးလိုက်သည်။
“ကျောင်းယု မင်းကို အသီးတစ်လုံး လာမပေးဘူးလား..” လုထုန် ရှုပ်ထွေးသွားသည်။
“မပေးဘူး .. ကျွန်တော်အခု ပြေးရတော့မယ်..” သားရဲနှစ်ကောင် သူ့ထံသို့ တရှိန်ထိုး ပြေးလာနေသည်ကို သတိပြုမိသွားသောကြောင့် သူ စကားစဖြတ်လိုက်သည်။
ချူဖုန်း ပျံသန်းနေသည့် သန္ဓေပြောင်းဘက်လှည့်ကာ “ဒီအခွင့်အရေးကို အသုံးချပြီး အမြန်ဆုံး ပြေးတော့ .. သူတို့ ပစ်မှတ်ထားတာ ကျွန်တော့်ကိုပဲ..”
“ဒါပေမဲ့..”
“အခုက စကားနိုင်လုရမယ့်အချိန်မဟုတ်ဘူး..” ချူဖုန်း ထိုလူကို ထွက်ပြေးခိုင်းလိုက်ပြီး သူကတော့ တောအုပ်အတွင်းနက်ပိုင်းသို့ ပြေးဝင်သွားလိုက်သည်။ သူ နေရာတစ်ခုကို စဉ်းစားလိုက်ကာ ထိုနေရာသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။
ကျောက်စိမ်းဂူကျောင်းတွင်…
“ကျောင်းယု ဘယ်မှာလဲ..” လုထုန် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ကျောင်းယုက ချူဖုန်းကို သွားရှာတဲ့လမ်းမှာ တိုက်ခိုက်ခံလိုက်ရပြီးတော့ အခု ဆေးရုံမှာ သတိလစ်နေပါတယ်” ဝန်ထမ်းတစ်ဦး သတင်းပို့လာသည်။
“ဘာ..”
ထို့နောက် သူ ဒေါင်းဘုရင်မျိုးဆက်ကို ဖုန်းခေါ်လိုက်သည်။ “ခုန်းရှန် မင်းက ငါတို့ကို ဒီလိုမျိုး ယုတ်မာတယ်ပေါ့ .. မင်း ဒီလိုမျိုးပြန်ခံရမှာ မကြောက်ဘူးလား..”
“အကြီးအကဲလု အကြီးအကဲ ဘာတွေပြောနေတာလဲ .. တောင်ပိုင်းမှာ ဖြစ်သွားတဲ့ ပေါက်သွားတဲ့ ပူဖောင်းအကြောင်းကို ပြောနေတာလား .. အဲဒီပူဖောင်းထဲမှာရှိတဲ့ ပိုးကောင်လေးက အခုဆို သေသွားလောက်ပြီ .. သူက တကယ်ကို အားနည်းတာပဲ .. ကျွန်တော်က အဲဒီလိုကိစ္စမျိုးတွေကို စိတ်မဝင်စားသလို လုပ်လည်းလုပ်မှာမဟုတ်ဘူး” ခုန်းရှန်း အလွန်အေးချမ်းသည့်အသံဖြင့် ပြောလာသည်။
“ကောင်းပြီလေ .. မင်း မောက်မာထားလိုက်ဦးပေါ့..” လုထုန် အော်ဟစ်လိုက်သည်။
ဧည့်ခန်းထဲတွင် ခုန်းရှန် ဖုန်းချလိုက်ပြီး ပြတင်းပေါက်နားသို့ သွားလိုက်သည်။ “ပျက်စီးလွယ်လိုက်တာ..” သူ တောင်ဘက်သို့ ကြည့်၍ ပြောလိုက်သည်။
ဟွမ်ရှောင်ရှန်းလည်း အလွန်စိတ်လှုပ်ရှားနေလေသည်။ “လေယာဉ်က တစ်စစီဖြစ်သွားတာဆိုတော့ သူ အသက်ရှင်နိုင်စရာ အကြောင်းမရှိဘူး .. သူ အသက်ရှင်ရင်တောင် အကြီးအကဲနှစ်ယောက် လက်ထဲက လွတ်မှာမဟုတ်ဘူး”
ထိုနေ့တွင် ဟယ်လီကော်ပတာများစွာ တောင်ဘက်ပိုင်း တောအုပ်သို့ ပျံသန်းသွားကြလေသည်။
…
ညနေပိုင်းရောက်သည့်အချိန်တွင်တော့ ချူဖုန်းတစ်ကိုယ်လုံး သွေးများစိုရွှဲနေပြီဖြစ်သည်။ သူသည် ဤအကြီးအကဲနှစ်ဦး၏ ပြိုင်ဘက်မဟုတ်။
ဤလူနှစ်ဦးမှာ မီးခိုပြာဝံပုလွေထက်ပင် ပိုအားကောင်းသေးသည်။
၃၊ ၄ ကြိမ်ခန့် တိုက်ခိုက်လိုက်ရုံဖြင့် ဤနှစ်ဦးမှာ သားရဲဘုရင်အဆင့်ရောက်ရန်ခြေလှမ်း တစ်ဝက်သာ လိုတော့ကြောင်း ချူဖုန်း သိလိုက်ရသည်။ ခွန်အားအရဆိုလျှင်တော့ သူတို့ ထိုအဆင့်ပင် ရောက်နေလောက်လေပြီ။
သူတို့၏ နတ်စိတ်စွမ်းအားနှင့် အရှိန်သာ ဘုရင်အဆင့်သို့ရောက်ရန် လိုအပ်တော့သည်။
ဤသားရဲနှစ်ကောင်မှာ သူ့အတွက်စွမ်းအားကြီးလွန်းနေသောကြောင့် သူ ထွက်ပြေးရုံသာ တတ်နိုင်သည်။
သူ့တစ်ကိုယ်လုံး သူ့သွေးများဖြင့် စိုရွှဲနေသော်လည်း သူ စကားတစ်ခွန်းမှမပြောပဲ အရှိန်အမြင့်ဆုံးဖြင့်သာ ပြေးနေလိုက်သည်။
“ဟေ့ကောင် .. မင်း ဒီနေ့ကို ကျော်နိုင်မှာမဟုတ်ဘူး..” ဟွမ်ယွမ် ရယ်မောလိုက်သည်။ အမှန်တကယ်တွင် သူ ဒေါသထွက်နေခြင်းပင်။ ချူဖုန်းနောက်လိုက်နေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သော်လည်း ယခုထိ ချူဖုန်းကို မမိသေး။
“မင်း ကောင်းကင်ကို မတက်နိုင်သလို မြေအောက်မှာလည်း မင်းအတွက် လမ်းမရှိဘူး .. ဒီနေ့ မင်းကို ဘယ်သူမှ ကယ်နိုင်မှာမဟုတ်တော့ဘူး..” ခုန်းလင် အော်ဟစ်စွာ အော်ဟစ်လိုက်သည်။ ယခု သူ လူသားပုံစံပြောင်းလိုက်ပြီး ချူဖုန်းအား ခြေလျင် လိုက်နေခြင်းပင်။ သူ့လက်တစ်ဖက်မှာ ပုံပျက်ပန်းပျက် တွန့်လိမ်ကောက်ကွေးနေပြီဖြစ်သည်။
ချူဖုန်း တောအုပ်ထဲသို့ ပြေးဝင်သွားလိုက်ပြီးနောက် ငွေသတ္တုတွင်းနှင့် ရှေးသစ်ပင်ကြီးအား မထင်မှတ်ပဲ တွေ့သလို ဟန်ဆောင်လိုက်သည်။ ထိုသတ္တုတွင်းအား ဖြတ်ပြေးပြီးနောက် ပြန်ကွေ့လာလိုက်သည်။
“ဟမ် .. ရှေးသစ်ပင် အကြီးကြီးပဲ .. သူ့မှာ အသီးလည်းသီးနေတယ်..”
သူ့နောက်မှ ခုန်းလင်နှင့် ဟွမ်ယွမ်တို့ထိတ်လန့်သွားကြလေသည်။
သိထားရမည်မှာ ဤမျှကြီးမားလှသည့် သစ်ပင်များကို နာမည်ကြီးတောင်များ၌သာ တွေ့နိုင်သည်ပင်။ သူတို့သာ ဤအသီးရလိုက်လျှင် သားရဲဘုရင်အဆင့်သို့ ချက်ချင်း ရောက်သွားလိမ့်မည်။
“သွားမယ်..”
ခုန်းလင် ဟစ်ကြွေးကာ သူ့မူလပုံစံသို့ ပြန်ပြောင်းလိုက်ပြီး အတောင်ပံများကို ဖြန့်ချလိုက်သည်။
သူ ချူဖုန်းကို တိုက်ခိုက်ချင်ဟန်ဆောင်လိုက်ပြီး ရှေးဟောင်းသစ်ပင်ထံသို့ ဦးတည်သွားလိုက်သည်။
ဟွမ်ယွမ်လည်း ကျယ်လောင်စွာ အော်ဟစ်ကာ သူ့နောက်သို့လိုက်သွားလိုက်သည်။
“အား…”
သို့သော် ခဏကြာပြီးနောက် ခုန်းလင်၏ စူးရှသည့်အော်သံများ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာ ငွေရောင်အလင်းများဖြင့် ရစ်သိုင်းခြင်းခံလိုက်ရပြီး ငွေသတ္တုတွင်းထံသို့ ဆွဲခံနေရသည်။
“မဟုတ်ဘူး..” ဟွမ်ယွမ် အော်ဟစ်လိုက်သည်။ သူ့ကိုလည်း ငွေရောင်အလင်းတန်းတစ်ခု ရစ်သိုင်းနေပြီဖြစ်သည်။
ဝှစ်..
ဟွမ်ယွမ် ပြန်ထွက်လာလိုက်နိုင်သော်လည်း သူ့ခြေထောက်တစ်ဖက်ကို စတေးခဲ့လိုက်ရသည်။
“အား..”
“ထွက်မယ်..” ခုန်းလင် သူ့ခန္ဓာကိုယ်ကို ပြန်ဆွဲထုတ်လိုက်ခဲ့နိုင်သော်လည်း အတော်လေး အခြေအနေဆိုးနေပြီဖြစ်သည်။
သူ့ခန္ဓာကိုယ်တစ်ခြမ်းသာ ကျန်တော့သည်။ သူ့ရင်ဘတ်အောက်ပိုင်းတွင် ဘာမှမရှိတော့။
ဝှစ်..
ချူဖုန်း သူတို့ထံသို့ တရှိန်ထိုးပြေးသွားလိုက်ပြီးနောက် အနက်ရောင်ဓားမြောင်ထုတ်ကာ ခုန်းလင်၏ခေါင်းကို ဖယ်ရှားပစ်လိုက်သည်။
ဟွမ်ယွမ် အော်ဟစ်ကာ ထွက်ပြေးသွားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ ခုန်းရှန်ကို ဖုန်းခေါ်လိုက်လေ၏။
“အဲဒီလိုပိုးကောင်လေးကို ရှင်းဖို့အတွက်နဲ့ အကြီးအကဲဟွမ် အဝေးကြီးသွားလိုက်ရပြီ .. အကြီးအကဲကို ဒုက္ခပေးမိသွားပါပြီ..” ခုန်းရှန် ဖုန်းကိုင်ပြီးတည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော် ခဏကြာပြီးနောက် တစ်ခုခု မှားယွင်းနေသည်ကို သူသတိပြုမိသွားသည်။ အကြီးအကဲဟွမ်မှာ အသက်ကို လုရှူနေရသည်။
တစ်ချိန်တည်းမှာပင် ချူဖုန်းသည် လုထုန်ကို ဆက်သွယ်လိုက်ကာ “လူအိုကြီး .. ဒီဘက်ကို လေယာဉ်တစ်စီးလွှတ်ပြီးတော့ ကျွန်တော့်ကို ကျန်းမန်ပို့ပေး .. ကျွန်တော် အဲဒီကနေ ဘုရားနယ်မြေကို သွားလိုက်မယ်”
ယခုအချိန်တွင်တော့ မည်သည့်အရာကမှ သူ့ဆုံးဖြတ်ချက်ကို ယိုင်နဲ့အောင် မလုပ်နိုင်တော့။ သူ ချက်ချင်း အဆင့်တက်အောင်လုပ်ပြီး ထိုဘုရင်များနှင့် ထိပ်တိုက်တိုက်ခိုက်ရမည်။
အပိုင်း ၁၂၂ ပြီး၏။