Switch Mode

Chapter – 120

ဆိုးရွားစွာ အရိုက်ခံရခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၂၀ – ဆိုးရွားစွာ ရိုက်ခံလိုက်ရခြင်း

သတိပေးခံလိုက်ရသည်နှင့် ဟွမ်ရှောင်ရှန်း၏ မျက်နှာထက်မှ အပြုံးများ အေးခဲသွားကာ မျက်ဆံများ မှေးကျဉ်းသွားလေ၏။

“လူသားမြို့ဖြစ်တော့ရော ဘာဖြစ်လဲ .. ငါတို့က ဒီမှာ ဂုဏ်သရေရှိဧည့်သည်တွေပဲ..” သူ့မျက်နှာထက်၌ နတ်ဆိုးအပြုံးကြီး ရှိနေသည်။

“လူမျိုးစုအားလုံး အတူ ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ သဘောတူထားပြီးသားပဲ .. အဲဒီတော့ နေရာတွေ၊ မြို့တွေကို ထည့်စဉ်းစားမနေသင့်ဘူး .. အဲဒါက အတားအဆီးပဲ ဖြစ်နေလိမ့်မယ်” အခွင့်အရေးရသည့်အချိန် ရှုဝမ်ယိ ဝင်ပြောလာသည်။ ကောက်ကြောင်းများပေါ်နေသည့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် သူမသည် လှပလှသလို ဆွဲဆောင်မှုလည်းရှိလှသည်။

ချူဖုန်း သူမကို တစ်ချက်ကြည့်လိုက်ကာ “မစ္စရှုက တကယ်ကို လှပပြီး ကျက်သရေရှိလှတယ် .. ဒီမစ္စတာဟွမ်နဲ့အတူကပေးဖို့ တောင်းဆိုလို့ရမလား .. အဲဒါဆို သူ့ကို တောင်းပန်ပြီးသားလည်း ဖြစ်သွားတာပေါ့”

ရှုဝမ်ယီ၏မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားပြီး မျက်နှာကြီး‌ အေးခဲသွားလေသည်။ သူမက ဘယ်လိုလုပ် ဤသားရဲလူမျိုးစု ဟွမ်ရှောင်ရှန်းနှင့် တွဲကနိုင်မည်နည်း.. ဤလူမှာ မြွေပါဖြစ်လိမ့်မည်ဟု သူမ ထင်မိသည်။

သူ့အဘိုးသည် ကြောက်စရာကောင်းသည့်စွမ်းအားများရှိသည့် သားရဲဘုရင်ဖြစ်လျှင်ပင် သူမ ဤလူနှင့် တွဲမကနိုင်။

သူမ ဟွမ်ရှောင်ရှန်းနှင့် တွဲကသည့်သတင်းသာ တက်လာလျှင် နောင်ကျ သူမ ဘယ်လိုလုပ် မျက်နှာပြရတော့မည်နည်း.. မည်သို့ပင်ဖြစ်စေ သူမသည် ဒိမ်ဒီအုပ်စု၏ ချွေးမပင်။

ဟွမ်ရှောင်ရှန်း ရယ်မောလိုက်သော်လည်း သူ့အမြင်ကို မပြော။ ဤသည်မှာ သူနှင့် ဘယ်သူပဲ တွဲကတွဲက ကိစ္စမရှိဟု ပြသလိုက်ခြင်းပင်။

“ကျွန်မ ဒီနေ့ နည်းနည်းနေမကောင်းဖြစ်နေတယ် .. ပြီးတော့ ဒီမိန်းမလှလေးက မစ္စတာဟွမ်ကို အမှားလုပ်ထားတာဆိုတော့ ဂုဏ်ရှိအောင်လုပ်ပေးတဲ့သူက သူဖြစ်သင့်တယ်လို့ ကျွန်မထင်တယ်” သူမသည် ယဲ့ချင်းရုန်ကို လက်ညှိုးထိုးလိုက်ပြီး ပါးနပ်စွာပင် ငြင်းလိုက်သည်။

ချူဖုန်း နှာခေါင်းရှုံ့လိုက်ကာ “ဟက် .. ခင်ဗျား အစောတုန်းကမှ ကနေတာကို ကျွန်တော်မြင်လိုက်ပါတယ် .. ခင်ဗျားက မစ္စတာဟွမ်ကို အထင်သေးတာလား..”

ရှုဝမ်ယိမျက်နှာ တောင့်တင်းသွားရသည်။ ဤလူ ဤမျှမြန်မြန်တုံ့ပြန်လိမ့်မည်ဟု သူမ မထင်ထားခဲ့။

“အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းရှိတယ်ဆိုတဲ့စကားက ခင်ဗျားအတွက် ဘယ်လိုအဓိပ္ပာယ်ရှိတာလဲ .. စော်ကားခံနေရရင်တောင် သူ့ကို ရယ်ရယ်မောမောနဲ့ အဖော်လုပ်ပေးနေရဦးမှာကို ပြောတာလား.. ဒါက ခင်ဗျားရဲ့ စရိုက်လား .. ဒါမှမဟုတ် ဒီလိုမျိုး လုပ်သင့်တယ်လို့ ခင်ဗျား ထင်နေတာလား..” ချူဖုန်း ဆက်ပြောလိုက်သည်။

ဤသည်မှာ လူအုပ်ကြီးရှေ့၌ သူမ မျက်နှာကို ဖျက်ရိုက်လိုက်ခြင်းပင်။

“ရှင်..” ရှုဝမ်ယိ အတော်လေး ဒေါသထွက်သွားရသည်။

ချူဖုန်း အစကတည်းက သူမကို အကောင်းမမြင်။ သူမသည် သူ့ကိုသတ်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သည့်အပြင် သူ့မိဘများကိုပါ ဆွဲထည့်ရန် ကြိုးစားခဲ့သေးသည်။ ယနေ့ သူမ သူ့ရှေ့ ခုန်ဝင်လာသောကြောင့် သူ သူမကို စကားကောင်းကောင်းပြောနေစရာ အကြောင်းမရှိ။ အခြားနေရာ၌သာ တွေ့ခဲ့လျှင် သူ သူမကို သတ်ပြီးသွားလောက်လေပြီ။

လင်းယဲယု ရောက်လာပြီး ရှုဝမ်ယိကို အေးစက်စွာ ကြည့်လိုက်သည်။ ယနေ့ ဤအမျိုးသမီး စည်းကျော်သွားပြီဟု သူ ခံစားလိုက်ရသည်။

“ညီလေးချူ အဲဒီလို မပြောပါနဲ့ .. လူမျိုးစုတွေကြား သဟဇာတဖြစ်ဖို့က ငါတို့အားလုံး ကြိုးစားနေတဲ့အရာတွေ .. ငါတို့ ဘက်မလိုက်သင့်ဘူး” ဧည့်ခံပွဲ စီစဉ်သူမှ ပြောလာသည်။

ချူဖုန်း ရယ်မောလိုက်ကာ “ခင်ဗျားပြောတာမှန်တယ် .. လူမျိုးစုတွေကြား သဟဇာတဖြစ်တာက သေချာပေါက် ကောင်းတဲ့ကိစ္စပဲ .. ဒါပေမဲ့ ခင်ဗျားပြောသလောက်တော့ အဆင်ပြေမနေဘူး … လိုက်လျောညီထွေဖြစ်ဖို့ အချိန်လိုသေးတယ် .. ကျွန်တော် အစောပိုင်းက ငွေလရောင်ဝံပုလွေရဲ့ အမွေဆက်ခံသူနဲ့ စကားပြောခဲ့တာ .. သူကတော်တော်လေး သဘောကျစရာကောင်းတဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်တော်တွေ့ခဲ့တယ် .. အဲဒါကြောင့် မစ္စတာဟွမ်ရဲ့ အပြုအမူက တော်တော်လေး မသင့်လျော်ဘူးလို့ ကျွန်တော်ထင်တယ်”

စကားလုံးများကို သေချာရွေးလိုက်ပြီး ထိုလူကြီး၏အဆိုကို သူ ငြင်းလိုက်ဆိုလိုက်သည်။

ဤလူမှာ သေချာပေါက် ဂကျိုးဂကြောင် ဖြစ်သွားသည်ပင်။ သူသည် အမူအရာ ပျက်ယွင်းသွားကာ တိတ်တဆိတ်ပင် နေလိုက်လေသည်။

ထိုအခိုက်အတန့် မည်သူမှ ဝင်ရောက်ဖြန်ဖြေခြင်းမရှိတော့။

အချို့လူများကတော့ ချူဖုန်း အနားနားကပ်ကာ သူ့အား ရန်မစတော့ရန် ပြောလာသည်။

“သူ ငါ့ကို လာမတောင်းပန်သရွေ့ ဒီကိစ္စကို ကြေအေးပေးလိုက်ဖို့ မဖြစ်နိုင်ဘူး..”

သူ ချူဖုန်းကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

ချူဖုန်းမှာ သူ့ကို အာရုံစိုက်ရန် ပျင်းလာသောကြောင့် လှည့်ထွက်လာလိုက်သည်။

“မင်း..” ဟွမ်ရှောင်ရှန်း အမူအရာ ပျက်ယွင်းသွားကာ ခြေလှမ်းကျယ်များဖြင့် အရှေ့သို့ လျှောက်လာလေသည်။

ချူဖုန်းဘေးတွင်တော့ သူ့ကို ဖြောင်းဖျနေသည့်လူအချို့ ရှိနေသည်။ “အစ်ကိုချူ ဒီလိုမျိုးလုပ်ဖို့ လိုအပ်လို့လား .. ခေါင်းငုံ့ပြီးတောင်းပန်လိုက်ရင် ပြီးသွားပြီလေ”

“ငါ မလုပ်နိုင်ဘူး” သူ့အားဖြောင်းဖျရန် ကြိုးစားသည့်သူကို ချူဖုန်း ကြည့်လိုက်ပြီးနောက် ဟွမ်ရှောင်ရှန်းကို ရွံရှာစွာ ကြည့်လိုက်လေသည်။

“အဲဒီတော့လည်း ဘယ်လိုမျိုးတောင်းပန်ရမလဲဆိုတာ မင်းကို သင်ပြပေးရတာပေါ့..” ဟွမ်ရှောင်ရှန်း အော်ဟစ်ကာ အနားကပ်လာသည်။

ဘေးပတ်လည်မှ လူများ အံ့အားသင့်သွားရသည်။ ဤလူသည် သူလိုချင်သည့်အတိုင်း ဖြစ်မလာသည်နှင့် အကြမ်းဖက်နေတော့သည်။

သားရဲလူမျိုးစုမှ လူငယ်များမှာ ယခုအချိန်ထိ ဘာမှမပြောပဲ ဘေးဘက်မှသာ ရပ်ကြည့်နေကြသည်။

ဟွမ်ရှောင်ရှန်း၏ မျက်လုံးမှ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ချူဖုန်းကို လက်သီးဖြင့် ထိုးလာသည်။

ဖုန်း..

လူအုပ်ထဲမှ အမျိုးသားတစ်ဦး ရှေ့ထွက်လာသည်။ သူ့အသားအရေမှာ ကြေးညိုရောင်ရှိပြီး သူရဲကောင်းဆန်သည့်အော်ရာလည်း ရှိနေသည်။ သူ ဟွမ်ရှောင်ရှန်း၏လက်သီးကို ဖမ်းယူလိုက်သည်။

“အစ်ကိုယွမ်..” ဟွမ်ရှောင်ရှန်း ရန်ရှာလိုက်ချင်သော်လည်း မည်သူတားဆီးလိုက်သည်ကို တွေ့သည်နှင့် သူ့မျက်နှာထက်တွင် အပြုံးများ ပေါက်ဖွားလာလေသည်။

ထိုကြေးညိုရောင်အသားအရေနှင့်လူငယ်သည် သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး “မင်းက ဒီနေရာကို ဘယ်လိုနေရာထင်နေတာလဲ .. မင်းက ဒီမှာ ပြဿနာရှာချင်နေတာလား..”

“စုန့်တောင်က ယွမ်ဖုန်း..” လူအချို့ တီးတိုးပြောလိုက်သည်။

ဤယွမ်ဖုန်းမှာ လူဝံအိုကြီး၏ မျိုးဆက်ပင်။ ဟွမ်ရှောင်ရှန်းကို ဝင်တားသည်ဆိုကတည်းက ဤလူမှာ သာမန်လူမဖြစ်နိုင်။

တိတ်ဆိတ်နေသည့် ခုန်းရှန် လူအုပ်ထဲမှ ထွက်လာကာ “ယွမ်ဖုန်း .. မင်းလည်း ရောက်လာပြီလား..”

“ဟုတ်တယ် .. အခုပဲ ရောက်တာ..” ယွမ်ဖုန်း ခေါင်းညိမ့်လိုက်ကာ ဟွမ်ရှောင်ရှန်းကို လွှတ်ပြီး လျှောက်လာလိုက်သည်။

“ငါ မင်းနဲ့ဆွေးနွေးစရာလေးတွေ ရှိနေတယ်..” ခုန်းရှန်း ပြောလိုက်သည်။

“ဘာများလဲ..” ယွမ်ဖုန်း မေးလိုက်သည်။ ထို့နောက် သူသည် ဟွမ်ရှောင်ရှန်းကို စိုက်ကြည့်လိုက်ကာ “ဒီဧည့်ခံပွဲမှာ သူ လုပ်ချင်သလို လုပ်နေတာကို ခွင့်ပြုမနေနဲ့”

ဟွမ်ရှောင်ရှန်း သူ့လက်ကို ပြန်ရုတ်လိုက်ကာ အောင့်သက်သက်ဖြစ်နေမိသည်။

ခုန်းရှန် ရယ်မောလိုက်ကာ “တကယ် ကိစ္စလေးတွေ ဖြစ်ခဲ့တာ … သဟဇာတဖြစ်အောင် လုပ်နေတဲ့အတောအတွင်း ငါတို့အားလုံး တစ်ယောက်အကြောင်းတစ်ယောက်သိအောင် လုပ်ကြမယ်လို့ အဲဒီလူနဲ့ ဂတိပေးပြီးသား .. သူတို့ကိစ္စ သူတို့ရှင်းပါစေ .. မင်း တစ်ခါဝင်ပါနိုင်ပေမယ့် နောက်အခေါက်တွေကျရင် မင်း ဝင်ပါနိုင်မှာလား..”

“ဒါက..” ယွမ်ဖုန်း ပြန်ငြင်းချင်သော်လည်း ခုန်းရှန်း သူ့ကို မြန်မြန် ဆွဲခေါ်သွားလေသည်။

ဟွမ်ရှောင်ရှန်း ရယ်မောလိုက်သည်။ ခုန်းရှန်းစကား၏ အဓိပ္ပာယ်ကို သူနားလည်သည်ပင်။ ဤသည်မှာ သူ ဘာကိုမှ ထိန်းနေစရာမလို၊ ရန်ပွဲဖြစ်လာမည်ကို စိုးရိမ်စရာမလိုကြောင်း ဆိုလိုခြင်းပင်။

ချူဖုန်း စိတ်ထဲ လှုပ်ခတ်သွားရသည်။ ဒေါင်းဘုရင်က မီးခိုးပြာဝံပုလွေနဲ့ သိမ်းငှက်နောက်က လူများလား.. သူ မီးခိုးပြာဝံပုလွေကို သတ်ခဲ့တယ်ဆိုတာ ခုန်းရှန် သိသွားပြီလား..

ခုန်းရှန် သူ့အပေါ် အကောင်းမမြင်သည်မျာ သိသာသည်။

“အစ်ကိုယွမ်ဖုန်း..” သန္ဓေပြောင်းအမျိုးသမီးတစ်ဦး ညှို့ဓာတ်အပြည့်ဖြင့် ခေါ်လိုက်သည်။ သူမသည် ဆံပင်တိုကို စည်းထားပြီး မျက်လုံးများလည်း ကျောက်စိမ်းများကဲ့သို့ တောက်ပနေသည်ပင်။

တိမ်တိုက်ကျားသစ် အမွေဆက်ခံသူလည်း ယွမ်ဖုန်းကို နှုတ်ဆက်လာသည်။

“ယွမ်ဖုန်း ငါ ဗာဂျရာပန်နီဗောဓိပင်က အသီးနဲ့ ဝတ်မှုန်ကို ပစ္စည်းတစ်ချို့နဲ့ လဲချင်တယ်” ခုန်းရှန် ပြောလိုက်သည်။

“မင်းက ပစ္စည်းလဲဖို့အတွက် ငါ့ကို ရှာနေတာလား..” ယွမ်ဖုန်း လေးနက်စွာ ပြောလိုက်သည်။ “မင်းက ဘာတွေ ပေးမှာလဲ..”

ဗာဂျရာပန်နီဗောဓိပင်မှာ စုန့်တောင်၌ ပေါက်နေသည့် နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိသည့် ရှေးဟောင်းသစ်ပင်အိုကြီးပင်။ ဤသစ်ပင်မှာ ယခုအချိန်တွင် တန်ဖိုးအကြီးဆုံးအပင်ပင်။ ဤအပင်မှ အသီးမှာ သန္ဓေပြောင်းများကို မြန်မြန် အဆင့်တက်စေနိုင်သည်။

“စုန့်တောင်က ဗာဂျရာပန်နီဗောဓိပင်ကို အလေးအမြတ်သစ်ပင်လို့ ပြောကြပေမယ့် တကယ်တမ်းက အဲဒီအဆင့်ထိ မရောက်သေးဘူး .. အဲဒီအဆင့်ရောက်ဖို့က အချိန်အကြာကြီးလိုဦးမှာ .. စိတ်မပူပါနဲ့ ငါပေးတဲ့ ပစ္စည်းတွေက ဒီဝတ်မှုန်နဲ့ အသီးတွေထက် အဆင့်နိမ့်မှာမဟုတ်ဘူး” ခုန်းရှန် ပြောလိုက်သည်။

“မင်းက ဘုရင်အဆင့်ဖြစ်အောင် လုပ်မလို့လား..” ယွမ်ဖုန်း မေးလိုက်သည်။

ခုန်းရှန် ရယ်မောလိုက်ကာ “ငါတို့က မကွာပါဘူး .. လူဝံအကြီးအကဲလည်း မင်းအတွက် ဝတ်မှုန်နဲ့ အသီးတွေ ပြင်ထားပေးမှာ သေချာတယ် .. မကြာခင် စုန့်တောင်မှာ တစ်ခြား ဘုရင်အဆင့်သားရဲတစ်ကောင် ထပ်ထွက်ပေါ်လာတော့မှာပဲ”

သူတို့နှစ်ဦးသည် ဖုံးကွယ်ထားခြင်းမရှိပဲ လဲလှယ်မည့်ပစ္စည်းများကို ပွင့်ပွင့်လင်းလင်းပင် ပြောနေကြသောကြောင့် လူအများ အံ့အားသင့်သွားရသည်။

သူတို့ပြောနေသည့် သန္ဓေပြောင်းအသီးများမှာ ရှားပါးလှသည်ပင်။ အခြားလူများ သန္ဓေပြောင်းဖြစ်ရန် ရုန်းကန်နေရသည့်အချိန် သူတို့ကတော့ သားရဲဘုရင်ဖြစ်လာရန် ပြောနေကြလေပြီ။

ဒါက နာမည်ကြီးတောင်တစ်တောင်က သခင်တစ်ယောက်ရဲ့ အားသာချက်လား..

“ဗောဓိပင် အသီးနည်းနည်းပဲ သီးတာ .. အဲဒီတော့ ငါ့အလှည့် မရောက်လောက်သေးဘူး” ယွမ်ဖုန်း ခေါင်းခါ၍ ပြောလိုက်သည်။

..

ကျန်နေသည့်လူများအားလုံး ဆွံ့အသွားကြရသည်။

သားရဲဘုရင်မျိုးဆက်များ လူ့အသိုင်းအဝိုင်းသို့ ဝင်လာခြင်းမှာ အတွေ့အကြုံရရန်အတွက်ပင်။ သူတို့အတွက်တော့ လူသားမျိုးနွယ်စုတွင် သူတို့သင်ယူစရာများစွာ ရှိနေသည်ပင်။

ထို့ကြောင့် လူသားလောကမှာ သူတို့အတွက်တော့ ရတနာသိုက်ကြီးပင်။ သူတို့သာ ရှုပ်ထွေးလှသည့် လူသားခံစားချက်များနှင့် ဆက်ဆံရေးများကို နားလည်နိုင်လျှင် သူတို့စိတ်စွမ်းအင်မှာ အဆင့်တစ်ခုသို့ ရောက်သွားလိမ့်မည်။

မဟုတ်ပါက ဒေါင်းဘုရင်များနှင့် လူဝံအိုကြီးတို့မှာ သူတို့မျိုးဆက်အတွက် သန္ဓေပြောင်းအသီးများ ရှာပေးပြီး အဆင့်တက်ခိုင်းလိုက်မည်ပင်။

သူတို့မျိုးဆက်များမှာ သူတို့ကဲ့သို့ နှစ်ပေါင်း ရာပေါင်းများစွာ လေ့ကျင့်ထားခဲ့ရခြင်းမရှိ။ သူတို့အတွေ့အကြုံများမှာ မလုံလောက်။ ထို့ကြောင့် သူတို့ အခြားလမ်းဖောက်ကာ အတွေ့အကြုံ ရှာနေခြင်းပင်။

အမှန်တကယ်တွင် ဟွမ်ရှောင်ရှန်းသည် စိတ်ထဲပ အတော်လေး စိတ်ဓာတ်ကျနေသည်ပင်။ အားလုံး သားရဲဘုရင်မျိုးဆက်များဖြစ်သော်လည်း သူ့ကံကြမ္မာမှာ ဤလူများကဲ့သို့မဟုတ်။ သူ့ဘိုးဘေးပင်လျှင် ယခုမှ သားရဲဘုရင်အဆင့်သို့ ရောက်ခါစဖြစ်သောကြောင့် သူ့မျိုးဆက်များအတွက် ဘယ်လိုလုပ် စီစဉ်ပေးနိုင်ဦးမည်နည်း…

ထို့အပြင် သူတို့မျိုးနွယ်စုသည် နာမည်ကြီးတောင်တစ်လုံးကို မသိမ်းယူနိုင်ခဲ့။ မြောက်ပိုင်းရှိ ဒုတိယအဆင့်တောင်တစ်တောင်ကိုသာ သိမ်းနိုင်ခဲ့သည်။ ထိုတောင်တွင် သန္ဓေပြောင်းအပင်များသိပ်မရှိသောကြောင့် ဒုတိယမြောက်သားရဲဘုရင် ပေါ်ထွက်လာရန် မဖြစ်နိုင်။

ဤသည်မှာ မတရားဟု ဟွမ်ရှောင်ရှန်း အမြဲတမ်း ခံစားနေခဲ့ရပြီး သူ့စိတ်ထဲ မကျေနပ်သည့်မီးတောက်များ တောက်လောင်လာသည်။ သူသည် အစကတည်းက ချူဖုန်းကို ရလိုနေခြင်းဖြစ်သော်လည်း ယခုတော့ သူ့စိတ်အခြေအနေ ပို၍ ဆိုးရွားသွားလေပြီ။ သူ၏သတ်ဖြတ်လိုစိတ် ပို၍ မြင့်တက်လာသည်။

“မင်းတို့နှစ်ယောက်လုံး ထိုင်ပြီးဆွေးနွေးသင့်တယ်..” သူ့စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို သတိထားမိသည်နှင့် ဘေးမှလူတစ်ယောက် ပြောလိုက်သည်။

ဟွမ်ရှောင်ရှန်းသည် မျက်နှာထက်၌ မရိုးသားသည့်အပြုံးပြုံးလိုက်ကာ “ငါက အရမ်းကို ကျိုးကြောင်းဆီလျော်တဲ့လူပါ .. ဒီအမျိုးသမီးကို ငါနဲ့တွဲကခိုင်းလိုက် .. အဲဒါဆိုရင် ရန်ငြိုးတွေအားလုံးကို မေ့ထားပေးလိုက်မယ်” သူ ယဲ့ချင်းရုန်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

ယဲ့ချင်းရုန် အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ဟွမ်ရှောင်ရှန်း ဘာကောင်ဖြစ်သည်ကို သိပြီးနောက် သူမ ဤလူနှင့် တွဲမကချင်တော့။ သူမ ပျက်လုံးတစ်ခု မဖြစ်ချင်။

ထို့နောက် သူသည် တိဟွိုင်ကျင်းနှင့် ယုယန်ချင်းတို့ဘက်သို့လှည့်ကာ “ပြီးတော့ ဒီနှစ်ယောက်ကို ငါ မျက်စိစပါးမွေးစူးနေတယ် .. သူတို့ကို ထွက်သွားဖို့ ပြောလိုက်..”

“မင်း..” သူတို့နှစ်ဦးမှာ ထပ်ခါတလဲလဲပင် ပစ်မှတ်ထားခံနေရသောကြောင့် ဒေါသထွက်လာရသည်။

ဤလူ တမင်သက်သက်လုပ်နေခြင်းဖြစ်ကြောင်း ချူဖုန်း သိနေသည်ပင်။ သူ့ကို စော်ကားရန်အတွက် သူ့အဖော်များကို ပစ်မှတ်ထားချင်ယောင်ဆောင်နေခြင်းပင်။

“ဒီကိုလာခဲ့..” ဟွမ်ရှောင်ရှန်း ယဲ့ချင်းရုန်ကို ရွှေရောင်တောက်ပနေသည့်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် စိတ်စွမ်းအားကို အသုံးပြုပြီး သူမကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

သူ့စိတ်စွမ်းအားမှာ တကယ်ကို ကြောက်စရာကောင်းလှသည်ပင်။

သူမ မျက်နှာဖြူဖျော့လာပြီး ခန္ဓာကိုယ်လည်း ယိမ်းယိုင်လာသည်။

“ထွက်သွား..” ချူဖုန်း သူ၏နွားအော်သံကို ထည့်သုံး၍ အော်ဟစ်လိုက်သည်။ သူ ဟွမ်ရှောင်ရှန်း၏ စိတ်စွမ်းအားကို သူ၏အသံစွမ်းအားဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။

ဟွမ်ရှောင်ရှန်း၏ အမူအရာများ အေးစက်သွားကာ ချူဖုန်းကို အရင်ဆုံးတိုက်ခိုက်လာသည်။

ဝုန်း…

ချူဖုန်း လက်မြှောက်လိုက်ကာ ထိုတိုက်ခိုက်မှုကို တားဆီးလိုက်ပြီး သူ့အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“မင်းတို့နှစ်ယောက်လုံး အနောက်ကို တစ်လှမ်းစီဆုတ်လိုက်လို့မရဘူးလား..” ပွဲစီစဉ်သူမှာ အလွန်စိုးရိမ်နေပြီဖြစ်သည်။ ဤနားဝိုင်းနေသည့်လူများကို လူစုခွဲရန် သူကြိုးစားလိုက်သည်။

“လေသာဆောင်ကိုသွားမယ် .. တစ်ခြားသူတွေကို မနှောက်ယှက်နဲ့” ချူဖုန်း လုံလောက်အောင် သည်းခံပြီးသွားပြီဖြစ်သောကြောင့် တိုက်ခိုက်ရုံမှလွဲ၍ မဖြစ်နိုင်တော့။

“သေမလားရှင်မလားက ကံပေါ်ပဲ မူတည်တော့တာပဲ” ဟွမ်ရှောင်ရှန်း ရယ်မောလိုက်သည်။ သူ ချူဖုန်းကို မျက်လုံးထဲ သိပ်မထည့်။

ဧည့်ခံပွဲမှာ ချက်ချင်းပင် တိတ်ဆိတ်သွားပြီး လူများသည် စိတ်လှုပ်ရှားစရာကောင်းသည့် မြင်ကွင်းကို ကြည့်ရန်အတွက် လေသာဆောင်သို့ လိုက်သွားကြလေသည်။ ဤနေရာမှာ အတော်လေး ကျယ်ဝန်းလှသောကြောင့် လူနှစ်ယောက်တိုက်ခိုက်ရန် လုံလောက်သည်။

ကြည့်ရှုသူ များစွာ ရှိနေသော်လည်း လေသာဆောင်မှာ တိတ်ဆိတ်နေသည်။ မည်သည့်ကြွေးကြော်သံမှ မကြားရ။

ဟွမ်ရှောင်ရှန်း လေသာဆောင်အလယ်၌ ရပ်နေသည်။ သူသည် ဘဝင်မြင့်သော်လည်း သတိလက်လွတ်မနေ။ သူ့မျက်လုံးမှ ရွှေရောင်အလင်းတောက်ပလာကာ ချူဖုန်းကို အော်ပြောလိုက်သည်။ “ငါ့ရှေ့မှာ ဒူးထောက်လိုက်..”

ပထမဆုံးတိုက်ခိုက်မှုမှာပင် သူ၏စွမ်းရည်အားလုံးကို သူ အသက်သွင်းလိုက်သည်။ သူ ချူဖုန်း၏စိတ်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်ပြီး ချူဖုန်းကို သူ့ရှေ့ဒူးထောက်ရန် အမိန့်ပေးလိုက်သည်။ သို့မှသာ သူ ချူဖုန်းကို ထပ်လှောင်ပြောင်နိုင်လိမ့်မည်။

စိတ်စွမ်းအား၏ တိုက်ခိုက်မှုကြောင့် ချူဖုန်း ခေါင်း ထိုးကိုက်လာသည်။

သူ ရှေ့သို့ တစ်လှမ်းစီ ဖြေးညှင်းစွာသွားပြီး အနည်းငယ် ကွေးညွတ်သည့်ပုံစံ လုပ်လိုက်သည်။

ဟွမ်ရှောင်ရှန်း၏ အထိန်းအကွပ်မရှိသည့် ရယ်သံကြီး ထွက်ပေါ်လာသည်။ သူသည် စကားဖြင့် မပြောနိုင်လောက်အောင် ကျေနပ်နေပြီဖြစ်သည်။

“ဘော့စ်..” တိဟွိုင်ကျင်းနှင့် ယုယန်ချင်းတို့ အော်ဟစ်လိုက်ကြသည်။

ယဲ့ချင်းရုန် အတော်လေး စိတ်ဖိစီးနေပြီဖြစ်သည်။ ဤကဲ့သို့ လှောင်ပြောင်ခံရခြင်းမှာ သေသည်ထက်ပင် ပိုဆိုးလှသည်။

“ချူဖုန်း..” ချူဖုန်း နိုးထလာစေရန် ချန်လော့ရှန်း အော်ခေါ်လိုက်သည်။

ကျန်းလော့ရှန်းပင် သူ့ကို အော်ခေါ်ချင်မိသွားသည်။ သူမ ဤလူကို ရိုက်ပစ်ချင်သော်လည်း သူ ဤကဲ့သို့ အနိုင်ကျင့်ခံနေရသည်ကိုတော့ မမြင်ချင်။

ခုန်းရှန်ကတော့ ဘာမှမပြော။ ဘေးဘက်မှသာ ရပ်ကြည့်နေသည်။

“ဒါက သင့်တော်ပါ့မလား..” ယွမ်ဖုန်း တီးတိုးပြောလိုက်သည်။

“တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင်လုပ်တဲ့အချိန်မှာ ပြဿနာတစ်ချို့တော့ ရှိမှာပဲ .. သူတို့ကိုယ်တိုင် ဖြေရှင်းခွင့်ပေးလိုက်..” ခုန်းရှန် ပြောလိုက်သည်။

လူများစွာ သက်ပြင်းချလိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ အနိုင်ကျင့်ခံနေရသည့်သူမှာ လူသားတစ်ဦးပင်။’

“တော်တယ် ကောင်လေး..” ဟွမ်ရှောင်ရှန်း ရယ်မောလိုက်သည်။ သူ့မျက်လုံးများမှာ ပို၍ပင် တောက်ပလာလေသည်။

ချူဖုန်း တစ်ဖြည်းဖြည်း ကွေးသွားသည်ကို မြင်နေရသောကြောင့် သူ အသာစီးရနေပြီဖြစ်ကြောင်း သူသိလိုက်သည်။

ဘုန်း..

သို့သော် နောက်တစ်စက္ကန့်တွင် ချူဖုန်းသည် သူ့ရန်သူကို လက်သီးဖြင့် ထိုးချလိုက်လေ၏။

အစပိုင်း သူ တစ်လှမ်းချင်း လှမ်းလာနေခြင်းမှာ ပစ်မှတ်နှင့် နီးကပ်ရန်အတွက်ပင်။ သူ တိုက်ခိုက်နိုင်ရန်အတွက် တစ်ဖြည်းဖြည်းချင်း ငုံ့ကိုင်းနေခဲ့ခြင်းပင်။

“မင်း..” ဟွမ်ရှောင်ရှန်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ချူဖုန်း၏ လျင်မြန်လှသည့်အရှိန်ကြောင့် သူ မရှောင်နိုင်တော့။

တစ်ဖက်လူ၏ ရိုက်ချက်များကို သူ့လက်မောင်းများဖြင့် ကာရုံသာ တတ်နိုင်တော့သည်။ ပြီးမှ ပြန်တိုက်ခိုက်နိုင်မည့်အခွင့်အရေး ရှာဖွေရမည်။

သို့သော် သူ ရှာနေသည့်အခွင့်အရေးမှာ ရောက်မလာခဲ့။ ထိုရိုက်ချက်ကို ခုခံပြီးသည်နှင့် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ ချူဖုန်းကို အထင်သေးမိသွားပြီဖြစ်ကြောင်း သူသိလိုက်သည်။

ခွပ်..

ပထမဆုံး လက်သီးချက်မှာပင် သူ့ညာလက်မောင်းရိုးကျိုးသွားသည်။

ခွပ်..

ဒုတိယလက်သီးချက်ရောက်လာသည့်အချိန်တွင်တော့ သူ့ ဘယ်လက်မောင်းရိုးလည်း ကျိုးသွားကာ အရိုးအက်သံများပင် ထွက်ပေါ်လာသည်။

ဝုန်း..

တတိယလက်သီးချက်မှာ သူ့ရင်ဘတ်သို့ ကျရောက်လာသည်။

ခွပ်..

ဟွမ်ရှောင်ရှန်း နံရိုးလေးချောင်းကျိုးသွားပြီး သူ့ရင်အုပ် ချိုင့်ဝင်သွားသည်။ သူ အနောက်လွင့်ထွက်သွားကာ သွေးအန်လာလေသည်။

ရွှီး..

ချူဖုန်းသည် ကြောက်စရာကောင်းလောက်သည့် အမြန်နှုန်းဖြင့် ဟွမ်ရှောင်ရှန်းနောက်‌ ပြေးလိုက်လာသည်။ လေထဲတွင် သူ့ကိုမှီသွားသည်နှင့် ချူဖုန်း သူ့ကို အောက်ဘက်သို့ ကန်ချလိုက်လေသည်။ ထိုကန်ချက်သည် ဟွမ်ရှောင်ရှန်း၏ ဘယ်ဘက်နံရိုးပေါ်သို့ ရောက်သွားပြီး ထိုဘယ်ဘက်ခြမ်းမှ နံရိုးအားလုံး ကျိုးသွားလေပြီ။

ထိုသို့ကန်ပြီးမှသာ ချူဖုန်း ရပ်တန့်လိုက်သည်။

“အား..”

ဟွမ်ရှောင်ရှန်းမှာ ထိုအချိန်မှသာ နာကျင်စွာ အော်ဟစ်နိုင်တော့သည်။ သူ့တစ်ကိုယ်လုံး အက်ကွဲရာများ ပြည့်နှက်နေပြီဖြစ်ပြီး နာကျင်မှုမှာ သည်းမခံနိုင်လောက်အောင်ပင်။ သူ လူးလှိမ့်၍ အော်ဟစ်နေရုံသာ တတ်နိုင်တော့သည်။

ဤနေရာ၌ ရှိနေသည့်လူအားလုံး တုန်လှုပ်သွားကြရသည်။ မည်သူမှ စကားမပြောနိုင်တော့ပဲ ဤမြင်ကွင်းကို ငေးကြောင်စွာ ကြည့်နေကြလေသည်။

“အရမ်းကို ပြင်းထန်တာပဲ .. ဒါပေမဲ့ ငါကြိုက်တယ်..”

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ယုယန်ချင်း‌ အော်ဟစ်လိုက်သည်။

ဤနေရာ၌ ရှိနေသည့်လူအားလုံး သူ့ကို‌ ထောက်ခံကြောင်း ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်ကြသည်။ သူတို့အားလုံး ဂုဏ်ယူကာ ကျေနပ်နေကြသည်ပင်။ ဤရိုက်နှက်ခြင်းမှာ ဟွမ်ရှောင်ရှန်းနှင့် ကိုက်ညီသည့် အဆုံးသတ်ပင်။

လူသားမျိုးနွယ်စုအများစု ဟွမ်ရှောင်ရှန်းကို မကျေနပ်နေကြသော်လည်း မည်သူမှ သူ့ကို ဆန့်ကျင်ပြီး မပြောရဲကြသောကြောင့် သူတို့ မကျေနပ်ချက်များကို မြိုသိပ်နေခဲ့ကြရသည်။

ယခု တစ်ယောက်ယောက် သူ့ကို ပြင်းထန်စွာ ရိုက်နှက်နေသည်ကို တွေ့လိုက်ရသည့်အချိန် သူတို့ ကျေနပ်သွားကြလေသည်။

“ချီးပဲ.. မင်း..” ဟွမ်ရှောင်ရှန်း အော်ဟစ်လိုက်သည်။ သူသည် တကယ်ကို မွေးရာပါစိတ်စွမ်းအားရှိသည့် မြွေပါတစ်ကောင်ပင်။

သူတို့ကို နေရာအတော်များများ၌ ထာဝရဟွမ်ဟု ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှင့်ပတ်သက်သည့် ဒဏ္ဍာရီများစွာ ရှိနေပြီး သူတို့သည် စိတ်ကိုထိန်းချုပ်နိုင်သည့် စွမ်းရည်ပိုင်ဆိုင်ထားသည်ပင်။

သန္ဓေပြောင်းလာပြီးနောက် သူ၏စွမ်းရည်မှာ ပို၍ အားကောင်းလာခဲ့သည်ပင်။ သို့သော် ယခုတော့ သူ ဤကဲ့သို့ ဆိုးရွားစွာ အရိုက်ခံနေရသည်။

ဟွမ်ရှောင်ရှန်း၏ စွမ်းအားမှာ အလွန်အားကောင်းကြောင်း ချူဖုန်း ဝန်ခံရမည်။ သူသည် နိုးထခြင်းအဆင့် ရှစ်ဆင့်မြောက်တွင် ရှိနေလောက်သောကြောင့် အခြားသူသာဆိုလျှင် သူ အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်။

ယဲ့ချင်းရုန်ကဲ့သို့စွမ်းအားကြီးသည့်သူပင် သူ့ထိန်းချုပ်မှုအောက် ရောက်သွားခဲ့သည်ပင်။

သူ နွားနတ်ဆိုးအော်သံကို ရထားသောကြောင့်သာမဟုတ်ပါက ဟွမ်ရှောင်ရှန်းကို အနိုင်ယူနိုင်ရန် သူ အတော်လေး အားထုတ်ရလိမ့်မည်။

“သေစမ်း..” ဟွမ်ရှောင်ရှန်း အော်ဟစ်လိုက်သည်။

ရွှီး..

ဟွမ်ရှောင်ရှန်းထံမှ လျှပ်စီးကဲ့သို့သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချူဖုန်းထံသို့ ဦးတည်သွားလေသည်။

“ဘုရားရေ .. အဲဒါ ဓားပျံပဲ..” တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။

ဤသည်မှာ တကယ် ဓားပျံပင်။ ဓားသည် လက်တစ်ဝါးခန့်သာရှည်ပြီး ချူဖုန်း လည်ပင်းထံသို့ ဦးတည်လာနေသည်။

“ဓားပညာကျွမ်းကျင်တာ ရှုတောင်တစ်ခုတည်းမဟုတ်ဘူး .. ငါတို့လူမျိုးစုလည်း ကျွမ်းကျင်တယ်..” ဟွမ်ရှောင်ရှန်း စိတ်ထဲ ရယ်မောလိုက်၏။ ဤသည်မှာ သူ၏အကြီးဆုံး ဝှက်ဖဲပင်။ ဤဓားကို သူ၏စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်နိုင်သည်။

ဝုန်း..

သို့သော် ထင်မှတ်မထားစွာဖြင့် ချူဖုန်း၏လုပ်ဆောင်မှုများမှာ ကြောက်စရာကောင်းနေသည်။ သူ့ဘယ်လက်မှ နဂါးတစ်ကောင်ပုံ ထွက်လာပြီး ညာလက်မှ ကျားတစ်ကောင်ပုံ ထွက်ပေါ်လာသည်။

ဒုန်း..

သူ့လက်နှစ်ဘက်လုံးဖြင့် ထိုဓားပျံကို ဖမ်းလိုက်သည်ပြီး လက်နှစ်ဖက်ကို ဖမ်းဆုတ်လိုက်သည်နှင့် ထိုဓားပျံ တစ်စစီဖြစ်သွားလေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..” ဟွမ်ရှောင်ရှန်းမှာ မျက်နှာ၌ အရောင်မရှိတော့သည်အထိ ဖြူဖျော့သွားလေသည်။ သူ၏ဓားပျံကို အလွန်ရှားပါးသည့်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

ထို့နောက် ချူဖုန်း အရှေ့သို့ တက်လာပြီး သူ့ကို နောက်တစ်ကြိမ် ထပ်နင်းလာသည်။

ခွပ်… လေထဲ၌ အရိုးကျိုးသံများ ပဲ့တင်ထပ်သွားသည်။

“အား…”

အပိုင်း ၁၂၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset