ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၁၉ – ဧည့်ခံပွဲ
ယဲ့ချင်းရုန်၊ တိဟွိုင်ကျင်း၊ ယုယန်ချင်းနှင့် ချန်လော့ယန်တို့တစ်ဖွဲ့လုံး ဤပွဲမျိုးအတွက် သင့်တော်သည့် ဝတ်စုံဝတ်ကာ ပွဲထဲသို့ ရောက်နေကြပြီဖြစ်သည်။
“ဘော့စ် ဒီဝတ်စုံအတွက် အစ်ချင်းရုန်ကို ပိုပြီးတော့ ကျေးဇူးတင်သင့်တယ် .. ဘော့စ်အတွက် ဝတ်စုံရွေးပေးဖို့ သူ အများကြီး အားထုတ်ထားရတာ” ယုယန်ချင်း စနောက်လိုက်သည်။
ချူဖုန်း သဘောတူကြောင်း ခေါင်းညိမ့်ပြလိုက်သည်။
ဒင်..
ဓာတ်လှေကားထဲမှ ထွက်လိုက်သည်နှင့် အတော်လေး တင်းကြပ်သည့် လုံခြုံရေးများနှင့် တွေ့လိုက်ရသည်။ ဖိတ်စာများကို သေချာစစ်ဆေးပြီးမှ ပွဲထဲသို့ ဝင်ခွင့်ရခဲ့သည်ပင်။
သားရိုင်းများ အချိန်မရွေး ရောက်လာနိုင်သောကြောင့် မြို့စွန်မှ အမိုးဖွင့် ဗီလာကြီးမှာ ဤကဲ့သို့သောပွဲမျိုးကျင်းပရန်အတွက် မသင့်တော်။ ထို့ကြောင့် ယခုကဲ့သို့သော နေရာမျိုးကိုသာ ရွေးချယ်လိုက်ရသည်ပင်။
ချီလင်းတာဝါထဲရှိ အပြင်အဆင်များမှာ အလွန်ခမ်းနားလှသည်ပင်။
ခန်းမမှာ အတော်လေး ကျယ်ဝန်းလှပြီး သလင်းကျောက်မီးဆိုင်းများကြောင့် အခန်းမှာ အတော်လေး လင်းထိန်နေသည်။
လင်းထိန်နေသည့် ခန်းမကြီးထဲမှ ရယ်မောသံများ ပျံ့လွင့်နေသည်။ ဧည့်သည်အတော်များများ ရောက်နေကြပြီဖြစ်ပြီး ညကြီးလည်း သက်ဝင်လှုပ်ရှားနေပြီဖြစ်သည်။
“အဲဒါ တတိယအဆင့်စူပါစတားကြီး မဟုတ်ဘူးလား..” တိဟွိုင်ကျင်း၏ စူးရှသည့် မျက်လုံးများမှ အမျိုးသမီးတစ်ဦးကို မျက်မှန်းတန်းမိသွားသည်။ ဤမင်းသမီးမှာ သူတို့အကြောင်း မကောင်းပြောခဲ့သော်လည်း နောက်ဆုံးတွင် သူမသာ မျက်နှာပျက်ခဲ့ရသည်ပင်။ ချူဖုန်း သူမကို တတိယအဆင့်စူပါစတားစု နာမည်ပေးခဲ့ခြင်းပင်။
သူတို့ရင်းနှီးနေသည့် မျက်နှာများစွာ ရှိနေသည်ပင်။ သူတို့လူကိုယ်တိုင် မရင်းနှီးသော်လည်း တီဗီဖန်သားပြင်၌ တွေ့ဖူးသည့် နာမည်ကြီးများစွာလည်း ရှိနေသည်။
“ကြည့်ရတာ VIP တစ်ချို့ကိုလည်း ဖိတ်ထားတာထင်တယ်” ယဲ့ချင်းရုန်မှာ ဤကဲ့သို့သော ပွဲများနှင့် အလွန်ရင်းနှီးသည်ပင်။ သူမသည် ပွဲထဲသို့ ရောက်သည်နှင့် ရေထဲလွှတ်လိုက်သည့်ငါးကဲ့သို့ လူများကို လေ့လာနေတော့သည်။
“ကြည့်လိုက် .. လင်းယဲယုလည်း လာတယ်..” သူမ ချူဖုန်းကို သတိပေးလိုက်သည်။
ဒိမ်ဒီမျိုးရိုးဗီဇမှ ရာထူးကြီးပုဂ္ဂိုလ်များလည်း ဖိတ်ခံထားရသည်ပင်။
လင်းယဲယု ဧည့်ခံပွဲ၌ ပျော်ရွှင်နေသည်မှာ သိသာလှသည်။ သူသည် လူအချို့နှင့် စကားပြောပြီး ရယ်မောနေသည်ပင်။
ချူဖုန်း ဤလူကို သူ့ဘေးနား၌ ရှိနေသည့် အမျိုးသမီးလောက် အာရုံမစိုက်။ သူမဘေးမှ အမျိုးသမီးသည် အနီရောင်ညနေခင်းဝတ်စုံကို ဝတ်ဆင်ထားပြီး အတော်လေး ဆွဲဆောင်မှုရှိလှသည်ပင်။
တကယ်တမ်းတွင် ရှုဝမ်ယိသည် အတော်လေး ဒေါသထွက်နေသည်ပင်။ ချူဖုန်းကို အစောကြီးက သူမ သတိပြုမိခြင်းပင်။
“အိုး .. အစ်ကို နွားနတ်ဘုရားချူဖုန်းမလား .. ကောင်းလိုက်တာ .. ညီမတို့ ဓာတ်ပုံအတူတူ ရိုက်ရအောင်..” ထိုအချိန်တွင် အသက် ၁၉ နှစ်ခန့်ရှိသည့် မိန်းကလေးနှစ်ဦး ပြေးလာကြလေ၏။ သူတို့မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်ပင်။
“ဘော့စ် .. ဘော့စ်ပျော်ရွှင်မှုကို ရှာဖွေနိုင်ဖို့အတွက် ကျွန်တော်တို့ ဘော့စ်ကို ထားခဲ့လိုက်မယ်နော် .. ကျွန်တော်တို့လည်း အလှလေးတွေနဲ့ စကားသွားပြောလိုက်ဦးမယ်” တိဟွိုင်ကျင်းနှင့် ယုယန်ချင်းတို့သည် သူ့ကို ထားပစ်ခဲ့ပြီး လူအုပ်ထဲ၌ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ယဲ့ချင်းရုန်လည်း တောက်ပစွာပြုံးပြီး လူအုပ်ထဲ တိုးဝင်သွားလေ၏။
ချန်လော့ယန်သည် သူလည်း မတတ်နိုင်ကြောင်း ပုခုံးတွန့်ပြလိုက်ပြီး လူအုပ်ထဲ ပျောက်ကွယ်သွားသည်။
ချူဖုန်းမှာ ဤမိန်းကလေးများကို အဖော်လုပ်ပြီး ဓာတ်ပုံရိုက်ပေးရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့။ သို့သော် သူ ထွက်မသွားနိုင်ခင်မှာပင် သူနှင့်စကားပြောရန် လူများ ထပ်ရောက်လာလေသည်။
“အစ်ကိုချူ .. အစ်ကိုနဲ့ ကျန်းလော့ရှန်းက ဘယ်လိုဆက်ဆံရေးမျိုးလဲ..” လူငယ်တစ်ဦး မေးလိုက်သည်။
“ညီမ ကျန်းလော့ရှန်းကို ဒီနားမှာ တွေ့လိုက်သေးတယ်” သူနှင့် ဓာတ်ပုံအတူရိုက်ရန် တောင်းဆိုခဲ့သည့် လေပေါသည့်ကောင်မလေးမှ တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။
“ချူဖုန်းလား..” ထိုအချိန်တွင် မရင်းနှီးသည့်အသံတစ်သံကို ကြားလိုက်ရသည်။ ထို့နောက် ၂၆၊ ၂၇ နှစ်ခန့်ရှိသည့် အမျိုးသားတစ်ဦး လက်ထဲ ဝိုင်ခွက်ကိုင်ထားပြီး သူ့ထံသို့ လျှောက်လာနေလေသည်။
“ခင်ဗျားက..” ချူဖုန်း ဤလူကို မသိ။
ထိုလူ တည်ငြိမ်စွာပင် လျှောက်လာသည်။ သူ၏ချောမောခန့်ညားမှုထဲတွင် သူရဲကောင်းတစ်ဦး၏အော်ရာများ ပါဝင်နေသည်။ ဤလူသည် သေချာပေါက် ရိုးရှင်းသည့်လူမဟုတ်။ သူ့မျက်ခုံးကြားတွင် ထူးဆန်းသည့်ဒေါင်လိုက်သင်္ကေတတစ်ခု ရှိနေသည်။
“ကျုပ်နာမည်က မုထျန်းလို့ခေါ်တယ် .. မုရဲ့ အစ်ကိုကြီးပါ..” သူ့ကိုယ်သူ တိုက်ရိုက်ပင် မိတ်ဆက်လာသည်။
သူသည် ဟန်ဆောင်ခြင်းမရှိပဲ သူ မည်သူဖြစ်ကြောင်း ချူဖုန်းကို ဒဲ့တိုးပင် ပြောလာသည်။
ချူဖုန်း မျက်စံများ မှေးကျဉ်းသွားရသည်။ ဒါက လွန်ခဲ့တဲ့ ၂၁ နှစ်က သန္ဓေပြောင်းခဲ့တယ်ဆိုတဲ့ မုရဲ့ အစ်ကိုကြီးလား.. ဤလူ၏ ခွန်အားမှာ ပြိုင်ဘက်ကင်းဟု ပြောကြသည်။ သူတို့ ဤကဲ့သို့သောအခြေအနေမျိုးတွင် တွေ့ဆုံလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
သူသည် တကယ်ကို ထူးခြားသည့်သူပင်။ သူ၏တည်ငြိမ်သည့်သွင်ပြင်နှင့် သူ့မျက်ခုံးကြားမှ သင်္ကေတတို့မှာ သူ့ကိုပို၍ ထူးခြားသွားစေသည်။
“မင်း တိုင်းဟန်တောင်မှာ လုပ်ခဲ့တာက တော်တော်လေး အထင်ကြီးစရာကောင်းတယ် .. ငါ မင်းကို လေးစားပါတယ် .. ဒါပေမဲ့ မင်းက ငါ့ညီလေး ‘မု’ ကို သတ်ခဲ့တယ် .. ဒီအကြွေးကိုတော့ ငါ မင်းဆီက ပြန်ယူရလိမ့်မယ် .. ဒါက ငါ့ကိုတော်တော်လေး ရှုပ်ထွေးစေတယ်” မုထျန်း ခေါင်းခါ၍ ပြောလိုက်သည်။
“ငါတို့ ဒါကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတစ်ခုရှာတွေ့ဖို့ မျှော်လင့်ပါတယ်” သူ ရယ်မောပြီးနောက် ချူဖုန်းကို ပုခုံးပုတ်၍ ထွက်သွားလေသည်။
ချူဖုန်း အံ့အားသင့်သွားရ၏။ ဤမုထျန်းမှာ တကယ် မရိုးရှင်း။
သူသည်စကားအနည်းငယ်သာ ပြောပြီး ပြဿနာမရှာပဲ ထွက်သွားသည်ပင်။
“အဲဒါ ဘယ်သူလဲ မုထျန်းလား .. သူက ဒိမ်ဒီဆေးဝါးလုပ်ငန်းစုက ထူးဆန်းတဲ့လူငယ်ကျွမ်းကျင်သူလား .. သူက ဆယ်ကျော်သက်ကတည်းက စိတ်ဖောက်နေတဲ့ဆင်ကို လက်ဗလာနဲ့ သတ်ခဲ့တာလို့ ပြောကြတယ်”
“သူပဲ .. သူ အခု ဘယ်လောက်တောင် ခွန်အားကြီးနေပြီလဲ .. သူ့ကိုပြိုင်ဘက်ကင်းလို့ ခေါ်ရမယ်ထင်တယ်”
အနီးအနားမှ လူနှစ်ဦး မုထျန်းအကြောင်း တီးတိုးပြောနေကြသည်။
နာမည်ကြီးများကဲ့သို့ လူငယ်တစ်ချို့ကို လူအချို့ ဝန်းရံနေကြောင်း ချူဖုန်း တွေ့လိုက်သည်။
ဤသည်မှာ လူသားပုံစံ ပြောင်းထားသည့် သားရဲဘုရင်မျိုးဆက်များဖြစ်လိမ့်မည်ဟု သူ ပြောရဲသည်။
သူသည် လူအုပ်ကြီးထဲ ဝင်မပါပဲ အစားအစာတစ်ချို့နှင့် သောက်စရာတစ်ချို့ယူကာ ထောင့်တစ်နေရာသို့ သွားလိုက်သည်။ သူ လူအုပ်ကြီးနှင့် နေရသည်ကို မကြိုက်။
သူနှင့်အကြံတူသည့် အခြားလူတစ်ဦး သူ့နားသို့ ရောက်လာကာ သူ့ကို ပြုံးပြလာလေ၏။ “ခင်ဗျားက ချူဖုန်း မလား..”
“ဟုတ်ပါတယ် .. ခင်ဗျားက..” ချူဖုန်း နည်းနည်း ထိတ်လန့်နေမိသည်။
“ခင်ဗျား ကျွန်တော့်ကို ပိုင်ချွင်လို့ခေါ်လို့ရတယ်” ငွေရောင်ဆံပင်နှင့် လူငယ် သူ့ကိုယ်သူ မိတ်ဆက်လာသည်။ သူ့ထံတွင် ရိုးရှင်းသည့်ဟန်ပန်ရှိသော်လည်း သူစကားပြောလိုက်လျှင် သူ့စွမ်းအားကို ပြသနေသည့် ဖိနှိပ်ထားသည့်အော်ရာတစ်ခု ရှိနေသည်။
သို့သော် သူကတော့ ထိုစွမ်းအားကို သူ့ခန္ဓာကိုယ်ထဲ ကျွမ်းကျင်စွာ ပိတ်သိမ်းထားသည်ပင်။
“ကျွန်တော်က မွန်ဂိုလီးယားလွင်ပြင်က လာတာပါ” သူ ပြောလိုက်သည်။
သားရဲဘုရင်တစ်မျိုးကို စဉ်းစားမိသွားပြီး ချူဖုန်း တုန်လှုပ်သွားခဲ့ရသည်– ငွေလရောင်ဝံပုလွေ..
ဤသားရဲဘုရင်သည် မြောက်ပိုင်းလွင်ပြင်များတွင် နံပါတ်တစ်ကျွမ်းကျင်သူအဖြစ် လူသိများသည်။ သူသည် အားလုံးကို တိုက်ခိုက်ကာ ဖိနှိပ်ခဲ့သည့်သူပင်။
“ငွေလရောင်ဝံပုလွေက ကျုပ်အဖိုးပါ..” ပိုင်ချွမ်းးပြုံး၍ ပြောလိုက်သည်။
“ခင်ဗျားနဲ့ တွေ့ရတာ ဂုဏ်ယူစရာပါပဲ..” ဤကျွမ်းကျင်သူ၏ သဘောထားကို မသိရသောကြောင့် ချူဖုန်း ယဉ်ကျေးစွာ ပြောလိုက်သည်။
အထူးသဖြင့် သူသည် မီးခိုးပြာဝံပုလွေအား သတ်ထားသည့်သူပင်။ တစ်ဖက်လူသာ ဤကိစ္စကိုသိသွားလျှင် သူ့ကို ရန်လိုလာနိုင်သည်။
ပိုင်ချွမ်း၏မျက်လုံးများ တောက်ပလာကာ “အရမ်းကြီး တင်းမထားပါနဲ့ .. ကျွန်တော်က မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာတာမဟုတ်ပါဘူး .. ခင်ဗျားရဲ့ ရုပ်ရှင်ကို ကျွန်တော်တကယ်ကြိုက်တယ် .. ကျွန်တော်ကြည့်နေတာ သုံးခေါက်တောင် မကတော့ဘူး .. ဒီနေ့ ပြန်ရင်လည်း နောက်တစ်ခေါက် ထပ်ကြည့်ဦးမှာ..”
ဤသည်မှာ ချူဖုန်းကို အတော်လေး အံ့အားသင့်သွားစေခဲ့သည်။ သူထင်ထားသည်နှင့် လုံးဝကွာခြားနေသည်ပင်။
သူ ဤနေရာသို့ ရောက်လာစဉ်က သားရဲဘုရင်မျိုးဆက်များအားလုံး အလွန်မောက်မာကာ သီးသန့်ဆန်ကြသည်ကို သူ သတိပြုမိသောကြောင့် ဤလူများနှင့် လိုက်လျောညီထွေဖြစ်ရန် အတော်လေး ခက်ခဲလိမ့်မည်ဟု သူ ထင်ထားခြင်းပင်။ သို့သော် သူ့ကို ပထမဆုံးစကားလာပြောသည့် သားရဲလူငယ်ကတော့ သူ့ရုပ်ရှင်ကို လေးစားသည့်သူ ဖြစ်နေသည်။
“ကျွန်တော် တကယ်ပြောတာ .. စနေတာမဟုတ်ဘူး .. နောင်အခွင့်အရေးရှိရင် ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီး ရုပ်ရှင်ဇာတ်ကားတစ်ကားလောက် ရိုက်ရအောင် .. ဇာတ်လမ်းက မတူညီတဲ့လူမျိုးစုတွေကြား အကောက်ကြံတာတွေ မပါရဘူး .. ဒါပေမဲ့ တိုက်ခိုက်တဲ့အခန်းတွေကတော့ တတ်နိုင်သမျှ အစစ်နဲ့တူအောင် လုပ်ရမယ် .. အဲဒါမှ ကြည့်တဲ့သူတွေ သွေးတွေဆူပွက်လာမှာ..”
အနာဂတ်အကြောင်း ပြောနေသည့်အချိန်တွင် ပိုင်ချွမ်း၏မျက်လုံးများမှာ သူ့ပုခုံးထက်ကျနေသည့် ဆံပင်များကဲ့သို့ ငွေရောင်တောက်ပနေသည်။ သူ့အမြင်အကြောင်းကို ချူဖုန်းအား မရပ်မနားပင် ပြောနေလေသည်။
ချူဖုန်း နည်းနည်းလေး ကြောင်တောင်တောင်ဖြစ်နေမိသည်။ သားရဲဘုရင်မျိုးဆက်တစ်ယောက်က သူနဲ့ ရုပ်ရှင်ရိုက်ချင်နေတာလား..
သို့သော်လည်း လူငယ်လေး၏ စိတ်ကောင်းစေတနာကို သူ မငြင်းပဲ သူ့အမြင်ကို လေးနက်စွာ ပြောလိုက်သည်။
“ဟား ဟား .. အစ်ကိုချူက တကယ်ကို ကျွန်တော်ကြိုက်တဲ့ ပုံစံမျိုးပဲ .. ခင်ဗျားရဲ့ အိုင်ဒီယာတွေကို ကျွန်တော် တကယ်လေးစားတယ် .. ကြည့်ရတာ နောင်ကျရင် ကျွန်တော်တို့ အောင်မြင်တဲ့ပူးပေါင်းမှုတစ်ခု လုပ်နိုင်မယ်ထင်တယ်..”
အဘယ်ကြောင့် ရုပ်ရှင် ထုတ်လုပ်ချင်သလဲဟု ချူဖုန်း သူ့ကို မေးလိုက်သည်။
“ဒါက ကျင့်ကြံခြင်းပုံစံပဲ” ပိုင်ချွမ်း ပြောလိုက်သည်။ သူ လူ့အသိုင်းအဝိုင်းထဲသို့ ဝင်လာခြင်းမှာ လူသားများ၏အတွေ့အကြုံများကို ခံစားရန်ပင်။
“ခင်ဗျားတို့လူသားတွေမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စတွေအများကြီးရှိတဲ့အပြင် ဗဟုသုတအမျိုးမျိုးလဲရှိတယ်လေ .. လူ့ပတ်ဝန်းကျင်ထဲမှာ ဝင်နေနိုင်တာက ကျွန်တော်တို့အတွက်တော့ စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုတစ်မျိုးပဲ” ပိုင်ချွမ်း သူ့ကို အမှန်အတိုင်း ပြောပြလိုက်သည်။
သူတို့စကားပြောနေသည့်အချိန် လူများစွာ သူတို့ကို လှည့်ကြည့်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ပိုင်ချွမ်း၏ပုံစံမှာ ထူးခြားလွန်းလှသည်ပင်။ သူ၏ငွေရောင်ဆံပင်ရှည်များမှာ တောက်ပနေပြီး သူ့ခန္ဓာကိုယ်သည်လည်း ကြောက်စရာကောင်းသည့်စွမ်းအင်များ စုထည့်ထားသည့် မီးဖိုကြီးနှင့် တူနေသည်။
ပိုင်ချွမ်း မတ်တပ်ထရပ်လိုက်ပြီး “ကျွန်တော်အခုတော့ သွားလိုက်ဦးမယ် .. မကြာခဏ ဆက်သွယ်ကြတာပေါ့ .. အမှန်အတိုင်းပြောရရင် ဒီလိုပွဲမျိုးတွေကို ကျွန်တော် သိပ်မကြိုက်ဘူး .. ဝံပုလွေတွေက အရိုင်းဆန်ပြီးတော့ ကြမ်တမ်းတယ်လေ .. အဲဒီတော့ ဒီလိုမျိုး စည်းမျဉ်းစည်းကမ်းတွေ အများကြီးရှိတဲ့ ပွဲမျိုးနဲ့ လိုက်လျောညီထွေဖြစ်အောင် နေရတာက ကျွန်တော့်အတွက် ခက်ခဲတယ်”
နောက်ဆုံး သူ မည်သူမှန်းသိသွားသည်နှင့် အဖွဲ့အစည်းမှ ဂုဏ်သရေရှိပုဂ္ဂိုလ်များစွာ သူ့နား ချဉ်းကပ်လာကြလေသည်။ အားလုံးသည် ဖောဖောသီသီပင် ပြုံးပြနေကာ သူနှင့် မိတ်ဆွေဖွဲ့ရန် ကြိုးစားနေကြသည်။
ပိုင်ချွမ်းသည် ဤလူများကို ကျွမ်းကျင်စွာ ကိုင်တွယ်ပြီး အခွင့်အရေးရသည်နှင့် ချက်ချင်း ရှောင်ထွက်သွားလေသည်။
ချူဖုန်းကို မှတ်မိသည့်လူ အတော်များများရှိသော်လည်း မည်သူမှ ထိုမိန်းကလေးများကဲ့သို့ သူနှင့် ဓာတ်ပုံရိုက်ရန် ခွင့်မတောင်းကြ။ အသက်ကြီးသည့်သူများမှာ ဤကဲ့သို့ လုပ်ရန် စိတ်မဝင်စား။
ထို့ကြောင့် ချူဖုန်း ငြိမ်းငြိမ်းချမ်းချမ်းပင် နေနိုင်နေသည်။
“ဘော့စ် .. ခုနကလူက ငွေလရောင်ဝံပုလွေရဲ့ မြေးမဟုတ်ဘူးလား..” ယုယန်ချင်း စိတ်လှုပ်ရှားစွာ ပြေးလာသည်။
ယဲ့ချင်းရုန်နှင့် အခြားသူများလည်း သူ့ဘေးနားသို့ ရောက်လာကြကာ ချူဖုန်း ထိုလူနှင့် စကားကြာကြာပြောနိုင်သည့်အတွက် အံ့အားသင့်နေကြလေသည်။
“မတော်တဆ တွေ့တာပေါ့” ချူဖုန်း ပြောလိုက်သည်။
“ဟမ်..” သူ ခေါင်းမော့ကာ နေရာတစ်ခုကို ကြည့်လိုက်သည်။ သူ၏ထက်မြက်လှသည့် နတ်အသိစိတ်ကြောင့် မကောင်းသည့်ရည်ရွယ်ချက်တစ်ချို့ကို သူ ခံစားမိနေသည်။
ထိုနေရာ၌ ရှုဝမ်ယိ၊ မုထျန်းနှင့် အခြား သားရဲလူငယ်များ ရပ်နေကြသည်။
တကယ်တမ်းတွင် ထိုအုပ်စုသည် ပွဲတစ်ခုလုံး၏ အာရုံစိုက်ရာနေရာဖြစ်နေသည်ပင်။ ထိုအုပ်စုထဲတွင် ထူးခြားသည့်နောက်ခံရှိသူများစွာ ပါဝင်နေသည်။
အခြားမိန်းမလှလေးတစ်ဦးနှင့် စကားပြောနေသည့် ကျန်းလော့ရှန်းကိုပင် သူတွေ့လိုက်သေးသည်။
“သားရဲဘုရင် အမွေဆက်ခံသူတွေလည်း လာကြတယ်..” တိဟွိုင်ကျင်း တီးတိုးပြောလိုက်သည်။
ချူဖုန်း အတွေးများ လေးလံသွားရသည်။ ထိုအုပ်စုထဲတွင် ရှုဝမ်ယိနှင့် မုထျန်း ရှိနေသည်။ ရှုဝမ်ယိ မုထျန်းအား ဘာပြောနေသလဲမသိသော်လည်း သူ့ကောင်းကြောင်းတော့ ဖြစ်မည်မဟုတ်။
ထိုအုပ်စုခေါင်းဆောင်မှာ အတော်လေး ချောမောခန့်ညားလှသည်။ သူ၏ခရမ်းရောင်ဆံပင်ရှည်များမှာ ခါးထိဝဲကျနေပြီး ဝတ်စုံကို ကျကျနနဝတ်ဆင်ထားသည်။
သူသည် သာမန်မိန်းမပျိုလေးများထက်ပင် ချောမောနေသေးသည်။
“သူ့ကို ခုန်းရှန်လို့ခေါ်တယ် .. သူက ဒေါင်းဘုရင်ရဲ့ အမွေဆက်ခံသူဖြစ်လိမ့်မယ်” ယဲ့ချင်းရုန် ချူဖုန်းနားထဲသို့ တီးတိုးပြောလိုက်သည်။
ချူဖုန်း အတွေးထဲ တုန်လှုပ်သွားရသည်။ ဒေါင်းဘုရင်ဆိုသည်မှာ လူဝံအိုကြီးပင် သူ့ထက်နိမ့်ကျကြောင်း ဝန်ခံထားသည့် ကြောက်စရာအကောင်းဆုံး သက်ရှိများထဲမှ တစ်ဦးပင်။
သားရဲဘုရင်များထဲတွင် ဒေါင်းဘုရင်မှာ ပြိုင်ဘက်ကင်းသည်ဟု ပြော၍ရသည်။
ခုန်းရှန်လည်း အလွန်ချောမောလှသည်ပင်။
သူ့ဘေးတွင်တော့ ရဲရင့်သည့်အော်ရာများ ထုတ်လွှတ်နေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိနေသည်။
“သူက တိမ်တိုက်ကျားသစ်နက်ရဲ့မြေး ယွမ်ဖိန်း” ယဲ့ချင်းရုန် ပြောပြလာသည်။ သူမ ဧည့်ခံပွဲကို တစ်ပတ်ပတ်လိုက်ပြီး အားလုံးအကြောင်း သိအောင် လုပ်ပြီးသွားပြီဖြစ်သည်။
“သူ့ဘေးက မိန်းကလေးက မြောင်ဖိန်းလို့ခေါ်တယ် .. သူ့ဇစ်မြစ်ကို မသိပေမယ့် သူလည်း သားရဲဘုရင်တစ်ယောက်ရဲ့ အမွေဆက်ခံသူဖြစ်လောက်တယ်” သူမ ရှင်းပြလိုက်သည်။
ထိုအမျိုးသမီးမှာ အတော်လေး လှပလှသည်။ သူမထံတွင် ကျောက်မျက်ရတနာကဲ့သို့ တောက်ပနေသည့် မျက်လုံးတစ်စုံနှင့် မြရောင်ဆံပင်ရှည်ကြီး ရှိနေသည်။
သူမသည် ကျန်းလော့ရှန်းနှင့် ပျော်ရွှင်စွာ စကားပြောပြီး လှည့်ပတ်သွားနေကြလေ၏။
“နည်းနည်း နောက်ရောက်နေတဲ့တစ်ယောက်က ဟွမ်ရှောင်းရှန်းလို့ခေါ်တယ် .. အရမ်းကို ရွံစရာကောင်းတဲ့သူ” ယဲ့ချင်းရုန် ပြောလိုက်သည်။
သားရဲလူမျိုးစု လူငယ်များထဲတွင် ကြည့်မကောင်းသည့်လူမှာ ဟွမ်ရှောင်ရှန်းတစ်ယောက်သာ ရှိလိမ့်မည်။ သူ့ထံ၌ ခမ်းနားသော အော်ရာမရှိသလို ချောလည်းမချော။ အရပ်လည်းသာမန်လောက်သာရှိပြီး အလွန်ပိန်ပါးကာ ခေါင်းတစ်လုံးလည်း ဝါဝင်းနေလေသည်။ သူ့မျက်လုံးတွင်တော့ ရံဖန်ရံခါ ထူးဆန်းသည့်အလင်းများ တောက်ပနေသည်။
ခြုံကြည့်ရမည်ဆိုလျှင် သူသည် ရက်စက်ယုတ်မာပုံပေါက်နေသည်ပင်။
“ခင်ဗျားကတော့ နွားနတ်ဘုရားချူဖုန်းဖြစ်ရမယ် ဟုတ်တယ်မလား..” ဟွမ်ရှောင်ရှန်း လှောင်ပြောင်သည့်အပြုံးဖြင့် သူ့ထံသို့ ချဉ်းကပ်လာလေသည်။ သူသည် ကြည့်မကောင်းသော်လည်း ယုံကြည်ချက်ကတော့ အပြည့်ရှိနေလေသည်။
“ဟုတ်တယ်” ချူဖုန်း တည်ငြိမ်စွာပင် ပြောလိုက်သည်။
“နောက်ဆုံးတော့ မင်းနဲ့ သိကျွမ်းရပြီပေါ့ .. ငါတို့ ခဏလောက်စကားပြောရအောင်လေ” ဟွမ်ရှောင်ရှန်း ပြောလိုက်သည်။ သူ လူ့အသိုင်းအဝိုင်းထဲသို့ ဝင်သည်မှာ သိပ်မကြာသေးသော်လည်း သူ့အပြုအမူနှင့် ဘာသာစကားများမှာ စံချိန်စံညွှန်း မီသည်ပင်။
သူ ချူဖုန်းထံသို့ လျှောက်လာနေစဉ် သူမျက်လုံးထဲ၌ ထူးဆန်းသည့်အလင်းတန်း တောက်ပနေသည်ကို တွေ့ရမည်ပင်။ “မင်းက လူမျိုးစုပေါင်းများစွာက ကျွမ်းကျင်သူ အတော်များများကို သတ်ခဲ့တယ်ဆို ဟုတ်လား..”
ဤလူ သူ့ကို တမင်သက်သက် ရန်လာစနေသည်။ ချူဖုန်း သူ့ကို တိတ်ဆိတ်စွာသာ ကြည့်နေလိုက်သည်။
“မင်းက တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်လို့ ငါထင်တယ် .. ငါတို့အပြင်ထွက်ပြီး သီးသန့်စကားပြောကြရင်ရော..” ဟွမ်ရှောင်ရှန်း လှောင်ပြုံးဖြင့် ပြောလိုက်သည်။
သူလည်း ရုပ်ရှင်ကြည့်ပြီးသွားပြီဖြစ်သော်လည်း ဤနွားနတ်ဘုရား၏ တိုက်ရည်ခိုက်ရည်များကို သိပ်အထင်မကြီး။
ယုယန်ချင်း ရှေ့တိုးလာကာ “ဒီမှာပဲ ဆွေးနွေရအောင် .. ဘာပဲဖြစ်ဖြစ် ဒီဧည့်ခံပွဲက မိတ်ဆွေဖွဲ့ဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပတာပဲလေ .. အဲဒီတော့ တစ်ခြားနေရာ ပြောင်းစရာမလိုဘူး”
လူကွယ်ရာရောက်သည်နှင့် ဤသားရဲဘုရင် တစ်ခုခုလုပ်လိုက်မည်ကို သူ စိုးရိမ်နေခြင်းပင်။
“မင်းက ဘယ်သူလဲ .. ငါ နွားနတ်ဘုရားနဲ့ စကားပြောနေတာ .. မင်းကဘာမို့လို့ စကားဖြတ်ပြောနေတာလဲ..” ဟွမ်ရှောင်ရှန်းသည် လေးစားမှုနည်းနည်းမှ မရှိပဲ အော်ငေါက်လာသည်။
လေထုမှာ ချက်ချင်းပင် ရုတ်တရက် အေးခဲသွားရသည်။ သူ ဤမျှ မောက်မာလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။
“မင်း စည်းကျော်သွားပြီ..” ချူဖုန်း ရှေ့တက်လာကာ ယုယန်ချင်းကို ကာထားလိုက်သည်။
“ဒီမှာ သူငယ်ချင်း .. ဒါက ဧည့်ခံပွဲ ငါတို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အပေးအယူမျှမျှတတနေရင် အကောင်းဆုံးပဲ” တိဟွိုင်ကျင်း ဒေါသတကြီး ပြောလိုက်သည်။
“ဟက် … ဟာသပဲ ငါက ချူဖုန်းနဲ့ စကားပြောနေတာ .. မင်း ဘယ်တုန်းက စကားပြောခွင့် ရသွားတာလဲ” ဟွမ်ရှောင်ရှန်းသည် အခြားဧည့်သည့်များဘက်သို့ လှည့်လိုက်ကာ “ဒီနှစ်ယောက်ဘယ်သူလဲဆိုတာ ကျုပ်သိချင်တယ် .. သူတို့တွေကို ဘာလို့ ဖိတ်ထားတာလဲ..”
သူ ပြဿနာရှာနေသည်မှာ သိသာလှပေသည်။
သားရဲဘုရင်မျိုးဆက်အများစုမှာ မြင့်မြတ်သည့်သူများ မဟုတ်သော်လည်း မည်သူမှ ဟွမ်ရှောင်ရှန်းလောက် ဘလိုင်းကြီးသက်သက် မရဲတင်း။
ပွဲစီစဉ်သူမှာ ချွေးစေးပြန်နေလေပြီ။ ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့။ သူ ဤနှစ်ယောက်ကို ခက်ခဲအောင် မလုပ်ချင်သလို သားရဲဘုရင်မျိုးဆက်များကိုလည်း မဆန့်ကျင်ချင်။
“စုတ်ပြတ်နေတဲ့ ဧည့်ခံပွဲပဲ .. လမ်းဘေးက ခွေးတွေ၊ ကြောင်တွေကိုတောင် ဝင်ခွင့်ပေးနေတယ်..” ဟွမ်ရှောင်ရှန်း အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။ သူ ယုယန်ချင်းနှင့် တိဟွိုင်ကျင်းကို စော်ကားပြောဆိုနေသော်လည်း သူ့အကြည့်များကတော့ ချူဖုန်းထံ၌သာ ရှိနေသည်။
ဘာဖြစ်လာတော့မည်ကို အားလုံး သိလိုက်လေပြီ။
“သူတို့တွေက ခွေးတွေ၊ ကြောင်တွေဆိုတော့ မင်းက ဘာလဲ .. မင်းရဲ့ဇစ်မြစ်က ဘာလဲ..” ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။
ဟွမ်ရှောင်ရှန်းမှာ သားရဲမျိုးစိတ်ဖြစ်သောကြောင့် သူသည် သားရိုင်းမဟုတ်လျှင် ငှက်မျိုးနွယ်ဖြစ်မည်ပင်။ သူ့မူလပုံစံကို မေးခြင်းမှာ သူ့ကို စော်ကားလိုက်ခြင်းပင်။
“မင်း..” ဟွမ်ရှောင်ရှန်း၏မျက်လုံးမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ယဲ့ချင်းရုန် ရှေ့ထွက်လာကာ ချူဖုန်းလက်မောင်းကို လှမ်းဆွဲလိုက်သည်။ ချူဖုန်း စိတ်လွတ်သွားပြီး ဤသားရဲဘုရင်အား တိုက်ခိုက်လိမ့်မည်ကို သူမ စိုးရိမ်နေခြင်းပင်။ “ထားလိုက်ပါတော့..”
ဟွမ်ရှောင်ရှန်း ယုတ်မာစွာ ရယ်မောလိုက်ပြီးနောက် သူ့မျက်လုံးများမှာ ပို၍ပင် အဝါရောင်တောက်ပလာလေသည်။ “လာခဲ့ .. ငါ တွဲကမယ့်လူလိုနေတာနဲ့ အတော်ပဲ .. မင်း ငါ့ကို ဂုဏ်ယူခွင့်ပေးနိုင်မလား…”
သူ ယဲ့ချင်းရုန်ကို လက်ကမ်းလိုက်ကာ ပြုံးပြလိုက်လေသည်။
ထိုအချိန်တွင် ယဲ့ချင်းရုန်သည် ရုတ်တရက် ချူဖုန်းလက်ကိုလွှတ်လိုက်ပြီး ရှေ့လျှောက်သွားလိုက်လေသည်။
လူများစွာ အံ့အားသင့်သွားရ၏။ ဒီဟွမ်ရှောင်ရှန်းက နည်းနည်းတော့ လွန်သွားပြီ။ လူအုပ်ကြီးရှေ့မှာ ချူဖုန်းရဲ့ အကတွဲဖက်ကို လုနေတယ်..
“မင်း .. မင်း ငါ့တို့ကို တမင်သက်သက် အရှက်ခွဲချင်နေတာပဲ .. ချင်းရုန် ပြန်လာခဲ့..” ချန်လော့ယန် အော်ဟစ်လိုက်သည်။ သူ တိတ်တိတ်လေး မနေနိုင်တော့။
ချူဖုန်းလည်း အစပိုင်း အံ့အားသင့်သွားသည်ပင်။ ထို့နောက် သူ့အမူအရာ ပြောင်းလဲသွားကာ နူးညံ့စွာ ပြောလိုက်သည်။ “ထတော့..”
ထိုအခိုက်အတန့် ယဲ့ချင်းရုန်၏ ခြေလှမ်းများ ရပ်တန့်သွားကာ သူမ အမူအရာမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည့်ပုံပင်။ ထို့နောက် သူမ ချူဖုန်းဘေး ထိတ်လန့်တကြား ပြန်ရောက်လာကာ ဟွမ်ရှောင်ရှန်းကို နတ်ဆိုးတစ်ကောင်အလား စိုက်ကြည့်လိုက်သည်။
“ဘာလို့ ငါ့ဆီ မလာတော့တာလဲ..” ဟွမ်ရှောင်ရှန်း ရယ်မောလိုက်ကာ သူ့မျက်လုံးများမှာ ပို၍ အဝါရောင်တောက်ပလာသည်။
ဤလူထံတွင် အခြားလူ၏စိတ်ကို လွှမ်းမိုးနိုင်သည့် စိတ်စွမ်းအင် ရှိလိမ့်မည်ဟု ချူဖုန်း စဉ်းစားမိသွားသည်။
ယဲ့ချင်းရုန်ကို သူ့နောက်ပို့လိုက်ပြီး အရှေ့သို့ ခြေလှမ်းကျယ်များဖြင့် လျှောက်သွားလိုက်သည်။ ဤလူသည် သူ့ကိုပြဿနာရှာရန် ရောက်လာခြင်းဖြစ်သောကြောင့် သူက ဘယ်လိုလုပ် ရှောင်နေနိုင်မည်နည်း..
“မင်းက သားရဲဘုရင်မျိုးဆက်ဖြစ်ပေမယ့် ဒါက လူသားတွေနေတဲ့မြို့ဆိုတာ မင်းသိသင့်တယ်..” ချူဖုန်း အေးစက်စွာ သတိပေးလိုက်သည်။ သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက်များကို သူ ဖုံးကွယ်မနေတော့။
အပိုင်း ၁၁၉ ပြီး၏။