ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၁၈ – ရွှေရောင် ချာကရမ်
လူဝံအိုကြီး၊ ရွှေဂဠုန်နှင့် နတ်ကြိုးကြာတို့ ရွှမ်းထျန်မြို့သို့ ဝင်လာသည့်သတင်းမှာ လူများစွာကို လှုပ်ခတ်သွားခဲ့သည်။
သားရဲဘုရင်များ ရောက်လာခြင်းမှာ ကောင်းလားဆိုးလား မည်သူမှ မသိကြ။
လူများစွာမှာ ဖိနှိပ်ခြင်းနှင့် စိတ်ဖိစီးခြင်းကို ခံစားနေကြရသည်။ ဤသားရဲဘုရင်များသာ အရိုင်းစိတ်ဝင်သွားလျှင် မြို့ကြီး၌ ကပ်ဆိုးကျသွားလိမ့်မည်။
အားလုံးမှာ ဤသားရဲဘုရင်များလာလည်သည့် ရည်ရွယ်ချက်ကို သိချင်နေကြသည်။
ရွှမ်းထျန်မြို့ကို ကျွမ်းကျင်သူတွေ လွှတ်ဖို့အတွက်က နောက်ကျလွန်းသွားပြီလား..
“အမြင်ရှစ်မျိုးကျောင်း၊ ကျောက်စိမ်းဂူကျောင်းနဲ့ ဂျိဒ်ကျောင်းက ကျွမ်းကျင်သူတွေ အချိန်မှီပြန်ရောက်လာဖို့ မျှော်လင့်တယ် .. မဟုတ်ရင် အကျိုးဆက်တွေက တွေးကြည့်လို့မရနိုင်လောက်အောင် ဖြစ်သွားမှာ…” လူအချို့ တီးတိုးဆွေးနွေးနေကြသည်။
အင်တာနက်နှင့် အပြင်လောကနှစ်ခုလုံးတွင် တင်းကြပ်သည့်လေထုဖိအား ကျရောက်နေသည်ပင်။
လူထုမှာ ပုံမှန်မဟုတ်စွာပင် တိတ်ဆိတ်နေကြပြီး ဖြစ်လာမည့်အရာများကို တိတ်တဆိတ်ပင် စောင့်ဆိုင်းနေကြသည်။
“မင်းတို့အားလုံး အစိုးရိမ်လွန်နေတယ်လို့ ထင်တာပဲ .. ရွှမ်းထျန်မြို့ရဲ့ ခုခံမှုတွေက တိုင်းပြည်မှာ ထိပ်တန်းမဟုတ်ရင်တောင်မှ ထိပ်တန်းနဲ့သိပ်မကွာဘူး .. ပြီးတော့ သားရဲဘုရင်တွေက အကြီးကြီးတွေ .. သူတို့လာရင် အဝေးကနေတောင် သူတို့ကို သိနိုင်မှာပဲ .. သူတို့တွေ သဘောတူညီမှုမရပဲ မြို့ထဲဝင်နိုင်မှာမဟုတ်ဘူး”
တစ်စုံတစ်ယောက်မှ အခြေအနေကို သုံးသပ်ပြလိုက်ပြီး ဤကိစ္စမှာ သိပ်အရေးမကြီးဟု ယုံကြည်နေလေသည်။
သို့သော် နောက်ထပ်ထွက်လာသည့်သတင်းမှာ လူများကို စိုးရိမ်စိတ် ပိုတိုးသွားစေခဲ့သည်။
“ဘုရားရေ .. လန့်စရာကောင်းတဲ့သတင်းကြီ .. သားရဲဘုရင်တွေက လူသားပုံစံ ပြောင်းပြီးတော့ မြို့ထဲကို လျှောက်လာကြပြီ..”
ဤသတင်းမှာ အားလုံးကို ကြောက်ရွံ့သွားစေခဲ့သည်။
ဤသတင်းသာ အမှန်ဆိုလျှင် လူသားအတွက် အလွန်ဆိုးရွားလှသည်ပင်။ သားရဲဘုရင်များ လူသားပုံစံ ပြောင်းနိုင်လျှင် သူတို့သည် လူ့အဖွဲ့အစည်း၌ လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားနိုင်တော့မည်ပင်။
သူတို့သာ တိုက်ခိုက်လျှင် မည်သူက သူတို့ကို တားဆီးနိုင်တော့မည်နည်း..
“အဲဒီလောက် ဆိုးရွားမယ်လို့ ငါမထင်ဘူး .. ဘာပဲဖြစ်ဖြစ် ရှုတောင်က နတ်ကြိုးကြာက ငါတို့လူသားတွေနဲ့ တော်တော်လေး ရင်းနှီးတယ်လေ .. ပြီးတော့ လူဝံအိုကြီးလည်း အဲဒီလောက် မဆိုးပါဘူး”
အချို့လူများ သူတို့အမြင်ကို ပြောလာကြသော်လည်း ယုံကြည်ချက်ရှိရှိတော့ မပြောရဲကြ။
နှစ်ရက်ကြာပြီးနောက် အဆင့်လွန်ကျွမ်းကျင်သူများအားလုံး ရွှမ်းထျန်မှ ထွက်သွားကြသည်။
ထိုအချိန်မှသာ လူအုပ်ကြီးမှာ သက်မချနိုင်တော့သည်။
လူဝံအိုကြီး၊ ရွှေဂဠုန်နှင့် နတ်ကြိုးကြာတို့သည် သူတို့အတွက်သာမက သူတို့အုပ်စုအတွင်းရှိသားရဲများအတွက်လည်း ပြောသွားခဲ့သည်ပင်။ သူတို့သည် လူသားမျိုးနွယ်စုနှင့် အချိန်အတော်ကြာဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် သဘောတူညီမှု ရရှိခဲ့သည်။
“အခုကစပြီး လူသားမျိုးနွယ်စုနဲ့ သားရဲမျိုးနွယ်စုက အေးအေးချမ်းချမ်း ပူးတွဲနေထိုင်ကြမယ် .. တိုက်ခိုက်မှုတွေ ထပ်ရှိမှာမဟုတ်တော့ဘူး..”
ဤပေါက်ကြားလာသည့်သတင်းမှာ လူထုကို အတော်လေး ရိုက်ခတ်သွားခဲ့သည်။
သို့သော် ထိုငြိမ်းချမ်းစွာ ပူးတွဲနေထိုင်သည်ဆိုသည်မှာ ဤအဆင့်လွန်ကျွမ်းကျင်သူများ အုပ်ချုပ်သည့် နာမည်တောင်များအတွက်သာ။ အခြားနေရာများကိုတော့ သူတို့ အာမမခံ။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ ပျော်ရွှင်စရာကောင်းသည့် သတင်းတစ်ခုပင်။
ဤရက်ပိုင်းတွင် ချူဖုန်း ကျောက်စိမ်းဂူကျောင်း၌သာ ပုန်းအောင်းနေပြီး အပြင်မထွက်။
သူ့ကိုလူများဝိုင်းအုံလာမည်ကို မလိုချင်။ ဂျာနယ်လစ်သမားများ ရေးစရာရသွားမည်ကိုလည်း သူ ကြောက်သည်။ ထို့ကြောင့် ကျောင်းထဲ၌ ပုန်းခိုပြီး သူ့လက်သီးပညာကို လေ့ကျင့်ရုံသာ တတ်နိုင်တော့သည်။
မီးခိုးပြာဝံပုလွေကို သတ်ပြီးနောက် လုထုန်သည် သူ့ကို ရှင်းယီလက်သီးပညာ၏ နောက်ထပ်တစ်ပိုင်းကို ယူပေးခဲ့သည်ပင်။ စာအုပ်မှာ အတော်လေး ရှေးကျနေပြီး စာရွက်များလည်း အဝါရောင်ပင်ပြောင်းနေပြီဖြစ်သည်။
ထိုစာအုပ်ထူကြီးထဲမှ ပုံစံများမှာ ချူဖုန်းကို အတော်လေး ဆွဲဆောင်သွားသည်။ ဤစာအုပ်ထဲတွင် ကျား၊ နဂါးနှင့် လူဝံပုံစံများရှိနေသည်ပင်။
သူ ကျားနှင့်နဂါးပုံစံများကို ကျွမ်းကျင်အောင် အရင်လေ့ကျင်မည်ဟု ဆုံးဖြတ်လိုက်သည်။ သူ တုန်းထင်ထံမှ ထွက်ပြေးရစဉ်က ဤလူသည် ကျားနှင့် နဂါးပုံစံပေါင်းသည့် တိုက်ကွက်များဖြင့် သူ့အား တိုက်ခိုက်ခဲ့ခြင်းပင်။
ရှင်းယီလက်သီးချက်များမှာ ရှေးဟောင်းသိုင်းပညာ၏ အဆီအနှစ်ဖြစ်ထိုက်သည်။ လူကြီးများပင်လျှင် ဤသိုင်းပညာကို သူတို့တစ်ဘဝလုံး လိုက်စားရပြီး ပုံစံတစ်မျိုးအား ကျွမ်းကျင်ပင်လျှင် တစ်ဘဝလုံးစာအတွက် လုံလောက်ပြီဖြစ်သည်။
“ဂါး..”
ချူဖုန်းကျားဟိန်းသံ ထုတ်လွှတ်လိုက်သည့်အချိန်တွင် လုထုန် မျက်လုံးများ ပြူးကျယ်သွားရကာ ဤကောင်၏စွမ်းရည်ကို စိတ်ထဲ ကျိန်ဆဲလိုက်သည်။ ဤကောင်သည် ရက်အနည်းငယ်အတွင်း ဤပညာကို တတ်မြောက်သွားလေပြီ။
သုံးရက်ကြာပြီးနောက် ကျောက်စိမ်းဂူကျောင်း၏ လေ့ကျင့်ရေးကွင်းထဲတွင် ချူဖုန်း အော်ဟစ်လိုက်သည်။ သူ့ဘယ်လက်မှ နဂါးပုံ ပေါ်လာပြီး ညာလက်မှ ကျားပုံပေါ်လာသည်။ သူ ထိုအကောင်များဖြင့် ရိုက်လိုက်သည်နှင့် အသံအတားအဆီး ပျက်စီးသွားပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့်အသံ ထွက်ပေါ်လာသည်။
ဝုန်း..
နဂါးနှင့်ကျားပုံသည် စက္ကန့်ပိုင်းသာ ကြာလိုက်သော်လည်း အလွန်ထိတ်လန့်စရာကောင်းလှသည်။
ဖုန်း..
သူ့ရှေ့ရှိ စတီးနံရံကြီးမှာ သူ့လက်သီးချက်ကြောင့် ချိုင့်ဝင်သွားလေသည်။
သိထားရမည်မှာ ဤနံရံသည် နှစ်ပေထူပြီး အကြိမ်ပေါင်းတစ်ရာ သန့်စင်ထားသည့် စတီးဖြင့် ပြုလုပ်ထားခြင်းပင်။ ကျားနှင့်နဂါးပေါင်းစည်းထားသည့် လက်သီးချက်တွင်တော့ ဤနံရံကြီးသည် စက္ကူတစ်ရွက်ကဲ့သို့ စုတ်ပြတ်သွားသည်။
“ဟေ့ကောင် .. မင်းက တော်တော်လေး ပြဿနာရှာတာပဲ .. မင်းက လေ့ကျင့်ရေးအခန်းကို ဖျက်ဆီးပစ်ချင်နေတာလား..” လုထုန်စိတ်ထဲ ထိတ်လန့်သွားရသည်။ ဒီကောင်က ရက်နည်းနည်းလောက် လေ့ကျင့်တာနဲ့ ဒီအဆင့်ထိတောင် ရောက်သွားတာလား..
သူ အနီးကပ်လျှောက်လာကာ စတီးနံရံပေါ်မှ အက်ကွဲရာများကို သေချာကြည့်လိုက်သည်။ “မင်းက ရှင်းယီလက်သီးချက်ရဲ့ လျှို့ဝှက်ချက်ကို နားလည်သွားတာလား..”
“ဟုတ်တယ်..” ချူဖုန်း ခေါင်းညိမ့်လိုက်သည်။ နွားနတ်ဆိုးလက်သီးပညာကို ကျွမ်းကျင်ထားသောကြောင့် အခြားလက်သီးပညာများကို သူ လွယ်လွယ်ကူကူပင် နားလည်နိုင်သည်။
ကျားနှင့်နဂါးပုံစံကို အသုံးပြုနေစဉ် သူ ခရုပတ်ပုံအားကို ထုတ်လွှတ်နိုင်သည်။
ဤခရုပတ်ပုံအားမှာ အလွန်ထူးခြားပြီး မာကျောသည့်စတီးကိုပင် အလွယ်တကူ ထိုးဖောက်သွားနိုင်သည်။
“သိုင်းဆရာကြီးတွေ ဒီလျှို့ဝှက်ချက်ကို သူတို့ဘဝလုံး လေ့လာနေတဲ့အချိန်မှာ မင်းက သုံး၊လေးရက်အတွင်း နားလည်သွားတာလား..” လုထုန် သက်ပြင်းချလိုက်သည်။
ခရုပတ်ပုံအားမှာ ရှင်းယီလက်သီးချက်များတွင် လက်ဆင့်ကမ်းပေး၍မရသော လျှို့ဝှက်ချက်ပင်။
ချူဖုန်းလည်း အတော်လေး ပျော်ရွှင်နေသည်။ ဤရှေးဟောင်းသိုင်းပညာကို လေ့လာခြင်းမှာ သူ့အတွက် အလွန်အကျိုးကျေးဇူးများသည်ဟု သူ ခံစားလိုက်ရသည်။
“မင်းအတွက်..” လုထုန် စက်ဝိုင်းပုံပစ္စည်းတစ်ခုကို လက်ဆင့်ကမ်းပေးလိုက်သည်။
ချူဖုန်း နားမလည်။ သူက ဒီလက်ကောက်နဲ့ ဘာလုပ်ရမှာလဲ..
“ဒါက အရင်တစ်ခေါက်တုန်းက မင်းယူလာခဲ့တဲ့ သတ္တုကနေ လုပ်ထားတာ .. ဒီသတ္တုက ငွေနဲ့တူပေမယ့် သူ့ရဲ့သိပ်သည်းဆက စိန်ထက်တောင် အဆပေါင်းများစွာ သိပ်သည်းတယ် .. သူ့ရဲ့ အရည်ပျော်မှတ်ကလည်း အရမ်းမြင့်တယ်..”
ဤသည်မှာ ချူဖုန်း၏လုပ်အားကို အသိအမှတ်ပြုသည့် ပစ္စည်းလေးတစ်ခုသာ။ သုတေသနခန်းထဲ၌ အပိုင်းအကြီးကြီး ရှိသေးသည်။
“အမြင်ရှစ်မျိုးကျောင်းက လက်မှုပညာသည်တွေကို စိန်ချာကရမ်လုပ်ပေးဖို့ တောင်းဆိုထားတာ” လုထုန်ပြောလိုက်သည်။
“ဘာ..” ချူဖုန်း ထိတ်လန့်သွားရသည်။ ဒဏ္ဍာရီအရဆိုလျှင် အမြင်ရှစ်မျိုးကျောင်းမှ ထိုက်ရှန်းလောင်ကျွင်းသာ ဤကဲ့သို့သော နတ်လက်နက်မျိုး ပိုင်ဆိုင်ထားသည်ပင်။
အစိုးရက တည်ထောင်ထားတဲ့ အမြင်ရှစ်မျိုးကျောင်းမှာ တကယ်ပဲ ဒီလိုပညာတွေ ပိုင်ဆိုင်ထားတာလား..
လုထုန်သည် အားရပါးရ ရယ်မောလိုက်ကာ “မင်း အတွေးလွန်နေပါပြီ .. ဒါက မင်းကို ကာကွယ်ပေးမယ့်လက်ကောက် .. အရေးကြီးတဲ့အချိန်မှာ မင်းကို ချွန်ထက်တဲ့လက်နက်တွေကနေ ကာကွယ်ပေးလိမ့်မယ်”
ချူဖုန်း ထိုလက်ကောက်ကို စိုက်ကြည့်နေသော်လည်း ပျော်ရွှင်စွာဖြင့်ပင် ထိုလက်ကောက်ကိုယူလိုက်ပြီး သူ့လက်ကောက်ဝတ်၌ ချက်ချင်းဝတ်လိုက်သည်။
“မင်း ဒီလက်ကောက်ကို စမ်းစရာမလိုဘူး .. ဒီသတ္တုထက် ပိုပြီးသိပ်သည်းတဲ့သတ္တုမရှိလောက်တော့ဘူး .. အဲဒါအပြင် ငါတို့တွေက နောက်ဆုံးပေါ် အမြင့်ဆုံးနည်းပညာတွေကို သုံးထားတာ .. ဒီပုံစံရလာဖို့ကို ငါတို့ အကြိမ်ပေါင်းတစ်ထောင်ကျော် ပုံသွင်းခဲ့ရတာ … ဒါက လက်နက်တွေထဲက ရတနာလို့ ပြောလို့ရတယ်” လုထုန် လေးနက်စွာ ပြောလိုက်သည်။
ချူဖုန်း ရယ်မောလိုက်သည်။
နောက်နေ့များတွင် သူ့အိမ်သို့ ၃၊ ၄ ခေါက် ပြန်သည်မှလွဲ၍ ကျောက်စိမ်းဂူကျောင်း၌သာ တစ်ချိန်လုံး လေ့ကျင့်နေခဲ့သည်။ ရှင်းယီလက်သီး၏ ကျားနှင့် နဂါးပုံစံကို သူအတော်လေး နားလည်နေပြီဖြစ်သည်။
ဤအချိန်အတောအတွင်း ယဲ့ချင်းရုန်၊ ချန်လော့ယန်နှင့် အကြားအမြင်နှစ်ယောက်လည်း သူနှင့်အတူ လာလေ့ကျင့်ခဲ့ကြသည်။ ခရုပတ်အားဖြင့် စတီးနံရံအား ထိုးနှက်လိုက်သည့်အချိန်တွင် သူတို့ ပြောစရာစကားပင် မရှိတော့။
“ဘော့စ် .. ဘော့စ်က လူသားရော ဟုတ်ရဲ့လား.. ဒီလိုပုံစံမျိုးနဲ့ဆိုရင် ဘော့စ် သားရဲဘုရင်အစစ်နဲ့တောင် တိုက်နိုင်တော့မှာ” ယုယန်ချင်း ပြောလိုက်သည်။
သူတို့လည်း တိုးတက်လာခဲ့ပြီး ကျောက်စိမ်းဂူကျောင်းသည် သူတို့ကတိအတိုင်း သူတို့ကို အသက်ရှူစည်းချက်ပါသည့် ရှေးဟောင်းပညာများကို ပေးခဲ့သည်ပင်။ ဤပညာမှာ သူတို့ခွန်အားကို အတော်လေး တိုးတက်စေခဲ့သည်။
ထိုနေ့တွင် လူအိုကြီး ချူဖုန်းကို နောက်တစ်ခေါက် လာရှာပြီး “မလေ့ကျင့်နဲ့တော့ .. နင် သိုင်းသမားရူးဖြစ်တော့မယ်..”
“ကျွန်တော်က လူထုအမြင်ကနေ ပုန်းနေချင်ရုံလေးပါ” ချူဖုန်း ရေရွတ်လိုက်သည်။ သူလည်း ဤကဲ့သို့ ပုန်းလျှိုးကွယ်လျှိုး မနေချင်။
“မင်းအတွက် သတင်းကောင်းရှိတယ် .. မင်း ပုန်းနေစရာမလိုတော့ဘူး .. အခုတလော မင်းသတင်းထက် ပိုပြီး လူထုအာရုံကို ဆွဲဆောင်နိုင်တဲ့သတင်း ရှိနေတယ်” လုထုန် ပြောလာသည်။
“ဘာတွေ ဖြစ်နေတာလဲ..” ချူဖုန်း အံ့အားသင့်သွားရ၏။
အခြားအဖွဲ့ဝင်များလည်း သူ့နားသို့ ရောက်လာကြပြီဖြစ်သည်။
“ဘော့စ် .. ဘော့စ်က အပြင်လောကကို နားမထောင်ပဲနဲ့ ကိုယ်ခံပညာပဲ လေ့ကျင့်နေတယ် .. အပြင်မှာ ကောင်းကင်ကြီး ပြောင်းပြန်လှန်နေပြီ” တိဟွိုင်ကျင်း အရင်ပြောလိုက်သည်။
“သားရဲမျိုးနွယ်စုတစ်ချို့ ရွှမ်းထျန်မြို့ကို ဝင်လာကြပြီ..” ယုယန်ချင်း ပြောလိုက်သည်။
သားရဲဘုရင်အချို့ လွန်ခဲ့သည့်ရက်အနည်းငယ်က ရွှမ်းထျန်မြို့သို့ လာသည့်သတင်းကို သူသိပြီးသားပင်။
“သားရဲဘုရင်တွေရဲ့ အမွေဆက်ခံသူအားလုံးလည်း လူသားပုံစံပြောင်းပြီးတော့ လူတွေကြားမှာ လျှောက်သွားနေနိုင်ပြီ .. ဒါက ကျွန်မတို့အတွက် ကိစ္စအကြီးကြီးပဲ..” ယဲ့ချင်းရုန် ထပ်ပြောလိုက်သည်။
သားရဲမျိုးနွယ်တွေက ပြောင်းလဲနေနိုင်ပြီလား.. ချူဖုန်း အံ့အားသင့်သွားရသည်။ သားရဲဘုရင်တွေတင်မကဘူး သူတို့အမွေဆက်ခံသူတွေတောင် ဒီစွမ်းရည် ရနေပြီလား..
“သူတို့ နောက်ခံက မသေးလောက်ဘူး..” ချူဖုန်း ပြောလိုက်သည်။
“မသေးဘူးဆိုတာထက် အဆပေါင်းများစွာပိုတယ် …ကျွန်တော် လူတစ်ချို့ ပြောပြမယ် .. ငွေရောင်လဝံပုလွေရဲ့ အမွေဆက်ခံသူ၊ မွန်ဂိုလီးယားလွင်ပြင်က ချန်ပီယံတွေက ငွေရောင်ဆံပင်လူငယ်လေးတွေ အဖြစ်နဲ့ ရောက်လာတာ .. သူတို့က တော်တော်လေး နာမည်ကြီးနေကြပြီ”
“ပြိုင်ဘက်ကင်းသားရဲဘုရင် လူဝံအိုကြီးရဲ့ မျိုးဆက်လည်း ရွှမ်းထျန်မှာ ပေါ်လာပြီ” သူ ဆက်ပြောလိုက်သည်။
ချန်လော့ယန်ပင် တိတ်တိတ်လေး မနေနိုင်တော့။ “လူဝံအိုကြီးကိုယ်တိုင် သူ မယှဉ်နိုင်ပါဘူးလို့ ဝန်ခံထားတဲ့ စွမ်းအားကြီးတဲ့သူတစ်ချို့ ရှိသေးတယ် .. အဲဒီထဲကတစ်ယောက်က ဒေါင်းဘုရင်ပဲ .. ပြောကြတာတော့ သူက လူသားမင်းဆက်တွေ ပိုင်ခဲ့တဲ့ ဘုရားမြေပြင်တွေကိုတောင် သိမ်းပိုက်ချင်နေတာတဲ့.. သူ့မျိုးဆက်လည်း ရောက်နေတာ..”
ချူဖုန်း မအံ့ဩပဲ မနေနိုင်တော့။ ဘုရားနယ်မြေများအား လုယူချင်နေသည့် သားရဲဘုရင်ကို သူပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ ဒီဒေါင်းဘုရင်က မီးခိုးပြာဝံပုလွေနဲ့ သိမ်းငှက်ကို ကြိုးဆွဲတဲ့သူများလား..
သို့သော်လည်း ဘုရားမြေပြင်အား သိမ်းယူချင်သည်ဟူသည့် အချက်တစ်ချက်တည်းဖြင့် မလုံလောက်သေး။
“သူတို့တွေက အုတ်အော်သောင်းတင်းဖြစ်အောင် လုပ်နေလို့လား .. မင်းတို့ပြောတဲ့ပုံအတိုင်းဆို သူတို့တွေက လူသားပုံစံ ပြောင်းပြီးသွားတော့ တော်တော်လေး နာမည်ကြီးနေတဲ့ပုံပဲ..” ချူဖုန်း မေးလိုက်သည်။
“ဟုတ်တယ် .. ပုံစံပြောင်းပြီးသွားတော့ ယောက်ျားလေးတွေက ချောမောခန့်ညားပြီးတော့ မိန်းကလေးတွေကလည်း ဆွဲဆောင်မှုရှိတယ် .. နာမည်ကြီးသားရဲဘုရင်တွေရဲ့ မျိုးဆက်တွေဆိုတော့ သူတို့ အာရုံမစိုက်ခံချင်ရင်တောင် မရဘူး .. အရာရှိတွေ၊ နာမည်ကြီးတွေအားလုံး သူတို့နဲ့ ရင်းနှီးချင်နေကြတာ” တိဟွိုင်ကျင်း ပြောလိုက်သည်။
“အဲဒီလောက်တောင်လား..” ချူဖုန်း အံ့အားသင့်သွားရသည်။
ယုယန်ချင်းသည် သက်ပြင်းချလိုက်ကာ “သူတို့နောက်က အင်အားတွေကို မပြောနဲ့ .. သူတို့ကိုယ်တိုင်လည်း အားနည်းနေတာမဟုတ်ဘူး .. ရည်မှန်းချက်ကြီးတဲ့ ဘယ်သူမဆို သူတို့နဲ့ မိတ်ဆွေဖြစ်ချင်မှာပဲ..”
ရက်အနည်းငယ်ခန့် သီးသန့်နေပြီးနောက် သူတို့သယ်လာသည့် အပြင်လောကမှသတင်းများမှာ ချူဖုန်းကို အတော်လေး အံ့အားသင့်သွားစေခဲ့သည်။
“ဒီနေ့ည သားရဲဘုရင်မျိုးဆက်တွေကို ကြိုဆိုတဲ့ ပွဲတစ်ပွဲ ရှိလိမ့်မယ် .. အဲဒီပွဲကို အရေးကြီးတဲ့လူတွေ တော်တော်များများ လာလိမ့်မယ် .. ဘော့စ်သွားမှာလား..” ယုယန်ချင်း မေးလိုက်သည်။
“ငါ မသွားချင်ဘူး..” ချူဖုန်း ခေါင်းခါလိုက်သည်။
“မင်း အဲဒီကိုသွားပြီး သားရဲဘုရင်တွေရဲ့ လက်ရှိမျိုးဆက်တွေနဲ့ ရင်းနှီးအောင်လုပ်သင့်တယ်လို့ ငါအကြံပေးချင်တယ် .. မင်းအတွက် အကျိုးရှိလိမ့်မယ် .. နောင်ကျရင် မင်း သူတို့နဲ့ ရင်ဆိုင်ရင် ရင်ဆိုင်ရနိုင်တယ်” လုထုန် ဖြတ်ပြောလိုက်သည်။
“ဘယ်သူတွေ သွားဦးမှာလဲ..” ချူဖုန်း မေးလိုက်၏။
“နာမည်ကြီးတွေ၊ မမလေးတွေ၊ အာဏာရှိတဲ့အဖွဲ့အစည်းကလူတွေကတော့ သေချာပေါက် သွားကြလိမ့်မယ်”
ထိုလူများထဲတွင် ပရီချင်းသုတေသနအဖွဲ့အစည်း၊ ဘောဓိမျိုးရိုးဗီဇအဖွဲ့၊ ထုန်ဂုကျောင်း၊ နိုင်ငံခြားယဉ်ကျေးမှုကျောင်းမှ လူများလည်း ပါလိမ့်မည်။
ဒီလူတွေရော တက်မှာလား .. ချူဖုန်း အံ့အားသင့်သွားရသည်။
ယဲ့ချင်းရုန် သက်ပြင်းချလိုက်ကာ “မတတ်နိုင်ဘူးလေ .. ဒီသားရဲတွေမှာ အရမ်းအရေးပါတဲ့ နောက်ခံရှိတယ် .. သူတို့နောက်မှာ သားရဲဘုရင်တွေ ရှိနေတာဆိုတော့ နောင်တစ်ချိန်ကျရင် ဒီသားရဲတွေရဲ့ စွမ်းအားတွေကို ‘ငှား’ခွင့် ရရင်ရမှာပေါ့”
“မင်း ပါတီပွဲမှာ မပျော်ရင်လည်း စောစောပြန်လာခဲ့၊ ပျော်ရင်လည်း ကြိုက်သလောက်နေ .. ဘာ မတော်တဆမှုမှ ဖြစ်အောင်မလုပ်နဲ့” လုထုန် သတိပေးလိုက်သည်။
သူ ချူဖုန်းနှင့် အခြားလူများကို သားရဲဘုရင်မျိုးဆက်အချို့နှင့် မိတ်ဆွေဖွဲ့စေချင်သည်။
“ကောင်းပြီလေ..” ချူဖုန်း ခေါင်းညိမ့်လိုက်၏။
ထိုနေ့ ညနေပိုင်းတွင် ချီလင်းတာဝါရှေ့၌ နာမည်ကြီး ယာဉ်မျိုုးစုံ ရောက်ရှိလာပြီး ထိုယာဉ်ထဲမှ ထွက်လာသည့်လူများမှာ နာမည်ကြီးလူများပင်။
ချူဖုန်းတို့လည်း ရောက်လာလေပြီ။ ပွဲအတွက် ယဲ့ချင်းရုန် စီစဉ်ပေးထားသည့် ဝတ်စုံများအား ဝတ်လာခဲ့ကြရသည်ပင်။
အပိုင်း ၁၁၈ ပြီး၏။