Switch Mode

Chapter – 117

ပြောင်းလဲခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၁၇ – ပြောင်းလဲခြင်း

ယခုအချိန်တွင် ရုပ်ရှင်ဝေဖန်ရေးသမားများနှင့် မီဒီယာများ ဆွံ့အနေကြရသည်။ သူတို့သည် ပိုက်ဆံများစွာ ရရှိထားသောကြောင့် အတတ်နိုင်ဆုံး ကြိုးစားကာ နာမည်ကျသွားအောင် လုပ်ခဲ့သော်လည်း ဤရုပ်ရှင်မှာ အောင်မြင်ရန် ကံပါလာပြီးသားပင်။

ဤလူများသည် ပြင်းထန်စွာ ဝေဖန်ခဲ့ကြပြီး မကောင်းသည့်မှတ်ချက်များ ပေးခဲ့ကြကာ လူထုအမြင်ပြောင်းသွားအောင် လုပ်ခဲ့ကြသည်။ သူတို့ စတင်အောင်မြင်လာတော့မည့်အချိန်တွင် အရာအားလုံး ပျက်စီးသွားသည်။

သားရဲဘုရင်အုပ်လိုက်ကြီးမှာ ကြောက်စရာကောင်းသည့်အဖွဲ့ကြီး ဖြစ်သောကြောင့် မည်သူမဆို ကြောက်လန့်သွားကြမည်ပင်။

ဤသည်မှာ ဖျော်ဖြေရေးလောကကို အဆင့် ၁၉ ဟာရီကိန်းမုန်တိုင်း ဝင်တိုက်သွားသကဲ့သို့ပင်။

ရုပ်ရှင်ဝေဖန်ရေးသမားများတော့ မျက်ရည်ကျမတတ် ဖြစ်နေလေပြီ။ သူတို့ကိုယ့်မျက်နှာကိုကိုယ် ဖြတ်ရိုက်လိုက်သလို ခံစားလိုက်ရသည်။ ဤရုပ်ရှင် ဤမျှနာမည်ကြီးလာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြ။

သားရဲဘုရင်များ ရုပ်ရှင်ရုံတစ်ခုလုံးကို ဝယ်ယူလိုက်သည်ဆိုသည်မှာ ယုံကြည်နိုင်ရန် ခက်ခဲသော်လည်း ဤသည်မှာ အမှန်တရားပင်။ ရုပ်ရှင်ရုံမန်နေဂျာသည် သူ့အသက်ကို စွန့်စားပြီး ထိုသားရဲများအား မှတ်တမ်းတင်ထားခဲ့သည်ပင်။

သားရဲများသာ သူ့ကို တစ်ခါ၊ နှစ်ခါခန့်သာကြည့်ခဲ့သည်ပင်။

“ဘုရားရေ .. ဒီလောက်တောင် လွှမ်းမိုးနိုင်စွမ်းရှိတာလား .. မင်းကြားပြီးပြီလား .. သားရဲဘုရင်အုပ်လိုက်ကြီး ရုပ်ရှင်သွားကြည့်ခဲ့ကြတာတဲ့..”

“အံ့ဩဖို့ကောင်းလိုက်တာ .. ရုပ်ရှင်က ဘယ်လောက်တောင်ကောင်းလို့ သားရဲအုပ်လိုက်ကြီး ရုပ်ရှင်ရုံတစ်ခုလုံး ဝယ်ကြည့်ကြတာလဲ .. မဖြစ်သေးဘူး … ငါလည်း လက်မှတ်မှာတော့မယ် .. သားရဲတွေကြည့်ပြီးတဲ့ ရုပ်ရှင်ကို ငါမကြည့်ရသေးဘူးဆိုရင်တော့ မဟုတ်သေးဘူး”

‘ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း’ ရုပ်ရှင်ဒါရိုက်တာမှာ ငိုတော့မတတ် ဖြစ်နေလေပြီ။ ရုပ်ရှင်မင်းသားမင်းသမီးများ အထူးသဖြင့် ယခင်က ဝေဖန်ပြစ်တင်ခဲ့သည့်စူပါစတားများမှာ ကျိန်ဆဲနေကြလေပြီ။

ချူဖုန်းအား တတိယအဆင့်သရုပ်ဆောင်ဟု ပြောခဲ့သည့် သရုပ်ဆောင်မင်းသမီးမှာ ပို၍ပင် ထိတ်လန့်နေလေပြီ။ “သားရဲတစ်စုက ဘာနားလည်နိုင်မှာလဲ .. ဒါက မားကတ်တင်းနည်းတစ်မျိုးပဲ..” သူမ မီဒီယာ၌ ပြောလာသည်။

သူမ မန်နေဂျာမှာတော့ သူမကို သားရဲများအား မစော်ကားရန် ထပ်ခါတလဲလဲ သတိပေးနေပြီး ဖြူဖျော့နေပြီဖြစ်သည်။

နောက်ဆုံးတွင်တော့ သူမသည် သူမ၏မှတ်ချက်များကို ဖျက်သွားပြီး လူမြင်ကွင်း၌ ပေါ်မလာတော့။

ရှုဝမ်ယိမှာ လုံးဝကို စိတ်တိုနေလေပြီ။ သူမ ရင်ထဲ၌ တင်းကြပ်နေကာ မထွေးနိုင် မအန်နိုင် ဖြစ်နေလေသည်။

သူမ ချူဖုန်းကို အမြဲတမ်း သတ်ချင်နေခဲ့သော်လည်း နောက်ဆုံးတော့ သူသည် နာမည်ကြီးသည့်လူတစ်ဦး ဖြစ်သွားလေပြီ။

နောက်တစ်နေ့တွင် လက်မှတ်ရောင်းအားမှာ ပထမနေ့ထက်ပင် ပိုများလာသေးသည်။

တတိယမြောက်နေ့တွင်လည်း ရောင်းအားတက်နေဆဲပင်။ ဤသည်မှာ သာမန်မဟုတ်တော့။ ဘယ်လိုလုပ် ဆက်တက်နေတာလဲ .. တစ်ဖြည်းဖြည်းကျလာသင့်တာလေ..

“ဒီရုပ်ရှင်က ကောင်းကင်ဘုံကို ဆန့်ကျင်နေတာပဲ..” လူများစွာ အံ့အားတကြီး သက်ပြင်းချလိုက်ကြသည်။ ဤရုပ်ရှင်သည် သူ့ပြိုင်ဘက်ကို ရိုက်ချကာ ရုံဝင်ငွေစံချိန်ချိုးသွားပြီဖြစ်သည်။

ရုပ်ရှင်ဝေဖန်သူများလည်း ထူးကဲသောရုပ်ရှင်၊ ဒဏ္ဍာရီလာရုပ်ရှင်၊ အထင်ကရမှတ်တမ်း စသည်ဖြင့် ပြောလာကြသည်။

သို့သော် လူထုမှာ မယုံကြည်တော့။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူတို့ ဤရုပ်ရှင်အရည်အချင်းမပြည့်မီကြောင်း ပြောခဲ့ကြသေးသည်မလား..

ယခု သူတို့ လုံးဝပြောင်းပြန်ဖြစ်သွားကြသော်လည်း နောက်ကျသွားလေပြီ။

ချူဖုန်း မပြောနှင့် ယဲ့ချင်းရုန်နှင့် ချန်လော့ယန်တို့ပင် ညတွင်းချင်း နာမည်ကြီးလာခဲ့သည်။

တိဟွိုင်ကျင်းနှင့် ယုယန်ချင်းတို့ပင် အတော်လေး နာမည်ကြီးနေကြပြီဖြစ်ပြီး လူများသည် သူတို့ကို အကြားအမြင်စွမ်းအားရှင်များဟု ခေါ်လာကြသည်။

ရုပ်ရှင်ထဲတွင် သူတို့စွမ်းရည်များအား ပြသခဲ့ကြသည်ပင်။

ရုပ်ရှင်ကြည့်ရှုသူများလည်း ဤရုပ်ရှင်မှာ တိုက်ပွဲအစစ်၏ ရက်စက်မှုများနှင့် အကြောက်တရားကို ပြသသည့် ရုပ်ရှင်ဖြစ်သည်ဟု ပြောလာကြသည်။

ဤရုပ်ရှင်ကြောင့် တိုင်းဟန်တောင်မှ တိုက်ပွဲ ရက်စက်သည်ကို သိခဲ့ရသလို လူများ၏စိတ်တွင်လည်း တိုက်ခိုက်လိုစိတ်များ တက်ကြွလာခဲ့ကြသည်။

‘ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း’ ရုပ်ရှင်တွင်တော့ နာမည်ကြီး သရုပ်ဆောင်များ ပါသည်မှလွဲလျှင် လူများကို စိတ်အားတက်ကြွအောင် မလုပ်နိုင်။

ရုပ်ရှင်နှစ်ခုကို ယှဉ်လိုက်လျှင် မည်သည့်ရုပ်ရှင်က အတုအယောင်ဆန်နေသည်ကို သိနိုင်သည်ပင်။

နှိုင်းယှဉ်စရာရုပ်ရှင်မရှိလျှင်တော့ ဤရုပ်ရှင်မှာ အတော်လေး ကောင်းမွန်လိမ့်မည်။ သူနှင့်ပုံစံတူသည့် ဇာတ်ကားနှင့် တစ်ချိန်တည်း ရုံတင်ခဲ့သောကြောင့် ယခုတော့ မည်သူက အနိုင်ရရှိမည်ဆိုသည်မှာ သိသာလှသည်။

သူတို့ပြောခဲ့သည့် ပြင်းထန်လှသည့် ဝေဖန်မှုများမှာ ယခု သူတို့ကို ပြန်ထိသွားလေပြီ။

ချူဖုန်းမှာ နွားနတ်ဘုရားဖြစ်ကြောင်း အစောကြီးကတည်းက သိထားသောကြောင့် လင်းနွိုင်မှာ အတော်လေး တည်ငြိမ်နေသည်။

တိုင်းဟန်တောင်၌ မြွေဖြူကြီး တစ်မြို့လုံးကို သတ်ဖြတ်ပစ်မည်ဟု ကြေငြာစဉ်က လင်းနွိုင် သူ ထွက်ပြေးနိုင်ရန် လမ်းကြောင်း စီစဉ်ပေးခဲ့သည်။

ထိုညတွင် ချူဖုန်း လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး လင်းနွိုင်လည်း သူ နွားနတ်ဘုရားဖြစ်ကြောင်း ထိုအချိန်က သိခဲ့ခြင်းပင်။

သို့သော် သူတို့နှစ်ဦးကြားတွင် ထုတ်မပြောသည့်နားလည်မှုရှိပြီး ဤအကြောင်းကို မည်သူမှ မပြောခဲ့။

“ချူဖုန်း ရှင် မုအိမ်တော်ကို သတိထားဦး .. သူတို့ သိသင့်သမျှအကုန်လုံးကို သိပြီးသွားပြီ .. သူတို့ ဒီအတိုင်း ထားထားမှာမဟုတ်ဘူး .. ရှင် သတိထားဦး..” လင်းနွိုင် သတိပေးလိုက်သည်။

ဤရုပ်ရှင် ပြလိုက်သည်နှင့် ချူဖုန်းနှင့် ပတ်သက်သည့်ကောလဟာလများစွာ ထွက်ပေါ်လာခဲ့သည်။ ‘ကျန်းလော့ရှန်းအား ကိုယ်ဝန်စောင့်ရှောက်မှုပေးသည်’ ဟူသော သတင်းမျိုးအပြင် လင်းနွိုင်နှင့်ပတ်သက်သည့် ကောလဟာလများလည်း ထွက်လာသေးသည်။

သို့သော် လင်းနွိုင်ကတော့ ထိုသတင်းအားလုံးကို လျစ်လျူရှုထားခဲ့သည်ပင်။

“ငါသိပါတယ် .. ငါ ဂရုစိုက်လိုက်မယ်” ချူဖုန်း ကတိပေးလိုက်သည်။

“မီးခိုးပြာဝံပုလွေကို ရှင်သတ်လိုက်တာလား..” လင်းနွိုင် တိုက်ရိုက်ပင်မေးလိုက်သည်။

“ဟုတ်တယ်”

“မုအိမ်က ဒါကို မသိလောက်သေးဘူး … သူတို့သိသွားရင် သူတို့ နည်းနည်းတော့ ကြောက်သွားလိမ့်မယ် .. ဒါပေမဲ့ သူတို့တွေ သားရဲလူမျိုးစုတွေကို သွေးထိုးပေးနိုင်တယ် .. ပြီးခဲ့တဲ့တစ်ခေါက်တုန်းက နေရာသုံးခုလုံး သားရဲတွေတိုက်ခိုက်တာကို တစ်ပြိုင်နက်တည်း ခံခဲ့ရတာကို ရှင်လည်းသိပါတယ် .. တစ်ယောက်ယောက်က အဲဒီသားရဲတွေကို အမြောက်စာအနေနဲ့သုံးပြီး အမှောင်ထဲကနေ ကြိုးဆွဲနေနိုင်တယ်” လင်းနွိုင် သူ့ကို အခြေအနေများအား သုံးသပ်ပြလာသည်။

ချူဖုန်း သဘောတူကြောင်း ခေါင်းညိမ့်လိုက်သည်။

ဤရက်များတွင် လင်းအိမ်တော်ဖြစ်စေ မုအိမ်တော်ဖြစ်စေ ဒိမ်ဒီရှိလူအားလုံး မအေးချမ်းနိုင်ကြ။

“ချူဖုန်းက တကယ် နွားနတ်ဘုရားလား…”

လင်းအိမ်တော်မှ လူအချို့ ဤအကြောင်း ဆွေးနွေးနေကြကာ ပြောင်းလဲလာမှုကို သူတို့ မယုံကြည်နိုင်ဖြစ်နေကြသည်။

ယခင်က လင်းနွိုင်နှင့်ပတ်သက်နေသည့်ဤကောင်လေးကို သူတို့ စုံစမ်းခဲ့ကြသေးသည်။ သူ့ဆံပင်ကိုပင် ရအောင်ယူခဲ့ပြီး စစ်ဆေးခဲ့သေးသည်။ ရလဒ်မှာ သူ သန္ဓေပြောင်းလူမဖြစ်နိုင်ဟု အဖြေထွက်ခဲ့သည်ပင်။

“ဒီလူငယ်လေးက စိတ်ဝင်စားစရာကောင်းသားပဲ .. ငါတို့ သူ့ကို အထင်သေးမိသွားပြီ .. သူ့ရဲ့ စွမ်းရည်နဲ့စွမ်းအားနဲ့ဆိုရင် သူ သားရဲဘုရင်အဆင့်ကျွမ်းကျင်သူ ဖြစ်လာနိုင်တယ်”

“ဟမ့် .. သူ့ကို အတင်းဖိနှိပ်ပြီးတော့ လင်းနွိုင်နဲ့ ဝေးဝေးနေခိုင်းခဲ့တာ ဘယ်သူလဲ..”

“ဒါက ပုံမှန်ပဲလေ .. ငါတို့ ဒိမ်ဒီမှာ ငါတို့ဂုဏ်သိက္ခာရှိသေးတယ်လေ .. ငါတို့စံချိန်စံညွှန်းမမှီပဲ ဘယ်သူမှ အနားကပ်လာလို့မရဘူး .. အဓိကက လင်းနွိုင်ပဲ .. ချူဖုန်းက ဘယ်သူလဲဆိုတာ ဒီကောင်မလေး သိပြီးသွားလောက်ပြီ”

မုအိမ်တော်တွင်တော့ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နှက်နေလေသည်။ သူတို့လည်း ဒိမ်ဒီအုပ်စုမှဖြစ်သော်လည်း သဘောထားမတူညီကြ။

“လူတွေသိနေပြီဆိုတော့ ကိစ္စတွေကို သိမ်သိမ်မွေ့မွေ့လေး လုပ်တာ အကောင်းဆုံးပဲ” မုအိမ်တော်မှ လူလတ်ပိုင်းအမျိုးသားတစ်ဦး အေးစက်စွာ ပြောလိုက်သည်။

သူ့ဘေးတွင်တော့ မုအဖေ မုချင်းဟယ် ရှိနေသည်။ “မုထျန်းကို ပြန်ခေါ်လိုက်တော့ .. သူ့ညီလေး အသတ်ခံရတာကို သူက တောတောင်တွေမှာ လှည့်ပတ်သွားပြီး သားရဲတွေကို အမဲလိုက်နေသေးတယ် .. သူ့တာဝန်ကို သူ ယူရတော့မှာ”

မုထျန်းမှာ သူ့အကြီးဆုံးသားပင်။ လွန်ခဲ့သည့် ၂၁ နှစ်၊ သူကလေးအရွယ်ကတည်းက မုထျန်းသည် အပင်လေးတစ်ပင်မှ ထူးဆန်းသည့်အသီးကို စားမိခဲ့ပြီး သန္ဓေပြောင်းလူတစ်ဦး ဖြစ်ခဲ့သည်ပင်။

နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသည့်အချိန်တွင်တော့ သူသည် လိုက်မမှီနိုင်သည့်ကျွမ်းကျင်သူတစ်ဦး ဖြစ်သွားလေပြီ။

ဘောဓိမျိုးရိုးဗီဇအုပ်စု၏ ရုံးချုပ်လည်း ငြိမ်းချမ်းမနေပေ။

ကျန်းအိမ်တော်တွင် သူတို့အကြီးအကဲသည် မသင်္ကာစရာကောင်းသည့်အပြုံးဖြင့် ကျန်းလော့ရှန်းကို လာရှာကာ သူနှင့် နွားနတ်ဆိုးဆက်ဆံရေးကို မေးလာလေသည်။

ကျန်းလော့ရှန်းသည် အစတွင် ချိုသာစွာပြုံးနေသော်လည်း မေးခွန်းကို ကြားလိုက်သည်နှင့် သူမ၏လှပသည့်မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားလေ၏။

“လော့ရှန်း အပြင်က ကောလဟာလတွေက မင်းနဲ့သူ အရမ်းရင်းနှီးတယ်လို့ ပြောကြတယ် .. ဘယ်လိုလဲ..” အကြီးအကဲမေးလိုက်သည်။

တစ်စုံတစ်ယောက်သည် အကြီးအကဲ၏ပုခုံးကိုပုတ်ကာ ထပ်မမေးတော့ဖို့ ပြောလိုက်သည်။ ကျန်းလော့ရှန်း၏ အမူအရာမှာ ပို၍ပင် မည်းမှောင်လာလေပြီ။

အပြင်လောကတွင် ကောလဟာလမျိုးစုံ ပျံ့နှံ့နေပြီး ယခုတလောတွင် သူမနာမည်မှာ ရှာဖွေမှု ထိပ်ဆုံးစာရင်း၌ ရှိနေသောကြောင့် သူမ ပေါက်ကွဲထွက်တော့မတတ် ဒေါသထွက်နေပြီဖြစ်သည်။

“ငါ့ကို ငိုအောင်လုပ်နေတာပဲ .. အသီးတစ်လုံးကိုစားပြီး နွားပုံစံဖြစ်သွားတဲ့လူတစ်ယောက်က လူပုံစံကို ပြန်မပြောင်းနိုင်တော့ဘူး .. လူသားတွေရဲ့ ဖယ်ကျဉ်တာကို ခံရပြီး ဘဝကို တစ်ယောက်တည်း အထီးကျန်ပြီး နေသွားခဲ့ရတယ် .. ဒါပေမဲ့ နောက်ဆုံးကျတော့ သူက လူသားမျိုးနွယ်စုအတွက် သူ့ကိုယ်သူ စတေးပြီးတော့ သားရဲတွေနဲ့ တိုက်ခိုက်ခဲ့ရတယ် .. ဒါက တကယ် ရင်နာဖို့ကောင်းတာပဲ”

“မင်းတို့ မိန်းကလေးတွေက အရမ်း ဝမ်းနည်းတတ်တာပဲ .. ငါတို့ ကြည့်ရမှာက ရဲရင့်မှုတွေ၊ စိတ်ခွန်အားတွေကွ .. နွားနတ်ဘုရားက သနားစရာမကောင်းသလို သူလည်းသူ့ကိုယ်သူ သနားစရာကောင်းတယ်လို့ မမြင်ခဲ့ဘူး .. သူက အမြဲတမ်း အရှေ့ကိုပဲ ကြည့်နေခဲ့တာ..”

“သူ့ရဲ့အချစ်ဦး လင်းနွိုင်နဲ့ သူ့လက်တွဲဖော် ကျန်းလော့ရှန်းတို့နဲ့တွေ့ခဲ့တာတောင် သူ သူတို့ကို မဆက်သွယ်နိုင်တော့ဘူး .. ဒါက ဘယ်လိုလုပ် ဝမ်းမနည်းစရာကောင်းမှာလဲ .. သူက စစ်ပွဲကြီးမှာ တစ်ယောက်တည်း တိုက်ခိုက်ပြီး သေသွားခဲ့ရတာ .. နှစ်ပေါင်းများစွာကြာသွားမှ သူ ဘယ်သူလဲဆိုတာ လူတွေ သိသွားကြတာ .. ဒါက ဘယ်လိုလုပ် ဝမ်းနည်းစရာ မကောင်းရမှာလဲ .. ရှင်က အရမ်းကို‌ သွေးအေးတာပဲ..”

အတွဲတစ်တွဲမှာ ရုပ်ရှင်အကြောင်း ငြင်းခုံနေကြလေသည်။

“သူ တိုက်ပွဲထဲမှာ သေသွားတယ်လို့ ဘယ်သူပြောလဲ .. သူက ပြန်လမ်းမရှိတဲ့လမ်းပေါ် ရောက်သွားရုံပဲ .. မင်းကြည့်ထားလိုက် .. ‘သူတော်စင် ပြန်လည်ထွက်ပေါ်လာခြင်း’ ဆိုပြီး ဇာတ်ကားထွက်လာဦးမှာ”

“ဟူး .. ဇာတ်ကားက ငါ့ကို တကယ်ဆွဲဆောင်သွားတာ .. ချူဖုန်း သရုပ်ဆောင်တာက အစစ်အမှန်ဆန်လွန်းတယ် .. သူက ဇာတ်လမ်းကို အသက်ဝင်အောင် လုပ်သွားတာ”

အမှန်တကယ်တွင် ဤရုပ်ရှင်သည် ပြည်တွင်း၌သာမက ပြည်ပ၌လည်း မှတ်ချက်ကောင်းများ ရရှိခဲ့သည်။

အရှေ့တိုင်းရုပ်ရှင်များ အနောက်တိုင်း၌ နာမည်ကြီးမှာ ရှားပါးလှသော်လည်း ဤရုပ်ရှင်ကတော့ ချွင်းချက်ပင်။ ဤရုပ်ရှင်သည် ပုံစံတူသည် အခြားရုပ်ရှင်အားလုံးကို ဖိနှိပ်နိုင်ခဲ့သည်။

ခွန်းလွန်တောင်မှ သားရဲဘုရင်များ ရုပ်ရှင်ကြည့်ခြင်းမှာ သူတို့အတွက် စိတ်ဝင်စားစရာကောင်းသည့်အချက်ပင်။ ရုပ်ရှင်ကြည့်ပြီးသွားသည့်အချိန်တွင်တော့ သူတို့လည်း ရုပ်ရှင်၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။

အချိန်ကြာလာသည်နှင့်အမျှ ချူဖုန်းသည် နွားနတ်ဘုရားအစစ်ဖြစ်ကြောင်း သက်သေများပေါ်ထွက်လာသည်။

“ချူဖုန်း မင်းယူလာခဲ့တဲ့ သတ္တုက ငွေမဟုတ်ဘူး .. သူ့ရဲ့သိပ်သည်းမှုက အရမ်းမြင့်လွန်းတယ် .. လက်ရှိရှိနေတဲ့ ပစ္စည်းတွေ အားလုံးထက်ကို ကျော်လွန်နေတယ်..”

လုထုန် ချူဖုန်းကို စမ်းသပ်မှုရလဒ်များ ပြောပြလိုက်သည်။ ဤသတ္တုစတွင် အံ့အားသင့်စရာကောင်းလောက်သည့် တန်ဖိုးရှိနေသည်။

ထို့အပြင် လုထုန် ချူဖုန်းကို အခြားသတင်းတစ်ခုကို ပြောပြလာသည်။ “အခုတလော ထူးခြားတဲ့ပြောင်းလဲမှုတွေ အများကြီးဖြစ်နေတာ .. နေရာတော်တော်များများမှာ သစ်ပင်ကြီးတွေ ပေါ်လာနေတယ် .. အာကာသမှာတောင် ပေါ်လာနေကြပြီ … ဒါ့အပြင် ဒီတစ်ခေါက် ဒီအပင်တွေကို ဖျက်ဆီးလို့မရတော့ဘူး .. တကယ်ကို ခေါင်းကိုက်စရာကောင်းတာပဲ..”

….

လုတောင်မှာ နာမည်ကြီးတောင်တစ်တောင်ပင်။

ရှေးခေတ်တုန်းက ‘တောင်သုံးတောင် တောင်ထိပ်ငါးခု’ ဟူသော ဆိုရိုးရှိခဲ့ပြီး လုတောင်သည် ဤတောင်သုံးလုံးထဲမှ တစ်လုံးပင်။

ယခင်က ဤနေရာတွင် သားရဲဘုရင်များကြားမှ ပြင်းထန်သည့်တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း နောက်ဆုံးတွင် သူတို့အားလုံး နောက်ပြန်ဆုတ်ခဲ့ကြသည်။

လုတောင်၏ ရေတံခွန်နံဘေးတွင် အလွန်ကြီးမားလှသည့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ပေါက်နေသည်။ သစ်ပင်မှာ ကောင်းကင်ကိုပင် ထိုးဖောက်သွားပြီး အကိုင်းအခက်များ‌ ဝေဆာလှသည်။

ထိုအပင်ရှေ့၌ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်စု ရှိနေကြသည်။

ထိုထဲတွင် လူဝံအိုကြီး၊ ရွှေရောင်ဂဠုန်ကြီးနှင့် ထာဝရကြိုးကြာနှစ်ကောင်ရှိနေသည်။

“ငါတို့ကို အသီးတစ်ချို့ ပေးဖို့ တာအိုရောင်းရင်းကို တောင်းဆိုပါတယ်”

လူဝံအိုကြီး၊ ရွှေရောင်ဂဠုန်နှင့် ထာဝရကြိုးကြာတို့သည် လေးစားစွာဖြင့် ထိုအပင်ထံမှ အသီးအချို့ကို တောင်းခံနေကြသည်။

“ပေးလိုက်မယ်..”

ဤရှေးဟောင်းသစ်ပင်ကြီး တကယ်စကားပြောလိုက်ခြင်းပင်။ သူ့အကိုင်းများကို လှုပ်ခါလိုက်သည်နှင့် အဝါရောင်အသီးတစ်ချို့ ပြုတ်ကျလာသည်။

“တာအိုရောင်းရင်းကို ကျေးဇူးအများကြီးတင်ပါတယ်..”

ပြိုင်ဘက်ကင်းကျွမ်းကျင်သူများစွာသည် ဤအပင်ကို တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်ပြီး ထွက်သွားကြလေသည်။

ပြန်သည့်လမ်းတွင် သူတို့ အသီးတစ်လုံးကို စားလိုက်ကြသည်။ သူတို့ခန္ဓာကိုယ်မှ တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာပြီးနောက် တောက်ပသည့်အလင်းများ ထွက်ပေါ်လာသည်။ အလင်းပျောက်ကွယ်သွားသည့်အချိန်တွင်တော့ သူတို့ လူသားပုံစံအဖြစ် ပြောင်းလဲသွားလေပြီ။

ပြောင်းလဲခြင်းသစ်သီးမှ သူတို့ကို လူသားပုံစံ ပြောင်းလဲပေးလိုက်သည်။

“ငါတို့ တပည့်တွေလည်း နောက်ဆုံးတော့ ပုံစံပြောင်းနိုင်တော့မယ်” သူတို့ထံတွင် အသီးတစ်ချို့ ကျန်ရှိနေသေးသောကြောင့် သူတို့လူမျိုးစုထံသို့ ယူသွားပြီး သူတို့ကလန်သားများကို ပေးရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူတို့ ကိုယ့်လမ်းကိုယ် ထွက်သွားလိုက်ကြသည်။

သုံးရက်ကြာပြီးနောက် ရွှမ်းထျန်မြို့တွင်..

သားရဲဘုရင်များ မြို့ထဲဝင်လာသည့်သတင်းမှာ တစ်လောကလုံးကို တုန်လှုပ်သွားစေခဲ့သည်။

အပိုင်း ၁၁၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset