ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၁၆ – နယ်မြေတစ်ခုကို ကြီးစိုးခြင်း
ယနေ့နံနက်မိုးသောက်ချိန် မနက်ခင်းအသက်ရှူလေ့ကျင့်ခန်း လုပ်ပြီးသည်နှင့် သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး အားအင်ပြည့်ဝနေသည်ကို သူတွေ့လိုက်ရသည်။
မနက်စာစားပြီးသည်နှင့် အခန်းတံခါးပိတ်လိုက်ပြီး သူ့ကိုယ်သူ အားတင်းကာ ဖုန်းကို ပြန်ဖွင့်လိုက်သည်။
သူ့ဖုန်း ‘ပြန်လည်အသက်ဝင်’ လာသည်နှင့် ဆူညံသံများ မရပ်အနားထွက်ပေါ်လာပြီး သူ ဖုန်းပင် သုံးမရတော့။ ဖုန်းကို အိပ်ရာပေါ် ပစ်တင်လိုက်ကာ အသံတိတ်သွားသည်အထိ စောင့်လိုက်ရတော့သည်။
အဲဒီလောက်တောင် များတာလား.. ချူဖုန်း အနည်းငယ် အပြစ်ရှိသလို ခံစားသွားလိုက်ရသည်။
မိနစ်ပေါင်းများစွာ ကြာသွားပြီမှသာ အသံရပ်သွားသည်။ အသံရပ်သွားသော်လည်း အသိပေးသံများ ရံဖန်ရံခါ ထွက်လာဆဲပင်။
အသံငြိမ်သွားသည်အထိ စောင့်လိုက်ပြီးမှ ဖုန်းကိုပြန်ယူပြီး အသိပေးချက်များနှင့် မကိုင်လိုက်ရသည့်ဖုန်းများကို ကြည့်လိုက်သည်။ သူ့မိတ်ဆွေဟောင်းအားလုံးနီးပါး သူ့ကို ခေါ်ထားကြသည်ပင်။
သူ မသိသည့်နံပါတ်များစွာလည်း ရှိနေသည်ပင်။
မက်ဆေ့များမှာတော့ သူ့ကို တစ်မနက်လုံး အလုပ်ရှုပ်သွားအောင် လုပ်နိုင်သည်အထိ များပြားလှသည်။
ချူဖုန်း သူ့ငယ်သူငယ်ချင်းများမှစ၍ စာပြန်လိုက်သည်။
“အရူးကောင် .. နောက်ဆုံးတော့ မင်း ဆက်သွယ်လာပြီပေါ့ … မင်း ငါတို့ကို လန့်သေအောင် လုပ်ချင်နေတောလား .. မင်းက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဇာတ်ဆောင်မင်းသား ဖြစ်သွားတာလဲ .. တစ်ထောင့်တစ်ညပုံပြင်လိုပဲ ခံစားနေရတာ .. အာ ဟုတ်သားပဲ မင်းနဲ့ ကျန်းလော့ရှန်းက ဘယ်လိုဆက်ဆံရေးမျိုးလဲ .. မင်း မြန်မြန်ပြောလိုက်ရင်ကောင်းမယ် .. ငါ့ရင်ထဲက အတင်းပြောချင်တဲ့မီးတောက်ကို ငါ ထိန်းမရတော့ဘူး..”
ချူဖုန်းမှာ ကူကယ်ရာမဲ့စွာဖြင့်ပင် သူ့ငယ်သူငယ်ချင်း ကျေနပ်သည်အထိ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရတော့သည်။
ထို့နောက် တက္ကသိုလ်မှ စုလင်ရှီးဟုခေါ်သည့် သူငယ်ချင်းကို ခေါ်လိုက်သည်။ သူမသည် အေးစက်သောအလှပိုင်ရှင်ဖြစ်သော်လည်း ယနေ့တော့ သူမ၏ အတင်းပြောသူဖြစ်သွားပြီး ချူဖုန်းကို စစ်မေးလာသည်။ “ချူဖုန်း နင် စင်ဂယ်ဆိုတာ သေချာရဲ့လား .. ဒါ နင့်ပုံစံမှမဟုတ်တာ ..”
ထို့နောက် အထက်တန်းကျောင်းမှ သူငယ်ချင်းများနှင့် အိမ်နီးချင်းများပင် သူ့ကိုခေါ်လာကာ သူ ယခုတလောဘာလုပ်နေလဲကို မေးလာကြသည်။ မေးခွန်းများမှာ သူ့ကို ရူးသွားမတတ် များလှသည်။
စိတ်ရှုပ်စရာအကောင်းဆုံးဖုန်းကောလ်မှာ တက္ကသိုလ်တက်စဉ်က လင်းနွိုင်ကို ပြိုင်လိုက်ခဲ့သည့် သူ့အချစ်ပြိုင်ဘက်ပင်။ ထိုလူသည် ရယ်မောကာ “ချူဖုန်း ငါကြားတာတော့ မင်းမှာ ကလေးရှိတယ်ဆို .. ဟား ဟား .. ဂုဏ်ပြုပါတယ် .. အခုကစပြီးတော့ ငါ နတ်ဘုရားမလင်းကို လွတ်လွတ်လပ်လပ် ဆက်လိုက်လို့ရသွားပြီ..”
“အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ .. ငါ့မျက်စိအောက်က ထွက်သွားစမ်း..” ချူဖုန်း လူရိုက်ချင်စိတ် ပေါက်လာသည်။
…
တစ်မနက်လုံး ချူဖုန်း ဤလူများနှင့်သာ အချိန်ကုန်နေသည်။ ဤလူများမှာ သူနှင့် ရင်းနှီးသည့်သူများသာဖြစ်ပြီး ကျန်းလော့ရှန်းနှင့် လင်းနွိုင်ကဲ့သို့ ‘သေစေနိုင်လောက်သည့်’လူများ မပါသေး။
“ဒီလူအိုကြီးက ဘာလာရှုပ်တာလဲ..” လုထုန်စာကို တွေ့လိုက်ရသည့်အချိန် ချူဖုန်း ကျိန်ဆဲလိုက်သည်။
“လူအိုကြီး .. ကျုပ်တို့က တစ်ခန်းပဲ ခြားတာလေ .. ခင်ဗျားက ဘာလို့ ဖုန်းလာခေါ်နေတာလဲ..”
လုထုန်သည် အူလှိုက်သည်းလှိုက် ရယ်မောလိုက်ကာ “ငါ့အတွက် ပိုစတာ ၁၀၀ ကို လက်မှတ်ထိုးပေး .. ငါ့မြေးလေးက သူ့သူငယ်ချင်းတွေကို လက်ဆောင်ပေးချင်နေတာ .. မင်း ငြင်းလို့မရဘူး..”
ချူဖုန်း ဖုန်းချပစ်လိုက်သည်။ ဤလူကြီးမှာ တမင်သက်သက်လုပ်နေခြင်းပင်။
ချူဖုန်း ဤလူများကို ကိုင်တွယ်ကာ ခေါင်းကိုက်နေရသကဲ့သို့ အခြားသူများလည်း စိတ်ဖိစီးနေကြရသည်ပင်။ သူတို့သည် တစ်ညလုံး အိပ်မရပဲ ပန်ဒါမျက်လုံးများဖြင့် နိုးလာကြသည်။
မိုးကြိုး ထမင်းစားစားပွဲသုံးလုံး ဖျက်ဆီးပြီးသွားပြီဖြစ်ပြီး သူ့ပါးစပ်နှင့် နှာခေါင်းမှ အငွေ့များ ထွက်နေသည်။ ဇာတ်ကားထဲ၌ သူ သူရဲကောင်းနေရာမှ ပါခဲ့ရသော်လည်း သူ့အတွက် ရှက်စရာကောင်းလှသည်။
အရှက်မရှိသည့် ဒါရိုက်တာသည် သူ၏ နတ်ဘုရားကဲ့သို့သော ရိုက်ကူးရေးစွမ်းရည်ဖြင့် သူ တောဝက်အား ကိုင်တွယ်နေသည့်အချိန်ကွက်တိကို ရိုက်ကူးထားသည်။ “တစ်ယောက်ယောက်က ဝက်ကို အနိုင်ကျင့်နေတယ်..” ဟုလည်း ကြက်တူရွေးတစ်ကောင်မှ အော်ဟစ်နေသေးသည်။
ထိုအပိုင်းပြီးနောက် .. ဘာမှမရှိတော့။
ထိုနေရာရောက်ပြီးနောက် မြင်ကွင်းမှာ အခြားနေရာသို့ ရွေ့သွားပြီး ဝက်ခေါင်းဖြတ်သတ်နေသကဲ့သို့သော အသံများသာ ထွက်လာတော့သည်။
မမြင်ရပဲ အသံသာ ကြားနေရသောကြောင့် ကြည့်ရှုသူများမှာ ကိုယ့်စိတ်ကြိုက် တွေးနိုင်သည်ပင်။ ကြက်တူရွေးအော်သံမှာ မီးထဲ လောင်စာထပ်ထည့်နေသည်။။
ယခုအချိန်တွင်တော့ မကြာခဏရှာဖွေကြသည့် စကားလုံးမှာ ‘မိုးကြိုး- ဝက်စီးနင်းသူ’ မှ ‘မိုးကြိုး – ဝက်ကိုအနိုင်ကျင့်သူ’ သို့ ပြောင်းလဲသွားပြီဖြစ်သည်။
မိုးကြိုးမှာ ပေါက်ကွဲထွက်တော့မတတ် ဒေါသထွက်နေပြီဖြစ်သည်။ သူသည် ရွှမ်းထျန်းသို့သွားပြီး ကျိုးရိထျန်းနှင့် ‘ဆွေးနွေး’ နိုင်ရန် အတွက် လေယာဉ်တစ်စင်း စီစဉ်ထားပြီဖြစ်သည်။
ငွေတောင်ပံလည်း ထို့အတူပင်။ သူ့ဇာတ်ကွက်မှာ အတော်လေး မိမိုက်လှသည်။ သူ့အတောင်ပံဖြတ်သွားသည့်နေရာတိုင်း မည်သည့်ပြိုင်ဘက်မှ မယှဉ်နိုင်ခဲ့။ သို့သော်လည်း သူ စိတ်ဓာတ်ကျနေမိသည်။
အဘယ်ကြောင့်ဆိုသော် ထိုအခန်းများမှာ နောက်ပိုင်းဖြစ်လာမည့် ဇာတ်ကွက်ကို ပံ့ပိုးပေးရုံသာ။ နောက်ပိုင်းတွင် သူသည် မြှားပစ်လေ့ကျင့်ခန်းအတွက် အသက်ရှင်နေသည့် ပစ်မှတ်တစ်ခု ဖြစ်လာသည်ပင်။ ဤသည်မှာ ဆိုးရွားလွန်းလှသည်။
အင်တာနက်ပေါ်မှ လူများမှာ သူ့ကို ‘ဝမ်းနည်းမှုဧကရာဇ်’ ဟု နာမည်ပေးလာကြသည်ပင်။
သူသည် အစကတည်းက နာမည်ကြီးပြီးသားပင်။ ဤဇာတ်ကားထွက်လာသည်နှင့် သူ၏ ‘ဝမ်းနည်းမှုဧကရာဇ်’ ဟူသည့်စကားလုံးမှ ‘မိုးကြိုး ဝက်ကို အနိုင်ကျင့်တယ်’ ဟူသည့်စကားလုံးနှင့် အပြိုင်လိုက်လာသည်ပင်။
လင်းရဲယုအိမ်တော်မှ ရှုဝမ်ယီလည်း ဒေါသထွက်နေသည်။ သူ မမြင်ချင်ဆုံးလူသည် သူမပြိုင်ဘက်ရုပ်ရှင်ထဲ၌ ပေါ်လာပြီး ထိုရုပ်ရှင်လည်း အတော်လေး အောင်မြင်သွားသည်။
သူမ ဤရုပ်ရှင်ကို အသုံးချပြီး နာမည်ကြီးကြယ်ပွင့်အဖြစ် ပြန်လည်ထွက်လာချင်သော်လည်း သူမပြိုင်ဘက်က သူမထက် နာမည်ကြီးသွားသည်။
စိတ်ကူးသမျှ လွဲခဲ့ရသော်ကြောင့် သူမ မျက်နှာမှာ တရုတ်ကြွေထည်ပစ္စည်းများကဲ့သို့ ကြေမွအက်ကွဲနေလေပြီ။
ထို့အတူ မူအိမ်တော်ထဲတွင်လည်း လူအချို့၏မျက်နှာထက်၌ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထင်ဟပ်နေသည်။ သူတို့ ရွှမ်းထျန်မြို့သို့သွားပြီး ထိုဒါရိုက်တာကို သတ်ပစ်ချင်သည်မှလွဲ၍ ဘာမှမလုပ်ချင်တော့။
“ရှုဝမ်ယိက ငါတို့ကို ချူဖုန်းက နွားနတ်ဘုရားလို့ ပြောခဲ့တာ … သူ မလိမ်ဘူးပဲ .. အခု သူမှန်းပိုသေချာသွားပြီ .. ငါတို့ သူ့ကို သတ်ပစ်ရမယ်..”
“ဒီဇာတ်ကားက အတိုင်းအတာတစ်ခုထိတော့ အကျိုးသက်ရောက်မှုရှိပေမယ့် ငါတို့ မုအိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားတာ မရှိဘူး .. ဒါပေမဲ့ ကောင်းတာလည်း ဘာမှမရှိဘူး .. နွားနတ်ဘုရား မုကို သတ်လိုက်တဲ့အခန်းကို ငါ ဒေါသထွက်လွန်းလို့ သေတော့မယ်..” မုအဖေဖြစ်သည့် မုချင်းဟယ် ပြောလိုက်သည်။
သူသည် လက်များတုန်လာသည်အထိ လူသတ်ချင်လာမိသည်။
“ဒါက အစိုးရက အဓိကအဖွဲ့အစည်းတွေကို သတိပေးလိုက်တာပဲ .. မဟုတ်ရင် ဒီဇာတ်ကား အကဲဖြတ်တဲ့အဖွဲ့ကို ဖြတ်ကျော်နိုင်စရာအကြောင်းမရှိဘူး”
…
ချူဖုန်းမှာ လတ်တလောသတင်းများကို ဖတ်ပြီး လက်ချောင်းများပင် တုန်နေသည်။ သူ့စိတ်စွမ်းအားမြင့်သော်လည်း ဖြစ်နေသည့်ကိစ္စများကို သူ မကိုင်တွယ်နိုင်သေး။
လူများ ဆွေးနွေးနေကြသည့် ခေါင်းစဉ်မှာ “ချူဖုန်း၏တက္ကသိုလ်အချစ်ဇာတ်လမ်..”
ဤသည်ကို တွေ့သည်နှင့် ချူဖုန်း ခေါင်းမူးနောက်သွားရပြီး ထိုသတင်းသမားကို ရိုက်ပစ်လိုက်ချင်မိသည်။
သတင်းစာသားများကို ကြည့်ခြင်းဖြင့် ထိုသတင်းသမားထံတွင် ထူးခြားသည့်စွမ်းရည်များ ပိုင်ဆိုင်ထားကြောင်း သိနိုင်သည်။ သူသည် ချူဖုန်းနှင့် လင်းနွိုင်အကြောင်းကို အသေးစိတ်အထိ တူးဖော်ထားပြီး နောက်ဆုံးတွင် မိဘများကြောင့် အချစ်ငှက်နှစ်ကောင် ကွဲကွာသွားခဲ့ရကြောင်း ဝမ်းနည်းစွာ ရေးထားသေးသည်။
ဤဆောင်းပါးမှာ ကျိုးကြောင်းဆီလျော်သည်ဟု ပြော၍ရသေးသည်။ ချဲ့ကားထားသည်များ ရှိသော်လည်း ဖြစ်ရပ်မှန်အပေါ် အခြေခံထားသည်ပင်။
ထိုသတင်းပြီးနောက် ထပ်ထွက်လာသည့်သတင်းမှာ ချူဖုန်းကို လူသတ်ချင်စိတ်ပင် ပေါက်သွားစေသည်။ “နွားနတ်ဘုရား၏ တရားမဝင်ကလေး”
“ကျန်းလော့ရှန်းနှင့် ချူဖုန်းကြားမှ နှစ်ညနှင့်သုံးရက်တာ’ ကဲ့သို့သော သတင်းများလည်း ရှိသေးသည်။
မြောက်များလှစွာသော သတင်းများမှာ ချူဖုန်းကို ကြောက်လန့်သွားစေသည်အထိပင်။ ဤဖျော်ဖြေရေးလောကမှ သတင်းသမားများမှာ ကိုယ့်ကျင့်သိက္ခာနည်းနည်းလေးမှ မရှိကြ။
ယခုအချိန်တွင်တော့ သူ မိုးကြိုးနှင့် ကျန်းလော့ရှန်းတို့ကို ရယ်ချင်စိတ်မရှိတော့။ သူ့နာမည်လည်း သူတို့နှင့်အတူ ထိပ်တန်း၌ ပြေးနေသည်ပင်။
ဤသတင်းများမှာ တစ်စိတ်တစ်ပိုင်းသာ ရှိသေးသည်။
“နွားနတ်ဘုရားမှာ ချူဖုန်းမှလွဲ၍ မဖြစ်နိုင်” ဟူသော ဆောင်းပါးမျိုးလည်း ရှိသေးသည်။
ထိုသတင်းတွင် ရှုထောင့်ပေါင်းစုံမှ ကောက်ချက်များ ပါဝင်နေသည်။
ဤသတင်းတွေ့သည်နှင့် တစ်လောကလုံး ထိတ်လန့်သွားကြရသည်။
သတင်းများမှာ များလွန်းသောကြောင့် သတင်းဖတ်နေသည့် ချူဖုန်းမျက်နှာပင် ထုံနေလေပြီ။
သူ ငေးမောနေချိန် ဖုန်းသံမြည်လာသည်။ ချူဖုန်း ဖုန်းခေါ်သည့်သူကိုပင်မကြည့်ပဲ ဖုန်းကိုင်လိုက်သည်။
“ချူဖုန်း .. နွားနတ်ဘုရား .. မကောင်းတဲ့ကောင်..”
ကျန်းလော့ရှန်းမှာ အလွန်အမင်း ဒေါသထွက်နေသောကြောင့် သူမပုံစံနှင့်ပင်မတူတော့။
“အဲဒီကလေးက ငါ့ကလေးမဟုတ်ဘူး .. သတင်းတွေက အမှားတွေ..” ချူဖုန်း မစဉ်းစားပဲ ပြောလိုက်သည်။ သူ့ကိုယ်သူ ခုခံကာကွယ်ရန်သာ သူ့စိတ်ထဲ ရှိသည်။
သို့သော် ရုတ်တရက် သူ အသိစိတ်ပြန်ဝင်လာပြီး သူ့ဆံပင်မွေးများ ထောင်ထသွားသည်ကို ခံစားလိုက်ရသည်။ သူကဘာလို့ မစဉ်းစားပဲ ပြောလိုက်ရတာလဲ..
ထင်ထားသည့်အတိုင်းပင် ဖုန်းတစ်ဖက်ခြမ်းမှ အသက်ရှူသံများ လေးလံလာကာ ဒေါသတကြီး အော်သံ ထွက်ပေါ်လာသည်။ “အား…”
ချူဖုန်း ဖုန်းချပစ်လိုက်သည်။ သူ စကားဆက်မပြောရဲတော့။ အနည်းဆုံးတော့ ယခုအချိန်တွင် သူမနှင့် စကားပြော၍မဖြစ်သေး။
ဖုန်းတစ်ဖက်ခြမ်းတွင်တော့ ကျန်းလော့ရှန်းမှာ လူသတ်လိုစိတ်သာ ရှိတော့သည်။ သူမသည် မအိပ်မစားနိုင်ပဲ အတည်ပြုနိုင်ရန် စောင့်ဆိုင်းနေခဲ့ခြင်းပင်။
“သူက နွားနတ်ဘုရား .. သူက တကယ်ပဲ နွားနတ်ဘုရားလား..” ကျန်းလော့ရှန်း ရေရွတ်လိုက်သည်။ သူမ အစောကြီးကတည်းက သံသယဝင်ပြီးသားဖြစ်သော်လည်း ယခု အတည်ပြုလိုက်နိုင်သည့်အချိန်တွင် သူမ ထိတ်လန့်သွားဆဲပင်။ ကိစ္စများစွာကိုလည်း သူမ ပြန်အမှတ်ရမိသွားသည်။
သူမ ပြန်စဉ်းစားလေလေ ဒေါသထွက်လေလေပင်။
“အား…” ထိုနေ့တွင်တော့ နိုင်ငံနတ်ဘုရားမ၏ အော်ဟစ်သံများ ပဲ့တင်ထပ်နေလေ၏။
ချူဖုန်းလည်း မူးနောက်လုနီးပါး ဖြစ်နေလေပြီ။
ဇာတ်ကားနှစ်ကားလုံးမှာ ရုံဝင်ငွေစံချိန်ကို ချိုးခဲ့သည်။
နောက်ဆုံး ပထမဆုံးနေ့ အဆုံးသတ်သွားသည့်အချိန်တွင်တော့ ဇာတ်ကားတစ်ကားသည် ကပ်သပ်ပြီး အနိုင်ရရှိသွားကာ ရုပ်ရှင်လောကတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အတွေ့အကြုံရှိသည့် သရုပ်ဆောင်နှင့် ဒါရိုက်တာအားလုံးမှာ ဆွံ့အသွားကြရသည်။
ဤရုပ်ရှင်မှာ စစ်ပွဲမြင်ကွင်းများကို ခိုးရိုက်ထားသည့် မြင်ကွင်းများသာပါသည့် ဈေးပေါသည့် ဇာတ်ကားတစ်ကားသာဖြစ်သော်လည်း ဤမျှ နာမည်ကြီးသွားသည်။
“ရုပ်ရှင်ဝေဖန်ရေးသမားတွေကို ခေါ်လိုက် .. ဒီရုပ်ရှင်ကို ဖိနှိပ်ပစ်ရမယ်..”
‘ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း’ ရုပ်ရှင်မှ လူများမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်ကြတော့။ ရင်းနှီးမြှုပ်နှံသူမှစ၍ ဒါရိုက်တာ၊ သရုပ်ဆောင်များအဆုံး အားလုံး လူရှေ့ထွက်ကာ ထုတ်ပြောလာကြသည်။
ဥပမာအားဖြင့် နာမည်ကြီးတစ်ဦး ထွက်လာကာ အထင်အမြင်သေးစွာ ပြောလာသည်။ “တစ်ချို့ ဝါနုတဲ့ထုတ်လုပ်ရေးတွေက လူစိတ်ဝင်စားအောင်လုပ်တဲ့နေရာမှာ တော်တော်လေး တော်ကြတယ် .. ဒါပေမဲ့ သူတို့ ဒါကို ကြာကြာထိန်းထားနိုင်မှာမဟုတ်ဘူး .. သူတို့သရုပ်ဆောင်တွေကလည်း သရုပ်ဆောင်မလေ့ကျင့်ဖူးသလို အနုပညာဆိုတာ ဘာမှန်းတောင် သိမှာမဟုတ်ဘူး .. အားလုံးပဲ အနုပညာရှင်အစစ်တွေရဲ့ ဂန္တဝင်လက်ရာတွေကိုပဲ အားပေးကြည့်ရှု့မယ်လို့ မျှော်လင့်ပါတယ်”
အင်တာနက်ပေါ်မှ လူများမှာတော့ သူ့ကို ကိုယ်မစားရသည့်စပျစ်သီးကို ချဉ်သည်ဟု လာပြောသည့်အတွက် လှောင်ပြောင်နေကြသည်။ သူတို့ကိုယ်သူတို့ အနုပညာရှင်တွေလို့ ပြောလိုက်တာလား .. ကိုယ့်ကိုကိုယ် ဖျာလိုလိပ်ထိပ်ပေါ်တင်ထားတာပဲ..
ဤကဲ့သို့ ဖြစ်လာမည်ကို နာမည်ကြီးသရုပ်ဆောင်များ သိကြသည်ပင်။ သူ့ကို ပစ်မှတ်တစ်ခု အဖြစ်ခံလိုက်ခြင်းပင်။
ယခု သူတို့ဝေဖန်သူများကိုသာ စောင့်ရတော့မည်။ သူတို့တစ်ယောက်ပြီးတစ်ယောက် ဤရုပ်ရှင်ကို ဝေဖန်ပြစ်တင်လာလိမ့်မည်။
နာမည်ကြီးများ၏ အကျိုးသက်ရောက်မှုမှာ အတော်လေး သိသာလှသည်။ နာမည်ကြီးလူများအားလုံး တူညီသည့်အမြင်ကိုသာ ထုတ်ပြလာသည့်အချိန်တွင် လူထုအမြင်လည်း နှစ်ပိုင်းကွဲသွားသည်။
ထို့နောက် သရုပ်ဆောင်တစ်ဦး ထွက်လာကာ သူမအမြင်ကို ထုတ်ပြောလာသည်။
“တတိယအဆင့်ထုတ်လုပ်ရေးအဖွဲ့အစည်းတစ်ခုက အွန်လိုင်းမီဒီယာပေါ်မှာ ပွဲရှာဖို့ပဲ လုပ်နိုင်တာ .. အဲဒီအညစ်အကြေးတွေကိုကြည့်ရင် ကြည့်တဲ့သူတွေပဲ မျက်လုံးနာလိမ့်မယ်”
ကျိုးရိထျန်း၊ တိဟွိုင်ကျင်းနှင့် ယဲ့ချင်းရုန်တို့အားလုံး ဒေါသထွက်လာကြပြီး သူမကို ကျိန်ဆဲလိုက်ကြသည်။
ချူဖုန်း ဤသည်ကို သည်းမခံနိုင်တော့။ မီဒီယာတစ်ခုပေါ်၌ သူ တုံ့ပြန်ချက်တစ်ခုကို ပြန်တင်ခဲ့သည်။ “တကယ့်ကို စက်ဆုပ်စရာကောင်းတဲ့ တတိယအတန်းစားနာမည်ကြီးသရုပ်ဆောင်ပဲ..”
ဤသည်မှာ အင်တာနက်ပေါ်၌ နျူးကလီးယားဗုံးတစ်လုံးကဲ့သို့ ပွက်လောရိုက်သွားစေသည်။
ယခုကဲ့သို့ အင်တာနက်တစ်ခုလုံး သူ့သတင်းများ၊ ကောလဟာလများနှင့် ပြည့်နှက်နေသည့်အချိန် သူ ထွက်ပေါ်လာခြင်းမှာ အတော်လေး ဂယက်ရိုက်သွားသည်ပင်။
တစ်ချိန်တည်းမှာပင် သူ့စာမျက်နှာမှာ ကြည့်ရှု့သူအရေအတွက်လည်း တရှိန်ထိုး တိုးမြှင့်လာသည်။
ထိုနာမည်ကြီးကတော့ စိတ်တိုလွန်း၍ သွေးအန်မတတ် ဖြစ်နေလေပြီ။ သူသည် ချူဖုန်းအား သူ့ကို သရေဖျက်သည့်အတွက် တရားစွဲမည်ဟု ပြောလာလေသည်။
“သူက မင်းကို သိက္ခာချတယ်လို့ ပြောရဲသေးတယ်ပေါ့ .. ခုနတုန်းကပဲ မင်းအရင် စပြောလိုက်တာမဟုတ်ဘူးလား..” လူများစွာ မှတ်ချက်ပေးလာသည်။
ချူဖုန်းသည် ထိုစာတင်လိုက်ပြီးနောက် လိုင်းပေါ်မှ ဆင်းလိုက်တော့သည်။
နောက်ဆုံးတွင်တော့ ရှုဝမ်ယိ မနေနိုင်တော့ပဲ ပို့စ်တင်လိုက်သည်။ “တစ်ချို့လူတွေက ကိုယ်ကျင့်တရားမရှိပဲ တစ်ခြားသူတွေကို စကားလုံးတွေနဲ့ ထိခိုက်အောင်လုပ်နေတာ .. ဒီလိုလူကို ဆင်ဆာဖြတ်သင့်တယ် .. ဒီလိုလူ ရိုက်ထားတဲ့ဇာတ်ကားကို ဘယ်သူက ကြည့်မှာလဲ .. အစပိုင်းမှာ လေကြီးလေကျယ်ပြောထားရင် နောက်ပိုင်း အထိနာလိမ့်မယ်”
နာမည်ကြီးပုဂ္ဂိုလ်များ၏ မှတ်ချက်များမှာ အတော်လေး အလုပ်ဖြစ်ကြောင်း သူမတွေ့လိုက်ရသည်။ သူတို့၏ မကောင်းသည့်မှတ်ချက်များမှာ လူထုကို တစ်နည်းနည်းဖြင့် အာရုံလွဲသွားစေပြီး အချို့လူများမှာ ထိုရုပ်ရှင်မှာ တကယ်ကို မကောင်းဟု ထင်လာကြသည်။
…
ချူဖုန်း ဤကိစ္စအားလုံးကို လျစ်လျူရှုပြီး သူ့ မက်ဆေ့များကိုသာ ဆက်စီနေလိုက်သည်။
သိပ်မကြာသေးခင်က နွားနက်ကြီး သူ့ကို ဆက်သွယ်ထားသေးသည်။ မနေ့ကတည်းကဆိုလျှင် သူ ခေါ်ထားသည်မှာ ၁၇ ခါ၊ ၁၈ ခါခန့်ရှိသည်။
“ဒီဘလက်ကီကြီးက မအိပ်ဘူးလား ..” ချူဖုန်းသူ့ကိုယ်သူ တွေးကြည့်လိုက်သည်။
ဖုန်းဝင်သွားသည်နှင့် နွားနက်ကြီး၏ အော်သံ ထွက်ပေါ်လာသည်။ “ဟေ့ကောင် .. မင်း တမင်သက်သက်လုပ်တာမလား .. မင်းက ငါနဲ့ ဖုန်းပိတ်ကြေးဆော့ရဲတယ်ပေါ့ .. ငါ့ကို အမှန်အတိုင်းပြော ဒီတစ်ချိန်လုံး မင်းဘယ်တွေ ပြေးနေတာလဲ .. မင်း တကယ်ပဲ ကိုယ်ဝန်ဆောင်ကို ဆေးခန်းသွားပြနေတာလို့တော့ မပြောနဲ့နော်..”
“ဘော့စ်နက်ကြီး .. ဘော့စ်က ဘာလို့ ဒီလိုမျိုး အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ .. ဘော့စ်က ဘာလို့ အဓိပ္ပာယ်မရှိတဲ့ကောလဟာလတွေကို အာရုံစိုက်နေတာလဲ .. ဘော့စ် အိပ်ရေးဝဝ မအိပ်ခဲ့ရဘူးလား .. မျက်ကွင်းတွေက ပိုမည်းနေသလိုပဲ..” ချူဖုန်း စကားပြောရင်း ချွေးပြန်လာသည်။
“မူး..” နွားနက်ကြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
ချူဖုန်း ဖုန်းကို အဝေးသို့ထားလိုက်သည်။ “အရမ်းကြီး မကျယ်ပါနဲ့ .. ဘော့စ်က ကျွန်တော့်ဖုန်း ပျက်အောင် လုပ်နေတာလား ..တောင်တွေ တုန်ခါနေတာကို ကျွန်တော်တောင် ခံစားရတယ် .. ဘော့စ်ဆက်အော်နေရင် တောင်တွေ ပြိုကျသွားလိမ့်မယ်”
“ကလေး ငါ အဲဒီရုပ်ရှင်ကို ကြည့်ပြီးသွားပြီကွ .. ဒီဘိုးဘိုးကြီး ဒေါသထွက်လွန်းလို့ သေတော့မယ် .. မင်းက ရွှမ်းထျန်မှာမလား .. မင်း အဲဒီဒါရိုက်တာကျိုးရိထျန်းကို ပြန်ပေးဆွဲလာခဲ့စမ်း .. ငါ သူ့ကို အရှင်လတ်လတ် အရေခွံနွာပစ်မယ်..”
“ခဏ .. ဘော့စ်က ရုပ်ရှင်ကို ဘယ်လိုကြည့်လိုက်တာလဲ .. ဘော့စ်က ခွန်းလွန်တောင်မှာ မဟုတ်ဘူးလား..” ချူဖုန်း အံ့အားတကြီး ပြောလိုက်သည်။
“ငါတို့ ခွန်းလွန်တောင်နားက မြို့က အကြီးဆုံးရုပ်ရှင်ရုံကို တစ်ရုံလုံးငှားလိုက်တာ” နွားနက်ကြီး မကျေမနပ်ပင် ပြောလာသည်။
ထင်ထားသည့်အတိုင်း ခဏကြာပြီးနောက် အင်တာနက်ကြီးကို ပေါက်ကွဲထွက်သွားစေမည့် သတင်းတစ်ခု ထွက်ပေါ်လာသည်။
ခွန်းလွန်တောင်နှင့် အနီးဆုံး၌ ရှိနေသည့်မြို့၏ အကြီးဆုံး ရုပ်ရှင်ရုံတွင် ကြီးမားလှသည့် နတ်ဆိုးများ အတန်းလိုက် ထိုင်နေကြသည်။
သူတို့ထံတွင် ကြီးမားလှသည့်အစွယ်များ၊ တောက်ပနေသည့် ရွှေရောင်အတောင်ပံများရှိနေပြီး အချို့တွင် ကြီးမားလှသည့် ဦးချိုများ ရှိနေသည်။
နွားနတ်ဆိုးကတော့ တည်ငြိမ်စွာဖြင့် အလယ်၌ ထိုင်နေသည်။ သူ စွမ်းအားအကြီးဆုံးဖြစ်သောကြောင့် အလယ်၌ ထိုင်နေခြင်းမဟုတ်ပဲ သူ ဤရုပ်ရှင်ထဲ၌ ပါသောကြောင့် သူ့ကို အလယ်၌ ထားထားကြခြင်းပင်။
ခဏကြာပြီးနောက် နေရာအနှံ့မှလူများ စိတ်လှုပ်ရှားစွာ အော်ဟစ်လာကြသည်။
‘ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း’ ရုပ်ရှင်ထဲမှ ရင်းနှီးမြှုပ်နှံသူများ၊ ဝန်ထမ်းများ၊ သရုပ်ဆောင်များ၊ ဝေဖန်သူများကတော့ ဤသတင်းကြားသည်နှင့် မျက်နှာများ မည်းမှောင်သွားကာ ထိုနေရာ၌ပင် သတိလစ်လဲကျမလိုဖြစ်သွားသည်။
အပိုင်း ၁၁၆ ပြီး၏။